ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Saturday, January 22, 2011

Q and A January 2011 (5)

1. တင်းတိတ် မဟုတ်လောက်ဘူးထင်တယ်
2. တစ်ကိုယ်လုံးနီးပါး ယားယံနေတဲ့ ဝေဒနာခံစားနေရပါတယ်
3. လက်မတစ်ချောင်းမှာ လက်သည်းပိုးဝင်နေပါတယ်
4. ကလေးအမေလို ပုံပျက်နေတယ်
5. ခေါင်းကိုက်တာကို အဓိကခံစားနေရပါတယ်
6. သုတ်ရည်များ အလိုလို ပန်းထွက်တာ ရှိခဲ့ပါတယ်

2011/1/20
ကျွန်မ မျက်နှာမှာ အခုတလော မှဲ့ခြောက်လိုမျိုး အစက် အမဲလေးတွေ ပေါ်နေလို့ပါ။ အဲ့ဒါပျောက်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာ ကူညီပေးပါဦး။ ကျွန်မ အသက် ၂၂ ပါ။ ဖြစ်တာကတော့ သိပ်မကြာသေးပါဘူး ၂ လလောက်ပဲ ရှိမယ် ထင်ပါတယ်။ ကျွန်မ ထင်တာက တင်းတိတ် မဟုတ်လောက်ဘူးထင်တယ်။ ဆရာလုပ်တာတော့ မဟုတ်ပါဘူး မှဲ့ခြောက် လိုမျိုး အစက်လေးတွေ ဖြစ်တာပါ။

ရေးပြီးသားတခုက အသက်ရသူက မေးလို့ ခေါင်စဉ်ကို အဲလိုတပ်ထားတာပါ။ ၂၂ သမီးဆိုတာ ငယ်သေးတယ်။ ဆိုင်မယ် ထင်တာကိုသာ ယူပါ။ လိုသေးတော့ မေးပေါ့။
• Melasma တင်းတိပ်
• Age Spots အသက် နဲ့ အစက် တွေကို ဖတ်ပါ။

1/21/2011 9:50 PM
ကျနော့်မှာ အခုတစ်ကိုယ်လုံးနီးပါး ယားယံနေတဲ့ ဝေဒနာခံစားနေရပါတယ်။ ဘယ်လိုမှ မကုတ်ပဲ မနေနိုင်အောင် ယားပြီး၊ ကုတ်နေရတာ ညတွေဆို အိပ်ရေးလဲ ကောင်းကောင်းမအိပ်ရပါဘူး။ ယားလို့ ကုတ်လိုက် သံလွင်ဆီလေး ပွတ်လိုက် ပြန်အိပ်လိုက်နဲ့ မိုးသာ လင်းသွားတယ် အိပ်ရေးမဝတဲ့ညတွေ များပါပြီဆရာ။ ယားတဲ့နေရာက အနီဖုလေးတွေ အများကြီး ဖြစ်လာပြီး ကုတ်ရင်းကုတ်ရင်းနဲ့ အဲဒီအနီဖုတွေက ထူးပြစ်ပြစ် ကြမ်းတမ်းတမ်းတွေကြီးဖြစ်လာပါတယ်။ မဖြစ်ခင်က အသားအရေးနဲ့ ယှဉ်လိုက်ရင် ခုဖြစ်နေတဲ့အသားအရေက မည်းခြောက်ခြောက်ကြီးဖြစ်ပြီး၊ ပြောင်းလဲ သွားပါတယ်။ စိုးရိမ်တာက ဒီထက်ဆိုးလာမှာကိုပါ။ ခုထိ ဆရာဝန်နဲ့ မပြရသေးပါဘူး။ ပျောက်နိုး ပျောက်နိုးနဲ့စောင့်နေရင်းနဲ့ ခုလို အခြေအနေ ဖြစ်လာလို့။ ကျနော့်အထင် ဒီလို စဖြစ်လာတာ ကျနော့်အသားအရေးက ပတ်ကြားအက်နေလို့ ဂလစ်စရင်း အလှဆီ လိမ်းပြီး အဲဒီအပေါ်ကို နောက်ထပ် လိုးရှင်း တစ်ခု လိမ်းလိုက်မိလို့ ဖြစ်တယ်ထင်ပါတယ်။ နောက် တဖြည်းဖြည်း ကုတ်ရင်းနဲ့ တကိုယ်လုံးနီးပါး ဖြစ်လာလို့ စိတ်ညစ်နေမိပါတယ်။ ပြီးတော့ အသားအရေး မွဲခြောက်သွားပါတယ်။ အဲဒါ ဘယ်လိုဆေးတွေ လိမ်းရ၊ သောက်ရမယ်ဆိုတာ ပြောပြပေးပါလား ခင်ဗျာ။

နောက်တစ်ခုက ကျနော့် လက်မတစ်ချောင်းမှာ လက်သည်းပိုးဝင်နေပါတယ်။ အဲဒီလက်သည်းပိုးကလဲ ကျနော်ပေါင်ခြံက ပွေးကို ကုတ်ရင်းနဲ့ လက်သည်းရဲ့ပန်းကုံးလေးတွေအောက်နားက ယားလာပြီးနောက် အဲလို လက်သည်းပိုးစားတဲ့ လက်သည်းခွံပုံစံမျိုး ထွက်လာတာပါ။ ကျနော့် အသားအရေက တခုခုဆို ယားတာပဲ။ အဲဒါ သွေးမသန့်တာလား။ အဲဒီ လက်သည်းပိုး ဖြစ်တာကတော့ ၉ နှစ်လောက်ရှိပါပြီ။ ဆရာဝန်နဲ့တော့ သေချာမပြဘူးပါဘူး။ နီးစပ်ရာ ဆေးကျောင်း တက်နေတဲ့ သူငယ်ချင်းကို မေးကြည့်တော့ Itroconazole, Terbinafine တို့သောက်ကြည့်ပါလားလို့ပြောပါတယ်။ အဲဒီ ဆေးတွေက များများသောက်ရင် အသည်းကိုထိတယ်ပြောလို့ ကျနော် ၂ ကပ်လောက်တော့ သောက်ကြည့်ပါသေးတယ်။ မထူးခြားတာနဲ့ ဆက်မသောက်ဖြစ်တော့ပါ။ အဲဒါ ဘယ်လိုဆေးတွေ လိမ်းရ၊သောက်ရမယ်ဆိုတာ ပြောပြပေးပါလား။

• Nail fungal infection လက်သည်းမှို
• Eczema နှင်းခူနာ
• Allergy Allergy သို့မဟုတ် မတည့်အတူနေ တွေကို ဖတ်ပါခင်ဗျား။

2011/1/20
ကျွန်တော့် မိန်းမက အခုအသက် ၂၂ နှစ် ရှိပါပြီ။ သူ့ရင်သားမှာ အဆီကျိတ်ရှိလို့ ခွဲလိုက်တာ ခွဲထားတာကတော့ ၁ဝလ ရှိပြီ။ ခုကလေးအမေလို ပုံပျက်နေတယ်။ ကလေးမရှိသေးဘူး။ အဲ့ဒါ ကျွန်တော့်ကို အကြံပေးပါဦး သူက မြန်မာပြည်မှာ။ သူ့အတွက် အဆင်ပြေမယ့် ဆေးလေး ဘာလေး ရှိရင်လည်းပြောပြပါ။

ပုံပျက်တယ်ဆိုတာ တွဲကျနေတာကို ပြောတာလား၊ အမာရွက်ဆိုးတာလား။
တွဲကျနေတာကို ပြောတာပါ ဆရာ။

• Beauty of Breast ရင်သားအလှ ကို ရေးဖြစ်သွားလို့ ကျေးဇူးတင်ပါတယ်။

1/21/2011 1:41 PM
ကျွန်တော် ၂၆ နှစ် ရှိပါပြီ။ ခေါင်းကိုက်တာကို အဓိကခံစားနေရပါတယ်။ ဖြစ်ပေါ်လာတဲ့ ဝေဒနာများ ကတော့ -
၁။ ခေါင်းကိုက်လာပါက တစ်ကိုလုံး အားတွေမရှိသလို ခံစားရပါတယ်။ ထို့ နောက် အမြင်တွေ ဝေဝါးလာပါတယ်။ ခြေဖျား လက်ဖျားတွေ အေးစက်လာပါတယ်။ ဦးခေါင်းရဲ့ အနောက်ဘက်ခြမ်းကနေ ပိုပြီးနာလာပါတယ်။ အန်လည်းအန်ချင်ပါတယ်။ ဘာမှကို မလုပ်ချင်တော့ဘဲ တစ်ကိုလုံးထိုင်းမှိုင်းလာပါတယ်။
၂။ ထိုသို့ ဖြစ်လာပြီး ရင်ညွန့် ရိုးတွေ တအားနာလာပါတယ်။ ဇက်တွေ လေးပြီးနာလာပါတယ်။ ဦးခေါင်းထောင်လို့ မရတော့ အောင်ကို နာပါတယ်။ မနက်အိပ်ရာကထရင် ထလို့ မရတာပါဘူး။ ရင်ညွန့် တွေ တအားနာလို့ တကယ်လို့  ကြိုးစားပြီး ထလိုက်တာနဲ့ ရင်ညွန့် ကနေအသံပါမည်တယ်။
၃။ အထူးသဖြင့် ကိုယ်ပေါ်က အကြောတွေ ရုတ်တရက်ကွယ် ပျောက်ကုန်ပါတယ်။ ပြီးနောက် အနည်းဆုံး ၂ ရက် လောက် ခေါင်းကိုက်တာကို ဆက်လက်ခံစားရပါတယ်။ အထက်ခေါ်ပြပါ ဝေဒနာတွေကို ခံစားနေရတာ ၅ နှစ်နီးပါး ရှိလာပါပြီ။ မြန်မာပြည်တွင် ကုသမှုများလည်း ပြုလုပ်ခဲ့ပါတယ်။ သို့ ပေမဲ့ ငွေကြေးကြောင့် ရွေ့ ပြောင်း အလုပ်သမား အဖြစ်နဲ့ ရောက်လာပြီး ကုသမှုကို ပြန်လည်စတင်ခဲ့ပါတယ်။ သို့ ပေမဲ့ ဆရာဝန်တွေကရာဂါရဲ့ အကြောင်း အရာတွေကို မပြောပြခဲ့ပါဘူး။ သူတို့ က သောက်ဆေးအချို့ ကိုတော့ ပေးပါတယ်။ ပြီးနောက် အိမ်ထောင် ရှိ-မရှိကို မေးပါတယ်။ အိမ်ထောင်ရှိပါတယ်လို့ ပြောတော့ စိတ်ညစ်စရာတွေကော ရှိသေးလားလို့ ထပ်မေးပြန်တယ်။ စိတ်ညစ်စရာတွေကတော့ ရှိပါတယ်လို့ ပြောတော့ အောက်ပါ ဆေးတွေကို ပေးထားပါတယ်။
• FLUOXTTINE (20MG) CAPSULE [20 CP]
• TRANXENE 5 MG
• BRUFEN [400 MG]
• AMITRIPTYLINE [10 MG]
• DIAZEPAM [2 MG]
• DRAMAMINE [50 MG]
ဖေါ်ပြပါဆေးများကတော့ ယခုသောက်နေတဲ့ ဆေးတွေပါ။ နောက်ထပ် ဘယ်လိုနည်းလမ်းများနဲ့ နေရမလဲ။

၁။ ဆေးတွေသောက်ရင် သက်သာသလား။ Fluoxetine, Tranxene နဲ့ Amitriptyline တွေက စိတ်ကျနေတာ သက်သာ စေပါတယ်။ ပြောတာကြောင့် စိတ်ဓါတ် မကျပါနဲ့။ ဒီခေတ်မှာ လူတွေ အနည်းနဲ့ အများ စိတ်ကျတာကို တချိန်မဟုတ် တချိန် ခံစားနေကြရတယ်။ ဆေးတွေက အများကြီး အထောက်အကူပြုပါတယ်။
Diazepam ဆေးက စိတ်ငြိမ်ဆေးဖြစ်တယ်။ အိပ်ချင်စေတယ်။ Dramamine ဆေးကတော့ မူးတာ-အန်တာ၊ ကား-လေယျာဉ်-သင်္ဘော စီးလို့ မူး-အန်တာတွေပါ သက်သာစေတယ်။ အိပ်ချင်စေတယ်။
၂။ နောက်တချက် Migraine ခေါ်တဲ့ ခေါင်းမူး-ခေါင်းကိုက်ရောဂါ ဖြစ်နိုင်သေးတယ်။ Brufen ဆေးက နာတာ-ကိုင်တာတွေသက်သာမယ်။
Migraine မိုင်ဂရင်း ခေါင်းကိုက်ရောဂါ ကိုလည်းဖတ်ပါ၊ လိုက်နာပါ။

1/22/2011 2:23 AM
ကျွန်တော့်မှာ အရင်တုန်းကဆို အိပ်ပျော်နေရင်း သုတ်ရည်များ အလိုလို ပန်းထွက်တာ ရှိခဲ့ပါတယ်။ တစ်ခါ တစ်ခါတော့လဲ အိပ်မက်ထဲမှာ ဘာညာနဲ့ ပြီးသွားခဲ့တယ်။ တစ်ခါတစ်ခါတော့လဲ ဖြစ်မှန်းကို မသိလိုက်ရဘူး။ မိုးလင်းလို့ အိပ်ယာနိုးမှသာ သိရတယ်။ ခုနေမှာလဲ တစ်ခါတစ်ရံ ဖြစ်နေတုန်းပါဘဲ။ ခုလိုဖြစ်ခဲ့တာဟာ ရောဂါ လက္ခဏာ တစ်ခုခုပါလား။ နောက် လိင်စိတ်များ ထကြွလာရင် အရည်ကြည်များ အရမ်းဘဲ ဆင်းတယ်။ ခဏခဏ စိတ်က ဖြစ်လာတိုင်း အရည်ကြည်က ဆင်းလာတာ ဆိုတော့လဲ ကိုယ်ဘာသာ မသင်္ကာဖြစ်မိတယ်။ လိင်စိတ် မကြွရင်တော့ ဘာမှ မဖြစ်ပါဘူး။ ထိုသို့ ဖြစ်ပေါ်နေတာရော ရောဂါလက္ခဏာ တရပ်လား ဆိုတာ ရှင်းပြပေးပါအုံး။

မေးတဲ့သူရဲ့ အသက်၊ အိမ်ထောင်ရေး စတာတွေ မသိရပါ။ လူငယ်၊ လူပျိုထင်ရပါတယ်။ အခုဖြစ်နေတာတွေ ရောဂါတခုခု မဟုတ်ပါ။
ဆေးကုစရာလဲ မလိုပါ။ အိမ်ထောင်ကျ၊ သမီးရည်းစားရလဲ အခက်အခဲ မရှိနိုင်ပါ။

၂၂-၁-၂ဝ၁၁