Monday, January 31, 2011

ESR ဆိုတာ

Jan 31, 2011 at 11:39 AM
ဆရာရှင့် ESR ဆိုတာ ဘာကိုပြောတာလဲ။ ရှင်းပြပေးပါ။ ဘာကြောင့် ESR မြင့်တက်နေရတာလဲ။ မည်ကဲ့သို့ စားသောက် နေထိုင်ရမည်နည်း။

Erythrocyte sedimentation rate (ESR) ဆိုတာ သွေးနီဥတွေ ၁ နာရီအတွင်း အနယ်ထိုင်တဲ့နှုန်း ဖြစ်တယ်။

ESR ဂဏန်းမြင့်နေတဲ့ အခြေအနေနဲ့ ရောဂါတွေက များတယ်။ အမျိုးသမီးတွေက နဲနဲပိုများတတ်တယ်။ အသက်ရရင်လဲ ပိုများတယ်။ Multiple myeloma, Temporal arteritis, Polymyalgia rheumatica, Auto-immune diseases, SLE နဲ့ Chronic kidney diseases ရောဂါတွေကို နာမယ်တပ်ရင် အသုံးဝင်တယ်။ Kawasaki's disease, TB နဲ့ Infective endocarditis တွေမှာလဲ ရောဂါ ခွဲခြားဘို့ သုံးရတယ်။

မတိကျလှပေမဲ့ ဘယ်လောက်ထိ နေမကောင်းဘူး ဆိုတာတော့ သိရတယ်။ အထဲ တနေရာရာမှာ ရောင်နေတာကို သိရစေတယ်။ ESR လျော့လာရင် သက်သာလာလို့ဘဲ။

ပုံမှန် ESR
• ယောက်ျားလူကြီး = 12-14-19 mm/hr
• မိန်းမလူကြီး = 18-21-23-29 mm/hr
• မွေးစကလေး = 0-2 mm/hr
• ၁ နှစ်သားကနေ အရွယ်ရောက်ချိန် = 3-13 mm/hr

သွေးအားနည်း၊ နှလုံးသားရောင်၊ ကျောက်ကပ်ရောဂါ၊ အရိုးတွင်းရောင်၊ ကိုယ်ဝန်ဆောင်၊ လေးဘက်နာ၊ (ရူမက်တစ်) အဆစ်နာရောဂါ၊ (ဆစ်ဖလစ်)၊ (အက်စ်-အယ်လ်-အီး) ရောဂါ၊ လည်ပင်းကြီးရောဂါ၊ တီဘီ၊ စတာတွေမှာ ESR များ နေတတ်တယ်။

(အင်ဖက်ရှင်) တကိုယ်လုံးပြန့်နေတာ၊ Giant cell arteritis အဆစ်နာရောဂါတမျိုး၊ သွေးထဲမှာ ခဲစေတတ်တဲ့ ပစ္စည်း များနေတာ၊ စတာတွေမှာ ESR သိပ်များနေတတ်တယ်။

နှလုံးရောဂါ၊ သွေးပျစ်နေတာ၊ သွေးထဲမှာ ခဲစေတတ်တဲ့ပစ္စည်း နည်းနေတာ၊ သွေးထဲမှာ ပရိုတင်း နည်းနေတာ၊ Sickle cell anemia သွေးအားနည်းရောဂါ စတာတွေမှာ ESR နည်းနေတတ်တယ်။

ESR စစ်ခိုင်းတဲ့ ဆရာဝန်ကနေ ရောဂါနာမယ် တပ်ပါလိမ့်မယ်။ ရောဂါအတိုင်း ကုသ-လိုက်နာ-စားသောက်-နေထိုင် ရပါလိမ့်မယ်။ ကျန်းမာ-ချမ်းသာပါစေ။

Dr. တင့်ဆွေ
၃၁-၁-၂ဝ၁၁

Sunday, January 30, 2011

Alprazolam ၏ ဘေးထွက်အကျိုးများ

30 Jan 11, 14:51
Alprazolam ကို နေ့တိုင်း သောက်နေပါတယ် ဆရာ။ သူ့ရဲ့ဘေးထွက်ဆိုးကျိုးကို သိပါရစေ။

Side effects of Alprazolam (Xanax, Niravam, Xanax XR) ဆေး၏ ဘေးထွက်အကျိုးများ
• မျက်စိ-ရေတိမ်ရှိနေသူ၊ မှိုဆေး Itraconazole or Ketoconazole တွေသောက်နေသူ၊ အရက်ကြောင့် အသဲ မကောင်းသူ၊ ကျောက်ကပ် မကောင်းသူ၊ သတ်သေချင်စိတ် ရှိသူများ မပေးပါ။ ကိုယ်ဝန်အတွက် pregnancy category D သတ်မှတ်ထားလို့ မသုံးရပါ။ ကလေး နို့တိုက်နေချိန်လဲ မပေးရပါ။ အသက် ၁၈ နှစ်အောက်လဲ မပေးပါ။
• ဆရာဝန် ပေးတဲ့အတိုင်း အတိအကျ သုံးပါ။ ဆေးကို လိုတာထက် ပိုသောက်ရင် သိပ်အိပ်ချင်မယ်။ သတိလစ်တာ ဖြစ်မယ်။
• လက်အစိုနဲ့ ဆေးကို မကိုင်ပါနဲ့။ တခါထဲ မျိုမချရပါ။ ချိုချဉ်လို လျှာ-ပါးစောင်မှာ သူ့အလိုလို ပျော်သွားပါစေ။
• စိတ်ရောဂါမတူရင် ဆေးအကျိုးမတူတာဖြစ်စေတယ်။ တချို့ဆေးဆက်သောက်နေမှရတယ်။ ၁ နှစ်ဆက် ဆေးသောက်ရသူ ၃ ပုံ၁ ပုံက ဆေးဖြတ်လို့ မရဘူး။ ဆောက်တည်ရာမရ လုပ်ချင်ရာ လုပ်တာမျိုးကို သိသိသာသာ သက်သာစေတယ်။
• စားချင်စိတ် ပြောင်းတယ်။ ဆာတတ်တယ်။ တည်ငြိမ်မှု နည်းတယ်။ စကားပြောနှေးတယ်။ သွားရည်များမယ်။ အာရုံစိုက် ရခက်မယ်။ ခေါင်းက ပေါ့နေသလို ခံစားရမယ်။ အိပ်ချင်မယ်။ အသက်ကြီးသူတွေမှာသာ ဒီလို ဖြစ်တတ်တယ်။
• အဖြစ်နည်းတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ စိတ်တို၊ ၂၇့၂% လူဝ၊ ချွေးများ၊ အိပ်မပျော်၊ ကြွက်သားတွေ လှုတ်၊ မှတ်ဥာဏ်လျော့။ အရက်နဲ့ ရောရင် ဒါတွေပိုဖြစ်တယ်။ လိင်စိတ်ပြောင်းမယ်။ ၁၄့၎% မှာ လိင်စိတ် နည်းပြီး၊ ၇့၇% မှာ ကဲတယ်။ လိင်အင်္ဂါမသန်မာတာ၊ မပြီးစီးတာဖြစ်တယ်။
• ရှားပါတဲ့အဖြစ်မျိုးတွေက ဝမ်းပျက်၊ ဝမ်းချုပ်၊ ပျို့-အန်၊ ဆီးသွားရခက်၊ မျက်စိဝေဝါး၊ ဗိုက်နာ၊ သွေးဖိအားကျ။

Dr. တင့်ဆွေ
၃ဝ-၁-၂ဝ၁၁

Saturday, January 29, 2011

Depression (3) စိတ်ကျခြင်း

2011/1/24
ကျနော့် အသက်က (၃၆)နှစ်၊ (့) မှာနေပါတယ်။ အလုပ်အကိုင်က စာရင်းကိုင်တဲ့ အလုပ်လုပ်ပါတယ်။ စိတ်အလိုမကျတာ၊ စိတ်ထိခိုက်လွယ်တာ၊ ဝမ်းနည်း ဝမ်းသာ လွယ်တယ်၊ စိုးရိမ်စိတ်များတယ်၊ တစ်ခါတစ်ခါ ကြောက်စိတ်လည်း ဝင်ပါတယ်၊ လူမှုရေး ကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့ လူအများကြားထဲကို သွားရမှာလည်း ရှက်သလိုလို ကြောက်သလိုလို နဲ့ စိုးရိမ်းစိတ် များပြီးတော့ မသွားဖြစ်ခဲ့တာတွေလည်း များပါတယ်။

အိမ်မှာ တစ်ကိုယ်တည်း ဆိပ်ဆိပ်နေတာ များပါတယ်။ လူကလည်း ဝေဝါးထိုင်းမှိုင်းပြီးတော့ လမ်းပျောက်နေသလို ပန်းတိုင် ပျောက်နေသလို ခံစားရပါတယ်။ ခေါင်း မကြာခန ကိုက်ပါတယ်။ ဘယ်ဘက် တခြမ်း ကိုက်တာများပါတယ်။ အလုပ်တစ်ခုခုကို အာရုံစူးစိုက်လို့ မရပါဘူး။ စာတွေ ဖတ်လည်း ရှေ့ကဖတ်သွားရင် နောက်က အားလုံးပြန်မေ့ပါတယ်။ မှတ်သားလို့လည်း မရပါဘူး။ သင်တန်းတခု တက်တယ် ဆိုရင်လည်း သင်တန်းပြီးသွားရင် ဘာမှမသိလိုက်သလို၊ သင်တန်းချိန်မှာ အာရုံစိုက်လို့ မရပါဘူး။ အိမ်မှာရှိတဲ့ မိသားစု ကိုလည်း အသေးအမွှား ကိစ္စလေးတွေကို အကျယ်ချဲ့ပြီး ရန်လုပ်တတ်ပါတယ်။ တခါတရံမှာလည်း အသိစိတ်က ဝင်သွားပြီး မဖြစ်သင့်တာတွေလည်း မဖြစ်အောင် ကြိုးစားပါတယ်။ စိတ်ခံစားချက်ကလည်း အရမ်းလွယ်တယ်။ ဘာမဟုတ်တဲ့ ကိစ္စလေးတွေကို စိတ်ဆိုးတာတို့ စိတ်ခုတာတို့ စိတ်ကောက်တာတို့ မကြာခန ဖြစ်ပါတယ်။ စိတ်တက်ကြွလည်း ခနပါပဲ၊ ပြီးရင် စိတ်ပြန်ကျသွားတတ်ပါတယ်။ စိတ် အပြောင်းအလဲလည်း မြန်ပါတယ်။ အစားအသောက်တွေလည်း ပုံမှန်မစားဖြစ်တာ များပါတယ်။ ကျန်းမာရေးနဲ့ ပတ်သတ်ပြီးတော့ တနှစ်တခါ ဆေးစစ်ပါတယ်။ တစ်ခါတရံ ပန်းနာရင်ကျပ်ဖြစ်တာက ကလွဲလို့ ထွေထွေထူးထူး ရောဂါတော့ မရှိပါဘူး။ ဆေးလိပ်တို့ ကွမ်းယာတို မစားမသောက်ပါဘူး။ အရက်ကတော့ လူမှုရေးအရ တစ်ခါတရံ ကော်ဖီခွက်လောက်ရှိတဲ့ ခွက်နဲ့ တခွက်စ နှစ်ခွက်စ လောက်ပဲ သောက်ဖြစ်ပါတယ်။ မသောက်လည်း နေနိုင်ပါတယ်။ ကော်ဖီလည်း အရမ်းမကြိုက်ပါ။ အားကစား ကတော့ စက်ဘီးစီးတာတို့ လမ်းလျှောက်တာတို့ လုပ်ဖြစ်ပါတယ်။ တပတ်ကို နှစ်ခါ သုံးခါလောက် လုပ်ဖြစ်ပါတယ်။

အဲဒီလိုဖြစ်နေတာ ၄-၅ နှစ်လောက် ရှိပြီလို့ ထင်ပါတယ်။ ၂ဝဝ၄-၂ဝဝ၅ ခုနှစ်လောက်က အမေရိကန်လူမျိုး စိတ်ရောဂါ အထူးကုဆရာဝန်ကို ပြဖူးပါတယ်။ ဆရာဝန်က မိနစ် ၃ဝ စကားထိုင်ပြောရင်းနဲ့ မေးခွန်းတွေဘာတွေ လျှောက်မေးပါတယ်။ ပြီးတော့ စိတ်က ပုံမှန်ပဲဆိုပြီးတော့ ဘာဆေးမှလဲမပေး၊ ဘာမှလဲ မပြောဘဲနဲ့ ပြန်လာခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက သူငယ်ချင်း အသိမိတ်ဆွေတစ်ယောက်က လိုက်ပို့တာပါ။ အိပ်လို့လည်း ပျော်ပါတယ်။ အထူသဖြင့်တော့ လိင်မှုကိစ္စတွေ လုပ်ရင်တော့ ပုံမှန် အိပ်ပျော်ပါတယ်။ တစ်ခါတစ်လေ အရမ်းစဉ်းစားတာ များရင်လည်း အိပ်မပျော်ပါဘူး။ ငယ်ငယ် တုန်းကတော့ အရမ်း ကစားလွန်းလို့ ခေါင်းမကြာခန ထိခိုက်တာတော့ ရှိပါတယ်။ အထူးသဖြင့် ၁၉၉၉-၂ဝဝဝ ဝန်းကျင် လောက်ကဆိုရင် ငှက်ဖျားဒဏ်ကို မကြာခန အလူးအလဲ ခံရဖူးပါတယ်။ ငှက်ဖျားဆေး ပြင်းပြင်းတွေ မကြာခန သောက်ခဲ့ဖူးပါတယ်။ ဦးခေါင်းတော့ ဆေးမစစ်ဖူးသေးပါဘူး။ လည်းပင်ကြီး ဟော်မုန်းလည်း မစစ်ဖူးသေးပါဘူး။ သွေးခုန်နှုန်းက တမိနစ်ကို ၈၈-၈၉ ချက်လောက် ခုန်ပါတယ်။ အခုအချိန်ထိတော့ ဒီရောဂါနဲ့ ပတ်သတ်ပြီးတော့ ဘာဆေးမှ မသောက်ဖူးသေးပါဘူး။

လူတယောက်ဟာ Mood စိတ်မူ ကျနေပြီး လုပ်တိုင်ကိုင်တာမှာလဲ ကိုယ်တိုင် အားမရဖြစ်နေလို့၊ စိတ်ကူးစိတ်သန်း၊ အမူအယာ၊ ခံစားချက်နဲ့ နေကာင်းထိုင်သာ ရှိမှုတွေကိုပါ ထိခိုက်လာတာကို Depression စိတ်ကျခြင်းလို့ ခေါ်တယ်။

၂ဝ၁ဝ အမေရိကန်မှာ ၂ဝဝ၆-၁ဝဝ၈ အတွင်း လုပ်ခဲ့တဲ့ သုတေသနတခုအရ ၉% မှာ စိတ်ကျအဆင့်နဲ့ ၃့၎% မှာ ဆိုးဝါးတဲ့အဆင့် ရှိနေတာတွေ့ရတယ်။ ဆယ်ကျော်သက်တွေမှာ ၈% နဲ့ ကလေးတွေမှာ၂% ဖြစ်တယ်။ အနုပညာသည်တွေ ဥပမာ နာမည်ကျော် ပန်းချီဆရာ Vincent van Gogh ဖြစ်တဲ့ Bipolar disorder ရှိသူတွေမှာလဲ ဒီလိုမျိုး ရှိတယ်။ ခရစ်ယန် (ဘိုင်ဘယ်) ထဲက ဒေးဗစ် ဘုရင်ကြီးလဲ ခံစားရတယ်လို့ ဆိုထားတယ်။

တချိန်တုံးက သာယာ ပျော်ရွှင်တာမျိုးကို အခု စိတ်ဝင်စားမှု လျှော့လာမယ်။ အာရုံစိုက်ဘို့ ခက်မယ်။ အသေးစိတ်တွေ မမှတ်နိုင်၊ ဆုံးဖြတ်ချက်ချဘို့ပါ ခက်လာမယ်။ ဆိုးလာရင် သတ်သေချင်စိတ် ဝင်တတ်သေးတယ်။ အိပ်မပျော်သူက မပျော်၊ အအိပ် များသူကများ၊ အားအင်ကုန်နေ၊ အစာခြေတာ မကောင်း၊ ဗိုက်အောင့်စတာတွေလဲ ဖြစ်တတ်တယ်။

စိတ်ရောဂါ မဟုတ်ဘဲလဲ စိတ်ကျတာမျိုး ဖြစ်သေးတယ်။ Mononucleosis ဗိုင်းရပ်စ်ပိုးဝင်တာ၊ လည်ပင်းကြီး ဟော်မုန်း နည်းရောဂါ ဖြစ်ခါစ။ ရုပ်ပိုင်း မကျန်းမာတာ၊ မျိုးဗီဇ၊ ဟော်မုန်း၊ ဆေးဝါး၊ အသက်၊ ဦးနှောက်ခိုက်မိတာ၊ ရာသီဥတု နဲ့ လူမှုဝန်းကျင်တွေကြောင့် ဖြစ်စေနိုင်တယ်။ မြန်မာလူမျိုးတွေ လက်ခံကြတဲ့ ကံ-စိတ်-ဥတု-အာဟာရ ဆိုတာကို သက်သေ ပြရာ ရောက်နေတယ်။

အမျိုးခွဲ (၃) ခုရှိတယ်။
1. Major depression အဓိက-စိတ်ကျရောဂါ၊ လက္ခဏာတွေ ဆက်တိုက် ၇ ရက် ၂ ပါတ်ဆက်ဖြစ်တယ်။
2. Dysthymia သိပ်တော့ မဆိုးပါ။ ဒါပေမဲ့ ကြာတတ်တယ်။ အဓိကအမျိုးအစားကို ပြောင်းသွားနိုင်တယ်။
3. Bipolar disorder (Manic depression) ရှားတယ်။ ဖြစ်တတ်တာမျိုးတွေ ထပ်ဖြစ်တယ်။ Mania လာလိုက်၊ Depression လာလိုက်ဖြစ်တယ်။ နာတာရှည်တယ်။

Depressed cycle မှာ လက္ခဏာတွေ အားလုံးလိုလို ဖြစ်မယ်။ Manic cycle မှာ တွေးတာ၊ ဆုံးဖြတ်တာ၊ လူမှုရေး လုပ်တာမှာ ပြဿနာ ပေါ်တတ်တယ်။ ဥပမာ မလုပ်သင့်တဲ့ စီးပွါးရေးလုပ်မယ်။ မဖြစ်သင့်တဲ့ လိင်ကိစ္စ လုပ်မယ်။

အပြင်း-အပြော့ မတူကြဘူး။ တောက်လျှောက် စိတ်ဝမ်းနဲ၊ စိုးရိမ်၊ စိတ်ဆိုး၊ စိတ်တို၊ ဗလာဟင်းလင်း ဘာမှ မရှိသလိုခံစား၊ မျှော်လင့်ချက် ကင်းမဲ့၊ အနုတ်သဘောသာမြင်၊ တန်ဘိုးမရှိဘူးထင်၊ ကူမဲ့သူကင်းမဲ့တယ်ထင်၊ အပြစ်ရှိနေတယ်ထင်၊ တချိန်က ဝါသနာပါခဲ့တာ၊ လိင်စိတ်အပါအဝင် ပျော်စရာမှန်သမျှ စိတ်မပါ၊ လူတောမတိုးချင်၊ မိသားစုထဲမှာလဲ ကင်ကင်း နေချင်၊ အိပ်မရ၊ မနက်အစောကြီးနိုး၊ တချို့မှာ အအိပ်ကြီး၊ စားချင်သောက်ချင်စိတ်နည်း၊ လူကပိန်လာ၊ တချို့ အစားများ၊ လူကဝလာ၊ အားယုတ်၊ ခွန်အားမစိုက်နိုင်၊ လုပ်ရင်လဲ နှေးကွေး၊ ဆဲဆိုကြိမ်းမောင်း၊ သေတာ-သတ်သေချင်တာတွေး၊ သတ်သေဘို့ ကြိုးစား၊ ဂနာမငြိမ်၊ မတည်မငြိမ်၊ အာရုံစိုက်မရ၊ မှတ်သားမရ၊ ဆုံးဖြတ်မရ၊ ခေါင်းကိုက်တာ၊ အစာမကျေတာ၊ နာကျင်နေတာတွေ ဆေးမတိုး။

Mania symptoms of manic depression
မသင့်တော်ဘဲ စိတ်တက်ကြွနေ၊ မသင့်တော်ဘဲ စိတ်တို-ဒေါသထွက်၊ အိပ်မရတာကြာ၊ အိပ်စရာ မလိုသလိုဖြစ်၊ အစစ် မဟုတ်ဘဲ စွမ်းအားတွေ၊ အရေပါတာတွေ ရှိ-ဖြစ်နေသလိုထင်၊ စကားတွေ လိုတာထက် ပိုပြော၊ ပြောတာလဲ ကျယ်ကျယ် လောင်လောင်၊ တောင်စဉ်ရေမရ၊ တွေးတာတွေ မြန်လွန်းနေ၊ လိင်စိတ်တွေ လွန်ကဲနေ၊ ခွန်အားတွေ တိုးလွန်းနေ၊ ဆုံးဖြတ်ချက် ခပ်ညံ့ညံ့တွေချနေ၊ လူတော-သူတောမှာ မဖွယ်မရာဖြစ်နေ။

• ယောက်ျားတွေမှာ ဖြစ်ရင် အားအင်နည်း၊ စိတ်တို၊ ဒေါသကြီး၊ သူများအပြစ်ရှာနေ၊ အလုပ်မှာ အာရုံစိုက်မရ၊ အအိပ်ပျက်၊ ဆေး-အရက်ကို မှီခိုချင်၊ သတ်သေချင်စိတ်က ၄ ဆပို၊ ဆေးမကုသူ ပိုများ၊
• အမျိုးသမီးတွေမှာ ဖြစ်ရင် အသက်ငယ်စဉ်ဖြစ်၊ ပိုကြာတတ်၊ ပြန်ဖြစ်တတ်၊ ရာသီဥတုလိုက်ဖြစ်၊ လက္ခဏာ အဆန်းမျိုးဖြစ်၊ ဥပမာ အစာများများ စားချင်၊ လူကဝလာ၊ အချိုကြိုက်၊ ညနေပိုင်း ပိုဆိုး၊ အစားဒုက္ခပို၊ စိုးရိမ်စိတ်ကဲ၊ မှီခိုတာများ။ သွေးမဆုံးမီ-ကာလ တာရှည်။ တချို့မှာ ၁ဝ နှစ်ကြာ။
• ဆယ်ကျော်သက်တွေမှာ ဖြစ်ရင် စိတ်တို၊ လူငယ် လှုတ်ရှားမှုတွေကို စိတ်မဝင်စား၊ ကိုယ်အလေးချိန် ပြောင်းလဲ၊ ဝက်ခြံပိုပေါက်၊ မူးယစ်ဆေးသုံး၊ လုံခြုံစိတ်ချရမှုကို သိပ်မစဉ်းစား၊ သတ်သေချင်တာ ပိုကဲ၊
• Postpartum depression ကလေးဖွါးပြီးဖြစ်တဲ့ စိတ်ကျရောဂါ။ မွေးမွေးချင်း ငိုလဲမငို၊ အသက်လဲ မရှူတဲ့ ကလေးကို Blue baby ခေါ်တာနဲ့ ဆက်ပြီး၊ ကလေးမွေးပြီး ၂ ပါတ်အတွင်းလောက် မအေမှာ ဝမ်းသာလိုက်၊ ဝမ်းနဲလိုက် ဖြစ်တာကို Baby blue ခေါ်တယ်။ ဖြစ်လဲခဏပါ။ တချို့ကြ မွေးပြီးနဲနဲကြာမှ သားဦး ဟုတ်ဟုတ်-မဟုတ်ဟုတ် အဲလိုဖြစ်တယ်။ တချို့က ၃ လအတွင်း နဲနဲပိုဆိုးတာ ဖြစ်တယ်။ မရှိတဲ့ အသံ-ရုပ် ကြားတာ-မြင်တာလဲ ဖြစ်တတ်တယ်။
• အမျိုးထဲ တယောက်မက ဖြစ်တတ်ပေမဲ့ မျိုးရိုးလိုက်တယ်လို့ ပြောတာတော့ မဟုတ်ပါ။ သွေးကျဆေး၊ ကင်ဆာဆေး၊ အတက်ရပ်ဆေး၊ အပြင်းအထံ အနာသက်သာဆေး၊ ကိုယ်ဝန်တားဆေး၊ အရက်ဖြတ်ဆေး တွေကလဲ ဖြစ်စေတတ်တယ်။ အလိုလိုစိုးရိမ်စိတ်ကဲသူ၊ (ADHD) အာရုံစူးစိုက်မှုနည်းရောဂါ၊ မူးယစ်ဆေးစွဲသူ၊ တချို့ Schizophrenia ရှိသူမွေးရာပါ အင်္ဂါချို့ယွင်းသူတွေမှာ ဖြစ်တာ လာတွေ့ရသေးတယ်။ အမျိုးသမီးတွေမှာ ၂ ဆဖြစ်တယ်။ ဘာလို့ဆိုတဲ့ အကြောင်းတော့ ရှာမရပါ။

ကုသနည်း (၃) နည်း
1. Antidepressant medications ဆေးဝါးနည်း၊
2. Psychotherapies စိတ်နဲ့ကုသနည်း၊
3. Electroconvulsive therapy လျှပ်စစ်နဲ့ကုနည်း၊

ဆေးဝါးများ
• Selective serotonin reuptake inhibitors (SSRIs) ဆေး။ Fluoxetine (Prozac), Paroxetine (Paxil), Sertraline (Zoloft), Citalopram (Celexa), Fluvoxamine (Luvox), Escitalopram (Lexapro) ဆေးတွေက ဘေးထွက်ဆိုးကျိုး နဲတယ်။ ပျို့၊ ဝမ်းပျက်၊ စိတ်တို၊ အိပ်မပျော်တာ နဲ့ ခေါင်းကိုက်တာ လောက်သာ ဖြစ်တယ်။ တချို့မှာတော့ လိင်စိတ်နည်း၊ လိင်စိတ်ပြည့်ဝတာ နှေး-မဖြစ်၊ တချို့လက်တုံတယ်။
• Venlafaxine (Effexor), Duloxetine (Cymbalta) Desvenlafaxine (Pristiq) တွေက သတ္တိ ၂ မျိုးရှိဆေးတွေ။
• Mirtazapine (Remeron) ဆေး၊
• တခြားဟာတွေလဲ ရှိတယ်။ Nefazodone (Serzone), Trazodone (Desyrel), Bupropion (Wellbutrin)
• Lithium (Eskalith, Lithobid), Valproate (Depakene, Depakote), Carbamazepine (Epitol, Tegretol), Lamotrigine (Lamictal) တွေကလဲ စိတ်မူတည်ငြိမ်စေတဲ့၊ အတက်သက်သာဆေးတွေဖြစ်တယ်။
• Certain antipsychotic medications, such as Ziprasidone (Geodon), Risperidone (Risperdal), Quetiapine (Seroquel), Aripiprazole (Abilify), Asenapine (Saphris), Paliperidone (Invega) တခြား စိတ်ဆေးတွေကိုလဲ စိတ်ကျတာကို သုံးနိုင်တယ်။
• Monoamine oxidase inhibitors (MAOIs) ဆေးတွေ။ Phenelzine (Nardil) နဲ့ Tranylcypromine (Parnate)
• Tricyclic antidepressants (TCAs) ဆေးတွေ။ Tricyclic antidepressants are Amitriptyline (Elavil), Protriptyline (Vivactil), Desipramine (Norpramin), Nortriptyline (Aventyl, Pamelor), Imipramine (Tofranil), Trimipramine (Surmontil), Perphenazine (Triavil)
• Tetracyclics ဆေးတွေ။ Maprotiline (Ludiomil) Mirtazapine (Remeron)
• Diazepam (Valium), Alprazolam (Xanax), Lorazepam (Ativan) တွေက စိတ်ကျတာ ကုဘို့တော့ မဟုတ်ပါ။ တခါတလေ တွဲပေးရသေးတယ်။
• Antidepressants ဆေးတွေကို သက်သာလာရင် တဖြးဖြေး လျှော့ပေးတယ်။ ရုတ်တရက် ရပ်မပြစ်ရပါ။
• SSRI ဆေးတွေကြောင့် ကျားရော မပါ လိင်စိတ် နည်းတတ်တယ်။ ယောက်ျားတွေ သုတ်မလွှတ်နိုင်၊ မိန်းမတွေ မပြီးစီးဖြစ်တယ်။ လိုအပ်ရင် ဆေးပမာဏ လျှော့ချပေးမယ်။ Viagra ဆေးပေးတာ သက်သာတာ တွေ့ရတယ်။ တချို့ကို ဆေးအမျိုးအစား ပြောင်းပေတယ်။ Bupropion, Mirtazapine, Duloxetine ဆေးတွေက အဲလို မဖြစ်စေဘူး။ တချို့ကို Buspirone ဆေးပေးတယ်။

Electroconvulsive therapy (ECT) လျှပ်စစ်နဲ့ကုနည်း၊
လျှပ်စစ်ကို ထိန်းပြီး တက်စေအာင် လုပ်ပေးတာဖြစ်ပါတယ်။ ECT နည်းကို ဆေးမတိုးသူတွေ၊ ဆိုးဆိုးဝါးဝါးဖြစ်သူတွေ၊ ကိုယ့်ကိုယ်ကို သတ်သေဘို့ အလားအလာ များနေသူတွေအတွက် လုပ်ပါတယ်။ တချို့ကို ၂ဝ-၉ဝ စက္ကန့်ကြာ လုပ်တယ်။

Psychotherapies စိတ်နဲ့ကုသနည်း၊ နည်းအမျိုးမျိုးသုံးတယ်။ Talking therapies နဲ့ Cognitive/behavioral therapies ရှိတယ်။ ဆိုးတဲ့အဆင့်ရှိသူတွေကို (ECT) လျှပ်စစ်နဲ့ Psychotherapy စိတ်ကုနည်း တွဲလုပ်သင့်တယ်။ အချိန်ယူ ကုသဘို့ လိုတယ်။

စိတ်ကျရောဂါကို အားနည်းလို့ ဖြစ်တာထင်တာ မမှန်ပါ။ အလိုလို ပျောက်သွားမယ် ထင်တာလဲ မှားတယ်။ ပညာတတ်-စာတတ်တွေ မဖြစ်ဘူးထင်တာလဲ လွဲတယ်။ ရုပ်ပိုင်းချို့တဲ့သူတွေလဲ ဖြစ်တာဘဲ။ သတ်သေချင်သူတွေဟာ ထင်ပေါ်အောင် လုပ်တယ်လို့ထင်တာ မဟုတ်ပါ။ တချို့လူမျိုးတွေမှာ မဖြစ်ဘူး ထင်တာ၊ စိတ်ဆေးတွေက စွဲတတ်တယ်ထင်တာ၊ စိတ်ဆေး တခုထဲနဲ့ ရမယ်ထင်တာတွေ မမှန်ပါ။ စိတ်ဆိုပေမဲ့ အာရုံကြော (ဆဲလ်) တွေ ဆက်သွယ်မှုပြုရာမှာ အသုံးဝင်တဲ့ ဦးနှောက်ထဲက Neurotransmitters ဆိုတာတွေ ချို့ယွင်းလာတကြောင့် ဖြစ်တာသိလာရတယ်။

အစားအစာ မျှတ-ပြည့်စအောင် စားပါ။ (ဖေါလစ်အက်စစ်) သောက်ပါ။ အနားယူပါ။ အလားတူ ဖြစ်နေသူတွေနဲ့ တွဲပြီး တိုးတက်လာအောင် ကြိုးစားပါ။ ကိုယ်လက် လေ့ကျင့်ခန်း လုပ်ပါ။ ဘဝနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်မျိုးတွေ မချပါနဲ့အုံး။ ခံစားနေရတာတွေကို သူငယ်ချင်း စသူကို ရင်ဖွင့်ပါ။ စာ-ကဗျာ ဖြစ်ဖြစ်ရေးပါ။ မေးတဲ့သူ စာရှည်ရှည်ရေး မေးတာ ကောင်းတယ်။ ဆေးသေခြာကုပါ။ ပျောက်ပါလိမ့်မယ်။ ကိုယ်က ချထားခဲ့တာကို ပြန်တင်လိုက်ပါ။ မလေးလွန်းပါ။

Dr. တင့်ဆွေ
၂၉-၁-၂ဝ၁၁

Friday, January 28, 2011

Urethritis in Men ယောက်ျားတွေ ဆီးအောင့်ရင်

Jan 28, 2011 at 2:55 PM
ကျွန်တော်က အသက် 25 နှစ် အိမ်ထောင်မရှိပါဘူး။ လိင်တံထိပ်ပိုင်း ဆီးလမ်းကြောင်းက အခုတလောမှ ယားနေပါတယ်။ ခဏခဏ ဆိုသလို ယားကျိကျိ ဖြစ်ပါတယ်။ ဖြစ်လာတိုင်း ညှစ်လိုက်ရင် ဆီးပူပူတွေ ထွက်ပါတယ်။ ကျင်ခနဲ ဖြစ်ပြီးတော့ ထွက်ပါတယ်။ မများပါဘူး၊ နည်းနည်းလေး ထွက်တာပါ။ ဒါပေမဲ့ အဲလို ယားလာရင်နေရတာ မကောင်းဘူး။ ဘာဖြစ်တာလဲ မသိဘူး။ ဘယ်လိုနေရမလဲ ဘာတွေ ဆင်ခြင်ရမလဲ မသိဘူးဖြစ်နေတယ်။

ယောက်ျားတွေမှာ ဆီးအောင်တယ်ဆိုရင် ဆီးထွက်ပြွန်က ဖြစ်တတ်တယ်။ အများဆုံးက လိင်ကတဆင့် ကူးစက်ရောဂါ တခုခု ဖြစ်နိုင်တယ်။ Gonorrhea (ဂနိုးရီးယာ)၊ Chlamydia (ကလာမိုင်ဒီးယား) နဲ့ Trachomatis (ထရိုင်ကိုမိုးနပ်စ်) ပိုးတွေကြောင့် ဖြစ်တတ်တယ်။ ပိုးရှိနေသူကနေကူးတယ်။ Chronic urethritis ရက်ရှည်ဖြစ်ရင် ဗက်တီးရီးယားကြောင့် ဖြစ်မယ်။ ကြာကြာဖြစ်ရင် ဆီးသွားပြွန် ကျဉ်းလာစေတတ်တယ်။

ရေယုံဖြစ်စေတဲ့ (ဗိုင်းရပ်စ်) နဲ့ တခြားရှားပါးတာတွေလဲ စဉ်းစားရမယ်။ ပိုးမဟုတ်ဘဲ ဆပ်ပြာ၊ လိမ်းဆေး စတာတွေကလဲ မတည့်သူတွေမှာ ဖြစ်တယ်။ Spermicide သုတ်ပိုးသေဆေး၊ Condoms (ကွန်ဒွမ်)၊ Jelly, Cream, Foam တားဆေး ပစ္စည်းတွေနဲ့လဲ မတည့်ရင် ဖြစ်နိုင်သေးတယ်။ ထိခိုက်မိလို့၊ (မာစတာဘေးရှင်း) လုပ်လို့၊ လိင်ဆက်ဆံတာ အဆင်မပြေလို့ ဆိုတာတွေလဲ မလွတ်ပါ။

ဆီးထွက်ပြွန်ရောင်တာ ဖြစ်ရင် ပူပြီးနာမယ်၊ ဆီးသွားချင်ရင် အမြန်သွားချင်တယ်။ တချို့မှာ ယားမယ်၊ နာမယ်၊ ပန်းအဖျား ရောင်မယ်၊ ဆက်ဆံချိန်မှာလဲ နာမယ်။ ဆီးထဲ သွေးပါတာလဲ ဖြစ်နိုင်တယ်။ သုတ်ရည်ထဲမှာလဲ သွေးပါနိုင်တယ်။ အရည် တမျိုးမျိုး ဆင်းနိုင်တယ်။ အရည်အကျဲ ဒါမှမဟုတ် အပြစ်တွေ ဆင်းမယ်။ တခြားရောဂါနဲ့ တွဲနေရင် လိင်အင်္ဂါမှာ အနာလဲ တွဲရှိနိုင်တယ်။

ရိုးရိုး ဆီးထွက်ပြွန် ရောင်ရင် မဖျားပါ။ နေမကောင်းလဲ မဖြစ်ပါ။ ပိုးက တခြား ပြန့်သွားရင်တော့ ဖြစ်လိမ့်မယ်။ ခါးနာမယ်။ ဗိုက်နာမယ်။ အပြင်းဖျားမယ်။ ပျို့-အန်ချင်မယ်။ အဆစ်ရောင်မယ်။ ကျားအစေ့ကိုလည်း ကူးမည်။ Epididymitis လို့ ခေါ်တယ်။ အစေ့ပါနာမယ်။

အိမ်မှာတင် ရေများများသောက်ပါ။ အသား၊ ငါး၊ ဥ၊ အစေ့အဆံ၊ ပြောင်း-ပြောင်းဖူး၊ စပျစ်သီးခြောက်၊ ဘယ်ရီသီး၊ ကော်ဖီ၊ ချဉ်တဲ့ (ခရင်မ်)၊ ဝိုင်၊ ဒိန်ချဉ် (ရောဂတ်)၊ (ဘတ်တား-မစ်လ်ခ်)၊ တွေကို လျှော့ရ-ရှောင်ရမယ်။ အက်စစ် များစေတယ်။ ကောင်းတာတွေက လိမ်မော်၊ သံပုရာ၊ ကမ္ဗလာ၊ ငှက်ပျောသီး၊ ဖရဲသီး၊ အာလူး၊ ချော့ကလက်၊ ပဲတောင့်ရှည် စားပါ။ ဆရာဝန်ဆီ ရောက်ရင် Antibiotics ပေးပါမယ်။

ဆီးလမ်းပိုးဝင်ခြင်းအတွက် ဆေးများ
• ပဋိဇီဝဆေးများ၊ Co-trimoxazole (Septrin) ဒါမှမဟုတ် Amoxacilin 500 mg ဒါမှမဟုတ် Ciprofloxacin 500 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ပေါင်း ၄-၅ ရက် သောက်ပါ။ ဒါမှမဟုတ် Nitrofurantoin 100 mg တနေ့ ၂-၄ ကြိမ် ၇ ရက် သောက်ပါ။ ဒါမှမဟုတ် Azithromycin 1 gm or Doxycycline 100 mg တနေ့ ၂ ကြိမ် ၇ ရက် သောက်ပါ။
• ဆီးပူသက်သောအောင် လေနာဆေး Antacid (Magnesium hydroxide) တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။
• အနာသက်သာအောင် Buscopan, Ibuprofen, Acetaminophen ဆေး တခုခုကို တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။
• ၇ ရက် လိင်မဆက်ဆံရ။ လိင်ဆက်ဆံပြီးရင် ပဋိဇီဝဆေး တကြိမ်သောက်ပါ။

Dr. တင့်ဆွေ
၂၈-၁-၂ဝ၁၁

Thursday, January 27, 2011

Q and A January 2011 (8)

1. I would like to ask if
2. နှာစေး နှာရည်ယိုနေတာ ၃ နှစ်နီးပါ ရှိနေပါပြီ
3. အူမကြီးကင်ဆာရောဂါမှာလဲ အဲလိုဖြစ်တတ်တယ်ဆိုလို့
4. လိင်အင်္ဂါက ပုံမှန်မဟုတ်ပဲ ငုံနေတာပါ
5. LIBLAN ဆေးက ဘာအတွက် သောက်ရတာလဲ
6. Condom သုံးပေမယ့် ယောက်ျားမှာ ပွေးတို့ ဝဲတို့  ပေါက်နေမယ်ဆိုရင်

1 Feb 11, 09:49
Hi doctor I would like to ask if my vigina got warts supposed (Kywat Noe). I remembered, if I plug out, my hairs keep on duplicating and feel sometimes only itchy if I scratch there.

Please read
(1) http://dts-medicaleducation.blogspot.com/2009/08/warts.html and
(2) http://dts-medicaleducation.blogspot.com/2010/03/genital-warts.html

Jan 26, 2011 at 2:01 AM
ကျမ အသက် ၃၂ နှစ်ပါ အိမ်ထောင်မရှိ (့) ပြည်နယ်ကပါ။ ကျမ နှာစေး နှာရည်ယိုနေတာ ၃ နှစ်နီးပါ ရှိနေပါပြီ။ အေးတဲ့ အချိန်တွေမှာ ပိုဖြစ်ပါတယ်။ မနက်မိုးလင်း အိပ်ယာထ ညဘက်အေးတဲ့ အချိန် နေပူထဲသွားရင်လည်း ဖြစ်ပါတယ်။ မိုးရွာရင်လည်း ဖြစ်ပါတယ်။ ခေါင်းလျှော်တာတော့ ၁ ပတ်ကို မှ ၁ ခါဘဲ လျှော်ပါတယ်။ ရန်ကုန် နား နှားခေါင်း လည်ချောင်း ဆေးရုံကြီးမှာလည်း ၃ ခါ ပြဖူးပါတယ်။ အပြင်ဆေးခန်းမှာလည်း ပြဖူးပါတယ်။ ရောဂါက မပျောက်ဖူး ဖြစ်နေပါတယ်။ ရောဂါပျောက်မည့် နည်းလမ်းလေ ဆေးလေး ဖြေကြားပေးပါ။ လိုအပ်ရင် ရန်ကုန်မှာ ဘယ်ဆေးခန်းကို ထပ်ပြရမလဲ ဖြေကြား လမ်းညွန်ပေးပါ။

• Allergic rhinitis အလာဂျီ နှာခေါင်း
• Nasal Polyps နှာခေါင်းထဲ အသားပိုဖြစ်ခြင်း
• Sinusitis သို့မဟုတ် ကိုရီးယား ကလာသည့် မေးခွန်းအား ဖြေကြားခြင်း တွေကို ဖတ်ပါ။ လိုသေးရင်မေးပါ။

Jan 26, 2011 at 9:02 AM
ကျွန်တော့် အသက် (၃၇)နှစ်ရှိပါပြီ ကျွန်တော့်အသက်(၁၇)နှစ်ခန့်က လိပ်ခေါင်းရောဂါ ဖြစ်ဖူးပါတယ်။ စအိုအပြင်ထိ ထွက်တာပါ အခင်းသွားပြီးတိုင်း ပြန်ထည့်ပေးရပါတယ်။ အသက်(၁၉)နှစ်လောက်ကျတော့ ကျွန်တော့်အဖွားက ဘုန်းကြီး တပါးဆီက လိပ်ခေါင်း ရောဂါပျောက်အောင် မန်းပေးလိုက်တဲ့ ကြက်ဥပြုတ်တလုံးယူလာပြီး ကျွေးပါတယ်။ အဲဒီ ကြက်ဥပြုတ် စားပြီးနောက် တရက်ကစပြီး လိပ်ခေါင်း မထွက်တော့ပါ၊ သွေးလဲ မကျတော့ပါ။ အသက် (၃၄)နှစ် လောက်ကစပြီး အခင်းသွားရင် ဝမ်းက လက်သန်းလုံး လောက်လေးတွေပဲ သွားပါတယ်။ တခါတခါ အခင်းသွားရင် ကြာပါတယ်။ စိတ်ထဲမှာလဲ စအိုဝမှာ တခုခုပိတ်နေသလို ခံစားရပါတယ်။ အခင်း သွားရတာ ကြာလို့သာ ထွက်လိုက်ရတာ သွားလို့ မပြီးသေးဘူး။ တရက်ကို လေးငါးခါ သွားရပါတယ်။ အခင်းသွားချင်ပြီဆိုရင်လဲ ကြာကြာ မထိန်းနိုင်ပါဘူး။ ပြီးခဲ့တဲ့ တလလောက်က အခင်းသွားတာ လိပ်ခေါင်းလဲမထွက်ဘဲ သွေးတွေ ပန်းထွက်ပါတယ်။ သွေးစိမ်းတွေပါ။ တော်တော် များပါတယ်။ နောက်ရက်တွေတော့ မထွက်တော့ပါဘူး။ စာအုပ် တအုပ်မှာ ဖတ်ဖူးတာ အူမကြီး ကင်ဆာ ရောဂါမှာလဲ အဲလိုဖြစ်တတ်တယ်ဆိုလို့ စိတ်အနှောက်ယှက် ဖြစ်နေရပါတယ်။ ခရီးဝေး သွားရမှာတောင် ကြောက်နေပါတယ် ကူညီပေးစေလိုပါတယ်။

• Piles လိပ်ခေါင်း ရောဂါ အမေး-အဖြေများ ကိုဖတ်ပါ။ လိုသေးရင်မေးပါ။

အူမကြီးကင်ဆာရဲ့ လက္ခဏာတွေက များသလို တိတိကျကျလဲ မရှိတတ်ပါ။ အားယုတ်တာ၊ အသက်ရှူ အားမရတာ၊ ဝမ်းသွားချိန် မမှန်ဖြစ်လာတာ၊ ဝမ်းက မဲနီနီအရောင်ဖြစ်တာ၊ လူကပိန်လာတာ၊ ဗိုကနာ၊ ကြွက်တက်၊ ဗိုက်ကယ် စသလိုတွေ ဖြစ်တယ်။ တခြား ရောဂါတွေဖြစ်တဲ့ Irritable bowel syndrome, Ulcerative colitis, Crohn's disease, Diverticulosis, Peptic ulcer ရောဂါတွေနဲ့ ဆင်နေတယ်။ ရောဂါဖြစ်နေတာကြာမှ ဒီလို လက္ခဏာတွေပေါ်လာတယ်။

ဖြစ်တဲ့ နေရာအပေါ်မှာလဲ လက္ခဏာတွေက မူတည်တယ်။ အူမကြီးဆိုတာက ညာဘက်၊ ကန့်လန့်၊ ဘယ်ဘက်ဆိုပြီး အရှည်ကြီး ရှိတယ်။ ဘာဘက်က ကျယ်လို့ ကင်ဆာလဲ အကြီးကြီး ဖြစ်နိုင်တယ်။ ဗိုက်လက္ခဏာတွေနဲ့ သွေးအားနည်းတာ ဖြစ်မယ်။ Iron deficiency anemia သွေးအားနည်းလာရင် အားယုတ်၊ ဖြူဖတ်ဖြူရော်ဖြစ်၊ အသက်ရှူမဝဖြစ်မယ်။ ဘယ်ဘက်က ကျဉ်းတော့ ဗိုက်နဲ့ဆိုင်တာသာ ဖြစ်ပြီး အပေါ်ကစမ်းလို့ရတယ်။ အူပိတ်တာ ဖြစ်လာစေမယ်။ အူပိတ်-တဝက်တပျက် ပိတ်နေရင် ဝမ်းချုပ်တာ၊ ဝမ်းက သေးသေးသာသွားမယ်၊ ဝမ်းပျက်တာ၊ ဗိုက်နာတာ၊ ကြွက်တတက်တာ၊ ဗိုက်ကယ်တာတွေ ခံစားရမယ်။ သွေးနီရဲရဲပါရင် အူမကြီးအောက်ပိုင်းက လာတာ။

ရောဂါသေခြာဘို့ Barium enema x-ray အောက်ကနေ ဆေးသွင်းပြီး ဓါတ်မှန်ရိုက်တာနဲ့ Colonoscopy ကရိယာထည့် စစ်ဆေးတာနဲ့ သိနိုင်တယ်။ CEA (Carcinoembyonic antigen) သွေးစစ်နိုင်တယ်။ ကံကောင်းတာက အူမကြီး-ကင်ဆာဟာ အာရှိ-အာဖရိမှာ နည်းတယ်။ အနောက်နိုင်ငံမှာ ပိုများတယ်။ အနောက်နိုင်ငံက အစားအစာမျိုး စားသူတွေ ပိုဖြစ်စေနိုင်တာ တွေ့ရတယ်။ အဲတော့ ပဲပြုတ်-ချဉ်ရည်-ငရုတ်သီးထောင်းစားတာ ပိုကောင်းတယ်။

2011/1/26
ကျွန်တော်က အသက် ၂၉ နှစ်ပါ။ ကျွန်တော်က (့) တိုင်းထဲက တောမြို့ကပါ။ လောလောဆယ် ရန်ကုန်မှာ အလုပ် လုပ်နေတာပါ။ ကျွန်တော့် လိင်အင်္ဂါက ပုံမှန်မဟုတ်ပဲ ငုံနေတာပါ။ ဆီးသွားရင် အရမ်းကြာပြီး အားမရပဲဖြစ်နေပါတယ်။ နာကျင်တာမျိုး အောင့်တာမျိုးလည်း ဘာမှ မဖြစ်ပါဘူး။ ကျွန်တော် သိချင်တာက လိင်အင်္ဂါ ဖြတ်တာ Circumsicion ကို ဘယ်လို ဆေးခန်းမျိုးမှာ လုပ်ပေးတာပါလဲ။ ဆေးခန်းကို ဘယ်လိုပြောပြီး ရောဂါပြရမလဲခင်ဗျာ။ ဖြစ်နိုင်ရင် ရန်ကုန်က Circumsicion ဖြတ်ပေးတဲ့ ဆေးခန်း လိပ်စာ ညွှန်ပြ ပေးပါခင်ဗျာ။ ဆေးကုသ စရိတ်လည်း သိချင်ပါတယ်ခင်ဗျာ။

ပန်းငုံတာ (Circumsicion) ကိုခွဲတာ သာမန်ခွဲစိတ်မှုသာ ဖြစ်ပါတယ်။ ထုံဆေးသာ သုံးမယ်။ ပြင်ဆင်မှုလဲ အထူးမလိုပါ။ ခွဲပြီးလဲ ချုပ်ရိုးဖြုတ်စရာ မလိုတာလဲ ရှိတယ်။ ဖြုတ်စရာလိုလဲ ၇ ရက်မှာလုပ်တယ်။ ဆေးရုံတက်နေစရာတောင် မလိုပါ။ ကျွန်တော်က တိုင်းပြည်ထဲမှာ မနေရလို့ အထဲအခြေအနေတွေ သိပ်မသိပါ။ ရိုးရိုးဆရာဝန်တွေကလု လုပ်ပေးနိုင်တယ်။ သာမန်ဆေးရုံမှာလဲ လုပ်တယ်။ တောဆေးရုံမှာလဲ လုပ်နိုင်တာပါဘဲ။

“ပန်းငုံတယ် ထင်တယ်” လို့သာ ပြောပါ။ ဆရာဝန် တွေဟာ လူနာကနေ ရောဂါနာမယ် တပ်ပေးတာ မကြိုက်ကြဘူး။ သူတို့က ဆရာကိုး။ (ကျွန်တော်လဲ ငယ်တုံးကဆို အဲလိုဘဲ။) ဖြစ်နေတာ၊ ခံစားနေရာတာ၊ ပျောက်ချင်တာကိုသာ ပြောသင့်တယ်။ “ပန်းအဖျားက ပိတ်နေ-ကျဉ်းနေတယ်။ ဆီးအသွားရ ခက်တယ်” ပေါ့။

၂၆-၁-၂ဝ၁၁

29 Jan 11, 14:45
LIBLAN ဆေးက ဘာအတွက် သောက်ရတာလဲ။

Liblan ဆေးမှာ Clidinium Br 2.5 mg, Chlordiazepoxide 5 mg တွေပါတယ်။ Antispasmodics အမျိုးအစားဆေး ဖြစ်တယ်။ လေနာ၊ အူ အလုပ်မှန်မှန်လုပ်တဲ့ရောဂါတွေမှာ သုံးတယ်။ ရာသီလာလို့နာတာကို သွေးမဆင်းခင် ၃-၄ ရက်မှာ ကြိုသောက်ပါ။ လူကြီး တနေ့မှာ ၃-၄ လုံး။ ဆေးကို အစာမရှိချိန်မှာ သောက်ပါ။ မျက်စိရေတိမ်ဖြစ်နေသူ မသင့်ပါ။ ဘေးထွက်ဆိုးကျိုး အိပ်ချင်တယ်၊ ကြွက်သား အားယုတ်တယ်။

January 30, 2011 9:23 PM
လိင်ဆက်ဆံတာနဲ့ ပါတ်သက်ပြီး ရောဂါကူးမကူး သိချင်လို့ ပါ။ Condom သုံးပေမယ့် ယောက်ျားမှာ ပွေးတို့ ဝဲတို့  ပေါနေမယ်ဆိုရင် မိန်းမမှာရာသီလာနေရင် ကူးနိုင်လားသိချင်ပါတယ်။

Condom သုံးတာက ကျားလိင်တံကိုသာ ဖုံးတာမို့၊ ကျားကနေမ၊ မကနေကျား STDs တွေကို မကူးစေနိုင်ပါ။ ဒါပေမဲ့ (ကွန်ဒွမ်) ဖုံးမထားတဲ့ နေရာတွေမျာ STDs မဟုတ်တဲ့ ကူးစက်ရောဂါ ရှိနေရင်တော့ အကာအကွယ် မပေးနိုင်ပါ။ ပွေး၊ ဝဲ၊ ကြွက်နို့၊ ရေယုံ။
အမျိုးသမီးမှာ ရာသီလာနေတာကြောင့် ထူးပြီး ရောဂါ ကူးတာမျိုး မဖြစ်နိုင်ပါ။ ရာသီလာနေတယ်ဆိုတာ သူ့သားအိအ်အထဲက အတွင်းဆုံးအလွှာ ပျက်စီးလို့ ထွက်ကျလာနေတဲ့ သွေးသာဖြစ်တယ်။ ဒီအချိန်မို့ ရောဂါ ထူးပြီး ကူးစရာ မရှိပါ။

Tuesday, January 25, 2011

Q and A January 2011 (7)

1. တားဆေး ကြာရှည်စားလို့ ရှိရင်
2. မျက်တွင်းကကျပြီးတော့ မဲလာပါတယ်။
3. မြန်မာဆရာဝန်တွေ ရေးတဲ့ Site
4. ကိုယ်ခံအား ကောင်းစေတဲ့ အစားအသောက်များ
5. ရင်သား ညာဘက်ပိုင်းမှာ အရမ်းကို နာနေခဲ့ပါတယ်
6. လက်ဆစ်ဟာ နာကျင်ပြီး ရောင်ရမ်းနေခဲ့ပါတယ်
7. မြန်မာပြည်မှာ သုံးတဲ့ ပိုစတီနော်ဆိုတဲ့ ဆေး

1/24/2011 3:10 PM
ကျမ တားဆေးစားလာတာ အခုဆိုရင် တစ်နှစ် ရှိပါပြီ။ တစ်ချို့ က တားဆေး ကြာရှည်စားလို့ ရှိရင် သားအိမ်ကင်ဆာ ဖြစ်တက်တယ်လို့ ပြောပါတယ်။ အဲဒါ ဟုတ်ပါသလား။ တားဆေး ကြာရှည်စားရင် ဆိုးကျိုးတွေဖြစ်နိုင်ပါသလား။ ကလေးယူရင်လည်း ယူရခက်တယ်လို့ ပြောကြတယ်။ အချိန်ရရင် ပြန်လည်ဖြေကြားပေးပါရှင့်။

• “Different Methods of Contraception ပဋိသန္ဓေတားနည်းများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၉)” ကို ဖတ်ပါ။
• “Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး” ကို ဖတ်ပါ။

1/25/2011 1:40 PM
ကျမမှာ အလုပ်ပင်ပန်းရင် သိသိသာသာကို မျက်တွင်းကကျပြီးတော့ မဲလာပါတယ်။ မျက်ကွင်းတစ်ခုလုံးပါ။ တော်ရုံလည်း မပျောက်ဘူး။ ၃-၄ရက်လောက်ကို ကြာတယ်။ လမ်းလျောက်တာ ကြာလာရင်လည်း အရမ်းမောလာပြီးတော့ မျက်တွင်းက ချက်ချင်းကျပြီး မဲလာတယ်။ ကျမတစ်နေ့ အိပ်ချိန် ၈ နာရီ ရှိပါတယ်။ အသက်က ၂၃ ပါ။ အဲလိုဖြစ်တာဟာ ရောဂါတစ်ခုခု ကြောင့်ပါလား။ အဲလို မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။ အားဆေးတွေ သောက်ဖို့ လိုအပ်ပါသလား။ လိုအပ်ရင် သင့်တော်မယ့်ဆေး တစ်မျိုးမျိုးကို ညွန်ပြပေးပါ။

ရောဂါမဟုတ်ပါ။ အသက်လဲ ငယ်ရွယ်သေး၊ အိပ်ချိန်ကလဲ မှန်ပါတယ်။ ရာသီမှ-မမှန်။ မောတယ်ဆိုတာ ထပ်သိချင်တယ်။ သူများတွေထက် ပိုမောတတ်သလား။ ပုံမှအခြေအနေမှာ လက်ကောက်ဝတ်က သွေးခုန်တာ တမိနစ် ဘယ်လောက်ရှိလဲ။ မိန်းကလေးတိုင်း စားရမဲ့ အားဆေးတော့ လိုပါမယ်။ သံဓါတ် နဲ့ ဗီတာမင် ဘီအုပ်စု သောက်ပါ။ နောက် ဖေါလစ်အက်စစ် နဲ့ သွပ်ဓါတ်လဲ သောက်နိုင်ရင် ကောင်းပါတယ်။ တွဲပါတဲ့ဆေးလဲ ရှိတာဘဲ။

24 Jan 11, 21:28
တခြားနိုင်ငံမှာ Medicine တက်နေပါတယ်။ စာတွေ လေ့လာဖို့အတွက် မြန်မာဆရာဝန်တွေ ရေးတဲ့ Site သင်ကြားရေးဘက်နွယ်တဲ့ site / lecture notes and material များတင်တဲ့ site များ ရှိရင် သိချင်ပါတယ်။

Lecture လိုရေးတာ မတွေ့ဘူးသေးပါ။ ဆရာဝန်-ဆေးကျောင်းသားတွေကလဲ ကဗျာတွေ၊ ဆိုရှယ်တွေ များနေတာ သတိထားမိတယ်။ Public Health in Myanmar မှာ ဆောင်းပါးသဘော ရေးကြတယ်။

24 Jan 11, 16:19
ကျနော် အတန်းဖော်တစ်ယောက် တီဘီ ဖြစ်နေပါတယ်။ ရောဂါ မကူးလွယ်အောင် ကိုယ်ခံအားကောင်းစေတဲ့ အစားအသောက်များနဲ့ ကိုယ်ခံအားကျစေတဲ့ အစားအသောက်များကို ပြောပေးပါအုံး။

• သလိပ်ထဲမှာ ပိုးမတွေ့ရင် သူများကို မကူးပါ။ “Nutrition အာဟာရ” ကို ဖတ်ပါ။

Jan 24, 2011 at 3:15 PM
ကျွန်မက မြန်မာနိုင်ငံအထက်ပိုင်း (့) မြို့မှာ နေပါတယ်ရှင့်။ အသက်ကတော့ (၃၀) အတွင်းရှိပါပြီ။ ရောဂါကတော့ ရင်သား ညာဘက်ပိုင်းမှာ အရမ်းကို နာနေခဲ့ပါတယ်။ လက်နဲ့စမ်းကြည့်တော့လဲ အကျိတ်ကို မတွေ့ရပါဘူး။ ကွန်ပျူတာကို တစ်နေကုန် ထိုင်ပြီး သုံးနေရတဲ့အလုပ်ကို လုပ်ပါတယ်။ အရင်ကတော့ ရာသီမလာခင်မှာ နာတတ်ပြီး ရာသီပြီးလျှင် ပျောက်သွားတတ်ပါတယ်။ အခု တစ်ခါတော့ အရမ်းနာပြီး၊ ရာသီလာတော့ နည်းနည်း သက်သာသွားပါတယ်။ အိမ်ထောင် မရှိပါဘူးရှင့်။ အခုတစ်ခါ နာပြီးတော့ ညာဘက်ပိုင်းအကြောတွေ အရမ်းတက်ပါတယ်။ အလုပ်ကြောင့်လား ရင်သားနာလို့ ဖြစ်တာလား ဆိုတာ သိချင်ပါတယ်ရှင့်။ ၁ လ ပိုင်းအစမှာ အရမ်းကိုနာကျင်ခဲ့ပြီး ယခု ရာသီလာပြီးတော့ မနာတော့ပါဘူးရှင့်။ ခွဲစိတ်ဖို့ လိုအပ်ပါသလား။
နောက်တစ်ခုကတော့ ညာဘက်လက်သူကြွယ်အပေါ်ကရေရင် ဒုတိယ အဆစ်မှာ နွေရာသီတုန်းက တံခါးညှပ်ခဲ့ဘူး ပါတယ်။ ပြင်းပြင်းထန်ထန်လည်း နာကျင်ခဲ့ရပါတယ်။ အဲ့ဒိတုန်းကတော့ ဘာမှ မဖြစ်ခဲ့ပါဘူးရှင့်။ ယခု ဆောင်းတွင်းပိုင်းမှာ လက်ဆစ်ဟာ မနက်တိုင်း နာကျင်ပြီး ရောင်ရမ်းနေခဲ့ပါတယ်။ အိပ်ယာ ထချိန်ဆို ပိုပြီးနာကျင်ပါတယ်။ နေ့ခင်းပိုင်းဆို အကောင်း ပကတိ ပြန်ဖြစ်သွားပါတယ်ရှင့်။ ဓါတ်မှန်ရိုက်ပြီး ဆေးစစ် ချင်ခဲ့ပေမယ့် ယခုထိ မလုပ်ဖြစ်ခဲ့သေးပါရှင့်။ သွားလာရေး အလွန်ခက်ခဲလို့ပါရှင့်။

၁။ (က) ရင်သားနာတာက ရောဂါကြီး မဖြစ်နိုင်ပါ။ ကင်ဆာဆိုရင် နာတာက နောက်သိပ်ကျမှ ဖြစ်တယ်။ ဒီအရွယ်မှာ ကင်ဆာလဲ မဖြစ်နိုင်ပါ။
(ခ) အိမ်ထောင် မကျသေးသူတွေ၊ ဒီအရွယ်တွေမှာဖြစ်တဲ့ ရင်သားအကျိတ်ကို အရင်စဉ်းစားရမယ်။ ဒါပေမဲ့ မနာပါ။ နာရင်လဲ သိပ်ကြီးမှ။ အလုံးကို သေသေခြာခြာ စမ်းလို့ရလိမ့်မယ်။ မိမိဖါသာ ရင်သားစမ်းနည်း ထည့်ပေးလိုက်ပါတယ်။
(ဂ) အလုံးလဲ မတွေ့၊ နာတာက အဓိကဖြစ်တာမျိုးက မေးတဲ့သူပြောသလို ရာသီနဲ့ဆိုင်ဘို့ များတယ်။ ခွဲစိတ်စရာ မလိုပါ။ နာတဲ့အခါသောက်ဘို့ Pain killers တခုခု၊ ဥပမာ Paracetamol, Ibuprofen, Mefaremic acid, Diclofenic တခုခု သောက်ပါ။ ဆေးသောက်နေချိန်မှာ သက်သာလိမ့်မယ်။ လိုအပ်ရင် တနေ့ ၃-၄ ကြိမ်သောက်ပါ။ ဒါမှ မရသေးရင် (ဆောရီး နော်) ကိုယ်ဝန်တားဆေး ၃-၄ လ သောက်ရတယ်။ လူအများ သောက်ကြလေ့ရှိတဲ့ ဟော်မုန်း ၂ မျိုးတွဲ၊ ၂၈ လုံးပါ ဆေးကပ်ကို ပြောတာပါ။

၂။ လက်သူကြွယ်။ ခိုက်မိပြီး (၁ လ- ၁လခွဲ) နောက်ကျမှ ဓါတ်မှန်ရိုက်တော့ ကျိုးခဲ့ရင်လဲ ဆက်နေတာသာ ပေါ်မယ်။ နာခဲ့ရင်လဲ အမာရွက်သာ မြင်ရလိမ့်မယ်။ စောစောကရေးတဲ့ အနာသက်သာဆေး တခုခုသာ သောက်ပါ။ ဒါမှမရသေးရင် Prednisolone စားဆေးကို စနစ်တကျသောက်ရမယ်။ ဖြစ်တဲ့သူမှာ သွေးတိုးမရှိရင် သောက်နိုင်တယ်။ ပဌမ ၃ ရက်ကို တခါသောက် ၂ လုံး၊ တနေ့ ၄ ကြိမ် သောက်ပါ။ နောက် ၃ ရက်မှာ တခါသောက် ၂ လုံး၊ တနေ့ ၃ ကြိမ် သောက်ပါ။ တတိယ ၃ ရက်မှာ တခါသောက် ၁ လုံး၊ တနေ့ ၄ ကြိမ် သောက်ပါ။ နောက် ၃ ရက်မှာ တခါသောက် ၁ လုံး၊ တနေ့ ၃ ကြိမ် သောက်ပါ။ နောက် ၃ ရက်မှာ တခါသောက် ၁ လုံး၊ တနေ့ ၂ ကြိမ် သောက်ပါ။ နောက် တနေ့ ၁ လုံး၊ ၃ ရက်သောက်ပါ။ နာတဲ့နေရာကို ဗမာဆေး ပူတာတခုခုလိမ်းပါ။ Dichlofenic လိမ်းဆေးလဲ လိမ်းနိုင်ပါတယ်။

24 Jan 11, 14:12
ချောင်းဆိုးနေတာ နှစ်ပတ်လောက်ရှိပါပြီ။ တီဘီဖြစ်နိုင်လား။ မီးခိုးတွေရှူမိရင်လဲ ချောင်း ခဏခဏ ဆိုးပါတယ်။ ဘယ်လိုဆေးတွေ သောက်ရမလဲ ဆိုတာကိုပါ ညွှန်ပေးပါ။ ကျွန်တော့်အကိုရဲ့ ကျောမှာ ညှင်းလို ဖြစ်နေပါတယ်။ ယားနာဆေးတွေ လိမ်းတာ ခုထိ မပျောက်သေးပါဘူး။ gentalance - C ကိုလဲ လိမ်းပါတယ်။

တီဘီ ဟုတ်-မဟုတ် ဆရာဝန်က စမ်းရမယ်၊ ဓါတ်မှန် ရိုက်မယ်၊ သလိပ်စစ်ရမယ်။ ချောင်းဆိုးတယ်ဆိုတာ တီဘီ တခုထဲကြောင့် မဟုတ်ပါ။ ချောင်းဆိုးတယ်ဆိုတာ ရောဂါလက္ခဏာသာဖြစ်တယ်။ သူ့ကိုဖြစ်စေတဲ့ ရောဂါရှိတယ်။ ချောင်းဆိုးပျောက်ဆေးကလဲ အမျိုးမျိုး။ လည်ချောင်းယားပြီး ဆိုးတာအတွက်၊ သလိပ်ရှိလို့ ဆိုးတာအတွက်၊ ရင်ကြပ်လို့ ဆိုးတာအတွက်၊ စသဖြင့် ရှိတယ်။ လက္ခဏာသက်သာဆေးသာဖြစ်လို့ ရောဂါဆေးက ပိုအရေးကြီးတယ်။
• ညှင်းအတွက် “Fungus မှိုရောဂါများ” ကို ဖတ်ပါ။

1/25/2011 9:20 PM
မြန်မာပြည်မှာ သုံးတဲ့ ပိုစတီနော်ဆိုတဲ့ ဆေး၂ ပြားပါတဲ့တားဆေးက ဘယ်လို တိုက်ရမှာပါလဲ။ ကိစ္စပြီးမှ ၂လုံး လုံးလား။ မပြီးခင် ၁၊ ပြီးရင် ၁လား။ နောက်ပြီးတော့ ဒီနေ့အတွက် ၁ကဒ် ၂လုံး ပြီးရင် နောက်တရက်မှာလည်း ဆက်ပြီးနေမယ်ဆိုရင် နောက်တကဒ်တိုက်ရမှာလား ။ပြီးတော့ အဲ့ဆေးက ဘေးထွက်ဆိုးကျိုး ဘယ်လိုရှိပါသလဲ။

မြန်မာပြည်မှာ ၀ယ်ရတယ်လို့သိရတဲ့ Postinor ဆိုတာက Postinor-2, Postinor Duo နာမယ်တွေနဲ့ တချို့နိုင်ငံတွေမှာ ရှိတယ်။ ဆေးတကပ်မှာ ၂ လုံးပါတယ်။ ဒီဆေးမျိုးထဲမှာ 1.5 mg levonorgestrel ပါတယ်။ ဆက်ဆံအပြီး ၃-၅ ရက် အတွင်း သောက်ရမယ်။ Postinor 1, Postinor2 Unidosis နာမယ်နဲ့ဆိုတာက ဆေး ၁ လုံးထဲသာပါတယ်။ ဆေးပါတာကတော့ 1.5 mg of levonorgestrel အတူတူဘဲ။ Postcoital high-dose progestin-only oral contraceptive pills လို့ဆေးစာနဲ့ ခေါ်ပါတယ်။ ဆေးညွှန်ကို တိတိကျကျ လိုက်ဘို့ လိုတယ်။ ဆက်ဆံတဲ့အကြိမ် နည်းသူတွေသာသုံးသင့်တယ်။ ဒီဆေးကို ပုံမှန်သဘော သုံးသူတွေမှာ တနှစ်အတွင်း ကိုယ်ဝန်ရနိုင်မှာ ၂၀ % ရှိတယ်။ Yuzpe regimen ကို အဲလိုသုံးရင် တနှစ်မှာ ၄၀% ကိုယ်ဝန်ရနိုင်တယ်။ ဘာလို့လဲဆိုတော့ အရေးပေါ်သာ ကောင်းတာမို့ ဖြစ်တယ်။
ဘေးထွက်ဆိုးကျိုးတွေက ပျို့ခြင်း၊ အန်ခြင်း၊ ရင်သားတင်းခြင်း။ နေမကောင်း ဖြစ်ခြင်း၊ မောပန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သား တင်းခြင်း၊ ဗိုက်အောင့်ခြင်း။ လိင်ကတဆင့် ကူးစက်ရောဂါတွေကို အကာအကွယ် မပေးနိုင်ပါ။ ဆက်ပြီး ကာကွယ်လိုရင် အရေးပေါ် ဆေးအပြင် တခြားနည်းတွေကိုပါ သုံးဘို့လိုတယ်။

Methadone ဘိန်းကို ဘိန်းနဲ့ ဖြတ်တယ်

Nov 28, 2010 at 10:11 PM
မူးယစ်ဆေးဝါးများနဲ့ ပတ်သက်သော အချက်အလက်များ အစားထိုး-ဆေးဝါးများ သုံးစွဲ၍ ဖြတ်တောက်သည့်တိုင် ထိုအစားထိုး ဆေးဝါးများ စွဲသွားသည့် ပြဿနာကို မည်ကဲ့သို့ ဖြေရှင်းနိုင်ပါသလဲ။ မူးယစ်ဆေး သုံးသူများဟာ (အစားထိုး ဆေးဝါးများ မသုံးစွဲဘဲ) ပကတိ ကင်းပြတ် သွားနိုင်ပါသလား။ ထိုအကြောင်းအရာများကို မည့်သည့် နေရာများတွင် ရှာဖွေ ဖတ်ရှုနိုင်ပါသလဲ။ ကျနော် ကချင်ပြည်နယ် နယ်စပ်ကပါ။ ကျနော်တို့ မြို့တွင် မူးယစ်ဆေးစွဲ လူငယ် များစွာရှိပါသည်။ ယခု မက်သဒုန်းခေါ် ဆေးကို အခမဲ့ ဖြန့်ဝေနေပါသည်။ ထိုဆေးသည်လည်း စွဲစေသည်ဟု သိရပါသည်။

မေးတဲ့သူပြောမှ သတိထားမိတယ်။ ဆေးစွဲတဲ့အကြောင်း ကိုယ့်စကားနဲ့ ရေးတာ အတော်ရှားနေသေးပါလား။ လက်လှမ်း မီသလောက် အရက် တပုဒ်နဲ့ (ဒိုင်ယာဇီပင်) တပုဒ်သာ တွေ့တယ်။ ဒီတော့ ဘိန်းကို ဘိန်းနဲ့ဖြတ်တာလေး ရေးပါမယ်။

ဘိန်းသမိုင်း လှန်ရင် (အာဖကန်) နဲ့ (မြန်မာ) ကို တွေ့မှာ အမှန်ပါ။ ဒီနှစ်နိုင်ငံဟာ ဗိုလ်လုနေကြတယ်။ ၂ဝဝ၂ ခုနှစ်တုံးက သူတို့ဆီမှာ စစ်ပွဲ ကြီးကျယ်နေချိန်မယ် ကိုယ့်တိုင်းပြည်က ကျော်တက်နိုင်ခဲ့ပါတယ်။ ၂ဝ၁ဝ ခုနှစ်ဦးမှာ PWO ပလောင်-အမျိုးသမီးအဖွဲ့ကနေ Poisoned Hills ဆိုတဲ့ အစီရင်ခံစာတခု ထုတ်ပြန်ခဲ့လို့ ၂ဝဝ၇ နဲ့ ၂ဝဝ၉ အတွင်း ပလောင်-ဒေသမှာ ဘိန်းစိုက် ဧရိယာ ဟက်တာ ၉၆၃ ကနေ ၄၅၄၅ အထိ တိုးလာတဲ့ အချက်နဲ့အတူ အစိုးရ ထိန်းချုပ်ရာ နေရာတွေမှာပါ ဘိန်းစိုက်တိုးတာ သိလာကြရတယ်။ စစ်အစိုးရ အရင် ကိုလိုနီ-ဗြိတိသျှကလဲ မြန်မာပြည်ကို တစိတ်တပိုင်း သိမ်းပြီး၊ ၁၈၂၆ ခုကတည်းက ဘိန်းရောင်းတာ ဝယ်တာကို အစိုးရကိုယ်တိုင် လုပ်ခဲ့ပါတယ်။ ဗြိတိသျှ နဲ့ တရုတ် ပဌမ-ဘိန်းစစ် ၁၈၃၉ နဲ့ ဒုတိယ-ဘိန်းစစ် ၁၈၅၆ မှာဖြစ်ခဲ့ကြရတယ်။

ဘိန်းဟာ Opium poppy (Papaver somniferum) အပင်ရဲ့ မမှည့်သေးတဲ့ Seed pod အစေ့အိမ်ကနေထုတ်တဲ့ Milky latex အရည်ကနေ ရတယ်။ လေသလပ်တော့မှ မဲပြီး၊ မာလာတယ်။ ဘိန်းကို ဆေးဖြစ်-ဝါးဖြစ် သုံးခဲ့တဲ့သမိုင်း အေ-ဒီ ၁ဝဝ ကတည်းကပါ။ ရှေးဟောင်း ဆေးစာတိုင်းမှာလဲ ပါခဲ့တယ်။ God's Own Medicine ဘုရားပေးတဲ့ဆေး လို့တောင်မှ သမုတ်ကြတယ်။ Medicinal use ဆေးအဖြစ်ပေးတာနဲ့ Abuse တလွဲသုံးတာကနေ ဘိန်းစွဲနိုင်တယ်။

Opium addiction ဘိန်းစွဲသူတွေမှာ ဒီလက္ခဏာတွေ ရှိမယ်။
ဘိန်းကိုဘဲစွဲ၊ စိတ်ထဲက စိုးရိမ်စိတ်ကဲ၊ လူထဲ မတိုးချင်၊ သူများမမြင်-မသိအောင်သုံးနေ၊ ဘိန်းအတွက်ဆိုရင် ငွေကုန်ချင် ကုန်ပါစေ၊ ပြောရင် လေသံနဲ့ မြန်၊ စိတ်မူ မမှန်၊ အန်ချင်၊ သူများ မမြင်တာတွေမြင်၊ မကြားတွေကြား၊ စားချင်စိတ်က မရှိ၊ လူက ပိန်ချိ၊ မျက်စိက နီရဲ၊ အဝေး ငေးကြည့်၊ သတိ မေ့လျှော့၊ အလုပ်မှာပေါ့။ ကျောင်းမှာတော့ စာညံ့၊ သန့်ရှင်းရေး ဂရုမစိုက်၊ ခေါင်းကိုက်၊ ငိုက်ပေမဲ့ အိပ်မပျော်၊ အသံ တော်တော်ကျယ်ရင် မကြားချင်။

ဘိန်းဖြတ်ရာမှာ စိတ်အထူးကု လုပ်ရတယ်။
1. Cognitive behavioral therapy နည်း၊
2. Motivational therapy နည်း၊
3. Addiction treatment programs နည်း၊
4. Counseling နည်း၊
5. Detoxification ဘိန်းသတ္တိတွေ ပျယ်အောင်လုပ်နည်း နဲ့
6. Methadone ဆေးကိုတော့ ဘိန်းဖြတ်လို့ရလာမဲ့ လက္ခဏာတွေ သက်သော စေအာင်ပေးတယ်။ Methadone အပြင် Buprenorphine, Naltrexone, Clonidine and Lofexidine ဆေးတွေလဲ သုံးတယ်။

Methadone (မက်သဒုံး) ဟာ ဓါတ်ခွဲခမ်းမှာ ထုတ်တဲ့ ဘိန်းဖြစ်တယ်။ ၁၉၃၇ ခုနှစ်ကတည်းက ဂျာမဏီမှာ စထုတ်ပြီး၊ အမေရိကားမှာတော့ ၁၉၄၇ ကြမှ စတယ်။ Morphine (မော်ဖိန်း) နဲ့ Heroin (ဟီရိုးယင်း) တို့လိုဘဲ သတ္တိတူတယ်။ အလွန် နာတာကို သက်သာတဲ့ဆေး၊ ချောင်းဆိုး ပျောက်ဆေးတွေမှာ သုံးတယ်။ ဘိန်းဖြတ်ရာမှာ (မက်သဒုန်း) က အသုံးကျပေမဲ့ Methamphetamine (မက်သ်မင်ဖက်တမင်း) Cocaine (ကိုကိန်း)၊ နဲ့ အရက်ဖြတ်ရာမှာ အသုံးမကျပါ။ သွေးကင်ဆာကို ကုရာမှာ သုံးသေးတယ်။

(မက်သဒုံး) မှာ မကောင်းသတ္တိတွေက များလှတယ်။ သွေးခဲမယ်၊ အသက်ရှူမဝ၊ ဝမ်းချုပ်၊ ချွေးထွက်များ၊ အိုက်တာမခံနိုင်၊ အားယုတ်၊ သူငယ်အိမ်ကျဉ်း၊ ပျို့၊ သွေးဖိအားကျ၊ အမြင်-အကြား သူများနဲ့ မတူတာတွေ ခံစား၊ ခေါင်းကိုက်၊ အန်၊ နှလုံးခုန် မမှန်၊ အစားပျက်၊ လူကဝ၊ ဗိုက်နာ၊ ယောက်ျား ရင်သားထွက်၊ လိင်တံ မသန်မာ၊ အာခေါင်ခြောက်၊ ချွေးများ၊ မျက်နှာနီမြန်း၊ ယားယံ၊ ခြေ-လက်တွေရောင်၊ စိတ်ဂနာမငြိမ်ဖြစ်၊ မူပြောင်း၊ မျက်စိဝေဝါး၊ အိပ်မပျော်၊ အရေပြား အနီပြင်ထွက်၊ ဆီးသွားရခက်၊ တက်။

ဆေးဖြတ်လိုက်ရင် Withdrawal symptoms လက္ခဏာတွေ ခံစားရမယ်။ ခေါင်းထဲမှာ ပေါ့နေသလို ခံစား၊ မျက်ရည်ကျ၊ နှာရည်ယို၊ သန်းဝေ၊ နှာချေ၊ ပျို့၊ အန်၊ ဝမ်းလျှော၊ အလွန်ယား၊ ဖျား၊ ခွေးလွန်၊ ချမ်း၊ ခြေ-လက်တုံ၊ အတွင်းထဲမှာ မငြိမ်တာ ခံစားရလို့ လူကလဲ အငြိမ်မနေနိုင်ဖြစ်၊ ရင်တုံ၊ ခြေဆစ်-လက်ဆစ်တွေကိုက်ခဲ၊ နာတာကို ပိုခံစား၊ သွေးဖိအားတက်၊ အသက်ရှူနည်း။

ဆက်တွဲ ဖြစ်လာနိုင်တာတွေလဲ ရှိတယ်။ စွဲလမ်းမှုများ၊ စိတ်ဓါတ်ကျ၊ အိပ်မရတာ ကြာရှည်လာ၊ အလိုလို လိင်ဆန္ဒပြီးသွား၊ လိင်စိတ် နည်းပါး၊ ဂရောင်ချောက်ခြားဖြစ်၊ နားထဲကနေ သူများ မကြားတာတွေကြား၊ မျက်စိထဲကနေ သူများ မမြင်တာတွေမြင်၊ အနံ့ကို တကယ့် အနံ့ရော စိတ်ကူးထဲမှာပါ သူများထက် ထူးနေ၊ စိတ်တို၊ အကြောက်ကြီး၊ စိုးရိမ်စိတ်-ကြောက်စိတ်လွန်ကဲ၊ အမြင်သွေလွဲ၊ ကိုယ့်ကိုယ်ကို သတ်သေချင်၊ အသက်ရှူနည်းတာ ၂-၄ နာရီ ကြာရင် သေနိုင်တယ်။

FDA ကနေ Pregnancy category C သတ်မှတ်ထားလို့ (မက်သဒုံး) ကို ကိုယ်ဝန်ဆောင်တွေ မသုံးသင့်ဘူး။ Diuretic ဆီးသွားဆေး၊ Azithromycin, Ciprofloxacin, Clarithromycin, Erythromycin, Itraconazole, Ketoconazole, Metronidazole, Voriconazole ပိုးသေဆေး၊ Diltiazem, Verapamil နှလုံး-သွေးတိုးဆေး၊ Abacavir, Amprenavir, Didanosine, Efavirenz, Lopinavir/Ritonavir, Nelfinavir, Nevirapine, Ritonavir, Stavudine, or Zidovudine ဖြစ်တဲ့ HIV ဆေး၊ Isocarboxazid, Tranylcypromine, Phenelzine, Selegiline ဆေး၊ Pentazocine, Nalbuphine, Buprenorphine, Butorphanol တခြား ဘိန်းပါတဲ့ဆေး၊ Rifampin တီဘီဆေး၊ Phenobarbital, Phenytoin အတက် သက်သာဆေးတွေနဲ့ တွဲပေးဘို့ အထူးသတိထားရတယ်။

ဆေးအရှိန်နဲ့ ကားမောင်းရင် ဒုက္ခရောက်တတ်တယ်။ (မက်သဒုန်း) နဲ့ဆက်စပ်ပြီး၊ သေဆုံးရသူ အမေရိကားမှာ ၁၉၉၉ ကနေ ၂ဝဝ၄ အတွင်း ၄ ဆ မက တိုးခဲ့တယ်။ (မက်သဒုံး) များသွားရင် Naloxone နဲ့ကုရတယ်။ နောက်ပေါ်ဆေးက Naltrexone ဖြစ်တယ်။

ဘိန်းစိုက်ခဲ့တာ ကျောက်ခေတ်သစ်ခေါ်တဲ့ Neolithic Age ကတည်းဖြစ်တယ်။ သမိုင်းမှာ အင်ပါယာတွေထဲက Sumerian (ဆူမေးရီယန်း)၊ Assyrian (အဆီးရီးယန်း)၊ Egyptian (အီဂျစ်ပ်ရှန်း)၊ Indian (အင်ဒီးယန်း)၊ Minoan (မင်နိုအန်)၊ Greek (ဂရိ)၊ Roman (ရိုမန်)၊ Persian (ပါရှန်) နဲ့ Arab (အာရပ်) အားလုံးမှာ ဘိန်းစိုက်ခဲ့တာချည်းဘဲ။

တောင်သူတွေက ဘိန်း ၁ ကီလို ရောင်းရင် ဒေါ်လာ ၃ဝဝ ရတယ်။ ကုန်သည်တွေက ၈ဝဝ နဲ့ ရောင်းပြီး၊ အနောက်နိုင်ငံ လမ်းတွေပေါ်မှာ ၁၆ဝဝဝ ပေးရတယ်။ ဒါက ၂ဝဝ၂ ကိန်းဂဏန်းတွေသာ ဖြစ်တယ်။ ၂ဝဝ၉ မှာ ဈေးကျလို့ ၆၄ ဒေါ်လာသာ ရပေမဲ့ ၂ဝ၁ဝ မှာ ၁၆၉ ဖြစ်လာတယ်။

Obsolescence ကောင်းတော့ ကောင်းတယ် မျက်စိစပ်တယ် ဆိုတာ ဘိန်းကမှအမှန်။ သူ့အလိုလိုက မှိန်းစေ-စွဲစေ-ထိုင်းမှိုင်းစေတာတွေ ရှိနေပေမဲ့ သူ့ထက်သူ့ အစွမ်းထက်တာတွေကို ဖေါ်စပ်-သုံးစွဲလာကြတယ်။ ဘိန်းထဲမှာ (မော်ဖိန်း) ၁၂% ပါတယ်။ အဲဒါကနေ (ဟီရိုးယင်း) ထုတ်ယူရတယ်။ (ကိုဒင်း) လဲ ပါတယ်။ Morphine (မော်ဖိန်း) ကို ၁၈ဝ၄ မှာ ဖေါ်စပ်တယ်။ Heroin ကို ၁၈၇၄ မှာ စထုတ်တယ်။ Methadone ကို ၁၉၃၇၊ Pethidine ကို ၁၉၃၉၊ Fentanyl ကို ၁၉၅ဝ မှာထုတ်ပါတယ်။ Heroin ဆိုတာ ဓါတုဗေဒလို Diacetylmorphine ဖြစ်ပြီး၊ Diamorphine လို့လဲ ခေါ်တယ်။

Heroin (ဟီရိုးယင်း) က Morphine (မော်ဖိန်း) ထက် အလေးချိန်တူရင် သတ္တိမှာ၂့၂ ဆ သာတယ်။ ပြောင်းရတာလဲ ရိုးရိုးဘဲ။ Acetic anhydride နဲ့ ရောစပ်ပြီး၊ သန့်အောင် လုပ်ပေးဘို့သာလိုတယ်။ (မက်စီကန်) နည်းမှာ Black tar Heroin အမဲရောင် အဆင့်သာ ထုတ်တယ်။ ဒါ့ကြောင်လဲ အမေရိကန်မှာ ဆေးထိုးနည်းသုံးရာကနေ HIV ကူးစက်မှု တိုးလာတယ်။

လူ့ဦးနှောက်မှာ ဘိန်းသဘောကို သိတတ်တဲ့ Receptors အာရုံခံတွေ ရှိတယ်။ သူတို့ရှိတဲ့ နေရာက အသက်ရှူတာ၊ နာကျင်တာ၊ စိတ်လှုတ်ရှားတာတွေကို ထိန်းတဲ့နေရာတွေနဲ့ ကပ်နေတယ်။ လူတွေဟာ ကြောက်စိတ်ဝင်ရင်၊ လိင်စိတ် ပြည့်ဝရင်၊ စိတ်ဖိအားများရင်၊ ပြေးရင်၊ ငရုပ်သီးစပ်ရင်၊ ဘိန်း စား-ရှူ-ထိုးရင် Endorphins ဆိုတာတွေ ထုတ်ပေးနေတယ်။

ထိုးဆေးသမားတွေက Heroin မှုံ့ကို ရေနဲ့ဖျော်ပြီး၊ အသားထဲရော၊ အကြောထဲပါ ထိုးကြတယ်။ ၁ဝ မိနစ်မကြာခင် လူက Euphoria ရပြီး၊ ငြိမ်ကျသွားတော့တယ်။ IV ဆိုရင် ၇-၈ စက္ကန့်သာ ကြာမယ်။ စိတ်ထဲမှာ ကောင်းနေ၊ ကျေနပ်နေ၊ သာယာနေတယ်လို့ ဖြစ်ပေါ်လာတာပါ။ ဘိန်းသမားတွေမှာ ဘမ်းစကားလဲ ပေါလှတယ်။ ဘိန်းဖြူထိုးတာကို Slamming, Banging, Shooting up, Mainlining လို့ ခေါ်ကြတယ်။

သွေးကြောထဲထိုးသူတွေမှာ ဘိန်းဖြူရဲ့ ဆိုးကျိုးတွေအပြင် ရနိုင်တဲ့ အန္တရာယ်တွေ များပါတယ်။
• Addiction ဆေးစွဲ၊
• သွေးကတဆင့်ကူးစက်တဲ့ HIV နဲ့ Hepatitis B, C ဘီပိုး၊ စီပိုး၊
• ဗက်တီးရီးယားနဲ့ ဖန်းဂတ်စ် ကြောင့်ဖြစ်တဲ့ Endocarditis နှလုံးသားရောင်၊
• Venous sclerosis သွေးပြန်ကြောမာကျော၊
• Abscesses ပြည်တည်နာ၊
• Poisoning from contaminants ရောတဲ့ထဲမှာ ပါတာကနေ အဆိပ်သင့်၊
• Chronic constipation ရက်ရှည် ဝမ်းချုပ်၊
• Tolerance ဆေးပိုများစေချင်၊
• Physical dependence ဒီလိုလုပ်နေရတာမျိုးကိုဘဲ စွဲလမ်းနေ၊
• Decreased kidney function ကျောက်ကပ်အလုပ် ထိခိုက်။

သူများတွေမသိ အချင်းချင်းသာ သိအောင် ခေါ်ကြတဲ့ Slang အသုံးအနှုံးက အမျိုးမျိုးရှိတယ်။ Hop, Dope, Midnight oil, OP, Big O, Tar စသဖြင့်။ ကပွဲတွေ၊ (ဂေး) စုဝေးနေရာတွေမှာ Chill-out drug ၁ ဂရမ်ကို ၅၉-၈၈ ဒေါ်လာ ဈေး ပေါက်တယ်။ သုံးပုံတပုံကို $22 နဲ့၊ တခါသုံး $10 ပေးရတယ်။ (ဟီရိုးယင်း) စွဲသူဟာ တရက်မှာ $150 ရှာနိုင်ရမယ်။ အနုမှုံ့၊ အကြမ်းမှုံ့၊ အရည်၊ အလုံး၊ အမျိုးမျိုး။ အသန့် အဖြူမှုံ့က၊ အရသာ ခါးတယ်။ (ယူကေ) မှာ အညိုများပြီး၊ (ဒတ်ခ်ျ) မှာ ရေမှာ မပျော် သံပုရာရည်နဲ့ ဖျော်ရတဲ့ အမှုံ့ သုံးကြတာများတယ်။ အညိုရဲ့ လက်လီဈေးက တူရကီမှာ ၁ ဂရမ်ကို €14.5 ရှိပြီး၊ ဥရောပ တခြားနေရာတွေမှာ €35-40 နဲ့ ဆွီဒင်မှာ €110 ရှိတယ်။

(ရွှေတရိဂံ) နဲ့ (စကင်ဒီနေးဗီးယား) ပိုက်လိုင်း ဖေါက်ဘို့ မကောင်းပါလား။

Dr. တင့်ဆွေ
၂၅-၁-၂ဝ၁၁

Monday, January 24, 2011

Vertigo အမူးရောဂါ (အရက်ကြောင့် မဟုတ်ပါ)

Sun 1/23/2011 1:28 PM
ကျမနာမည် (့) ပါ ။ Further study လုပ်နေပါတယ်။ ၃၉ နှစ် အပျိုပါ။ Migraine headache ဖြစ်တတ်ပါတယ်။ တခါတလေ ထိုင်လိုက်တာ။ လှဲချတာ။ ရပ်လိုက်တာ ရာသီ လာနေတုန်းနဲ့ လာပြီးစမှာ Dizzy ဖြစ်ပါတယ်။ အလွန်ဆုံး (၃) ရက်လောက်ပါ။ ဒီလတော့ Migraine ကလည်း အရမ်းခံရပြီး Dizzy ကလည်း (၆) ရက်လောက် ရှိနေပါပြီ။ ၂ဝဝ၆ တုန်းက ၁ဝ ရက်လောက် ကြာဖူးပါတယ်။ ခုက Thesis and papers တွေ အရေးကြီးနေလို့ပါ။ အားဆေးတော့ Centrum သောက်နေပါတယ်။ ဘာလုပ်သင့်လဲ ဆိုတာလေး အကြံပြုပေးပါရှင်။

ဖြစ်နိုင်တာ ၂ မျိုးရှိနိုင်လို့ အရေးပေါ်ဆေးနည်း ၂ နည်း ပြောပါမယ်။

(၁) Migraine Emergency treatment (မိုင်ဂရင်း) အရေးပေါ် ဆေးများ (အန်တာကို သက်သာစေသည်။ အိပ်ချင်မည်။)
1. Ergotamine Inhalation and Rectal, Not for Coronary disease, Prgenancy and Hypertension (နှလုံး သွေးကြောကျဉ်း ရောဂါ၊ ကိုယ်ဝန်ဆောင်နှင့် သွေးတိုးရှိသူများမှအပ) ရှူဆေး၊ စအိုမှလည်းပေးသည်။
2. Chlorpromazine 0.1 mg/Kg IV, Excellent antiemetic သွေးကြော-ထိုးဆေး၊
3. Prochlorperazine 10 mg IV, Excellent antiemetic သွေးကြော-ထိုးဆေး၊
4. Metoclopramide 10-20 mg IV, Excellent antiemetic သွေးကြော-ထိုးဆေး၊
5. Dihydroergotamine (DHE) 0.75 to 1 mg Slow IV, Not for Coronary disease, Prgenancy and Hypertension (နှလုံး သွေးကြောကျဉ်း ရောဂါ၊ ကိုယ်ဝန်ဆောင်နှင့် သွေးတိုးရှိသူများမှအပ) သွေးကြော-ထိုးဆေး၊
6. Sumatriptan 6 mg S/C, Not for Coronary disease, Prgenancy and Hypertension (နှလုံး သွေးကြောကျဉ်း ရောဂါ၊ ကိုယ်ဝန်ဆောင်နှင့် သွေးတိုးရှိသူများမှအပ) အရေပြားအောက်-ထိုးဆေး၊
7. Ketorolac 60 mg IM အသားထဲထိုးဆေး၊

(၂) Acute Periphreral Vertigo Emergency treatment ရုတ်ရက် အပြင်းအထံ ခေါင်းမူးရောဂါအတွက် အရေးပေါ် ဆေးများ
1. Scopolamine 0.5 mg Intra-dermal patch 3-4 times a day (Behind ear) နားနောက်မှာ ကပ်ခွါဆေး၊
2. Dimenhydrinate 50-100 mg IM or PO 4 hourly အသားထိုးဆေး နဲ့ သောက်ဆေး၊
3. Diphenhydramine 25-50 mg IM or PO 6 hourly အသားထိုးဆေး နဲ့ သောက်ဆေး၊
4. Cyclizine 50 mg PO 4 hourly (200 mf.24 hours) သောက်ဆေး၊
5. Meclizine 25 mg PO 8-12 hourly သောက်ဆေး၊
6. Hydroxyzine 25-50 mg 6 hourly သောက်ဆေး၊
7. Promethazine 25-50 mg 6-8 hourly သောက်ဆေး၊

• BPPV အရက်မသောက်ဘဲ မူးတဲ့ရောဂါ http://dts-medicaleducation.blogspot.com/2011/04/bppv.html

Dr. တင့်ဆွေ
၂၄-၁-၂ဝ၁၁

Subdural effusion ဦးနှောက်-အလွှာအောက်မှာ အရည်လာအောင်းနေခြင်း

Jan 23, 2011 at 4:09 PM
ကျမရဲ့ တူမလေး မ (့) ခြောက်နှစ်ခွဲမှာ ကျောင်းတတ်-စာသင်၍ မရပါ။ သာမာန်ကြည့်ရင် မသိသာပေမယ့် စကားပြော နောက်ကျခြင်း၊ စာသင်မရခြင်းများ ဖြစ်နေပါတယ်။ ဆရာဝန်ပြကြည့်တော့ ဦးနှောက်မှာ အရည်များ များနေတယ်လို့ ပြောပါတယ်။ ခွဲရမယ်၊ ဒါမှ မဟုတ်ရင် အရည်ကို စုပ်ထုတ်ရမယ် ပြောပါတယ်။ ခွဲရင် ဒါမှမဟုတ် စုပ်ထုတ်ရင် အောင်မြင် နိုင်ပါ့မလား။ ဆေးထိုး ဆေးသောက်ရုံနဲ့ ရနိုင်မလားရှင့်။ ကလေးကလည်းကြောက်၊ လူကြီးကလည်းကြောက်၊ ဘာမှလည်း မသိလို့ မေးလိုက်ရပါတယ်ရှင်။ ကလေး၏ မိခင်မှာ ကလေး မွေးပြီးစတွင် အထိန်းသိမ်းခံရသဖြင့် ကလေး ၂ နှစ်မှ အပြင် ရောက်ပါတယ်။ ဆေးစာများကိုလည်း ထည့်သွင်းပေးပို့ပါတယ်ရှင်။

Subdural effusion ဆိုတာ ဦးနှောက်မှာဖုံးနေတဲ့ အလွှာတခု အောက်မယ် မလိုအပ်ဘဲ အရည်တွေ အောင်းနေတာ ဖြစ်တယ်။ တချို့မှာ ပိုးထပ်ဝင်ရင် Subdural empyema ပြည်တည်တတ်တယ်။

Causes အကြောင်းရင်း Bacterial meningitis ဗက်တီးရီးယားကြောင့် ဦးနှောက်မြှေး ရောင်ရာကနေဖြစ်တယ်။ Haemophilus influenza ပိုးကနေ အဖြစ်များတယ်။

Symptoms လက္ခဏာတွေကတော့
• Bulging fontanelles ငယ်ထိပ်နေရာဖေါင်းနေမယ်၊
• Increased head circumference ခေါင်းအရွယ်အစားကြီးနေမယ်၊
• Lethargy တက်ကြွမှုနည်းမယ်၊
• Persistent fever ခဏခဏဖျားမယ်၊
• Seizures တက်မယ်၊
• Separated sutures ခေါင်းကအရိုးတွေဆက်တာနောက်ကျမယ်၊ မဆက်ဘဲနေမယ်၊
• Vomiting အန်မယ်၊
• Weakness အားယုတ်နေမယ်။

Exams and Tests ရောဂါသေခြာအောင် CT scan of the head, MRI scan of the head, Ultrasound of the head တွေလုပ်စစ်ဆေးရတယ်။

Treatment ကုသနည်း။
1. Surgery to drain the effusion is often necessary ခွဲစိတ်ပြီး အရည်ထုတ်တာ လိုအပ်ပါတယ်။
2. Rarely, a permanent drainage device တခါတလေ အမြဲအရည်ထုတ်ပေးစေဘို့ လမ်းကြောင်းလုပ်ပေးရတတ်တယ်။
3. Antibiotics may need to be given through a vein ပဋိဇီဝဆေး သွေးကြောထဲကနေထိုးမယ်။

Outlook အလားအလာ
• Full recovery လုံးဝကောင်းသွားနိုင်တာကို မျှော်လင့်လို့ရတယ်။
• အရည်ကြောင့်မဟုတ်ဘဲ ဆက်တွဲဦးနှောက်-အာရုံကြောဖြစ်တာတွေပါရှိနေတတ်တယ်။

Possible Complications ခွဲစိတ်လို့ ဖြစ်နိုင်တာတွေကတော့
1. Bleeding သွေးယိုတာ၊
2. Brain damage ဦးနှောက်ထိခိုက်တာ နဲ့
3. Infection ပိုးဝင်တာတွေ ကံမကောင်းရင်ဖြစ်နိုင်တယ်။

Dr. တင့်ဆွေ
၂၄-၁-၂ဝ၁၁

Saturday, January 22, 2011

Q and A January 2011 (6)

1. ငယ်ငယ်လေးနဲ့ ဒီလိုဖြစ်နေတော့ ဆရာဝန်ပြရမှာ အရမ်းရှက်နေလို့ပါ
2. သုတ်တွေဟာ သွေးတွေလို ရဲနေပါတယ်
3. ဝမ်းသွားရင် သွေးပါ ပါနေတတ်လို့ပါ
4. နို့သီးခေါင်းလေး တစ်ခြမ်းက အထဲကို ဝင်နေတယ်
5. ဝှေးစေ့ နှစ်ဖက်စလုံးရဲ့ အတွင်းဖက်မှာ
6. သမီးချစ်သူ ဖျားနေတာ ၄ ရက်လောက်ရှိပြီ
7. သမီး B ပိုးအကြောင်း မေးချင်လို့ပါ

Jan 21, 2011 at 1:07 PM
ကျွန်တော့် အသက်က ၁၉ ကျော် ၂ဝ အတွင်းမှာပါ။ ဆရာဝန်ဆီသွားပြီး ရောဂါပြောရမှာရှက်နေလို့။ ကျွန်တော် ၁၅ နှစ် လောက်ကစပြီး Masturbation လုပ်ခဲ့ပါတယ်။ လက်တွေ့ မဆက်ဆံဘူးသေးပါဘူး။ အခု သုတ်လွှတ်တာ အရမ်းမြန် နေလို့ပါ။ တစ်မိနစ်တောင် မကြာပါဘူး။ စက္ကန့်ပိုင်းလောက်ပဲ ရှိပါတယ်။ သတိပြုမိတဲ့ တစ်ခြား အချက်တွေကတော့ ယောက်ျားတစ်ယောက် ဆိုရင် မနက်မိုးလင်း အိပ်ရာနိုးရင် ပစ္စည်းကပါ နိုးမှ ကျန်းမာတယ်လို့ ကြာဘူးပါတယ်။ ဒါပေမယ့် ကျွန်တော်အင်္ဂါက မနိုးလာပါဘူး။ Masturbation လုပ်တဲ့အချိန် Pornography ကြည့်တဲ့အချိန် ဆိုရင်တော့ တောင့်တင်း လာပါတယ်။ ဒါပေမယ့် အားသိပ်မရသလို ခံစားရပါတယ်။ အဓိကကတော့ ပြီးတာ အရမ်း မြန်နေတယ်။ အသက်က ငယ်ငယ်လေးနဲ့ ဒီလိုဖြစ်နေတော့ ဆရာဝန်ပြရမှာ အရမ်းရှက်နေလို့ပါ။ ကြောက်လို့ Masturbation တောင် မလုပ်ပဲ ၁လ ကျော်ကျော်လောက် နေဘူးပါတယ်။ လက်ထက်ဖို့အထိ ရည်ရွယ်ထားတဲ့ ရည်းစားတစ်ယောက်ရနေလို့ပါ။ ဒါပေမယ့် သူနဲ့တွေ့တိုင်း အားငယ်သလို ခံစားနေရတယ်။

အခုပြောပြတာတွေ အားလုံး ရောဂါမဟုတ်ပါ။ (နော်မယ်လ်) ပါဘဲ။ အားငယ်စိတ်ကို တခါထဲ ထုတ်ပြစ်လိုက်ပါ။ မနက် အိပ်ရာထ အင်္ဂါသန်မာတယ်ဆိုတာ မနက်တိုင်း မဟုတ်ပါ။ အဲဒါဖြစ်မှ ကျန်းမာတယ်ဆိုတာ မမှန်ပါ။ (မာစတာဘေးရှင်း) ကြောင့် အိမ်ထောင်ကျရင် အဆင်မပြေမှာ၊ ကလေးမရမှာတွေလဲ လုံးဝ မစိုးရိမ်ပါနဲ့။ Impotency နဲ့ Infertility ဖြစ်ရတဲ့ အကြောင်းတရား စာရင်းရှည်ထဲမှာ ဒါမပါပါ။

Jan 18, 2011 at 8:40 PM
ကျနော့် အသက် ၃၂ နှစ်ပါ။ ပထမဆုံး အကြိမ်မှာ ဆက်ဆံစဉ်က လိင်တံကို တခုခုနဲ့ ထရှမိသလို ခံစားခဲ့ရပါတယ်။ နာတာနဲ့ ကြည့်လိုက်တော့ သုတ်တွေဟာ သွေးတွေလို ရဲနေပါတယ်။ ကျနော်ကြားဖူးတာ မိန်းကလေးတွေမှာပဲ သွေးထွက်တယ်လို့ ကြားဖူးတာပါ။ လိင်ဆက်ဆံဖို့ ကြောက်သွားမိပါတယ်။ ကွန်ဒုံး သုံးတော့ အဲလို မနာပါဘူး။ သုတ်ကလည်း အဖြူထွက်ပါတယ်။ နောက်တကြိမ်မှာလည်း အတူတူဖြစ်ပါတယ်။ သူငယ်ချင်းကို မေးကြည့်တော့ ကောင်မလေးက အသစ်မို့ ကျဉ်းလို့ မင်းကလည်း အသစ်မို့ ဆိုပြီးပြောပါတယ်။ မင်းက အသစ်မို့ ကွန်းသီးခေါင်း ချုပ်စပ်က အလည်ချုပ်ရိုး ပြဲသွားတာလို့ ပြောလို့ ကြည့်ပါတယ်။ အဲဒီ အလည်ချုပ်ရိုးလေး ပြဲသွားတာ တွေ့ရပါတယ်။ ခုဟာက အဲဒါလေး ပြဲသွားတာက သွေးထွက်တာ နဲနဲလေးပါ။ သုတ်တွေက တကယ့် သွေးတွေလိုပါပဲ နီရဲနေပါတယ်။ သွေးလည်း မဟုတ်ပါ။ သုတ်အဖြူလိုပါပဲ ပျစ်ပျစ်ပါပဲ။ အနီရောင်နဲ့ အဖြူရောင်ပဲ ကွာတာပါ။ ကျနော် နှစ်ကြိမ် အဲလိုဖြစ်ပြီး နောက် မဖြစ်တော့ပါ။ အဲဒါ ဘာဖြစ်တာလဲဆိုတာ သိချင်လို့ပါ။ ကျနော်က ဖြစ်တာလား ကောင်မလေးက ဖြစ်တာလား ဆိုတာလည်း သိချင်လို့ပါ။

သိပ်မရှင်းလို့ မေးပါအုံးမယ်။ သူများပြောတာ၊ ကိုယ်ထင်တာတွေ ခဏထားပြီး တည့်တည့် ဖြေပေးပါ။
သွေးတွေ့တာနဲ့ နာတာ တွဲနေသလား။ ကွန်ဒွမ် သုံးရင် (၁) မနာသလို (၂) သွေးလဲ မပါဘူးဆိုတာ မှန်လား။
(မာစတာဘေးရှင်း) လုပ်ရင် သွေးပါဘူးသလား။
“သုတ်တွေက တကယ့်သွေးတွေလိုပါပဲ နီးရဲနေပါတယ်။ သွေးလည်းမဟုတ်ပါ။ သုတ်အဖြူလိုပါပဲ” ပြောတာ ရှေ့-နောက် မညီဖြစ်နေတယ် ထင်တယ်။
မိန်းကလေးက နာတယ်လို့ ခံစားရသလား။
အခု အဆင်ပြေသွားပြီဆိုရင်လဲ “Hematospermia သုတ်ထဲသွေးပါ” ကိုသာဖတ်ပါ။

2011/1/15
၂၂ နှစ်ပါ။ တခါတလေ ဝမ်းသွားတဲ့အခါ သွေးပါနေတတ်ပါတယ်။ အဲဒါ အစားသောက်နဲ့များ ဆိုင်လား။ ဥပမာ ငရုတ်သီး၊ အစပ် စားထားမိတာမျိုး။ အရင်တစ်ခါ ဝမ်းချူပ်ပြီးထဲက နောက်ပိုင်း ဝမ်းသွားရင် သွေးပါ ပါနေတတ်လို့ပါ။ အန္တရာယ်၊ စိုးရိမ်စရာ ရှိ၊ မရှိကိုလည်း သိလိုပါတယ်။ အမြဲတမ်းဖြစ်တာတော့ မဟုတ်ပါဘူး။ စဖြစ်တာကတော့ လွန်ခဲ့တဲ့ ၂ လကပါ။ အဲဒီတုန်းကတော့ ဝမ်းချူပ်ပြီး ကြွက်သား အညစ်များရာကနေ ဖြစ်တာထင်တယ်။ အသားစသေးသေးလေးလို စမ်းမိတော့ လိပ်ခေါင်းဖြစ်မှာ စိုးရိမ်မိပါတယ်။ ဆရာဝန်က ဝမ်းမှန်မှန် သွားရအောင် FIB-Ease oral powder ပေးထားပါတယ်။ အဲဒါသောက်တော့ ဝမ်းတော့ အရမ်း မချူပ်တော့ပါဘူး။ သွေးမပါတာလဲ ၁ လနီးပါးလောက်ရှိပါပြီ။ ဒီနေ့မှ ပြန်ဖြစ်တာပါ။ chilli, tom yum စားမိတဲ့နေ့တွေဆိုရင် ဝမ်းသွားရင်သွေးပါ နေတတ်တယ်။ တိုက်ဆိုင်တာဘဲလားတော့ မသိပါဘူး။ အနီရောင်ပါ ။ အများကြီးတော့မဟုတ်ဘူး။ ဗိုက်ထဲက ပူစပ်နေသလိုတော့ နဲနဲ ခံစားရတယ်။ အသားစကတော့ မစမ်းမိပါဘူး။ Overseas ရောက်နေလို့ စိတ်တော့ ပူမိပါတယ်။

• ဝမ်းမှာ သွေးပါစေတဲ့ အကြောင်းတွေ အမျိုးမျိုးရှိတယ်။ မေးတဲ့သူထင်လာလဲ ပါတယ်။ အစားအသောက်ကြောင့် နဲနဲပါးပါး ဖြစ်နိုင်တယ်။ ဝမ်းချုပ်လို့ ညှစ်ရင်လဲ ပါနိုင်တယ်။ လိပ်ခေါင်းကြောင့်လဲ ဖြစ်တယ်။ ဒီအကြောင်းတွေ ကြောင့်ဆိုရင် သွေးက သွေးစိမ်းရွှင်ရွှင်ဆိုသလို နီရဲနေမယ်။ သွေးအသစ်ဖြစ်တယ်။ သွေးထွက်ထားပြီးသား ဝမ်းထဲပါလာတာမျိုး မဟုတ်ဘူး။ အစာအိမ်၊ အူတွေကနေ ထွက်တာဆိုရင် သွေးက ဟောင်းလို့ ညိုမဲ၊ နက် နေနိုင်တယ်။
• ဝမ်းမချုပ်စေရအောင် ရေများများသောက်၊ အသီးအရွက်၊ အသီးအနှံများများစား၊ ဝမ်းချုပ်စေတတ်တဲ့ အဖန်-အခါး လျှော့စား၊ သင်္ဘောသီး၊ မန်ကျီးမှည့်စားပါ၊ ဝမ်းပျော့ဆေးကို လိုတဲ့အခါ သောက်ပါ။ အစပ်-အပူ မတည့်သူဆိုရင် ရှောင်ပါ။ လူတိုင်း မတည့်တာတော့ မဟုတ်ပါ။
• လိပ်ခေါင်း မဖြစ်ရအောင်၊ ဖြစ်ဆိုလဲ တိုးမလာအောင်၊ ဝမ်းဂရုစိုက်ပါ။ ဗိုက်ကို ညှစ်ရတာမျိုး ဆင်ခြင်ပါ။ ချောင်းဆိုး၊ နှာခြေ၊ အလေးအပင်မ၊ ဆောင်ကြောင့်ထိုင်၊ ရှောင်ပါ။
• သွေးယိုတတ်တဲ့လူဖြစ်မှာလဲ စဉ်းစားရမယ်။ တနေရာရာကနေ ခဏခဏဖြစ်သူဆိုရင် သွေးစစ်ပါ။ ဗီတာမင် စီ ၅ဝဝ အား သောက်ပါ။ သွေးအားနည်းနေရင် သံဓါတ်ဆေး-အစာ အားကိုးပါ။ သံဓါတ်က ဝမ်းချုပ်စေတတ်တာ သတိထားပါ။

2011/1/17
သမီးက ရန်ကုန်ကပါ။ ဆရာရေးတဲ့ ရင်သားနှိပ်နယ်ခြင်းဆောင်းပါးကို သမီးဖတ်မိတာ မကြာသေးပါဘူး။ ဆရာ့ကို သမီး တစ်ခု မေးချင်လို့ပါ။ သမီး Breast ရဲ့ နို့သီးခေါင်းလေး တစ်ခြမ်းက အထဲကို ဝင်နေတယ်။ သမီးလဲ ဆရာ့ဆောင်းပါးကို ဖတ်ကြည့်ပြီးခါမှ ကိုယ့်ဖာသာ သေချာကြည့်မိတာပါ။ ခုလို ဘယ်ချိန်ကတည်းက အထဲကို ဝင်နေတယ် ဆိုတာတော့ သမီးလည်း သတိမထားမိပါဘူး။ သမီးဘယ်လိုလုပ်ရမလဲဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဦး။

• Inverted nipples နို့ပါးစပ် ကို ဖတ်ပါ။

Date: 2011/1/17
ကျွန်တော်ဟာ (့) နိုင်ငံ (့) ပြည်နယ်မှာ နေထိုင်သူ လူပျိုဖြစ်ပါတယ်။ ကျွန်တော့် ဝှေးစေ့ နှစ်ဖက်စလုံးရဲ့ အတွင်းဖက်မှာ မကျဉ်းစေ့ အရွယ်ခန့် အလုံးကလေးတွေ ပေါ်နေတာ တနှစ်ကျော်ကျော်လောက် ရှိပါပြီ။ နာကျင်မှုလဲ ရှိပါတယ်။ ဘယ်မိန်းမနဲ့မှလဲ မဆက်ဆံဖူးပါဘူး။ အလုပ်က တနေ့ကို ၈ နာရီခန့် လမ်းလျှောက်ရင်း လုပ်ရပါတယ်။ အထူးကု ဆရာဝန်နဲ့ အချိန်းအချက်လုပ်ခဲ့ပြီး တတ်နှိုင်သလောက် ပြောပြ၊ အလ်ထွာဆောင်း ရိုက်စစ်ပြီးတော့ မင်းရဲ့ ရောဂါဟာ ဝှေးစေ့ရဲ့အတွင်းဖက်သုတ်ရည်လမ်းကြောင်း ဝှေးစေ့ဥကိုငုံ ပတ်ပြီးသွားတဲ့ အကျော ရောင်နေတာပါတဲ့။ ၂ ပတ်လောက် အနားယူခိုင်းပြီး (Ibuprofen) လိုဆေးကိုပဲ သောက်ခိုင်းပါတယ်။ မသက်သာပါဘူး။ ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်တော့ ဘယ်သူ့ကို မေးရမှန်းလဲ မသိပါဘူး။ အဲဒါကျေးဇူးပြု၍ ဘယ်လို ဆေးမျိုးကို သောက်သင့်ပါသလဲ။ ဒီမှာက ဆရာဝန် ညွှန်ကြားချက် ဆေးစာမပါရင် ဆေးဝယ်ယူလို့ မရတဲ့အခက်အခဲ လဲရှိပါတယ်။ ဘယ်နေရာမှာ ဝယ်ယူလို့ရနိုင်ပါသလဲ။ online ကကော မှာယူလို့ရနိုင်ပါသလား။ မြန်မာတိုင်းရင်းဆေး လူးဆေး သောက်ဆေး ဆိုရင်ကော ဘယ်လို ဆေးမျိုးကို သုံးနှိုင်ပါသလဲ ခင်ဗျား။ အသက် ၂၄ နှစ်ရှိပါပြီ။

• Varicocele ကို ဖတ်ပါ။

2011/1/18
သမီးချစ်သူ ဖျားနေတာ ၄ ရက်လောက်ရှိပြီ။ မိုးနည်းနည်းမိတာရယ် ခံတွင်းအပူများတာရယ် နောက်ပြီး လည်ချောင်း နာရင်းကနေ အဖျားဝင်တာပါ။ အရင်တုန်းကလည်းဖြစ်ဖူးပါတယ်။ ဒါပေမယ့် ကိုယ်မပူဖူးပါ။ အခုက ကိုယ်တွေ အရမ်းကို ပူပါတယ်။ ပြီးတော့ ချမ်းလဲ အရမ်းချမ်းတတ်ပါတယ်။ နေ့လည်ဆိုရင် အဖျားကျပြီး ညဆိုရင် အဖျား တက်ပါတယ်။ ပြီးတော့ အဖျားတက်ပြီးတာနဲ့ ချွှေးတွေ တအားထွက်ပါတယ်။ အစာလဲ ကောင်းကောင်းမစားနိုင်ဘူး။ လည်ပင်းနာတဲ့ အတွက်ကြောင့်ပါ။ ဆေးခန်းလဲ သွားပြပြီးပြီ။ ဆရာဝန်ပေးတဲ့ ဆေးသောက်ပြီးပြီးချင်းကို တော်တော် သက်သာပါတယ်။ ညပိုင်း ထပ်သောက်ပြီး အိပ်တော့မှ အဖျားတွေ တက်ပြီး အရမ်းချမ်းတုန်နေတာ။ လည်ချောင်း နာတာလဲ ပိုဆိုးလာတယ်။ ဆရာဝန်ပေးတဲ့ဆေးကတော့ relief pain & fever အတွက် ဆေးရယ် ပြီးတော့ ငုံဆေးရယ် ခံတွင်း သန့်အောင် ငုံပြီး ထွေးထုတ်ရတဲ့အရည်ရယ် Antibiotic လဲ ပေးတယ်။ ဆရာဝန်က ကြက်ဥ ဘဲဥ လိမ်မော်သီး ငှက်ပျောသီး မစားရဘူးတဲ့။ သမီးတို့က (့) မှာပါ။

လူနာ အသက်၊ ကျား-မ၊ ငှက်ဖျားဖြစ်ဘူးလား၊ ငှက်ဖျားဒေသ သွားဘူးလား။ Antibiotic နာမည်။

လူနာ က ၂၇နှစ် ကျား ပါရှင့်။ ငှက်ဖျားဒေသဆိုလို့ ထိုင်း နယ်စပ်တော့ ရောက်ဖူးတယ်။ ငှက်ဖျားတော့မဖြစ်ဖူးပါဘူးရှင့်။
Antibiotic နာမည်က AMOCLA 625MG

Antibiotic Amoxacillin 625 mg သောက်ရင် ဗက်တီးရီးယားကြောင့်ဖြစ်တာ ပျောက်ပါမယ်။
အခုရာသီမှာ ငှက်ဖျားထနေတယ်။ ဒါ့ကြောင့် Choloroquine Tablet ၁ဝ ပြားသောက်တာ မမှားနိုင်ပါ။ ဈေးလဲချိုတယ်။ ဝယ်လို့လဲလွယ်တယ်။ ဘေးထွက်ဆိုးကျိုးမများပါ။ ပဌမနေ့မှာ ၄ လုံးတခါထဲသောက်ပါ။ နောက်ရက် မနက် ၂ လုံး၊ ညနေ ၂ လုံး၊ သောက်ပါ။ နောက်ဆုံး တတိယနေ့မှာ မနက် ၂ လုံးသောက်ပါ။
နာ-ကိုက် စတာတွေအတွက် Pain killer တခုခုသောက်ပါ။ ချမ်းတာအတွက် လိုအပ်ရင် Avil, Burmeton, Citrizine, Antihistamine တခုခုသာ သောက်ပါ။ ကျန်းတာတွေ အဖျားကျတာနဲ့ ပြန်ကောင်းပါမယ်။

ကျေးဇူးတင်ပါတယ် ဒေါက်တာ။ ဒီနေ့ညနေပဲ ဆေးသွားဝယ်လိုက်ပါ့မယ်။

Jan 18, 2011 at 1:05 PM
သမီး B ပိုးအကြောင်း မေးချင်လို့ပါ။ လူတယောက်ဟာ ဆေးစစ်တဲ့ အချိန်မှာလဲ ဘာပိုးမှ မရှိဘူး။ ပြီးတော့ B ပိုး ကာကွယ်ဆေးလဲ ထိုးထားရင် ပိုးဟာ အလွယ်တကူ ဝင်နိုင်ပါသလား။ ဘယ်လို ကာကွယ်ရမလဲ သိချင်လို့ပါ။ ဘယ်လိုနည်းနဲ့ရော ကူးစက် ခံရနိင်ပါသလဲကိုလည်း ဖြေကြားပေးပါ။

• Hepatitis B ဘီပိုးအကြောင်း သိသင့်တဲ့ အချက် ၁ဝ ချက်
• Hepatitis B ဘီ ပိုး တွေကို ဖတ်ပါ။

၂၂-၁-၂ဝ၁၁

Q and A January 2011 (5)

1. တင်းတိတ် မဟုတ်လောက်ဘူးထင်တယ်
2. တစ်ကိုယ်လုံးနီးပါး ယားယံနေတဲ့ ဝေဒနာခံစားနေရပါတယ်
3. လက်မတစ်ချောင်းမှာ လက်သည်းပိုးဝင်နေပါတယ်
4. ကလေးအမေလို ပုံပျက်နေတယ်
5. ခေါင်းကိုက်တာကို အဓိကခံစားနေရပါတယ်
6. သုတ်ရည်များ အလိုလို ပန်းထွက်တာ ရှိခဲ့ပါတယ်

2011/1/20
ကျွန်မ မျက်နှာမှာ အခုတလော မှဲ့ခြောက်လိုမျိုး အစက် အမဲလေးတွေ ပေါ်နေလို့ပါ။ အဲ့ဒါပျောက်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာ ကူညီပေးပါဦး။ ကျွန်မ အသက် ၂၂ ပါ။ ဖြစ်တာကတော့ သိပ်မကြာသေးပါဘူး ၂ လလောက်ပဲ ရှိမယ် ထင်ပါတယ်။ ကျွန်မ ထင်တာက တင်းတိတ် မဟုတ်လောက်ဘူးထင်တယ်။ ဆရာလုပ်တာတော့ မဟုတ်ပါဘူး မှဲ့ခြောက် လိုမျိုး အစက်လေးတွေ ဖြစ်တာပါ။

ရေးပြီးသားတခုက အသက်ရသူက မေးလို့ ခေါင်စဉ်ကို အဲလိုတပ်ထားတာပါ။ ၂၂ သမီးဆိုတာ ငယ်သေးတယ်။ ဆိုင်မယ် ထင်တာကိုသာ ယူပါ။ လိုသေးတော့ မေးပေါ့။
• Melasma တင်းတိပ်
• Age Spots အသက် နဲ့ အစက် တွေကို ဖတ်ပါ။

1/21/2011 9:50 PM
ကျနော့်မှာ အခုတစ်ကိုယ်လုံးနီးပါး ယားယံနေတဲ့ ဝေဒနာခံစားနေရပါတယ်။ ဘယ်လိုမှ မကုတ်ပဲ မနေနိုင်အောင် ယားပြီး၊ ကုတ်နေရတာ ညတွေဆို အိပ်ရေးလဲ ကောင်းကောင်းမအိပ်ရပါဘူး။ ယားလို့ ကုတ်လိုက် သံလွင်ဆီလေး ပွတ်လိုက် ပြန်အိပ်လိုက်နဲ့ မိုးသာ လင်းသွားတယ် အိပ်ရေးမဝတဲ့ညတွေ များပါပြီဆရာ။ ယားတဲ့နေရာက အနီဖုလေးတွေ အများကြီး ဖြစ်လာပြီး ကုတ်ရင်းကုတ်ရင်းနဲ့ အဲဒီအနီဖုတွေက ထူးပြစ်ပြစ် ကြမ်းတမ်းတမ်းတွေကြီးဖြစ်လာပါတယ်။ မဖြစ်ခင်က အသားအရေးနဲ့ ယှဉ်လိုက်ရင် ခုဖြစ်နေတဲ့အသားအရေက မည်းခြောက်ခြောက်ကြီးဖြစ်ပြီး၊ ပြောင်းလဲ သွားပါတယ်။ စိုးရိမ်တာက ဒီထက်ဆိုးလာမှာကိုပါ။ ခုထိ ဆရာဝန်နဲ့ မပြရသေးပါဘူး။ ပျောက်နိုး ပျောက်နိုးနဲ့စောင့်နေရင်းနဲ့ ခုလို အခြေအနေ ဖြစ်လာလို့။ ကျနော့်အထင် ဒီလို စဖြစ်လာတာ ကျနော့်အသားအရေးက ပတ်ကြားအက်နေလို့ ဂလစ်စရင်း အလှဆီ လိမ်းပြီး အဲဒီအပေါ်ကို နောက်ထပ် လိုးရှင်း တစ်ခု လိမ်းလိုက်မိလို့ ဖြစ်တယ်ထင်ပါတယ်။ နောက် တဖြည်းဖြည်း ကုတ်ရင်းနဲ့ တကိုယ်လုံးနီးပါး ဖြစ်လာလို့ စိတ်ညစ်နေမိပါတယ်။ ပြီးတော့ အသားအရေး မွဲခြောက်သွားပါတယ်။ အဲဒါ ဘယ်လိုဆေးတွေ လိမ်းရ၊ သောက်ရမယ်ဆိုတာ ပြောပြပေးပါလား ခင်ဗျာ။

နောက်တစ်ခုက ကျနော့် လက်မတစ်ချောင်းမှာ လက်သည်းပိုးဝင်နေပါတယ်။ အဲဒီလက်သည်းပိုးကလဲ ကျနော်ပေါင်ခြံက ပွေးကို ကုတ်ရင်းနဲ့ လက်သည်းရဲ့ပန်းကုံးလေးတွေအောက်နားက ယားလာပြီးနောက် အဲလို လက်သည်းပိုးစားတဲ့ လက်သည်းခွံပုံစံမျိုး ထွက်လာတာပါ။ ကျနော့် အသားအရေက တခုခုဆို ယားတာပဲ။ အဲဒါ သွေးမသန့်တာလား။ အဲဒီ လက်သည်းပိုး ဖြစ်တာကတော့ ၉ နှစ်လောက်ရှိပါပြီ။ ဆရာဝန်နဲ့တော့ သေချာမပြဘူးပါဘူး။ နီးစပ်ရာ ဆေးကျောင်း တက်နေတဲ့ သူငယ်ချင်းကို မေးကြည့်တော့ Itroconazole, Terbinafine တို့သောက်ကြည့်ပါလားလို့ပြောပါတယ်။ အဲဒီ ဆေးတွေက များများသောက်ရင် အသည်းကိုထိတယ်ပြောလို့ ကျနော် ၂ ကပ်လောက်တော့ သောက်ကြည့်ပါသေးတယ်။ မထူးခြားတာနဲ့ ဆက်မသောက်ဖြစ်တော့ပါ။ အဲဒါ ဘယ်လိုဆေးတွေ လိမ်းရ၊သောက်ရမယ်ဆိုတာ ပြောပြပေးပါလား။

• Nail fungal infection လက်သည်းမှို
• Eczema နှင်းခူနာ
• Allergy Allergy သို့မဟုတ် မတည့်အတူနေ တွေကို ဖတ်ပါခင်ဗျား။

2011/1/20
ကျွန်တော့် မိန်းမက အခုအသက် ၂၂ နှစ် ရှိပါပြီ။ သူ့ရင်သားမှာ အဆီကျိတ်ရှိလို့ ခွဲလိုက်တာ ခွဲထားတာကတော့ ၁ဝလ ရှိပြီ။ ခုကလေးအမေလို ပုံပျက်နေတယ်။ ကလေးမရှိသေးဘူး။ အဲ့ဒါ ကျွန်တော့်ကို အကြံပေးပါဦး သူက မြန်မာပြည်မှာ။ သူ့အတွက် အဆင်ပြေမယ့် ဆေးလေး ဘာလေး ရှိရင်လည်းပြောပြပါ။

ပုံပျက်တယ်ဆိုတာ တွဲကျနေတာကို ပြောတာလား၊ အမာရွက်ဆိုးတာလား။
တွဲကျနေတာကို ပြောတာပါ ဆရာ။

• Beauty of Breast ရင်သားအလှ ကို ရေးဖြစ်သွားလို့ ကျေးဇူးတင်ပါတယ်။

1/21/2011 1:41 PM
ကျွန်တော် ၂၆ နှစ် ရှိပါပြီ။ ခေါင်းကိုက်တာကို အဓိကခံစားနေရပါတယ်။ ဖြစ်ပေါ်လာတဲ့ ဝေဒနာများ ကတော့ -
၁။ ခေါင်းကိုက်လာပါက တစ်ကိုလုံး အားတွေမရှိသလို ခံစားရပါတယ်။ ထို့ နောက် အမြင်တွေ ဝေဝါးလာပါတယ်။ ခြေဖျား လက်ဖျားတွေ အေးစက်လာပါတယ်။ ဦးခေါင်းရဲ့ အနောက်ဘက်ခြမ်းကနေ ပိုပြီးနာလာပါတယ်။ အန်လည်းအန်ချင်ပါတယ်။ ဘာမှကို မလုပ်ချင်တော့ဘဲ တစ်ကိုလုံးထိုင်းမှိုင်းလာပါတယ်။
၂။ ထိုသို့ ဖြစ်လာပြီး ရင်ညွန့် ရိုးတွေ တအားနာလာပါတယ်။ ဇက်တွေ လေးပြီးနာလာပါတယ်။ ဦးခေါင်းထောင်လို့ မရတော့ အောင်ကို နာပါတယ်။ မနက်အိပ်ရာကထရင် ထလို့ မရတာပါဘူး။ ရင်ညွန့် တွေ တအားနာလို့ တကယ်လို့  ကြိုးစားပြီး ထလိုက်တာနဲ့ ရင်ညွန့် ကနေအသံပါမည်တယ်။
၃။ အထူးသဖြင့် ကိုယ်ပေါ်က အကြောတွေ ရုတ်တရက်ကွယ် ပျောက်ကုန်ပါတယ်။ ပြီးနောက် အနည်းဆုံး ၂ ရက် လောက် ခေါင်းကိုက်တာကို ဆက်လက်ခံစားရပါတယ်။ အထက်ခေါ်ပြပါ ဝေဒနာတွေကို ခံစားနေရတာ ၅ နှစ်နီးပါး ရှိလာပါပြီ။ မြန်မာပြည်တွင် ကုသမှုများလည်း ပြုလုပ်ခဲ့ပါတယ်။ သို့ ပေမဲ့ ငွေကြေးကြောင့် ရွေ့ ပြောင်း အလုပ်သမား အဖြစ်နဲ့ ရောက်လာပြီး ကုသမှုကို ပြန်လည်စတင်ခဲ့ပါတယ်။ သို့ ပေမဲ့ ဆရာဝန်တွေကရာဂါရဲ့ အကြောင်း အရာတွေကို မပြောပြခဲ့ပါဘူး။ သူတို့ က သောက်ဆေးအချို့ ကိုတော့ ပေးပါတယ်။ ပြီးနောက် အိမ်ထောင် ရှိ-မရှိကို မေးပါတယ်။ အိမ်ထောင်ရှိပါတယ်လို့ ပြောတော့ စိတ်ညစ်စရာတွေကော ရှိသေးလားလို့ ထပ်မေးပြန်တယ်။ စိတ်ညစ်စရာတွေကတော့ ရှိပါတယ်လို့ ပြောတော့ အောက်ပါ ဆေးတွေကို ပေးထားပါတယ်။
• FLUOXTTINE (20MG) CAPSULE [20 CP]
• TRANXENE 5 MG
• BRUFEN [400 MG]
• AMITRIPTYLINE [10 MG]
• DIAZEPAM [2 MG]
• DRAMAMINE [50 MG]
ဖေါ်ပြပါဆေးများကတော့ ယခုသောက်နေတဲ့ ဆေးတွေပါ။ နောက်ထပ် ဘယ်လိုနည်းလမ်းများနဲ့ နေရမလဲ။

၁။ ဆေးတွေသောက်ရင် သက်သာသလား။ Fluoxetine, Tranxene နဲ့ Amitriptyline တွေက စိတ်ကျနေတာ သက်သာ စေပါတယ်။ ပြောတာကြောင့် စိတ်ဓါတ် မကျပါနဲ့။ ဒီခေတ်မှာ လူတွေ အနည်းနဲ့ အများ စိတ်ကျတာကို တချိန်မဟုတ် တချိန် ခံစားနေကြရတယ်။ ဆေးတွေက အများကြီး အထောက်အကူပြုပါတယ်။
Diazepam ဆေးက စိတ်ငြိမ်ဆေးဖြစ်တယ်။ အိပ်ချင်စေတယ်။ Dramamine ဆေးကတော့ မူးတာ-အန်တာ၊ ကား-လေယျာဉ်-သင်္ဘော စီးလို့ မူး-အန်တာတွေပါ သက်သာစေတယ်။ အိပ်ချင်စေတယ်။
၂။ နောက်တချက် Migraine ခေါ်တဲ့ ခေါင်းမူး-ခေါင်းကိုက်ရောဂါ ဖြစ်နိုင်သေးတယ်။ Brufen ဆေးက နာတာ-ကိုင်တာတွေသက်သာမယ်။
Migraine မိုင်ဂရင်း ခေါင်းကိုက်ရောဂါ ကိုလည်းဖတ်ပါ၊ လိုက်နာပါ။

1/22/2011 2:23 AM
ကျွန်တော့်မှာ အရင်တုန်းကဆို အိပ်ပျော်နေရင်း သုတ်ရည်များ အလိုလို ပန်းထွက်တာ ရှိခဲ့ပါတယ်။ တစ်ခါ တစ်ခါတော့လဲ အိပ်မက်ထဲမှာ ဘာညာနဲ့ ပြီးသွားခဲ့တယ်။ တစ်ခါတစ်ခါတော့လဲ ဖြစ်မှန်းကို မသိလိုက်ရဘူး။ မိုးလင်းလို့ အိပ်ယာနိုးမှသာ သိရတယ်။ ခုနေမှာလဲ တစ်ခါတစ်ရံ ဖြစ်နေတုန်းပါဘဲ။ ခုလိုဖြစ်ခဲ့တာဟာ ရောဂါ လက္ခဏာ တစ်ခုခုပါလား။ နောက် လိင်စိတ်များ ထကြွလာရင် အရည်ကြည်များ အရမ်းဘဲ ဆင်းတယ်။ ခဏခဏ စိတ်က ဖြစ်လာတိုင်း အရည်ကြည်က ဆင်းလာတာ ဆိုတော့လဲ ကိုယ်ဘာသာ မသင်္ကာဖြစ်မိတယ်။ လိင်စိတ် မကြွရင်တော့ ဘာမှ မဖြစ်ပါဘူး။ ထိုသို့ ဖြစ်ပေါ်နေတာရော ရောဂါလက္ခဏာ တရပ်လား ဆိုတာ ရှင်းပြပေးပါအုံး။

မေးတဲ့သူရဲ့ အသက်၊ အိမ်ထောင်ရေး စတာတွေ မသိရပါ။ လူငယ်၊ လူပျိုထင်ရပါတယ်။ အခုဖြစ်နေတာတွေ ရောဂါတခုခု မဟုတ်ပါ။
ဆေးကုစရာလဲ မလိုပါ။ အိမ်ထောင်ကျ၊ သမီးရည်းစားရလဲ အခက်အခဲ မရှိနိုင်ပါ။

၂၂-၁-၂ဝ၁၁

Sunday, January 16, 2011

Q and A January 2011 (4)

1. ဝက်ခြံ ဘယ်လို ကုရမလဲ
2. ကိုယ်ဝန်တားဆေး တစ်လကို တစ်ကြိမ်ထိုးခိုင်းပါတယ်
3. ဗိုက်နာပြီးလိင်တံ အထဲပြန်ဝင်တာ ဘာရောဂါလဲ
4. ဘောကျတယ် ဆိုတာ ဘယ်လိုမျိုးလဲ
5. ခြေသလုံး ကြွက်တက်တတ်တယ်
6. ဘာကြောင့် အကြောပြတ်ရသလဲ
7. သူ့မှာ ပွေးပေါက်နေလို့
8. Viagra ဆေးက ရန်ကုန်မှာ ဝယ်လို့ရနိုင်ပါသလား
9. တစ်ရက်ကို ဝမ်းဘယ်နှခါသွားခြင်းဟာ

15 Jan 11, 20:17
Q 1: ဝက်ခြံ ဘယ်လို ကုရမလဲကို ကျေးဇူးပြုပြီး မေးပို့ပေးပါ။

“Acne ဝက်ခြံ ရောင်စုံ” ကို ဖတ်ပါ။

15 Jan 11, 16:52
Q 2: ကျွန်တော်ချစ်သူပါ သားအိမ်မှာ မိန်းကလေးများ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အလုံးတည်ပါတယ်။ အဲ့ဒါကို ခွဲထုတ်ပြီးတော့ ခွဲတဲ့ ဆရာဝန်က နောက်ထပ်အဲ့ဒီလို မဖြစ်အောင် ကိုယ်ဝန်တားဆေး တစ်လကို တစ်ကြိမ်ထိုးခိုင်းပါတယ်။ ဒါပေမယ့် ပုံမှန် ရာသီဆင်းချိန်မှာ ဆင်းနေပါတယ်။ ဘယ်လိုမျိုး လုပ်ဆောင်ရပါမလဲ။

ဖြစ်နေတဲ့ ပြဿနာကို သဘောမပေါက်ပါ။ ရာသီပုံမှန်ဆင်းတာ ကောင်းတာဘဲ မဟုတ်လား။ ခွဲရတဲ့ ရောဂါနာမယ် အတိအကျ သိပါသလား။ အခု ဘာခံစားနေရသလဲ။

January 15, 2011 9:05 PM
Q 3: ယောက်ျား ဘောကျတယ် ဆိုတာ ဘယ်လိုမျိုးလဲ။ ဘာကြောင့် ဖြစ်ရလဲ။ ဘယ်လို ကာကွယ်ရမလဲ။ “Hernia အူကျခြင်း” ကို ဖတ်ပါ။ ဒီမှာ မတင်ရသေးဘူးလား မသိပါ။ တင်လိုက်ပါမယ်။

Q 4: လူနာတစ်ယောက် က ဗိုက်နာပြီးလိင်တံ အထဲပြန်ဝင်တာ ဘာရောဂါလဲ။ ဘာကြောင့် ဖြစ်ရသလဲ။ “အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၆) Penile retraction တိုနာ ရောဂါ” ကို ဖတ်ပါ။ ဒီမှာ မတင်ရသေးဘူးလား မသိပါ။ တင်လိုက်ပါမယ်။

Q 5: မကြာခဏ ခြေသလုံး ကြွက်တက်တတ်တယ်။ ပြီးတော့ တစ်ချိန်လုံး ခြေဖျားလက်ဖျား အေးနေတယ်။
ဘာကြောင့်လဲ။ “Cramps ကြွက်တက်ခြင်း” ကို ဖတ်ပါ။ ဒီမှာ မတင်ရသေးဘူးလား မသိပါ။ တင်လိုက်ပါမယ်။

Q 6: ဘာကြောင့် ဒူးနောက်၊ ပေါင်၊ လက်မောင်းတွေမှာ အကြောပြတ်ရသလဲ။ “Stretch Marks အကြောပြတ်ခြင်း” ကို ဖတ်ပါ။ ဒီမှာ မတင်ရသေးဘူးလား မသိပါ။ တင်လိုက်ပါမယ်။

2011/1/15
Q 7: ကျမမောင်အငယ်က (့) ထောင်မှာ (၅)နှစ် အကျဉ်းကျနေပါတယ်။ သူ့မှာ ပွေးပေါက်နေလို့ ဘာဆေးသောက်၊ လိမ်းရင် ကောင်းမလဲလို့ မိသားစုက ကျမကို လှမ်းမေးတယ်။ ပွေးပေါက်တာ အတော်ကြာပြီလို့ ဆိုတယ်။ လုံးဝ အရှင်း ပျောက်သွားအောင် ဘာဆေးတွေလိမ်းရ၊ သောက်ရမလဲဆိုတာလေး ညွှန်းပါအုံးရှင့်။

Grisofulvin 250 mg Tablet မနက် ၁ လုံး ညနေ ၁ လုံး၊ ဖြစ်တာ ကြာရင်ကြာသလို ကြာကြာသောက်ရမယ်။ ၂-၃-၄ ပါတ်။ လိပ်းဆေး Ring Guard လိမ်းနိုင်တယ်။ နဲတဲ့သူ လိမ်းဆေး တမျိုးထဲရတယ်။ များရင် ၂ မျိုးလုပ်ပါ။
Blue Star Ointment for Fungus, Aloe Vesta Antifungal Ointment, Loprox, Spectazole and Oxistat နာမယ်တွေ အမျိုးမျိုးရှိတယ်။ ဆေးကိုဖတ်ရင် clotrimazole, tioconazole, econazole and miconazole တမျိုးမျိုးပါတာဆိုရင် ရတယ်။

15 Jan 11, 23:06
Q 8: Viagra ဆေးက ရန်ကုန်မှာ ဝယ်လို့ရနိုင်ပါသလား။ Veetab နဲ့ Erectra -100 ဆိုတဲ့ ဆေးတွေတော့ ရှိပါတယ်။ အဲသည်ဆေးတွေကရော ဘယ်လိုမျိုး side effect တွေ ဖြစ်လာနိုင်ပါသလဲ။

Erectra-100 ကိုမသိပါ။ ရန်ကုန်အခြေအနေလဲ မသိပါ။ Sorry! ထိုင်း-အိန္ဒိယ-တရုတ် နယ်စပ်တွေကို ဥဒဟို သွားလာ နေကြတာမို့ မှာလို့-ဝယ်လို့ ရမှာပါ။
Veetab ကတော့ အမေရိကားမှာ မရဘဲ မြန်မာပြည်မှာ ရတဲ့ Sildenafil ဆေးဖြစ်တယ်လို့ သိရပါတယ်။ Sildenafil citrate ကို Viagra, Revatio နာမည်တွေနဲ့လဲ ရောင်းတယ်။ Veetab and Kamagra အကြောင်း FDA သတိပေးချက်မှာ ဒီလို ရေးထားပါတယ်။
• Phosphodiesterase inhibitor ဆေးပါတဲ့ Erectile dysfunction လိင်အင်္ဂါသန်စေတဲ့ဆေး ဖြစ်တယ်။
• ကလေးတွေနဲ့ အမျိုးသမီးများ မသောက်ရ။
• Erythromycin ပဋိဇီဝဆေး၊ Ketoconazole, Itraconazole ပွေး-မှိုဆေးတွေနဲ့ တွဲရင် သွေးထဲ ဆေးပိုများစေမယ်။
• Isosorbide Mononitrate - Isosorbide Mononitrate ဆိုတဲ့ နှလုံးသွေးကြောကျဉ်းရောဂါအတွက်ဆေးတွေနဲ့ တွဲမသောက်ရ။
• ၁ နာရီ ကြိုသောက်ရင် အကောင်းဆုံး ဖြစ်တယ်။
• တနေ့ ၁ ခါထက် ပိုမသောက်ရ။

15 Jan 11, 02:52
Q 9: လူတစ်ယောက်ဟာ တစ်ရက်ကို ဝမ်းဘယ်နှခါသွားခြင်းဟာ ကျန်းမာရေးနဲ့ညီညွတ်ပါသလဲ။

အတိအကျ မရှိပါ။ ၁ ခါ၊ ၂ ခါ၊ ၃ ခါ၊ ပုံမှန်ဖြစ်သူများတယ်။ ကိုယ့်အကျင့်နဲ့ကိုယ် ရှိနေတာကောင်းပါတယ်။ အချိန်ရော၊ အကြိမ်ရော။

Saturday, January 15, 2011

Dry scaling skin အရေပြား ခြောက်ကွာနေတာ ဘာလုပ်ရမလဲ

27 Nov 10, 06:21
ကျွန်တော်ရဲ့ လက်တွေက ခဏခဏ အရည်ခွံလဲပါတယ်။ ပြီးတော့ ဖနောင့်တွေကလည်း ကွဲပါတယ်။ အဲလိုကွဲတော့ ခွာမိရာကနေ ဖနောင်က လမ်းလျောက်ရင်လဲနာပါတယ်။ ရန်ကုန်ကပါ။ ဘာဆေးသောက်ရမလဲညွန်ပေးပါ။ ခြေဆီ လက်ဆီတွေကလည်း ထွက်ရင်သူများထက် ပိုထွက်ပါတယ်။ မထွက်ရင်လဲ အရေပြားက ခြောက်ကပ်ပြီး အရေခွံတွေ ကွာပါတယ်။ ဝမ်းလဲ အရမ်းချုပ်ပါတယ်။ ရေလဲ များများသောက်ပါတယ်။ ဘာဆေးသောက်ရမလဲ ညွန်ပေးပါ။

လူ့အရေပြားဟာ အမြဲမပြတ် အသစ်အသစ် ဖြစ်လာနေတယ်။ သေသွားတာတွေကို အသစ်တွေက အစားထိုးနေတယ်။ သွေးနီဥက ရက် ၁၂ဝ ရှင်တယ်။ အရေပြား ၃ ထပ်ရှိတဲ့အထဲမှာ အပေါ်ဆုံးလွှာက ၂၈ ရက်တခါ အသစ်ဖြစ်လာနေတယ်။ ပုံမှန်ဖြစ်နေကြထက် ဆိုးတာလဲ ဖြစ်တတ်တယ်။ နေရောင်၊ ပတ်ဝန်းကျင်၊ အစားအသောက်၊ ရောဂါပိုး တမျိုးမျိုးကြောင့်ပါ။ တခါတလေ နေလောင်ရင်ဖြစ်၊ တခါတလေ သိပ်အေးချိန်ဖြစ်တယ်။ တချို့ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးတွေကြောင့်လဲ ဖြစ်တယ်။ တချို့ကြ Allergy ရလို့၊ တချို့က အလှအပ အသုံး အဆောင်တွေကနေ ဖြစ်တယ်။ ဆပ်ပြာ အပြင်းတွေကနေ ဖြစ်လို့ ကြာရင် Eczema နှင်းခူနာ လာဖြစ်နိုင်တယ်။

• ဆပ်ပြာ ပြင်းတာ မသုံးနဲ့။ ရေသိပ်ပူတာ မချိုးနဲ့။
• ရေ တနေ့ ၂-၃ လီတာ သောက်ပါ။
• ကွာနေတဲ့နေရာကို အတင်း ခွါတာ၊ တိုက်ပြစ်တာ မလုပ်ပါနဲ့။ ရေ၊ ဆာခါးရည်၊ အုတ်စပါးရည် စတာသုံး၊ စိုထိုင်း စေပြီးမှ ခွါပါ။ Moisturizing cream or lotion သုံးနိုင်တယ်။
• အလှဆီ စစ်တာ လိမ်းပါ။ Honey ပျားရည်။ Olive oil သံလွင်ဆီ၊
• Tomato Juice နေလောက်လို့ဖြစ်တာကို ခရမ်းချဉ်သီးအရည် သုံးကြတယ်။
• Sunscreen လဲသုံးနိုင်တယ်။
• Cucumber သခွါးသီး မပါမပြီးဘူး။
• Massage နှိပ်နယ်တာလဲ လုပ်ပါတယ်။
• ခြေအိတ်-လက်အိတ်-ဖိနပ် ကြပ်တာ မကောင်းဘူး။
• ကျန်းမာစေတဲ့ မျှတတဲ့ အစားအစာစားပါ။ Vitamins A, B, C နဲ့ Iron သံဓါတ်နဲ့ Iodine အိုင်အိုဒင်း။
• Vitamin A များတဲ့အစာတွေက Cream (ခရင်မ်)၊ Butter ထောပတ်၊ Fish liver oils ငါးကြီးဆီ၊ Eggs ဥ၊ Carrots မုံလာဥနီ၊ Vitamin A များသွားရင်လဲ အဲလိုလာဖြစ်သေးတယ်။
• Vitamin B များတဲ့အစာတွေက Meat အသား၊ Yeast (ရိစ်)၊ Cereal grains ပြောင်း-ပြောင်းဖူး-ကောက်နှံ၊ Liver အသဲ၊ Eggs ဥ၊ Cheese ဒိန်ခဲ၊ Milk နွားနို့၊
• Vitamin C များတဲ့အစာတွေက Citrus fruits ချဉ်တဲ့အသီး၊ Tomatoes ခရမ်းချဉ်းသီး၊
• Proteins များတဲ့အစာတွေက Meat အသား၊ Fish ငါး၊ Cereals ပြောင်း-ပြောင်းဖူး-ကောက်နှံ၊ Dairy products နို့ထွက်အစာ၊ Nuts အစေ့အဆံ၊ Lentils ပဲနီလေး၊ Pulses ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်၊
• Iron များတဲ့အစာတွေက Red meat အသား၊ Almonds မက်မွန်၊ Beans ပဲတောင့်၊ Broccoli မုံလာစိမ်း၊ Kidney beans ဗိုလ်စားပဲ၊ peas ပဲမျိုးစုံ၊ Raisins စပျစ်သီးခြောက်။ Rice ဆံ၊

နာမယ်ရှိတဲ့ ရောဂါတွေ
1. Peeling Skin Syndrome ရှားပါးတဲ့ မျိုးဗီဇကနေလဲ တသက်လုံး ဖြစ်နေတယ်။
2. Exfoliative Dermatitis အရေပြား ရောင်တဲ့ရောဂါ။ အရေပြားကွာတဲ့အပြင် နီနေ၊ နာလာတာမျိုး။
3. Kawasaki Disease အရေပြားကွာ၊ နီနေ၊ နာလာ၊ ရောင်တာ၊ အရောင်ပြောင်း၊ မေး-လည်ပင်းက တက်စေ့တွေ ရောင်၊ ကလေးတွေ အဖြစ်များ။
4. Netherton syndrome မျိုးဗီဇရောဂါ၊ အရေပြားကွာ၊ နီ၊ နာ၊ ရောင်၊ ခြောက်သွေ့၊ အလာဂျီရ၊ ဆံပင်ကျွတ်။
5. Neurodermatitis ဘာလို့မှန်းမသိ ဖြစ်တာ၊ Allergic dermatitis မတည့်တာကနေ ဖြစ်တာနဲ့ Contact dermatitis ထိတွေမှု ကြာရာက ဖြစ်တာတွေကို Topical steroid compounds စတီရွိုက်ဆေး လိမ်းရမယ်။
6. Athlete's foot (Tinea pedis) ခြေထောက်မှာဖြစ်တဲ့ မှို fungal infection ရောဂါဖြစ်တယ်။ အရေကွာ၊ နီ၊ ယား၊ ပူလောင်၊ အရည်ဖုထွက်၊ နာမယ်။ အားကစားဖိနပ် အကြာကြီး စီးထားရသူတွေမှာ ဖြစ်တယ်။ အထဲမှာ စိုထိုင်း နေတာကို မှိုက ကြိုက်တယ်။ ရေချိုးခန်းတွေထဲမှာ မှိုရှိနေလို့။ အမျိုး လေးမျိုးထဲက Trichophyton rubrum က အဖြစ်အများဆုံး။ Topical antifungal medication ဆေးလိမ်းရတယ်။ ခြေထောက်မှာ လာဖြစ်တာက Athlete's foot ကစားသမား ခြေထောက်ရောဂါ ဖြစ်နေနိုင်တယ်။ မှိုထပ်ဝင်တာလဲ ပါနိုင်တယ်။
7. Psoriasis ရောဂါလဲ စဉ်းစားရမယ်။ ခွါရင် အပ်ပေါက်က ထွက်သလို သွေးထွက်တယ်။ ပြည်လဲထွက်နိုင်တယ်။
8. Jock Itch (Tinea cruris) မှို နောက်တမျိုးကနေ ဖြစ်တယ်။ ပေါင်၊ ပေါင်ခြံ၊ ကပ်ပဲ့အိပ်၊ စအိုဘေး၊ တင်ပါး နေရာတွေမှာ များတယ်။ နီနေမယ်၊ ဘေးမှာ ကွင်းလိုလိုဖြစ်တယ်။ အလွန် ယားတယ်။ Topical antifungal ဆေးလိမ်းရတယ်။
9. Ringworm (Tinea corporis) ပွေး၊ နေရာတကာမှာ ဖြစ်တယ်။ အနားသတ်သတ် ရှိတယ်။ မြေပုံလိုဘဲ။ နီ၊ ယား၊ Lamisil, Micatin, Monistat-Derm, Lotrimin, Mycelex, Ring Guard လိမ်းဆေး လိမ်းရမယ်။
10. Yeast Infections (Cutaneous candidiasis) (ရိစ်) မှိုနဲ့တူတဲ့ ရောဂါ၊ နီ၊ ယား၊ နေရာတကာဖြစ်တယ်။ ဝတဲ့သူ ပိုဖြစ်တယ်။ ချိုင်း၊ ပေါင်ခြံ အဖြစ်များတယ်။ ပဋိဇီဝဆေး ပေးနေတုံးလဲ ဖြစ်တတ်တယ်။ ကလေး (ဒိုင်ယ်ပါ) ကနေလဲ ဖြစ်တတ်တယ်။ ပါးစပ်၊ လက်သည်း-ခြေသည်း၊ နီရဲ၊ ယား၊ အရည်-ပြည်ထွက်၊ နာ၊ အနာ၊ ရောင်၊ မွေးလမ်းမှာ ဖြစ်ရင် အဖြူ-အဝါရည်ဆင်း၊ ယား၊ နီရဲ၊ ပူလောင်၊

“Fungus မှိုရောဂါများ” နဲ့ တွဲဖတ်ပါ။

Dr. တင့်ဆွေ
၁၅-၁-၂ဝ၁၁

Friday, January 14, 2011

Q and A January 2011 (3)

1. ကော်ဖီ သောက်များရင် ကြောင်တတ်လား
2. ဖြစ်နေတာ Hydrocele လို့ ပြောပါတယ်
3. ဘယ်လိုသန်ချဆေးသောက်ရမလဲ
4. I feel look like asthma
5. အူကျနေတာ ဂ နှစ်လောက်ရှိပါပြီ
6. ဝှေးစေ့မှာလည်း မကြာခန ယားယံတတ်ပါတယ်
7. သားလေးက အရမ်းသရည်တွေကျနေလို့ 

January 14, 2011 2:14 PM
သမီးက ကော်ဖီအရမ်းကြိုက်တယ်။ ဘယ်လိုလုပ်ရမလဲ။ သမီးက ကော်ဖီ မသောက်ရရင် မနေနိုင်ဘူး။ တစ်ရက်မှာဆို နှစ်ခွက် သောက်ချင်နေတယ်။ ထမင်းစားပြီးတာတောင်မှ ကော်ဖီမသောက်ရရင် နေလို့ မပျော်ဘူး တစ်ခုခုလိုနေသလိုပဲ။ ပြီးတော့ ခေါင်းမူးပြီး အန်ချင်တလိုလိုဖြစ်နေတယ်။ ကော်ဖီသောက်ရင် သွားဝါတာတကယ်ပဲလား။ ပြီးတော့ ကော်ဖီ သောက်များရင် ကြောင်တတ်လား။ သူများက ကြောင်တတ်တယ် ပြောတာကြားရလို့ ကျေးဇူးပြုပြီး ပြန်ဖြေပေးပါနော်။

ကော်ဖီ ၂ ခွက်က မများပါ။ ဘယ်အရွယ်ခွက်လဲတော့ မသိဘူးပေါ့။ သူများတွေ နေစာ-ညစာ စားရင် (ဆလတ်) ဖြစ်ဖြစ်၊ (ဆု-ပ်) ဖြစ်ဖြစ်နဲ့ စတယ်။ ပြီးမှာ ထမင်း-ဟင်းစားတယ်။ နောက် အချိုပွဲလာတယ်။ နောက်ဆုံး (တီး-အော်-ကော်ဖီ) လာတယ်။ ဆိုတော့ သူများတွေနဲ့ အတူဘဲပေါ့။ သွားကို ဝါ-ညိုစေတာက အစား-အသောက်ထဲက ဆိုးဆေး အပေါ် မူတည်ပါမယ်။ ကော်ဖီကြောင့် ကြောင်တတ်တာတော့ ဆေးစာမှာ မတွေ့ဘူးသေးဘူး။ လူပြောများလာရင်တော့ သုတေသန လုပ်ရမှာပေါ့။ သေခြာတာက တခုခုကို စွဲနေသူတွေ စွဲတဲ့ဟာကို မလုပ်ရ-မသောက်ရ-မစားရ-မရှူရရင်တော့ ကြောင်နိုင်တယ်။ Withdrawal symptom ခေါ်တာပေါ့။ ကြောင်တာတင်မကဘူး၊ ကြမ်းမယ်။

2011/1/13
ကျွန်တော် ဒီနေ့ ဆေးခန်းကို အလုပ်နားပြီး သွားပြပါတယ်။ အဲဒီဆရာဝန်ကပြောတော့ ကျွန်တော်ဖြစ်နေတာ Hydrocele လို့ ပြောပါတယ်။ ဘာဆက်လုပ်သင့်ပါသလည်း။ နည်းလမ်းလေး ဘာလေးရှိရင် ပြောပြပါဦး။ ဒီဘက်မှာက ခွဲရစိတ်ရရင် ငွေအရမ်းကုန်လို့ပါ။ ကျွန်တော် ကုမ္ပဏီကလည်း ဆေးခဘာတစ်ခုမှတာဝန်မယူပေးတော့ အခတ်တွေ့နေလို့ပါ။ သေခြာပေါက် ခွဲရရင် ကျွန်တော် မြန်မာပြည်ကိုပြန်ပြီးခွဲခြင်လို့ပါ။ နည်းလမ်းကောင်းရှိရင် ပေးပေးပါဦး။

Hydrocele မုတ်ရောဂါဖြစ်တာ စိုးရိမ်စရာမရှိပါ။ အရေးတကြီးလဲ လုပ်စရာ မလိုပါ။ တချို့ နှစ်ပေါင်း ၂ဝ-၃ဝ နေကြတယ်။ ကြာလို့ ကြီးလာတာသာ ရှိမယ်။ ပိုမကြီးအောင်လဲ သိပ်လုပ်စရာ မရှိပါ။ အနေအထိုင်-အသွားအလာ ခက်တာသာ ရှိတယ်။ အစစ အဆင်ပြေမှ ခွဲနိုင်ပါတယ်။ ဆေးသောက်စရာ မလိုပါ။ မြန်မာပြည်မှာလဲ ဘယ်ဆေးရုံမှာမဆို ခွဲနိုင်ပါတယ်။

2011/1/13
ကျွန်တော်က သန်ချဆေးသောက်ချင်လို့ ဘာသန်ရှိလဲဆိုတာ ဝမ်းစစ်ထားတဲ့ဆေးစာရွက်ပါ။ ဘာရေးထားမှန်း မသိလို့ ပြောပြပေးပါအုံး။ ဘယ်လိုသန်ချဆေးသောက်ရမလဲပေါ့။ ပြီးတော့ အခြားဘာရေးထားသေးလဲ။ အခြား ဘဝင်မကျတာ ရှိရင်လဲ ပြောပြပေးပါခင်ဗျ။

ဝမ်းစစ်တာ အကုန်ကောင်းတယ် ပြောနိုင်တယ်။ ဗက်တီးရီးယာလဲမရှိပါ။ Ova ဆိုတာ သန်ဥကိုပြောတာ။ မရှိပါ။
တကယ်လို့ သန်ချဆေးသောက်ချင်ရင် Albendazole, Mebendazole တမျိုးမျိုးကို ညအိပ်ရာဝင်မှာ လူကြီး ၂ ပြား၊ ၂ နှစ်အောက် ၁ ပြား။ အရည်လာရင် ၂ နှစ်အထက် တပုလင်း၊ ၂ နှစ်အောက် တဝက် သောက်ပါ။ ဝမ်းနုတ်ဆေး လိုက်စရာ မလိုပါ။ တချို့သန်ကောင်တွေက ၃ ည ဆက်သောက်စရာ လိုတတ်တယ်။ အများဆုံးက ၁ ညနဲ့ရတယ်။ သန်များသူတွေကို ၁ လ နေရင် တခါထပ်ချရမယ်။ ဥတွေကို သန်ချဆေးက မချတော့ ဥကနေ အကောင် ဖြစ်လာတာတွေကို ချဘို့ ၁ လ အနေ ထပ်သောက်ရတာပါ။

On Wed, Jan 12, 2011 at 10:07 AM
Dear Doctor, I feel look like asthma. So please explain to me fully details about Asthma.

“Asthma ပန်းနာ” ကို ဖတ်ပါ။

2011/1/11
ကျွန်တော် အူကျနေတာ ဂ နှစ်လောက်ရှိပါပြီ။ ခုကျွန်တော် တခြားနိုင်ငံသို့ရောက်နေပါသည်။ အရင်က အူကိုတင်လို့ ရသေးတယ်။ အခု အူကမာပြီး တင်လို့မရဘူး ဖြစ်နေပါတယ်။ အရမ်းလည်း အောင့်နေပါတယ်။ ဘယ်လို သက်သာအောင် လုပ်ပေးရမည်ကိုပြောပြပေးပါ။

အခုချက်ချင်း အိပ်ယာမှာ လဲနေပါ။ အူကျတဲ့ နေရာပေါ်မှာ ရေခဲတင်ပါ။ ရေခဲကို ပလပ်စတစ်အိတ်မှာ ထည့်ပြီး တင်ပါ။ လိုသေးရင် ကုတင် ခြေရင်းပိုင်းကို မြှင့်ထားပါ။ စိတ်ရော ကိုယ်ပါ နားလိုက်ပါ။ အစာ အမာ မစားနဲ့အုံး။ သွားရည်စာလဲ ဆာလွန်းမှသာ စားပါ။ ၁-၂ နာရီအတွင်း ပြန်ဝင်ရမယ်။ Pain Killer တခုခု၊ ဥပမာ Paracetamol, Ibuprofen တပြား သောက်ပါ။ ကိုယ့်ဖါသာ ပြန်သွင်း ကြည့်ပါ။ ကပ်ပဲ့အိတ်ကနေ အထက်၊ နောက် ဘေးဘက်ဆီ ဦးတည်ပါ။ ဝင်သွားပါလိမ့်မယ်။ ၂-၃ နာရီမှ မဝင်ရင် အရေးပေါ်ခွဲရမယ်။ “Hernia အူကျ-မကျ သိပါရစေ” ကို ဖတ်ပါ။

လိုအပ်သေးရင် ဆရာဝန်က ငြိမ်ဆေး၊ အိပ်ဆေး ထိုးပေးသေးတယ်။ လွယ်ရင်၊ လိုရင် Diazepam ၁ ပြားသောက်ပြီး ကြိုးစားသွင်းနိုင်ပါတယ်။

8 Jan 11, 19:18
ပေါင်နဲ့ ဝှေးစေ့ ထိတတ်တဲ့နေရာတွေမှာ အမြဲလို ပွန်းပြီး မည်းနေပါသဖြင့် ဘယ်လို ပျောက်ကင်းနိုင်မလည်းခင်မျာ။ ဝှေးစေ့မှာလည်း မကြာခနဆိုသလို ယားယံတတ်ပါတယ်။ အသက် ၂၅ ပြည်ပမှာ နေပါတယ်။

Anti-fungal cream, gal, powder Clotrimazole, Ketoconazole, Econazole တခုခုကို တနေ့ ၂ ကြိမ်လိမ်းပါ။
မရေသေးရင်၊ ဒါမှမဟုတ် ဆိုးရင် Hydrocortosne 1% cream ကိုပါ တနေ့ ၂ ကြိမ်လိမ်းပါ။ Clotrimazole 1% + hydrocortisone 1% တခါထဲ တွဲထားတဲ့ လိမ်းဆေးလဲ ရှိတယ်။ တကယ်လို့ ကုတ်တာကနေ (ဗက်တီးရီးယား) ပိုးဝင်လာတာမို့ ပိုပြီးနာလာ၊ ရောင်လာ၊ ကိုယ်နဲနဲပူသလိုဖြစ်လာရင် ရှေးဦးသူနာပြုအိတ်မှာပါတဲ့ အနာလိမ်းဆေးမျိုး သုံးနိုင်တယ်။ မရသေးရင် Ampicillin, Septrin စားဆေး ကိုပါ သောက်ရမယ်။ တကိုယ်ရေ သန့်ရှင်းရေးလုပ်ပါ။

Scrotal rash ကပ်ပဲ့အိတ်ယားတာက (ဖန်းဂတ်စ်) ခေါ်တဲ့ Fungus မှို ရောဂါကြောင့်အဖြစ်များတယ်။ Tinea pedis infection ဆိုတာ ခြေထောက်မှာဖြစ်တာကို အားကစားသမားခြေထောက် Athlete’s foot ခေါ်တယ်။ Tines cruris infection ဆိုတာ ပေါင်ခြံမှာ လာဖြစ်ရင် Jock itch လို့ ခေါ်ကြတယ်။ နီရဲ-ယားပြီး အနားသားကနေ အဖတ်လေးတွေ ကွာတယ်။ ပေါင်၊ တင်ပါးတွေဆီပြန့်တယ်။ ဒါပေမဲ့ Penis လိင်တံ နဲ့ Scrotum ကပ်ပဲ့အိတ်ကို မကူးဘူး။

5 Jan 11, 16:17
ကွှန်မရဲ့ သားလေးက အခုဆို ၅ လကျော် ၆ လထဲမှာပါ အရမ်းသရည်တွေကျနေလို့ ဘယ်လိုလုပ်ရမှန်းမသိလို့ ပါ မြန်မာဆေးလည်း မရှိလို့ ပါ။ ဘယ်လိုလုပ်ရမလည်းဆိုတာလည်း ဆရာအားရင်ဖြေပေးပါလို့ တောင်းပန်ပါတယ်ရှင်။

ဒီအရွယ်မှာ သွားရည်ကျတာက လျှာမှာ မှက္ခရု ဆိုတဲ့ မှိုဝင်တာဖြစ်တတ်တယ်။ လျှာကိုကြည့်ရင် အဖြူဖတ်တွေ ကပ်နေတာ တွေ့နိုင်တယ်။ တချို့က ရဲနေမယ်။ နာလိမ့်မယ်။ မစိုးရိမ်ပါနဲ့ သူ့ဖါသူ ပျောက်စေနိုင်တယ်။ အဖြူဖတ်တွေ ရှိနေရင် အဝတ်စ သန့်သန့်လေးကို မိခင်လက်ညှိုးမှာ ပတ်ပြီး အဖြူဖတ်တွေကို ခြစ်ထုတ်ရှင်းပေးပါ။ လိုသေးရင် ဆေးပြာဆိုတဲ့ Gentian Violet ဆေး လိမ်းပေးနိုင်တယ်။ မိခင်နို့တိုက်ရင် နို့သီးထိပ်ကို ခဏခဏဆေးပါ။ နို့ဗူးဆိုလဲ ပိုဆေးပါ။ နာတယ်ထင်ရင် Paracetamol အရည် ဇွန်းသေးတဝက် တိုက်ပါ။ တခြားဆေးတွေမလိုပါ။

Atrial Septal Defects (ASD) နှလုံး-အပေါက်

Jan 14, 2011 at 3:36 AM
ကျွန်တော်က အခု ၂၅ နှစ်ထဲမှာပါ။ အသက် ၂၁ တုန်းက ASD (Atrial Septal Defect) ခွဲဘူးပါတယ်။ ကျွန်တော်က အခု (့) နိုင်ငံက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာပါ။ Computer modeling operator ပါ။ မိုးလင်း-မိုးချုပ် ကွန်ပျူတာ ရှေ့မှာ ထိုင်ရပါတယ်။ အပေါ့အပါးသွားရုံပဲ ထသွားထလာရှိပါတယ်။ အိမ်မှာလည်း ကုတင်ပေါ်က ဖြစ်ဖြစ်၊ စားပွဲမှာ ဖြစ်ဖြစ် ကွန်ပျူတာပဲ သုံးလေ့ရှိပါတယ်။ လည်လေ့ ပတ်လေ့မရှိပါဘူး။

အရင်လကစပြီး ဂိမ်းစက်ဝယ်ပြီး ဆော့ဖြစ်ပါတယ်။ အဲဒါ (1) Excited ဖြစ်လို့ ASD ကို ဖာထားတာ ပြန်ပွင့်တတ်ပါသလား။ (2) ASD ကို ဘယ်လိုဖာတာလဲ။ (3) ရင်ဘတ် တွေလည်း နာသလို အောင့်သလိုလည်း ခံစားရပါတယ်။ ညည ၁နာရီ ၂ နာရီလောက်မှ အိပ်ရာ ဝင်တတ်ပါတယ်။ အစောဆုံးက ၁၂ ခွဲပါ။ အဲဒါ အိပ်ရေးပျက်ရင် ဘယ်လိုနှလုံးရောဂါ ဖြစ်တတ်ပါသလဲ။ ASD ပြန် ဖြစ်နိုင်ပါသလား။ ဘယ်လို ကာကွယ်သင့်ပါသလဲ။ ခွဲစိတ်ခဲ့တာကတော့ ရန်ကုန်-ဆေးရုံကြီးမှာပါ။

A hole in the heart နှလုံးအပေါက် လို့ ခပ်လွယ်လွယ်ခေါ်တဲ့ ရောဂါဟာ မွေးရာပါဖြစ်တယ်။ နှလုံးမှာ အခန်း လေးခန်း ရှိတာမှာ အထက် နှစ်ခန်းကို ခြားထားတဲ့ အကန့်မယ် အပေါက်ဖြစ်နေတာကို Atrial Septal Defects (ASD) ခေါ်တယ်။ အောက်နှစ်ခန်း ကြားမှာလဲ အပေါက် ဖြစ်နိုင်သေးပါတယ်။ တခြားနေရာတွေမှာလဲ တခြားအပေါက်တွေ ရှိသေးတယ်။

နှလုံးမှာ အပေါ်ခန်း နှစ်ခန်းက သွေးလက်ခံရာတွေ ဖြစ်တယ်။ ဆေးပညာနဲ့ မနီးစပ်သူတွေလဲ Atrium စာလုံးကို သိကြပါမယ်။ ဟော်တယ်တွေ၊ အဆောက်အဦကြီးတွေ ရောက်သွားရင် အကျယ်ဆုံး အဝင်ခန်းမကို ဒီလိုဘဲ ခေါ်တယ်။ Tallest atrium အမြင့်ဆုံးဟာ (ဒူဘိုင်း) က Burj Al Arab ဖြစ်ပြီး၊ အကျယ်ဆုံး Largest atrium ဟာ (လပ်စ်-ဗေးဂတ်စ်) က Luxor Hotel ဖြစ်တယ်။ နှလုံးမှာတော့ ဒီအခန်းတွေက အကျယ်ဆုံး မဟုတ်ပါ။ အောက်ခန်းတွေက ပိုကျယ်တယ်။ အထဲဝင်ရင် စဝင်ရတယ် ဆိုတဲ့သဘောကတော့ တူပါတယ်။

အထက်-ညာဘက်ခန်းကို တကိုယ်လုံးက ရှိရှိသမျှ သွေးတွေ ဝင်လာကြတယ်။ သွေးဟောင်းတွေလို့ ခေါ်မယ်။ နောက် သူ့အောက်က ညယ-အောက်ခန်းကို ရောက်မယ်။ အဲဒီကနေ အဆုပ်ဆီကို သွေးရောက်အောင် ညှစ်အားနဲ့ ပို့လွှတ်တယ်။ အဆုပ်မှာ သွေးဟောင်းတွေကို အသက်ရှူတဲ့အထဲက အောက်စီဂျင်နဲ့ ထိတွေ့-ပေါင်းစပ်ပေးလိုက်တော့ သွေးဟာ နီရဲပြီး၊ သွေးသစ် ဖြစ်လာတော့တယ်။ ဒီသွေးသသစ်တွေက နှလုံးအထက် ဘယ်ဘက်ခန်းဆီ ဝင်လာမယ်။ ဝင်လာရာဖြစ်နေလို့ Atrium ခေါ်ပြန်တယ်။

ဒီတော့ နှလုံးအထက် နှစ်ခန်းဟာ သွေးတွေကို လက်ခံရာတွေဖြစ်ပေမဲ့ ညာဘက်မှာက သွေးဟောင်း၊ ဘယ်ဘက်မှာက သွေးသစ်၊ ကြားထဲမှာ နံရံလေးသာ ခြားထားတယ်။ အဲဒီအကန့်မှာ အပေါက်ဖြစ်တာကို ASD လို့ ခေါ်လိုက်တာပါဘဲ။ အပေါက် ရှိနေတော့ သွေးသစ်နဲ့ သွေးဟောင်းတွေ ရောနေတာပေါ့။ နှလုံးခုန်နေတဲ့ အသံ ပြောင်းနေတာကို ဆရာဝန်တွေ နားကြပ်နဲ့ နားထောင်တော့ Heart murmur တမျိုး ကြားရတယ်။

သန္ဓေတည်ပြီး အစပါတ်တွေမှာ နှလုံးစဖြစ်တယ်။ ဘာလို့ အပေါက်လာဖြစ်တယ်ဆိုတာ တိတိကျကျ ပြောမရသေးပါ။
မိခင်မှာ ကိုယ်ဝန်ဆောင်နေတုံး Rubella ခေါ်တဲ့ German measles ဂျာမန်-ဝက်သက်ရောဂါပိုး ကူးစက်ခံရရင်၊ Diabetes ဆီးချိုရှိ ကောင်းကောင်း မထိန်းနိုင်ရင်၊ ဆေးဝါး၊ အရက်၊ ဓါတ်ရောင်ခြည်တွေနဲ့ မကင်းရင်၊ တချို့မှာ ဘာလို့ဆိုတာ မသိပါ။

အပေါက်ကလဲ အကန့်နေရာ အမျိုးမျိုးမှာ အရွယ်ရွယ် အစားစား ရှိနိုင်တယ်။
• Secundum ASD (ASD 2) အပေါက်က အလည်မှာရှိတဲ့ အမျိုးအစား အများဆုံးရှိတယ်။
• Primum ASD (ASD 1) အောက်နားမှာ ရှိတာက ဒုတိယအများဆုံး၊
• Sinus Venosus ASD (Sinus Venus) သွေးပြန်ကြောကြီးတွေနဲ့ နီးရာမှာ အပေါက် ရှိတာက အနဲဆုံး။

မိန်းကလေးတွေမှာ ပိုအတွေ့များတယ်။ ASD က အဖြစ်မများလှပါဘူး။ စာရင်းဇယား ရှိတဲ့ တိုင်းပြည်တွေမှာ ကလေး ၁ဝဝဝ မွေးရင် ၄-၈ ယောက်မှာ ဒီရောဂါ လာတွေ့တယ်။ မျိုးရိုး လိုက်တာတွေလဲ တွေ့ရလို့ ကိုယ့်မှာ ဒါရှိနေရင် ကိုယ်က မွေးမဲ့ကလေးမှာလဲ လာရှိတတ်တယ်။ လူတိုင်းကို ပြောတာ မဟုတ်ပါ။

တချို့က ဘာမှ မဖြစ်သလို နေနိုင်တယ်။ ခံစားရနိုင်တာတွေကတော့ အစားပျက်၊ ဖွံ့ထွားမှုနှေး၊ အားယုတ်၊ အသက်ရှူမဝ၊ အသက်ရှူလမ်း ခဏခဏပိုးဝင်၊ ကိုယ့်နှလုံးခုန်နေတာ ကိုယ်သိ၊ တခုခုလုပ်နေရင်း အသက်ရှူတာ အားမရ ဖြစ်မယ်။ ဆေးမကုရင် Atrial arrhythmia နှလုံးခုန် မမှန်တာ ဖြစ်လာမယ်။ ကြီးတဲ့အထိ မကုရင် အထဲကသွေး ခဲတာ ဖြစ်စေမှာမို့ ဦးနှောက် ရောက်သွားရင် Stroke ရလာတတ်တယ်။ Pulmonary hypertension အဆုပ်မှာ သွေးတိုးတာ လာဖြစ်မယ်။ Atrial fibrillation (လူကြီတွေမှာ) နှလုံးခုန် မမှန်တာ၊ Heart failure နှလုံးက လိုသလောက် အလုပ် မလုပ်နိုင်တော့တာ၊ အများအားဖြင့် အဲဒီလိုဟာတွေ ဖြစ်မလာခင် ဆေးကုကြတာ များပါတယ်။

စစ်ဆေးရာမှာ Cardiac catheterization နှလုံးထဲ ပိုက်ငယ်သွင်း၊ Chest x-ray ရင်ပတ်-ဓါတ်မှန်၊ Coronary angiography နှလုံးသွေးကြော-ဓါတ်မှန် (အသက် ၃၅ နှစ်အထက်)၊ ECG (အီး-စီ-ဂျီ)၊ Echocardiography (အက်ကို)၊ Heart MRI (အမ်-အာရ်-အိုင်) တွေ လုပ်ပါမယ်။

အပေါက် သေးသေးလေးဆိုရင် သူ့ဖါသာ ပြန်ပိတ်သူလဲ ရှိနိုင်တယ်။ တချို့တိုင်းပြည်တွေမှာ ၄ဝ% က ၂ နှစ်သားဆို ပြန်ပိတ်တာ တွေ့ရတယ်။ ဒိထက် ကြီးလာရင် ပြန်ပိတ်နှုန်း လျှော့လာတယ်။ အိန္ဒိယ National Institutes of Health အဆိုကတော့ တဝက်လောက်က သူ့အလိုလို ပိတ်တယ်၊ ၂ဝ%က တနှစ်အရွယ်မှာ ပိတ်တယ်၊ ငယ်ငယ်နဲ့ မပိတ်ရင်တော့ နောင်လဲ ပိတ်မှာ မဟုတ်ဘူး။

ခွဲစိတ်တာမလုပ်ခင်၊ ဆေးပေးရတာတွေလဲ ရှိတတ်တယ်။ နှလုံးခုန် မှန်အောင်-ကောင်းစေအောင် Inderal နဲ့ Digoxin ဆေး၊ နှလုံးထဲ သွေးများ မနေအောင် Lasix ဆေး၊ သွေးမခဲအောင် Coumadin နဲ့ Aspirin ဆေးတွေ သုံးရတယ်။

ခွဲစိတ်ကုသနည်း (၂) နည်း သုံးပါတယ်။
၁။ Cardiac catheterization လူနာရဲ့ ပေါင်ရင်းကနေ သေးငယ်တဲ့ ပိုက်-ပြွန်ကလေ ထိုးသွင်းပြီး၊ Mesh patch or Plug ခေါ်တဲ့ ပစ္စည်းကို အပေါက်မှာ ထည့်ပေးပြီး နှလုံး (တစ်ရှူး) တွေ အသစ်တိုး ဖြစ်လာပြီး၊ ပိတ်ပေးစေနည်း ဖြစ်တယ်။ Cardiac catheterization လုပ်ပြီး၊ Amplatzer Septal Occluder ဆိုတဲ့ ပစ္စည်းနဲ့ ပိတ်နည်းကို ၂ဝဝ၁ ကစပြီး လုပ်ခဲ့တာ ဖြစ်တယ်။
၂။ Open-heart surgery မေးဆေးပေး၊ Heart-lung machine စသုံးပြီး၊ ခွဲစိတ်-ချုပ်ပိတ်နည်း ဖြစ်တယ်။

ခွဲစိတ် ကုသတာဟာ ၉၉% အောင်မြင်တယ်။ ငယ်ငယ်မှာ ခွဲရင် ခွဲပြီး ၄-၆ လအတွင်း ကလေးရဲ့ ကြီးနေခဲ့တဲ့ နှလုံးဟာ နဂိုအရွယ် ပြန်ရောက်တယ်။ ခွဲစိတ်ထားသူတွေ Lifestyle ပြောင်းစရာ လိုတယ်။ Exercise လုပ်နိုင်ပါတယ်။ Infection ရောဂါပိုး ဝင်မှာကို Antibiotics ပဋိဇီဝဆေးတွေနဲ့ ကာကွယ်ပါ။ ပိတ်ပေးထားတာ ပြန်ပွင့်တာ မရှိပါ။ အလုပ်လုပ်ချိန်၊ နားချိန် မျှတပါစေ။ နာရင် Pain killers (Analgesic) အနာ-အကိုက် သက်သာဆေးတွေ သုံးပါ။ နှလုံးရောဂါသမားတွေကို ပိုတောင်မှ ပေးရသေးတယ်။

အိပ်ရေးအတွက် “Sleeping မအိပ်ဘဲနေ အသက်မရှည်” ကို ဖတ်စေချင်ပါတယ်။
နောက်ပြီး “Computer Eye Strain ကွန်ပြူတာနဲ့ မျက်စိ” ကိုလည်း ဖတ်စေချင်ပါတယ်။

Dr. တင့်ဆွေ
၁၄-၁-၂ဝ၁၁

Thursday, January 13, 2011

Hypoparathyroidism ဟိုက်ပိုသိုင်းရွိုက်

1/13/2011 3:55 PM
သမီးအမေက လွန်ခဲ့တဲ့ အနှစ် 20 လောက်က လည်ပင်းကြီး (ညာဘက်) အတွက် ခွဲခဲ့ရဖူးပါတယ်။ အခု အနှစ် ၂ဝ ရောက်တော့ နောက်တစ်ခါ ပြန်ဖြစ်တာနဲ့ ထပ်ခွဲရပါတယ်။ ၂ လ နီးပါး အရောက်လည်းကျရော မျက်နှာတွေ ခြေတွေ လက်တွေ အမ်းလာပါတယ်။ သွေးလည်း တိုးပြီး သွေးပေါင်ချိန်က မမှန်ပါဘူး။ လူကတော့ ဝလာတယ် ထင်နေတာ။ နောက်တော့ ခေါင်းပါ မထူနိုင်လို့ နယ်မှာ ပြနေကျ ဆရာဝန်နဲ့ သွားပြတော့ ကယ်ဆီယမ် ချို့တဲ့တာလို့ ပြောပါတယ်။

နယ်ဆရာဝန်က ရန်ကုန်က သူခွဲခဲ့တဲ့ ဆရာဝန်ကြီးကို မြန်မြန်ပြပါဆိုတာနဲ့ ပြတော့ ဆရာကြီးက အာရုံကြော ရောင်တာ လို့ပဲ ပြောပါတယ်။ နယ်ဆရာဝန်က အဆင်မသင့်ရင် နှလုံးသွေး ရပ်တတ်တယ်လို့ ပြောလိုက်ပါတယ်။ ဆရာကြီးကတော့ စိတ်ပူစရာ မရှိဘူးဆိုပြီး ဆေးခန်းကို ၃ ရက်တစ်ခါ ချိန်းပါတယ်။ ကယ်ဆီယမ် နဲ့ ဂလူးကို့ကို ၃ ရက်ခြား တစ်ခါ ထိုးပြီး သောက်ဆေးကတော့ ဆေးဖြူ ၂ လေး တစ်လုံးပဲ သောက်ခိုင်းပါတယ်။ ဆေးခန်းချိန်းတဲ့ နေ့တိုင်း ကယ်ဆီယမ် ထိုးရင် သက်သာပါတယ်။

ဆရာဝန်ကြီးက မေးတော့လည်း စကားအရမ်းနည်းတော့ ဖြေဘူးဆရာ။ ဂဃနဏပေါ့။ ကောင်းသွားမှာပါ တစ်ခွန်းပဲ ပြောတယ်။ နယ်က ဆရာဝန်ပြောလိုက်တော့ စိတ်တော်တော် ပူပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာရယ်။ ကယ်ဆီယမ် ကို အဲလို ဘယ်အချိန်ထိ ထိုးနေရမှာလဲ၊ ကယ်ဆီယမ် ထိုးရင် ရမဲ့ဘေးထွက် ဆိုးကျိုးကိုရော၊ သိချင်ပါတယ်ဆရာ။

Goitre လည်ပင်ကြီးကို ခွဲတုံးက တွဲရှိနေတဲ့ Parathyroid glands အိတ်ကလေးတွေ ပါသွားလို့ ဖြစ်ရတာပါ။ အိတ်တွေက တဖက်မှာ အထက်အောက် တလုံးစီရှိတော့ ပဌမခွဲတုံးက နှစ်လုံး ပါသွားပေမဲ့ ကျန်နှစ်လုံးက အလုပ်လုပ်ပေးနေခဲ့မယ်။ နောက်တခါ အကုန်ပါသွားတော့ အခုလိုဖြစ်တာ နေမယ်လို့ မှန်းကြည့်ရပါတယ်။

အိတ်ကလေးတွေ ဆိုတာလဲ လည်ပင်းကြီး အကြိတ်လိုဘဲ ဟော်မုန်း ထုတ်ပေးတယ်။ အမျိုးအစားတော့ Parathyroid hormone (PTH) ခေါ်တယ်။ နာမယ်ထက် အရေးကြီးတာက ဟော်မုန်းရဲ့သတ္တိ။ Calcium (ကယ်လ်စီယမ်) အလုပ်ကို ထိန်းပေတယ်။ အလားတူ Phosphorus (ဖေါ့စ်ဖါးရပ်စ်) နဲ့ Vitamin D (ဗီတာမင် ဒီ) တွေကိုပါ သက်ရောက် စေတယ်။ ရောဂါရရင် Blood calcium နည်းလာပြီး၊ Phosphorus levels မြင့်လာမယ်။ ခွဲလို့ ထိခိုက်မိလို့ မဟုတ်ဘဲ၊ Magnesium နည်းရင်လဲ ဖြစ်နိုင်တယ်။ Metabolic alkalosis ဖြစ်ရင်လဲ ဒီလို ဖြစ်မယ်။

ရောဂါ လက္ခဏာတွေကတော့ ပါးစပ်နား တဝှိုက်မှာ အပ်နဲ့ ထိုးသလို စူး-ကျင်မယ်၊ (အစောဆုံး လက္ခဏာ ဖြစ်တယ်။) အန်ချင်၊ ခေါင်းကိုက်၊ ဗိုက်နာ၊ လက်သည်း-ခြေသည်း ကျွတ်ဆတ်၊ ဆံပင်ခြောက်၊ အရေပြားခြောက်၊ ကြွက်သားနာ-ကြွက်တက်၊ လက်ချောင်း-ခြေချောင်းကျင်၊ သွေးခြည်ဥထွက်၊ ရာသီလာရင် ကိုက်ခဲ၊ မှိုရောဂါဝင်၊ ကလေးဆိုရင် သွားပေါက်နှေးမယ်၊ သွား-ကြွေလွှာ အားနည်းစေမယ်။

ဆိုးတဲ့ ဆက်တွဲဖြစ်နိုင်တာတွေကတော့ မျက်စိ-အတွင်းတိမ်၊ Seizures အတက်ရောဂါ၊ Larynx spasms ရုတ်တရက် လေပြွန် တုံခါ-နာကျင်တာ၊ အာရုံစိုက်နည်းတာ။

Latent tetany ကြွက်တက်ခြင်နေတာကို Trousseau sign သွေးဖိအားတိုင်း ကရိယာနဲ့ အထက်သွေးချိန် အပေါ်မှာ ထားကြည့်ရင် အဲဒီလက်မှာ တကယ်ကြွက်တက်လာတာ တွေ့ရလိမ့်မယ်။ ဆရာဝန်ကိုင် တူနဲ့တူတဲ့ ခေါက်တံနဲ့ စမ်းရင် တုံ့ပြန်မှုက ဖြစ်နေကြထက် ပိုကဲနေတာ တွေ့မယ်။

Life threatening complications အရေးပေါ် လက္ခဏာတွေကတော့ Laryngospasm လေပြွန် ကြွက်သားတွေ ရုတ်တရက်၊ အချိန်မရွေး ဒုက္ခပေးတာ (တခြားအကြောင်းတွေကနေလဲ ဖြစ်တတ်တယ်) နဲ့ Cardiac arrhythmias နှလုံးခုန် မမှန်တာ။

ကုသရာမှာ အဓိက Calcium နဲ့ Vitamin D တွေကို အပိုဆောင်းပေးရတယ်။ Vitamin D3 က ပိုကောင်းတယ်။ အရေးပေါ် ဖြစ်ချိန်မှာ Calcium gluconate (IV) သွေးပြန်ကြောထဲ ထိုးရမယ်။ နှလုံးကို စောင်ကြည့် နေရမယ်။ နှလုံးခုန်တာက စည်းချက်-ဝါးချက် ကျကျ ခုန်နေမှ ကောင်းတယ်။ သက်သာချိန်မှာ စားဆေး ပေးမယ်။ ဆေးကုရတာက တသက်လုံးပါ။

High-calcium (ကယ်လ်စီယမ်) များ အစာတွေကို ရွေးစားပြီး၊ Phosphorous (ဖေါ့စ်ဖါးရပ်စ်) နည်းတာတွေကို ရှောင်ပါ။ မက်မွန်သီး၊ ပဲစေ့-ပဲတောင့်-ပဲသီး၊ ကြံသကာ၊ အုတ်စပါး၊ ဆာဒင်းငါး၊ နှမ်းပြစ်၊ ဆီးသီးမျိုးစုံ၊ ဆရုတ်ဆီးသီး၊ ဗာဒံစေ့၊ အစိမ်းရောင်ရင့် အရွက်တွေ ဥပမာ ဟင်းနုနွယ်ရွက်၊ စတာတွေ များများစားပါ။ အဆီလွတ်အသား၊ ရေချိုငါး စားပါ။ တို့ဖူး၊ ပဲ စားပါ။ ဆီသုံးရာမှာ အသီးအနှံက ထုတ်တာ ရွေးသုံးပါ။ Soy milk ပဲနို့ သောက်နိုင်တယ်။

Calcium စစ်ရင်
• ပုံမှန်အားဖြင့် 8.5 to 10.2 mg/dL or 9–10.5 mg/dL or 2.2–2.6 mmol/L ရှိတယ်။
• ဓါတ်ခွဲခန်းတွေ မတူရင် ကွဲလွဲတတ်တယ်။
• 8.0 mg/dL ထက်နဲရင် Hypocalcaemia ရောဂါ၊
• 1.59 mmol/L (6 mg/dL) ထက်နည်းရင် အတော်ဆိုးတယ်။
• 10.6 mg/dL ထက်များရင် Hypercalcaemia ရောဂါ။
• 3.753 mmol/L (15.12 mg/dL) ထက်ပိုရင် အတော်ဆိုးတယ်။

ဝယ်လိုရတတ်တဲ့ Calcium စားဆေးတွေကတော့
• Calcium carbonate 250, 650 mg
• Calcium gluconate 90, 1000 mg
• Calcium citrate 200, 950 mg
• Calcium lactate 60, 300 mg

ဝယ်လိုရတတ်တဲ့ Vitamin D ဆေးတွေကတော့
• 1,25-Dihydroxycholecalciferol Capsule: 0.25, 0.5 μg
• Calcitriol (Rocaltrol; Calcijex) Injection: 1, 2 μg/mL
• 25-hydroxycholecalciferol Capsule: 20, 50 μg
• Calcifediol (Calderol) Capsule: 1.25 mg to 50,000 IU
• Ergocalciferol (vitamin D2, Drisdol) Solution: 12.5 mg/mL; Drops: 200 μg/mL to 8,000 IU
• Cholecalciferol (vitamin D3; Delta-D) Tablet: 400, 1000 IU

Trans-fatty acids တွေ သုံးထားတဲ့ ဘီစကစ်မုံ့၊ ကိတ်မုံ့၊ ဆိုင်ရောင်း အာလူးကျော်၊ ဒူးနတ်၊ ထောပတ်တုတွေ ရှောင်ပါ။ Carbonated beverages ကာဗွန် ထည့်ပေးထားတဲ့ ဖျော်ရည် မများစေနဲ့။ Phosphates များတယ်။ ကော်ဖီ၊ အရက်၊ ဆေး-ဆေးလိမ် မတည့်ပါ။ ပေါင်မုံ့ဖြူ၊ (ပါစတာ)၊ သကြားတွေ ရှောင်ပါ။

• ဆေးက သွေးကြော အပြင် ရောက်ရင် အလွန်ကို နာတယ်။ အကြောဆေး ခဏခဏထိုးရသူတွေမှာ Phlebitis သွေးပြန်ကြောရောင်တာ ဖြစ်လာတတ်တယ်။
• Hypoparathyroidism ကနေ Pernicious anemia သွေးအားနည်းရောဂါ၊ Addison's disease, Parkinson's disease ရောဂါတွေ ဆက်ဖြစ်တတ်သေးတယ်။
• လေပြွန်နေရာ ကြွက်တက်သလို ဖြစ်လာရင် အရေးပေါ် Tracheotomy လည်ပင်မှာ အပေါက်ဖါက် ပြွန်တပ် ပေးတာ လုပ်ရမယ်။
• Teriparatide ဆိုတဲ့ဆေး စမ်းသပ်နေပြီ။ PTH ဟော်မုန်းကို အပြင်မှာထုတ်တာ။ Osteoporosis ရောဂါသည် တွေကို ပေးနေတယ်။
• Vitamin D နဲ့ Calcium လိုတာထက် များသွားရင်လဲ Hypercalcemia ဖြစ်စေပြီး ကျော်ကပ်ကို ထိခိုက်နိုင်တယ်။

အားဆေးတွေအဖြစ် Vitamins A, C, E, B-complex တွေ သောက်ပါ။ Magnesium, Zinc, Selenium ဓါတ်ဆားတွေလဲ ပါသင့်တယ်။ Omega-3 fatty acids လဲ ကောင်းတယ်။ ရေသောက်တာ တနေ့ ၆-၈ ခွက်ထက် မနည်းစေနဲ့။ ကိုယ်လက် လှုတ်ရှားမှု တနေ့ နာရီဝက်၊ တပါတ် ၅ ရက် လုပ်ပါ။ မပြင်းထံပါစေနဲ့။

သွေးတိုးများရင် (ကိုလက်စထော) များရင် သပ်သပ် ဂရုစိုက်ပါ။ ကိုယ်အလေးချိန် မတိုးတာ ကောင်းမယ်။ ရောဂါ အကြောင်း စုံစေ့အောင် ရေးလိုက်တာမို့ အစိုးရိမ် မပိုစေလိုပါ။ အဆိုးဆုံးအထိ ပါအောင်အထိ ရေးရတာမို့ပါ။

Dr. တင့်ဆွေ
၁၃-၁-၂ဝ၁၁

Periorbital hyperpigmentation မျက်ကွင်းညိုနေပါတယ်

Jan 13, 2011 at 11:13 AM
ကျွန်တော့် ကောင်မလေးက Shopping mall တစ်ခုမှာ Cashier လုပ်ပါတယ်။ အလုပ်သက်တမ်းက ၆ နှစ် လောက်ရှိပါပြီ။ တစ်ရက်တစ်ရက် ကွန်ပျူတာ မော်နီတာကိုပဲ ကြည့်နေရတော့ သူ့ရဲ့ မျက်ကွင်းတွေက ညိုနေပါတယ်။ ကြည့်ရတဲ့ မော်နီတာက LCD လဲ မဟုတ်ဘူး။ CRT အရင်တုန်းက ဟာတွေဆိုတော့ ပိုဆိုးပါတယ်။ အဲဒီ ညိုနေတဲ့ မျက်ကွင်းတွေကို အရင်ကတိုင်း ပုံမှန်အတိုင်းလိုပဲ ပြန်ပြီး ဖြူချင်လို့ပါ။ အဲဒါ ဘယ်လိုလုပ်ရင် ညိုတာပျောက်ပြီး ပြန်ဖြူလာနိုင်မလဲ။ အသားဖြူတော့ မျက်ကွင်းညိုတာက တော်တော်ကြီးကို သိသိသာသာကြီး ဖြစ်နေလို့ပါ။ အင်္ဂလိပ်ဆေးပဲဖြစ်ဖြစ် မြန်မာဆေးပဲ ဖြစ်ဖြစ်။

Dark Eye circles မျက်ကွင်းညိုတာဟာ မျိုးရိုးအရလဲ ဖြစ်တတ်တယ်။ ခိုက်မိတာလဲ ထည့်ပါမယ်။ Heredity မျိုးရိုးအရ ဆိုတာ မျက်စိ အောက်နားက အရေပြာဟာ အပါးဆုံးနေရာ (တခြားနေရာတွေထက် ၄ ပုံ ၁ ပုံသာ ထူလို့) ဖြစ်လို့ အထဲက သွေးကြောတွေကို ပိုမြင်စေရမို့ပါ။ မျက်တွင်းကျသူတွေမှာ အရိပ်ကျနေလို့ မိုမြင်စေတာလဲ ရှိတယ်။

Allergies မတည့်တာတွေဖြစ်တဲ့ အလာဂျီ၊ Asthma ပန်းနာ နဲ့ Eczema နှင်းခူတွေကြောင့်လဲ ဖြစ်တယ်။ ယားတော့ ကုတ်မိရာကနေ ဖြစ်တာမျိုး။ Hay fever ခဏခဏ အအေးမိသလို အာဂျီရသူတွေလဲဖြစ်ရတယ်။ Food allergies အစားနဲ့ မတည့်တာလဲ ပါမယ်။

Medications ဆေးသုံးရင် သတိထားရမယ်။ မျက်စိနဲ့ နီးတာကိုး။ Anemia သွေးအားနည်းနေတာ ကုရမယ်။ အစာ အာဟာရမှာ သံဓါတ်များတာစားပါ၊ Ferrous ဆေးသောက်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာလဲ မျက်ကွင်း ညိုတတ်တယ်။ သံဓါတ် နည်းတာနဲ့ ဆက်နေလို့ပါ။

Fatigue အားယုတ်တာကလဲ ဖြစ်နေနိုင်တယ်။ အိပ်ရေးပျက်၊ အလုပ်ပန်း၊ စိတ်ပန်းချိန်မျိုး။ Age အသက် ရရင်လဲ ညိုလာတတ်တယ်။ အရေပြားက Collagen နည်းရာကနေ ဖြစ်တယ်။ Facial expressions အရီသန်သူတွေလဲ ဖြစ်ရသေးတယ်။

ဆေးကုရတာမှာ ပြောခဲ့တာတွေက လွဲရင် တကယ်တန်း ပျောက်စေဆေး မရှိပါ။ Home-made အိမ်သုံးနည်းတွေတော့ အမျိုးမျိုး လုပ်ကြတယ်။ Teabags ကိုကပ်ပေးတာ၊ Raw cucumber သခွါးသီးစိမ်း အဝိုင်း ကပ်တာ၊ Drinking plenty of fluids ရေ-အရည် တဝကြီးသောက်တာ၊ A lot of rest စိမ်ပြေနပြေ နားတာတွေပါတယ်။

Vitamin A + K eye cream လဲ သုံးတယ်။ Make-up လဲ သုံးတယ်။ Hydroquinone solution mixed in an oil free moisturizer ဆေးလဲ ညွှန်းတယ်။ Melasma တင်းတိတ် ဖြစ်နေရင် သပ်သပ်ကုပါ။ Concealing သူများ မမြင်အောင် လုပ်နည်။

မွေးကတည်းက မျက်ကွင်းညိုသူတွေဟာ သူများထက် ထူးခြားသူတွေ ဖြစ်တယ်လို့ သတ်မှတ်တာလဲ ရှိပါတယ်။

Dr. တင့်ဆွေ
၁၃-၁-၂ဝ၁၁

Wednesday, January 12, 2011

Acid Reflux အူကျတာ မဟုတ်တဲ့ (ဟာနီယာ)

12 Jan 11, 03:02
နိုင်နိုင်: ဆရာ ကျမလွန်ခဲ့တဲ့ ၃လလောက်က Acid Reflux လို့ ဆေးသောက်ပြီးပါပြီ။ လည်ချောင်း အရမ်းနာခဲ့လို့ ဆေးခန်း သွားပြတာပါ Acid Reflux လို့ ပြောပါတယ်။ Hernia မသိမသာလေး ကြီးနေတယ်လို့လည်း ပြောခဲ့ပါတယ်။ ဆေး ၂ လ ပေးသောက်ပါတယ်။ အခုပြီးခဲ့တာ ၁ လကျော်နေပါပြီ။ ဒါပေမဲ့ ဗိုက်က တခါတလေမှပါ အစာမကျေသလို ခံစားရပါတယ်။ ဗမာ ဆေးနနွင်းခါးနဲ့ ပျားရည် သောက်နေပါတယ်။ ဗိုက်ကတော့ ပုံမှန်ဆာပါတယ်။ ဝမ်းလည်း ပုံမှန် သွားပါတယ်။ ဗိုက်လည်း မနာပါဘူး။ တခုပဲ မနက်သွားတိုက်ရင်နဲ့ ပျို့တဲ့အခါ အချဉ်ရည်တွေ ထွက်ပါတယ်။

စာတွေတော့ လိုက်ဖတ်ပေမဲ့ နားမည်လို့ပါ။ မိုက်ဂရိမ်းဖြစ်လို့ အရင်က အကိုက်ခဲပျောက်ဆေးလည်း ခဏခဏ သောက်ဖူးပါတယ်။ ဘာဆေးသောက်ထားရင် ကောင်းမလည်း အကြံဥာဏ်လေးလည်း ပေးစေချင်ပါတယ်။ 21 ရက်နေ့ အစာအိမ် အထူးကုနဲ့ တွေ့ဖို့ရှိပါတယ်။ ကျမအရမ်းစိုးရိမ်ပြီး ကြောက်နေလို့ပါ။ အဲ့ဒါဟာ ကင်ဆာ အဆင့်ထိ ဖြစ်နိုင်ပါသလားရှင်။ ကျေးဇူးပြုပြီး ပြောပြပေးစေချင်ပါတယ်။ ပြီးတော့ အခုတလော ပျို့လာတဲ့အခါ အချဉ်ရည်တွေ ထွက်လာပါတယ် ခဏခဏပါပဲ။

C-box မှာ ရှည်ရှည်မေးတာကို ဖြေလို့ အဆင်မပြေပါ။ တိုက်ရိုက် မေးပါ။

ကင်ဆာ မဖြစ်နိုင်ပါ။ ဖြစ်တဲ့သူ အသက်တော့ မသိရသေးပါ။

ဖတ်ပြီးပြီလားတော့ မသိဘူး “Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်” ကို ဖတ်ပါ။ လိုက်နာပါ။ အထူးကုဆရာဝန်က ဆရာရေးတာထက် ပိုပြီး ပြောပြ-ကုသ ပေးပါလိမ့်မယ်။

လေနာမဟုတ်ဘဲ Gastroesophageal reflux disease (GERD) ဖြစ်တတ်တယ်။ လူအတော်များများမှာ ဖြစ်တတ်တယ်။ အစာမြိုပြွန်နဲ့ အစာအိမ် ဆက်တဲ့နေရာလေးမှာ အဆို့ရှင်သဘောရှိတာက ပိတ်ရမဲ့အချိန်မှာ ကောင်းကောင်း မပိတ်တော့ အစာအိမ်ထဲ ရောက်ပြီးသား အစာတွေက အထက်ဆီ ဆန်တက်လာတယ်။ Endoscopy ဆိုတာနဲ့ စစ်မယ်။ ဆေးတွေ ပေမယ်။ ခွဲစိတ်တာက နောက် လိုမှ လုပ်ရတယ်။

Paraesophageal Hernia (Hiatal hernia) ဆိုတာလဲ အစာမြိုပြွန်က အထက်ဆီကို ကျွံတက်နေသလို ဖြစ်တာပါ။ လိုအပ်လာရင်တော့ ခွဲစိတ်ကုသရမယ်။

ဒေါက်တာတင့်ဆွေ
၁၂-၁-၂ဝ၁၁

Monday, January 10, 2011

Hypotrichosis အမွှေး ထူပြီး သန်ချင်တယ်

10 Jan 11, 02:20
မုတ်ဆိတ်မွှေး ပါးပြီး ကျဲနေပါသဖြင့် ထူပြီးသန်ချင်ပါတယ်ဗျာ။ ဆေး သို့မဟုတ် နည်းလမ်းလေး ပြောပြပေးစေချင်ပါတယ်။ အသက်က ၂၄ နစ်ပါ။ လက်ရှိ ပြည်ပမှာဖြစ်လို့ ဆေးဝယ်ရ ခက်ခဲမှု ရှိပါသဖြင့် မြန်မာနည်းစနစ် တစ်ခုခုကို ပြောပြ လမ်းညွှန် ပေးစေချင်ပါတယ်။

Hypotrichosis ဆိုတာ အမွှေးနည်းတာ၊ ပါးတာကို ခေါ်တယ်။ Hypertrichosis နဲ့ ပြောင်းပြန်။ Hallermann-Streiff syndrome ဆိုတဲ့ မွေးရာပါ ရှာပါးရောဂါမှာလဲ ဖြစ်တယ်။ ကမ္ဘာမှာ လူ ၂ဝဝ တောင်မရှိဘူးတဲ့။ ဆေးတချို့ကြောင့်လဲ ဖြစ်တယ်။

လူတွေရဲ့ ကိုယ်မွှေးဆိုတာ ၂ မျိုး ၃ မျိုးရှိတယ်။ Terminal hair ဆိုတဲ့ အကြမ်းစားနဲ့ Vellus hair အနုစားတွေ ဖြစ်တယ်။ လူတယောက်နဲ့ တယောက် မတူကြဘူး။ အနုစားဆိုတာ ၁ လက္မရဲ့ ၁၃ ပုံ ၁ ပုံသာ ရှည်ပြီး၊ ကလေးဘဝနဲ့ အရွယ်ရောက် အမျိုးသမီးတွေရဲ့ ကိုယ်မွှေးဖြစ်တယ်။ ရှိသေးတာက Lanugo hair မမွေးခင် ဗိုက်ထဲတုံးက ရှိတာကို ခေါ်တယ်။ ကိုယ်ဝန် ၃၆-၄ဝ ပါတ်မှာ Vellus hair တွေအဖြစ် ပြောင်းလာတယ်။

Terminal ကို Androgenic hair လို့ ခေါ်တယ်။ အရွယ်ရောက်ချိန်နောက် Androgen ဟော်မုန်းထွက်မှ ပေါက်တာမို့ပါ။ ယောက်ျားမှာ မိန်းမတွေထက် ပိုများတယ်။ ဒီဟော်မုန်း တန်ခိုးနဲ့ အနုစားတွေက အကြမ်းစားဖြစ်လာတယ်။ အထူးသဖြင့် ချိုင်း၊ ဆီးစပ်နေရာတွေမှာပါ။ ယောက်ျားတွေဆိုရင် မျက်နှာနဲ့ ကိုယ်တွေမှာလဲ ကြမ်းလာတယ်။ အမွှေးအကြမ်းစား နည်းနေသူဟာ Androgenic hormones ကျားဟော်မုန်းကို တုံ့ပြန်တာ နည်းနေလဲ ဖြစ်နိုင်တယ်။

Androgenic ဟော်မုန်းတွေဟာ ယောက်ျားကို ယောက်ျားပီသစေသလို မိန်းမကိုလဲ မိန်းမပီသဘို့ လိုပါတယ်။ Estrogen ဆိုတဲ့ မ-ဟော်မုန်းကလဲ ဒီကနေ ဆက်ဖြစ်ရတာပါ။ ကျား ပင်မ လိင်အင်္ဂါတွေနဲ့ ဒုတိယ ကြန်အင် လက္ခဏာတွေ ဖြစ်ထွန်း သန်မာ စေအောင် ဆောင်ကျဉ်းပေးပါတယ်။ Testosterone နဲ့ Androstenedione တွေက အဓိက ၂ မျိုးဖြစ်တယ်။

ဒီဟော်မုန်း နည်းနေသူတွေမှာ ကလေးမရ၊ လိင်တံညှိုး၊ လိင်စိတ်နည်း၊ စိတ်ကျ၊ စိတ်တို၊ စိတ်မော၊ ကြွက်သားတွေ အရွယ်အစား-အင်အားသေး၊ အရိုးမသန်၊ အဆီတိုး၊ စိတ်အာရုံနည်းပါး၊ အအိပ်ပျက်တွေ ဖြစ်တယ်။ အမွှေးနည်းတာလဲ စဉ်းစားလို့ ရပါတယ်။

တခြား အကြောင်းတွေ ဘာမှ မရှိရင် အမွှေးများချင်တာနဲ့ ဟော်မုန်းဆေး မှီဝဲဘို့ မတိုက်တွန်းလိုပါ။ အထူးကု-ဆရာဝန်နဲ့ ကိုယ့်မှာ ရှိနေတဲ့ ဟော်မုန်းကို အရင်စစ်ဆေးဘို့လိုမယ်။ ဒါအတွက် Testosterone creams and gels ကို သုံးသင့်-မသင့် အတိအကျ မပြောနိုင်ပါ။ အမျိုးသမီးတွေလဲ ကြွက်သား တိုးတက်အောင် သုံးကြတယ်။ ကိုယ်ဝန်ရှိတုံး သုံးမိရင်တော့ အထဲက ကလေး ထိခိုက်မယ်။

နိုင်ငံကြီးတွေမှာ ဆရာဝန်လက်မှတ်နဲ့သာ ရောင်းတယ်။ အလွယ်ဝယ်ရတာကတော့ Natural testosterone creams and supplements တွေဖြစ်တယ်။ Herbal တွေကနေ ထုတ်တာပါ။

မုတ်ဆိတ်မွေး၊ ပါးသိုင်းမွှေးတွေ အပါအဝင် ရင်ပတ်မွှေး၊ ခြေသလုံးမွှေး စတာတွေ ထူတာ၊ သန်တာက မျိုးဗီဇနဲ့ မျိုးရိုး လိုက်တယ်။ သာမန်အားဖြင့် ရိတ်တာက နုတ်တာထက် သန်စေတယ်။ ရိတ်ရင် လားရာ ပြောင်းပြန် ရိတ်ရတယ်လို့ ပြောတယ်။ အထက်က-အောက်၊ အောက်က-အထက်၊ ဘယ်က-ညာ၊ ညာက-ဘယ်။

Beard Hair Growth Foods မုတ်ဆိတ်မွှေး ထူစေ-များစေတဲ့ အစာဆိုတာလဲ ရှိတယ်။ Vitamin A များတဲ့ Liver အသဲ၊ Carrot မုံလာဥဝါ၊ Broccoli မုံလာပွင့်စိမ်း၊ Sweet potato ကန်စွန်းဥ၊ Butter ထောပတ်။ Beef အမဲသား၊ နောက်ပြီး Calcium ကယ်လ်စီယမ်၊ Vitamin C ဗီတာမင် စီ၊ Vitamins E ဗီတာမင် အီး၊ Chromium, Copper, Iodine ဓါတ်ဆား တွေနဲ့ Biotin (ဗီတာမင် ဘီ-၇) တွေ ဖြစ်တယ်။

အမွှေးများလို့ ပါးချင်သူများ ပါးပါစေ။ ထူချင်သူလဲ ထူပါစေ။

Dr. တင့်ဆွေ
၁ဝ-၁-၂ဝ၁၁

Friday, January 7, 2011

Iodine ပင်လယ်နဲ့မနီး လည်ပင်းကြီး

January 04, 2011 4:57 AM
အိုင်အိုဒင်းဓါတ် နည်းလို့ လည်ပင်ကြီးရောဂါ ဖြစ်တယ်ဆိုတာ ကြားဖူးပါတယ်။ အိုင်အိုဒင်းဓါတ် များလို့လည်း ၄င်းရောဂါ ဖြစ်တယ်လို့ သိရပါတယ်။ ဆောင်ရန်-ရှောင်ရန် နှင့် ကုသပုံလေးကို အဓိကထားပြီး ပြောပြပေးပါ။

လူတွေ လိုအပ်တဲ့ ဓါတ်ဆားတွထဲမှာ Iodine (အိုင်အိုဒင်း) ဟာ အရေးပါတာတခု ဖြစ်တယ်။ လည်ပင်းကြီးရောဂါနဲ့ ဆက်စပ်နေတာကို အတော်များများ သိကြတယ်။ တကမ္ဘာလုံးမှာ (အိုင်အိုဒင်း) နည်းနေသူပေါင်း သန်း ၂ဝဝဝ ရှိနေတယ်။ Iodized Salt (အိုင်အိုဒင်း) ဆားလဲ အိမ်တိုင်းမှာ စားနေကြပါတယ်။ ကြာကြာဖွင့်ထားရင် လေထဲက အောက်စီဂျင်နဲ့ သွားပေါင်းတာမို့ သတ္တိပျယ်စေတယ်။ သံဓါတ်ပါတည့်ထားတဲ့ Double-fortified salt (DFS) ဆား အမျိုးအစားလဲ ရှိသေးတယ်။

လည်ပင်ကြီးနေသူတွေကို တွေ့ရင် တယောက်မက အများကြီး တထိုင်ထဲ တွေ့ရတတ်တယ်။ ပုလဲနယ်မှာ နယ်လှည့် ဆေးကုသွားရင်း တောင်ပေါ်ပိုင်းကြတဲ့ ရွာတချို့မှာ “ပုဂံက စေတီပုထိုးတွေကို ပြောသလို လက်ညှိုးထိုးမလွဲ” လည်ပင်းကြီးတွေချည်းဘဲ တွေ့ရဘူးတယ်။ ဒါကို ကြည့်ရင် နေရာဒေသနဲ့ ဆိုင်နေတာ သေခြာသွားတယ်။ နေရာ တခုထဲမယ် လူအများကြီးမှာ ဖြစ်နေတာကို Endemic goiter ခေါ်တယ်။

အဲလို နေရာတွေမှာက ဘာကွာလို့လဲ။ ရေထဲ၊ မြေထဲမှာကိုက (အိုင်အိုဒင်း) ဆားတွေ နည်းပါးနေလို့ပါ။ Manganese နဲ့ Cobalt ဓါတ်ဆားတွေ များနေတဲ့ နေရာတွေမှာ Iodine နည်းနေတယ်။ တောနယ်၊ တောင်ပေါ်တွေမှာ သိတဲ့အတိုင်း ဈေးရယ် ဆိုင်ရယ်ရှိတာ မဟုတ်ဘူး။ လိုခြင်တာကို ဝယ်ခြင်တိုင်း ဝယ်လို့ရတာ မဟုတ်တော့ ကိုယ့်မြေမှာ စိုက်တာ-ပျိုးတာ ကိုသာ စားသုံးကြရတယ်။ ရေသန့်လဲ ဝယ်သောက်ကြတာ မဟုတ်ဘူး။ သူတို့မြေထဲမှာ ဒီဆားမျိုးဟာ နည်းနည်းသာ ရှိတဲ့အထဲ မိုးတခါရွာလိုက်ရင်တခါ တောင်စောင်းတလျှောက် အောက်ဖက်ကို စီးဆင်းပါသွားပြန်လို့ နည်းသထက် နည်းရပြန်ရော့။ ဒီတော့ နေတဲ့သူမှန်သမျှ ခံစရာလဲ အတူတူ၊ နာစရာရှိလဲ အတူတူ။

လူတိုင်းမှာ Thyroid ခေါ်တဲ့ လည်ပင်းအကြိတ် ကိုယ်စီရှိကြတယ်။ မကြီးရင် စမ်းလို့မရဘူး။ သူကနေ (အိုင်အိုဒင်း) ဆား သုံးပြီး၊ ဟော်မုန်း ၂ မျိုး ထုတ်ပေးတယ်။ Thyroxine (T4) နဲ့ Triiodothyronine (T3) တွေ ဖြစ်တယ်။ ဒီဟော်မုန်းတွေက (ဆဲလ်) မှန်သမျှအပေါ် သက်ရောက်ပြီး ဇီဝဖြစ်စဉ်တွေကို ထိန်းညှိပေးတယ်။ အရိုးရှည် အမျိုးအစားတွေ ကြီးထွားဘို့မှာ လိုတယ်။ နည်းနေသူ လူပုနေမယ်။ လိုအပ်ချက် ပြည့်မီအောင် ထုတ်နိုင်ဘို့ စက်ကို အတင်းအလည်ခိုင်းတော့ စက်ပန်း ကျလာသလိုမျိုး သောက်တဲ့ရေ၊ စားတဲ့အစာမှာ ဆားနည်းနေရင် စက်နဲ့တူတဲ့ လည်ပင်းက ကြီကြီးလာတော့တယ်။

Iodine deficiency ခေါ်တဲ့ ဒီဆားနည်းနေတာဖြစ်ရင် လည်ပင်းကြီးယုံ။ အရပ်ပုယုံသာမက ဥာဏ်ရည်လည်း နိမ့်စေတယ်။ ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ မျိုးဥအိမ်ကင်ဆာတွေနဲ့ပါ ဆက်စပ်နေတာ တွေ့ရတယ်။ လည်ပင်ကြီးကင်ဆာ မဖြစ်ဘူးလဲ မပြောနိုင်ပါ။ သိပ်များသွားတဲ့အခါ နည်းတာနဲ့ ဆင်တာ ဖြစ်တတ်ပါတယ်။

ဒီဆားနည်းရင် အမျိုးသမီးတွေမှာ မျိုးဥအိမ်ကနေ တလတလုံး ထွက်ရမဲ့ မျိုးဥမထွက်ဘဲ အိမ်ထောင်ကျရင် ကလေးမရ ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်တွေမှာဖြစ်ရင် မအေရော ကလေးအတွက်ပါ ဆိုးတယ်။ သွေးတိုးနိုင်တယ်။ မွေးမဲ့ကလေး ဦးနှောက်ချို့ယွင်းနိုင်တယ်။

အရပ်ပုလို့ အိုင်အိုဒင်းဆား တအားစားမယ် မကြံနဲ့။ သူများရင်လဲ လည်ပင်းအကြိတ်အလုပ်ကို ထိခိုက်စေနိုင်တယ်။ ဒါ့ကြောင့် အများဆုံးပေးနိုင်တဲ့ အကန့်အသတ်ကို သတ်မှတ် ပေးထားတယ်။ တနေ့မှာ အများဆုံး 200 mcg က ၁-၃ နှစ်၊ 300 mcg က ၄-၈ နှစ်၊ 600 mcg က ၉-၁၃ နှစ်၊ 900 mcg က လူရွယ်တွေအတွက် သတ်မှတ်ပေးတယ်။ လူကြီး 1100 mcg ထက် မကျော်စေရပါ။ များသွားရင် လူကဆားနံ့ရလာမယ်၊ သွား-သွားဖုံးနာမယ်၊ ပါးစပ်-လည်ချောင်း ပူမယ်၊ တံတွေး များမယ်၊ လည်ချောင်းရောင်၊ အစာမကျေ၊ ဝမ်းပျက်၊ လူပိန်၊ စိတ်ပိန်တာတွေပါ ဖြစ်လာမယ်။ အမေရိကန် FDA ကနေ တနေ့မှာ ကျားရော မပါ 150 mcg အနည်းဆုံး လိုတယ်လို့ သတ်မှတ်ပေးထားတယ်။

(အိုင်အိုဒင်း) ပါတဲ့ဆေးတွေကို Cutaneous sporotrichosis အရေပြား မှိုရောဂါ၊ Fibrocystic အမျိုးသမီး ရင်သား ရောဂါ၊ ရင်သား ကင်ဆာ၊ မျက်စိရောဂါ၊ ဆီးချို၊ နှလုံးရောဂါတွေကို ကုသရာမှာ သုံးနိုင်တယ်။ Potassium iodide ဆေးကို ဓါတ်ရောင်ခြည် သင့်သူတွေကို အရေးပေါ် ကုပေးရာမှာ သုံးပါတယ်။

(အိုင်အိုဒင်း) ကို တခြားနေရာတွေမှာပါ သုံးသေးတယ်။
၁။ Tincture of iodine 2-7% ဆိုတာ Potassium iodide or Sodium iodide + Ethanol ကို ရေနဲ့ ဖျော်ထားတာကို အနာတွေမှာ သုံးတယ်။ ရှေးဦးသူနာပြုအိတ်တွေမှာ ပါမယ်။ သောက်ရေ ၁ လီတာထဲကို 2% Tincture ၅ စက်ထည့်ရင် ပိုးသန့်စေတယ်။
၂။ Lugol's iodine ဆိုတာက 5 g Iodine နဲ့ 10 g Potassium iodide ကို ရေနဲ့ ဖျော်တာကို ဓါတ်ခွဲခန်းမှာ ဆိုးဆေး အဖြစ် သုံးတယ်။
၃။ Betadine, Povidone iodine 9-12% ရောဂါပိုးသန့်ဘို့ အများဆုံး သုံးနေပါတယ်။ ဆေးဆိုင်တွေမှာ အလွယ်ဝယ်ရတဲ့ 10% Povidone-iodine in water က အနာအဆာထည့်ဘို့၊ အနာမခွဲခင် အရေပြားသန့်ဘို့ သုံးနိုင်တယ်။
၎။ Diluted iodophor ဆိုတာကို ဝိုင်-အရက်ချက်သူတွေ၊ နို့လုပ်ငန်းသမားတွေက ပုလင်းတွေ၊ ကရိယာတွေ သန့်စေအာင် သုံးတယ်။

(အိုင်အိုဒင်း) ဆား အများဆုံးရှိတာက ပင်လယ်ထဲမှာပါ။ ဒီဆား များများပါတဲ့ အစာတွေဟာ ပင်လယ်စာလို့ ပြောနိုင်သလို သူဌေးစာပြောလဲ ဟုတ်နေသေးတယ်။ Iodized Salt (100 grams) ဆားတထုပ်မှာ 3000 mcg ပါတာနဲ့ ယှဉ်သိအောင် ပြောပါမယ်။
• Kelp ပင်လယ်ရေညှိ (0.25 cup) = 415 mcg
• Haddock ပင်လယ်ငါး (100 grams) = 300 mcg
• Cod ငါးကြီး (100 grams) = 90 mcg
• Low Fat Yogurt အဆီနည်း (ရောဂတ်) (1 cup) = 87 mcg
• Cow Milk (2%) နွားနို့ (1 cup) = 58-59 mcg
• Jaffa cakes ကိတ်မုံ့ (100 grams) = 32 mcg
• Bread ပေါင်မုံ့ (100 grams) = 29-30 mcg
• Meat အသား (100 grams) = 26-27 mcg
• Boiled Egg ကြက်ဥပြုတ် (1 egg) = 23.76 mcg
• Raw Oyster မုတ်ကောင် (13-14 grams) = 21-22 mcg
• Cheese ဒိန်ခဲ (40 grams) = 13.6 mcg
• Ice Cream အိုက်စ်-ခရင်မ် (45-50 grams) = 9.6-9.7 mcg
• Fruits သစ်သီး (100 grams) = 4-5 mcg

အသီးအရွက် (100 grams) ထဲမှာ Iodine 32-33 mcg ပါပေမဲ့ လည်ပင်းကြီးနေသူတွေနဲ့ မတည့်တဲ့တာတွေလဲ ရှိတယ်။ ကညွတ်၊ မုံလာထုပ်၊ မုံလာပွင့်စိမ်း၊ မုံညင်းစိမ်း၊ သစ်တော့သီးတွေ ဖြစ်တယ်။ Cassava ပီလောပီနံ က လည်ပင်းကြီး ဖြစ်စေတဲ့သတ္တိ ရှိတယ်။

လည်ပင်းကြီးနေတာ မမြင်ရဘဲ ဟော်မုန်းများနေတာလဲ ရှိတယ်။ Hyperthyroidism ခေါ်တယ်။ Toxic Goitre လို့လဲ ခေါ်တယ်။ Hypothyroidism ဆိုတာက ဟော်မုန်းနည်းရောဂါ ဖြစ်တယ်။ နောက် Cancer ကင်ဆာနဲ့ တခြား အကြောင်း တွေကြောင့် ကြီးနေတာဆိုပြီး ရှိတယ်။ ဖြစ်တာ မတူကြလို့ ကုရတာလဲ တခြားဆီ။

လည်ပင်း ကြီးနေမှတော့ ဆားပေးကုပေမဲ့ ကြီးပြီးသားက ပြန်မငယ်နိုင်တော့ပါ။ ဆက်မတိုးတာနဲ့ ဟော်မုန်းနည်းလို့ ဖြစ်ရတာတွေကိုသာ ကာကွယ်ပါမယ်။ လည်ပင်းကြီးနေတော့ အကြည့်ရဆိုးတဲ့ ပြဿနာသာ ရှိပါတယ်။ မျိုလို့လဲ မခက်၊ အသက်လဲ ကောင်းကောင်း ရှူနိုင်တယ်။ Hyperthyroid ကို Carbimazole, Methimazole, Propylthiouracil ဆေး ပေးနည်း၊ Iodine-131 Radioactive isotope အနုမြူဆေးပေးနည်း၊ Thyroidectomy ခွဲစိတ်နည်း ဆိုပြီးရှိတယ်။ (မေဂျာ-အော်ပရေးရှင်း) ဖြစ်ပါတယ်။ တော်တော့ ဆရာဝန် မခွဲခြင်ပါ။

Hyperthyroidism ထဲမှာ အများဆုံးဖြစ်တဲ့ Graves disease ဆိုတာက Autoimmune disease အမျိုးအစား ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ရောဂါပြီးစနစ် ကမောက်မဖြစ်လို့ ဟော်မုန်းတွေ လိုတာထက် ပိုထုတ်ပေးနေလို့ပါ။ အမျိုးသမီးတွေက ပိုဖြစ်ကြတယ်။ ၂၅-၃ဝ% မှာ Exophthalmos ဆိုတဲ့ မျက်လုံးပြူလာတာ ဖြစ်ကြတယ်။ ခြေသလုံး ရှေ့ပိုင်း ရောင်နေမယ်။ သွေးတိုး (အထက်သွေး) များမယ်။ ဘာဖြစ်ဖြစ် တုံ့ပြန်တာ မြန်ဆန်တယ်။ ဘာဘဲလုပ်လုပ် သွက်လက် တက်ကြွနေမယ်။ အားယုတ်တယ်လို့ ခံစားရမယ်။ အိပ်မပျော်ဘူး။ လက်တုံနေမယ်။ ပိန်လာမယ်။ စားခြင်စိတ် ပိုနေမယ်။ ဒါ့ကြောင့် တချို့က ဝလာမယ်။ အပူမခံနိုင်ဘူး။ မအိုက်လှတာတောင် ရောဂါသည် ဇနီးက ပန်ကာဖွင့်အိပ်ခြင်နေမယ်။ ချွေးထွက် များနေမယ်။ ဆံပင်ပါးမယ်။ လက်သည်းခြေသည်း ကြွပ်တယ်။ (ဆိုင်းနပ်) ရောဂါဝင်လာမယ်။ ဝမ်းပျက်မယ်။ ယောက်ျားမှာ ရင်သား ထွက်လာမယ်။

ဖြစ်နေလဲ စိတ်အားမငယ်ပါနဲ့။ မြောက်ကိုရီးယား ခေါင်းဆောင် Kim Il-Sung မှာရော အမေရိကန်သမတ George H. W. Bush နဲ့ သူ့ဇနီး Barbara Bush တို့မှာ ဒီရောဂါ ရှိကြတယ်။ သားတွေကို ခေါင်းဆောင်ဖြစ်အောင် လုပ်ပေးနိုင်ကြသူတွေပါ။

လူဦးရေရဲ့ ၃% မှာ Hypothyroidism ဟော်မုန်းနည်းရောဂါ ရှိတယ်။ ကလေးဖွါးပြီး တနှစ်အတွင်းမှာ ၅% အမေတွေ ဖြစ်တတ်ကြတယ်။ လူက ထိုင်း-လေးနေမယ်။ အေးတာ မခံနိုင်ဘူး၊ ချွေးများတယ်။ ဝမ်းချုပ်တယ်၊ လူက ဝလာမယ်။ စိတ်ဓါတ် ကျတယ်။ ခြေသည်း-လက်သည်းတွေ ကြွပ်ဆတ်နေမယ်။ ဆံပင်ကြမ်းမယ်။ နှလုံးခုန် နှေးနေမယ်။ ကြာလာရင် စကားအပြောအဆိုပါ နှေး-လေးလာမယ်။ အသားအရေလဲ ခြောက်နေမယ်။ မျက်ခုံးမွှေးက ဘေးဘက်မှာ ပါးလာမယ်။ ရာသီမမှန်ဖြစ်မယ်။

Levothyroxine ဆေးပေးကုတယ်။ အရွယ်အစားလည်း လျှော့စေတယ်၊ ကင်ဆာနဲ့ ကင်ဆာမဟုတ် အကြိတ်ဖြစ်တာလဲ နည်းစေတယ်။ ဟော်မုန်းများလို့ ခွဲတဲ့အခါ တချို့မှာ ဟော်မုန်း ဆက်ထုတ်ဘို့တောင် မကျန်တော့ရင် ဟော်မုန်းနည်းရောဂါ ဖြစ်လာပြန်လို့ တသက်လုံး ဆေးသောက်နေရမယ်။

မြန်မာပြည်မှာ မုန်းတိုင်းတွေ နှိပ်စက်နေတယ်။ နှစ်သစ်အတွက် ကျိန်းကျေအောင် Thyroid Storm လည်ပင်းကြီး-မုန်တိုင်း ဆိုတာပါ ထည့်ရေးလိုက်မယ်။ Graves’ disease ဖြစ်နေရင်းကနေ မုန်တိုင်းဝင်လာသလို အရေးပေါ်ဌာန ရောက်လာကြတဲ့ အခြေအနေပါ။ စမ်းကြည့်တော့ ကိုယ်ပူ၊ လူက ရင်တုံ၊ စိတ်က ပုံမှန်မဟုတ် ဖြစ်နေမယ်။ ချက်ချင်းဘဲ အောက်စီဂျင်ပေး၊ သွေးပြန်ကြောထဲဆေးသွင်း၊ Dexamethasone ထိုး၊ Propranolol ဆေး IV ၁ဝ မိနစ်တခါ ထိုးပေးရတယ်။ Reserpine နဲ့ Guanethidine ဆေးတွေအပြင် Propylthiouracil, Methimazole တွေကိုလည်း ပေးတယ်။

လည်ပင်း မကြီးအောင် ဓါတ်ဆားဆောင်။ မုန်တိုင်းဒုက္ခ ဝိုင်းကူကြ။

Dr. တင့်ဆွေ
၆-၁-၂ဝ၁၁

Hypothyroidism လည်ပင်းကြီး ခွဲပြီးသည့်နောက် နဲ့ တွဲဖတ်ပါ။

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...