ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Friday, May 21, 2010

Toxic goiter Q and A လည်ပင်းကြီး ဟော်မုန်းများနေခြင်း

1. လည်ပင်းက နဂိုထက် ယောင်ယောင်လေး ပိုကြီးနေလို့ပါ
2. လည်ပင်းကြီးနေတိုင်း လည်ပင်းကြီးရောဂါဖြစ်နေတာ ဟုတ်ပါသလား
3. ရောဂါနာမည်ကိုတော့ (သိုင်ရိုတော့(ခ်)စီကိုးစစ်) လို့ တပ်ထားပါတယ်
4. လည်ပင်းကို လိုအပ်ရင် ခွဲမယ်လို့ပြောပါတယ်

Q 1: လည်ပင်းက နဂိုထက် ယောင်ယောင်လေး ပိုကြီးနေလို့ပါဆရာ။ စိတ်ကလည်း အရင်ကထက် ပိုတိုတတ်လာပါတယ်။ အစားကတော့ ခဏတိုင်း စားတတ်ပါတယ်။ ပိန်တော့ မပိန်သွားပါဘူး။ ဝ တောင် လာပါတယ်။ အဲဒါက လည်ပင်းကြီး ရောဂါဆိုရင် မည်သို့ ကုသ၍ ရနိုင်ပါမည်လဲ ဆရာ။ လောလောဆယ် ဆေးစစ်ရန် မလွယ်ကူသေး၍ အရေးကြီး မကြီးကို ကျေးဇူးပြု၍ သိပါရစေ။ အကယ်၍ ယခုဆေးမစစ်သေးလျှင်ကော ရနိုင်ပါမည်လား။

A 1: လည်ပင်းကြီးဟော်မုန်း များတဲ့ရောဂါက Grave's disease ဆိုတဲ့ ရောဂါတမျိုးကြောင့် ဖြစ်ရတယ်။ Thyroid assay (Thyroid Function Test) ဆေးစစ်ရတယ်။ လက်ကောက်ဝတ် သွေးခုန်နှုံးစမ်းပါ။ လူနာရဲ့ လက်ကောက်ဝတ်ကို သက်တောင့်သက်သာ ထားပြီး၊ စမ်းတဲ့လူရဲ့ လက်ချောင်းတွေနဲ့ သူ့လက်မ အထက်ကနေရာမှာ သွေးခုန်နေတာကို စမ်းမိအောင်လုပ်ပါ။ တမိနစ်မှာ ပုံမှန်လူတွေက ၇ဝ-၈ဝ ခုန်နေမယ်။ လည်ပင်းကြီး ဟော်မုန်းများနေရင် ပိုများမယ်။ ၉ဝ-၁ဝဝ ဖြစ်နိုင်တယ်။ နှလုံးက ခုန်နေတာနဲ့ အတူတူပါ။

Propylthiouracil (PTU) ဆေးကို အများဆုံးပေးတယ်။ လူကြီးဆိုရင် တနေ့ကို 300 mg/day ၃ ခါခွဲ သောက်ခိုင်းတယ်။ လိုရင် 400 mg/day, 600 to 900 mg/day တိုးပေးမယ်။ သက်သာလာရင် 100-150 mg/day အထိလျှော့ ပေးတယ်။
၁ဝ နှစ်အထက်ကလေး 150 to 300 mg/day ၃ ခါခွဲ သောက်ခိုင်းတယ်။
၆-၁ဝ နှစ်ကလေး 50 to 150 mg/day ၃ ခါခွဲ သောက်ခိုင်းတယ်။ ဒါမှမဟုတ် 5 to 7 mg/kg/day ၃ ခါခွဲ သောက်ခိုင်းတယ်။

Methimazole (Tapazole) 5 to 20 mg TDS ဆေးကိုလည်းပေးနိုင်တယ်။

Carbimazole (NeoMercazole) 10 mg to 60 mg ဆေးကိုလည်း တနေ့တခါ ပေးနိုင်တယ်။ (Carbamazepine ဆိုတဲ့ ဆေးနဲ့ မမှားတဲ့။ ဒီဆေးက အတက်ရောဂါအတွက် ပေးတာပါ။)

အလွယ်ရှာရတဲ့ဆေးကတော့ Beta-blockers ဖြစ်တယ်။ နာမယ် အမျိုးမျိုးရှိတယ်။ Antolol, Propranolol, Inderal, Metoprolol, Nadolol, Betaxolol, Acebutolol, Pindolol and Bisoprolol တမျိုးကို ၂ဝ မီလီဂရမ် ကနေ ၄ဝ မီလီဂရမ် အထိ၊ တနေ့မှာ ၁-၂ ကြိမ် ပေးနိုင်တယ်။ စိတ်ငြိမ်ဘို့လိုတဲ့အခါ Valium/Diazepam ၅ မီလီဂရမ် သောက်စေပါ။ အိပ်ချင်တတ်လို့ အလုပ်မရှိချိန်၊ ဒါမှမဟုတ် ညမှာ သောက်ခိုင်းပါ။

လည်ပင်းကြီး ဟော်မုန်းများတာ မှန်ရင် တခြားစားဆေးနဲ့ မရရင် အနုမြူဆေး ပေးပြီး ကုမယ်။ ခွဲစိတ်တာကတော့ တချို့ လူနာအတွက်သာ လိုတယ်။ ပျောက်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ မျက်စိ ပြူးလာတဲ့အထိ မစောင့်ပါနဲ့။

Q 2: လည်ပင်းကြီးနေတိုင်း လည်ပင်းကြီးရောဂါဖြစ်နေတာ ဟုတ်ပါသလားဆရာ။ လည်ပင်းကြီး ရောဂါမှန်း မည်သို့ သိနိုင်ပါမည်လဲ ဆရာ။ ဆရာ၏ 'အစာအိမ်ကင်ဆာ' ဆောင်းပါးကို ဖတ်၍ မရှင်းတာလေး မေးခွင့်ပြုပါဆရာ။ အစာမကျေသလို ဖြစ်ပြီး လေတွေလဲ ခဏခဏ တက်ပါတယ် ဆရာ။ အစာခံမိရင်လည်း လေက အရင် တက်လာပါတယ်။ ပြီးတော့ ဝမ်းပျက်တာလဲ မကြာမကြာဖြစ်တတ်ပါတယ်။ လေတွေ တအားတက်လာရင် မူးပြီး အန်ချင်လာပါတယ်။ အဲဒီအချက်တွေက အစာအိမ် ကင်ဆာနှင့် ဆက်နွယ်မှု ရှိနိုင်ပါသလား ဆရာ။

A 2: လည်ပင်းကြီးနေရင် Goitre လည်ပင်းကြီးရောဂါ ခေါ်ပါတယ်။ Thyroid gland ကြီးနေတာပေါ့။ လည်ပင်းကြီး နေတာကို မမြင်ရဘဲနဲ့လည်း လည်ပင်းကြီးနဲ့ ဆိုင်တဲ့ ရောဂါ ရှိနိုင်သေးတယ်။ လည်ပင်းကြီး ဖြစ်စေတဲ့ အကြိတ် Thyroid gland ကနေ လူတိုင်းမှာ (သိုင်းရွိုက်) ဟော်မုန်း ထုတ်ပေးနေတာ။ အဲဒီ ဟော်မုန်းတွေ လိုတာထက် များနေရင်ဖြစ်တဲ့ Toxic Goitre, Hyperthyroidism ကလည်း ဒီ လည်ပင်းကြီး ရောဂါ အုပ်စုထဲမှာ ပါတယ်။ တိုက်တိုက် ဆိုင်ဆိုင် အခုတလော ဒုက္ခသည် ဆေးခန်းလေးကို လာပြသူတွေထဲမှ အမျိုးသမီး ၃-၄ ယောက် အဲဒါမျိုး လာတွေ့နေရတယ်။

သူတို့လည်ပင်းက သိသိသာသာကြီးမနေလို့၊ အသေအခြာစမ်းမှ သိနိုင်တယ်။ (ကွန်ပလိမ့်) ကတော့ အတူဘဲ။ တယောက်က မေးတယ်၊ ကျမ လည်ပင်းကြီးနေသလား။

နောက်တယာက်က လည်ပင်းအကြောင်း ဘာမှ မပြောဘူး။ ရင်တုံတယ်သာ ပြောတယ်။ မျက်စိက လည်ပင်းကြည့်၊ လက်က လက်ကောက်ဝတ် သွေးခုန်တာစမ်း။ သံသယ ဝင်လာတော့ ဆက်မေးရတယ်။ စိတ်တိုတတ်သလား။ တိုတယ်။ ဘေးလူတွေကို မေးရပြန်တယ်။ အလုပ်လုပ်တာမှာ အရင်ကထက်၊ သူများတွေထက် သွက်သွက် လက်လက်၊ ဟောဟော ဒိုင်းဒိုင်း၊ လုပ်တယ်။ (သွက်တိုင်းလည်း မကောင်းတာ သတိထားပါ။) သူများထက် ပိုပြီး အိုက်တတ်တယ်။ လင်မယားမှာ ယောက်ျား လုပ်သူကနေ အရင် သတိထားမိမယ်။ တယောက်က ပြူတင်းပေါက်ဖွင့် အိပ်ချင်၊ တယောက်က ပိတ်အိတ်ချင်။

နောက်တယောက်ကိုတော့ တခြားရောဂါ လာပြတုံး မြင်တာနဲ့ ဆရာက သံသယရှိတယ်။ သူ့မျက်လုံးက ပိုပြီးသိသာနေ၊ ပြူးချင်နေတယ်။ (မျက်လုံးပြူးရင်လည်း သတိထား။)

Goitre ထဲမှာ အမျိုးမျိုးတော့ ရှိတယ်။ အများဆုံးဖြစ်ကြတာက (အိုင်အိုဒင်း) ဓါတ်ဆား နည်းလို့ လည်ပင်းကြီးနေတာကို အဝေးကတောင် မြင်နေရတာမျိုး ဖြစ်ရတယ်။ တောင်ပေါ်ဒေသ၊ တောင်ကုန်းရှိရာ အရပ်တွေမှာ ဖြစ်တာမျိုး။ ယောသားတွေနေတဲ့ တောင်ပေါ်ကို တခါက နယ်လှည့်ဆေးကုတယ်။ တရွာမှာ လက်ညှိုးထိုးမလွဲ လည်ပင်းကြီးတွေ တွေ့ခဲ့ရတယ်။ ရွာလုံးကြွတ် ဖြစ်တာမျိုး။

နောက်ပြီး လည်ပင်းကြီးအကြိတ် ကင်ဆာ နဲ့ ကင်ဆာမဟုတ်တဲ့အကြိတ် ရောဂါတွေလည်း ရှိတယ်။

အစာလမ်းကြောင်းနဲ့ဆိုင်တဲ့ မေးခွန်းတွေ ကြည့်ရတာ လေနာကိုအရင် စဉ်းစားလို့ရတယ်။ “Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်” ကို ဖတ်ပါအုံး။ Antacid ဆိုတဲ့ အက်စစ်ဓါတ်ပျယ်ဆေးကိုတော့ စားဖြစ်မယ် ထင်တယ်။ အစာကို အချိန်မှန် စားပါ။ အမျိုးအစားလည်း စားနေကြစားပါ။ အဆာမခံနဲ့။ တဝကြီး မစားနဲ့။ စားပြီး ၅-၁ဝ မိနစ် နားနေပါ။ ထမင်းစားပြီး အသီးတခုခု စားပါ။ ရေများများ သောက်ပါ။ လိုသေးရင် Digestive enzyme စားဆေးကို ထမင်းစားပြီး၊ ၁ တောင့်(လုံး) သောက်ပါ။ အမြဲသောက်စရာ မလိုဘူး။ မရသေးရင် Omeprazole ဆေး 20-40 mg တနေ့ ၁ကြိမ် သောက်ပါ။

Dr. တင့်ဆွေ
၁၂-၆-၂ဝ၁ဝ

October 18, 2010 3:40 PM
Q 3: သမီး အသက် (30) ထဲမှာပါ။ အပျိုပါ။ လွန်ခဲ့တဲ့ 2002-2003 လောက်တုံးက လည်ပင်းမှာ ဟိုမုန်း များလို့ ဖြစ်တဲ့ ရောဂါ ဖြစ်ဖူးတယ်။ ရောဂါနာမည်ကိုတော့ (သိုင်ရိုတော့(ခ်)စီကိုးစစ်) လို့ တပ်ထားပါတယ်။ အဲဒီတုံးက တောင်ကြီးမှာ သမားတော်ကြီးပြပြီး ကုသမှု ခံယူခဲ့ပါတယ်။ ဆေး ၁ နှစ်ခွဲလောက် သောက်လိုက်ရပါတယ်။ နာတာရှည် ရောဂါသည် တစ်ယောက်လိုပဲ နေနေရပါတယ်။ အခုနောက်ပိုင်းတော့ အဲဒီရောဂါနဲ့ ပတ်သတ်လို့ ဘာမှ ထပ် မဖြစ်တော့ပါဘူး။ ဒါပေမဲ့ နဲနဲဆို လန့်တတ်တယ်။ ဆိတ်ငြိမ်နေရာကနေ အသံလေး ဘာလေး ကြားလိုက်ရရင် လန့်လန့် သွားတယ်။ အဲဒီ ရောဂါရဲ့ Side Effect အဖြစ်နဲ့ မျက်လုံးပြူးပြီး ကျန်ခဲ့ပါတယ်။ အရမ်းကြီး ပြူးထွက်တာမျိုးမဟုတ်ဘဲ ဒေါသထွက်တဲ့ အခါတို့ အာရုံစိုက်တဲ့ အခါတို့မှာ မျက်စိ ပိုပြူးတတ်ပါတယ်။

2008 လောက်တုံးက အူအတက် ခွဲဖူးပါတယ်။ အရင်တုံးက ဒေါသကြီးလာတဲ့ အခါတို့၊ အရမ်း ဝမ်းနဲတဲ့ အခါတို့မှာ ရင်ဘတ်တွေ အောင့်ပြီး အသက်ရှုကြပ်ပါတယ်။ မျက်နှာနဲ့ လက်တွေ၊ ခြေထောက်တွေ ကျင်လာပါတယ်။ သတိလဲ လစ်သွားတတ်ပါတယ်။ အဲလိုအချိန်ဆို ဆေးရုံကို ပို့ပြီး အောက်ဆီဂျင်ပေးကြပါတယ်။ ဒိုင်ယာစီပန်ကိုလဲ အကြောထဲ ထိုးပေးပါတယ်။ အဲလို ဖြစ်တာတွေက လည်ပင်းရောဂါ မဖြစ်ခင် 2000 နဲ့ 2002 ကြားလောက်မှာ ထင်ပါတယ်။

1) အဲဒီ ရောဂါတွေ ဖြစ်ဖူးတဲ့ အတွက် သမီး အိမ်ထောင်ပြုတဲ့ အခါ ကလေး ရနိုင်ပါ့မလား ဆရာ။
2) နောက်ပြီး ကလေး ရခဲ့ရင်တောင်မှာ အဲဒီရောဂါတွေရဲ့ ဆိုးကျိုးတွေက ကလေးကို ထိခိုက်နိုင်ပါသလား ဆရာ။
3) သမီးကိုယ် သမီးလဲ ကလေး မမွေးနိုင်လောက်ဘူးလို့ ထင်နေပါတယ်။ စိတ်ထဲမှာ ကိုယ့်ကိုကိုယ် ချို့ယွင်းချက် ရှိတယ်လို့ ထင်နေပါတယ် ဆရာ။

၁။ လည်ပင်ကြီး ဟော်မုန်းများ ရောဂါ Thyrotoxicosis ကို ကုသနည်း အမျိုးမျိုးရှိပါတယ်။ စားဆေးနည်း၊ ခွဲစိတ်နည်း နဲ့ အနုမြူဆေးနည်းတွေ ဖြစ်တယ်။ ဘယ်နည်းဖြစ်ဖြစ် ရောဂါကို ထိန်းနိုင်တယ်။ ပျောက်နိုင်ပါတယ်။ မပြောမဖြစ်တာပါ ပြောပါရစေ။ ခွဲစိတ်ပြီး ပြောင်းပြန် (ဟော်မုန်းနည်းလွန်းသွားတာ) ဖြစ်သွားလို့ မေးတဲ့သူတဦးရှိတယ်။ တနေ့က လာလည်တဲ့ မိတ်ဆွေတဦး ဥရောပမှာ ခွဲတာပါ။ အဲလိုဖြစ်လို့ ဟော်မုန်းဆေး နေ့တိုင်း သောက်နေရတယ်။ အိန္ဒိယမှာ ဆရာ့လူနာတွေ အနုမြူဆေးကုဌာနလွှတ်တယ်။ ပျောက်သွားတယ်။
၂။ နှလုံးခုန်နှုန်း မြန်တာ၊ စိတ်တိုတာ၊ အပူမခံနိုင်တာ၊ ဒေါသကြီးတာ ဒါတွေ သက်သာရင် ကောင်းတယ်။ သွေးစစ်တာတော့ တိကျပါတယ်။ ဒီတော့ အိမ်ထောင် မကျခင်၊ ကျရင်လဲ ကိုယ်ဝန်မဆောင်ခင် ပျောက်အောင်ကုပါ။ Propranolol လိုဆေးက လက္ခဏာသက်သာစေတယ်။ ပျောက်စေတာတော့ မဟုတ်ဘူး။
၃။ Thyrotoxicosis နဲ့ ကိုယ်ဝန် ဆက်စပ်ပါတယ်။ လူနာတယောက် ကိုယ်ဝန်ဆောင်တုံးက လာပြတယ်။ ဆရာက မြင်တာနဲ့ ဒီရောဂါ သံသယရှိတယ်။ ကံမကောင်းလိုက်တာက ကလေးက အထဲမှာ ဆုံးလို့ ကုပေးလိုက်ရတယ်။ နေကောင်းမှ သွားစစ်ခိုင်းတော့ ရောဂါခြာတယ်။ အခု အနုမြူဆေးနဲ့ ရောဂါကောင်းနေပါတယ်။ ကိုယ်ဝန်ဆောင်နေတုံး ရောဂါကုဆေးတွေက ကလေးကို ထိခိုက်တာ အနဲနဲရှိတာကို သုတေသန လုပ်ထားတယ်။ အကြံပေးရရင် ကိုယ်ဝန် မဆောင်ခင် ရောဂါကို ကုထားတာ အကောင်းဆုံးပါ။ အနုမြူဆေးကို ကိုယ်ဝန်ရှိချိန်၊ နို့တိုက်ချိန်မှာ မပေးရပါ။
၎။ ကလေး မမွေးနိုင်လောက်ဘူးလို့ ထင်မနေပါနဲ့။ ကိုယ်ဝန်ဆောင်ရင်း လည်ပင်းခွဲတာ ကလေး-လူကြီး ဘာမှမဖြစ်ပါ။

Q 4: Thyrotoxicosis ရောဂါ ဖြစ်တုံးကတော့ Propranolol သောက်ရပါတယ်။ တခြား ဆေးတွေတော့ မမှတ်မိတော့ပါဘူး။ အဲဒီတုံးက လည်ပင်းကို လိုအပ်ရင် ခွဲမယ်လို့ ပြောပါတယ်။ ဆေး အရင် သောက်ကြည့်ပါဆိုပြီး ကြည့်ခိုင်းပါတယ်။ ၁ နှစ်ခွဲလောက် သောက်ပြီးတော့ နားလိုက်တာ။ အခု ပြန်စစ်ချင်ပါတယ်။ ဘယ်လိုပြောစစ်ရမလဲ ဆရာ။

A: လည်ပင်းကြီး ဟော်မုန်းများရောဂါ ဆေးတွေက Antithyroid drugs (Propylthiouracil, Methimazole) တွေ ဖြစ်တယ်။ Propranolol ဆေးက ထိန်းဘို့သက်သက်သာရတယ်။ မျက်လုံးအထိ လက္ခဏာပြရင် Propranolol ဆေးတခုနဲ့ မရဘူး။ ဒါပေမဲ့ ဆရာက Specialist မဟုတ်ပါ။

Serum thyroid hormone levels (T3, T4) စစ်ပါ၊ များနေမယ်၊
Serum TSH (thyroid stimulating hormone) စစ်ပါ၊ နည်းနေမယ်၊
Thyroid scan လုပ်ရမယ်။

• Thyroid Function Tests လည်ပင်းကြီး ဟော်မုန်း စစ်ဆေးခြင်း http://dts-medicaleducation.blogspot.in/2012/05/thyroid-function-tests.html
• Thyroid လည်ပင်းကြီးရောဂါ http://dts-medicaleducation.blogspot.in/2012/03/thyroid.html
• Thyrosit လည်ပင်းကြီး-ဟော်မုန်းဆေး http://dts-medicaleducation.blogspot.com/2011/11/thyrosit.html
• Toxic goiter Q and A လည်ပင်းကြီး ဟော်မုန်းများနေခြင်း http://dts-medicaleducation.blogspot.com/2010/05/q-and-toxic-goitre.html

Dr. တင့်ဆွေ