ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Saturday, September 25, 2010

Delusional disorder အမြင်သွေလွဲခြင်း စိတ်ရောဂါ

September 24, 2010 3:28 PM
I am curious to know more about on it. I can find some articles in English but you know it was not that as good as in Burmese. If you can give me some information or further reference to read about it please let me know.

“ဆန်းပြား-ရှုတ်ထွေးခြင်း မရှိတဲ့ အရာတွေကို ရှိနေတယ်လို့ ထင်မှတ်နေတဲ့ စိတ်ရောဂါ” ဖြစ်ပါတယ်။ ဆန်းပြား-ရှုတ်ထွေးခြင်း ဆိုတာတွေက တစ္ဆေ-သူရဲလို မဟုတ်ဘဲ၊ တကယ်လဲ ရှိနိုင်တဲ့ အမှားမျိုး ဖြစ်တယ်။

ဥပမာ သူ့ကို ချစ်-မုန်း နေတယ်လို့ ထင်မှတ်တာ၊ သူ့ နောက်ကနေ ထောက်လှမ်းရေးက လိုက်နေတယ်လို့ ထင်မှတ်တာမျိုး။ အဲလို ထင်မှတ်မှား နေတာတွေက မူးယစ်ဆေးဝါးကြောင့်၊ ကိုယ်ကာယ ကျန်းမာရေးကြောင့်၊ (စကီဇိုဇရီးနီးယား) စိတ်ရောဂါကြောင့် မဟုတ်ရဘူး။ ဒီရောဂါ ခံစားရှိနေပေမဲ့ နေ့တဓူဝ အလုပ်တွေမှာ တက်တက် ကြွကြွ လုပ်နေတဲ့သူသာ ဖြစ်ပြီး၊ အခုလို ထင်မှတ် မှားတာက လွဲရင် လူကောင်းဘဲ။ တချို့လူ့အသိုင်းအဝိုင်း၊ ဘာသာရေး ယုံကြည်မှုတွေက ဒါမျိုး ဖြစ်နေ-ရှိနေသူကို လေးစားသမှု ပြုတတ်ကြတယ်။ ကိုးကွယ် နေတတ်ကြတယ်။

လက္ခဏာ အင်္ဂါ (၆) ရပ်ရှိတယ်။
(၁) Erotomania တစိမ်းတရံ (နာမယ်ကြီး) တယောက်၊ သူ့ထက် အဆင့်အတန်း မြင့်သူတယောက်နဲ့ ချစ်နေတယ်လို့ ထင်မှတ် မှားနေတယ်။ ချစ်စိတ်ကလဲ အလွန်ပြင်းပြတယ်။ သူထင်နေတဲ့သူဆီ ဖုန်းဆက်၊ စာရေး၊ သွားလည်ပတ်တာမျိုး လုပ်တယ်။ သွားကယ်ဆယ်ရတာမျိုးသဘော လုပ်တယ်။ တကောက်ကောက် လိုက်နေမယ်။

(၂) Grandiose ထင်ပေါ်ကျော်စောနေတယ်၊ သိပ်သြဇာအာဏာ ရှိတယ်၊ နာမယ်ကြီး တယောက်နဲ့ နီးစပ်မှု ရှိနေတယ်လို့ ထင်မှတ်မှားခြင်း၊ သူများတွေထက် ပါရမီရှိနေသလို၊ သူများ မတွေ့-မသိတာကို တွေ့-သိသလို၊ သူများထက် ဘာသာရေး ဥာဏ်အလင်းတွေ ရနေသလို ထင်မှတ်မှားနေမယ်။

(၃) Jealous မနာလို-ဝန်တိုမှု၊ သူ့ ဇနီး-ခင်ပွန်းက သု့အပေါ် သစ္စာမရှိဘူး ထင်မှတ်နေတာ။ ရှိတ်စပီးယား ပြဇာတ်တခုလို Othello syndrome ဆိုတာ ဖြစ်နေမယ်။ သူ့အပေါ် သစ္စာမရှိဘူး ထင်နေတာကို တားဆီး-ပိတ်ပင်တာမျိုး လုပ်မယ်။ ဒါအတွက် ဒေါသထွက်မယ်။ သတ်တာ-ဖြတ်တာအထိ ကြမ်းတမ်းမှု ဝင်လာနိုင်တယ်။

(၄) Persecutory တစုံတယောက်ကနေ သူ့နောက်က တစိုက်မတ်မတ် လိုက်လံနေတယ်လို့ ထင်မှတ်မှားခြင်း၊ အများဆုံး တွေ့ရတယ်။ သူ့ကိုဖြစ်ဖြစ်၊ သူ့ရဲ့ ရင်းနှီး ကျွမ်းဝင်သူကိုဖြစ်ဖြစ် တယောက်ကနေ မတရား ပြုမူနေတယ်လို့ ထင်တာ။ သူ့ကို လိုက်လံ နှောင်ယှက်နေတယ် ထင်နေတာ၊ ဒါပေမဲ့ တခြားစိတ်ရောဂါတွေမှာ အဲလို ဖြစ်နေသူတွေလိုတော့ ပုံမပျက်ဘူး။

(၅) Somatic type သူ့ကို အကောင် (အင်းဆက်) ကကိုက်နေတယ်၊ သူ့ကိုယ်ခန္ဓာက ပုံမှန်အလုပ် မလုပ်ဘူး၊ အနံ့ဆိုး ထွက်နေတယ်၊ သူ့ကိုယ်မှာ အရုပ်ဆိုးနေတာ ရှိနေတယ် စသဖြင့် ထင်မှတ်မှားနေတာမျိုး။

(၆) Mixed လက္ခဏာ-အင်္ဂါရပ်တွေ တခုမက ရောဖြစ်နေခြင်း။

ဝေဒနာရှိသူဟာ သူထင်မှတ်နေတာကို တစိုက်မတ်မတ် တမူထူးပြီး ပြောပြနေမယ်။ သူထင်မှတ်နေတာကနေ သူ့ဘဝ လမ်းကို ပြောင်းလဲ၊ သက်ရောက်စေလိမ့်မယ်။ သူ့ကို မေးရင် လှို့ဝှက်မှုတွေ၊ သံသယဝင်တာတွေ ဖြစ်နေတာ တွေ့ရမယ်။ သူ့မှာ ဟာသရယ်လို့ မရှိဘူး။ သူ့အထင်ကို အထိမခံနိုင်ဘူး၊ လုံးဝလျှော့ပေးမှာ မဟုတ်ဘူး။ သွားငြင်းလိုက်ရင် စိတ်တို-ရန်လိုလာလိမ့်မယ်။ သူဖြစ်နေရတာက သူ့လူမှု-ဘာသာရေး နောက်ခံနဲ့ ဆိုင်ချင်မှ ဆိုင်နေတတ်တယ်။

သူ့ထင်မြင်ချက်အတိုင်း လိုက်လုပ်တာ မှန်သမျှကို နားလည်ကြည့်လို့ ရပေမဲ့ ပုံမှန် မဟုတ်ဘူး။ သူ့ကိုသိ-ကြည့်နေ သူတွေကတော ဒီလိုဖြစ်နေတာဟာ တမူထူးနေတယ်၊ တခုခုဖြစ်နေတယ်ဆိုတာ သိတယ်။ ဒီလို ဖြစ်တာက ပင်မ စိတ်ဝေဒနာသာ ဖြစ်ပြီး၊ စိတ်ရောဂါတခုခုရဲ့ လက်အောက်ခံ အမျိုးအစား မဟုတ်ဘူး။ နာတာရှည် ဖြစ်တယ်။ တချို့မှာ တသက်လုံး ဖြစ်နေမယ်။ သူထင်မှတ်မှားနေမှုက သူ့ဟာနဲ့သူ ကျိုးကြောင်းဆီလျှော်မှု ရှိနေတာမျိုး၊ တသမတ်ထဲလဲ ဖြစ်နေတာမျိုး။ သူများတွေရဲ့ ကျိုးကြောင်းဆီလျှော်မှုနဲ့ ခြေဖျက်လို့ မရဘူး။ သူ့ (လောဂျစ်) က သပ်သပ်။ သူ့ကိုယ်သူ သိပ် ဦးစားပေးတယ်။ သူများတွေက အသေးအဖွဲလေးလို့ ယူဆပေမဲ့ သူ့မှာက သိပ်အရေးပါနေတတ်တယ်။

တိတိကျကျတော့ ဘာ့ကြောင့်ဖြစ်လဲဆိုတာ မသိသေးပါ။ ရောဂါကို အသက်ရမှ ခံစားရသူမျိုးဟာ မိသားစုဘဝနဲ့ ဆိုင်နေတတ်တယ်။ ငယ်ငယ်က စည်းကမ်း သိပ်တင်းကြပ်တဲ့ မိဘတွေ အောက်မှာ ကြီးပြင်းလာရတာမျိုး။ အရာရာမှာ သိပ် Sensitive အထိမခံ-ရွှေပန်းကန် ဖြစ်နေရင် ဒါမျိုး ဖြစ်တတ်တယ်။ တခြား ပိုပြီး ပြင်းထံတဲ့ စိတ်အခြေအနေမျိုး ဥပမာ Bipolar disorder, Schizophrenia တို့နဲ့ တွဲနေတတ်သေးတယ်။ Schizophrenia လို အဆီအငေါ်မတည့် စကားတွေ၊ အမူအယာတွေ မပြော-မရှိဘူး။ သူများ မမြင်-မကြားတာမျိုး မြင်-ကြားတာ မရှိဘူး။ Schizophrenia လောက်လဲ အဖြစ် မများဘူး။

ကုသရင် Drug therapy ဆေးရော Psychotherapy စိတ်ပညာအရပါ လုပ်ရတယ်။ ခက်တာက ဖြစ်နေသူက သူ့ကိုယ်သူ လူကောင်းဘဲ မှတ်ပြီး ဆေးကုတာ မခံချင်ဘူး။ ဆေးထဲမှာ Atypicalantipsychotic ကို သုံးတယ်။ Schizophrenia မှာလဲ ဒီဆေးသုံးပါတယ်။ Risperidone, Quetiapine, Olanzapine ဆေးတွေ ဖြစ်တယ်။ ဒါနဲ့ မသက်သာရင် Pimozide, Fluphenazine decanoate, Fluphenazine enanthate ဆေးတွေသုံးရတယ်။ လူနာက မခံချင်စိတ်ဖြစ်လို့ ထိန်းမရတာ ဖြစ်လာရင် Haloperidol ထိုးဆေးနဲ့ ငြိမ်အောင် လုပ်ပေးရတယ်။ Lorazepam ဆေးလဲ ပေးနိုင်တယ်။ သိပ်ဆိုးတဲ့ သူတွေကို Clozapine ဆေးနဲ့ ကုရပြန်တယ်။ ရေရှည်အတွက် Antidepressants နဲ့ Anxiolytics ဆေးကို နေ့တိုင်း သောက်စေရတယ်။ စိတ်အထူးကု ဆရာဝန်ကနေ Cognitive therapy, Empathy နည်းသုံး ကုပေးမယ်။

အသက် ၁၈ နောက်ပိုင်း ဖြစ်တတ်ပြီး ၄ဝ ကျော် လောက်မှာ ဖြစ်တာ ပိုများတယ်။ အမျိုးသမီးတွေမှာ နဲနဲလေး ပိုများတယ်။ (၅၆့၅%) လို့ စပိန်-သုတေသနတခုက ဆိုတယ်။ ယောက်ျားတွေမှာက Paranoid delusions ပိုဖြစ်ပြီး၊ အမျိုးသမီးတွေမှာ Delusions of erotomania ပိုဖြစ်လေ့ရှိတယ်။ အိမ်ထောင်ကျပြီးသူ၊ အလုပ်အကိုင် ရှိသူ၊ လူမှု-အသိုင်းဝိုင်း နိမ့်ကျသူ၊ အမျိုးသမီးဆိုရင် မုဆိုးမ၊ ယောက်ျားဆိုရင် လိင်ဆက်ဆံမှုကို ရှောင်ကျဉ်တတ်သူ၊ တိုင်းတပါးကို ထွက်လာရသူတွေမှာ အဖြစ်များနေတာ တွေ့ရတယ်။

Dr. တင့်ဆွေ
၂၅-၉-၂ဝ၁ဝ