Tuesday, April 7, 2009

Eating Habit (2) သမုဒ္ဒရာ ဝမ်းတစ်ထွာ

တချိန်တုံးက လုပ်ဖေါ်ကိုင်ဖက်တယောက် ပြည်ပခရီးတခု ထွက်တော့ အိန္ဒိယ-လေကြောင်းလိုင်းကို စီးရတယ်။ မသိလို့ သွားစီးတာ။ "အဲယား-အိန္ဒိယ" ကို အိန္ဒိယန်းတွေတောင် စီးချင်ကြတာ မဟုတ်ဘူး။ ဝိုင်မပါ၊ ဘီယာမတိုက်၊ လေယာဉ်မယ်တွေက ဗိုက်ထွက်လို့။ သူ့ဥပဒေအရ အသက်ကြီးလဲ လေယာဉ်မယ် ဆက်လုပ်နိုင်တယ်။ ဒေါ်ဗိုက်ထွက် လေယာဉ်မယ်များက ညစာကြွေးခါနီး ခရီးသည်တိုင်းကို ဟင်းလျာနှစ်မျိုးထဲကနေ အသားဟင်း စားမလား၊ အသီးအရွက်ဟင်း စားမလား မေးတာပေါ့။

(ဗိုလ်) လိုပြောတာပေါ့လေ။ သူတို့သုံးတဲ့ စကားလုံးက (ဗက်ခ်ျ-အော်-နန်းဗက်ခ်ျ)။ ကျွန်တော့်လူက ပဌမခရီးထွက်ရတာမို့ အဓိပ္ပါယ်ကို အလွယ်နှင့် မကောက်နိုင်ပါ။ သူတို့ အသံထွက်ကလဲ သိတဲ့အတိုင်း။ (နန်း) ဆိုသည်မှာ အနုတ်သဘော၊ မပါ-မရှိတဲ့သဘောလို့ ကောင်းကောင်း သိထားယုံမက အိန္ဒိယနိုင်ငံသားအများက အသားမစားကြောင်းလည်း သိထားတာမို့၊ (နန်း) ကို မရွေးဘဲ၊ (ဗက်ခ်ျ) လုပ်လိုက်ပါတော့တယ်။ အမှန် ဒီကောင်က အလွန် အသားစားကြူးသူပါ။ လာပေးတော့ အာလူး၊ ပဲဟင်း နှဲ့ ရိုတီး။

(ဗက်ဂျီ) လို့ ပြောလေ့ရှိတဲ့ အသားမစား-အသီးအရွက်စားခြင်းဟာ ဘာသာရေးသာမက ကျန်းမာရေး ရှုထောင့်က ကြည့်ရင်လည်း အကျိုးများစေတာတော့ အမှန်ပါ။ ဒါပေမဲ့ သုတေသန အသစ်တခုအရ စားသောက်မှုပြဿနာ ရှိတာကို တွေ့လာရတယ်။ ဒီနှစ် ဧပြီလ အမေရိကန် အခြေစိုက် ဆီးချိုအသင်းကနေ လူပေါင်း ၂၅ဝဝ ကျော်ကို သုတေသန လုပ်တာတဲ့။ သိတဲ့အတိုင်း သူတို့အမေရိကားမှာက အစာရေစာ မဝလင်တဲ့ပြဿနာ မရှိပေမဲ့၊ (အိုဗာဝိတ်) က တကဲ့ဒုက္ခ။ ဒီတော့ တချို့က သက်သတ်လွတ်နည်းကို သုံးကြည့်တယ်ပေါ့။ ဘာတွေ့လာလဲဆိုတော့ မြီးကောင်ပေါက်အရွယ် (ဗက်ဂျီ) တွေမှာ နှစ်ဆ၊ လူငယ်လူရွယ် (ဗက်ဂျီ) တွေမှာလည်း နှစ်ဆနီးပါး၊ ကျန်းမာရေးအရ မသင့်သည့်နည်းများကို သုံးခဲ့ကြသည်လို့ တွေ့ရှိရသတဲ့။ အဲဒါဘာလဲဆိုတော့ Binge eating ဟုခေါ်တဲ့ တခါစားရင် အများကြီး စားတဲ့အကျင့်တဲ့ဗျာ။

အစားကြူးရောဂါဆိုတာ ရှိသဗျ။ သဲထိတ်ရင်ဖို ရုပ်ရှင်ကြည့်နေရင်း လက်ထဲက အာလူးကြော် အထုပ်ကြီး တထုပ်လုံး အမှတ်မထင် ကုန်စင်အောင် စားတာလဲ ဒီစာရင်းထဲ ထည့်နိုင်တယ်။ တကယ်ကို အစားမြင် မနေနိုင်အောင်စားတဲ့ အဆင့်ရောက်ရင် မလွယ်တော့ဘူး။ အလုပ်ကြမ်း လုပ်ရတဲ့ ယောက်ျားတယောက် တနေ့မှာ ကလိုရီ ၃ဝဝဝ ထက်ပိုမလိုပါ။ (ဘင့်ခ်ျ)သမား တယောက်ဟာ ကလိုရီ တစ်သောင်း-နှစ်သောင်း စားနိုင်တယ်ဆိုဘဲ။

အနောက်နိုင်ငံတွေမှာ အဝလွန်၊ အစားလွန်တွေကုဘို့ အထူးကုအမျိုးမျိုးနဲ့ လုပ်ရတယ်။ စိတ်အထူးကုလဲ ပါရတာပေါ့။ သူစားတာ သူများ မသိအောင် ဆိတ်ကွယ်ရာနေရာ ရှာရတာတို့၊ စားပြီးသား ပန်းကန်ခွက်ယောက်၊ ပုလင်းခွံ-ဘူးခွံ ဖွက်ရတာတို့၊ အစားမြင် ငန်းငန်းတက် ဖြစ်ချင်တာတို့ဟာ အမူအရာကအစ ပုံမှန်မဟုတ်တော့ဘူးလေ။ သူတို့ကို ဗမာလိုဖတ်တတ်ရင် ဒါလေးဖတ်ခိုင်းလိုက်နော်။

တခါက ကျွန်တော် ဒေလီကနေ ဘုံဘေ (မွန်ဗိုင်လို့ မပြောင်းခင်ကပါ) ကို မီးရထားနဲ့ခရီးသွားပါတယ်။ ဘုံဘေ အနားက ဓမ္မဂီရိကို အသွားပေါ့။ ဆရာကြီး ဂုန်အင်ကာရဲ့ဝိပဿနာ-ဓမ္မရိပ်သာ ဌာနချုပ်ရှိရာပါ။ ရထားပေါ်မှာ ဓမ္မမိတ်ဆွေတယောက်နဲ့ တွေ့ရတယ်။ သူက ဟာ့ဓမ္မဂီရိ သိပ်ကောင်းတယ်။ ဆယ်ရက်စခန်း သူဝင်ပြီးပြီတဲ့။ အိန္ဒိယမှာက ဗုဒ္ဓဘာသာ သိပ်ထွန်းကားတာ မဟုတ်လို့ ကုလားတယောက် အခုလို ဝိပဿနာစခန်းဝင်တာ ကြားရတော့ ကျွန်တော် အတော်ကို ဝမ်းသာ ပီတဖြာသွားတယ်။ အိန္ဒိယ ဗုဒ္ဓဘာသာဝင် အများစုက ငါးပါးသီလ သိချင်မှသိမယ်၊ ဒေါက်တာအမ်ဘာကာ ကိုတော့ ဘုရားလို ကြည်ညိုကြတာကလား။

ကျွန်တော့် ခရီးသွားမိတ်ဆွေက ဗုဒ္ဓဘာသာတော့ မဟုတ်ဘူးတဲ့။ သူတို့ဆီမှာ ဇာတ်နိမ့်တွေဘဲ ဗုဒ္ဓဘာသာ ဝင်လေ့ရှိပါတယ်။ ပြောရင်း ပြောရင်းနဲ့မှ သူ ဝိပဿနာစခန်း ဝင်ရခြင်း ရည်ရွယ်ချက် အစစ်ကို သိလာရတယ်။ သာဓုခေါ်ပေတော့ဗျို့။ ဆယ်ရက် လုံးလုံး ဥပုသ်စောင့်ရ၊ သက်သတ်လွတ် တနပ်သာ စားရတာကြောင့် သူ့ကိုယ်အလေးချိန် လျော့ချင်လို့တဲ့။ သူ့ဗိုက် တကယ် ကျသွားခဲ့ပါသတဲ့ဗျာ။ သမုဒ္ဒရာ ဝမ်းတစ်ထွာ၊ အစားလျော့၊ ဝိတ်ချဘို့ ဝိပဿနာစခန်းဝင်ကြစို့။

Dr. တင့်ဆွေ
၇-၄-ဝ၉

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...