ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, April 7, 2014

Tea ချို-ပေါ့-ကျ တခွက်

“အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာလက်ဖက်” ဆိုတဲ့စကားက လက်ဖက်ရွက်အတွက် အမြတ်နိုး တန်ဘိုးထားမှု တခုပါ။ ဗမာတွေ မနက်မိုးလင်းကနေ မအိပ်မချင်း သောက်ကြတဲ့ ရေနွေးကြမ်း၊ အဖန်ရည်ကို သူများတွေ မသိရှာကြပါ။ သူများတွေ ကြိုက်ကြတာက ဖျော်သောက်ရတဲ့ လက်ဖက်ရည်။ ဒါ့ကြောင့် လက်ဖက်ရည်-အချိုကိုဘဲ စာဖွဲ့ရေးကြလို့ သမိုင်းတွေ လိုက်ရှာရပါတယ်။

လက်ဖက်ရည်ဟာ သောက်စရာမှန်သမျှထဲမှာ ကော်ဖီနဲ့အတူ ပေါ်ပြူလာအဖြစ်ဆုံးပါ။ ကော်ဖီ၊ အရက်၊ အအေးတွေ အားလုံး ပေါင်းလိုက်တာထက်တောင်မှ လက်ဖက်ရည်က ပိုများတာ အိန္ဒိယမှာဖြစ်ပါတယ်။ ဒါတောင် လူတယောက် တနှစ်သောက်တာ ၇၅ဝ ဂရမ် သာရှိပါသတဲ့။ တူရကီမှာက ၂့၅ ကေဂျီရှိလို့ တဦးချင်းသောက်သုံးမှုနှုံး အများဆုံး။

လက်ဖက်ပင်ရာဇဝင်က အာရှမှာစတင်ခဲ့တာပါ။ တရုပ်၊ အိန္ဒိယနဲ့အတူ မြန်မာနိုင်ငံလဲပါတယ်။ ဘီစီ ၃ဝဝ-အေဒီ ၂ဝဝ (ရှန်နောင် ဘင် ကို ဂျင်း) ခေါ်တဲ့ တရုပ် ဆေးဖက်ဝင်အပင်တွေအကြောင်း စာအုပ်မှာ အစောဆုံးတွေ့ရတယ်။ ပါးစပ်ပြော တရုပ်သမိုင်းမှာ ဘီစီ ၂၇၃၇ က (ရှန်နွမ်) ဧကရာဇ်ဟာ လက်ဖက်ပင်အောက်မှာ စံနေယင်း သူသောက်တဲ့ ရေနွေးထဲ အမှတ်တမဲ့ကျတဲ့ အရွက်ကို ရာဇအိနြေ္ဒမပျက် ဆက်သောက်ရာကနေ သဘောကျ နှစ်ခြိုက်တော်မူပြီးနောက် လူတွေ လိုက်သောက်လာ ကြတယ်လို့ဆိုတယ်။

ဒီစာဖတ်ရတော့ ဟိုအရင်က စိတ်ကူးယဉ် ဝတ္ထုတပုဒ်ထဲမှာ “စထော်ဘယ်ရီပင်အောက် အတွဲတတွဲ ထိုင်ပြီးနောက်” ဆိုတာရေးမိသူ လူပြောခံရတာ အမှတ်ရလာတယ်။ အခုမြင် လက်ဖက်ပင်အောက်မှာ လူထိုင်လို့ မလွတ်တာမို့ တရုပ် ဘုရင် လက်ဖက်ပင်အောက် မှောက်နေမလားပေါ့။ ပြီးမှ ခုခေတ်မှာ အရွက်ခူးရအဆင်ပြေအောင် လက်ဖက်ပင်တွေကို ရင်ခေါင်းလောက်သာ ထားကြတယ်မဟုတ်ပါလား။

ဗမာပြည်က ထူးစရာရှိရင် ထူးပါတယ်။ ထူးတဲ့အကောင်းထဲမှာ လက်ဖက်အကြောင်းလဲပါတယ်။ လက်ဖက်ကို အနည်းဆုံး သုံးမျိုးလုံးသုံးတတ်တာ ဗမာဘဲရှိတယ်။ လက်ဖက်ရည်ကြမ်း၊ လက်ဖက်ရည်ချို၊ လက်ဖက်သုပ်၊ ဒါတင် ဘယ်ဟုတ်မလဲ လက်ဖက်ရည်ဆိုင်ထိုင်တာလဲ ကိုယ့်ဆီမှာဘဲရှိတာ။ ကမ္ဘာမှာ (ကဖေး)၊ (ရက်စ်တောရင့်)၊ (ဟော်တယ်)၊ (ကော်ဖီ-ဟောက်စ်) တွေမှာသာ လက်ဖက်ရည်ကို ထိုင်သောက်လို့တော့ရမယ်။ (တစ်ပ်) ပေးရမယ်။ အိန္ဒိယမှာ အပိုအဆာတော့ မပေးရပါ။ ခက်တာက အုတ်ခုံ၊ ကျောက်တုံးမှာသာ ထိုင်တတ်သလို ထိုင်သောက်ရတယ်။ ကိုယ့်ဆီက ဆိုင်မှာတော့ လက်ဖက်ရည် မှာတတ်အောင် ခေတ်စကား တတ်မှရတယ်။ (ကင်ညာ) မှာ သောက်ကြတာကလဲ “ကျောက်ပန်းတောင်း” လို အလွန်ချိုပြီး၊ တကယ်လဲပူတဲ့ လက်ဖက်ရည်ဘဲတဲ့။

သူများဆီမှာ High tea လို့ခေါ်တာ ဖက်ရှင်တခုလိုပါ။ ညနေ ၅ နာရီနဲ့ ၆ နာရီကြားမှာ ဆိုရှယ် လူစုလူဝေး လုပ်ကြတာပါ။ Meat Tea လို့လဲ ခေါ်သေးတယ်။ အမေရိကန်တွေ ထွင်တာပါ။ လက်ဖက်ခြောက်နဲ့ အမေရိကန် သမိုင်းမှန်ရှိတယ်။ ၁၇၇၃ ဒီဇင်္ဘာ ၁၆ ရက်မှာ ဗြိတိသျှ-ကိုလိုနီ၊ ဘော်စတွန်မြို့မှာ အရှေ့အိန္ဒိယကုမ္ပဏီပိုင် သင်္ဘောသုံးစီးပေါ်က လက်ဖက်ခြောက် သေတ္တာမှန်သမျှ ပင်လယ်ထဲ သွန်ချခဲ့ကြလို့ (ဘော်စတွန် တီးပါတီ) လို့ တွင်ခဲ့တယ်။

အာရှမှာလဲ (ဟိုင်း-တီး) ကို ၂ နာရီကနေ ၆ နာရီအတွင်း နောက်ကျကျ နေ့လယ်စာအနေနဲ့ ဧည့်ခံတယ်။ High ဆိုတာ လက်သုံးစကားသာဖြစ်ပြီး တိုက်ရိုက်အဓိပ္ပါယ်ကို ဆိုလိုတာမဟုတ်ပါ။ ဈေးကြီးဟော်တယ်တွေမှာ (ဟိုင်းတီး) ကို (ဆာ့ဖ်) လုပ်ကြတယ်။ ပြင်သစ်မှာ ညနေ ၄ နာရီလောက် ကျောင်းကနေ ဆာဆာနဲ့ ပြန်လာကြတဲ့ ကလေးတွေကိုတိုက်တယ်။ ဘယ်လိုခေါ်ခေါ်ပါ ဒါတော့ကောင်းတယ်။ ၁၈၄ဝ တုံးက သတ္တမြောက် (ဘဒ်ဖို့) မင်းသမီးကလဲ ကလေးတွေလိုဘဲ ထင်ပါရဲ့ ညနေ ၄ နာရီလောက်ဆို ဗိုက်ဆာတတ်သတဲ့။ ဒါနဲ့ ညနေခင်း လက်ဖက်ရည် ပွဲတော်တည်တာ ဖြစ်လာရတယ်။ (တီး) အလေ့အထ အင်္ဂလိပ်တွေ ရလာကြတာကလဲ ပေါ်တူကီ မင်းသမီး (ကက်သရင်း ဘရာဂင်ကာ) က ဒုတိယမြောက် ချားလ်နဲ့ လက်ထပ်တော့ မင်္ဂလာလက်ဆောင်ပြန် သဘောဘဲတဲ့။

မင်းသမီးနဲ့ တဆက်ထဲ အမျိုးသမီးတွေလဲ ပြောပါအုံးမယ်။ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကိုစခဲ့တာ အမျိုးသမီးပါ။ ၁၈၆၄ ဂရိတ်-ဗြိတိန်မှာ ပေါင်မုံ့ဆိုင်ရဲ့ ဖေါက်သည်ကောင်းတွေကို စပြီးတည်ခင်းရာကနေ ဖြစ်လာတာတဲ့။ လက်ဖက်ခြောက်မှာ အရောင်ဆိုးတာပါ-မပါ စမ်းနည်းကို အမျိုးသမီးဒေါက်တာ (ရိဒ်) ကနေထွင်ခဲ့လို့ Read Test ခေါ်ပါတယ်။

ရုက္ခဗေဒလို Camellia sinensis ခေါ်တယ်။ အမြဲစိမ်း အပွင့်ပွင့်တဲ့အပင်မျိုး။ မိုးရေ တနှစ်မှာ အနည်းဆုံး လက္မ ၅ဝ ရမှ ပေါက်တယ်။ မြေကလဲ အချဉ်ဓါတ်ရှိမှ ကောင်းတယ်။ အမြင့်ပေ ၄၉ဝဝ လို့ ဆိုတယ်။ “လက်ဖက်ကောင်း စားချင်ရင် ပလောင် တောင်တက်နှေး” ဆိုတာက ပလောင်လူမျိုးတွေဟာ လက်ဖက်ခူးရာမှာ အနုစိတ်၊ အသေးစိတ်လုပ်ရလို့ တောင်စောင်းတလျှောက် လက်ဖက်ခူးရာ ဖြေးရ-နှေးရတာကို ပြောတာပါ။

လက်ဖက်ရွက်က အရောင် ၆ မျိုးတောင်ရှိတယ်။ အဖြူကနေ အနက်အထိ။ တောင်အာဖရိကမှာ ပေါက်တဲ့ Rooibos plant ကို Red bush ခေါ်တော့ အာရှမှာခေါ်တဲ့ Red tea ကိုဘဲ Black tea လို့ခေါ်တယ်။ သူတို့လုပ်တော့ ရှုတ်ကုန်ရော။ Black tea ဖျော်တာမှာ ရေနွေးကို ၁ဝဝ ဒီဂရီအထိမရောက်ခင် လက်ဖက်ခြောက် ထည့်ရတယ်။ Green tea ကြတော့ အဲလောက် ဆူစရာမလိုပါတဲ့။ White or Oolong tea ကိုတော့ ၉ဝ-၁ဝဝ ပူလဲ ရတယ်ဆိုဘဲ။

လက်ဖက်ရည်နဲ့ ကျန်းမာရေး ဆက်စပ်မှုမှာ ငြင်းစရာတွေရှိတယ်။ ဖြစ်နိုင်ခြေ အကျိုးတွေထဲမှာ ကင်ဆာနဲ့ နှလုံး-သွေးကြောရောဂါတွေကို ကာကွယ်တာပါတယ်။ တိရစ္ဆာန်တွေမှာ စမ်းလို့သိတာပါ။ လူတွေကို အဲလိုထိ ဖြစ်စေဘို့ လိုအပ်တဲ့ ပဏာမမှာ ငြင်းစရာဖြစ်နေတယ်။ ၂ဝ၁ဝ သုတေသနတခုအရ အသက် ၆၅ နှစ်ကျော်သူ ၄၈ဝဝ ကို စမ်းတော့ စိတ်ကူး စိတ်သန်းတွေ လျော့နည်းလာတာမှာ သက်သာတာတွေ့ရတယ်။ အရိုးလဲ ကောင်းစေသတဲ့။

လက်ဖက်ရွက်ဟာ ခေသူမဟုတ်ပါ။ ဓါတုအမျိုးပေါင်း ၇ဝဝ ကျော်ပါတယ်။ (အမိုင်နိုအက်စစ်၊ ဗီတာမင် စီ၊ အီး၊ ကေ၊ နဲ့ (ပေါ်လီဆက်ခရိုက်) တွေပါတယ်။ (ဆဲလ်) တွေကနေ ရောဂါ ပြီးတာကို ဆောင်ရွက်ပေးရာမှာ အကူအညီပေးတယ်။ (ဆဲလ်) နံရံတွေကို ပျက်စီးမှာကို သက်သာစေနိုင်တယ်။ (ဖလိုရင်း) ဆိုတာပါလို့ သွား-သွားဖုံမှာ ရေစီးကမ်းပြိုဖြစ်တာ ကာကွယ်စေတယ်။ သွေးဖိအား ထိန်းညှိတာ၊ အဆီထိန်းပေးတာ၊ ဆီးထဲက အချိုဓါတ်ထိန်းတာတွေကိုပါ သက်ရောက်စေတယ်။ ဗက်တီးရီးယားတွေကိုလဲ သေစေ၊ တားစေနိုင်တယ်။

သူ့ထဲမှာ (အင်တီအောက်ဆီဒင့်) ဖြစ်တဲ့ (ကက်တာချင်) ပါတယ်။ လက်ဖက်က လတ်ဆတ်နေရင် အလေးချိန်ရဲ့ ၃ ပုံ ၁ ပုံက သူဘဲ။ (ဆဲလ်) တွေ ပျက်စီးမှာကို ကာကွယ်တဲ့သတ္တိကို ပြောတာပါ။ (ကေဖင်း) အလေးချိန်ရဲ့ ၃% ပါတယ်။ အမေရိကန် အာဟာရအသင်းအဆိုအရ တခွက်မှာ (ကေဖင်း) 40 mg ပါတယ်။ ကော်ဖီတခွက်မှာ 85 mg ပါတယ်။ တနေ့ ၈ ခွက်ထက်များရင် မကောင်းဘူး။

တရုပ်-ဟန် လူမျိုးတွေက လက်ဖက်ရည်ကို နွားနို့မပါဘဲ သောက်ရာကနေ မန်ချူးတွေ ဝင်လာမှ အကျင့်ရလာသတဲ့။ လက်ဖက်ရည်ထဲ နွားနို့ထည့်လိုက်ရင် ကောင်းကျိုး လျှော့စေတယ်လို့ ၂ဝဝ၇ ဥရောပနှလုံးဂျာနယ်က ဆိုတယ်။ အိန္ဒိယမှာ ဘယ်နေရာဖြစ်ဖြစ် နွားနို့နဲ့သာဖျော်တယ်။ ဗမာပြည်ကလို ချက်နို့ဆီဆိုတာ မရှိပါ။ ဗူးနို့ဆီလဲ ရှိတော့ရှိတယ်၊ ရှားတယ်ပေါ့။ အပိုအဆာ ထည့်တာလဲ ထွင်ကြတယ်။ စပယ်ပွင့်ခြောက် ထည့်တာ တရုပ်၊ ဗမာတူပါတယ်။ ဆားထည့်တာ အာရပ်၊ ဗမာ တူတာဘဲ။ သံပုရာထည့်တာ ရုရှားနဲ့ အီတလီမှာများတယ်။ အနောက်နိုင်ငံတွေမှာ ဝီစကီ၊ ဘရန်ဒီတွေထဲ ထည့်သောက်တာလဲ ရှိသေးတယ်။ အန္ဒိယမဆလာကျာယေးဆိုတာ အစုံထည့်တယ်။ မနက်ခင်း ချင်း (ဂျင်း) ထည့်တယ်။ တချို့က (ဖါလာ) လဲ ထည့်တယ်။ အိန္ဒိယကိုလာရင် ရေသောက်တာ စိတ်မချရဘူး။ လက်ဖက်ရည်ကတော့ စိတ်ချနိုင်ပါတယ်တဲ့။

လက်ဖက်ရည် တည်ခင်းတဲ့ခွက်ကလည်း စကားပြောသေးတယ်။ သိတဲ့အတိုင်း ဗမာတွေက ကြွေပန်းကန်၊ စဥ့်ပန်းကန် သုံးတာများတယ်။ အိန္ဒိယမှာ ကြွေအတုသာသုံးတယ်။ အိန္ဒိယမြောက်ပိုင်းမှာ မြေခွက်လေးတွေ သုံးပါတယ်။ သုံးပြီး လွင့်ပစ်ရလို့ ဒါလဲ တခါသုံးဘဲ။ ဗုဒ္ဓဂါယာ ဘုရားဖူးပြန် ဆောင်းပါးတပုဒ် ဖတ်ရတယ်။ လက်ဖက်ရည်ကို (ဟင်ဒီ) လို Chai (ကျားယ်) (ချားယ်) လို့ အသံထွက်တယ်။ စကားမတူရင် ကိုယ်နဲ့နီးစပ်တာ ယူတတ်ကြတော့ စာရေးဆရာမတဦးက
“ကာလကတ္တား ဘူတာမှာ ကျားဟေ့၊ ကျားဟေ့ဟု အော်၍ရောင်းသော လက်ဖက်ရည်ကို အိုးပုတ်နဲ့ သောက်ခဲ့ရသည်။” ခုထိ ရီရလို့ ကျေးဇူးတင်ပါတယ်။

(ဂျေ၊ ဂျွန်ကာ) ၁၆၇ဝ က ကဗျာနဲ့ စာဖွဲ့တယ်။
Tea that helps our head and heart နှလုံး နဲ့ ဦးနှောက်ကို ကူညီပေး၊
Tea medicates most every part နေရာတကာအတွက် ဆေး၊
Tea rejuvenates the very old အိုနာ-ဇရာဘေး ငယ်ရုပ်ဆင်လို့ပေး၊
Tea warms the hands of those who're cold လက်ဖျားအေးတာ နွေးလာစေမဲ့ (ကျာယေး)။

ဒေါက်တာတင့်ဆွေ
၂-၁-၂ဝ၁၁
၆-၄-၂ဝ၁၄