Friday, July 31, 2009

Q and A July 2010 (1)

၁။ အဖြူဆင်းခြင်း (အမျိုးသမီးများ မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း)
၂။ သွေးဆုံးပြီး မိန်းမ-ယောက်ျား
၃။ မွေးပြီးခါစ ခလေးတွေ နို့စို့ ပြီး ပါးစပ်နဲ့နှာခေါင်းက နို့တွေပြန်လျှံထွက်ပြီး ရုတ်တရက် အသက်ရှူရပ်၊ မျက်နှာနီရဲလာရင် အရေးပေါ် ဘယ်လို လုပ်ပေးရမလဲ
၎။ လည်ပင်းခွဲပြီးတဲ့နောက် ထုံကျင်တဲ့ဝေဒနာ

၁။ အဖြူဆင်းခြင်း (အမျိုးသမီးများ မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း)
အများအားဖြင့် (နော်မယ်) လို့ပြောနိုင်တယ်။ (နော်မယ်)ဆိုတာက ကုသဘို့ မလိုတာကိုဆိုတာပါ။ လစဉ် ရာသီသွေး ဆင်းသလိုဘဲ၊ အမျိုးသမီး ဟော်မုန်းတွေက နေ့စဉ်လိုလို အချိုးအဆ ပြောင်းနေတယ်။ အနဲနဲ့အများ အဖြူ ဒါမှမဟုတ် အရည်လိုမျိုး ဆင်းတယ်-စိုတယ်ဆိုတာ သတိမထားရင်တောင်မှ ရှိနေတယ်။ သားအိမ်အဝနဲ့ မွေးလမ်းမှာ အရည်ထွက်နိုင်တဲ့ (ဂလင်း)ခေါ် အိပ်တွေရှိလို့၊ သူတို့ကနေ အဟောင်းတွေပျက်စီး အသစ်တွေဖြစ်နေတာ။ အနိစ္စပါဘဲ။

ပုံမှန်အားဖြင့် ဆင်းတာက ကြည်တယ်။ မကြည်ရင် နို့လိုနေတယ်။ ဒါပေမဲ့ အနံ့မရှိဘူး။ အရောင်နဲ့ အပျစ်အချွဲကတော့ ပြောင်းလဲနေတယ်။ လအလယ်လောက်ဆိုရင် များလာမယ်။ တိတိကျကျပြောရရင် အဆ ၃ဝ တောင် များလာတယ်။ လအစမှာ ပြစ်ပြီး ဖြူတယ်။ လအယ်မှာ မပြစ်ဘဲ ချွဲမယ်။ ရာသီအပြီးမှာ ညိုမယ်။

နောက်ပြီး ကလေးနို့တိုက်နေတာတို့ ကျား-မ စိတ်ဖြစ်လာချိန်တို့မှာ ပိုဆင်း-ပိုစိုတယ်။

ဂရုစိုက်ရတော့မှာကတော့ အရောင်ပြောင်း အဆင်းများ၊ အနံ့ရှိလာရင်ဖြစ်တယ်။ နောက် ယားမယ်၊ ပူစပ်မယ်ဆိုရင် ဆေးလိုလာပါပြီ။ ပိုးတမျိုးမျိုး ဝင်တာပေါ့၊ (အင်ဖက်ရှင်)ပြောတာ။ ဝင်တဲ့ ပိုးအမျိုးအစားအလိုက် ဆင်းတာတွေမတူဘူး။ ဝါမယ်။ စိမ်းမယ်။ အဖတ်အဖတ်ဖြစ်မယ်။ ယားမယ်၊ ပူစပ်မယ်။ ဗက်တီးရီးယားတွေသာမက (ရိစ်)တို့ (ဖန်းဂတ်စ်)တို့ကလဲ ဝင်နိုင်တယ်။

အတူနေဖက်မရှိရင် တမျိုး၊ ရှိရင် STD/STI လိင်ကတဆင့် ကူးစက်ရောဂါ တခုခုဖြစ်နိုင်ပြီ။ အဲဒါမျိုးဆိုရင် နှစ်ယောက်လုံးကို တပြိုက်နက် ဆေးကုရမယ်။ ရာသီချိန်မဟုတ်ဘဲ သွေးပါရောနေရင် ပြဿနာရှိလာပြီး။

ကုတဲ့နေရာမှာ အများအားဖြင့် Metronidazole ပေးလေ့ရှိတယ်။ ဈေးလဲမကြီး၊ ဆေးရှာရလဲလွယ်။ အတော်များများလဲ ပျောက်လို့။ ၁ ခါသောက် ၁ ပြား၊ တနေ့ ၃ ခါ၊ ၅-၇ ရက်ပေးတယ်။ တချို့က ဒီဆေးကိုသိပ်မခံနိုင်ဘူး။ အစားပျက်၊ ပျို့-အန် ဖြစ်တတ်တယ်။ စားချင်စိတ်နဲတာက ဆေးရပ်လိုက်ရင် ပြန်ကောင်းတယ်။ ဆေးက မသောက်မဖြစ်လို့ မှိတ်ကြိတ် သောက်ဘို့ တိုက်တွန်းချင်တယ်။ မွေးလမ်းထဲ ညအချိန် ဆေးပြား ၅-၆ ရက် ထည့်ခိုင်းရတာလဲ ရှိနိုင်တယ်။

ဆောင်းပါမဟုတ်ဘဲ၊ ဖြေတာများသွားတယ်။

၂။ သွေးဆုံးပြီး မိန်းမ-ယောက်ျား
သွေးဆုံးပြီးတဲ့ မိန်းမမှာ ယောက်ျားတယောက်နဲ့ ဆက်ဆံလိုစိတ်ပါ ကုန်ခမ်းသွားတာလား။ အဲဒီနောက်မှာ ယောက်ျားအတွက်ရော ဘယ်လိုခံစားမှုကို ပြောင်းလဲစေလဲဆိုတာ ကျေးဇူးပြုပြီးဖြေကြားပေးပါ။

သွေးဆုံးပြီးတဲ့ အမျိုးသမီးများမှာ ကလေးမရနိုင်တော့ပါ။ ဆက်ဆံလိုစိတ် ကုန်ခမ်းမသွားပါ။ ယောက်ျားများမှာလဲ အတူတူပါဘဲ။

ဒါပေမဲ့ စိတ်ဆိုတာ သိပ်အရေးကြီးပါတယ်။ “သွေးဆုံးပြီ မလိုတော့ဘူး”လို့ တရားသေ ယူဆသူများအတွက် အဲလိုစိတ် နဲနေပါလိမ့်မယ်။

ဆက်ဆံချင်စိတ်ဆိုတာ စိတ်အလုပ်ဖြစ်ပါတယ်။ အရွယ်ကြောင့်တော့ အနဲအများကွာနိုင်ပေမဲ့ ကုန်သွား-ခမ်းတယ် မရှိပါ။

ပြောကြတာရှိတယ်မဟုတ်လား။ “ယောက်ျားများ ဖွဲတဆုပ် နိုင်နေသ၍ ၄င်းစိတ် မကုန်”တဲ့။

ကနေ့ခေတ်က Gander equality ခေတ် မဟုတ်ပါလား။ အမျိုးသမီးများလဲ ဖွဲနိုင်ပါတယ်။ စိတ်ဆောင်ရင် ဘာမဆို အောင်ပါတယ်။

တနှစ်က အမေရိကားမှာ နာမည်ကျော် (အင်တာဗျူး-ဆီးရိးစ်) တခုမှာ ၇ဝ ကျော်အမျိုးသမီးများ သူတို့ထက် ငယ်ရွယ်တဲ့ ယောက်ျားများနဲ့ ဆက်ဆံခြင်းအားဖြင့် ပိုပြီးကျန်းမာပါသတဲ့။

ဒီဘာသာရပ်ကို ကျွန်တော်တို့နိုင်ငံရဲ့လက်ရှိအခြေအနေအရ ဒီထက် ပိုပြော-ပိုရေးရင် မကောင်းနိုင်သေးပါ။ သူများနိုင်ငံတွေမှာတော့ လမ်းဒေါင့်မှာ ဆိုင်းဘုတ်ကြီးထောင်ထားတဲ့ ဆေးခန်းတွေရှိတယ်။ Gas and Sex specialist "လိင်နဲ့လေ အထူးကုသည်" တဲ့။

၃။ မွေးပြီးခါစ ခလေးတွေ နို့စို့ ပြီး ပါးစပ်နဲ့နှာခေါင်းက နို့တွေပြန်လျှံထွက်ပြီး ရုတ်တရက် အသက်ရှူရပ်၊ မျက်နှာနီရဲလာရင် အရေးပေါ် ဘယ်လို လုပ်ပေးရမလဲ
ဝတ်မှုန်အမေး။ မွေးပြီးခါစ ခလေးတွေ နို့စို့ ပြီး ပါးစပ်နဲ့ နှာခေါင်းက နို့တွေ ပြန်လျှံထွက်ပြီး ရုတ်တရက် အသက်ရှူရပ်ပြီး မျက်နှာနီရဲ လာရင် အရေးပေါ် ဘယ်လို လုပ်ပေးရ မလဲဆိုတာသိပါရစေရှင် အရေးတကြီး တောင်းဆိုပါတယ်ရှင်။

ကလေးတွေ မိခင်နို့ဖြစ်ဖြစ်၊ နို့ဗူးဖြစ်ဖြစ်စို့တာ။ လူကြီးတွေထမင်း (ခေါက်ဆွဲရော ဘာဂါရော ပါတယ်)စားတဲ့အခါ စားသောက်တာနဲ့အတူ လေကိုပါ မြိုချကြတယ်။ ဒါ့ကြောင့် အစာအိမ်ထဲကို လေတွေပါ ဝင်သွားတယ်။ လေက များရင်ဖြစ်ဖြစ်၊ စားနေရင်းနဲ့ စားပြီးစ ကိုယ်ခန္ဓာ အနေအထား အဆင်မသင့်ရင် လေထွက်ချင်တာနဲ့ အန်တတ်ပါတယ်။

မေးထားသလို ရုတ်တရက် အသက်ရှုရပ်ပြီး၊ မျက်နှာနီရဲလာရင်
အန်ဖတ်တွေ အသက်ရှူလမ်းထဲ မဝင်အောင် ဂရူစိုက်ပါ။ ဝင်နေမယ် ထင်ရင် ရှင်းထုတ်ပြစ်ပါ။ ပြုစုသူက မပျာပါနဲ့။ စိတ်အေးအေးထားပြီး အသက်ပြန်ရှူနိုင်အောင် အနေအထား ပြုပြင်ပေးပါ။ လည်ပင်း ဆန့်နေပါစေ။ လိုအပ်ရင် အောက်ခံမာမာပေါ် သိပ်ထားလိုက်ပါ။ လိုအပ်သေးရင် လည်ပင်းအောက်က အနှီးတခုခု ခေါက်ပြီး ခံထားပေးပါ။ နောက်ထပ်လိုသေးရင် ကြမ်းမာမာပေါ်သိပ်ထားပြီး၊ ကလေးရဲ့မေးစေ့ကို အထက်ပင့်ထားပေးပါ။ အထက်ဆိုတာ ကလေးကို ပက်လက် သိပ်ထားတဲ့အနေအထားကနေ ပြောတာပါ။ အန်ချင်နေသေးရင် ခေါင်းကို တဖက်ဖက် စောင်းပေးရပါမယ်။

အဆိုးဆုံးဖြစ်သွားရင် CPR လုပ်နည်းကို သုံးရပါတော့မယ်။ ရင်ပတ်ကိုဖိပေးတာနဲ့ ပါးစပ်ကနေ လေမှုတ်သွင်းပေးတာကို ဆိုလိုတာပါ။ http://dts-medicaleducation.blogspot.com/search?q=CPR မှာ တင်ထားတာရှိပါတယ်။

ကာကွယ်ဘို့ကတော့
နို့တိုက်ပြီးတိုင်း လေထုတ်ပေးရပါမယ်။ ကလေးကို ပခုံးပေါ်မှာ ထောင်လျက်ကလေး အသာအယာထိန်းပေးထားပြီး၊ ကျောကလေးကို သပ်ပေးရတာပါ။ လေထွက်သွားရင် စိတ်ချရပါပြီ။

နို့ဗူးတိုက်သူများ နို့ဗူးထဲက နို့ကိုဘဲ ကလေးပါးစပ်ထဲ ဝင်ပါစေ။ လေမဝင်ပါစေနဲ့။ နို့သီးခေါင်းထဲမှာ နို့သက်သက်သာ ရှိနေရမယ်။ လေမပါစေရပါ။ နို့ဗူးကို အောက်စိုက်ဘို့ပြောတာပါ။

၎။ လည်ပင်းခွဲပြီးတဲ့နောက် ထုံကျင်တဲ့ဝေဒနာ
ဒေါက်တာရှင့် Thyroid နဲ့ပတ်သက်ပြီး လည်ပင်းခွဲပြီးတဲ့နောက်မှာ ထုံကျင်တဲ့ဝေဒနာက ဘယ်လောက်ထိ ဖြစ်မှာလဲရှင့်။ အစားအစာအနေနဲ့ကုသမှု ရှိနိုင်မလား။ ဆေးက ဘယ်လောက်ထိ သောက်ရမှာလဲ။

ဆောရီးဘဲ။ လည်ပင်ကြီးခွဲပြီးလို့ဖြစ်ရတဲ့ ထုံတာ ပျောက်သွားဘို့ မဖြစ်နိုင်တော့ပါ။ ခွဲပြီးတာ မကြာသေးရင်တော့ ဖြေးဖြေး ပြန်တိုးတက်လာနိုင်ပါတယ်။

ဒါးနဲ့ခွဲရတယ်ဆိုတာ လည်ပင်းမှ မဟုတ်ပါ၊ ဘယ်နေရာခွဲခွဲ အလှီးဖြတ်ခံရရင် ထိခိုက်ရတယ်။ အရိုး၊ ကြွက်သား၊ အဆီ၊ အရေပြား၊ အမှေးပါး၊ အရွတ်၊ ဒါတွေက အသစ်ပြန်ဖြစ်နိုင်တယ်။ သွေးကြောဆိုရင်တောင် ပြန်ဖြစ်သေးတယ်။ အာရုံကြောခေါ်တဲ့ Nerve ကတော့ ဒါးနဲ့ခွဲတာ မဟုတ်ဘဲ၊ ထိခိုက်မိတာဖြစ်ဖြစ်၊ လေဖြတ်တာဖြစ်ဖြစ်၊ ပြန်ကောင်းဘို့ မဖြစ်နိုင်ပါ။

ဒါ့ကြောင့် ဒါးမသုံးဘဲ ခွဲစိတ်နည်းတွေ အတော်အောင်မြင်လာနေပြီ။ အကြီးအကျယ်လုပ်နေတဲ့ Stem cell သုတေသန ဆိုတာ အောင်မြင်လာရင် ဖြစ်လာနိုင်ပါတယ်။

ထုံနေတာအတွက် Neurobion ဆေး သောက်ရင် အထောက်အကူပေးပါလိမ့်မယ်။ ခွဲထားတာမကြာသေးရင် ပိုတော့သက်သာလာမှာပါ။ အာဟာရပြည့်တဲ့အစားအစာတွေကလည်း တိုးတက်လာစေနိုင်ပါတယ်။

Saturday, July 25, 2009

Carao (ကာရာအို)

Carao (ကာရာအို) ခေါ် အပူပိုင်းဒေသများ (အထူးသဖြင့် အလယ်အမေရိက) တွင် ပေါက်သည့် အပင်၏ အသီးမှ ထုတ်လုပ်သည့် ဆေးသည် ကျန်းမာရေးအတွက် အလွန်ကျိုးရှိသည်။ (ဗင်နီဇွဲလား) နှင့် (နိုက်ကာရာဂွါ) တို့တွင် သုတေသနပြုချက်များအရ သွေးအားတိုးစေခြင်းနှင့် ခွန်းအားတိုးစေခြင်း တို့အတွက် ကောင်းသည်ဟု ဆိုသည်။ ဆေးရည်အပြင်းကို နွားနို့၊ ပဲနို့တို့ဖြင့်ရောက်သောက်နိုင်သည်။

ထိုဆေးကိုသောက်ပါက အာနိသင်များမှာ -
သွေးအားနည်းခြင်း (ဟီမိုဂလိုဘင် နည်းခြင်း)၊
သွားလာလှုပ်ရှား ပြေးခုန်နိုင်စွမ်းပိုရှိခြင်း၊
အပင်ပန်းခံနိုင်ရည်ပိုရှိခြင်း၊
မိခင်များလည်းနို့ပိုထွက်ခြင်း၊
အနာပျောက်စေခြင်း၊
ကျား-မ ဆက်ဆံအား ပိုကောင်းခြင်း၊
သွေးယိုခြင်းအားပျောက်စေခြင်းတို့ဖြစ်သည်။

Friday, July 24, 2009

Medicine ဆေးပညာ မြန်မာ့အွန်လိုင်း စွယ်စုံကျမ်း

မြန်မာ့အွန်လိုင်းစွယ်စုံကျမ်း

ဆေးပညာသည် ရောဂါကုသခြင်း၏ အနုပညာ နှင့် သိပ္ပံပညာ ဖြစ်သည်။ ဆေးပညာသည် ကျန်းမာရေး စေါင့်ရှောက်မှု (health care) တစ်လျှောက်တွင် လက်တွေ့ ကျကျပါဝင်ပြီး လူ့ ကျန်းမာရေးကို ကြိုတင်ကာကွယ်ရန် နှင့် ရောဂါကုသရေးတွင် အသုံးပြုခြင်းဖြစ်သည်။ ခေတ်ပေါ် ဆေးပညာသည် ကျန်းမာရေးသိပ္ပံ (health sicence)၊ ဇီဝဆေးပညာ၊ ဆေးဝါး နည်းပညာ (medical technology) တို့ကို ရောဂါ ရှာဖွေခြင်းမှသည် ခွဲစိတ်ခြင်း၊ ဆေးဝါးပေးခြင်း စသည့် ကုသခြင်းအထိ ပါဝင်သည်။ ဆေးဝါး နည်းပညာ နှင့် ဆေးခန်း နည်းစနစ် (clinical expertise) တို့သည် ခေတ်ပေါ် ဆေးပညာတွင် အမှန် အရေးကြီးသော်လည်း တကယ် အောင်မြင်ရေး အတွက်(၀ါ) [ရောဂါဝေဒနာခံစားရခြင်း] (suffering) မှ ရေရှည် လွှက်မြောက်ရေးအတွက်ဆိုလျှင် သာမန် လူသားတို့၏ စိတ်ခံစားမှု (feeling) နှင့် စာနာခြင်း (compassion) ကိုပါထဲ့သွင်း စဉ်းစားရမည်ဖြစ်ပြီး ဆိုလိုသည်မှာ ရောဂါကုသရေးတွင် အကြင်နာများလည်း လိုအပ်သေးသည်။

သမိုင်း
ရှေးလွန်ခေတ် (prehistoric) ဆေးပညာသည် သစ်ပင်၊ တိရစ္ဆာန် အပိုင်းစ နှင့် [ဓါတ်သတ္တု] တို့ ပါဝင်သည်။ များစွာသော အဖြစ်အပျက်များတွင် ၄င်းတို့ကို ဘုန်းကြီး၊ ဗိန္ဓောဆရာ၊ ဂိုဏ်းဆရာ တို့က ဂမ္ဗီရ နည်းတို့ဖြင့် ရောစပ်ပြီး ရိုးရာ ကုသမှု ပြုသည်။ လူသိများသော ဂိုဏ်းစနစ် တို့မှာ ရုပ်ပြဂိုဏ်း (animism) (အသက်မရှိသော အရာဝတ္ထု အား အသက်သွင်းခြင်း)၊ နာမ်ပြဂိုဏ်း (spiritualism) (နတ်ဘုရား၊ ဘိုးဘွား တို့အား ပသခြင်း)၊ နတ်ပူးခြင်း (shamanism) တို့ဖြစ်ကြသည်။ ဆေး မနုဿဗေဒ (medical anthropology) တွင် မျိုးစုံသော ရှေးလွန်ခေတ် ရောဂါကုထုံး တို့နှင့် လူမှုရေး တို့ကို လေ့လာသည်။

လက်တွေ့သဘော
ဆေးပညာ လက်တွေ့သဘော မှာ သိပ္ပံ နည်းကျကျ တွေ့ရှိချက်ကို အခြေခံသကဲ့သို့ ဆေးပညာ အသိသည် ပင်ကိုယ်ဉာဏ် နှင့် လူနာ တစ်ဦးချင်းစီ၏ ကုသထုံး အတွက် ဖြတ်ထိုးဉာဏ်မှာ အနုပညာပင်ဖြစ်သည်။ ဆေးပညာ၏ အဓိက သော့ချက်မှာ ကျန်းမာရေးအတွက် လူတစ်ဦးတစ်ယောက်က ဆရာဝန်၏ အကူအညီယူရာ၌ [လူနာ-ဆရာဝန်] အပေးအယူ ကောင်းဖို့ပင်ဖြစ်သည်။ အခြားဆေးပညာရှင်များ ဥပမာ သူနှာပြု၊ ဓါတ်မှန်ဆရာ၊ ရောဂါရှာဖွေသူ သည်လည်း လူနာနှင့် ထိတွေ့ရာတွင် မျိုးစုံ ပါဝင်ပတ်သက်လျှက်ရှိသည်။

ဆေးကုသမှု တွေ့ရှိချက်များ အရ၊ ကုသသူ တို့ လိုအပ်ချက်မှာ -
• လူနာနှင့် ရင်းနီးရန်
• အချက်အလက်များ စုဆောင်းရန် (ဆေးကုသမှု မှတ်တမ်း၊ ရောဂါနောက်ကြောင်း မေးမြန်းမှု (History Taking)၊ လူနာစမ်းသပ် စစ်ဆေးခြင်း[Clinical Examination]၊ ဓါတ်ခွဲခန်း နှင့် ဓါတ်မှန် စစ်ချက်[Laboratory and Radiology investigation]
• ကုထုံး ထုတ်ခြင်း (နောက်ထက် စစ်ဆေးရန်၊ ကုသထုံး၊ အသေးစိတ် လေ့လာခြင်း၊ လွဲပြောင်းပေးအပ်ခြင်း နှင့် နောက်ဆက် ချိန်းဆိုမှု)
• လူနာကို ကောင်းစွာ ကုသခြင်း
• ကျန်းမာမှု တိုးတက်ချက်ကို ကောင်းစွာ သုံးသပ်ခြင်းနှင့် လိုအပ်သလို ကုထုံး ပြောင်းလဲခြင်း
ဆေးကုသမှုကို ဆေးကုသမှု မှတ်တမ်း တွင် မှတ်ယူရမည်ဖြစ်ပြီး ၄င်းသည် တရားဝင် စာရွက်စာတမ်း ဖြစ်ကာ ဥပဒေ ဆုံးဖြတ်ရာတွင် သုံးသည်။

ဆေးပေး စနစ်
ဆေးကုသခြင်းကို ဆေးကုသမှု စနစ် (medical system) အရသာ ပြုကျင့်ရမည်ဖြစ်ပြီး၊ တရားဥပဒေ၊ ဆေးကုသမှု လက်မှတ် နှင့် ငွေကြေး ထောက်ပံ့မှု နည်းစဉ် များကို သက်ဆိုင်ရာ ယဉ်ကျေးမှု (သို့) အစိုးရက သတ်မှတ်ထားသည်။ ၄င်း ကျန်းမာရေး စေါင့်ရှောက်မှု (health care) စနစ်သည် ကုသမှု အရည်အသွေးကို များစွာ အကျိုးသက်ရောက်မှုရှိသည်။

စက်မှုနိုင်ငံ အများစု နှင့် ဖွံ့ဖြိုးပြီး နိုင်ငံ အများအပြားတွင် ကျန်းမာရေး စေါင့်ရှောက်မှုကို [တစ်ပြေးညီ ကျန်းမာရေး စေါင့်ရှောက်မှု] (universal health care) စနစ်ကျင့်သုံးပြီး ၄င်းသည် လူတိုင်း မယူမနေရ၊ သမဝါယမ(သို့) အစိုးရ၏ ကျန်းမာရေးအာမခံက ဆေးကုသမှု တန်းတူရေးကို အာမခံသည်။ (အမှန်တကယ် တော့ အခွန်မှရသော) ထိုအာမခံချက်သည် လူတိုင်း ကျန်းမာရေး စေါင့်ရှောက်မှု အပြည့်အဝရနိုင်ရန် (ငွေမရှိသော်မှ) အခြေခံ ခံစားခွင့်အဖြစ် ထားရှိခြင်းဖြစ်သည်။ ဆေးပေး စနစ် (delivery systems) သည် ပုဂ္ဂလိကပိုင်၊ အစိုးရပိုင် သို့မဟုတ် အလှူဒါနတို့မှ ကုသမှုပေးခြင်း ဖြစ်နိုင်သည်။

ဆေးပေးဌာန
ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွင် ပထမ၊ ဒုတိယ၊ တတိယ အဆင့် ဆေးပေးဌာန (delivery) ဟူ၍ ပိုင်းခြားထားသည်။
ပထမ အဆင့် ဆေးပေးဌာန တွင် ဆရာဝန်(သို့) ဆေးပညာသည် က ပထမဦးဆုံး လူနာနှင့်တွေ့ဆုံ ကုသသည်။ ၄င်းသည် ဆရာဝန် ရုံးခန်း၊ ဆေးခန်း၊ သူနာပြုရုံး၊ ကျောင်း၊ အိမ် သို့မဟုတ် လူနာရှိရာ တွင် ဖြစ်ပေါ်နိုင်သည်။ ၉၀ % ခန့်ကို ပထမ အဆင့် တွင် ကုသနိုင်သည်။ ထိုကုသမှုတွင် အပြင်းအထန် ရောဂါ၊ နာတာရှည်၊ ကြိုတင်ကာကွယ်ခြင်း နှင့် အသက်အရွယ် သို့ လိင်နှင့် ဆိုင်ရာ ပညာပေး တို့လည်း ပါဝင်သည်။

ဒုတိယ အဆင့် ဆေးပေးဌာန ကုသခြင်းတွင် အထူးကု ဆေးခန်းတွင်လည်းကောင်း သို့မဟုတ် နယ်ဆေးရုံ တွင် လည်းကောင်း ပထမ အဆင့် က လွဲအပ်လိုက်သော် ဆန်းစစ် ကုသပြီး လူနာ ကို ဆက်လက်ကုသသည်။ လက်လွဲမှုကို ဆေးပညာရှင် သို့ ကျွမ်းကျင်သူ က လူနာကို လွဲအပ်ခြင်းဖြစ်သည်။ ဒုတိယ အဆင့် တွင် လူနာတင်ယာဉ်၊ အတွင်းလူနာဆောင်၊ အရေးပေါ် ကုသခန်း၊ အသက်ကယ်စက်၊ ခွဲစိတ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့် ကုသနည်း (physio therapy)၊ ကလေးမွေးဆောင်၊ မှန်ပြောင်းကြည့်ရောဂါရှဖွေခန်း (endoscopy unit)၊ ဓါက်ခွဲခန်း နှင့် ဓါတ်မှန်ခန်း ပါဝင်သည်။

တတိယ အဆင့် ဆေးပေးဌာန များသည် အထူးကုဆေးရုံများ ဖြစ်ကြပြီး နယ်ဆေးရုံ များတွင် မရရှိနိုင်သော ရောဂါ ရှာခြင်း နှင့် ကုသခြင်းတို့ကို ပေးသည်။ ၄င်းတို့မှာ အကြိတ်ကု ဌာန၊ လောင်ကျွမ်းကု ဌာန၊ အဆင့်မြင့် မွေးကင်းစ ကုသ ဌာန၊ အင်္ဂါအစားထိုး ကုသခြင်း၊ အန္တရာယ်ရှိ ကိုယ်ဝန်တည်ခြင်း၊ ကင်ဆာ ဓာတ်ကင်ခြင်း တို့ပါဝင်သည်။

ခေတ်ပေါ်ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင် စာရွက်ပေါ်ကို မှတ်သားသေးသော်လည်း ယခုအခါကွန်ပျူတာနည်းစနစ်ဖြင့် မှတ်သားခြင်းက များများ လာသည်။

ဘာသာရပ်ခွဲများ
ဆေးပညာတွင် များစွာသော အထူးကု၊ အသေးစိတ် အထူးကု ဘာသာရပ်ခွဲများရှိသည်။ အဓိကတို့မှာ -
• Medicine (ဆေးပညာ)
• Surgery (ခွဲစိတ်ကု ပညာ)
• Child health medicine (ကလေးကျန်းမာရေးဆေးပညာ)
• Obstetric and Gynaecology (သားဖွား နှင့် မီးယပ် ဆေးပညာ)
• Orthopedics and Traumatology ( ထိခိုက်ဒါဏ်ရာ နှင့် အရိုးဆေးပညာ)
• Anesthesia (မေ့ဆေးပညာ)
• Ear, Nose and Throat (နား၊ နှာခေါင်း၊ လည်ချောင်း ဆေးပညာ)
• Opthalmology (မျက်စိအထူးပြုဆေးပညာ)
• Cardiology (နှလုံးရောဂါ အထူးပြုဆေးပညာ)
• Neurology (ဦးနှောက် နှင့် အာရုံကြော ဆေးပညာ)
• Gastro-enterology (အစာအိမ် နှင့် အူလမ်းကြောင်းအထူးပြုဆေးပညာ)
• Urology ( ဆီး နှင့် ကျောက်ကပ် အထူးပြုဆေးပညာ)
• Radiology ( ဓါတ်မှန် အထူးပြု ဆေးပညာ)
• Radiation therapy ( အဏုမြူဓါတ်ရောင်ခြည် ကုသမှုဆေးပညာ)
• Physiotherapy (အရိုး၊ အကြော၊ အဆစ် ပြန်လည်သန်စွမ်းရေး ဆေးပညာ)
• Dentistry သွားဘက်ဆိုင်ရာဆေးပညာ
• Maxillofacial and Plastic Surgery မေးရိုး၊မျက်နှာနှင့် အစားထိုးအလှပြုပြင်မှုခွဲစိတ်ကုပညာ

အခြေခံ ဆေးပညာ တို့မှာ -
• Anatomy (ခန္ဒာဗေဒ)
• Physiology (ဇီဝကမ္မဗေဒ)
• Pharmacology (ဆေးဝါးဗေဒ)
• Biochemistry (ဇီဝဓါတုဗေဒ)
• Pathology (ရောဂါဗေဒ)
• Microbiology (အဏုဇီဝဗေဒ)
• Forensic medicine (မှုခင်းဆေးပညာ)
• Preventive and social medicine (ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ)

ကျန်းမာရေးပညာပေး
ကျန်းမာရေးပညာပေးသည် ပညာရေး နှင့် ပက်သက်နေသကဲ့သို့ လက်တွေ့ကုသခြင်း ထိရောက်ရန်၊အခြေခံ ကျန်းမာရေးပညာပေး သင်တန်းကို ဆရာဝန် မဖြစ်ခင် သင်ကြားရသည်။

တရားဥပဒေ ကန့်သတ်ချက်
နိုင်ငံတိုင်းလိုလို ဆေးကုသရန် တရားဥပဒေ အရ လိုင်စင် သို့ လက်မှတ် လိုသည်။ များသောအားဖြင့် ၄င်းကိစ္စသည် ဆေးတက္ကသိုလ် နှင့် ဆေးကုသမှု ကောင်စီကဲ့သို့ အဖွဲ့အစည်း က စာမေးပွဲများ စစ်ခြင်းဖြင့် အသိအမှတ်ပြုပေးသည်။ လူနာအား ကုသမှု ပေါ့လျော့ပါက ကုသသော ဆရာဝန်ကို ဆေးကုသမှု မသမာမှုဖြင့် လျော်ကြေးတောင်းခြင်း၊ တရားစွဲဆိုခြင်းပြုနိုင်သည်။

Thursday, July 23, 2009

Leukoderma သို့မဟုတ် Vitiligo ခရုသင်း

ခရုသင်း လို့ခေါ်တဲ့ Vitiligo သို့မဟုတ် Leukoderma ဘာ့ကြောင့် ဖြစ်ရတယ်ဆိုတာ တိတိကျကျ မသိသေးပါ။ ၆ဝ% က အလိုအလျောက် ရောဂါပြီးစနစ်ကြောင့် ဖြစ်ရပြီး၊ လည်ပင်းကြီးဟော်မုန်း အလုပ်ပျက်တာနဲ့လဲ ဆိုင်တဲ့သူတွေက ဆိုင်ပါတယ်။ မျိုးရိုး လိုက်တတ်တာလဲ တွေ့ရတယ်။

အရေပြားကို အရောင်ဆိုးပေးတဲ့ (ပင်ဂမင့်) ခေါ် ဆိုးဆေးပစ္စည်း ချို့ယွင်းတာ ဖြစ်ပါတယ်။ ကွက်ပြီးဖြစ်နိုင်သလို တကိုယ်လုံးလောက် ဖြစ်သူတွေလဲရှိတယ်။ တဝက်လောက်က အသက် ၂ဝ မတိုင်ခင် ဖြစ်တယ်။ (မိုက်ကယ်ဂျက်ဆင်) မှာလဲ ရှိခဲ့တာမို့ ရောဂါနာမည်တောင် MJ Skin လို့ ပြောင်းခေါ်ကြမလားဘဲ။

အရေပြား ကောင်းနေဘို့အတွက် ဗီတာမင် ဘီ၊ စီ၊ အေ၊ (အဆင်ရှယ်-အမိုင်နိုအက်စစ်)ခေါ် ပရိုတင်း၊ ကယ်လ်စီယံ၊ မက်ဂနီဆီယံ၊ သွပ်ဓါတ်၊ ကြေးဓါတ်တွေ လိုပါတယ်။

ဘာ့ကြောင့်ဖြစ်ရမှန်း မသိတဲ့ရောဂါမှန်သမျှ ကုသနည်းတွေက ပိုများတတ်ပါတယ်။ အကွက်လေးလောက် ဖြစ်တာဆိုရင် အပေါ်က ဆိုးဆေးလေး၊ မိတ်ကပ်လေးနဲ့ ဖုံးထားတာမျိုးလုပ်နိုင်တယ်။ Makeup or other cosmetic camouflage ရုပ်ဖျက်တာမျိုးပေါ့။ အပေါ်ကနေ (တက်တူး) ထိုးကွင်းမင်ကြောင် ထိုးတဲ့သူလဲ ရှိတယ်။

များသောအားဖြင့် အရေပြား အထူးကု-ဆရာဝန်များက အားပြင်းတဲ့ Corticosteroid cream ပါတဲ့ဆေးတွေ ပေးပါတယ်။ တခါတလေ Phototherapy ခေါ်တဲ့ အလင်းရောင်နဲ့ ကုတာမျိုးလဲ လုပ်ပါတယ်။ နေရောင်မှာပါတဲ့ Long-wave ultraviolet (UVA) လှိုင်းရှည် ခရမ်းလွန် ရောင်ခြည်ကိုသုံးပြီး ကုတာပါ။ Psoralen ဆိုတာနဲ့ တွဲပေးတာမို့ PUVA လို့ခေါ်ပါတယ်။ အဲဒါမပါတဲ့ UVB Narrowband lamps (without Psoralen) နည်းကိုလဲ သုံးတာရှိသေးတယ်။ Psoralen စားဆေး ၁-၂ နာရီ စောတိုက်ရတယ်။ ဒါမှမဟုတ် လိမ်းဆေးကို နာရီဝက်ကြိုလိမ်းစေရတယ်။ အခုပိုသုံးနေတာက UVB Narrowband light at a wavelength of 311-313 nanometers ဖြစ်ပါတယ်။

တချို့ကြတော့ Immunomodulator ခေါ်တဲ့ Protopic and Elidel လိမ်းဆေးတွေကိုပါ အဲဒီ UVB Narrowband နည်းနဲ့ တွဲပေးပါတယ်။

နောက်တနည်းကတော့ 20% Monobenzone ကိုပေးတယ်။ Chemical depigmentation လို့ ခေါ်တယ်။

၂ဝဝ၃ တုံးက အိန္ဒိယမှာ Ginkgo biloba ကို ပါးစပ်ကနေပေးတာ ၂၅%မှာ သက်သာတာတွေ့ရတယ်။ (ဂျင်ခို) ဆိုတာ ပေ ၅ဝ-၁ဝဝ ရှည်၊ နှစ်ရှည်ခံ အရိပ်ရအပင်ကြီးမျိုးပါ။ တရုပ်လို (ယင်ဇင်း) လို့ ခေါ်ပါတယ်။ မှတ်ဥာဏ်တိုးစေတယ်ဆိုပြီး Alzheimer's Disease ဦးနှောက်ရောဂါတွေမှာလဲ သုံးပါတယ်။

အရေပြား အစားထိုးနည်းလဲ သုံးသေးတယ်။ တင်ပါးက အရောင်သဘာဝအတိုင်းရှိတဲ့ အရေပြားထဲက ပါးပါးလေးယူ၊ Melanocytes ဆိုတာကို ခွဲထုတ်ယူပြီး Ablated with a medical laser ဆေးလေဆာလို့ခေါ်တာနဲ့လုပ်ပြီး အစားထိုးတာပါ။ ၃ ပတ်ကြာရင် UV light ကို ၂ လတိတိ တွေ့ပေးရပါသတဲ့။ ၇၃%-၈၄% အောင်မြင်တယ်လို့ ၂ဝဝ၄ သုတေသနက ဆိုပါတယ်။

၂ဝဝ၈ စောစောပိုင်း သုတေသနအရ Black pepper ငရုတ်ကောင်းကရတဲ့ Piperine ကို UV therapy နဲ့တွဲတာ အကျိုးများကြောင်း သိရပြန်တယ်။

(အွန်လိုင်း) ကြော်ညာတွေမှာ ခရုသင်း အတွက် -
1. Vitises Capsules Price: $80.00
2. Free Aminos - 100 veg caps - Nutricology Price: $16.90
3. Original 10 piece super value Smart Cover-Up Kit -- "Light" Price: $29.75
4. Fenalderm Capsules Price: $105.00
5. Prograf (Tacrolimus)
6. Kalawalla for Psoriasis, Vitiligo, Dermatitis & Multiple Sclerosis (120 Capsules)
7. Kalawalla Polypodium leucotomos 50:1 standardized extract
8. Anti-Vitiligo Oil is a natural herbal recipe for re-pigmentation in vitiligo
9. Skin Laser = Upto 100 cm2 of white patch treatable in one sitting
10. MONOBENZONE – Benoquin
11. METHOXSALEN - Oxsoralen
12. TREATMENT OF VITILIGO WITH CHINESE HERBS (Compound Tablet of Tribulus, Recipe by physician Yang Hengyu, Shou Wu Decoction, External Treatment) ဆိုပြီး တွေ့နိုင်ပါတယ်။

ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် ကုသနည်းတွေရဲ့ ထိရောက်မှုကိုမေးရင် ဖြေဘို့ခက်ပါတယ်။

Dr. တင့်ဆွေ
၂၃-၇-ဝ၉

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...