ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, December 25, 2008

Mosquitoes ငှက်ဖျားခြင်ကတောသူ၊ သွေးလွန်ခြင်ကမြို့သူ၊

(ဗိုင်းရပ်စ်)ကို ဆရာဝန်တွေထက် ကွန်ပြူတာသုံးသူတွေက ပိုသိကြမယ်ထင်ပါတယ်။ ဒီနယ်ပယ် နှစ်ခုလုံးမှာ (ဗိုင်းရပ်စ်)က ဗီလိန်ပါ။ အဏုဇီဝဗေဒဆိုတာ သင်ရတုံးကတောင် (ဗိုင်းရပ်စ်)ဟာ ဆေးစာအုပ်တွေမှာ နေရာသိပ်ရသေးတာ မဟုတ်ပါ။ အဲဒီပိုးကို သိပ္ပံဆရာတွေက သက်ရှိလို့တောင် သတ်မှတ်သေးတာ မဟုတ်လို့ ဇီဝစာရင်းထဲ မထည့်ခဲ့တာလည်း ဖြစ်မယ်။ ဒါပေမဲ့အသက်ရှိတဲ့ လူ-တိရစ္ဆာန်-အပင်တွေကို ဒုက္ခ မလှမပ ပေးနေတာတော့ အမှန်ပဲ။

(ကျွန်တော်ကတော့ သက်ရှိစာရင်းမှာ အတင်းသွင်းလိုက်တယ်။) (ဗိုင်းရပ်စ်)ဆိုတဲ့သတ္တဝါတွေကနေ လူတွေကိုဖြစ်စေတဲ့ ရောဂါနာမယ်တွေပြောရင် တချို့ မျက်လုံးနည်းနည်းပြူးကြမယ်ထင်တယ်။ ပြောကြည့်ပါမယ်။ (ပိုလီယို)၊ ဒါလောက်တော့ ဘယ်ဆန်းလဲပြောမယ်။ (အိတ်ခ်ျအိုင်ဗွီ)၊ သိသားဘဲ။ နောက်တခုဗျာ၊ အသားဝါ။ သိလွန်းလို့။ ဆက်ဖတ်ပါ။ ခွေးရူးပြန်။ နည်းနည်းဆန်းမယ်နော်။ အအေးမိ၊ ရေယုံ၊ တုပ်ကွေး၊ ပသိရောင်၊ ဝက်သက်၊ ဝမ်းရှော၊ သွေးလွန်တုပ်ကွေး၊ အများကြီးနော်။ ကင်ဆာနဲ့ ကြွက်နို့တောင်ပါချင်သေးတာ။ ရောဂါအရေအတွက်ကလည်း မနည်းသလို၊ အဖြစ်များလှတဲ့ရောဂါတွေ တွေ့တယ် မဟုတ်လား။

အဲဒီ(ဗိုင်းရပ်စ်)အမျိုးမျိုးကနေ ရောဂါအမျိုးမျိုးကိုဖြစ်စေကြပေမဲ့ သူတို့အားလုံးမှာ တူတာခု ရှိပါတယ်။ ကနေ့အချိန်ထိ ဒီကောင်တွေကို ဘယ်ဆေးနဲ့မှ သတ်မရသေးတာပါ။ အနိုင်တိုက်မရသေးသ၍၊ အတော်အားကောင်း၊ အတော်ခိုင်မာလှတယ်လို့ ထင်ရမှာပေါ့။ သမိုင်းကြည့်ရင် အသက်ပျင်းတဲ့အကောင် မှန်သမျှ တနေ့ကျ နိုင်တာပေါ်ရစမြဲ မဟုတ်ပါလား။ တချိန်က ဆိုးသွမ်းသောင်းကျန်းခဲ့တဲ့ (ဗက်တီးရီးယား)တွေ (ပနယ်စလင်)ပေါ်လာလို့ အတော် အထိနာ သွားရတယ်။ ကျောက် ဆိုရင် အမျိုးပါတုံးသွားလို့ သုတေသနလုပ်ဘို့တောင် အနိုင်နိုင် သိမ်းဆည်းထားရတာ။

ဒါ့ကြောင့် အခုမနိုင်သေးရင် နိုင်အောင်လုပ်ဘို့ ကြိုးစားရမှာဘဲ။ ကျွန်တော်တို့ခေတ်မှာ နိုင်တာမပေါ်သေးရင် နောက်လူတွေကို အားကိုးရမှာပေါ့။ အနိုင်ရရေးစီမံချက်ကို သေခြာအောင် နောက်လူတွေထဲက ကလေးတွေကို အားကိုးတာက သေခြာမှာမို့ ကလေးတွေကို ဒုက္ခပေးတဲ့ ရောဂါကို ရွေးထုတ်တာကောင်းမယ်။ (ပိုလီယို)ကတော့ ကာကွယ်ဆေးတခုကလွဲရင် ဘာမှလုပ်မရဘူး၊ ဖြစ်ရင်လည်းပြီးရော။ ဒီတော့ အနာဂတ်ခေါင်းဆောင် ကလေးများ သွေးလွန်တုပ်ကွေးဘေးက ဝေးအောင်လုပ်ပေးမှ တော်မယ်ထင်ပါတယ်။

တခုတော့ရှိတယ်၊ သွေးလွန်တုပ်ကွေးကို ကလေးရောဂါလို့ထင်တာ မမှန်ဘူး။ ဆင်းရဲတဲ့လူတွေဘဲ ဖြစ်တယ်ထင်ရင်လဲ မှားပါလိမ့်တယ်။ ရောဂါကို စသိတာအနှစ် ၂ဝဝ ကျော်ပါပြီ။ ဘိုလိုဆိုရင် (ဒင်ဂေး-ဟမိုရေးဂျစ်-ဖီဗာ)လို့ခေါ်တယ်။ (ဒင်ဂေး)လို့ အသံထွက်တာ ပိုမှန်သတဲ့။ ဒါပေမဲ့ ဒီစာလုံး ဘယ်ကနေပေါ်ခဲ့တယ်ဆိုတာ တိတိပပမသိကြပါ။ ရှေးကတည်းကမို့ ဆိုးဝါးပြီး ရေရေရာရာမသိတိုင်း မကောင်းဆိုးဝါးကို ရမယ်ဖွဲ့ကြတာမို့ အဲလိုစကားလုံးကနေ ရတာလို့ ထင်ကြပါတယ်။

ဒီကာလအတွင်းမှာ “ရောဂန္တရကပ်” အထိ ဆိုးအောင်လည်း ဖြစ်ခဲ့ဘူးတယ်။ (ပင်းဒမစ်)အဆင့်ပေါ့။ ကွက်ပြီး အများကြီးဖြစ်တဲ့(အင်းဒမစ်)ကပ်လိုကတော့ အခုထိဖြစ်နေဆဲဘဲ။ ကူးစက်ရောဂါဆိုတာတွေက “ကံဆိုးမသွားရာ-မိုးလိုက်ရွာ”ဆိုသလို ဆင်းရဲလေလေ နှိပ်စက်လေလေဘဲ။ အာရှ၊ အာဖရိက၊ တောင်အမေရိက။ ဒါပေမဲ့ ချမ်းသာတယ်ပြောရမဲ့ တိုင်ဝမ်၊ စင်္ကာပူ၊ ဆောဒီအာရေးဗီးယား တို့လည်း မလွတ်ပါဘူး။ လွန်ခဲတဲ့ဆယ်စုနှစ်တွေအတွင်း တိုးတိုးလာလို့ သွေးလွန်တုပ်ကွေးပြန့်နှံ့ပုံကဖြင့် ကနေ့ကမ္ဘာတလွှား ဒုက္ခများများ ပေးနေတဲ့ ငှက်ဖျားနဲ့ နင်လားငါလားပါဘဲ။

ငှက်ဖျားနဲ့တူသေးတာက ခြင်ကနေကူးတာပါ။ ခြင်အမျိုးတော့ မတူဘူး။ “ငှက်ဖျားခြင်ကတောသား၊” “သွေးလွန်ခြင်ကမြို့သူ။” ဘာလို့လဲဆိုတော့ သွေးလွန်ဟာ ခြင်အမကနေဘဲကူးတာမို့။ မ သဘာဝ တူသေးတာတခုက ညမှာ အိမ်တွင်းအောင်းပြီး၊ နေ့မှာသာထွက်ကိုက်တယ်။ အစာရှာတာပေါ့ဗျာ။ အမဖြစ်တော့ အသန့်ကြိုက်တယ်။ ရေသန့်မှာနေတဲ့အမျိုး။ ဒါ့ကြောင့်အဲဒီခြင်မျိုးနှိမ်နင်းဘို့ မော်တော်ကား၊ ဆိုင်ကယ်တာယာဟောင်း၊ ပေပါခွံ၊ ပုံးခွံ၊ ညောင်ရေအိုးတွေမှာ ကျန်နေ-အောင်းနေတဲ့ရေ၊ ရေအိုး၊ စဥ့်အိုးတွေထဲ ကြာကြာလှောင်ထားတဲ့ရေ မှန်သမျှ သွန်ခိုင်းရတယ်။ ရေတွေထဲ ခြင်ပိုးလောက်လန်းတွေ မပေါက်အောင်လုပ်ရတာပါ။ ခြင်းစားငါးမွေးတာတို့၊ ပိုးလောက်လန်းသတ်ဆေးတို့လဲ သုံးနိုင်တယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ရေနံချေးဝအောင်သုတ်ထားတဲ့ အိမ်ထရံတွေ၊ တိုင်တွေပေါ်မှာ ရေးထားတတ်တဲ့ (ဒီတီတီ)ကလည်း ခြင်ကို အတော်အသင့်နိုင်ပါတယ်။

သွေးလွန်တုပ်ကွေးမှာ အထင်နဲ့အမြင် မဆင်တာတခုပြောရဦးမယ်။ နာမည်ကသွေးလွန်ဆိုတာနဲ့ သွေးလွန်ပြီး သေနိုင်တယ်လို့ထင်တာ မဟုတ်ပါ။ ကိုယ်ထဲကအရည်တွေရော သွေးရော ယိုလို့ နောက်ဆုံး (ရှော့ခ်)ရတာကြောင့်သာ သေတာဖြစ်ပါတယ်။ ဒါပေမဲ့ “သွေးယိုတုပ်ကွေး”လို့ နာမည်ပေးရင်တော့ မမိုက်ဘူးဗျ။

စဖြစ်တော့ ရိုးရိုးတုပ်ကွေးလို ဖျား၊ ခေါင်းကိုက်၊ ဟိုကဒီကနာဖြစ်မယ်။ အရိုးထဲကနာတာ သိသာတယ်။ တချို့က “အရိုးကွဲဖျား” လို့တောင်ခေါ်သေးတယ်။ ခပ်ရဲရဲအနီပြင်တွေထွက်မယ်။ ပြီးရင် သွေးပြဿနာတက်လာပါမယ်။ သွေးခြည်ဥတွေထွက်၊ နှာခေါင်းသွေးယို၊ သွားဖုံးသွေးယို၊ ပါးစပ်ကနေသွေးအန်၊ ဆီးထဲသွေးပါမယ်၊ ဝမ်းထဲသွေးပါရင် ဝမ်းအရောင်မဲတာနဲ့သိမယ်။ အရွယ်ရောက် အမျိုးသမီးဆိုရင် လစဉ်ဆင်းတာက များမယ်။ နဲနဲကြာလာရင် သတိမကောင်း ဖြစ်ရာကနေ သတိလုံးဝလစ်မယ်၊ တက်လည်းတက်နိုင်တယ်။ တကယ်လို့ ဗိုက်နာ၊ ဆက်တိုက်အန်၊ ဖျားနေတုံး ချွေးပြန်တယ်ဆိုရင် မကောင်းတဲ့လက္ခဏာဘဲ။ တကိုယ်လုံးအေးစက်၊ ပြော့ခွေပြီး၊ ဂနာမငြိမ်ဖြစ်ရာကနေ သတိလက်လွတ်ဖြစ်လာရင်တော့ အရေးပေါ်အခြေအနေဖြစ်သွားပါပြီ။ အသက်လုပြီး ကုရပါတော့မယ်။

သွေးလွန်တုပ်ကွေးလို့သေချာအောင် သွေးစစ်ရတယ်။ ရောဂါကိုဆန့်ကျင်တဲ့ဓါတ်(အင်တီဘော်ဒီ)တွေ့မယ်။ သွေးထဲက သွေးမှုန် (ပလိတ်လက်)ဆိုတာ နည်းနေပါလိမ့်မယ်။ သူကပြဒါးတိုင်လိုဘဲ။ အဆိုး-အကောင်းကို ညွှန်းပါတယ်။ ဆိုးလွန်းလို့ကုရင်လဲ သွေးမှုန်ကိုသွင်းပေးရတယ်။ သွေးဆိုတာ အရည်နဲ့အခဲ ရောနေတာပါ။ အခဲပိုင်းမှာ သွေးနီဥ၊ သွေးဖြူဥအပြင် သွေးမှုန်ဆိုပြီး သုံးမျိုးရှိပါတယ်။ ဒီကောင်တွေက အသေးဆုံး၊ ဒါပေမဲ့ သူရှိမှ လူ့သွေးဟာ ခဲနိုင်တယ်။ မခဲရင် သွေးယိုမယ်လေ။ သွေးဆိုတာ ရဲမှ ခဲမှ ကောင်းတယ်။

တခြားတခြားသော (ဗိုင်းရပ်စ်)ရောဂါတွေလိုဘဲ၊ သွေးလွန်တုပ်ကွေးကို တိတိကျကျကုသနည်းမရှိပါ။ ကံကောင်းသူများက ၁ ပါတ်ကြာရင် ပျောက်မှာပါ။ ရေနဲ့အရည် များများသောက်ခိုင်း။ အနားယူခိုင်း၊ ခြင်ထောင်နဲ့အိပ်ရင် သူများကို မကူးစေဘူးပေါ့။ အန်နေရင်တော့ သွေးကြောထဲကနေ သွင်းပေးရမှာပါ။ အဖျား-အကိုက်အခဲသက်သာအောင် (ပါရာစီတမော) ကလွဲရင် မပေးရ။ အခုနောက်ပိုင်း သွေးလွန်တုပ်ကွေးဆေးသစ်တွေ စပေါ်နေပါပြီ။ ကာကွယ်ဆေးတော့ မပေါ်သေးပါ။

ဆေးပညာရှင်များက လူပါးတွေဗျ။ သူတို့သေသေခြာခြာကုပေးနိုင်တဲ့ရောဂါ မဟုတ်ရင် ကာကွယ်ပါ၊ မဖြစ်အောင် ဒီလိုလုပ်ပါ၊ ဟိုလိုလုပ်ပါဆိုပြီး၊ အတော်ပြောသဗျ။ (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်)တို့၊ အသားဝါရောဂါတို့စသဖြင့်။ သွေးလွန်တုပ်ကွေးလဲ ပါတယ်။ ကျွန်တော်လဲ လူပါးဝလိုက်ဦးမယ်၊ မဖြစ်အောင်နေ၊ ဖြစ်ရင် ပြောတဲ့အတိုင်းလုပ်၊ အနာဂတ်ခေါင်းဆောင်များ သွေးလွန်တုပ်ကွေး ကင်းဝေးပါမှ ကနေ့ကျုပ်တို့မနိုင်သေးတာမှန်သမျှကို အနိုင်ရပါလိမ့်မယ်။