ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာ မေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook Comment မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Monday, December 31, 2012

New Year Habit နှစ်သစ်ကူးရောဂါ

နှစ်ကူးမှာဖြစ်ရင် ထူးတယ်လို့ယူလေ့ရှိတာ ထုံးစံပါ။ နှစ်ကူးတိုင်းမှာ ပျော်ကြ-ပြုံးကြတာလဲ အစဉ်အလာပါဘဲ။ ပျော်စရာတွေ ဖန်တီးကြတယ်။ စုဝေးပြီး စားကြ-သောက်ကြမယ်။ မိတ်ဆွေ-သူငယ်ချင်းတွေက တနေရာရာ သွားပြီး လည်ကြ ပတ်ကြမယ်။ မိသားစုတွေလည်း ပြန်ဆုံနိုင်အောင် တင်ကြို စီစဉ်ပြီး၊ စုစုဝေးဝေး၊ နွေးနွေး ထွေးထွေး အဆိုးကို မေ့ထားပြီး၊ အကောင်းကိုမျှော်၊ ဆုတွေ အပြန်အလှန် တောင်းပေးကြတယ်။ နှစ်ဦးမှာ မင်္ဂလာယူစရာမှန်သမျှ ဆောင်ရွက်ကြတယ်။ ဒီအထိတော့ ကောင်းပါတယ်။

ပြက္ခဒိန်နှစ်ကူး- မြန်မာနှစ်ကူးမှ မဟုတ်ပါဘူး၊ နုတ်ဆက်ပွဲတို့၊ ကောက်သစ်ပွဲတို့၊ အောင်ပွဲတို့၊ မင်္ဂလာဆောင်-မွေးနေ့ကအစ ပျော်မယ်ဆိုပြီး၊ သောက်ကြ စားကြတာ ကျွန်တော်တို့လူမျိုး ပိုဆိုးသလားဘဲ။ အပျော်လွန်ရင် ငိုရတတ်တယ် မဟုတ်လား။ ဒါ့ကြောင့် ဒီလိုရက်တွေ ရောက်ရင် ကျန်းမာရေးသမားတွေ မျက်ခုံး လှုတ်ကြရတယ်။ ဘယ်သူ့ ချုပ်ပေးရမလဲ ပြင်ထားပေတာ့။

ကျန်းမာရေး-ဆေးမှာ အလုပ်လုပ်သူတွေက သိပ္ပံသမား ဟုတ်ကြပေမဲ့ အယူသည်းတာတော့ အလွန်ဘဲဗျ။ ဆေးရုံကစားပွဲကို လက်နဲ့ မခေါက်လေနဲ့၊ ဆရာဝန် မျက်မှောင်ကုတ်လိမ့်မယ်။ ခွဲခန်း-သားဖွါးခန်းမှာ ပစ္စည်းတခုခု လွတ်မကျလေနဲ့ ဆရာမတွေ မျက်စောင်း ခုတ်လိမ့်မယ်။ အဲလိုလုပ်ရင် လူနာကျတတ်တယ်လေ။ (လူနာအလာများတာကို ပြောတာနော်။) ကိုယ်တွေ့ပြောရရင် မြို့သာတိုက်နယ်ဆေးရုံမှာ တာဝန်ကျတုံးက နှစ်ဆန်းတစ်ရက်နေ့မှာ (ဒက်-ဘော်ဒီ) သုံးလောင်း ရောက်ခဲ့တဲ့နှစ်ကဆို တနှစ်ပါတ်လုံး (ပူးလစ်-ကေ့စ်) ရဲမှုတွေ လာလိုက်တာ မပြောပါနဲ့တော့။

ဟော ဒီနှစ်ဦးမှာ နှစ်ယောက် ချုပ်ပေးလိုက်ရပြီ။ ဒါ့ကြောင့် "ခေါင်းမပေါက်ကြပါနဲ့ စေတနာပေါက်ကြပါ" လို့ ဆေးခန်း (ဘလော့ခ်) မှာ ကြောငြာဝင်ထားလိုက်တယ်။

နှစ်ကူးမှာ မူးကြတာဆိုတော့ မုံရွာ-ဆေးရုံကို ပြန်သတိရတယ်။ ကြာပါပြီ။ ဆေးရုံဝန်ထမ်းတယောက် ရှိတယ်။ အရက်ကို သောက်သလား မမေးနဲ့။ ဝင်ငွေက နည်းပေမဲ့ ပြင်းပေ့ဆိုတာမှ။ သနားလို့ ဆရာဝန်တွေက ပိုက်ဆံပေးရင် သိပ်ကျေးဇူးမတင်ချင်ဘူး။ ဆရာမတွေက အရက်ပြန် နည်းနည်းပေးမှ။ ဆားခပ် သောက်တယ်ဆိုဘဲ။ ဆေးရုံက အရက်ပြန်ဆိုတာ (မီသိုင်း) ဆိုတဲ့ ဓါတ်ပါတယ်။ ဒီအတိုင်း သောက်မရဘူး၊ ပါရမီဖြည့်ချင်တဲ့ ဆရာဝန်တယောက်က မနေသာလို့ နည်းပေးလမ်းပြထားတာလေ။

ခေတ်တခု ရှိခဲ့ပါတယ်။ အရက်ပြန်ဆိုတဲ့ မရှိမဖြစ် ဆေးရုံသုံးပစ္စည်းဟာ ဗမာပြည်မှာ ရှားပါလေရော။ ဒီတော့ အရက်-ဦးရေဆိုတာ ရှာသုံးရတယ်ဗျ။ ပြင်းမှပြင်း။ အဲဒါမရရင် တောအရက်၊ နံမှနံ။ အရက်ကမှ မရှိမဖြစ်ပစ္စည်းအစစ်။ (ဟောလီဝုဒ်) က ရုပ်ရှင်တွေမှာ ဒဏ်ရာရရင် ဇာတ်လိုက် လုပ်တဲ့လူက (ဝီစကီ) ပုလင်း လည်ပင်းက ကိုင်ပြီးသကာလ အနာပေါ်လောင်းချ၊ မျက်နှာက ရှုံ့မဲ့ပြပြီး၊ ကျန်တာကို အတိုင်းသား မော့ချတာမျိုးလေ။ (ဘရုစ်-ဝီလီစ်) ကို တန်းမြင်ကြမဟုတ်လား။ အရက်မှန်သမျှ ပိုးတွေကို သေစေတာတော့ အမှန်ပါ။

ခက်တာက ပိုးသာမက လူကိုလည်း ချက်ချင်းမဟုတ်တောင် မျှဉ်းသတ်သလို သတ်တဲ့အစွမ်းပါ ရှိနေတယ်။ အရက်ပြန် ဆားခပ်သောက်တဲ့လူ ကြာကြာမခံလိုက်ပါ။ ဦးရေသောက်သူများ အသက်တိုပါသည်။ မီးတောက် ကြိုက်သူများ မုဆိုးမ ထားခဲ့ရတတ်ပါသည်။ ဈေးပေါပေါ အရက် (ပက်) ချင့်သောက်သူများ ဖတဆိုးကလေးများ ပထွေးရပါလိမ့်မည်။

ရောဂါ မပေါ်မီ မူးပြီး ကျွဲခိုးပေါ်မည်။ တချို့က သီချင်းဟစ်မည်။ ခဏအကြာ ငိုချင်ငိုပါလိမ့်မည်။ တချို့က ဂျီတိုက်မည်။ သောက်ဖေါ် သောက်ဖက်ဖြစ်ဖြစ် သေးနာကလူဖြစ်ဖြစ်၊ မိန်းမကိုဖြစ်ဖြစ် ရန်ရှာမည်။ လက်ပါမည်၊ တုတ်ပါမည်၊ ဒါးပါမည်။ ဗမာပြည်မှာ ရိုးရိုးလူမှန်သမျှ သေနပ်မကိုင်ရလို့ တော်သေးသည်။

သူငယ်ချင်းဆွေထဲမှာ ကျွန်တော်လို ဆရာသမားက လူနာများများရပါတယ်။ ဘာလို့လဲဆိုတော့ ခင်မင်သူ အချင်းချင်းကနေ “ဆရာ အရက် နည်းနည်းလောက်သောက်တာ ရတယ်နော်” ဆိုရင်၊ မသောက်ဘဲ မနေမဲ့ကောင်မှန်းလည်းသိတော့ နည်းနည်းတော့ ကိစ္စမရှိဘူး ပြောလေ့ရှိလို့ပါ။ အရက်ကို မျှဉ်းဖြတ်နည်းက ခေတ်စားပါတယ်။ စောင့်ကြည်ရင်းနဲ့ လိုအပ်သူများဆို စိတ်ငြိမ်ဆေး ကြွေးရသေးတယ်။ ကြည့်တယ်ဆိုတာ အရက်သမားရဲ့နှလုံး၊ အဆုပ်၊ အသဲအလုပ်တွေကို လိုရင်လိုသလို စစ်ပေး-လုပ်ပေးတာပါ။ အသဲကတော့ ထိတာပေါ့။ အသဲဆိုတာ ကိုယ်ထဲဝင်တဲ့ မကောင်းတာမှန်သမျှကို ခြေရ-ဖျက်ရတဲ့တာဝန် ထမ်းရသူမို့ပါ။

အရက်စွဲတာဟာ ကုလို့ရတဲ့ ရောဂါပါ။ တခုတော့ရှိတယ်။ ကုချင်တယ်လို့ကိုယ်တိုင်က ဆုံးဖြတ်ပါမှ ဖြစ်ပါမယ်။ ဒါကလည်း ရိုးရိုး သားသား ချဘို့လိုတဲ့ အဆုံးအဖြတ်ဖြစ်မှ။ ဖြတ်ခန်းစတာနဲ့ အနည်းနဲ့အများ ခံစားရပါလိမ့်မယ်။ ခြေတုံလက်တုံကနေ စိတ်ဂယောက်ဂယက် ဖြစ်နိုင်တယ်။ ဒါတွေအားလုံး ဆေးရုံတက်တက် မတက်တက် ကုလို့ရတာတွေမို့ စိုးရိမ်စရာမလိုပါ။ အရက်ဆိပ်ကို ဖြေတဲ့အဆင့်က အလွန်ဆုံး တပါတ်သာ ကြာတာပါ။ ဒီခေတ်မှာ အရက်ဖြတ်နည်းနဲ့ ကုစရာနေရာတွေက အရက်နဲ့ အရက်ဆိုင် ပေါသလို ပေါနေပါပြီ။

နှစ်သစ်မှာ စိတ်ကောင်း-နှလုံးကောင်းထားကြသူများ အသဲလည်း ကောင်းပါမှ ဆုတောင်းတွေ ပြည့်ပါလိမ့်မယ်။ စိတ်ကောင်း၊ နှလုံးကောင်း၊ အသဲကောင်းပြီး၊ ဦးနှောက် ကောင်းကောင်းဆိုရင်တော့ လိုရာမှန်သမျှ တလုံးတဝ ပြည့်ဝရမယ်ပေါ့။

• Alcoholism အရက်အတွက် ခက်နေသူတွေ http://dts-medicaleducation.blogspot.in/2012/08/alcoholism.html
• Alcohol and Depression အရက်က စိတ်ကျစေတယ် http://dts-medicaleducation.blogspot.com/2011/01/alcohol-and-depression.html
• Alcohol Taxes and Public Health အရက်ခွန်နဲ့ ကျန်းမာရေး http://dts-medicaleducation.blogspot.com/2011/11/alcohol-taxes-and-public-health.html
• How to lessen the effects of Alcohol အရက်မူးတာ သက်သာအောင် http://dts-medicaleducation.blogspot.in/2012/12/how-to-lessen-effects-of-alcohol.html
Dr. တင့်ဆွေ
၂-၁-ဝ၉
၃-၄-၁၁