Sunday, April 12, 2009

Eating Habit (1) အမေရိကန် ဆရာဝန်တယောက်နဲ့ (အင်တာဗျူး)

မေး။ နှလုံးရောဂါရှိတဲ့လူတွေ လေ့ကျင့်ခန်းလုပ်ရင် အသက်ရှည်တယ်ဆိုတာ ကြားဘူးပါတယ် ဆရာ။

ဆရာဝန်။ နှလုံးဆိုတာ အမြဲတန်းခုန်နေရတာမို့ သူခုန်ရမှာထက်ပိုအခုန်ခိုင်းရင် ပစ္စည်းများလိုဘဲ ကြာကြာသုံးလေ ပွန်းလေ-ဟောင်းလေ မဟုတ်လားဗျာ။ သူ့ကို ထပ်ခုန်အောင် လုပ်ခိုင်းတာဟာ ကားကို ကားသက်ရှည်အောင် အမြန်မောင်းသလိုဘဲ။ လေ့ကျင့်ခန်းတွေ ဘာတွေ လုပ်မနေပါနဲ့၊ အိပ်သာနေပါဗျာ။

မေး။ ကျွန်တော် အသားလျော့ပြီး၊ အသီးအနှံပိုစားရင် ကောင်းမလားဆရာ။
ဆရာဝန်။ ဒီလိုတည့်တည့်စဉ်းစားကြည့်ဗျာ။ နွားတွေဘာစားလဲ မြက်တို့၊ ပြောင်းတို့စားတာမဟုတ်လား။ အဲတာတွေကကော ဘာတွေလဲ။ အသီးအနှံတွေလေ။ ဒါ့ကြောင်း အမဲသား(စတိခ်)ဟာ ခင်ဗျားကိုယ်ခန္ဓာအတွက် အသီးအနှံတွေကို ထိထိရောက်ရောက် ပြောင်းပေးထားလိုက်ပြီးသားဗျ။ အစေ့အဆံလိုသလား။ ကြက်သားစားဗျာ။ အမဲသားဟာ အရွက်ကြော်ကောင်းတခွက်ဘဲ။ ဝက်သားစဉ်းကောကနေ ခင်ဗျာ့အတွက် အသီးအရွက်လိုအပ်ချက် ရာနုန်းပြည့်ရပါတယ်။

မေး။ ကျွန်တော် အရက်လျော့သောက်ရမလား။
ဆရာဝန်။ လုပ်မနေပါနဲ့။ ဝိုင်ဆိုတာ အသီးအနှံကနေလုပ်တာ။ ဘရန်ဒီကလဲ ဝိုင်ကိုချက်တာ။ တိတိကျကျပြောရင် သူ့ထဲကနေ ရေထုတ်လိုက်တာလေ။ ဒီတော့ ပိုမကောင်းပါလား။ ဘီယာကရော အစေ့အဆံကနေလုပ်တာ။ ဒီတော့ သောက်တာသောက်ပါ ကိုယ့်လူရာ။

မေး။ ကျွန်တော့်ကိုယ်အလေးချိန်နဲ့ အဆီအချိုးကို ဘယ်လိုတွက်ရမလဲ။
ဆရာဝန်။ ခင်ဗျားမှာ ကိုယ်ခန္ဓာရှိရင် အဆီရှိမှာဘဲ။ တကိုယ်ထဲရှိတော့ တစ်အချိုး တစ်ပေါ့။ နှစ်ကိုယ်ရှိရင်တော့ တစ်အချိုး နှစ်။

မေး။ ပုံမှန်လေ့ကျင့်ခန်းလုပ်ရတဲ့ အကျိုးကျေးဇူးတွေ ပြောပါအုံး။
ဆရာဝန်။ တခုမှ စဉ်းစားမရဘူးဗျ။ ကျွန်တော့ ဖီလော်ဆော်ဖီကတော့ ကိုယ့်အသားအနာမခံရေးဘဲ။

မေး။ ကျော်ထားတဲ့အစားတွေက ဘယ်လိုဆိုးကျိုးပေးပါသလဲ။
ဆရာဝန်။ ခင်ဗျား ကျွန်တော်ပြောတာ နားထောင်မှ မနေဘဲ။ ကနေ့ကာလမှာ အစားအစာမှန်သမျှ အသီးအနှံဆီနဲ့ ကြော်တာတွေချည်းဘဲ။ ဟုတ်ပါတယ်။ အစားအစာတွေထဲ ဆီကစိမ့်ဝင်တာပေါ့။ ဒီတော့ အသီးအနှံတွေများများဝင်တာ ခင်ဗျားအတွက် ဆိုးမတဲ့လားဗျာ။

မေး။ ထိုင်-ထ လုပ်တာကြောင့် ခါးကျပါသလား။
ဆရာဝန်။ မဟုတ်ရေးချ မဟုတ်။ ကြွက်သားဆိုတာ လေ့ကျင့်ခန်းလုပ်လေ ကြီးလေမဟုတ်လား။ ခင်ဗျား ဗိုက်ထွက်ချင်ရင်တော့ ထိုင်ထလုပ်ပေါ့ဗျာ။

မေး။ ချော့ကလက်က ဘာဆိုးလဲ။
ဆရာဝန်။ ရူးနေသလား ခင်ဗျား။ ကိုကိုးကဘာလဲ၊ အသီးအစေ့ဘဲ။ အကောင်းဆုံးဗျ။ ကောင်းတာစားပြီး ကောင်းကောင်း ဇိမ်ခံပါလေ။

မေး။ ရေကူးတာ ကိုယ်ခန္ဓာလှမလား။
ဆရာဝန်။ ရေးကူးလို့ ကိုယ်ခန္ဓာအချိုးအစား လှ-မလှသိချင်ရင် ဝေလငါးကြည့်လေ။

မေး။ လူ့(လိုက်ဖ်-စတိုင်)မှာ ကိုယ်ခန္ဓာပုံပန်းရှိဘို့ အရေးကြီးပါသလား။
ဆရာဝန်။ ဝတာကော ပုံပန်းတခုမဟုတ်ဘူးလားဗျ။

ဆရာဝန်။ ဒါတွေကတော့ အစားအသောက်နဲ့ပတ်သက်ပြီး အယူအဆမှားတွေပေါ့ဗျာ။ တခုသတိထားပါအုံး။ လူ့ဘဝဆိုတာ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ကိုယ်အချိုးအစားလှလှလေးနဲ့ သင်းချိုင်းကို အန္တရာယ်ကင်းကင်းရောက်အောင်သွားရမဲ့ခရီးလို့ သဘောမထားသင့်ဘူး။ လက်တဖက်မှာ ချော့ကလက်၊ တဖက်မှာ ဝိုင်ပုလင်းဆွဲ၊ ကိုယ်ခန္ဓာကိုလဲ ကျကျနနကြီး အသုံးချပြီးသကာလ၊ နောက်ဆုံး ဝူ့း၊ ဝေါင့်း ကောင်းလိုက်တာ-ကောင်းလိုက်တာလို့ ပီတိသောမနဿဖြစ်ဘို့က ပိုမကောင်းဘူးလား။

ဆရာဝန်။ ရှိသေးတယ်။ ကိုယ်စားတာကိုယ် သတိထားနေသူများ။ သူများတွေ ဘာစားသောက်ကြလို့ ဘယ်လိုဖြစ်ပါသလဲကြည့်။
• ဂျပန်တွေဟာ အဆီနဲနဲစားပြီး၊ အမေရိကန်တွေထက် နှလုံးရောဂါအဖြစ်နည်းတယ်။
• မက်ဆီကန်တွေဟာ အဆီတွေ တအားစားပြီး၊ အမေရိကန်တွေထက် နှလုံးရောဂါအဖြစ်နည်းတယ်။
• တရုတ်တွေဟာ ဝိုင်နည်းနည်းသောက်ပြီး၊ အမေရိကန်တွေထက် နှလုံးရောဂါအဖြစ်နည်းတယ်။
• အီတာလျန်တွေဟာ ဝိုင်အများကြီးသောက်ပြီး၊ အမေရိကန်တွေထက် နှလုံးရောဂါအဖြစ်နည်းတယ်။
• ဂျာမန်တွေဟာ ဘီယာကို တဝကြီးသောက်ပြီး၊ အမေရိကန်တွေထက် နှလုံးရောဂါအဖြစ်နည်းတယ်။

ဆရာဝန်။ နိဂုံးချုပ်လိုက်ရင်၊ ကြိုက်တာကို ကြိုက်သလိုစားပါလေ၊ ကြိုက်သလောက် သောက်ပါလေ။

ဘာသာပြန်တင်သူ၏ ဖြည့်စွက်ချက်။
ကျွန်တော်တင်ထားတဲ့ (ထရန့်စ်-ဖက်) ကျန်းမာရေးနဲ့မညီသောအဆီ ဆိုတာကို ဖတ်ပြီး၊ အင်္ဂလန်ရောက်နေတဲ့ ဆေးမှူးတဦးကနေ (ကွန်မင့်)မှာ ရေးလိုက်တာကတော့ သူအဆီကို မရှောင်ဘူး။ Simvastatin 40 mg ဆေးကို ညတိုင်းသောက်ပါသတဲ့။

ကဲဗျာ ခင်ဗျားတို့ ဆေးဆရာတွေ သူများကို မျက်စေ့နောက်အောင်မလုပ်ပါနဲ့လို့ပြောရင်တော့ ခံရမှာဘဲ။ တယောက်တမျိုး ပြောနေကြတယ် မဟုတ်လား။

ကျွန်တော်ဆရာဝန်ဖြစ်လာတော့ လူနာတွေ၊ အထူးသဖြင့် ခင်မင်သူတွေက တခြားဆရာဝန်တချို့ထက် ကျွန်တော့်ဆီကိုလာပြတာ ပိုများတယ်ဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကိုမေးရင် အရက်နည်းနည်းပါးပါး ကိစ္စမရှိပါဘူးတို့၊ အစားအသောက်လည်း အများကြီး မရှောင်ချင်နေပါ စသဖြင့် ပြောတတ်တာကို။ ကျွန်တော်ကလည်း သိနေတယ်လေ၊ ဒီလူနာက အရက်ဖြတ်ပါဆို ဖြတ်မဲ့သူမှ မဟုတ်တာ။ ဆားအရှောင်ခိုင်းလည်း ငါးပိက ပြေးမလွတ်ဘူးမဟုတ်လား။

ဆရာဝန်လုပ်သက်ရင့်လာတော့ လူကြီးသူမတွေပြောလေ့ရှိတဲ့ ကျန်းမာရေးဆိုတာ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းလေးပါးကြောင့် အကောင်း-အဆိုးဖြစ်ရတယ်ဆိုတဲ့ ကိုယ်သင်ရဘူတဲ့ဆေးကျမ်းတွေမှာ မပါတာကို ပိုပြီး လက်ခံချင်လာတယ်။

ဒီတော့ အာဟာရတခုတည်းသာကြည့်မယ်ဆိုရင် အမေရိကန်ဆရာဝန်ပြောတာသလို ကျန်တဲ့ အကြောင်းသုံးပါးကို ဘေးချိတ်ပြီး၊ လိုက်ချင်လိုက်ပေါ့။

ကံကိုလည်း မယုံတယုံ၊ ဓမ္မပဒ(၁)မှာဟောထားတဲ့ စိတ်သာလျင် ရှေ့သွားရှိကုန်၏ကိုလည်း မဖတ်ဘူး (မယုံဘူး)ဆိုရင်၊ နွေဆိုတာပူလို့ အပူကြိုက်တဲ့ပိုးတွေ သောင်းကျန်းတာတို့၊ ဆောင်းဆိုတာအေးလို့ တုပ်ကွေး-နှာစေး-အအေးမိတတ်တာတို့၊ ဆိုတာတွေကိုလည်း ဘေးချိတ်လိုက်ပေတော့။

ဆရာ-ဆရာမတွေက ကျောင်းသား-ကျောင်းသူတွေကို တချိန်တည်းမှာ အတူတူသင်ပေးတာပါ။ အောင်စာရင်းထွက်တော့ အမှတ်တွေ ဘယ်တူလို့လဲ။ အမှတ်တူသူတွေလဲ ကြီးတော့ အကျိုးပေးက တယောက်တမျိုး။ ဝင်ငွေကောင်းတာချင်း တန်းတူပေမဲ့ အသက်ရှည်တာခြင်း၊ မတူဘူး မဟုတ်ပါလား။

အသက်ကို ဥာဏ်စောင့်၊ ဥစ္စာကို ကံစောင့်ပါသတဲ့။ ဥာဏ်ကောင်းကြပါစေ၊ ကံကောင်းကြပါစေ။

Dr. တင့်ဆွေ
၁၂-၄-ဝ၉

Tuesday, April 7, 2009

Eating Habit (2) သမုဒ္ဒရာ ဝမ်းတစ်ထွာ

တချိန်တုံးက လုပ်ဖေါ်ကိုင်ဖက်တယောက် ပြည်ပခရီးတခု ထွက်တော့ အိန္ဒိယ-လေကြောင်းလိုင်းကို စီးရတယ်။ မသိလို့ သွားစီးတာ။ "အဲယား-အိန္ဒိယ" ကို အိန္ဒိယန်းတွေတောင် စီးချင်ကြတာ မဟုတ်ဘူး။ ဝိုင်မပါ၊ ဘီယာမတိုက်၊ လေယာဉ်မယ်တွေက ဗိုက်ထွက်လို့။ သူ့ဥပဒေအရ အသက်ကြီးလဲ လေယာဉ်မယ် ဆက်လုပ်နိုင်တယ်။ ဒေါ်ဗိုက်ထွက် လေယာဉ်မယ်များက ညစာကြွေးခါနီး ခရီးသည်တိုင်းကို ဟင်းလျာနှစ်မျိုးထဲကနေ အသားဟင်း စားမလား၊ အသီးအရွက်ဟင်း စားမလား မေးတာပေါ့။

(ဗိုလ်) လိုပြောတာပေါ့လေ။ သူတို့သုံးတဲ့ စကားလုံးက (ဗက်ခ်ျ-အော်-နန်းဗက်ခ်ျ)။ ကျွန်တော့်လူက ပဌမခရီးထွက်ရတာမို့ အဓိပ္ပါယ်ကို အလွယ်နှင့် မကောက်နိုင်ပါ။ သူတို့ အသံထွက်ကလဲ သိတဲ့အတိုင်း။ (နန်း) ဆိုသည်မှာ အနုတ်သဘော၊ မပါ-မရှိတဲ့သဘောလို့ ကောင်းကောင်း သိထားယုံမက အိန္ဒိယနိုင်ငံသားအများက အသားမစားကြောင်းလည်း သိထားတာမို့၊ (နန်း) ကို မရွေးဘဲ၊ (ဗက်ခ်ျ) လုပ်လိုက်ပါတော့တယ်။ အမှန် ဒီကောင်က အလွန် အသားစားကြူးသူပါ။ လာပေးတော့ အာလူး၊ ပဲဟင်း နှဲ့ ရိုတီး။

(ဗက်ဂျီ) လို့ ပြောလေ့ရှိတဲ့ အသားမစား-အသီးအရွက်စားခြင်းဟာ ဘာသာရေးသာမက ကျန်းမာရေး ရှုထောင့်က ကြည့်ရင်လည်း အကျိုးများစေတာတော့ အမှန်ပါ။ ဒါပေမဲ့ သုတေသန အသစ်တခုအရ စားသောက်မှုပြဿနာ ရှိတာကို တွေ့လာရတယ်။ ဒီနှစ် ဧပြီလ အမေရိကန် အခြေစိုက် ဆီးချိုအသင်းကနေ လူပေါင်း ၂၅ဝဝ ကျော်ကို သုတေသန လုပ်တာတဲ့။ သိတဲ့အတိုင်း သူတို့အမေရိကားမှာက အစာရေစာ မဝလင်တဲ့ပြဿနာ မရှိပေမဲ့၊ (အိုဗာဝိတ်) က တကဲ့ဒုက္ခ။ ဒီတော့ တချို့က သက်သတ်လွတ်နည်းကို သုံးကြည့်တယ်ပေါ့။ ဘာတွေ့လာလဲဆိုတော့ မြီးကောင်ပေါက်အရွယ် (ဗက်ဂျီ) တွေမှာ နှစ်ဆ၊ လူငယ်လူရွယ် (ဗက်ဂျီ) တွေမှာလည်း နှစ်ဆနီးပါး၊ ကျန်းမာရေးအရ မသင့်သည့်နည်းများကို သုံးခဲ့ကြသည်လို့ တွေ့ရှိရသတဲ့။ အဲဒါဘာလဲဆိုတော့ Binge eating ဟုခေါ်တဲ့ တခါစားရင် အများကြီး စားတဲ့အကျင့်တဲ့ဗျာ။

အစားကြူးရောဂါဆိုတာ ရှိသဗျ။ သဲထိတ်ရင်ဖို ရုပ်ရှင်ကြည့်နေရင်း လက်ထဲက အာလူးကြော် အထုပ်ကြီး တထုပ်လုံး အမှတ်မထင် ကုန်စင်အောင် စားတာလဲ ဒီစာရင်းထဲ ထည့်နိုင်တယ်။ တကယ်ကို အစားမြင် မနေနိုင်အောင်စားတဲ့ အဆင့်ရောက်ရင် မလွယ်တော့ဘူး။ အလုပ်ကြမ်း လုပ်ရတဲ့ ယောက်ျားတယောက် တနေ့မှာ ကလိုရီ ၃ဝဝဝ ထက်ပိုမလိုပါ။ (ဘင့်ခ်ျ)သမား တယောက်ဟာ ကလိုရီ တစ်သောင်း-နှစ်သောင်း စားနိုင်တယ်ဆိုဘဲ။

အနောက်နိုင်ငံတွေမှာ အဝလွန်၊ အစားလွန်တွေကုဘို့ အထူးကုအမျိုးမျိုးနဲ့ လုပ်ရတယ်။ စိတ်အထူးကုလဲ ပါရတာပေါ့။ သူစားတာ သူများ မသိအောင် ဆိတ်ကွယ်ရာနေရာ ရှာရတာတို့၊ စားပြီးသား ပန်းကန်ခွက်ယောက်၊ ပုလင်းခွံ-ဘူးခွံ ဖွက်ရတာတို့၊ အစားမြင် ငန်းငန်းတက် ဖြစ်ချင်တာတို့ဟာ အမူအရာကအစ ပုံမှန်မဟုတ်တော့ဘူးလေ။ သူတို့ကို ဗမာလိုဖတ်တတ်ရင် ဒါလေးဖတ်ခိုင်းလိုက်နော်။

တခါက ကျွန်တော် ဒေလီကနေ ဘုံဘေ (မွန်ဗိုင်လို့ မပြောင်းခင်ကပါ) ကို မီးရထားနဲ့ခရီးသွားပါတယ်။ ဘုံဘေ အနားက ဓမ္မဂီရိကို အသွားပေါ့။ ဆရာကြီး ဂုန်အင်ကာရဲ့ဝိပဿနာ-ဓမ္မရိပ်သာ ဌာနချုပ်ရှိရာပါ။ ရထားပေါ်မှာ ဓမ္မမိတ်ဆွေတယောက်နဲ့ တွေ့ရတယ်။ သူက ဟာ့ဓမ္မဂီရိ သိပ်ကောင်းတယ်။ ဆယ်ရက်စခန်း သူဝင်ပြီးပြီတဲ့။ အိန္ဒိယမှာက ဗုဒ္ဓဘာသာ သိပ်ထွန်းကားတာ မဟုတ်လို့ ကုလားတယောက် အခုလို ဝိပဿနာစခန်းဝင်တာ ကြားရတော့ ကျွန်တော် အတော်ကို ဝမ်းသာ ပီတဖြာသွားတယ်။ အိန္ဒိယ ဗုဒ္ဓဘာသာဝင် အများစုက ငါးပါးသီလ သိချင်မှသိမယ်၊ ဒေါက်တာအမ်ဘာကာ ကိုတော့ ဘုရားလို ကြည်ညိုကြတာကလား။

ကျွန်တော့် ခရီးသွားမိတ်ဆွေက ဗုဒ္ဓဘာသာတော့ မဟုတ်ဘူးတဲ့။ သူတို့ဆီမှာ ဇာတ်နိမ့်တွေဘဲ ဗုဒ္ဓဘာသာ ဝင်လေ့ရှိပါတယ်။ ပြောရင်း ပြောရင်းနဲ့မှ သူ ဝိပဿနာစခန်း ဝင်ရခြင်း ရည်ရွယ်ချက် အစစ်ကို သိလာရတယ်။ သာဓုခေါ်ပေတော့ဗျို့။ ဆယ်ရက် လုံးလုံး ဥပုသ်စောင့်ရ၊ သက်သတ်လွတ် တနပ်သာ စားရတာကြောင့် သူ့ကိုယ်အလေးချိန် လျော့ချင်လို့တဲ့။ သူ့ဗိုက် တကယ် ကျသွားခဲ့ပါသတဲ့ဗျာ။ သမုဒ္ဒရာ ဝမ်းတစ်ထွာ၊ အစားလျော့၊ ဝိတ်ချဘို့ ဝိပဿနာစခန်းဝင်ကြစို့။

Dr. တင့်ဆွေ
၇-၄-ဝ၉

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...