“အသက်ရှည်စွာ၊ အနာမဲ့ကြောင်း” ဆိုတာ ကမ္ဘာဦးအစကတည်းက လူတွေ ရလို၊ ဖြစ်လိုတဲ့ အိပ်မက် မဟုတ်ပါလား။ အနာမဲ့ကြောင်းတွေ ရေးနေရာကနေ အသက်ရှည်ဆေး ရေးပါအုံးမယ်။ သိပ္ပံစာရေးဆရာများကလည်း ရေးခဲ့လှပါပြီ။ ဥပမာ (ကွတ်-ဗွန်နဂတ်) ရဲ့ “နက်ဖြန်-နက်ဖြန်-နက်ဖြန်” ဝတ္ထု။ နောက် ရှေးဟောင်းဂရိ ဝတ္ထုတပုဒ်မှာ (အီယို) နတ်သမီးက (တီသိုနီးယပ်စ်) ကို ချစ်ကြွမ်းဝင်ပြီးသကာလ၊ သူ့ချစ်သူကို “အသက်မသေသူအဖြစ် ဖန်ဆင်းပေးပါဘုရား” လို့၊ (ဇီးယစ်) ဘုရင်ကြီးထံ လျှောက်ထားတဲ့အခါ၊ (ဇီးယစ်) ကလည်း “တလုံး တဝတည်း ပြည့်ဝစေသတည်း” လုပ်ပေးပါသတဲ့။ မေ့သွားလိုက်တာကတော့ အစဉ်အမြဲ နုပျိုနေစေ ဆိုတဲ့ဆု မပါလိုက်လို့ (တီသိုနီးယပ်စ်) ဟာ မသေပေမဲ့ အို-အို-အိုပြီးသကာလ နှံကောင်လောက်သာ အသံထွက်နိုင်တဲ့ဘဝ ရောက်သွားရပါတော့တယ်။
အသက်ရှည်ဆေး Anti-aging medicine ရဲ့အောက်မှာ Diets အာဟာရ၊ Cosmetics အလှပြုပြင်ခြင်းနဲ့ Hormones ဟော်မုန်းတွေ ပါဝင်ပါတယ်။ ဒီလို ဇရာဖြစ်စဉ်ကို အံတုချင်တဲ့အရေးမှာ နိုင်ငံရေးရှုဒေါင့်နဲ့ ကိုယ်ကျင့်သိက္ခာ ရှုဒေါင့် နှစ်ဖက်ကနေ တင်ပြကြ၊ ဝေဖန်ကြ၊ ကန့်ကွက်ကြ အတော် ကျယ်ပြန့်နေတယ်။ အမေရိကန်လို တိုင်းပြည်မှာတော့ ဥပဒေအရ တားမြစ်ထားတာတွေ ရှိသလို လွတ်လပ်စွာ ထုတ်ဖေါ်ခွင့် ဆိုတာလည်း ရှိသေးတာမို့ အကန့်အသတ်နဲ့သာ လုပ်လို့ရပါတယ်။ “အမှားကို ဥပဒေနဲ့တားပြီး၊ အမှန်ကို အခွင့်အရေးနဲ့ လက်ရပ်ခေါ်ဘို့ ကြိုးစားတာပါ။”
(ပရိုတင်း) အားဆေး တခုကို (ကလိုသို) လို့ နာမယ်ပေးထားတယ်။ ဖိုးသက်ရှည်-ဖွါးသက်ရှည်ဖြစ်အောင် (ကလိုသို) အပါအဝင် Life extension drugs နဲ့ Anti-aging medicines တွေဟာ စမ်းသပ်ဆဲ အခြေအနေမှာသာ ရှိပါသေးတယ်။ Clotho (ကလိုသို) ဟာ ရှေးဟောင်း ဂရိ နဲ့ ရောမ ဒန္တာရီတွေထဲက နတ်သမီးတပါးရဲ့နာမယ် ဖြစ်ပါတယ်။ ရောမတို့အဆိုအရ (အူရန်နို) နဲ့ (ဂီး) တို့ရဲ့ သမီး (နိုနို) (နိုနာ) လို့ခေါ်ပြီး၊ ဂရိအလိုအရ (ဇီးယပ်) ဘုရင်ကြီးနဲ့ မိဖုရားကြီး (ဿီးမီးစ်) တို့ရဲ့ ကံကိုစီမံကြကုန်သော သမီးတော်သုံးပါးအနက် အထွေးဆုံးပါ။ အသက် ရှည်ခြင်း-တိုခြင်းမှာ သူမ၏ အလိုအရ ဖြစ်ရပါသတဲ့။
(ကလိုသို) ဟာ မျိုးဗီဇဖြစ်ပါတယ်။ ကြွက်တွေကို စမ်းသပ်ချက်အရ (ကလိုသို) မျိုးဗီဇ ပြောင်းလဲသွားလို့ အိုစာသွားရကြောင်း တွေ့ရပါတယ်။ ဆက်ပြီးစမ်းတော့ (ကလိုသို) ဟာ ဦးနှောက်၊ ကျောက်ကပ်၊ (ပါရာ သိုင်းရွိုက်-ဂလင်း) ဆိုတဲ့ လည်ပင်းက (ကယ်လ်စီယံ) ကို အသုံးချတဲ့အကြိတ်တို့မှာလည်း ပုံမှန်မဟုတ် ဖြစ်လာတာ တွေ့ရပြန်ပါတယ်။
လူတွေဟာ အသက်ကြီးလာတာနဲ့ (ကလိုသို) လျော့နည်းလာကြတယ်။ သွေးတိုးကို ထိန်းဘို့ အသုံးချနိုင်ပုံရတာကို ခုရက်ပိုင်းလေးမှာ သိလာရတယ်။ (ကလိုသို) ထိုးဆေးတလုံး ထိုးပေးတာနဲ့ သွေးတိုးကို ၃ လ လောက်ကြာအောင် ထိန်းထားနိုင်တယ်လို့ ဆိုပါတယ်။ (ကလိုသို) မျိုးဗီဇကို ဆွပေးတဲ့အခါ အသက်ကြီးခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ အရိုး အားနည်းခြင်း၊ သွေးလွှတ်ကြောများအတွင်း သွေးသွားလာမှု နှေးကွေးလာခြင်းအပြင် ကြွက်သားတွေ အားယုတ်လာတာ တို့ကိုပါ တွေ့လာရတယ်။
(ကလိုသို) ကို ပိုမိုတက်ကြွအောင် လုပ်ပေးလိုက်တဲ့ ကြွက်ဟာ သာမန်ကြွက်ထက် အသက် ၂ဝ% မှ ၃ဝ% ပိုရှည်တာကို တွေ့ရပါတယ်။ ဒါ့ပေမဲ့ ကလေးရတာတော့ နည်းသွားပါသတဲ့။ ဘယ်အရာမှာမဆို ဒါပေမဲ့တွေ ရှိတတ်တယ်။ သကြားဓါတ် ထိန်းပေးတဲ့ (အင်စူလင်) ကိုလည်း သက်ရောက်တာမို့ "ကလေးရှားတဲ့ ဖိုးသက်ရှည် ဆီးချိုသမား" ဖြစ်သွားနိုင်ပါတယ်။
အာဟာရ နည်းက လက်တွေ့ ပိုကျပါတယ်။ “အစာလည်းဆေး၊ ဆေးလည်းအစာ” ဆိုကြတယ် မဟုတ်လား။ ဒီနည်းမှာက (ကွန်ဆက်ပ်) နှစ်ခုရှိတယ်။ တခုကတော့ “ကနေ့ လူသားတွေဟာ ပဝေသဏီကာလ ရှေးကတည်းက စားသုံးခဲ့ကြတဲ့ အစာတွေကို ကောင်းကောင်း စားသုံး ကျေချက်နိုင်တယ်” ဆိုတဲ့ အယူအဆပါ။ ကျောက်ခေတ် ကစပြီး၊ ဂူနေလူသားတွေ စားသုံးတဲ့ကြတဲ့ အစာတွေဟာ လူနဲ့ အသင့်ဆုံးဆိုတဲ့ Paleolithic diet အယူအဆက ၁၉၇ဝ နောက်ပိုင်းမှာ ဖြစ်လာတယ်။ သား-ငါး၊ သစ်ဥ-သစ်ဖု၊ အသီး-အရွက်၊ အစေ့-အဆံတွေ ပါတယ်။ နောက်မှ အသစ်ထွင်ပြီး စိုက်ပျိုး-ပြုပြင်လာကြတဲ့ ဆန်-ဂျုံ၊ ပဲသီး-ပဲတောင့်၊ ဆား၊ ချောထားတဲ့သကြား၊ ပြုပြင်ထားတဲ့ဆီတွေ သူတို့စားတာတွေထဲမှာ မပါဘူး။
နောက် အာဟာရအယူအဆတခုကတော့ “Calorie restriction (ကလိုရီ) ကန့်သတ်ပြီး စားသုံးခြင်း” ဖြစ်တယ်။ ပဌမ အယူအဆကို ငြင်းလည်း မငြင်းနိုင်၊ ဝယ်ချင့်စဖွယ် သွားရည်ကျအောင် တင်ရောင်းတဲ့ ဆိုင်ပေါ်က အစာတွေကိုလည်း မစားဘဲ မနေနိုင်ရာကနေ ပေါ်လာတယ် ထင်ပါတယ်။
ဒီတော့ လူတွေဟာ ဘယ်နေရာမှာမဆို လူ့အစဉ်အလာ၊ ရှေးအစဉ်အလာနဲ့ မကင်းဝေးသင့်ဘူး။ ဘာဘဲလုပ်လုပ် ချင့်ချိန်တာ၊ အကန့်အသတ်ထားတာဟာ အမှားနည်းစေပါတယ်။ ဖတ်သူအားလုံး အသက် ၁၂ဝ ရှည်စေသော်ဝ်။
Dr. တင့်ဆွေ
၂၄-၈-ဝ၉
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/
