ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, January 12, 2009

CRPP on Health ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ကျန်းမာရေး စာတမ်း


ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်တီဖွဲ့စီးခြင်း တနှစ်မြောက်နေ့က ထုတ်ပြန်သည့်အစီရင်ခံစာပါ ကောက်နုတ်ချက်

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်တီသို့ လူမှုရေးကိစ္စနှင့်စပ်လျဉ်း၍ အစိုးရ၏ ဆေးရုံများ၊ ဆေးပေးခန်းများ၊ ကျေးလက်ကျန်းမာရေးဌာနများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနများတွင် အနိမ့်ဆုံးစံသတ်မှတ်ခြင်း၊

စာတမ်းမူကြမ်းတင်ပြခြင်း

၁။ မျက်မှောက်စစ်အစိုးရခေတ်တွင်မြန်မာနိုင်ငံ၏သမိုင်းတလျောက်၌ မည်သည့်အခါကမှမကြုံခဲ့သော ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဘဝဆိုးကြီးကို တိုင်းရင်းသားလူအများသည် ရင်ဆိုင်နေကြရပါသည်။

အထူးသဖြင့် (၁၉၈၅)ခုနှစ်နောက်ပိုင်းတွင် အစိုးရ၏ ကျန်းမာရေးကဏ္ဍအတွက် သုံးစွဲခဲ့သော ဘဏ္ဍာငွေသည် သိသာစွာ ကျဆင်းလာခဲ့ပါသည်။ လူတဦးချင်း၊ ကျန်းမာရေးကဏ္ဍအတွက် သုံးငွေသည် (၁၉၈၅)ခုနှစ်တွင် (၁၈.၇)ကျပ်ငွေရှိခဲ့ရာမှ (၁၉၉၆)ခုနှစ်တွင် (၆.၉) ကျပ်ငွေသို့ ကျဆင်းခဲ့ပါသည်။ ကျန်းမာရေးလုပ်ငန်း လွယ်ကူချောမွေ့စေမည့် အထွေထွေ အထောက်အပံ့များသည် အလွန်အမင်း ချို့ငဲ့နေသည်။ ဆောင်ရွက်ပေးမှု အရည်အသွေးမှာလည်း သိသာစွာ ယိုယွင်း ယုတ်လျော့ပါသည်။ အစိုးရ၏ ဆောင်ရွက်မှုပေးရေး ဝန်ထမ်းများ အနည်းငယ်သာရှိပါသည်။ (၁၉၉၃)ခုနှစ် တပြည်လုံးတွင် ကျေးရွာ (၉၅၂၃၈) ရှိသည့်အနက် ကျေးလက်ဆေးပေးခန်းနှင့် ဆေးပေးခန်းခွဲ စုစုပေါင်း (၆၉၇၄)သာ ရှိပါသည်။ (၁ဝ)ရာခိုင်နှုံး(သို့မဟုတ်) (၄၇၁) ရွာမှ ဆေးခန်းတခုသာရှိသည်။ (၁၉၉၈ ခုနှစ်၊ လူစွမ်းအား ဖွံ့ဖြိုးမှုအညွှန်းကိန်းများ လက်စွဲစာအုပ်အရ။)

(၅)နှစ်အောက်ကလေးသူငယ်များသေဆုံးမှုတွင် အာဟာရချို့တဲ့မှုကြောင့်(၄၉.၃) ရာခိုင်နှုံး၊ ငှက်ဖျားရောဂါကြောင့် (၂ဝ) ရာခိုင်နှုံး၊ လေရှူချောင်းကျပ်တည်းမှုရောဂါကြောင့်(၂၆) ရာခိုင်နှုံး၊ ဝမ်းလျှောရောဂါကြောင့် (၁၅)ရာခိုင်နှုံး၊ ဝက်သက်ရောဂါ (၂)ရာခိုင်နှုံး၊ အခြားရောဂါများကြောင့် (၃၇)ရာခိုင်နှုံးရှိသည်။ မီးတွင်းသေဆုံးနှုံးသည် (၁၉၈ဝ)ခုနှစ်တွင် လူတသိန်းလျှင် (၅၈ဝ)၊ (၁၉၉၄)ခုနှစ်တွင် လူတသိန်းလျှင်(၂၃၂)နှင့်နောက်ပိုင်း လူတသိန်းတွင် မြို့ပေါ်တွင်(၁ဝဝ) သေဆုံးပြီး ကျေးလက်တွင် (၁၈ဝ)သေဆုံးနေသည်ဟု သိရှိရသည်။

ယနေ့မြန်မာနိုင်ငံတွင် အဆိုးဝါးဆုံးရောဂါသည် ငှက်ဖျားရောဂါဖြစ်နေပါသည်။ ၄င်း ငှက်ဖျားရောဂါသည် လူအမြောက်အများ သေစေသည့် အကြောင်းတရပ်ဖြစ်နေပါသည်။ ဆေးရုံများတွင် တက်ရောက်ကြရသည့် လူနာများအနက် ငှက်ဖျားရောဂါ လူနာများ(၂ဝ)ရာခိုင်နှုံး ရှိပါသည်။ (၁၉၉၁)ခုနှစ်တွင် ငှက်ဖျားရောဂါ လူနာဦးရေ (၁)သန်းကို ပြင်ပလူနာအဖြစ် ကုသခဲ့ရပါသည်။ (၁၅၂ဝဝဝ)သောရောဂါဝေဒနာရှင်များကို ဆေးရုံတင် ကုသခဲ့ပါသည်။ ဆေးရုံတွင် သေဆုံးခဲ့ကြသည့် လူနာများထဲတွင် (၂၂)ရာခိုင်နှုံးသည် ငှက်ဖျားရောဂါ ဝေဒနာရှင်များ ဖြစ်ပါသည်။ ငှက်ဖျားရောဂါထက် ပိုမို၍ ကြောက်ရွံ့ထိပ်လန့်ဖွယ်ကောင်းသော (AIDS)၊ (HIV) ခေါ် ကမ္ဘာပေါ်တွင် အဆိုးဆုံးသော ရောဂါသည် လွန်ခဲ့သော (၅)နှစ်ခန့်ကပင် မြန်မာပြည်တွင် ရောက်ရှိခဲ့၍ ယနေ့မြန်မာနိုင်ငံ အနှံ့အပြား ပြန့်နှံ့နေသည်ဟု သိရှိရသည်။ နောင်(၂) နှစ်ခန့်တွင် မြန်မာပြည်တွင် အာဖရိကနိုင်ငံများကဲ့သို့ ဤရောဂါဆိုးကြီး၏ အန္တရာယ်ကို ရင်ဆိုင်ကြရလိမ့်မည်ဟု (WHO) ကြိုတင်သတိပေးချက်ကို ရရှိပြီးဖြစ်ပါသည်။ ထို့အတူ (TB) ရောဂါရှင်များ တိုးတက် လာနေကြောင်းကို သိရှိလာရသည်နှင့်အမျှ အခြေအနေ ဆိုးဝါးမလာမီ ကြိုတင်၍ တားဆီးရပါမည်။ လက်ရှိအခြေတွင် အစိုးရ၏ ကျန်းမာရေးအစီအစဉ်ကို ခံစားနိုင်သူများမှာ တပြည်လုံးတွင် (၆ဝ)ရာနှုံးဖြစ်ပြီး၊ ကျေးလက်နေလူထုမှာ (၄၇)ရာနှုံး ဖြစ်သည်။

ရေကောင်းကိုသုံးစွဲနိုင်သူ တပြည်လုံးတွင် (၆ဝ)ရာခိုင်နှုံးဖြစ်ပြီး ကျေးရွာလူထုမှ (၅ဝ)ရာခိုင်နှုံးသာ ခံစားရသည်။

လုံလောက်သော သန့်ရှင်းမှုကိုရနိုင်သူ တပြည်လုံးတွင် (၄၃)ရာနှုံးဖြစ်ပြီး၊ ကျေးရွာလူထုမှာ (၃၆) ရာနှုံးဖြစ်သည်။

မြန်မာနိုင်ငံ၏ လူ့သက်တမ်းသည် (၅၈.၄)နှစ်ဟု သိရှိရပါသည်၊ အရှေ့တောင်အာရှရှိ လူ့သက်တမ်းထက် (၆)နှစ် လျော့နည်းသည်ကို တွေ့ရပါသည်။

မြန်မာများ၏ အထွေထွေကျန်းမာရေးအခြေအနေသည် ညံ့ဖျင်းကျဆင်းနေပါသည်။ ဤသို့ ဖြစ်ရသည်မှာ အစိုးရ၏ နိုင်ငံကျန်းမာရေးအတွက် အခြေအနေတိုးတက်ကောင်းမွန်လာစေရေး ဆောင်ရွက်မှုစနစ်သည် ပြည့်စုံလုံလောက်မှု မရှိခြင်း၊ အဆင့်အတန်းမမီခြင်း၊ အထူးသဖြင့် ကျန်းမာရေးဆိုင်ရာဝန်ထမ်းများကို အဆင့်မီအောင် လေ့ကျင်ပေးနိုင်ခြင်း မရှိခြင်း၊ ပစ္စည်း ကိရိယာများ မပြည့်စုံခြင်း။ လိုအပ်သည့်ဆေးများမရှိခြင်း၊ ရံပုံငွေမရှိခြင်း၊ (နိုင်ငံခြားသုံးငွေ အပါအဝင်) စသည်တို့ကြောင့် ဖြစ်ရပါသည်။ အထက်တွင်ဖော်ပြခဲ့သည့် စာရင်းများမှာ ကမ္ဘာ့ကုလသမဂ္ဂ၏ အဖွဲ့အစည်းများနှင့် ယင်းအဖွဲ့ ၏ အလှူရှင်နိုင်ငံများမှ ထုတ်ပြန်သည့် မှတ်တမ်းများတွင် ဖော်ပြချက်များမှ ကောက်နှုတ်တင်ပြရပါသည်။

၂။ ဤကဲ့သို့သော အခြေအနေဆိုးကို ကျော်လွှားနိုင်ရန်မှာ တာဝန်ကိုသိ၍ တာဝန်ခံမှုနှင့် သိသာမြင်သာအောင် လုပ်နိုင်သည့်အစိုးရ ပေါ်ထွန်းလာမှသာလျှင် ကောင်းမွန်သော အုပ်ချုပ်စီမံခန့်ခွဲမှုအရ ဖြစ်ပေါ်လာနိုင်ပါမည်။

ဖော်ပြပါ ယိုယွင်းလာနေသော အခြေအနေဆိုးကို လျစ်လျူရှုခဲ့သည့်အချိန်ကာလသည် (၁ဝ) နှစ်ကျော်ပြီဖြစ်ပါ၍ ယင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် အလျင်အမြန် အဖြေထွက်လာရန်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ပါ။ အဆင့်ဆင့် အချိန်ယူ၍ ဆောင်ရွက်ရမည်မှာ ရှောင်လွဲ၍မရပါ။ ဥပမာ-ဆရာဝန်များ၊ ပါရဂူများ၊ သူနာပြုများ၊ ကျန်းမာရေး လုပ်ငန်းဆိုင်ရာ တတ်သိပညာသည်များကို လေ့ကျင့်မွေးထုတ်ပေးရန်မှာ လိုအပ်သောအချိန်ကာလတရပ်ကို မလွဲမသွေ စောင့်ရတော့မည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ လက်ရှိအခြေအနေအရ မလုပ်လျင်မဖြစ် လုပ်ရမည်များကို၊ ကိစ္စရပ်အလိုက်၊ နေရာ အဆင့်အလိုက် မဖြစ်မနေလုပ်ရမည့် အနိမ့်ဆုံးစံအဖြစ်သတ်မှတ်၍ စတင်ဆောင် ရွက်သွားမည်ဖြစ်ပါသည်။

၃။ အနိမ့်ဆုံးစံအဖြစ် ထားရှိဆောင်ရွက်မည့် ကျန်းမာရေးလုပ်ငန်းများ၊
(က)တနိုင်ငံလုံးရှိတိုင်းရင်းသားအားလုံး ကျန်းမာရေးအတွက် နိုင်ငံတော်၏ ရငွေများမှ တနှစ်လျင် လူတစ်ဦးချင်းပျှမ်းမျှ (၁၈)ကျပ် အနည်းဆုံး သုံးစွဲသွားမည်။ အခြေအနေပေးလျှင် ပိုသုံးမည်။

(ခ)ကျန်းမာရေးဝန်ထမ်းများကို သတ်မှတ်ထားသည့် ဖွဲ့ စည်းပုံပါအတိုင်း၊ ရရှိရန် ဆောင်ရွက်မည်။ အထူးသဖြင့် ကျေးရွာအုပ်စုများနှင့် တိုက်နယ်များရှိ ကျန်းမာရေး ဆေးပေးခန်းများ၊ ဆေးပေးခန်းခွဲများ၊ ကျေးလက် ကျန်းမာရေး ဌာနများနှင့် ဆေးရုံများတွင်အင်အား ရာနှုံးပြည့်ရရှိစေရမည်။

(ဂ)တနိုင်ငံလုံးအတွက် အရေးကြီးသည့် ရောဂါများကာကွယ်ဆေးများကို နိုင်ငံအနှံ့ ထိုးပေးမည်။

(ဃ)ငှက်ဖျားရောဂါအမြစ်ပြတ်ရေးကို တနိုင်ငံလုံးအတွက် စီမံကိန်းချ၍ ဆောင်ရွက်မည်။

(င)ကလေးသူငယ်များ၊ အာဟာရအလွန်အမင်းလျော့နည်းမှုကြောင့် သေဆုံးနေခြင်းကို တနိုင်ငံလုံးအတွက် စီမံကိန်းချ၍ အစွမ်းကုန်ကာကွယ်တားဆီးမည်။

(စ)ကလေးသူငယ်များ လေရှူကြောင်းကျပ်တည်းမှုရောဂါကြောင့်သေဆုံးရခြင်းများ၊ ဝမ်းလျောရောဂါကြောင့် သေဆုံးရခြင်း များကိုလည်း အတတ်နိုင်ဆုံး လျော့ယူသွားရန်ကြိုးပမ်းမည်။

(ဆ) HIV သည် အရေးကြီးကိစ္စတရပ်ဖြစ်သည်ဟုခံယူ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ အကူအညီရယူထားပြီး တားဆီးမည်။

(ဇ)(TB)ရောဂါ မပြန့်ပွားရန်နှင့်ရောဂါများကို ထိရောက်စွာကုသရေးတို့ကိုကြိုးပမ်းမည်။

(ဈ) ကျေးလက်ဒေသ ရေကောင်းရေသန့်ရရှိရေးသည် ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းမြှင့်တင်ရေးအတွက် အခြေခံကျသော လုပ်ငန်းရပ်ကြီးဖြစ်သည့် အားလျော်စွာ အစိုးရ၏ ဦးစားပေးလုပ်ငန်းတရပ်အဖြစ် ဖော်ထုတ်ပေးမည်။

၎။ ဆေးရုံများ၊ ဆေးပေးခန်းများ၊ ကျေးလက်ကျန်းမာရေးဌာနများနှင့် မိခင်နှင့်ကလေး ကျန်းမာ ရေးဌာနများအနိမ့်ဆုံးစံများ

(က)ကျေးရွာအုပ်စု
ကျေးရွာအုပ်စုတွင် ကျေးလက်ကျန်းမာရေးဌာန အနည်းဆုံးတခုရှိမည်။ သားဖွား နှင့်သူနာပြုလက်မှတ်နှစ်ခုရ ဆရာမတဦး ဦးစီးမည်။ ဆေးခန်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးကို တာဝန်ယူမည့်အပြင် သောက်သုံးရေရရှိရေးကို ကျေးရွာအကူအညီ ရယူ၍ မပြတ်လပ်ရန် စည်းရုံးရမည်။ မြို့နယ်ကျန်းမာရေးမှူး၏ ညွှန်ကြားချက်အရ ကာကွယ်ဆေးများနှင့် အခြား သတ်မှတ် ထားသည့် ရောဂါကုသရန် ဆေးများကို အချိန်မီမြို့နယ်မှ ရယူထားမည်။ ကျောင်းကျန်းမာရေးနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအပါအဝင် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်မည်။

(ခ)တိုက်နယ်
တိုက်နယ်ဆေးရုံများသည် မြို့နယ်တခုလျှင် အနည်းဆုံးတစ်ခုရှိမည်။ တိုက်နယ်ဆေးရုံတွင် ဆရာဝန်နှင့် ဝန်ထမ်းများ ဖွဲ့ စည်းပုံအရ ထားရှိရမည်။ မြို့နယ် ကျန်းမာရေးဦးစီးမှု၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်သွားမည်။ အခြေခံအားဖြင့် ဆေးခန်းများကဲ့သို့ပင် အသင့်နေအထားရှိနေရမည့် တာဝန်ရှိမည်။ ကျောင်းကျန်းမာရေးနှင့် မိခင်နှင့် ကလေး စောင့်ရှောက်ရေးများတွင် ကျေးရွာ၏ ဆောင်ရွက်မှုကို ပံ့ပိုးကူညီပေးမည်။

(ဂ)မြို့နယ်
မြို့နယ်တခုတွင်ကျန်းမာရေးဦးစီးနှင့်မြို့နယ်ရုံးဝန်ထမ်းများရှိမည်။ ဖွဲ့ စည်းပုံအရ အင်အားအပြည့် ဖြည့်တင်းပေးမည်။ မြို့နယ်ကျန်းမာရေးမှူးမှ မြို့နယ်ဆေးရုံ တစ်ရုံအပြင် မြို့နယ်တွင်းရှိ တိုက်နယ်ဆေးရုံများ၊ ကျေးရွာအုပ်စု၊ ကျေးလက် ကျန်းမာရေးဌာနများ၊ ဆေးပေးခန်းများ၊ ဆေးပေးခန်းခွဲများနှင့် မိခင်နှင့်ကလေး ကျန်းမာရေးဌာနများကို ကွပ်ကဲရမည်။ ကျေးရွားအုပ်စုများသို့ လှည့်လည်ကြည့်ရှုရန် အမျိုးသမီးနယ်လှည့်များကိုပါ တိုက်ရိုက်ကြီးကြပ်ရမည်။ ဆေးခန်းများနှင့် ဆေးရုံများတွင် ရေကောင်းရေသန့်မပြတ် ရရှိနေရန် တာဝန်ယူရမည်။ ကျေးရွာများအား စည်းရုံး၍ သောက်သုံးရေ လုံလောက်စွာ မရနိုင်သော အခြေအနေမျိုးတွင် တိုင်းကျန်းမာရေးဦးစီးထံ တင်ပြ၍ ရေရရှိရးကို ဆောင်ရွက်ရမည်။ သတ်မှတ်ထားသည့် ရောဂါကာကွယ်ရေး၊ ထိုးဆေးများနှင့် ကုသရန်ဆေးများကို အချိန်မီ အလုံအလောက်ရရှိရေးအတွက် တာဝန်ယူရမည့်အပြင် ဆေးရုံများ၏ မူလတာဝန်ဖြစ်သော လူမမာမျိုးစုံကို ကုသရန်ကိုလည်း သတိချပ်၍ အဆင်သင့် ဖြစ်စေရမည်။ မြို့နယ်အတွင်းရှိ ဆေးခန်းဆေးရုံများကို အခြေခံသော မိခင်နှင့် ကလေးသူငယ်များ စောင့်ရှောက်ရေးလုပ်ငန်းကို စည်းရုံးဆောင်ရွက်ရမည်။ နယ်လှည့်အမျိုးသမီး ကျန်းမာရေးမှူးများကို လိုအပ်သလို တာဝန်ပေးရန်ဖြစ်သည်။ အထူးသဖြင့် ကလေးသူငယ်များ အဟာရချို့တဲ့၍ သေဆုံးရခြင်းများကို ကာကွယ်ရန် ပဏာမကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အဓိကထားဆောင်ရွက်ရမည်။ မြို့နယ်တွင်းရှိ ကျောင်းကျန်းမာရေး ကိစ္စကို မြို့နယ် ပညာရေးမှူးနှင့်ညှိနှိုင်း၍ အစီအစဉ်များ ချပေးမည်။
(ဃ) တိုင်း/ပြည်နယ်
မြို့နယ်နှင့် မြို့နယ်အတွင်းရှိ ဆေးခန်း၊ ဆေးရုံများတွင် သတ်မှတ်ထားသည့် အနိမ့်ဆုံးစံ အရ တာဝန်ယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ၊ တိုင်း၊ ပြည်နယ်ဦးစီးနှင့် ဝန်ထမ်းများမှ တာဝန်ယူရမည်။ မြို့နယ်များမှ တာဝန်ယူဆောင်ရွက်ရာတွင် လုပ်ငန်း ချောမွေ့စေရန် အထောက်အပံ့ဖြစ်ရမည်။ အထူးသဖြင့် ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် ညွှန်ကြားလိုက်သည့် အမိန့်၊ ညွှန်ကြားချက်တို့ကို အကောင်အထည်ဖေါ်ရာတွင် အောင်မြင်ရန် အရေးကြီးပါသည်။ အောင်မြင်ရန်အတွက် လိုအပ်သည့်ပစ္စည်း၊ လူအင်အားနှင့် အထောက်အကူများကို အချိန်မီ ဖြည့်တင်းပေးရန်နှင့် အခြေအနေအရ ယင်းအင်အားစုများကို လိုအပ်သကဲ့သို့ ပေါင်းစပ် ညှိနှိုင်းပေးရန် တာဝန်ယူရန်ဖြစ်ပါသည်။

(င) ဗဟို
ဗဟိုအဆင့်ဖြစ်သော ကျန်းမာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနသည်ဖော်ပြပါ အနိမ့်ဆုံးစံထား၍ နိုင်ငံတော်၏ ကျန်းမာရေးကိုမြှင့်တင်ရေး လုံးဝ အောင်မြင်သည်အထိ တာဝန်ယူရန်ဖြစ်သည်။ အထူးသဖြင့်တနိုင်ငံလုံး ရေကောင်း ရေသန့် ရရေးမှသတ်မှတ်ထားသော ရောဂါများကာကွယ်ရေး၊ ကုသရေးများ အောင်မြင်စွာ အကောင်အထည် ပေါ်လာရန် လိုအပ်သောစီမံကိန်း၊ စီမံချက်လုပ်ငန်းအစီအစဉ်များကို ဗဟိုရှိတာဝန်ခံပုဂ္ဂိုလ်များ၊ ပါရဂူများ၏ စွမ်းအားများကို အစွမ်းကုန် စုစည်း၍ ရေးဆွဲ အကောင်အထည်ဖေါ်သွားပါမည်။

ဤလုပ်ငန်းသည် (Primary Health Care) ပဏာမကျန်းမာရေးစောင့်ရှောက်မှုကို အလေးအနက်ထား၍ ထိထိရောက်ရောက် ကိုင်တွယ်ပေးခြင်းသာဖြစ်ပါသည်။ ကျန်းမာရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ ဝန်ထမ်းများသာမက၊ တိုင်းရင်းသားလူအများတို့ သက်ဆိုင်ရာ ကျေးရွာ၊ မြို့နယ် ဒေသအလိုက်၊ ပါဝင်ပတ်သက်လာမည်ဆိုပါက ပိုမိုအောင်မြင်လာနိုင်မည်ဖြစ်ပါသည်။ အထူးသဖြင့် လုပ်ငန်း၏ သော့ချက်ကြသော စာရင်းဇယား ပြုစုရေးတွင် ပို၍ တွင်ကျယ်လာပါမည်။ ပိုမို၍ထိရောက်လာစေရန် ကဏ္ဍပေါင်းစုံမှ အဆုံးအဖြတ်ပေးနိုင်သော ပုဂ္ဂိုလ်များပါဝင်သည့် ဦးဆောင်အဖွဲ့ တဖွဲ့ လည်း လိုအပ်ပါမည်။ ထို့အပြင် လုပ်ငန်း၏ အခြေအနေသုံးသပ်ပေးမည့် အဖွဲ့ တဖွဲ့ လည်း လိုအပ်ပါမည်။ ကျန်းမာရေးအခြေအနေကို လက်ရှိအခြေအနေမှတိုးတက်လာရန် မဖြစ်မနေ အဆင့်လိုက် ဆောင်ရွက်ပေးရမည့်စံများကို ဆောင်ရွက်နေချိန်မှာပင် အခြားရောဂါများ ကာကွယ်ရေးနှင့် ကုသရေးများကိုလည်း အင်အားရှိသ၍ အတတ်နိုင်ဆုံး လုပ်ဆောင်သွားမည်။ အထူးသဖြင့် (၁)ငှက်ဖျားရောဂါအမြစ်ပြတ်ရေး၊ (၂)ဝမ်းလျှောရောဂါကြောင့် သေဆုံးရမှုများ လျော့ချရေးနှင့် (၃)TB ရောဂါကာကွယ်ရေးနှင့်ကုသရေးတို့ကို ထိရောက်စွာ အစီအစဉ်များချ၍ အကောင်အထည်ဖေါ်သွားမည်ဖြစ်သည်။

အပိုဒ် (၄)ပါအစီအစဉ်များအနက်မှ-
အောက်ဖေါ်ပြပါအချက်များကို (၆)လမှ (၁)နှစ်အတွင်း အကောင်အထည်ဖော်ရမည်။
(က)မြို့နယ်၊ တိုက်နယ်နှင့် ကျေးရွာများရှိဆေးရုံ၊ ဆေးပေးခန်းနှင့် ကျန်းမာရေးဌာနများတွင် ဖွဲ့ စည်းပုံအရ ဝန်ထမ်းများကို ခန့်ထားပေးမည်။

(ခ) ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဌာနများတွင် သတ်မှတ်ထားသော ဆေးများကို သတ်မှတ်ချက်နှင့်အညီ ဖြည့်တင်း ပေးမည်။

(ဂ)ရေကောင်းရေရှိရေးကို ဆေးရုံဆေးခန်းနှင့် ကျန်းမာရေးဌာနများတွင်ရရှိရန် ဆောင်ရွက်ပေးမည်။

(ဃ)ရောဂါကာကွယ်ဆေးများကို ယင်းဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးဌာနများတွင် ရရှိစေပြီး အချိန်မီထိုးပေးမည်။