ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာ မေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook Comment မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Monday, May 11, 2009

Eucalyptus ဆေးဖက်ဝင် ငါးမည်ရသစ်ပင်

ချင်းတွင်း (ဘလော့ခ်)မှာ စာတခုဖတ်ရတယ်။ အညာမှာ နေတော်တော်ပူနေလို့ သစ်ပင်တွေစိုက်ဘို့ စေတနာပါတဲ့ နှိုးဆော်စာပါ။ ယူကလစ်ပင်စိုက်ဘို့လဲ စာရေးသူ အတွေ့အကြုံအရ အကြံပေးထားပါတယ်။ သဘာဝပတ်ဝန်းကျင် စိုစိမ်း အေးမြအောင် လုပ်တာကို အကြွင်းမဲ့ထောက်ခံ အားပေးပါတယ်။ ။

ကျွန်တော်ရောက်နေတဲ့ တိုင်းပြည်မှာ အပူဒဏ်ကို လှိမ့်နေအောင်ခံရတိုင်း ပူတာချင်းတူတဲ့ အညာကို ပြန်အမှတ်ရတယ်။ အထူးသဖြင့် အရိပ်ရပင်တွေ၊ သစ်တွေ-ဝါးတွေနဲ့ဆောက်တဲ့ အိမ်တွေ၊ ဇရပ်တွေ၊ ထန်းလက်မိုးတဲတွေကိုပါ။ အပူချိန်ချင်း တူပေမဲ့ (ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာလဲ ပါမှာပေါ့၊) မြန်မာအညာက အပူကို ပိုခံနိုင်တယ်ထင်တယ်။ ဗူးခါးရေနဲ့ ကြမ်းကြားလေဆိုတာ၊ သူများဆီမှာ ဘယ်လိုမှ ရှာမရတာတွေပါ။ အညာမှာ နွေရောက်ရင် အိမ်ရှေ့ဖြစ်ဖြစ်၊ နောက်ဖြစ်ဖြစ်၊ ဘေးတဖက်မှာဖြစ်ဖြစ် ဇောင်းထိုးကြတယ်။ အဖီချတယ်လဲခေါ်တယ်။ ဝါးအခြင်တွေပေါ်မှာ ထန်းရွက်သစ်လေး မိုးထားရင် သဘာဝ(အဲယားကွန်း)ဘဲ။ မွှေးပါဘိ၊ အေးပါဘိသနဲ့။

တမာပင်၊ မန်ကျီးပင်၊ ကုက္ကိုပင်၊ ညောင်ပင်၊ ထနောင်းပင်အရိပ်တွေက သဘာဝအအေးဓါတ်ပေးပါတယ်။ သူများနိုင်ငံတွေမှာ သစ်ပင်မျိုးစုံအောင် တွေ့ဘူးပါရဲ့။ ဘာပင်မှန်းမသိတာတွေ များတယ်။ ဘိုနာမည်လှလှလေးတွေပေါ့။ အရိပ်တော့ ရပါရဲ့၊ အရောင်အဆင်းတွေလဲ စိုပါရဲ့၊ ကိုယ့်စိတ်ထဲမှာ လူတွေအတွက် အရိပ်ထက်မက အသုံးဝင်မဲ့ အပင်ကိုဘဲ ပိုတန်ဘိုးထားချင်တယ်။ စားလဲမစားရ၊ သုံးလဲမဖြစ်ရင် ဟုတ်တယ်မထင်ဘူး။ (မိုင်ယိုးပီးယား) အနီးသာမြင်တဲ့ ရောဂါတမျိုး ထင်မှာပေါ့။ ထင်ချင်လဲထင်တော့။

မနေ့ကတောင် ယူကလစ်ပင်ကို အိမ်မှာပြောဖြစ်သေးတယ်။ အကောင်း-အဆိုး ဆိုတာတွေပေါ့။ သစ်ပင်တော့ သစ်ပင်ဘဲ၊ အရိပ်ကနည်းနည်း၊ မီးလောင်လွယ်ပြီး မြေဆီလွှာစုပ်တာကြောင့် သိပ်ပေါ်ပြူလာ မဖြစ်ဘူး။ အမှန်က မြေဆီစုပ်တယ် ပြောတာ အတိအကျ မမှန်ဘူး။ ရေစုပ်တာပါ။ လူဖြစ်ဖြစ် သစ်ပင်ဖြစ်ဖြစ် ရေနဲ့အတူ ဆားပါရတယ်။ ရေစုပ်ရင် ဆားပါ စုပ်တာ။ ရေထွက်ရင်လည်း ဆားထွက်ရော။ ဒါ့ကြောင့် ယူကလစ်စိုက်ရင် မြေဆီကို ဆားပေါက်စေတာကို တားနိုင်တာကတော့ ကောင်းပါတယ်။

ယူကလစ်ပင်ဆိုတာ သြစတေးလျကလာတာ။ ရွှေဘိုလိုဘဲ ငါးမည်ရပါ။ Eucalyptus, Blue Gum Tree, Australian fever tree, Stringy Bark, Silver Dollar Tree လို့ခေါ်ကြတယ်။ အင်္ဂလိပ်လူမျိုး Captain James Cook's third voyage အရ ယူကလစ်ဟာ အရှေ့တောင် အာရှကို ရောက်လာတာ ၁၇၇ဝ ကတည်းကလို့ ဖတ်ရှုနိုင်ပေမဲ့ ဗမာပြည် ရောက်လာတာကိုတော့ ရှာမတွေ့သေးဘူး။ သိသူများက ပြောကြပါ။

ပုလဲကို ကန္တာရပင်တွေ သယ်လာတဲ့လူတယောက်ရှိတယ်။ မဆလ လက်ထက်ကပေါ့။ ဒီအပင် အသုံးမကျတာတွေ့တော့ သူ့ကို ကန္တာရအေးမောင်လို့တောင် ပြောင်ခေါ်ကြတယ်။ ခရုတွေသည်လာသူကတော့ ခရုထွန်းသိန်းလို့ တွင်ပြန်ရော။ (ပိုင်အိုနီးယား)လုပ်ချင်ရင် အတော်သတိထားဗျို့။ (ဒိုင်းနမိုက်)တည်ထွင်မိလို့ (နိုဗယ်)ဆုနဲ့ ဖြန်ဖြေရတာရှိတယ် မဟုတ်လား။

တတ်သိပညာ-မနေသာ ဆေးပညာအရပြောရရင် ယူကလစ်စိုက်တာဟာ ငှက်ဖျားခြင်ပေါက်တာကို သက်သာစေတယ်။ ဘာလို့လဲဆိုတော့ မြေအပေါ်လွှာကို ရှင်းထုတ်ပြစ်လို့ ငှက်ဖျားခြင်ပေါက်မဲ့ အပေါ်ယံအစိုလွှာကို ရှင်းလိုက်တဲ့ သဘောပေါ့။

သြစတေးလျက ဌာနေလူမျိုး (အဘိုရ်ဂျင်နီးစ်)တွေဟာ ယူကလစ်ကို ဆေးဖြစ် သုံးနေခဲ့တာကြာပါပြီ။ ဖျားတာ၊ နာတာ၊ ပန်းနာ။ တချိ့ကဆို (အပူကျပင်)လို့တောင် ခေါ်လိုက်သေး။ နာမည်တမျိုး တိုးရော။ နောက် ဆရာဝန်တွေ ပေါ်လာတော့လည်း ယူကလစ်ကို အဖျား၊ လေပြွန်ရောင်၊ ပန်းနာ၊ အသက်ရှူပြွန်ရောင်၊ ချောင်းဆိုး၊ ကြက်ညှာချောင်းဆိုး၊ အနာ၊ ဂနိုရီးယား၊ ကိုယ်ရောင်၊ အစာအိမ်ရောဂါ၊ ဆေးလိပ်ဖြတ်ဘို့လဲ သုံးသေးတယ်။ အရွက်ကို ဆေးလိပ် လိပ်သောက်တဲ့နည်းသုံးပြီး အသက်ရှူကြပ်တာကို ကုနိုင်တယ်။

ဒီခေတ်ရောက်လာတော့ Indian Ayurvedics အိန္ဒိက (အာယုဗေဒ)ဆေးနည်းမှာ အအေးမိလို့ ခေါင်းကိုက်တာမှာ သုံးတယ်။ Indian Pharmacopoeia အိန္ဒိကဆေးကျမ်းမှာ ချွဲထုတ်ဆေး၊ Chinese Pharmacopoeia တရုပ်ဆေးကျမ်းမှာ အာရုံကြောဆေးဆိုပြီးပါတယ်။ တရုပ်-ကုလား မတူပုံများ ဆေးပညာမှလဲ မထူး-တမူးဘဲဗျို့။

အိမ်နီးချင်း မွေးစားပေါက်ဖော်ကြီး၊ (အင်-လော)အယာကြီးတွေသာ မကပါဘူး၊ ကိုရွှေပြင်သစ်တို့ ဦးဂျာမဏီတို့မှာလဲ ယူကလစ်အစွမ်းကို သုံးကြတာပါဘဲ။ အရေပြားယားတာ၊ ရောင်တာတို့ လေပြွန်ရောင်တာတို့။ ဒါတင်ဘယ်ကမလဲ ဆူပါအမေရိကားမှာဆို ယူကလစ်ကို ချွဲထွက်စေတဲ့ချောင်းဆိုးပျောက် သောက်ဆေး၊ ရှူဆေးတွေမှာ သုံးပါတယ်။ တိရစ္ဆာန်ဆေးတွေထဲမလဲ သုံးတာဘဲပေါ့။

ယူကလစ်ရွက်ကနေထုတ်တဲအဆီမှာ ပိုးသေစေတဲ့သတ္တိ၊ ပိုးသန့်စေတဲ့အစွမ်း၊ အနံ့ကောင်းစေတဲ့အကျိုးတွေပါတယ်။ ခပ်ကြွားကြွား ပြောရရင် အငွေ့ပြန်မီးခွက်မှာ ယူကလစ်ဆီ ၂%ထည့်တာနဲ့ အခန်းထဲမှာရှိတဲ့ (စတက်ဖလိုကောကပ်စ်)ပိုး ၇ဝ%ကိုသေစေသတဲ့၊ မစွမ်းပါလား။ (စတက်ဖလိုကောကပ်စ်)ဆိုတာ ယီးတီးယားတာမဟုတ်ပါ၊ ပြည်တည်နာဖြစ်စေတဲ့ (ဗက်တီးရီးယား)ပါ။ ပင်နယ်စလင်တောင် မတိုးတဲ့အကောင်။

ခေတ်ဆရာဝန်တွေက ရှေးနည်းတွေထဲက နည်းယူတာပါ။ ပါးစပ်ပလုပ်ကျင်းဆေး၊ သွားဖုံးနာလိုမျိုးမှာတောင် သုံးသေးတယ်။ ယူကလစ်ဆီက ဆီးချိုကို ကျစေတယ်။ ပျို့ချင်-အန်ချင်တာ သက်သာတယ်။ လိမ်းပေးရင် ကြွက်သားနာ သက်သာတယ်။ နဲနဲနောနောရောဂါတွေမဟုတ်ပါ။ သွေးသန့်၊ လေသန့်၊ ပန်းနာ၊ လေပြွန်ရောင်၊ အနာစိမ်း၊ လည်ချောင်းနာ၊ ဆိုင်းနပ်စ်၊ ကျောက်ကပ်ရောင်၊ ဆီးအိမ်ရောင်၊ ရူမက်တစ် လေးဘက်နာ။ ရေယုံနာ၊ နေလောင်နာ။ Aromatherapy ဆိုတဲ့ အမွှေးအနံ့နဲ့ကုသနည်းမှာ E. globulus and E. citriodora နှစ်မျိုးကို ပင်တိုင်သုံးပါတယ်။

ဒါ့ကြောင့် tincture တင်ချာ၊ cream ခရင်မ်၊ essential oil (eucalyptol, menthol, thymol, methyl salicylate) အဆီ၊ lozenge လျှာအောက်ငုံဆေး၊ ointment လိမ်းဆေးဆိုပြီး ထုတ်လုပ်ရောင်းချပါတယ်။ ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေ၊ ကလေးငယ်လေးတွေကိုတော့ ပါးစပ်ကနေပေးနည်းကို မသုံးသင့်ဘူးလို့ တားမြစ်ထားတယ်။ အငွေ့ပေးတာ၊ ရင်ပတ်လိမ်းတာတော့ ရပါတယ်။ မျက်နှာ အထူးသဖြင့် မျက်စိ၊ နှာခေါင်းတို့နဲ့ မထိသင့်ဘူး။ အစာအိမ်၊ အသဲ၊ သည်းခြေလမ်း မကောင်းသူတွေကိုလည်း မပေးသင့်ပါဘူးတဲ့။ အပျင်း-အပြော့၊ အချိုးအဆလိုပါတယ်။ ယူကလစ်ဆေး များသွားရင်တော့ ကျောက်ကပ်ကနေ ရေ-အရည်တွေအတင်းထုတ်ပြစ်တတ်တာမို့ သတိထားရမယ်။

ယူကလစ်ဆီကို ၃%-၁ဝ%-၂ဝ% အဖြစ် အရက်ပြန်နဲ့ရောသုံးတယ်။ ဆေးကုရာမှာ ကောင်းတယ်ဆိုပေမဲ့ မူးယစ်စေတဲ့ဆေးနဲ့ ရောမိရင် အကောင်းက အဆိုးဖြစ်ပါတယ်။ lorazepam (Ativan®), diazepam (Valium®) စိတ်ငြိမ်ဆေး၊ phenobarbital or pentobarbital အိပ်ဆေး၊ codeine မူးယစ်ဆေး၊ some antidepressants စိတ်ကျသက်သာဆေး၊ အရက်တို့နဲ့ မတွဲရပါ။

မကောင်းတာက ယူကလစ်သားဟာ ဆတ်လွန်းလို့လေအတိုးမခံဘဲ လေလာရင်ကျိုးရော။ ဒါ့ကြောင့်သစ်ခုတ်သမားတွေ ခဏခဏသေရလို့ မုဆိုးမသစ်ပင်တောင်ခေါ်ကြသေးတယ်။ မုဆိုးဘိုထက် ကြောသွားပြီနော်။ တောခရီးထွက်သူများ ယူကလစ်ပင်အောက်မှာ ကင့်မထိုးကြနဲ့ဗျို့။ တော်ကြာ့။

ဘာဘဲဖြစ်ဖြစ် ယူကလစ်ဟာ ထင်းရတယ်၊ စက္ကူထုတ်နိုင်တယ်၊ ဝင်းထရံတိုင်၊ အိမ်ဆောက်၊ ပရိဘောဂ၊ လက်သမားသုံး ကရိယာလက်ကိုင်၊ အထပ်သား လုပ်နိုင်တယ်။ ရေမွှေး၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ လေသန့်ဆေးတွေမှာသုံးတယ်။ ဇူလိုင်-သြဂုတ်မှာပွင့်တဲ့ ယူကလစ်အပွင့်ဟာ ပျားမွေးဘို့ အသုံးကျတယ်။ (အဘိုဂျင်နီးစ်)တွေဟာ ယူကလစ်သားကို လှေလုပ်ကြတယ်၊ လှံလုပ်ကြတယ်။ boomerangs ထိကပြန် လို့ ခေါ်နိုင်တဲ့ ပစ်တဲလူဆီ ဝှေ့ပြန်လာနိုင်တဲ့ ကရိယာလုပ်တယ်။

ယူကလစ်ပင်တွေဟာ မြန်မြန်ကြီးလို့ အရိပ်မြန်မြန်ရ၊ မြန်မြန်သစ်တောဖြစ်မယ်၊ လေတိုးခံလို့ လေကာတောလုပ်နိုင်တယ်။ ရွံ့ညွန်တွေကို ခြောက်သွေ့စေတယ်။ တဖက်ကကြည့်ပြန်တော့ ယူကလစ်ပင်တွေဟာ ရေကိုများများစုပ်ယူလို့ လမ်းတွေ၊ လမ်းပခုံးတွေ ကွဲအက်စေတယ်။

ယူကလစ်မှာ မျိုးကွဲတွေအများကြီးရှိသတဲ့။ စာတွေရှာဖတ်တော့ ၇၄၆ မျိုးတောင်ရှိဆိုဘဲ။ မျိုးကွဲတချို့ကြောင့် ပြဿနာ ဖြစ်စေသတဲ့။ တောရိုင်းသဘာဝပျက်စီးတာနဲ့ အလှည့်ကျစိုက်ပျိုးတာကို စီမံဘို့ခက်စေတာလို့ပြောတယ်။ ဥပမာ မူယင်း (အုတ်)ဝက်သစ်ချတွေအစား ယူကလစ်ပြောင်းစိုက်တော့ တောရိုင်းသဘာဝ ပျက်စီးသွားရတယ်။ မီးဘေး ကာကွယ်နိုင်တာကလည်း ပျောက်ရောတဲ့။

ရာသီဥတုပူချိန်ရောက်ရင် ယူကလစ်တောရဲ့အထက်မှာ ခပ်ပြာပြာလေထုမြင်နေရတာကို လှတယ်ဆိုပြီး၊ ဓါတ်ပုံဆရာတွေက ရင်ခုန်နိုင်ပေမဲ့၊ ယူကလစ်ရွက်က ထွက်တဲ့ အဆီငွေ့တွေဘဲ။ တောမီးတွေ လောင်ရတာမှာ သူ့တရားခံပါ။ မြက်ခြောက်တောမီးထက် ပိုဆိုးတာပေါ့။

အေးလဲအေးပါစေ၊ မီးဘေးလဲဝေးပါစေ။ ယူကလစ်ဆေးတန်ခိုး အကျိုးပေးကြပါစေ။

Dr. တင့်ဆွေ
၁၁-၅-ဝ၉