ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Wednesday, September 22, 2010

China slim Tea တရုပ် (ဆလင်းမ်) လက်ဖက်ရည်

22 Sep 10, 02:44
China slim Tea က ဘာဆိုးကျိုးရှိပါသလဲ။

နာမယ် ဖတ်ရင် “ပိန်ဆေး၊ ခန္ခာကိုယ် (ဆလင်းမ်) ဖြစ်စေတဲ့ လက်ဖက်ရည်” ဖြစ်ပါတယ်။ ဒီအမေးကို ဖြေရတာကလဲ သတိရှိရ ပြန်တယ်။ ဆေးပညာ သင်တဲ့အထဲ မပါခဲ့တာမို့ သူများနယ်ပယ်ကို ဝေဖန်ရတာမှာ ရမ်းသမ်း ပြောတာမျိုး ဖြစ်သွားရင် ဖတ်တဲ့သူတွေအတွက် အကျိုးများမှာ မဟုတ်ပါ။ ဒီလို ခေါင်းစဉ်မျိုးက သည်းခြေကြိုက်လည်းဖြစ်၊ လူတကာ လိုက်ရှာနေတာမျိုးလည်း ဖြစ်တယ်။ အထောက်အထား ရှာတဲ့အခါ ကြော်ညာတွေ တွေ့တာ များတယ်။ ကုန်ပစ္စည်းဖြစ်ဖြစ်၊ နိုင်ငံရေးမှာ (လော်ဘီ) လုပ်တာ ဖြစ်ဖြစ် ကိုယ်ဖြစ်စေချင်တာ ဖြစ်ဘို့ (တတ်နိုင်သူများ) ငွေကြေးပေး ငှားကြတာ ထုံးစံဘဲ။

ဒီလက်ဖက်ရည်ထဲ ပါတာ ၃ မျိုးလောက်က Senna အခြေခံပစ္စည်းတွေ ဖြစ်တယ်။ Senna ဆိုတာ ပွေးကိုင်း၊ ပွေးကိုင်းက ဝမ်းနုတ်ဆေး။ တရုပ်နဲ့ ဗမာ ဆင်နေတာက တိုင်းရင်းဆေးတွေမှာ ဝမ်းလွယ်စေတာတွေ များတယ်။ အထက်တန်းတုံးက သင်္ချာသင်တဲ့ ဆရာက စာမသင်ခင် ၅ မိနစ်တိတိ၊ ဘာသာရေးဖြစ်ဖြစ် ကျန်းမာရေးဖြစ်ဖြစ် အရင် ပြောပြလေ့ရှိတာ အမှတ်ရတယ်။ သူက ဝမ်းနုတ်ဆေးကို အတော် ညွှန်းတယ်။ ဝမ်းထဲက အပုတ်တွေ ထုတ်ပြစ်တာ ကောင်းကြောင်း ပြောတယ်။ သူသင်တဲ့ သင်္ချာနဲ့ စာမေးပွဲ အောင်ပြီး၊ ဆရာဝန်ဖြစ်တော့ ဝမ်းနုတ်ဆေး ခဏခဏ သောက်သူတွေမှာ ဝမ်းက ဆေးမသောက်ရင် မသွားဘဲ ဖြစ်လာတာ၊ လိုတာထက် ပိုပြီး ဝမ်းကို သွားစေရင် အာဟာရနဲ့ ဓါတ်ဆားတွေ ကုန်ခန်းတာတို့ သိလာရတယ်။

China slim Tea ကို Pooh Tea လို့လဲ ခေါ်တယ်။ ဆေးညွှန်းအလိုအရ ၁ ပါတ်ထဲနဲ့ ၁ဝ ပေါင် ကျစေတယ်၊ သဘာဝ ဆိုတာတွေသာ ပါတယ်၊ လူလုပ် ဓါတုတွေ မပါဘူးလို့ ထောက်ခံသူတွေက ပြောတယ်။ ဆေးညွှန်းမှာ Teabag ကို ရေနွေး ပူပူထဲ ၂ မိနစ် စိမ်ခိုင်းတယ်။ နောက် ပျားရည် ထည့်ခိုင်းတယ်။ ထမင်းမစားခင် တခွက်သောက်ပါတဲ့။ ဝမ်းသာမက ဆီးလဲ သွားစေတယ်။ ဒီ ၂ ခုကိုက သေခြာပေါက် အလေးချိန် လျှော့စေနိုင်တယ်။ ကြော်ညာထဲ မပါတာကတော့ မျက်နှာက ပိန်ကျနေမယ်၊ လူလဲ ပြော့နေနိုင်တယ်။

ကျန်းမာရေးနဲ့ ညီ-မညီကိုတော့ ပြောနေကြတုံးပါဘဲ။ လွတ်လပ်မှုကို အားပေးတဲ့ နေရာဒေသတွေမှာ ပွင့်ပွင့် လင်းလင်း ဝေဖန်နိုင်တယ်။ ကြော်ညာတွေ ဘယ်လောက် စွဲမက်အောင် လုပ်ပေမဲ့ အနုတ်ဘက်ကနေ ထောက်ပြတာတွေလဲ ရှိတယ်။ Losing It: America's Obsession With Weight Loss & the Industry That Feeds On It စာတအုပ်ရေးပြီး၊ ပိန်ဆေး လက်ဖက်ရည်ထဲက ပွေးကိုင်းကြောင့် သေရတဲ့အထိ ရှိတယ် ဆိုတာ ရေးတယ်။ နောက်တယောက်ကလဲ အူမကြီး-ကင်ဆာနဲ့ ပွေးကိုင်း ဆက်စပ်တာ ထောက်ပြသေးတယ်။ ဒါက တဦးတလေက ပြေတာမျိုးပါ။ ပြောတဲ့သူကဘဲ Slim Tea ကို ၂ ပါတ် သောက်ပြီး၊ ၅ ပေါင် ကျတယ်လို့ သက်သေခံပါတယ်။

ဒီလက်ဖက်ရည်လဲသောက်၊ ကလိုရီလဲ လျှော့စား၊ အားကစား တခုခုလဲ လုပ်ရင် ထိရောက်နိုင်တာ အမှန်ဘဲ။ အစား ကြီးသူတွေမှာတော့ ထိရောက်မယ် မဟုတ်ပါ။ စားပေမဲ့ အာဟာရက မပြည့်သူဆိုရင် ဝမ်းပျက်၊ ကြွက်တက်-ကြွက်သား နာတာမျိုး ဖြစ်လာစေနိုင်တယ်။ ဝမ်းနုတ်ဆေးတွေက အကျင့်ပါတတ်တယ်။ ဝမ်းသွားတာ များသူတွေ ရက်ကြကြာဖြစ်ရင် ရေဓါတ်-ဆားဓါတ် နည်းမယ်၊ ဗီတာမင် စတာတွေ နဲသွားမယ်။ ကြာကြာ မသောက်သုံးသင့်ဘူး။

အနံ့ မကြိုက်တဲ့သူ တယောက်က ပျားရည် ၁ ဂါလံထည့်တောင် အနံ့မခံနိုင်ဘူးတဲ့။ နွားခြံထဲ ရောက်သွားရသလိုဘဲ၊ နွားချေးနံ့တွေ မခံနိုင်ဘူးဆိုပြီး၊ လွန်လွန်ကဲကဲ သဲသူလဲ ရှိတယ်။

“ကောင်းတော့ ကောင်းတယ် မျက်စိစပ်တယ်” လို့ ပြောလေ့ရှိတာထဲ ဒါလဲပါတယ်။ တယောက်က The most effective as well as the most disgusting and the most dangerous လို့ ရေးတယ်။ “ထိရောက်တာ စစ်မှန်ပေမဲ့ မနှစ်မြို့စရာ သာမက၊ အန္ကရာယ်ပါ ရှိတယ်” တဲ့။

ဒီတော့ သေခြာတာက တရုပ်-လက်ဖက်ရည်ဟာ Miracle ပြာဋိဟာ-တန်ခိုးတော့ မရှိတာ အမှန်ပါ။

Dr. တင့်ဆွေ
၂၂-၉-၂ဝ၁ဝ