ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Wednesday, June 30, 2010

Sterilization ပိုးသန့်ခြင်း

Sterilization ဆိုတဲ့ ဆေးစကားလုံးကို နှစ်နေရာမှာ သုံးတာ၊ အဓိပ္ပါယ်တွေ မတူပါ။ ကလေး မလိုချင်တော့လို့ သားကြော ဖြတ်တာကိုလည်း ဒီလိုခေါ်သလို ပိုးမွှားသန့်အောင် လုပ်ပေးရတာကိုလည်း ခေါ်တယ်။

လူတယောက်ကို ချီးမွမ်းတဲ့အခါ “သန့်ပြန့်လို့ပါလား” လို့ ပြောကြတယ်။ ကိုယ်ခန္ဓာသာမက ပတ်ဝန်းကျင်လည်း သန့်ရှင်းဘို့ လိုတယ်။ ဆေးကုသရာမှာတော့ “အထူးသန့်ရှင်းရေး" လုပ်ဘို့ လိုပါတယ်။ လူသန့်ရှင်းရေး နဲ့ အိမ်သန့်ရှင်းရေးကိစ္စတွေမှာ သာမန်အားဖြင့် အမျိုးသမီးတွေက ပိုကြွမ်းကျင်ကြတယ်။ မိန်းကလေးတိုင်းလည်း မဟုတ်သလို၊ ယောက်ျားလေးထဲမှာ “ဖိုးသန့်ရှင်း” တွေရှိတယ်။ တာဝန်အရသာမက စိတ်ပါမှ အရာရာ သေခြာတယ်၊ ခိုင်မာတယ်။ အမိန့်ထုတ်နိုင်သူတွေကနေ ကြေညာပြီး လိမ်တာမျိုးက တခြားနယ်ပယ်မှာ ရချင်ရပါမယ်။ ဆေးလောကမှာတော့ အသက်နဲ့ ကစားတာဘဲ။

HIV တို့ B ပိုး၊ C ပိုးတို့၊ နောက်ပြီး ဝက်တုပ်ကွေးတို့ရန်ကြောင့် လက်အိပ်နဲ့ နှာခေါင်းစီးတွေ ဖက်ရှင်လို ဖြစ်လာစေခဲ့တယ်။ ဒီဖက်ရှင်ကို တွင်ကျယ်စေချင်ပါတယ်။ လက်အိတ်စွပ်တာက သွေးကတဆင့် ကူးစက်လာမဲ့ ရောဂါပိုးရန်က ကိုယ့်ကိုယ်ကို ကာကွယ်ဘို့နဲ့ သူများတွေကိုပါ မကူးစေဘို့အတွက် ဖြစ်တယ်။ နှာခေါင်းစည်း တပ်တာဟာ အသက်ရှူလမ်းကနေ ဝင်မဲ့၊ ထွက်မဲ့ ပိုးတွေ မကူးအောင်ပါ။

ရောဂါပိုးတွေအတွက် သုံးတဲ့ဆေးက အမျိုးမျိုးရှိပါတယ်။ ကိုယ်ထဲဝင်ပြီးသားနဲ့ ဝင်လာမဲ့ပိုးတွေအတွက် ပါးစပ်ကနေ သောက်ရ၊ အသားထဲ-သွေးကြောထဲ ထိုးရတဲ့ ဆေးတွေကို Antibiotics ပဋိဇီဝဆေး လို့ ခေါ်တယ်။ အခုရေးမှာက အပြင်ကနေသာ သုံးရမဲ့ ဆေးတွေဖြစ်တယ်။ Antiseptic ဆိုတာတွေက သက်ရှိ (တစ်ရှူး) နဲ့ အရေပြားတွေကို Infection ရောဂါပိုးဝင်မှာ၊ Sepsis အနာရင်းမှာ၊ Putrefaction ပုတ်သွားမှာတို့ မဖြစ်စေအောင် လုပ်ပေးတဲ့ ဆေးတွေပါ။ တချို့ Antiseptic တွေက ပိုးတွေကို သတ်ပြစ်နိုင်ပြီး၊ အချို့က မျိုးပွါးမှာကို တားဆီးနိုင်တယ်။ Disinfectants ကတော့ သက်မဲ့ မျက်နှာပြင်ပေါ်ရှိတဲ့ ပိုးမွှားတွေကို နိုင်တယ်။ ပိုးမွှားနိုင်တဲ့ ဆေးတွေကို ခြုံပြီး Antimicrobial ခေါ်တယ်။ Antibacterials တွေက (ဗက်တီးရီးယား) တွေကို နိုင်တဲ့ဆေးတွေ ဖြစ်ကြပြီး၊ Microbicides တွေကတော့ (ဗိုင်းရပ်စ်) ကိုပါ နိုင်တယ်။

ပိုးသန့်ဆေးတွေကို လွယ်လွယ်မှတ်မိအောင် Antiseptic 1-2-3 လို့ သင်ပေးတယ်။ (၁) ဆပ်ပြာနဲ့ ရေ၊ (၂) အရက်ပြန် နဲ့ (၃) အိုင်အိုဒင်းတို့ ဖြစ်တယ်။ ခွဲခန်း၊ မွေးခန်း၊ ဆေးထည့်ခန်းတွေအတွက် ဥပဒေသတခုပေါ့။

ဆပ်ပြာပေါ်လာတာ အင်မတန် ကျေးဇူးကြီးပါတယ်။ ခွဲစိတ်ခန်းမဝင်ခင်၊ အနာဒဏ်ရာ မကိုင်ခင် လက်အရင်ဆေးရတယ်။ ဆပ်ပြာနဲ့အတူ Brush နဲ့ တံတောင်ဆစ်အထိ အပြန်အလှန် တိုက်ပါ။ Brush အမွှေးက မကြမ်းရဘူး။ မနုစေရဘူး။ ဆေးရုံသုံး လက်ဆေး (ဘရပ်ခ်ျ) ရှာမရရင် အမျိုးသမီးတွေအတွက် အလှအပပစ္စည်းတွေ ရောင်းတဲ့ဆိုင်က အနေတော် Brush ကို သုံးနိုင်တယ်။ အထက်က အောက်ကို ကျနေတဲ့ Tap ကလာတဲ့ရေနဲ့ ဆေးမှ ကောင်းတယ်။ ရေပိုက်ခေါင်းကို တံတောင်ဆစ်နဲ့သာ ပြန်ပိတ်လုပ်နိုင်ဘို့ စီမံထားရတယ်။ လက်အိပ်စွပ်ပြီးသား၊ ဆေးပြီးသားလက်ရဲ့ အဖျားပိုင်းက ဘယ်တော့မှ တံတောင်ဆစ်အောက်မှာ မရှိစေရဘူး။ ဆရာကောင်းတပည့် ဟုတ်-မဟုတ် ကြည့်တာနဲ့ သိတယ်။

Dettol က ဆေးခန်းရော အိမ်တွေမှာပါ အသုံးအများဆုံး Antiseptic ဖြစ်တယ်။ ဒီထဲမှာ Chloroxylenol ဆိုတာပါတယ်။ ဥပဒေသ (၁) အစား သုံးနိုင်တယ်။

ဥပဒေသ (၂) Alcohol အရက်၊ Ethanol အရက်ပြန်၊ Isopropanol (70% Ethanol) ကို ဆေးရုံ-ဆေးခန်းသုံး Surgical alcohol လို့ ခေါ်တယ်။ ဆေးမထိုးခင်၊ မခွဲစိတ်ခင် အရေပြားကို ပိုးသန့် ပေးတယ်။ “အနာထဲ သွားမထည့်ရပါ။” “သက်မဲ့ မျက်နှာပြင်တွေအတွက် မသုံးရပါ။” HIV, Hepatitis B, Hepatitis C ပိုးတွေအတွက် ပိုပြင်းတဲ့ (80% Ethanol + 5% Isopropanol) ကို သုံးရတယ်။ Fungal မှို၊ Bacterial spores နဲ့ Hepatitis A ပိုးတွေအတွက် အရက်ပြန်က အသုံးမကျပါ။

မြန်မာ့ဆိုရှယ်လစ်ခေတ်မယ် ပစ္စည်းဆိုတာ ရှားလွန်းလို့၊ ဆေးရုံတွေမှာ အခြေခံအကျဆုံး အရက်ပြန်၊ ဂွမ်း၊ ပတ္တီးတွေ မလုံလောက်တဲ့ပြင် အပြင်မှာတောင် ဝယ်မရဘူး။ မှောင်ခို အရက်ဖိုတွေကိုဘဲ အားကိုးကြရတယ်။ နံသလား မမေးနဲ့။ မရှိတော့လည်း သုံးရတာဘဲ။ (ဟောလီဝုဒ်) ရုပ်ရှင်တွေမှာတော့ ဇာတ်လိုက် ဒဏ်ရာရရင် (ဝီစကီ) ကို အနာပေါ် လောင်းချပြီး၊ မျက်နှာကို ရှုံ့မဲ့ပြရတယ်။ အမှန်က ချက်အရက်ဖြစ်ဖြစ် (စကော့ခ်ျ) ဖြစ်ဖြစ် ဆေးခန်းသုံး အရက်ပြန်လောက် မကောင်းဘူး။ (မီသိုင်း) ထည့်ထားတဲ့ အရက်ကမှ စိတ်ချရတယ်။ သွားတော့ မသောက်နဲ့။ ပါးနပ်သူတွေက အရက်ပြန်ကို ဆားခပ်သောက်တယ်။ အသက်တော့ မရှည်ပါ။

ဥပဒေသ (၃) အိုင်အိုဒင်းကို Betadine, Povidone-Iodine နာမည်တွေနဲ့ လာတယ်။ ဆေးရုံ-ဆေးခန်းတွေမှာတော့ Iodine ကို Alcohol နဲ့ရောပြီး၊ 2% ကို သုံးရတယ်။ ဒိထက် ပြင်းရင် လောင်စေတတ်တယ်။ အရက်ပြန်လိုဘဲ အနာထဲ မထည့်ရဘူး။ အနာဘေးက အရေပြားကိုသာ သန့်ပေးဘို့ သုံးရတယ်။ Tincture of Iodine (2-7% Sodium iodide or Potassium iodide) ခေါ်တာက (အိုင်အိုဒင်း) ကို Ethanol နဲ့ ရောထားတာ ဖြစ်တယ်။ Tincture of benzoin ဆိုတာက (အိုင်အိုဒင်း) မပါဘူး။ အနာသေးသေးတွေကို ထည့်တဲ့ဆေး။ နောက်ပြီး (တိပ်)၊ (ပလာစတာ) တွေ ပိုကပ်စေအောင်လည်း သုံးနိုင်တယ်။ Povidine ဟာ ရေနဲ့ စပ်ထားတဲ့ Iodine 10% ဖြစ်ပြီး ပိုကောင်းတယ်။ “Abscess ပြည်တည်နာ တခုကို ဘယ်လောက် သေးသေး (အိုင်အိုဒင်း) မရှိရင်၊ မခွဲပါနဲ့။”

တခြားအမျိုးအစာတွေပါ စုံအောင်ရေးပါရစေ။ Lugol's solution (Lugol's iodine) က Antiseptic and Disinfectant ပိုးသန့်ဆေးဖြစ်တယ်။ Iodine 5% နဲ့ Potassium iodide 10% ကို ရေ 85 % မှာ ဖျော်ထားပြီး၊ သောက်ရေ သန့်အောင် သုံးနိုင်တယ်။ (အိုင်အိုဒင်း) နည်းလို့ လည်ပင်းကြီး နေသူတွေကိုလည်း ပေးတယ်။ ပြင်သစ်ဆရာဝန်တဦး နာမည်ကို ဂုဏ်ပြုထားတာပါ။

Boric acid Antiseptic ပိုးသန့်ဆေးကို မွေးလမ်းကြောင်းမှာ Yeast ပိုးဝင်တာကို သန့်ပေးနိုင်တယ်။ Chlorhexidine 0.2-4.0% ဆေးမထိုးခင်၊ မခွဲစိတ်ခင် အရေပြားကို သန့်ပေး၊ ဆီးအိမ်သန့်ပေး၊ အနာကို ဆေးပေးရာတွေမှာ သုံးရတယ်။ Gentian violet (Methylrosanilinium chloride) ခရမ်းရောင်ဆေးကို ပါးစပ်နာ၊ မှက်ခရုနာ၊ မီးလောင်နာ၊ နို့နာ၊ အားကစားသမား ခြေထောက်၊ ပွေး၊ မှိုရောဂါတွေမှာ သုံးနိုင်တယ်။ Hydrogen peroxide 3-6% အနာသန့်ရှင်းဘို့၊ ပါးစပ်ဆေးဘို့၊ ဆီးအိမ်သန့်ပေးဘို့အတွက် သုံးရတယ်။ နားပြည်ယိုတာ၊ အနာတွေ ညစ်ပတ်ပေရေနေတာမှာ ဒီဆေး ထည့်ရင် အမြှုတ်ထပြီး သန့်ရှင်းလာမယ်။ Hydroxyquinoline sulphate အနာဆေးဘို့၊ ပါးစပ်ငုံဘို့၊ အရေပြား သန့်ဘို့ သုံးရတယ်။

Carbolic (ကာဘောလစ်) ဆပ်ပြာက အသင့်အတင့်သာပြင်းတဲ့ Disinfectant ဖြစ်တယ်။ Phenol (carbolic acid) ဟာ Germicidal ဖြစ်တယ်။ ကြမ်းပြင်၊ ဆေးခန်းသုံး ပစ္စည်းတွေသန့်ဘို့ သုံးတယ်။ (ဂျိုးဇက်-လစ်စတာ) ကနေ စသုံးခဲ့တဲ့ သမိုင်းဝင် ပိုးသန့်ဆေးပါ။ Phenolics ဆိုတာတွေက ပါးစပ်ဆေး-လက်ဆေးတဲ့ ဆေးရည်တွေထဲမှာ ထည့်သုံးတယ်။ Potassium permanganate (KMnO4) ကို ရေကူးကန် သန့်ပေးဘို့ သုံးတယ်။ ရေကူးကန်ထဲ မဆင်းခင် ခြေထောက် ကိုလည်း ဒါနဲ့ဆေးရတယ်။ ပါးစပ်ဆေးဘို့လဲ သွားဆေးခန်းတွေမှာ သုံးတယ်။ အမှိုက်ပုံတွေ သန့်အောင် သုံးနိုင်တယ်။

ဘာဆေးမှမရှိလဲ ဟင်းခပ်တဲ့ဆားကို ရေနဲ့ဖျော်ပြီး Sodium chloride ဆားရည်ကို ပါးစပ်ဆေးဘို့ သုံးနိုင်တယ်။ ဟင်းသီးဟင်းရွက်၊ အသီးတွေကို ဆားရည်ထဲမှာ ခဏစိမ်ထားရင် ပိုးသန့်စင်တယ်။ အစိမ်းတို့မြှုပ်စားနိုင်တယ်။

“ချွတ်ဆေး” လို့ခေါ်တဲ့ အဝတ်၊ ခြည်ခင်တွေကို အရောင်ချွတ်ပေးတဲ့ဆေးကို အရပ်ထဲက လူတွေပါ သိကြတယ်။ Bleaching powder ခေါ်တယ်။ Chlorinated Lime လို့လဲ ခေါ်တယ်။ သောက်ရေ သန့်အောင် ရေတွင်း၊ ရေကန်တွေထဲ ဒီဆေး ခပ်တယ်။ (ကလိုရင်း) နံ့လေးရနေတာဟာ ရေမွှေးထက် သာတယ်။ ပြည်သူ့ဆေးရုံခေတ်က ဆေးရုံတွေမှာ ဈေးချိုတာ ရှာသုံးကြရတယ်။ ဒီဆေးမှုံ့နဲ့ Boric acid ကို ရောပြီး Eusol (Calcium hypochlorite + 0.25% w/v of Chlorine + Boric acid) အနာတွေကို ဆေးထည့်ဘို့ သုံးရတယ်။ (ကွန်ပေါင်ဒါ) ကနေဖျော်ပြီး၊ စဥ့်အိုးထဲမှာ ထားရတယ်။ ကြာကြာ အထားမခံဘူး။ အသစ်ပြန်ဖျော်ရမယ်။ ကြမ်းပြင်လိုနေရာတွေကို သန့်စေချင်ရင် မျက်နှာပြင်ကို သန့်ပေးပြီးမှ Bleach နဲ့ ပိုးသန့်စေရတယ်။ တိရစ္ဆာန်တွေရဲ့ ဆီးအပါအဝင် အညစ်အကြေးတွေကို အရင်ဖယ်ပြီးမှ Bleach နဲ့ ဆေးပါ။

အိမ်မှာ TB, Hepatitis B, Hepatitis C လူနာရှိရင် Chlorine Bleach 5.25% Sodium hypochlorite ကို ရေ ၁ဝ ဆ၊ ဆေး ၁ ဆ ရောတာကို ဆောင်ထားရတယ်။ သွေး၊ အန်ဖတ်၊ ကိုယ်ကထွက်တဲ့ အရည်မှန်သမျှကို သန့်ရှင်းရေးလုပ်ဘို့ သုံးနိုင်တယ်။ ရောပြီးသားကို အကြာကြီး ထားလို့မရဘူး။ ချက်ချင်း ထိရောက်တာ များပေမဲ့ မိနစ် ၂ဝ အထိ ဆိုမှ စိတ်ချရတယ်။ Fungus မှို၊ တော်တော့ ဆေးမတိုးတဲ့ Bacteria (Staphylococcus, Enterococcus) ပိုးတွေအတွက်ပါ သုံးနိုင်တယ်။ Spores ဖြစ်နေရင်တော့ မရဘူး။ TB ပိုးကို သေစေဘို့ ၅ ဆ ၁ ဆ ဒါမှမဟုတ် ၂ ဆခွဲ ၁ ဆ ရောရတယ်။

ကိုယ်တွင်း-ကိုယ်ပ ပိုးကင်းစင်ကြပါစေ။

Dr. တင့်ဆွေ
၃ဝ-၆-၂ဝ၁ဝ

Q: ခါတိုင်း အနာတွေကို အရက်ပျံဆွတ်ဂွမ်းနဲ့  သုတ်လိမ်းပေးတာ မလုပ်သင့်ဘူးဆိုတဲ့ သဘောလား ဒေါက်တာ။ ဒါဆိုရင် အနာဝတွေကိုပဲ အရက်ပျံ သုတ်လိမ်းပြီး၊ အနာကို (အန်တီဆက်တစ်-ကရင်မ်) ပဲ ထည့်ပေးသင့်တဲ့ သဘောပေါ့နော်။ အရက်ပျံကို သက်မဲ့မျက်နှာပြင်ထဲ မသုံးရဆိုတာ သိပ်နားမလည်လို့ ထပ်ရှင်းပြပေးပါဦးဗျာ။


A: မှန်ပါတယ်။ အရက်ပြန်ရော အိုင်အိုဒင်းကိုပါ အနာထဲ မထည့်ရပါ။ “both help and hurt” လို့ ပြောနိုင်တယ်။ “ကောင်းတော့ ကောင်းတယ်၊ မျက်စိ စပ်တယ်။” ဆိုသလိုမျိုး။ အနာရဲ့ ဘေးက အရေပြားကိုသာ ပိုးသန့်ပေးဘို့ သုံးရပါတယ်။ ဒဏ်ရာတခုရလို့ အရက်ပြန် ထည့်ပေးရင် အင်မတန် စပ်တယ် မဟုတ်လား။ စပ်တာကို ခံနိုင်အုံးတော့ (တစ်ရှူး)တွေကို ထိခိုက်စေတယ်။ အရေပြားအောက်က အဆီ၊ သူ့အောက်က ကြွက်သား၊ ပါနေတဲ့ အာရုံကြော-သွေးကြောလေးတွေက ဆေးအပြင်းကို ခံနိုင်ရည် နည်းတယ်။

တကယ်တန်း ပြောကြကြေးဆိုရင် သန့်တဲ့ရေတောင်မှ (ဆဲလ်) ထဲဝင်ရင် မကောင်းဘူး။ ဆေးထိုးတာမှာ Distilled water, Water for injection မိုးရေဆိုတာက မကောင်းသေးဘူး။ ဆေးမှုံ့ဖျော်တာ၊ ဆေးသွင်းတာ၊ အနာဆေးတာတွေအတွက် Normal saline (0.91% w/v NaCl) ခေါ်တဲ့ ပုံမှန်ဆားရည်နဲ့မှ (ဆဲလ်) တွေနဲ့ ဖိအားတူကြလို့ အကောင်းဆုံး ဖြစ်တယ်။

အနာထဲကို Acriflavine ဆေးဝါရည်၊ Hydrogen peroxide ဟိုက်ဒရိုဂျင်-ပါအောက်ဆိုဒ်၊ Eusol ယူဇော ဆေးရည်တွေ ထည့်နိုင်ပါတယ်။ မသန့်တဲ့အနာကို ရေနွေးထဲစိမ်ထားတဲ့ ဂွမ်းနဲ့ သန့်ပေးနိုင်တယ်။ ညစ်ပေတာတွေ၊ အမှုံအမှိုက်တွေကို ဖယ်ထုတ်ပါ။ နောက်ပြီး သွေးထွက်နေရင် ရေနွေး ခပ်ပူပူမှာ စိမ်ထားတဲ့ Handkerchief အဝတ်သန့်၊ Gauze ပိတ်ကျဲစ Cottin wool ဂွမ်းကို ရေပြန်ညှစ်ပြီး၊ ဖိပေးထားရင် သွေးတိတ်စေမယ်။ အနာသန့်ပြီးရင် ဘေးက အရေပြားကို အရက်ပြန်နဲ့ ပတ်ပတ်လည်မှာ သုတ်ပေးပါ။ အနာ နှုတ်ခမ်းသားကနေ ဝိုင်းပတ်ပြီး လုပ်ရတယ်။ ဒါတောင် အနာထဲ ပြန့်ဝင်လာလို့ စပ်လာစေတယ်။ နောက်ပြီး (အိုင်အိုဒင်း) နဲ့ အဲဒီအတိုင်း လုပ်ပေးပါ။

ဒဏ်ရာက ချုပ်ဘို့လိုရင် ချုပ်နိုင်ပါပြီ။ ညစ်ပေနေတဲ့ အနာ၊ တိရစ္ဆာန်ကိုက်-လူကိုက် ခံရတာဆိုရင် မချုပ်ရသေးဘူး။ ချုပ်ပြီးရင်တော့ အပေါ်ကနေ အရက်ပြန်-(အိုင်အိုဒင်း) လိမ်းလို့ရပြီ။ (အိုင်အိုဒင်း) ပါတာဖြစ်ပေမဲ့ (Povidone Iodine Ointment) ကို အနာထဲထည့်ရင် ရတယ်။ သူက ရေနဲ့ စပ်ထားတာ။ (တင်ချာ-အိုင်အိုဒင်း) ခေါ်တဲ့ အရက်ပြန်နဲ့ စပ်တာကိုသာ အနာထဲ မထည့်သင့်တာပါ။ Povidone Iodine ကို ချုပ်ဘို့ မလိုတဲ့ အနာသေးသေးတွေ၊ ချုပ်ပြီးအနာ ပေါ်မှာပါ ထည့်ပေးနိုင်တယ်။

ဒဏ်ရာ ရလိုက်တာနဲ့ ပိုးဝင်နိုင်တယ်။ ပိုးတွေက ဝင်တဲ့နေရာမှာသာ နေတာ မဟုတ်ဘဲ ပြန့်တယ်။ ဒါ့ကြောင့် အနာကိုသာ အာရုံစိုက်တာနဲ့ မလုံလောက်ဘူး။ လိမ်းဆေးသာမက သောက်ဆေး-ထိုးဆေး ကူရတယ်။ Antiseptic Ointments တွေ အများကြီး ဝယ်လို့ရတယ်။ ဆေးထဲမှာ ဘာပါသလဲသိရင် ကောင်းတယ်။ ဥပမာတချို့ ရေးပါရစေ။

• Acriflavine ဆေးဝါရည်။ အနာထဲ ထည့်လို့ရတယ်။ အဝတ်အစားတွေကို ဝါစေတယ်။ မျက်စိထဲ မဝင်စေရဘူး။
• Betadine (Povidone Iodine Ointment 5 %) (အိုင်အိုဒင်း) ပါတဲ့ဆေး။ အရေပြားမှာ ပိုးဝင်တာ၊ အနာပေါက်တာ၊ ဒဏ်ရာရတာ၊ မီးလောင်နာ၊ ခွဲစိတ်ပြီးအနာ၊ အနာထဲကိုပါ ထည့်ပေးနိုင်တယ်။
• Betamethasone (ကော်တီဇုံး) ပါတဲ့ဆေး။ နာတာရှည် ပျောက်နိုင်ခဲတဲ့ နှင်းခူနာ Eczema လို အနာတွေ အတွက်ဆေး။ ရိုးရိုး အနာ-ဒဏ်ရာတွေကို မထည့်ရပါ။
• Burnol Plus Antiseptic Cream (Aminacrine, Cetrimide, Thymol, Emulsion Base) မီးလောင်နာ၊ အနာဒဏ်ရာ၊ ပွန်းပဲ့တာတွေအတွက် သုံးနိုင်တယ်။
• Chloramphenicol Eye Ointment 1%w/w ပဋိဇီဝဆေး Antibiotics မျက်စဉ်း။ မီးလောင်နာကို ပတ္တီး စည်းတဲ့အခါ ကပ်မနေစေတာမို့ သုံးလို့ ကောင်းတယ်။
• Chlorocresol (ဖီနော) ပါတဲ့ Antiseptic ဖြစ်တယ်။
• Clobetasol Propionate Cream (ကော်တီဇုံး) ပါတဲ့ဆေး။ နာတာရှည် ပျောက်နိုင်ခဲတဲ့ နှင်းခူနာ Eczema လို အနာတွေ အတွက်ဆေး။ ရိုးရိုး အနာ-ဒဏ်ရာတွေကို မထည့်ရပါ။
• Clotrimazole Cream မှို Fungus ကို နိုင်တဲ့ဆေး။
• Diclofenac နာတာကို သက်သာဆေး။ စားဆေး။၊ ထိုးဆေးလဲ ဒီနာမည်နဲ့ ရှိတယ်။ ပိုးသန့်ဆေးတွေနဲ့ ရောထား တတ်တယ်။
• Gentamicin Sulfate Cream 0.1%w/w Folliculitis, Furunculosis အနာ၊ Paronychia ခြေစွယ်ငုတ်၊ အရေပြားနာတွေအတွက် လိမ်းဆေး။
• Gentamicin Sulphate Ophthalmic Ointment 0.03% မျက်စဉ်း။
• Hansaplast, Handyplast ဆိုတဲ့ တခါသုံး အနာကပ်ပလာစတာတွေက ဆေးမပါဘူး။ သူတို့ဟာသူတို့ သန့်နေတာ သက်သက်ဖြစ်တယ်။ အနာကို ဖုံးပေးထားနိုင်တယ်။ အနောပ်ါဖုံးရတဲ့ ပတ္တီး-ပိတ်ကျုစ နဲ့ တိပ်-ပလာစတာ နှစ်မျိုးကို တခါတည်း ပါနေတဲ့သဘောသာ ဖြစ်တယ်။ ထိ-ရှတဲ့အခါ ချက်ချင်းသူ့ကိုသုံးနိုင်တယ်။ ခဏဆိုသလို ကြာမယ်၊ ထိခိုက်ရာမှာ မသန့်တာ ဝင်မယ်ဆိုရင် ဒဏ်ရာကို ပိုးသန့်ပေးဘို့ပါ လိုသေးတယ်။
• Iodochlorhydroxyquinoline မှို Fungus ကို နိုင်တဲ့ဆေး။
• Lignocaine Gel 2% ထုံဆေး၊ တခြားဆေးတွေထဲမှာ နာတာသက်သာအောင် ရောထည့်ပေးတတ်တယ်။
• Methyl Salicylate ဆေးက wintergreen အပင်ကထုတ်ထားတဲ့ အဆီ။ Aspirin နဲ့ဆင်တဲ့ နာတာ သက်သာဆေး။ များသွားရင် မကောင်းဘူး။
• Miconazole Cream မှို Fungus အားကစားသမားခြေထောက်၊ ပွေး Ringworm အတွက်ဆေး။
• Neomycin Sulphate Ointment 2 mg/gm ပဋိဇီဝဆေး Antibiotics ဆေး။ သာမန် အနာ-ဒဏ်ရာတွေအတွက် သုံးနိုင်တယ်။
• Penicillin Ointment ကို မွေးစကလေး၊ ကလေးငယ်လေးတွေမှာ ပေါက်တဲ့ Impetigo Neonatorum အနာကို လိမ်းပေးတာ ကောင်းတယ်။
• Povidone-iodine ဆေးက (အိုင်အိုဒင်း) ပါတဲ့ နောက်ပေါ်ဆေးဖြစ်တယ်။ (အိုင်အိုဒင်း) က ၁၈၁၁ ကတည်းက အလွန်အသုံးဝင်တာကို သိလာခဲ့တယ်။ Bacteria, Yeasts, Molds, Fungi, Viruses, Protozoans တွေကို နိုင်တယ်။ ဆိုးကျိုးတွေရှိတယ်။ Povidone (9.0% to 12.0% iodine) ပေါ်လာမှ တကယ် အသုံးဝင်လာခဲ့တယ်။ အနာထဲဝင်လည်း ရတယ်။
• Silver Sulfadiazine Cream 1% W/W ဆေးကို (ဆာလ်ဖါ) ပါတဲ့ မီးလောင်နာဆေး၊ (ဗက်တီးရီးယား) နဲ့ (ရိစ်) တွေကို သတ်နိုင်တယ်။ အနာကျက်တာ ကြာလို့ သိပ်မသုံးချင်ကြတော့ဘူး။
• Silver Sulphadiazine (ဆာလဖါ) ပါတဲ့ မီးလောင်နာလိမ်းဆေး။
• Sulphacetamide Sodium Ophthalmic Ointment 10% w/w ပဋိဇီဝဆေး Antibiotics မျက်စဉ်း။
• Tetracycline Hydrochloride Ointment 3% ပဋိဇီဝဆေး Antibiotics လိမ်းဆေး။ ဝက်ခြံ-အနာ-ဒဏ်ရာ လိမ်းဆေး။
• Tetracycline Hydrochloride Ophthalmic Ointment 1%w/w ပဋိဇီဝဆေး မျက်စဉ်း။ မျက်ခမ်းစပ်။
• Tolnaftate က မှို Fungus ကို နိုင်တဲ့ဆေး။

သက်မဲ့မျက်နှာပြင်တွေ၊ ဆေးထည့်သုံး-မွေးခန်းသုံး-ခွဲခမ်းသုံး ကရိယာတွေကိုလည်း အရက်ပြန်-အိုင်အိုဒင်း တို့နဲ့ သန့်တာ မလုံလောက်ပါ။ ရေပါတဲ့အတွက် Instrument တွေက Stainless ပစ္စည်းဆိုပေမဲ့ သံချေးတက်တယ်။ ဒါးတွေ-အပ်တွေ အသွားတုံးစေတယ်။ စားပွဲ၊ ကုတင်စတာတွေကို disinfectant solution နဲ့ သန့်ပေးရမယ်။ ဈေးချိုတဲ့နည်း ရေးပါစေ။

• ကြမ်းပြင်သန့်ဘို့ 1/4 cup household bleach to 1 gallon of cool water ကိုသုံးပါ။
• စားပွဲ-ကောင်တာ-လက်ဆေးခွက်-တွိုင်းလက် မျက်နှာပြင်တွေသန့်ဘို့ 1 tablespoon bleach to 1 quart of cool water နဲ့ disinfectant spray သုံးပါ။
• မီးဖိုအသုံးအဆောင်တွေ သန့်ဘို့ 1 tablespoon bleach to 1 gallon cool water မှာ ၁ မိနစ်စိမ်ပြီး၊ ရေပြန်ဆေးပါ။

Lysol (Benzalkpnium chloride) ဆေးက အလွန့်အလွန်အပြင်စား Disinfectant ဖြစ်တယ်။ အပြင်းစားကို ဆေရုံသုံး ဒါး-ကပ်ကြေး-အပ်တွေ စိမ်ထားဘို့ သုံးတယ်။ ပုံမှန်သုံးဘို့ One teaspoon of Lysol + one gallon of water ဆိုရင် ရပြီ။ ဆိုင်တွေမှာ တင်ရောင်းတာတွေက အချိုးအဆ မတူကြဘူး။ ကြမ်းပြင်တွေ မျက်နှာပြင်တွေ ဆေးလို့ ရတယ်။ ပိုးအမျိုးမျိုး ၉၉့၉% သေတယ်။ အနံ့ဆိုးလည်း ပျောက်စေတယ်။

Dr. တင့်ဆွေ
၂-၇-၂ဝ၁ဝ