ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Monday, December 20, 2010

Depression (2) ပုထုဇ္ဇနော

December 19, 2010 8:30 PM
ကျွန်တော့် နာမယ် (့) ပါ။ (့) နိုင်ငံမှာ နေပါတယ်။ အသက်ကတော့ ၂၆ နှစ်ရှိပါပြီ။ စိတ်ဖိစီးဒဏ်ကို မကြာခဏ ရင်ဆိုင်နေရပါတယ်။ အဲဒီအတွက် ဆေးကုနေရတာအခုဆိုရင် ၃ နှစ်ရှိသွားခဲ့ပါပြီ။ ဒါပေမဲ့ တစ်ခါတရံ အဆိုးဆုံး အခြေနေကို ရောက်သွားပြန်တယ်။ ဒီလိုနဲ့ဘဲ သံသရာလည်နေခဲ့တယ်။ ကျွန်တော်မှာ အိမ်ထောင်လည်း ရှိပါတယ် ဒါပေမဲ့ ဇနီးက အသက်ငယ်ပြီး ဘာမှနားမလည်တဲ့ တောသူပါ။ ဒါကြောင့် ဇနီးလည်း နားလည်ပြီး ကျွန်တော်လည်း နားလည် နိုင်အောင် ရှင်းပြစေချင်ပါတယ်။ သောက်နေကျဆေးတွေတော့ ရပ်နားထားပါတယ်။

အခုသောက်နေတာကတော့
AMITRIPTYLINE 10 MG
BRUFEN 400 MG
ဆေးနံပါတ် ၂ ကို ခေါင်းအရမ်းကိုက်လာရင်တော့ သောက်ပါတယ်။ ကျွန်တော်ကတော့ တခြာနည်းလမ်းတွေကော ရှိနေသေးတယ်လို့ ထင်ပါတယ်။

စိတ်ရောဂါအကြောင်းတွေကို မရေးဘူးသေးပါ။ ကျန်းမာရေးစာတွေ ရေးတဲ့အခါ ဆေးပညာသင်သလိုနဲ့ မေးတာကို ဖြေသလို ရေးနေခဲ့တယ်။ စိတ်ရောဂါကို ရေးရင် တမျိုးတိုးဘို့ လိုလာတယ်။ ဆေးကုသလိုမျိုးပါရေးမှ ယူလို၊ ရလိုသူ အတွက်သာမက ပျောက်ကင်း-သက်သာလိုသူအတွက်ပါ အကျိုးရှိစေနိုင်မယ်။

“ပုထုဇ္ဇနော ဥမ္မတ္တကော” သာမန်လူတွေဟာ စိတ်မတည်ဘဲ အစဉ်အမြဲ ဖောက်လွှဲ ဖောက်ပြန် ဖြစ်တတ်တဲ့သဘော ရှိကြလို့ အရူးတွေနဲ့ အတူတူဘဲလို့ ဆိုလိုတာပါ။ စိတ်နဲ့ ပတ်သက်ရင် အဲဒီအဆိုအမိန့်ကို လူကြီးတွေ သိကြသလို ခုခေတ်မှာ Counseling (ကောင်ဆယ်လိင်း) လုပ်ရတယ်ဆိုတာ ကြားဘူးကြမယ် ထင်တယ်။ ပညာရှင်နဲ့ ခံစားနေရသူတွေ အပြန်အလှန် မေးကြ၊ ဖြေကြရတာမျိုး လုပ်တာကို ပြောတာပါ။

(ကောင်ဆယ်လာ) ကောင်းဆိုတာ အကောင်းဆုံး နားထောင်ပေးနိုင်သူ ဖြစ်ပါတယ်။ ဘက်မလိုက်ဘလဲ မြင်တတ်သူလဲ ဖြစ်တယ်။ Counselors ဆိုတာ Mental Health Counselling စိတ်ကျန်းမာရေး၊ Depression Counselling စိတ်ကျရောဂါ နဲ့ Health Counselling ကျန်းမာရေး ကလွဲရင် ဆရာဝန် မဟုတ်သူတွေက လုပ်ပေးကြတယ်။ Relationship Counselling ဆက်ဆံရေး၊ Marriage Counselling အိမ်ထောင်ရေး၊ Guidance Counselling လမ်းညွှန်မှု၊ Family Counselling မိသားစု၊ ဒါတွေမှာ ဆရာဝန်တွေ မလုပ်တတ်ပါ။

စိတ်ကျတယ် Depression ဆိုတာ အတွေးရော အလုပ်ပါ ကျနေတာ ဖြစ်တယ်။ ဒါဖြစ်လာရင် သူ့အတွေး၊ သူ့အမူအယာ၊ သူ့ခံစားချက် နဲ့ သူ့ကိုယ်ကာယကျန်းမာရေးတွေမှာ လာထိခိုက်တယ်။ ဝမ်းနည်း၊ ကျေကွဲ၊ စိုးရိမ်၊ အကူအညီကင်းမဲ့၊ အပြစ်ရှိနေသလိုနေ၊ ဂနာမငြိမ်၊ စိတ်မလိုမကျတာတွေ ဖြစ်လာမယ်။ အရင်က သာယာတာတွေ၊ စိတ်ဝင်စားတာတွေ၊ အရသာတွေ့တာတွေ နည်းပါး၊ ကင်းမဲ့လာမယ်။ အအိပ်ပျက်မယ်၊ အစားတော့ နည်းချင်နည်း၊ များချင်များမယ်။ အားယုတ်၊ နာကျင်ကိုက်ခဲ၊ အစာမကျေတာတွေ ဖြစ်မယ်။ ဆိုးဝါးတဲ့ Major depressive disorder (MDD) အဆင့်ရှိသူတွေမှာ ၄့၎% က ကိုယ့်ကိုယ်ကို သတ်သေကြတယ်။ ပြန်ပြန်ဖြစ်နေသူ၊ အကုရခက်သူတွေလဲ ရှိတယ်။ Refractory depression and Treatment-resistant depression ခေါ်တယ်။

ဒီခေတ်မှာ လူတွေက ပိုပြီး ပွင့်လင်းလာကြတယ် မဟုတ်လား။ သိပ် ချုပ်တီး-သိုဝှက် မထားတော့ဘူး၊ မြုံမထားတော့ဘူး၊ ထိန်းမထားတော့ဘူး၊ စိတ်ထဲမှာရော၊ ပြောတာဆိုတာ၊ ရေးသား-ဖွဲ့ဆို-စပ်ဟပ်တာရော၊ လုပ်ကိုင်၊ လှုတ်ရှား၊ ကခုန်၊ ဝတ်ဆင်တာတွေပါ အရင်ကလူတွေထက် ပိုလာ-ကဲလာ၊ သဲလာ-ရဲလာကြတယ်။ ပြောင်းလာကို ပြောတာပါ။ ကောင်းလာတာလို့ ပြောချင်တာတော့ မဟုတ်ပါ။ အကုန် မကောင်းဘူးလို့လဲ မဆိုချင်ပါ။ ပြောင်းလာတာက ဖြစ်နေတာမို့ အရှိတရားတခုဘဲ မဟုတ်ပါလား။

မြန်မာပြည်ဖွါးတွေ တိုင်းပြည်ကနေ အပြင်ထွက်နေကြရတာ ၅ သန်းရှိနေပြီ။ ၁ဝ ယောက် ၁ ယောက်။ သူတို့အတွက် ရောဂါတွေ ကုသတာမှာ ဘာသာစကား အခက်အခဲဆိုတာ ကြုံကြရတယ်။ စိတ်နဲ့ ပတ်သက်တာကြ ပိုခက်ခဲလွန်းမယ် ထင်တယ်။ ဘာသာစကား၊ ယဉ်ကျေးမှု၊ ကွဲပြားလွန်းတော့ လိုရာမပေါက် မထိရောက်တတ်ဘူး။ တလောက တိုင်းရင်းသား ထဲက စိတ်ဝေဒနာ ခံနေရသူ တယောက်ကို ဒုက္ခသည်-ဆေးခန်းလေးကို ခေါ်လာတယ်။ ဆရာဝန်လုပ်သူက ဗမာစကားသာ တတ်တော့ ခက်တယ်။ ဘာသာပြန်နဲ့ လုပ်ရတာလဲ တစိတ်တပိုင်းသာ အောင်မြင်တယ်။

Online Counselling, E-counseling (အင်တာနက်) ကနေ ဆောင်ရွက်ပေးတာ ရှိလာလို့ ပိုအဆင်ပြေလာတယ်။ မြန်မာ စိတ်အထူးကု-ဆရာဝန်တွေ (အွန်လိုင်း) မှာ လုပ်ပေးတာရှိရင် သိပ်ကောင်းမှာဘဲ။ အသံရော၊ ရုပ်ပါ အလွယ်နဲ့ ရနေတာဘဲ။

စိတ်ကျရောဂါဆိုတာ ကျား-မ မရွေး ဖြစ်တယ်။ အမျိုးသမီးတွေမှာ အဖြစ်များတယ်။ တယောက်ဖြစ်တာနဲ့ နောက် တယောက် ဖြစ်တာ တူချင်မှ တူမယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာလက္ခဏာတွေလို့ ခွဲခြားနိုင်တယ်။ ဖြစ်နေချိန်မှာ စိတ်ဓာတ် ညှိုးငယ် ကျဆင်းနေမယ်။ မနက်ပိုင်းမှာ ပိုသိသာတယ်။ စိတ်ရွှင်လန်းမှု မရှိဘူး။ သွားလာ လှုပ်ရှားတာ စကားအပြောအဆိုမှာလည်း နည်းမယ်၊ လေးလံမယ်၊ နှေးကွေးမယ်။ ကိုယ့်အလုပ်၊ မိသားစု၊ ပတ်ဝန်းကျင် အပေါ်မှာလဲ စိတ်ဝင်းစားမှုတွေ နည်းသွားမယ်။ လိင်ကိစ္စမှာပါ စိတ်ဝင်စားမှု လျော့နည်းနေမယ်။ တခါတလေ စိတ်တို လွယ်တယ်။ စိုးရိမ်စိတ်တွေ လွန်ကဲနေမယ်။ ဂနာမငြိမ်ဖြစ်နေမယ်။ တခါတလေ မျက်ရည်ဖြိုငိဖြိုင်ကျပြီး ငိုကြွေးနေမယ်။ ကိုယ့်ကိုယ်ကို အပြစ်ရှိသူလို့ ထင်မြင် ပြောဆိုနေမယ်။ သူပြုမှုမိခဲ့တာတွေအပေါ် စားမြုံ့ပြန်နေပြီး လိုအပ်တာထက် ပိုပြီး အပြစ်ကို ပုံကြီးချဲ့ တွေးထင် ပြောဆိုမယ်။ တန်ဖိုးမရှိတဲ့လူ၊ အကူအညီမဲ့တဲ့လူ၊ မျှော်လင့်ချက် ကင်းမဲ့နေသူအဖြစ်လည်း ယူဆနေမယ်။ ကိုယ့်ဘဝအပေါ် အဆိုးမြင်တဲ့ ခံယူချက်တွေလည်း ဖြစ်ပေါ်နေမယ်။ လုပ်ချင် ကိုင်ချင်စိတ်တွေလည်း ကုန်ခန်းနေမယ်။ အာရုံ စူးစိုက်နိုင်စွမ်းလည်း ကျဆင်းနေမယ်။ မမှတ်သားနိုင်ဘဲ ဖြစ်နေမယ်။ ဆုံးဖြတ်ချက်ချဘို့ မဝံ့မရဲ ခက်ခဲနေတတ်ပြီး အသေးအဖွဲကိစ္စတောင်မှ ချီတုံ ချတုံ ဖြစ်နေမယ်။ ဘဝရဲ့ အရသာတွေ၊ သာယာမှုတွေ ပျောက်ဆုံး နေသလို ခံစားနေရမယ်။

Depression ကို မကုသရင် Panic attacks ထိန်းမနိုင်သိမ်းမရဖြစ်တာ၊ Anxiety disorder စိုးရိမ်စိတ်လွန်ကဲတာ၊ Bipolar situation စိတ်နှစ်ခွအခြေအနေ ဆိုတာတွေ ဆက်ဖြစ်လာတတ်တယ်။ ထိန်းမရချိန်မျိုး ရောက်လာရင် ဆေးရုံတက်ပြီး၊ အထူးကုသမှု လုပ်ရမယ်။ ကုသနည်း ၃ မျိုးရှိတယ်။ Psychotherapy စိတ်ကို စိတ်နဲ့ကုတာ အကောင်းဆုံးဖြစ်တယ်။ Medication ဆေးနဲ့ ကုနည်းရှိတယ်။ Electroconvulsive therapy လျှပ်စစ်နည်းက နောက်ဆုံးနည်းဖြစ်တယ်။

Antidepressants စိတ်ကျရောဂါဆေးတွေကတော့ -
• Tricyclic = Amitriptyline (Elavil), Imipramine (Tofranil), Nortriptyline (Pamelor)
• SSRIs or serotonin boosters = Fluoxetine (Prozac), Paroxetine (Paxil), and Sertraline (Zoloft) နဲ့
• Monoamine oxidase inhibitors = Phenelzine (Nardil), Tranylcypromine (Parnate) တွေဖြစ်တယ်။

Psychotherapy နည်းကို ယောက်ချင်းဖြစ်ဖြစ် အုပ်စုလိုက်ဖြစ်ဖြစ် လုပ်တယ်။ ဆရာတွေကလဲ အမျိုးမျိုးရှိတယ်။ Psychotherapists စိတ်ကုဆရာဝန်၊ Psychiatrists စိတ်ပညာအထူးကုဆရာဝန်၊ Psychologists စိတ်ပညာရှင်၊ Clinical social workers ကျန်းမာရေး-လူမှုရေးရာ ကျွမ်းကျင်သူ၊ Counselors (ကောင်ဆယ်လာ) နဲ့ Psychiatric nurses စိတ်အတူးပြု သူနာပြုတွေ ဖြစ်တယ်။

“စိတ်အခြေအနေတွေ” ဆိုတာ “ဖြစ်လာတာ” ရော၊ “ကျော်လွှားနိုင်တာ” ပါ ကိုယ်ကိုယ်တိုင်က အစပျိုးတာတွေ ဖြစ်တယ်။ တခါတလေ အဲလိုလုပ်မရတတ်ကြဘူး။ ဝေဒနာခံစားနေသူလဲ ကောင်းနေတုံးက ကိုယ့်လောဘ၊ ကိုယ့်ဒေါသကို ထိန်ချုပ် နိုင်စွမ်း ရှိခဲ့သူပါဘဲ။ ကုသရင်လဲ ပြန်ကောင်းလာအုံးမှာဘဲ။

1. ကိုယ့်ကိုယ်ကိုရော သူများကိုပါ စိတ်ထဲကို၌က အပြစ်မတင်မိအောင် ကြိုးစားပါ။
2. ကိုယ့်ရောဂါအကြောင်း ပြောသင့်သူတွေကို ထုတ်ဖော်ပြောပါ။
3. မူးယစ်ဆေးဝါးနဲ့ အရက်ကို ရှောင်ပါ။ လေ့ကျင့်ခန်း လုပ်ပါ။ ကောင်းကောင်းစားပါ။ ကောင်းကောင်းအိပ်ပါ။
4. အလုပ်တာဝန် မပိပါစေနဲ့။
5. အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို မလုပ်ပါနဲ့အုံး။

အဲ့ “စနစ်တကျ ဆေးကုသမယ်” လို့တော့ ဆုံးဖြတ်လိုက်ပါ။ “ငါ ပျောက်ရမယ်လို့” လဲ ယုံကြည်စိတ် ထားပါလေ။ လောကကြီးမှာ သာယာနေတာကို ခံစားလိုက်ပါ။ ဘုရားအလောင်း၊ ရဟန္တာလောင်း မဟုတ်သူတိုင်း လောကရဲ့ သာယာဖွယ်ကို ရှာဖွေပြီး၊ ကျင်လည်နေကြပါတယ်။ အပြစ်လွတ်တဲ့ သာယာမှုတွေ တလှေကြီး ရှိပါတယ်။

Dr. တင်ဆွေ
၂ဝ-၁၂-၂ဝ၁ဝ