Monday, February 28, 2011

Q and A February 2011 (9)

1. ပျို့တတ်သည့် ဝေဒနာကို ခံစားနေရပါသည်
2. လည်ပင်း အကျိတ် ၅ လုံး လောက် ပေါက်နေပါတယ်
3. ကိုယ်ဝန်ဆောင်က မြန်မာဆေး သောက်လို့ရလား
4. ကန့်လန့် ခွဲတာနဲ့ ဒေါင်လိုက်ခွဲတာ ဘာကွာခြားမှုရှိသလဲ
5. ဆက်ဆံပြီးပြီးချင်း နောက်လမှာပဲ ရာသီသွေး ရပ်ပါသလား
6. အိမ်ထောင်က အရမ်းပွေလွန်းလို့
7. အမာရွတ်ကို ကုသရင် အရှင်းပျောက်ပါသလား
8. လုံးပတ်ဟာ သေးပါတယ်
9. ခွဲမွေးရင် ခါးရိုးဆစ် ထုံဆေးထိုးတာ
10. တားဆေးများကို ခုနစ်နှစ်နီးပါး သောက်သုံးခဲ့ခြင်းကြောင့်ဟု ပြောပါတယ်

2011/2/8
Q 1: ကျွန်တော့် အသက်က ၃ဝ နှစ် ရှိပါပြီ။ လွန်ခဲ့သည့် ၇ နှစ်လောက်က အစာအိမ်ရောဂါကို ဖြစ်ခဲ့ဖူးပါတယ်။ လွန်ခဲ့သော ၃ နှစ် ဝန်းကျင်ခန့်က စ၍ ပျို့တတ်သည့် ဝေဒနာကို ခံစားနေရပါသည်။ အစာစားတာ များလွန်းရင် အစာမကြေပဲ ပျို့ပြီး ပြန်အန်တတ်ပါသည်။ အဆာလွန်တဲ့အခါလည်း လေတွေ ပျို့ပျို့တတ်ပါသည်။ ရေငတ် လွန်းရင်လည်း ပျို့ပါသည်။ စကား မနားတမ်း ပြောလွန်းရင်လည်း ပျို့ပါသည်။ သွားတိုက်လျင်လည်း ပျို့၍ စားထားသည့်များကို ပြန်အန်ပါသည်။ စားစရာတစ်ခုခုကို ထည့်ဝါးနေလျင် ပျို့ချင်စိတ် ပျောက်သွားပြန်ပါသည်။ မြန်မာပြည်သို့ အလည် ပြန်ရောက်သည့် အခိုက်တွင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး ဆေးကို ၂ လ၊ ၃ လခန့် စွဲသောက်ခဲ့ဖူးပါသည်။ ထူး၍ မသက်သာပဲ ဆေးကြောင့် ဆံပင်ပို ကျွတ်ခြင်း၊ ခန္ဒာကိုယ် လေးလံထိုင်းမှိုင်းခြင်းများ ဖြစ်၍ ဆက်မသောက်ဖြစ်တော့ပါ။ တိုင်းရင်း ဆေးဆရာနှင့်လည်း ပြသ၍ မြန်မာဆေးကို သောက်ကြည့်ပါသည်။ မသက်သာပါ။

ဖတ်ချင်လဲဖတ်ဖူးမှာပါ။ မဖတ်ရသေးရင်တော့ ဖတ်စေချင်တယ်။ လိုတာတွေ လိုက်နာပါ။
1. Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း
2. Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်
3. Gastroesophageal reflux disease (GERD) အချဉ်ရည် အထက်ဆန်ခြင်း
4. Acid Reflux အူကျတာ မဟုတ်တဲ့ (ဟာနီယာ) နောက်လိုသေးတာ မေးပါ။ သောက်ဘူးတဲ့ဆေး နာမယ်တွေ မှတ်မိရင်လဲ ပြောပါ။

Feb 27, 2011 at 3:46 AM
Q 2: အသက် ၂၆ နှစ်ပါ။ ကျနော့်ဘယ်ဘက် လည်ပင်း အကျိတ် ၅ လုံး လောက်ပေါက်နေပါတယ်။ အရင်ကလည်း အဲလို ဖြစ်ဖူးပါတယ်၊ ဘာမှမလုပ်ပဲ သူ့အလိုလို ပြန်ပျောက်သွားပါတယ်။ ဖြစ်တာ ၃ နှစ်ရှိပါပြီ။ တစ်နှစ်ကို တစ်ကြိမ် ပေါက်ပြီး ၂ လ ၃ လလောက်ကြာတတ်ပါတယ်။ အခု ၃ ကြိမ်မြောက် ပေါက်ခြင်းပါ။ အရင်က လည်ပင်းမှာပဲ ပေါက်တာ ဆိုတော့ နေရတာ အဆင်ပြေပါတယ်။ အခုမေးရိုးအောက်မှာပါ ပေါက်လာတော့ နေရတာ အဆင်မပြေဘူး။ အကျိတ်တွေက နာတော့ မနာဘူး။ ဘယ်လို အကျိတ် အမျိုးအစားလည်း၊ ဘယ်လိုလုပ်သင့်တယ် ဆိုတာလည်း အကြံ ပေးစေလိုပါတယ်။ နောက်တစ်ခုက ယောက်ျားလေးအင်္ဂါ အရေးပြားဖုံးနေတာ အခုအရွယ်မှ ဖြတ်လို့ အဆင်ပြေပါ့မလား။

ဓါတ်ပုံ နဲ့ ရောဂါရာဇဝင်အရ လည်ပင်းအကျိတ်တွေက (လင့်ဖ်-နုတ်) တက်စေ့တွေရောင်တာ ဖြစ်ပါမယ်။ တက်စေ့ ရောင်တယ်ဆိုတာ သူ့မှာ ရောဂါဖြစ်တာလဲ ရှိသလို အများဆုံးက သူနဲ့ဆိုင်တဲ့ မူလနေရာမှာ ရောဂါရှိလို့ သူ့ဆီရောက်တာ ဖြစ်ပါတယ်။ ပေါ်ပြီးပျောက်၊ ပျောက်ပြီး ပြန်ပေါ်တာဆိုရင် ဆိုးဝါးတဲ့ ဥပမာ (ကင်ဆာ) မဟုတ်နိုင်ပါ။ လည်ပင်းက တက်စေ့တွေဟာ ပါးစပ်၊ လျှာ၊ လည်ချောင်း၊ အဆုပ် စတဲ့ နီးစပ်ရာတွေနဲ့ ဆက်နေတယ်။ “Neck lumps လည်ပင်း အကျိတ်” ကို ဖတ်ပြီးပြီလား။ ဖြစ်နိုင်တာတွေများလို့ ရောဂါ သေချာအောင် စစ်ဆေးရမယ်။ ဆရာဝန်ပြပါ။ အနည်းဆုံး ဓါတ်မှန်ရိုက်သင့်တယ်။ တီဘီ မဟုတ်တာ သေခြာစေဘို့ပါ။ လိုသေးရင် Biopsy အသားစထုတ်ပြီးစစ်တာ လုပ်ပါမယ်။ ခပ်လွယ်လွယ်ပြောရရင် ပိုးတခုခုဝင်ရာကနေ ဆက်ဖြစ်တာ ထင်ပါတယ်။ Antibiotic ပဋိဇီဝ ပိုးနိုင်ဆေး တခုခုကို ဆေးတပါတ်လည်အောင် သောက်ရမယ်။ ဥပမာ Amoxacillin 250 mg တနေ့ ၄ ကြိမ်၊ ၅-၇ ရက်။ တချိန်ထဲမှာ Paracetamol ကိုပါ သောက်သင့်တယ်။ မနာပေမဲ့ ရောင်တာသက်သာစေဘို့ပါ။
Phimosis ပန်းငုံတာကို အရွယ်မရွေးပြုပြင်နိုင်ပါတယ်။ လုပ်ဘို့အကြံပေးပါတယ်။ “Phimosis ပန်းငုံတယ်ဆိုတာ” ကို ဖတ်ပါ။

Feb 19, 2011 at 1:48 PM
Q 3: ကိုယ်ဝန်ဆောင်က မြန်မာဆေးသောက်လို့ရလား။ အစာကြေဆေးတို့ လျှက်ဆားတို့လိုဟာမျိုးပေါ့။ ဘယ်အချိန်မှာ Ultrasound ရိုက်ရင် ယောက်ျားလေး-မိန်းကလေး သိနိုင်လဲ။

• မြန်မာဆေးတွေကို ကျွန်တော် သိပ်မသိပါ။ လျှာကတော့ သိပါတယ်။ ငန်တာတွေ များတတ်တယ်။ သွေးတိုးတာနဲ့ ခြေ-လက်-မျက်နှာ ဖေါရောင်နေသူများ လုံးဝမတည့်ပါ။
• နိုင်ငံတိုင်းမှာ ဗိုက်ထဲက ကလေး ကျားမ ခွဲမပေးပါ။ ဥပဒေကတားမြစ်ထားပါတယ်။
• လုပ်ခွင့်ရှိတဲ့ဆီမှာ အများဆုံး ကိုယ်ဝန် ၁၈-၂၂ ပါတ်မှာ Ultrasound ရိုက်ကြတယ်။
• ကလေးရဲ့ အပြင်လိင်အင်္ဂါတွေ ရှာကြည့်ပါတယ်။
• လိင်တံ မြင်ရင် Turtle sign ပြောတယ်။ ကျားအစိနှစ်လုံးကြားက ပြူထွက်နေသလို ဖြစ်လို့။
• မအင်္ဂါနှုတ်ခမ်းသားအကြီး၊ မ-အစိတွေ မြင်ရရင် Hamburger Sign လို့ ခေါ်တယ်။
• Absence of Penis = Girl theory လို့လဲ သုံးလေ့ရှိတယ်။
• 3D Ultrasound ဆိုရင် ၁၂-၁၄ ပါတ်ဆို တိကျပြီ။ ၁၁ ပါတ်မှာ ရိုက်ရင် တဝက်လောက်မှားတတ်တယ်။

Feb 20, 2011 at 4:28 PM
Q 4: ကျမ ဖေဖော်ဝါရီ ၁၄ ရက်နေမှာ ခွဲပြီး သားအိမ်ထုတ်တာ သားဥပြွန်တော့ ချန်ထားသေးတယ်။ ဆေးရုံကနေ ၁၈ ရက်
နေ့က ဆင်းပါတယ်။ ဆေးရုံမှာတုံးက အခြေအနေတွေ အကုန်ကောင်းပါတယ်။ ၁၈ ရက် ညကနေစပြီး သွေးလိုလိုနဲ့ သားငံရည် နည်းနည်းဆင်းနေတယ်ဆရာ။ အဲဒါအန္တရယ်ရှိလား သိချင်လို့ပါ။ ဆေးရုံက ပြန်ချိန်းထားတာ မတ်လ ၂ ရက် နေ့မှာ ဖြစ်တယ်။ တကယ်လို့ စိုးရိမ်ရတဲ့လက္ခဏာဆိုရင် ဆေးရုံပြန်သွားပြချင်တယ်။ ပြီးတော့ဆရာ ဗိုက်ခွဲတဲ့အခါ ကန့်လန့် ခွဲတာနဲ့ဒေါင်လိုက်ခွဲတာ ဘာကွာခြားမှုရှိသလဲဆိုတာသိချင်တယ်။ လွန်ခဲ့တဲ့ ၃ နှစ်က ကျမသူငယ်ချင်းက ဒေါင်လိုက် ခွဲပြီးသားအိမ် ထုတ်တာ သူကတော့ ခွဲပြီး သတိရတာနဲ့ နာကျင်မှုမရှိဘူး ကျမကတော့ ကန့်လန့်ခွဲတာဖြစ်ပြီး အခုထိ အထိုင်အထ အသွားအလာမှာ နာကျင်မှုရှိနေသေးတယ်။ အဲကွာခြားချက်ကို သိချင်လို့ပါ၊ အဲဒီသူငယ်ချင်းကလည်း မေးခိုင်းလို့ပါ သူက သားအိမ်ထုတ်ပြီးနောက် ဒူးဆစ်တွေနာတယ် လက်နဲ့ ခေါက်ရင်တောင် နာတယ်တဲ့။ အဲဒါ သားအိမ် ထုတ်လိုက်လို့ဖြစ်တာလားဆိုတာ သိချင်လို့ပါ၊ သူလည်း သားအိမ်ပဲထုတ်ပြီး သားဥပြွန် ရှိတယ်။ သားငန်ရေကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ။

• ခွဲစိတ်အပြီး ၄ ရက်အကြာ တခုခုဆင်းတာပေါ့။ သားငံရည်ပြောတာက အလွယ်ခေါ်တာပေါ့။ မမှားပါ။ ဆေးစာနဲ့ ပြောရင် ဆင်းတာက ဘာလဲ ကြည့်ရမယ်။ အဖြူ၊ အရည်၊ ခပ်ဝါဝါ၊ ခပ်စိမ်းစိမ်၊ ပန်းရောင်၊ အညို၊ သွေး၊ အဖတ်၊ ခပ်ပျစ်ပျစ် စတာတွေ သိရမယ်။ ၂ မျိုး ရောတာလဲ ဖြစ်နိုင်တယ်။ ရိုးရိုးပြောရင် Vaginal Discharge ဘဲပြောတယ်။ White discharge, Mucus discharge, Bleeding ထပ်ပြောမယ်။
• ခွဲတာက သားအိမ်ထုတ်တာမှာ Cervix သားအိမ်အဝ ခေါ်တဲ့ တချို့ ကလဲ သားအိမ်ခေါင်းလဲ ခေါ်ကြတယ်၊ အဲဒါကို ဘယ်လိုလုပ်သလဲ မပြောတတ်ပါ။ ချန်တဲ့အခါ ချန်တယ်။ ထုတ်ချင်လဲ ထုတ်ပါသေးတယ်။ Cervix ကနေ စောစောက ပြောတာတွေ ဆင်းနိုင်တယ်။ မကျန်ရင်လဲ သားအိမ်ထုတ်ပြီး ပြန်ပိတ်-ချုပ်တဲ့ အတွင်း ချုပ်ရိုးကနေလဲ တခုခု ဆင်းနိုင်ပါတယ်။ ဒါမျိုးက သတိထားစရာရော မလိုတာပါ ဖြစ်နိုင်တယ်။
• အနာတခု မကျက်ခင်မှာ ထွက်တာမျိုးက ဘာမှ ထူးလုပ်စရာမလိုပါ။ ညှီနံ့လေးနဲနဲသာရှိမယ်။ ကိုယ်မပူဘူး။ အထဲချုပ်ရိုးကို ထိရင် မနာဘူး။ သန့်ရှင်းရေးသာ ဂရုစိုက်ပါ။ ပေးထားမဲ့ ဆေးရည်သာသုံးပါ။ မရှိရင် အပျော့စား ပိုးသတ်ဆေးရည် ဥပမာ Savlon, Dettol ကို ရေနဲ့ရော သုံးပါ။ ဆေးအပြင်စားတွေ မထည့်ပါနဲ့။
• တကယ်လို့ ပိုးဝင်တာဆိုရင် ကိုယ်ပူမယ်။ အနံ့ဆိုးမယ်၊ ဆင်းတာများများလာမယ်။ နာမယ်။ ဆရာဝန်ပြန်ပြပါ။ လိုအပ်ရင် Antibiotics ပေးမယ်။
• ခွဲကြောင်း-ချုပ်ရိုး ကန့်လန့်နဲ့ ဒေါင်လိုက်။ ဒေါင်လိုက်ခွဲတာ သမားရိုးကျဖြစ်တယ်။ ကန့်လန့်က ချုပ်ရိုး အမြင်လှအောင် ဖြစ်တယ်။ အတွင်းခံအထိ လှန်မှ မြင်ရမယ်။ တချို့ဆို ခွဲထာမှန်းတောင် ကြာရင် မသိရသလိုဘဲ။
• နာတာ။ ကန့်လန့်ခွဲရတာရဲ့ ကောင်းချက်က ခွဲရတဲ့သူအတွက် သက်သာတယ်။ အထဲ အင်္ဂါတွေကို လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်။ ဒါ့ကြောင့် အင်္ဂါတွေကို ထိကိုင်ရတာ သက်သာစေတယ်။ ဒါ့ကြောင့် လူနာ နာတာ သက်သာနိုင်တယ်။ Pain killer တခုခု သောက်ပါ။
• သားအိမ်ထုတ်ပြီးနောက် ဒူးဆစ်တွေ နာတာက ခွဲတာနဲ့ ဆိုင်နိုင်-မဆိုင်နိုင် ဖြစ်နိုင်တယ်။ Spinal anesthesia ခါးရိုးဆစ် ထုံဆေးနဲ့ ခွဲသူတိုင်း ခါးအောက်ပိုင်းမှာ တခုခု ဖြစ်ချင်ဖြစ်တတ်တယ်။ လူနာဖြစ်တုံးက အိပ်ရာထဲ ရက်ကြာသူတွေမှာ အောက်ပိုင်း တခုခု ဖြစ်တတ်သေးပါတယ်။
• သားအိမ်ထုတ်တော့ ချန်ထားတာကို Ovaries မျိုးဥအိမ်ခေါ်ပါတယ်။ Utrine tubes သားအိမ်ပြွန်လဲ ဖြတ်ပါလိမ့်မယ်။ ကျန်နေနိုင်ပါတယ်။ ဘာလို့ သားအိမ် ထုတ်ရသလဲအပေါ် မူတည်ပါတယ်။

Feb 20, 2011 at 4:46 PM
Q 5: ၁။ အမျိုးသမီးတွေမှာ ယောက်ျားနဲ့ ဆက်ဆံပြီးတာနဲ့ ကိုယ်ဝန်ရှိပြီဆိုရင် ဆက်ဆံပြီးပြီးချင်း နောက်လမှာပဲ ရာသီသွေး ရပ်ပါသလား။ ဆက်ဆံပြီး နှစ်လ သုံးလ ကြာမှ ရပ်ပါသလား။ (ကြားလများတွင် မဆက်ဆံပဲနဲ့ )
၂။ အကယ်၍ ကိုယ်ဝန်ရှိတယ်ဆိုပါက ဘယ်လို လက္ခဏာများ ပြပါသလဲ။

• ကိုယ်ဝန်ရှိတယ်ဆိုတာ ဆက်ဆံတာ ၁ ကြိမ်ထဲနဲ့လဲ ဖြစ်နိုင်တယ်။
• ကျားသုတ်ပိုးနဲ့ မမျိုးဥတွေ တွေ့ဆုံ-ပေါင်းစပ်-သန္ဓေဖြစ်-သားအိမ်မှာ လာကပ်တာနဲ့ ကိုယ်ဝန်ရပြီ။ ဒိနောက် ရာသီသွေး ဆိုတာ မဆင်းတော့ပါ။ ဆက်ဆံတဲ့လက ချက်ချင်းစတယ်။ ဆက်ဆံမှု အကြိမ်နဲ့ မဆိုင်ပါ။
• ရာသီသွေးမဟုတ်ဘဲတော့ သွေးဆင်းနိုင်သေးတယ်။
• Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာများ နဲ့ Pregnancy Tests ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း တွေကို ဖတ်ပါ။

24 Feb 11, 14:07
Q 6: ကျမ အသက် ၃ဝ ပါ၊ အသက် ၂၃ က ပထမ အိမ်ထောင်က အရမ်းပွေလွန်းလို့ ကွာရှင်းလိုက်တာပါ။ မိန်းမပွေလို့ ကျမရဲ့ မိန်းမကိုယ်က အရမ်းယားယံလို့ ဆေးခမ်းပြတာ ဆေးအဖုတတောင့်ထဲ့လိုက်တာ ပျောက်သွားပါတယ်။ အခု ကျမမိသားစု သစ္စာရှိ အမျိုးသားနဲ့ နေတဲ့အခါ နောင် သားအိမ်က တခုခုပြန်ဖြစ်နိုင်မလား။ ကလေးရှိရင်ရော ထိခိုက်နိုင်ပါသလား။ အခု အိမ်ထောင်ဖက်နဲ့ ကျမ နောင်ကျန်းမာရေး တခုခုထိခိုက်နိုင်ပါသလား။

၁။ အရင်ဖြစ်ဘူးတဲ့ ရောဂါဟာ ဆေးကုလို့ ပျောက်တာဖြစ်နေတာမို့ သိပ်လဲ စိတ်မကောင်း၊ ခံပျင်းတာ မဖြစ်ပါနဲ့။ ဒီခေတ်မှာ ကာလသားရောဂါလို့ အလွယ်ခေါ်တာတွေထဲက B ပိုးနဲ့ HIV မဟုတ်တာတွေက ကုသရ လွယ်ပါတယ်။ မွေးလာမဲ့ ကလေးကိုလဲ ဆေးကုပြီးရင် အန္တရာယ် မရှိစေနိုင်ပါ။
၂။ ဆေးစစ်၊ သွေးစစ်တဲ့အခါ လိင်ကတဆင့် ကူးစက်ရောဂါ မရှိရင် စိတ်ချနိုင်ပါတယ်။

Sat 2/26/2011 8:10 PM
Q 7: လွန်ခဲ့တဲ့နှစ် ၂ဝ လေက်က ရေနွေးပူလောင်ထားတဲ့ အမာရွတ်ကို ကုသရင် အရှင်းပျောက်ပါသလား။ ကုသစရိတ် ခန့်မှန်းချေနဲ့ နေရာလေး ညွှန်ပြပေးပါ။

အမာရွတ်က ဘယ်အထိနက်သလဲ၊ တခြားနေရာနဲ့ ကပ်နေသလား၊ ဥပမာ လက်ချောင်းချင်း၊ လှုတ်ရှားမှုကို ထိခိုက်သလာ။ ဥပမာ အကွေး-အဆန့်။ ရုပ်ဆိုးတာကိုသာ ကုဘို့လိုတာလား။ ဒါတွေအပေါ်မူတည်ပြီး ကုရပါမယ်။
အရေပြား၊ အသားအစားထိုးချင် ထိုးရမယ်။ လေဆာနဲ့ ရချင်ရမယ်။ ကုန်ကျတာကလဲ အဲဒီဟာတွေအပေါ် မူတည်ပါမယ်။ ဖြစ်တဲ့သူက ဘယ်တိုင်းပြည်မှာလဲ မသိလို့ မှန်းမပြောတတ်ပါ။ ပြည်တွင်းကဆိုရင် ကျွန်တော် သိပ်မသိပါ။
Scar အမာရွတ် ကိုလည်းဖတ်ပါ။

Feb 28, 2011 at 12:31 AM
Q 8: ကျွန်တော့် အသက်၂၂ပါ။ လိင်တံရဲ့ လုံးပတ်ဟာ သေးပါတယ်။ လိင်တံဟာ ပိန်ပိန် ရှည်ရှည် ပုံစံမျိုး ဖြစ်နေပါတယ်။ အဲဒီ့အတွက် လုံးပတ်ကိုကြီးစေမယ့် ဆေးများရှိရင် သိချင်ပါတယ်။ ဆေးကို ဘယ်လို သုံးရမယ် ဆိုတာနဲ့ ဘယ်လောက် ကြာကြာ သုံးစွဲရမယ် ဆိုတာကိုပါ ပြောပြပေးစေလိုပါတယ်။

Penis enlargement ကျားအင်္ဂါ ကြီးစေခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅) ကို ဖတ်ပါ။

24 Feb 11, 13:58
Q 9: ကျမက အိမ်ထောင်သယ် အသက် ၃ဝ ပါ။ ဒူးအောက်ပိုင်းက သိပ်မကောင်းလို့ ကလေးရှိလို့ ခွဲမွေးရင် ခါးရိုးဆစ် ထုံဆေး ထိုးတာ နောင် ခါးအောက်ပိုင်း တခုခုဖြစ်နိုင်မလား သိပရစေနော်။

ဒူးအောက်ပိုင်းက မကောင်းတာ သိပ်မတိကျလို့ ပြောမရသေးပါ။ ခါးထုံဆေး Spinal anesthesia (SA) ကို မေ့ဆေး-ဆရာဝန်က စစ်ဆေး၊ ဆုံးဖြတ်ပါလိမ့်မယ်။ မစိုးရိမ်ပါနဲ့။ ခါးထုံဆေးနဲ့ အဆင်မပြေရင် ရိုးရိုးထုံဆေး၊ မေ့ဆေးတွေလဲ ရှိပါတယ်။

2011/1/19
Q 10: Trimetazidine hydrochloride sustained release tablets 60 mg ကို တစ်နေ့ တစ်လုံး သောက်နေရပါတယ်။ ဆေးစွဲ သောက်သည်မှာ ၆ လကျော်ရှိပါပြီ။ ဆေးမသောက်သောနေ့တွင် ပုံမှန်လှုပ်ရှား သွားလာရတာတောင်မှ အလွန် ပင်ပန်း နွမ်းနယ် သကဲ့သို့ ခံစားရပါတယ်။ အေအစ်အိုလည်း ၃ဝဝ ရှိပါတယ်။ တစ်ခါတစ်ရံ အဆစ်များ ယောင်ကိုင်း နေပါတယ်။ လွန်ခဲ့သော နှစ်လ ကျော်ထိ စိတ်ကျရောဂါ ပျောက်ဆေးများကို သုံးစွဲခဲ့ပြီး ယခု ပြင်ပတွင် ရောက်ရှိနေပါတယ်။ မြန်မာနိုင်ငံတွင် စစ်ဆေးစဉ်က နှစ်နေရာ နှလုံးသွေးကြောကျဉ်း နေပါတယ်တဲ့။ တားဆေးများကို ခုနစ်နှစ်နီးပါး သောက်သုံးခဲ့ခြင်းကြောင့်ဟု ပြောပါတယ်။ ကလေးမရှိပါ။ အသက် ၃၃ နှစ်ရှိပါပြီ။ တစ်ခါတစ်ရံ ဘယ်ဘက် ရင်ဘတ် အောက်က စူးစူးပြီး အောင့်တာ အသက်ရှုတောင် မှားပါတယ်။ အရမ်း မကြာပါဘူး။ တစ်မိနစ်တောင် မကြာဘူး ထင်ပါတယ်။ အရမ်းအောင့် နာကျင်ရင် အရေးပေါ်သောက်ရန်ဆိုပြီးတော့ (Isosorbide mononitrate tablets bp 20 mg) ကိုလည်း ပေးထားပါတယ်။ အဲဒီဆေးက သောက်ပြီး ရင်ခေါင်းအရမ်းကိုက်လို့ပါ။ တားဆေးတွေကို သောက်လို့ ခုလိုနှလုံးသွေးကြောကျဉ်းတယ်ဆိုတာ ဟုတ်မဟုတ်နှင့် ဆေးကို ဆက်သုံးသင့် မသင့်နှင့် ဆေးရဲ့ ဆိုးကျိုးများကို သိချင်ပါတယ်။ တစ်ဘက်ကလည်း စိတ်ကြောင့် ဖြစ်နေတာလား ဆိုပြီး တွေးမိလို့ပါ။

• Contraceptive pills ကိုယ်ဝန်တားဆေး မသုံးသင့်သူများ
• Combined pill ဆေးနှစ်မျိုးတွဲ စားဆေး
• Progestogen-only pill (POP) ဆေးလုံး
• Pills and Pregnancy ကိုယ်ဝန်နဲ့ တားဆေး
• Acute Myocardial Infarction - AMI နှလုံးသားလေးတွေ မနာကျင်ကြစေဖို့

Q and A February 2011 (8)

1. အိမ်ထောင် ကျခါစပါ
2. ကပ်ပယ်အိတ်မှာ အကျိတ်ကလေးတွေ ဖြစ်နေပါတယ်
3. အားအင်တွေ ကုန်ခမ်းသလိုခံစားရတယ်
4. အမေမှာ ဆီးချိုရောဂါများ ဖြစ်နေသလားလို့
5. ချွဲကျပ်တာ အင်္ဂလိပ်လို
6. ရင်သားအလှပြုပြင်ခြင်းနဲ့ပတ်သတ်ပြီးတော့လည်း
7. လေးငါးနှစ်က အကာအကွယ်မဲ့ ဆက်ဆံမိပြီး
8. Protinet ဆိုတဲ့ ပရိုတိန်းအားဆေးကို
9. Ranitidine နဲ့ Vave ဆိုတဲ့ အအန်ပျောက်ဆေးတွေ

Feb 28, 2011 at 12:33 AM
Q 1: လိင်ဆက်ဆံတဲ့အခါ တခါတရံ ဗိုက်အောင့်နေပါတယ်။ သားအိမ်က အောင့်တာပါ။ ရာသီလာလို့ အောင့်သလိုမျိုး၊ အမြဲတမ်း မဖြစ်ပါ။ ကျွန်မ စိုးရိမ်တာက သားအိမ်မှာ ပြဿနာရှိမှာ စိုးလို့ပါ၊ ကျွန်မအသက် ၂၆ ရှိပါပြီ၊ ခုမှ အိမ်ထောင် ကျခါစပါ။ အပျိုဘဝ မှာလည်း ရာသီလာစဉ် ပထမရက်မှာ မခံမရပ်နိုင်အောင် အောင့်လေ့ရှိပါတယ်။ အခုအောင့်တာရော စိုးရိမ်စရာ ရှိပါသလား၊

• အမျိုးသမီး မွေးလမ်းရောဂါ မဟုတ်တာကို ဖယ်ထုတ်ရပါမယ်။ သားအိမ်အ၀၊ သားအိမ်၊ သားအိမ်ပြွန်မှာ ရောင်ရင်လဲ ဖြစ်တယ်။ အဖြူဆင်းနိုင်တယ်၊ တချို့ယားမယ်။ ဆေးစား-ဆေးထည့်ရင် ပျောက်ပါတယ်။
• ဒါမှမရရင် သားအိမ်ရောဂါ တမျိုး မဟုတ်တာ ဖယ်ရအုံးမယ်။ Ultrasoung ရိုက်ရင်သိနိုင်တယ်။ ဒါပေမဲ့ လက်လှမ်းမီရင် OG နဲ့ ပြသင့်တယ်။
• ပဌမဆုံး Metronidazole 1 tablet 3 times a day for 5-7 days သောက်ပါ။ ဆေးဝယ်လို့ ရမယ်ထင်ပါတယ်။ ဆေးက နဲနဲခါးတယ်။ တချို့မှာ ဆေးသောက်နေတုံး အစားပျက်၊ ပျို့ချင်တယ်။ လူတိုင်းမဖြစ်ပါ။ နောက် မရသေးရင် Doxycycline 100 mg two times a day for 5-7 days သောက်ပါ။ ၂ မျိုးလုံး တွဲသောက်ရင်လဲ ရတယ်။
• ရာသီလာလို့ နာတာအတွက် Ibuprofen, Buscopan tablet တမျိုးမျိုးကို ရာသီမလာခင် ၁-၂ ရက် ကြိုသောက်ပါ။
• အဖြူဆင်းတာက ယားတာနဲ့တွဲရင် Vaginal (Clotrimoxazole) tablet or cream ၅-၆-၇ ည ဆက်တိုက် မွေးလမ်းထဲကို ထည့်ရမယ်။
• ခင်ပွန်းနဲ့ နားလည်မှုယူပါ။
1. Dyspareunia (1) ဆက်ဆံချိန်မှာ နာကျင်တာ (၁) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၀)၊
2. Dyspareunia (2) ဆက်ဆံချိန်မှာ နာကျင်တာ (၂) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၄၅) ကိုလည်းဖတ်ပါ။

Feb 27, 2011 at 11:03 PM
Q 2: ကျွန်တော့် အသက် အခု ၃၇-နှစ်ရှိပါပြီ။ ပြည်ပမှာနေပါတယ်။ ဒီစာနဲ့အတူ ဓာတ်ပုံပါထည့်ပေးလိုက်ပါတယ်။ ကပ်ပယ်အိတ်မှာ အကျိတ်ကလေးတွေ ဖြစ်နေပါတယ်။ လေး ငါးနှစ်ခန့်ရှိပါပြီ။ စဖြစ်ခါစက ဝက်ခြံဖုလေးလိုပါပဲ။ နီနီရဲရဲလေးပါ။ နည်းနည်းလည်း ယားပါတယ်။ အခု ပြည်တည်နေသလိုမျိုး ဖြစ်နေပြီး ညှစ်ကြည့်တော့လည်း ဘာမှ မထွက်ပါဘူး။ ကိုင်ကြည့်ရင် နည်းနည်း မာပါတယ်။ အခြား ဆီးပြဿနာတွေတော့ မဖြစ်ပါဘူး။ နောက်တစ်ခုက ကပ်ပယ်အိတ်ဟာ သူများတွေ ထက်ပိုပြီး တွဲကျနေပါတယ်။ တော်တော်လေးကို တွဲပါတယ်။ ဘယ်လိုလဲ၊ ဘယ်လို ပြုပြင်ရမလဲ။

ဓါတ်ပုံနဲ့ပို့တာ အများကြီး အထောက်အကူရပါတယ်။ အမြင်နဲ့ ရောဂါရာဇဝင်အရ ရှားပါးတဲ့ရောဂါ ဖြစ်နိုင်ပါတယ်။
အနာလုံးလေးတွေအတွက် Biopsy အသားစဖြတ်ယူ စစ်ဆေးတာလုပ်မှ ရောဂါနာမည် သေချာပါမယ်။
ပြည်ရှိနိုင်တာ၊ ပိုးဝင်တာ ပျောက်ဘို့ ဆေးသောက်သင့်ပါတယ်။ Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၅-၇ ရက် သောက်ပါ။ အလုံးလေးတွေ ပျောက်သေးမယ် မထင်ပါ။ ပိုးသေသွားပါမယ်။
ကင်ဆာလို ဆိုးတာ မဟုတ်နိုင်ပါ။ ထူးခြားမှုရှိရင် ပြောပါ။
တွဲကျနေတာ ရောဂါမဟုတ်ပါ။ လူတိုင်းနီးနီး ဘယ်-ညာ မတူကြပါ။ ကုသစရာလဲ မလိုပါ။

Feb 28, 2011 at 11:36 AM
Q 3: ကျွန်တော် အလုပ်ပင်ပန်းလို့လား အိပ်ရေးမဝလို့လား အားအင်တွေ ကုန်ခမ်းသလိုခံစားရတယ်။ လိင်စွမ်းအင်တွေလဲ ကျဆင်းသလိုဘဲ။ ဆောင်းပါးတွေလဲ ဖတ်ပါတယ်။ သုတ်လွတ်မြန်တဲ့ ဝေဒနာလဲ ခံစားရတယ်။ ကြာကြာ ထိန်းလို့မရဘူး။ ပြန်မာဖို့ကို အတော်ကြိုးစားယူနေရတယ်။ အသက် ၃ဝ ကျော်အရွယ်ဆိုတော့ ဆေးလဲ မသောက်ချင်သေးဘူး။ သုတ်လွတ် မြန်တာက အရမ်း မြန်တယ်လို့လဲ မဟုတ်ဘူး။ ၄ မိနစ် ငါးမိနစ်လောက်တော့ ရတယ်။ နောက်တစ်ခါ ပြန်ရဖို့ တော်တော် စောင့်ယူရတယ်။ တစ်ခါတစ်လေ မမာတော့ဘဲ ပင်ပန်းပြီး အိပ်ပျော်သွားတယ်။ အဲဒါရောဂါတော့ မဖြစ်နိုင်ဘူး ထင်တယ်။ စိတ်ကြောင့်များလား။ မိန်းမကိုလဲ ကျေနပ်စေချင်တယ်။

• ၄-၅ မိနစ်ဆိုရင် မဆိုးပါ။ စိတ်ကို အားတင်းပါ။
• အသက် ၃ဝ ဟာ အကောင်း ဆုံးစွမ်းဆောင်နိုင်ပါမယ်။ အားနည်းနေလဲ ပြန်ကောင်းဘို့ အရွယ်ကောင်း ဖြစ်ပါတယ်။
• Foreplay အချိန် သူ့ကိုပေးပါ။
• သူ့အတွက် ကျားလိင်အင်္ဂါ မသုံးသေးခင် Stimulation, Masturbation, Oral နည်းတွေ လုပ်ပေးပါ။
• ကိုယ့် ကိုယ်အား၊ စိတ်အား ကောင်းအောင် နားပါ။
• အိပ်ယာထချိန်မှာ နေကြည့်ပါ။
• လိုလာတော့မှ တခါတလေ ဆေးသုံးပါ။ ဆေးက ဘေးထွက်အတွက် စိုးရိမ်စရာ မလိုသလောက်ပါ။
• ဒီနည်းရှိနေတယ်လို့ စိတ်ထဲမှာ သိထားပြီးဖြစ်နေတာဟာ တကယ်ဆေးမသောက်ဘဲ အားပိုရှိစေ-ရစေပါတယ်။
• အဆင်သင့်ရှိနေတာ သိထားသူဟာ ကြောင့်ကျစရာမရှိ နောက်ဆုံးလက်နက် မသုံးဘဲ ရနိုင်တယ်။

2011/2/28
Q 4: ကျွန်မအမေက အခု အသက် ၅၅ နှစ် ရှိပါပြီ။ အနည်းငယ် ၀ပါတယ်။ အမေ့ကို ကျန်းမာရေး သတိထားပြီး စောင့်ကြည့်ပါတယ်။ လွန်ခဲ့တဲ့ ၂ လ ကစပြီး အမေက အနည်းငယ် ပိန်လာပါတယ်။ နောက်ပြီး ည သန်းခေါင်ကျော် ချိန်မှာလည်း ဗိုက်ဆာတာ၊ ရေငတ်တာ ဖြစ်လို့ ထပြီး စားရပါတယ်။ နောက်ပြီး အိမ်သာတက်ပြီး မနက် အိပ်ရာထလို့ ကြည့်ရင် အိမ်သာကြွေခွက်မှာ ပုရွက်ဆိတ်တွေ တက်နေတာ တွေ့ရပါတယ်။ အဲဒါ အမေမှာ ဆီးချိုရောဂါများ ဖြစ်နေသလားလို့ စိုးရိမ်မိပါတယ်။ ဆီးချိုလက္ခဏာ၊ သတိထားရမည့် အချက်၊ နေထိုင်ပုံတွေကို ဘယ်လို နေထိုင်ရမယ် ဆိုတာ၊ နောက်ပြီး ဆေးခန်းပြလို့ ဆေးစစ်ချင်တယ်ဆိုရင် ဘယ်လို ဆရာဝန်၊ ဘယ်လိုပြောပြပြီး ဆေးစစ် ခံယူသင့်ပါသလဲ။

"Diabetes ဆီးချို" ကို ဖတ်ပါ။
Physician သမားတော်ကို ပြရပါမယ်။

2011/2/28
Q 5: ချွဲကျပ်တာ အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ။

Just to say tightness of chest or he/she can't breathe properly or say I doubt something is obstructing in his/her chest. Dyspnea is medical term. A patient can also complain of difficult breathing.

2011/2/27
Q 6: အခုခေတ်စားနေတဲ့ ရင်သားအလှပြုပြင်ခြင်းနဲ့ပတ်သတ်ပြီးတော့လည်း သိချင်ပါတယ်။ နေတာက (့) နိုင်ငံမှာပါ။ သူငယ်ချင်း အမျိုးသမီးကတော့ ခွဲစိတ်စရာမလိုပဲ ဆေးထိုးလို့ရတယ်လို့ ပြောပါတယ်။ အဲဒါနဲ့ပတ်သတ်ပြီး နောက်ဆက်တွဲ ဆိုးကျိုး ရှိမရှိနဲ့ ထိုးဆေး၊ သောက်ဆေး လိမ်းဆေးတွေ အမျိုးမျိုးထဲက ဘယ်ဟာက ဘယ်လို အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာ သိချင်ပါတယ်။ တချို့ကလဲ လိမ်းဆေးက အမြဲမသုံးရင် နဂိုရှိရင်းထက် ပိုရုပ်ဆိုးတယ်တဲ့။ TV မှာလဲ ကြော်ငြာတွေက အမျိုးမျိုးပဲ။ ဒီမှာလဲ တော်တော်ကို ခေတ်စားပါတယ်။ ဒါကြောင့်မို့ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ဘလော့ တင်စေချင်ပါတယ်။ ကိုယ်တိုင်လဲ လှချင်ပေမယ့် သေချာ နောက်ဆက်တွဲ ဆိုးကျိုး အစရှိတာတွေ မသိပဲ အရမ်း မလုပ်ရဲဘူး။ ကိုယ့်လိုပဲ သိချင်သူတွေ ရှိမယ်လို့လဲ ထင်ပါတယ်။

ဆေးထိုးနည်း မသုံးစေချင်ပါ။ ဒီစာ ၂ ပုဒ် ကိုဖတ်ပြီး အကောင်းဆုံးကို လုပ်ကြည့်ပါ။ လိုသေးတာ မေးပါ။
1. Breast enlargement ကလေးအတွက်မို့ မသေးချင်တာ ရင်သားပါ
2. Breast Massage ရင်သား နှိပ်နယ်ခြင်း

2011/2/25
Q 7: ကျွန်တော် အသက်(၃၂)နှစ်ပါ။ လိင်ဆက်ဆံတာများ တစ်ညမှာ နှစ်ကြိမ်လောက် ဆက်သွားရင် လိင်တံက ယားသလိုလို နာသလိုလိုနဲ့ အနီစက်တွေ အဖုသေးတွေ ထိပ်ဖျားရဲ့ အောက်ခြေနားမှာ ပေါ်လာတတ်ပါတယ်။ ရေများ ထိလိုက်ရင် အရမ်းနာပါတယ်။ ဆီးသွားလျင် ဆီးဝါခြင်း၊ ဆီးကျန်ခြင်းများလက္ခဏာ ဖြစ်ပါတယ်။ ထိုအချိန်ရောက်လျှင် လိင်ဆက်ဆံခြင်းကို မလုပ်တော့ဘဲ သုံးလေးရက် နားလိုက်လျှင် ပုံမှန်ပြန်ဖြစ်သွားပြီး အနာရော အနီစက်များပါ ပျောက်သွားပါသည်။ လွန်ခဲ့သည့် လေးငါးနှစ်က အကာအကွယ်မဲ့ ဆက်ဆံမိပြီး သူမ၏ အင်္ဂါတွင် မထင်မှတ်ဘဲ ကာလသားရောဂါ လက္ခဏာကို စတွေ့ခြင်း ဖြစ်ပါသည်။ အသိ နောက်ကျသွားခဲ့ပါသည်။ ရောဂါကူးပြီး ယားယံရာက စတင်ပြီး အသေချာကြည့်သောအခါ ခေါင်းကြီးပြီး ဆေးခန်းကိုသွားပြပါသည်။ ဆရာဝန်က လိမ်းဆေးပေးပြီး ပြီးသွားပါတယ်။ နှစ်စဉ် ဆေးစစ်ကြတဲ့ ဆေးရုံက သွေးယူးပြီး စစ်တဲ့ရောဂါတွေမှာ ဆစ်ဖလစ်ရယ်၊ ဆင်ခြေထောက်ရယ်၊ အဓိကစစ်ကြောင်း၊ ဘာမှ သတိပေးမခံရဘဲ pass ဖြစ်ပါတယ်။ အခုဆို အမျိုးသမီးက ကိုယ်ဝန်ရပြီလို့ ဆိုလာပါတယ်။ ကျွန်တော် စိတ်ပူရပါတယ်။ ဘာရောဂါ၊ ဘယ်အဆင့်လဲ။ အနီစက်တွေ ပေါ်နေချိန်တွင် အမျိုးသမီးကို ကူးပါသလား။ ကလေးပေါ် ကူးစက်ပါသလား။ ဘယ်လိုထိ သက်ရောက်မှု ဆိုးကျိုးတွေ ဖြစ်နိုင်ပါသလဲ။

ဆေးစစ်တာအောင်ရင် စိုးရိမ်စရာ မရှိပါ။ တကယ်ရှိရင် Syphilis ကို တာရှည်ခံ (ပင်နစလင်) ထိုးဆေး Benzathine penicillin G ကို တခါထိုးရင် ၂့၎ ယူနစ် တပါတ်တခါ၊ ပေါင်း ၃ ခါ ထိုးရတယ်။ လိင်အင်္ဂါအနာဟာ ဒီဆေးတွေသောက်ရင် ဖြစ်စေတဲ့ပိုးတွေ ရှင်းသွားပါမယ်။
• Doxycycline တခါသောက် 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ်
• Tetracycline တခါသောက် 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ်
• Erythromycin တခါသောက် 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။

လိင်ကတဆင့်ရောဂါပိုး တယောက်ယောက်မှာ ရှိနေရင် သုတ်ရည် မထည့်လဲ (ကွန်ဒွမ်) မပါရင် ကူးနိုင်ပါတယ်။
ယောက်ျားမှာ ပိုး-ရောဂါရှိနေပြီး အမျိုးသမီးမှာ အဖြူဆင်းတာ၊ အနာဖြစ်တာ၊ ဆီးအောင့်တာ လာမဖြစ်ရင် အကူး မခံရသေးလို့ပါ။ အတူဖြစ်ရင် နှစ်ယောက်လုံးသောက်ရမယ်။ Lesions on penis ကျားအင်္ဂါ အနာများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၄) ကို လိုသေးရင် ဖတ်ပါ။

27 Feb 11, 17:57
Q 8: အားဆေးတွေ စားတဲ့အခါ တစ်ရက်က မနက်စားလိုက်၊ နောက်တစ်ရက်က ညနေစားလိုက် အဲတာဟာ ဆေး အာနိသင်ကို ထိခိုက်စေနိုင်ပါသလား။ နောက်ပြီး Protinet ဆိုတဲ့ ပရိုတိန်းအားဆေးကို နေ့တစ်နေ့ရဲ့ ဘယ်အချိန်မှာ သောက်ဖို့ အသင့်တော်ဆုံးပါလဲ ခင်ဗျား။

PROTINET ဆေးဟာ Ayurveda အယုဗေဒနည်းနဲ့ ဖေါ်တဲ့ဆေး ဖြစ်တယ် သူ့စာအရတော့ (ပရိုတင်း) ကြွယ်ဝတယ်၊ အစားပျက်တာ၊ အသဲအားနည်းတာ၊ သွေးအားနည်းတာ၊ ချောင်းဆိုးတာ၊ အားနည်းတောတွေအတွက် ကောင်းပါသတဲ့။
PROTINET အရည်ဆိုရင် 10 to 15 ml ကို အစာစားပြီး တနေ့ ၂ ကြိမ် ရေနဲ့ သောက်ပါ။
အားဆေးတွေ စားတဲ့အခါ တစ်ရက်က မနက်စားလိုက်၊ နောက်တစ်ရက်က ညနေစားလိုက် အဲတာဟာ ဆေးအာနိသင်ကို ထိခိုက်စေနိုင်ပါသလား။
ဆေးညွှန်အတိုင်း သောက်တာသာ ကောင်းပါတယ်။ ယေဘုယျပြောရရင် အားဆေးတွေက အစာစားပြီချိန် မနက်-ညနေ ပုံမှန် သောက်ရပါတယ်။ မတူတာတွေလဲ ရှိပါတယ်။ နောက် ဘယ်အရာမဆို ပုံမှန်ကကောင်းတယ်။ လူ့ကိုယ်က ပုံမှန် ဖြစ်အောင် အမြဲကြိုးစားတယ်။ အစာခြေအရည်က ထွက်ရမဲ့အချိန် ရောက်ရင် ထွက်လာတယ်။

Feb 27, 2011 at 9:21 AM
Q 9: ၂ဝဝ၇ နှစ်ကုန်ပိုင်းလောက်က Pylo kit တပတ်သောက်ဆေးကို ၃ ရက်စာလောက်ပဲ သောက်ဖြစ်ခဲ့ပါတယ်။ အဲဒါသောက်ပြီး အန်လို့ ဆက်မသောက်ဖြစ်တော့ပါဘူး။ ၂ဝဝ၈ ခု ၁၁ လ ပိုင်း လောက်က Ranitidine နဲ့ Vave ဆိုတဲ့ အအန်ပျောက်ဆေးတွေ သောက်ခဲ့ဘူးပါတယ်။ ၂ဝ၁ဝ ခု ၅ လပိုင်း ခွင့်ပြန်တုန်းက ဆေးခန်းပြခဲ့ပါတယ်။ အဲတုန်းကလည်း Polyamine, Nuri gramler, Ranitidine, Vave ဆေးတွေ သောက်ခဲ့ဘူးပါတယ်။

ပြောပြတဲ့ဆေးတွေက Trade names တွေဖြစ်လို့ မပြောတတ်ပါ။ Ranitidine တခုသာ ဆေးနာမယ်ဖြစ်တယ်။ သူ့ကို အစာအိမ်လေနာအတွက် သုံးတယ်။ Histamine-2 blocker ဖြစ်တယ်။ အစာအိမ်ထဲက အက်စစ် ထွက်မှာကို တားဆီးတယ်။ အစာအိမ်၊ အူသိမ်အစအနာတွေအပြင် Zollinger-Ellison syndrome နဲ့ Gastroesophageal reflux disease (GERD) ရောဂါတွေအတွက်လဲ ပေးပါတယ်။

Sunday, February 27, 2011

Thalassemia (1) (သာလာဆီးမီးယား) သွေးအားနည်းရောဂါ (၁)

Feb 27, 2011 at 7:09 PM
ဆရာရှင့် ကျေးဇူးပြုပြီး Thalassemia အကြောင်းကို သိချင်လို့ပါ။

Anemia သွေးအားနည်းရောဂါ အမျိုးမျိုးထဲက တမျိုးဖြစ်တယ်။ နာမည် အမျိုးမျိုးရှိတယ်။ Mediterranean Anemia နဲ့ Homozygous Beta Thalassemia ခေါ်တယ်။ မျိုးဗီဇလိုက်တယ်။ အောက်စီဂျင်ကို သုံးပေးတဲ့ သွေးနီဥထဲက Hemoglobin (ဟီမိုဂလိုဘင်) ထုတ်လုပ်တာမှာ ပြဿနာရှိတာ ဖြစ်တယ်။ သွေး နီရတာက သူရှိလို့ဖြစ်တော့ သူနည်းရင် ဖြူဖျော့နေမယ်။ (ဟီမိုဂလိုဘင်) ဆိုတာ သံဓါတ်နဲ့ လုပ်ထားတယ်။ ဒီရောဂါရှိနေသူမှာ (ဟီမိုဂလိုဘင်) က ပြိုကွဲလွယ်နေလို့ သက်တမ်းမကုန်ခင် ပျက်စီးနေကြတယ်။ ဒါ့ကြောင့် မလုံလောက်တော့ဘဲ၊ သွေးအား နည်းလာတယ်။

အမျိုးအစား ၂ မျိုးရှိတယ်။
1. Thalassemia trait အမျိုးက သူကိုယ်တိုင် ရောဂါမပြပေမဲ့ သူ့မျိုးဆက်ကို သယ်ဆောင်ပေးနေတယ်။ သူကိုယ်တိုင် ဖြစ်ရင်လဲ သွေးအားနည်းတာ နဲနဲလောက်သာ ဖြစ်မယ်။ Hemoglobin A2 ဆိုတာတွေ ပိုများနေမယ်။
2. Thalassemia major က (မေဂျာ) ဆိုတာနဲ့အညီ ဆိုးတယ်။ မွေးမွေးချင်း ကောင်းပေမဲ့ ၃ လ နဲ့ ၈ လ အကြား ရောဂါပြမယ်။ ဖြူဖတ်ဖြူရော် ဖြစ်လာမယ်။ သိပ်မအိပ်ဘူး။ နို့စို့ နည်းမယ်။ အန်တာ ပိုမယ်။ မကုဘဲ ထားရင် ၈ နှစ်သား အထိသာ အသက်ရှင်မယ်။ ဖြူရော်တာအပြင် ခေါင်းကိုက်မယ်၊ အားယုတ်မယ်၊ အသက်ရှူ မဝဘူး၊ Jaundice အသားဝါ ဖြစ်လာမယ်၊ Spleen ဘေလုံးကြီးလာမယ်။ မျက်နှာရိုး ပုံမှန်မဟုတ်၊ ကြီးထွားမှု နှေးမယ်။

Alpha (အာလ်ဖါ) နဲ့ Beta (ဘီတာ) ဆိုပြီး ၂ မျိုးခွဲထားတယ်။ Alpha က အာဖရိကားတိုက်နဲ့ အမေရိကားမှာတွေ့ရမယ်။ အရှေ့တောင် အာရှ၊ တရုတ်မှာလဲ ရှိတယ်။ Beta အမျိုးက မြေထဲပင်လယ်ဒေသက ဂရိ၊ တူရကီ၊ ဆစ်စလီကျွန်း၊ အီတလီ တောင်ပိုင်း၊ ကော်စီကာ၊ ဆိုက်ပရပ်စ်၊ မောလ်တာ၊ နိုင်ငံ-ဒေသတွေမှာ များတယ်။ တရုတ်၊ တောင်အာရှ ဒေသတွေမှာလဲ ရှိတယ်။

တကမ္ဘာလုံးမှာ Beta thalassemia trait ရှိနေသူပေါင်း သန်း ၆ဝ ကနေ ၈ဝ အထိရှိမယ်။ စာရင်း အတိအကျ ကောက်ရင် ပိုများနိုင်တယ်။ Beta thalassemia major ကို Cooley's anemia ခေါ်သေးတယ်။

သွေးစစ်တာနဲ့ ရောဂါ ရှိ-မရှိသိတယ်။ သွေးနီဥတွေဟာ သေးနေမယ်။ နည်းနေမယ်။ ပုံသဏ္ဌာန် ပြောင်းနေမယ်။ တခြား သွေးအားနည်းရောဂါ Sickle-cell anemia နဲ့ မတူဘူး။ Thalassemia က အရည်အတွက်နဲ့ Sickle-cell anemia (ဆစ်ကယ်လ်-ဆဲလ်) သွေးအားနည်းရောဂါက အရည်အသွေးဆိုပြီး မတူကြတာပါ။ တခါတလေ ထပ်နေတတ်တယ်။

• Thalassemia trait ရှိနေသူကို ကုသပေးစရာ မလိုပါ။ အလွန်ဆုံး သံဓါတ်ဆေးသာ သောက်ခိုင်းမယ်။
• Thalassemia major ရှိနေသူတွေကို သွေးသွင်းပေးနေရတယ်။ တလတခါ ဆိုသလို သွင်းနေရတတ်တယ်။
• Desferal ဆေးထိုးပြီး သွေးထဲမှာ ပိုနေတဲ့သံဓါတ်တွေကို ရှင်းထုတ်ပေးနိုင်တယ်။
• လိုအပ်ရင် Splenectomy ဘေလုံး ခွဲထုတ်ပေးမယ်။
• Beta thalassemia ရောဂါရှိသူတွေကို Iron chelation ဆေးပေးတယ်။ Deferoxamine ကို အကြေားဆေး၊ ဒါမှမဟုတ် အရေပြားအောက် ထိုးပေးရတယ်။ အမေရိကားမှာ Deferasirox စားဆေးနဲ့ ဥရောပမှာ Deferoprone စားဆေးသုံးတယ်။
• သွေးသွင်းနေရရင် သံဓါတ်ဆေး မသောက်ရပါ။
• Bone marrow transplant ကို ကလေးတွေမှာ လုပ်ပေးတယ်။

သေဆုံးရတဲ့ အကြောင်းက Heart failure နှလုံး အလုပ်မလုပ်နိုင်တော့တာ ဖြစ်တယ်။ အသဲလဲ ထိခိုက်မယ်။ ရောဂါပိုး ဝင်လွယ်မယ်။ အသက် ၂ဝ နဲ့ ၃ဝ ကြား ဖြစ်တတ်တယ်။ သိပ်မဆိုးသူတွေမှာ အသက် ပိုရှည်ပါတယ်။ ဆိုးဝါးတဲ့ Alpha thalassemia major ရှိသူကနေ Stillbirth ကလေးအသေ မွေးနိုင်တယ်။

ဆိုးတဲ့ထဲမှာ ကောင်းတာလေးတွေ ရှိသေးတယ်။ ငှက်ဖျားထူရာတွေမှာ တွေ့တတ်ပြီး၊ ငှက်ဖျားကို ပိုပြီးခံနိုင်ရည် ရှိကြတယ်။ β thalassemia ကိုသယ်ဆောင်နေသူတွေဟာ Coronary heart disease နှလုံးသွေးကြောကျဉ်း ဖြစ်တာ နည်းတယ်။

ကာကွယ်ဘို့ကတော့ လက်မထပ်ခင် Genetic counseling မျိုးဗီဇ နဲ့ Prenatal screening ဆေးစစ်မှုတွေ လုပ်ရပါမယ်။ အိမ်ထောင်ရေးမှာ နှလုံးသားအပြင်၊ ဆရာဝန်ကိုလဲ အကူအညီ တောင်းပါ။

• Thalassemia (2) (သာလာဆီးမီးယား) သွေးအားနည်းရောဂါ (၂) http://dts-medicaleducation.blogspot.in/2012/05/thalassemia.html

Dr. တင့်ဆွေ
၂၈-၂-၂ဝ၁၁

Pregnancy and Painless childbirth ဗိုက်မနာဘဲ ကလေးမွေးခြင်း

ကလေး မွေးရတယ်ဆိုတာ တကယ်နာပါတယ်။ သားအိမ် ကြွက်သားတွေဟာ စိတ်ကနေ ထိန်းမရဘဲ မွေးခါနီးရင် ညှစ်လို့ နာရတာ ဖြစ်တယ်။ ဒီအနာမျိုးကို Painkillers အနာသက်သာဆေးတွေက မနိုင်ဘူး။ ဘိန်းပါတဲ့ Morphine အုပ်စုဆေး ကသာ ထိရောက်တယ်။ မွေးဖွါးဖြစ်စဉ် အစောပိုင်းမှာသာ သုံးရပြီး ဘေးထွက်ဆိုးကျိုး များလှတယ်။ သိပ်မသုံးကြပါ။

နာတာကလဲ စောစောပိုင်းမှာ နာလိုက်၊ နားလိုက်၊ နောက် နာတာကြာပြီး နားတာက တိုလာတယ်။ နာပုံ-နာနည်းကလဲ တိုးသထက် တိုးနာတယ်။ စောစောက စကားစမြီပြောနေတဲ့ လူနာ ရှုံ့မဲ့လာမယ်၊ နောက် အော်လာမယ်၊ အသံ ကျယ်သထက် ကျယ်လာတယ်။ မွေးပေးမဲ့ ဆရာဝန်-ဆရာမတွေက မသနားလို့တော့ မဟုတ်ပါ။ ကျေနပ်မှု ရနေကြတယ်။ ဘာလို့လဲဆိုတော့ မွေးလူနာဟာ မွေးဖွါးဖြစ်စဉ် ပုံမှန် ဖြစ်နေတာကို သတိထားနေလို့ပါ။ Progress တိုးတက်မှု ဖြစ်စဉ်က အတော် အရေးကြီးတယ်။ လူနာ အော်သံ တိတ်သွားရင် မကြိုက်ချင်ဘူး။ တနာရီတခါစမ်းလို့ သားအိမ်အဝဟာ လက် ၁လုံ၊ ၂ လုံး စသဖြင့် တိုးတိုး ပွင့်ရမှာက တန့်နေရင် မကြိုက်ချင်ဘူး။

အချက် (၇) ချက်ပြည့်စုံမှ ကလေး မွေးလမ်းကနေ ထွက်ပါမယ်။
1. Os full သားအိမ်အဝ လုံးဝပွင့်မယ်၊ ၁ဝ စင်တီမီတာ၊
2. Membranes rupture ရေမွှာပေါက်မယ်၊
3. Show သွေးနဲနဲနဲ့ အချွဲ ဆင်းမယ်၊
4. Desire to urinate and defecation ဆီးသွားချင်၊ ဝမ်းသွားချင် ဖြစ်လာမယ်၊
5. Anal pressure စအို ဝိုင်းလာမယ်၊
6. Bulge ညှစ်နေချိန်မှာ အပြင်ကစူလာနေတာ မြင်ရမယ်၊
7. Urge မဖြစ်မနေ ညှစ်ချင်လာမယ်။

မဖြစ်မနေ ညှစ်ချင်လာတယ်ဆိုတာကို မိခင်လောင်းက ထိန်းမရပါ။ နာမယ်မှန်း သိလျက်နဲ့ သူ့ခမြာ ညှစ်ပါမယ်။

အနာသက်သာဘို့ အထောက်အကူ ပေးနိုင်တာတွေ ရှိပါတယ်။ ရေ၊ သစ်သီးရည် များများ သောက်ပါ။ အုံးရည်သောက်ပါ။ အစားမာ လိုတာထက် ပိုမစားပါနဲ့။ ကလေးဖွါးနေတုံး ပျော်စရာ၊ ရီမောစရာတွေ ပြောဆိုပေးတာ ကောင်းတယ်။ တချို့က ဝါသနာပါရင် ကဘို့တောင် အကြံပေးတယ်။

ကလေးမွေးတာ အနာသက်သာအောင် လက်ခံထားတဲ့ နည်းတွေ ရှိတယ်။
1. အောက်စီဂျင် နဲ့ နိုက်ထရပ်စ်အောက်ဆိုက် အရောကို ရှူတာ ကလေးရော မိခင်လောင်းပါ စိတ်ချရတယ်။ ဒါပေမဲ့ နာတာအကုန် မသက်သာစေပါ။
2. Epidural analgesia (အပီဂျူရယ်) ခါးထုံဆေး၊ အထိရောက်ဆုံးနည်း ဖြစ်တယ်။ ကလေး-မိခင် စိတ်ချရတယ်။ တကမ္ဘာလုံးမှာ သုံးတယ်။ သုံးဘူးသူ ၈၅% မိခင်တွေက လိုလားနှစ်ခြိုက်ကြတယ်လို့ ဆိုတယ်။

Epidural analgesia (အပီဂျူရယ်) ခါးထုံဆေးနည်း
မေ့ဆေး-ဆရာန်ကသာ လုပ်ပေးမယ်။ ခါးရိုးမကြီးထဲမှာ ဦးနှောက်ကနေ အောက်ကို တန်းဆင်းနေတဲ့ အာရုံကြောမကြီး ရှိတယ်။ ခါးရိုးဆစ်တွေရဲ့နောက်က အထက်-အောက်တန်းနေတဲ့ ပြွန်လိုနေရာထဲမှာ အကာသုံးလွှာနဲ့ ဖုံးနေတာ ဖြစ်တယ်။ ဒီအာရုံကြောမကြီးကနေ ဘယ်-ညာ နှစ်ဘက်ကနေ အာရုံကြောတွေ ထွက်ပြီး ဆိုင်ရာဆိုင်ရာ နေရာတွေကို အလုပ်လုပ် ပေးနေတာပါ။ အဖုံးလွှာတွေထဲက အပြင်ဆုံးအလွှာရဲ့ အပြင်နေရာထဲကို Indwelling catheter (ကသီတာ) ဆေးထိုးပိုက် သေးသေးလေးနဲ့ သွင်းပြီး Diluted anaesthetic drugs ထုံဆေး ထိုးပေးရတယ်။ သတ်မှတ် ထားတဲ့ Lumber vertebrae ခါးရိုးဆစ် နှစ်ခုကြားကနေ ထိုးတာပါ။ Indwelling catheter ကို ဆွဲမထုတ်ဘဲ ထားရတယ်။ အောက်ပိုင်းက ထုံနေပေမဲ့ လူနာက လုံးဝ သတိကောင်းနေတယ်။

လုပ်စရာ လုပ်ပြီးတာနဲ့ Epidural catheter ကိုထုတ်တယ်။ ဆက်တော့ ထုံနေပါအုံးမယ်။ ဘာလုပ်လုပ် အန္တရာယ်ဆိုတာ ရှိတာပါ။ ဒီလိုလုပ်ရတာမှာ သွေးဖိအားကျမယ်၊ ကလေးကို သတိထားရမယ်၊ အဆင်မသင့်လို့ အာရုံကြောထိမှာကို သတိကြီးရတယ်။ တချို့မှာ ခေါင်းကိုက်နေတတ်တယ်။ ကလေးမွေးဖြစ်စဉ်ကို ကြည့်ပြီးမှ ဒီနည်းလုပ်မယ်-မလုပ်ဘူး ဆုံးဖြတ်ရတယ်။

ဒီနည်းကို Regular labor မွေးလမ်းက မွေးတာ၊ Cesarean Section ကလေး ဗိုက်ခွဲမွေးတာ Induced labors ကလေး တမင် မွေးလာအောင် လုပ်တာ၊ Forceps ညှပ်ဆွဲမွေးတာ၊ Vacuum လေဟာနယ်နဲ့ စုပ်မွေးတာတွေမှာ သုံးပါတယ်။

ကလေးမွေးတာမှာ မနာအောင် တမင်လုပ်ပေး မွေးတာကို Twilight sleep ခေါ်ကြတယ်။ အနုတ်ဘက်ကနေ ထောက်ပြတာတွေလဲ သိဘို့ သင့်ပါတယ်။
• မိခင်ဖြစ်မဲ့သူဟာ သူ့ရဲ့ Sense of responsibility တာဝန်ရှိတတ်မှုကို မေ့ထားရာကျတယ်။
• နောင်လဲဘဲ ကလေးဖွါးရတာ သာယာမှုလို့ ထင်မှတ်နိုင်တယ်။
• ခရစ်ယန် ဘာသာရေး ခေါင်းဆောင်တချို့က Sin against the will of God မကောင်းမှုလို့ ပြောတယ်။
• သဘာဝတရား မတားသင့်ဘူး။
• မွေးတဲ့အခါ သဘာဝအရ နာတာဟာ မိခင်နဲ့ကလေးကြား စည်းနှောင်မှုတခု ဖြစ်တယ်။
• ဗိုက်ခွဲမွေးရသူတွေမှာ ပိုလို့တောင် ရှိမယ်။
• ဒီလို စည်းနှောင်မှုမျိုး ဖခင်တွေက ဝယ်ယူမရနိုင်ကြပါ။
• ဆေးမှန်သမျှ ဘေးထွက်ဆိုးကျိုး မကင်းပါ။ ကုန်ကုန်ပြောရရင် (ပါရာစီတမော) ကနေ ကာရံမသင့်ရင် သေစေနိုင်တယ်လို့ ပြောရင် ငြင်းဘို့ ခက်တယ်။

မနာအောင် မွေးနည်းကို ၁၈၄၆ ကတည်းက စခဲ့တာပါ။ ဘုရင်မကြီး Queen Victoria ကလဲ အနာမခံနိုင်လို့ မေ့ဆေး-ထုံဆေး သုံးချင်ခဲ့တယ်။ Fanny Longfellow က ပဌမဆုံး မနာအောင် မွေးနည်းသုံးခဲ့တဲ့ အမေရိကန် First lady ဖြစ်တယ်။

ကလေးမွေးပြီးပြီးချင်း နောက်ကလေး မယူချင်တော့ပါဘူး ပြောသူ ရှိသလို၊ နုတ်အာကြမ်းသူတွေက သူနာနေတုံးမှာ သူ့ယောက်ျားကို ကျိန်ဆဲတတ်တယ်။ ကလေးကိုလဲ သန့်ရှင်း၊ သစ်လွင်နေတဲ့ အနှီးဖြူလေးနဲ့ပတ်ပြီး မိခင်လက်ထဲ အပ်လိုက်ရင်တော့ ပြုံးနိုင်သူတွေက များပါတယ်။

“ညီးကို မွေးပေးရတာ ဒို့အိပ်ရေး မပျက်ဘူး။ နောက် တယောက် မွေးရင်လဲ ဒီအချိန်ဘဲ လာခဲ့နော်” လို့ ပြောရင် -
“ဟုတ်ကဲ့ရှင့်” လို့ ဖြေပါတယ်။

Pain relief during labor ကလေးမွေးရင် မနာချင် http://dts-medicaleducation-adult.blogspot.in/2012/04/pain-relief-during-labor.html

Dr. တင့်ဆွေ
၂၇-၂-၂ဝ၁၁

Saturday, February 26, 2011

Japanese encephalitis ဂျပန်-ဦးနှောက်ရောင် ရောဂါ

Feb 26, 2011 at 10:24 AM
ဂျပန်-ဦးနှောက်ရောင် ရောဂါအကြောင်း အသေးစိတ်သိချင်လို့ပါ။ ၂ဝ၁ဝ ခုနစ်လပိုင်းက ကျမမောင်လေး ဒီရောဂါကို ခံစားခဲ့ရပါတယ်။

၁၉၃၄ တုံးက ဂျပန်-ပညာရှင် Hayashi ကနေ စတွေ့လို့ Japanese B encephalitis လို့ နာမယ်ပေးခဲ့တယ်။ အမျိုးကွဲ ၄ မျိုး ရှိတယ်။

ဂျပန်-ဦးနှောက်ရောင် ရောဂါ Japanese encephalitis virus (JEV) က (ဗိုင်းရပ်စ်) ကြောင့်ဖြစ်တယ်။ Arbovirus မျိုး ဖြစ်တယ်။ Culex tritaeniorhynchus နဲ့ Culex vishnui groups ခြင်ကနေကူးတယ်။ လူကနေ လူကို မကူးပါ။ ခြင်က စပါးခင်းတွေမှာ ပေါက်လို့ တောပိုင်းမှာ ရောဂါများတယ်။ မြင်း၊ ဝက်၊ ငှက်တွေကလဲ ပိုးသယ်ပေးနိုင်တယ်။ ဇွန်လကနေ စက်တင်္ဘဘာလအတွင်း ဖြစ်တာ များတယ်။

(အာစီယန်) ရောဂါလို့ ခေါ်ရမလားဘဲ။ မလေးရှား၊ မြန်မာ၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ လာအိုစ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ ဘရူနိုင်းလ်၊ ASEAN ၁ဝ နိုင်ငံလုံးမှာ ဖြစ်တယ်။ တရုပ်၊ တိုင်ဝမ်၊ ဘင်္ဂလားဒက်ရှ်၊ အိန္ဒိယ၊ နီပေါ၊ သိရိလင်္ကာ၊ သြစတေးလျ၊ ပါကစ္စတန်၊ ပါပူအာ-နယူးဂီနိ၊ ပစိဖိတ်ကျွန်းတွေမှာလဲ ဖြစ်တယ်။

ယောက်ျားလေးက မိန်းကလေးတွေထက် နဲနဲ (၁့၅း ၁့ဝ) ပိုဖြစ်တယ်။ ပိုးဝင်ရုံဝင်တာက လူရွယ်ပိုင်းမှာ အဖြစ်များပြီး၊ လက္ခဏာ ပေါ်တာက ကလေး (၂-၁ဝ နှစ်) တွေနဲ့ အသက်ကြီးသူတွေမှာ ပိုများတယ်။ လူ ၂၅ဝ ဖြစ်ရင် ၁ ယောက်သာ လက္ခဏာပြတယ်။

တခြား St. Louis encephalitis and West Nile encephalitis ဦးနှောက်ရောင် ရောဂါတွေနဲ့ ဆင်တူတယ်။ ပိုးရှိတဲ့ခြင် ကိုက်ခံရရင် နီးစပ်ရာ (လင့်ဖ်-နုတ်) တက်စေ့တွေဆီ ရောက်မယ်။ နောက် သွေးထဲကို ပိုးတွေ ရောက်မယ်။ နှလုံး၊ အဆုပ်၊ အသဲ နဲ့ တခြား နေရာတွေကို ပျံ့နှံ့မယ်။ ဦးနှောက်နဲ့ အာရုံကြောဆီ မရောက်ခင် ရက်နဲနဲနဲ့ ကောင်းသွားနိုင်တယ်။

ပိုးရှိတဲ့ခြင် ကိုက်ခံရပြီးနောက် ၄-၁၅ ရက်မှာ လာဖြစ်တယ်။ ဖျားမယ်၊ ခေါင်းကိုက်မယ်၊ ချမ်း-တုံမယ်၊ ပျို့-အန်မယ်၊ ကြွက်သားတွေ နာမယ်။ လည်ပင်း တောင့်တင်းနေမယ်။ အားယုတ်နေမယ်၊ ကြာရင် စိတ်အခြေအနေ ထိခိုက်လာတယ်။ စိတ်ရှုတ်ထွေးနေမယ်၊ စိတ်မတည်ငြိမ်တာကနေ တက်တဲ့အထိ ဖြစ်နိုင်တယ်။ ကလေးတွေဖြစ်ရင် ၆ဝ% ကတက်တယ်။ လက်တုံတာ၊ အလိုလိုကိုယ်-လက်လှုတ်တာ၊ စကားမပြောချင်တာ၊ (ရီဖလက်စ်) တုံ့ပြန်မှု လွန်ကဲနေမယ်၊ မျက်စိအထဲမှာ ရောင်မယ်။ (ပိုလီယို) သူငယ်နာ-အကြောသေနဲ့ ဆင်တူတယ်။

ကံမကောင်းသူတွေမှာ ဦးနှောက်ထဲက Thalamus (သဲလ်မတ်စ်)၊ Basal ganglia (ဘေဆယ်လ်-ဂင်ဂလီယာ)၊ Brain stem (ဘရိန်း-စတမ်)၊ Cerebellum (ဆယ်ရီဘယ်လမ်) Hippocampus (ဟစ်ပိုကင်းမ်ပတ်စ်) နဲ့ Cerebral cortex (ဆယ်ရီဘရယ်-ကောတက်စ်) တွေကို ရောက်မယ်။

စစ်ဆေးရင် M protein နဲ့ E protein တွေတွေ့မယ်။ သွေးနဲ့ ခါးရိုးဆစ်ထဲက အရည် စစ်ဆေးတာနဲ့ ရောဂါကို သေခြာ စေရတယ်။ မွေးမဲ့ကလေးကို ကူးတာလဲ ဖြစ်နိုင်တယ်။

ဖြစ်လာသူထဲက ၅-၁ဝ% သေဆုံးနိုင်တယ်။ ဆင်းရဲတဲ့နေရာတွေမှာ ၃၅% သေဆုံးနိုင်တယ်။ တကမ္ဘာလုံး ၁ နှစ်ကို တသောင်း သေရတယ်။ အာရှမှာ တနှစ်ကို လူနာသစ် ၃ သောင်းကနေ ၅ သောင်း တွေ့နေရတယ်။ သေဆုံးနှုံး ၁ဝဝဝ မှာ ၃ ယောက်ကနေ ၆ဝဝ အထိရှိတယ်။

(ဗိုင်းရပ်စ်) က ဖြစ်တာမှန်သမျှ တိကျတဲ့ ကုသဆေး မရှိပါ။ ထောက်ကူမှုတွေသာ လုပ်ပေးရပါတယ်။ ကုသဆေးသစ် Rosmarinic acid, Arctigenin, Curcumin, Minocycline တွေလဲ စမ်းသပ်နေပါတယ်။

တခါဖြစ်ဘူးရင် တသက်စာ ကာကွယ်ပြီးသား ခံနိုင်ရည်ရသွားတယ်။ ကနေ့အထိပေါ်တဲ့ ကာကွယ်ဆေးက Genotype III virus ကို အခြေပြုထားတာဖြစ်တယ်။ အင်္ဂလန်မှာ ကာကွယ်ဆေး ၃ မျိုးသုံးတာထဲက IXIARO သာ တရားဝင် ဖြစ်တယ်။ ၂ ခါထိုးရမယ်။ နောက်ဆေးသစ်တွေလဲ စမ်းနေပါပြီ။

ဖြစ်တဲ့သူရဲ့နောင်အလားအလာဆိုတာ ဖြစ်စေတဲ့ ဗိုင်းရပ်စ် အမျိုးအစား၊ အသက်၊ ကိုယ်ခံကျန်းမာရေး စတာတွေပေါ် မူတည်တယ်။ ဗဟိုအာရုံကြောစနစ် ထိသူတွေမှာ နောင်မှာလဲ နားအကြားချို့ယွင်းတာ၊ စိတ်လှုတ်ရှားမှုရှိနေတာ၊ ကိုယ်တခြမ်း အားနည်းတာတွေ ကျန်နေနိုင်တယ်။ ဖြစ်တဲ့သူထဲက ၃၃-၅ဝ%မှာ အာရုံကြောထိခိုက်မှု ကျန်နေတတ်တယ်။ ၁ နှစ်လောက်အထိ ကြာနိုင်တယ်။ တက်တာ၊ လှုတ်ရှားမှုချို့ယွင်းတာ၊ ၇၅%လောက်မှာ ၅ နှစ် အထိ နဲနဲလေး ကျန်နေနိုင်သေးတယ်။ ဗီတာမင် ဘီ၊ Nrurobion ဆေးတွေ သောက်နိုင်တယ်။ အထူးကုဆရာဝန်နဲ့ ပြသနေသင့်တယ်။

Dr. တင့်ဆွေ
၂၆-၂-၂ဝ၁၁

Teeth Grinding သွားကြိတ်ခြင်း

25 Feb 11, 19:49
Dr, I would like to know about Grinding Teeth. What is cause by? And how can I do for not grinding teeth when sleeping deeply in night time. How can I protect not for not to grinding teeth?

အိပ်နေတုံး နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် သိစိတ်နဲ့ဖြစ်ဖြစ် မသိစိတ်နဲ့ဖြစ်ဖြစ် သွားကြိတ်တာကို ပြောတာပါ။ Bruxism လို့လဲ ဆေးစာမှာ ခေါ်တယ်။

ဘာလို့ဖြစ်သလဲဆိုတာ ဆရာဝန်တွေက တယောက်ယူဆတာကို နောက်တယော်က သဘောတူချင်မှ တူကြတယ်။ စိတ်ဖိအားများတာ၊ အစားအသောက်၊ အိပ်တဲ့အနေအထား၊ စတာတွေဖြစ်နိုင်တယ်လို့ ယူဆတာကတော့ များတယ်။

ကိုယ်ကျန်းမာရေးနဲ့ရော သွားကျန်းမာရေပါ ဆိုင်တယ်။ အကြောင်းရင် အမျိုးမျိုး ဖြစ်နိုင်တယ်။ စိတ်ဖိအားကို အရင်ဆုံး သတ္တုချတယ်။ သွားဆရာဝန်ကတော့ သွားနေ တခုနဲ့တခု အနေမကျလို့ ဖြစ်တာလို့ ပြောမယ်။ ကလေးတွေလဲ ၁၅-၃ဝ% ဖြစ်တာဘဲ။ အကျင့်လိုပါနေတာလဲ ရှိတယ်။ ငယ်သွားရှိတုံးအကျင့်ရှိတာ သိပ်စိုးရိမ်စရာ မလိုပါ။

Reflex တုံ့ပြန်မှု မဟုတ်ဘူး Habit အကျင့်လို့ ထောက်ပြတာ ရှိတယ်။ အိပ်ရေး မမှန်တာကြောင့်လဲ ဖြစ်ရတယ်။ အရက်၊ Antidepressants စိတ်မကျဆေးတွေကနေ ပိုဆိုးစေနိုင်တယ်။ နာတာရှည် ဖြစ်နေသူတွေမှာ သွားကိုလာ ထိခိုက်စေနိုင်တယ်။ ကလေးတွေမှာ အအေးမိတာ၊ ပိုးဝင်တာတွေကြောင့် ဆက်ဖြစ်နိုင်တယ်။

• ကုပေးရတာရဲ့ရည်ရွယ်ချက်က သွားတွေကို ထိခိုက်တာ နည်းစေဘို့ ဖြစ်တယ်။
• Mouth guards and splints ဆိုတာတွေ အသုံးခိုင်းတယ်။ ဒေါ်လာ ၂ဝ ကနေ ၁ဝဝဝ ပေးရသတဲ့။
• Taste-based biofeedback method ကုနည်းတမျိုးလဲရှိတယ်။ ပိတ်ထားတဲ့အိတ်လေးထဲမှာ မကြိုက်မဲ့အရသာ Hot sauce, Vinegar, Denatonium benzoate ထည့်ပေးထားလို့ သွားကြိတ်ရင် အိတ်ကပေါက်ထွက်ပြီး လူက သတိ ရှိလာစေဘို့ ရည်ရွယ်တာဖြစ်တယ်။
• Botulinum toxin (Botox) ဆေးထိုးနည်းလဲ သုံးတယ်။
• Caffeine ကေဖင်းတွေပါတဲ့ Colas ကိုလာ၊ Chocolate ချော့ကလက်နဲ့ Coffee ကော်ဖီလျော့ စားသောက်ပါ။
• Chewing gum ပီကေ ဝါးတာ ဆင်ခြင်ပါ။
• အရက် လျော့ပါ။
• စားစရာ မဟုတ်တာတွေ ဥပမာ ခဲတံကိုက်တဲ့အကျင့် ဖျောက်ပါ။ နေရင်း-ထိုင်ရင် သွားကြိတ်တဲ့ အကျင့် ပြောင်းပါ။
• Stress စိတ်ဖိအား များနေရင် လျော့ပါ။ ဖျောက်ပါ။
• သွားအထူးကု-ဆရာဝန်နဲ့ တိုင်ပင်ပါ။
• Dental Night Mouth Guard, splint called the NTI-tss ခေါ်တဲ့ ကရိယာသုံးခိုင်းတယ်။
လူတိုင်းအဆင်ပြေတာတော့ မဟုတ်ပြန်ဘူး။
• Uoga deep-breathing exercises ယောဂ လေ့ကျင့်ခန်းလုပ်ပါ။
• မျက်နှာမှာ ရေနွေးပူဆွတ်ထားတဲ့အဝတ်ကပ်ပေးပါ။
• ခေါင်းအုံးကို ခေါင်းနဲ့ လည်ပင်းနေရာအောက်ကမြှင့်ထားပြီးအိပ်ပါ။

Dr. တင်ဆွေ
၂၆-၂-၂ဝ၁၁

Bee pollen ပန်းဝတ်မှုံ အာဟာရ

25 Feb 11, 21:32
တရုတ်ကထုတ်တဲ့ Bee pollen ဆေးကို ကိုယ်ဝန်ဆောင်မိခင်တွေ သောက်လို့ ရပါသလား။ ဆရာဝန် တော်တော် များများကတော့ မသောက်ခိုင်းပါဘူး။ တချို့ လူတွေက ပိုလန်ဆေးကို သောက်ရင် ကလေးကော လူကြီးပါ မွေးပြီးတာနဲ့ ကျန်းမာရေး ကောင်းတယ်လို့ ပြောပါတယ်။ အဲဒါ သောက်သင့် မသောက်သင့်နဲ့ သောက်လို့ ရမယ်ဆိုရင်ကော ဘယ်လို အတိုင်းအတာထိ သောက်သင့်သလဲဆိုတာ သိချင်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးက မေးခိုင်းလို့ပါ၊

ပျားကောင်တွေက ပန်းတွေကနေ ဝတ်ရည်စုပ်ယူကြတယ်။ လူတွေက ပျားကောင်တွေဆီကနေ စပါယ်ရှယ်နည်း သုံးပြီး ထုတ်ယူကြပြန်တယ်။ ပန်းဝတ်မှုံရည် အာဟာရမှာ Vitamins ဗီတာမင်၊ Minerals ဓါတ်ဆား၊ Enzymes အင်ဇိုင်းမ်၊ Amino acids အမိုင်နို-အက်စစ်တွေ ပါတယ်လို့ ဆိုပါတယ်။ Increase energy အားဖြစ်စေတယ်၊ Boost the immune system ရောဂါပြီး-စနစ် ကောင်းစေတယ်၊ Fight the effects of aging အိုစာတာကို ခံချနိုင်တယ်လို့လဲ ဆိုပါသေးတယ်။

တိတိကျကျ ထပ်ပြောသေးတာက Protein ပရိုတင်း၊ Carbohydrates ကာဗွန်ဟိုက်းရိတ်၊ Fatty acids ဖက်တီး-အက်စစ် တွေနဲ့အတူ Vitamin ဗီတာမင် A, C, D, E တွေတင်မကဘူး Lecithin, Beta-carotene နဲ့ Selenium ဆိုတာတွေပါလို့ Antioxidant effects ရစေပါသတဲ့။

ငယ်ရုပ်ဆင်ပေးနိုင်တယ်၊ ကိုယ်အလေးချိန် ကျစေမယ်၊ အမျိုးသားရော အမျိုးသမီးပါ လိင်စိတ် ပိုစေမယ်၊ အားယုတ်တာ သက်သာမယ်၊ အရေပြားနဲ့ ကြွက်သား တင်းနေစေမယ်တွေလဲ စာရင်းရှည်မှာ ပါသေးတယ်။ ပျို့တာ၊ အိပ်ရေးပျက်တာ၊ (အင်ဖက်ရှင်) ဝင်တာ၊ ဆေးအပြင်းတွေကြောင့် ရောဂါပြီးစနစ် ကျတာ၊ သွေးဖိအား ကျတာ၊ သွေးအား နည်းတာ၊ နှလုံး-ရောဂါ၊ ကင်ဆာ၊ ဝမ်းချုပ်တာတွေကို ကောင်းစေတယ်။ အားကစားလုပ်ရာ ပိုကောင်းစေတယ်၊ စိတ်ရောဂါ၊ Just about everything (၉၆) ပါး အကုန်လို့ပါ ပြောလိုက်တော့တယ်။

Allergies (အလာဂျီ) ကို ကုနိုင်တယ်လို့ ပြောတာတော့ လွန်သွားပုံရတယ်။ မဟုတ်ဘူး၊ ပြောင်းပြန်လို့ ဆိုသူက ဆိုတယ်။ ပန်းဝတ်မှုံ အနံ့က တချို့အတွက် အလွန်မွှေးပေမဲ့ တချို့က မတည့်လို့ ပန်းနာတောင်ဖြစ်နိုင်တာ သေခြာတယ်။ တချို့က ထောက်ပြထားတယ်။ Plant enzymes အပင်တွေက (အင်ဇိုင်း) က Human metabolic function လူ့ ဇီဝဖြစ်စဉ်နဲ့ မကိုက်ဘူးတဲ့။

ဘေးထွက် ဆိုးကျိုးတွေ များတော့ မများပါ။ အမေရိကားမှာ လူ ၅% က ပျားရည်၊ ပန်းဝတ်မှုံနဲ့ မတည့်လို့ (အလာဂျီ) ရကြတယ်။ ပန်းဝတ်မှုံအမျိုးမျိုးကနေ စုဆောင်းတာမို့ တမျိုးနဲ့တမျိုး မတည့်တာတွေ ပါနေတတ်တယ်။ ဥပမာ ဂန္ဓမာပန်းနဲ့ နေကြာပန်း။

သုံးချင်သူတွေ နာမည်ရတာထက် အသိအမှတ်ပြုခံထားရတဲ့ ကုမ္ပဏီက ထုတ်တာသာ ဝယ်ပါ။ အမှုံ့ကိုဝယ်ရင် Freeze dried Bee Pollen အေးခဲထားသာမှ ဓါတ်မပျယ်မယ်။

မျက်စိတော့ မရှန်ပါ၊ သူတို့ ရေးတာထဲမှာ ကိုယ်ဝန်အတွက် ကောင်းတယ်လို့ သီးသန့်ရေးတာ မတွေ့ပါ။ ကိုယ်ဝန်မှာ လိုတာက သံဓါတ်နဲ့ (ပရိုတင်း) များရမှာဖြစ်ပါတယ်။

Dr. တင်ဆွေ
၂၆-၂-၂ဝ၁၁

Friday, February 25, 2011

Neurofibromatosis ကော်ဖီရောင် အသားပိုလေးတွေ

24 Feb 11, 12:07
Neurofibromatosis type-2 ဆိုတာ ဘာရောဂါကို ခေါ်တာပါလဲ။ မနေ့က ဆေးရုံမှာ ဆေးစစ်ရင်း ဆရာဝန်က အဲဒီရောဂါ ရှိတယ်လို့ ပြောတယ်။ အသက် ၃၇ပါ။ ရင်ဘတ်မှာ ကော်ဖီရောင် အစက်လေးနဲ့ အသားပိုလေးတွေ တွေ့လို့။ တကိုယ်လုံး ရှာကြည့်တော့ သုံးလေး နေရာတွေ့ရတယ်။ အဲဒါ စိုးရိမ်ရတဲ့ ရောဂါလား။ ကင်ဆာတွေဘာတွေ ဖြစ်နိုင်ပါလား။ အသားပို ဆိုပေမယ့် ကြွက်နို့လိုမျိုးလည်း မဟုတ်ပဲ သူက ပျော့ညံ့ညံ့ အသားပိုလေး ဖြစ်နေပါတယ်။

Neurofibromatosis ဟာ မွေးရာပါ အာရုံကြောရောဂါတခု ဖြစ်တယ်။ အသားပိုလို့ ခပ်လွယ်လွယ်ခေါ်တဲ့ (တစ်ရှူး) တွေ လိုတာထက် ပိုပြီး၊ ပုံမှန်မဟုတ်ဘဲ ပွါးများ-တိုးပွါးလာတာဟာ Tumor အမျိုးအစားထဲမှာ ပါတယ်။ ဒီအုပ်စုကို ကင်ဆာနဲ့ ကင်ဆာ-မဟုတ်တာဆိုပြီး နှစ်မျိုးရှိတာမှာ အခုရောဂါက ကင်ဆာ-မဟုတ် အုပ်စုထဲကပါ။

ဆေးစာမှာ cafe-au-lait spots လို့ ခေါ်တာမို့ မေးတဲ့သူကနေ ကော်ဖီရောင် အစက်လေးလို့ ဖေါ်ပြချက်က တကယ့် ကွက်တိပါဘဲ။ စစချင်း ကော်ဖီရောင် ခပ်ညိုညို အစက်အပျောက်လေးကို စတွေ့တာချည်းဘဲ။ ဘယ်လိုမှလဲ မနေဘူး။ ယားလဲမယား၊ နာလဲ မနာပါ။ မျက်နှာ၊ လက်၊ ပေါင်၊ ကိုယ် ဘယ်နေရာမှမဆို ပေါ်နိုင်တယ်။ ပျော့စိစိနဲ့ ဘေးနှုတ်ခမ်းက သိပ်ချောမွေ့တာမို့ Coast of California (ကာလီဖိုးနီးယား) ကမ်းခြေလို့ တင်စားတယ်။

သုံမျိုး ရှိတယ်။
1. အမျိုးအစား (၁) က ၉ဝ% နဲ့ အများဆုံးဖြစ်တယ်။ (ခရိုမိုဇုမ်း ၁၇) မှာ ပြဿနာဖြစ်တယ်။
2. အမျိုးအစား (၂) ကို Central neurofibromatosis ခေါ်တယ်။ ၁ဝ%၊ (ခရိုမိုဇုမ်း ၂၂) မှာ ပြဿနာဖြစ်တယ်။
3. တတိယအမျိုး Schwannomatosis ဆိုတာ ၁ နဲ့ ၂ ရောဖြစ်တာ။

ကလေး မွေးမွေးချင်း ခေါင်းကို ပေကြိုးနဲ့ တိုင်းတယ်။ နည်းတာ မကောင်းသလို များတာထဲမှာ ဒီရောဂါလဲ ပါတယ်။ ကလေးဘဝ ကတည်းက ရောဂါစတွေ့တာလဲ ရှိတယ်။ များသောအားဖြင့် ၃-၁၆ နှစ်အရွယ်မှာ သိတာများတယ်။ အဓိက အရေပြားနဲ့ အရိုးမှာ လာပေါ်တယ်။ အရိုးမှာ ဖြစ်ရင် အရိုးပုံမမှန်တာ တွေ့လာနိုင်တယ်။ ဦးနှောက် နဲ့ ခါးရိုးထဲက အာရုံကြောတွေမှာလဲ ဖြစ်တဲ့သူတွေ ရှိတယ်။ အသက်ကြီးရင် များများလာတယ်။ အရုပ်ဆိုးလှတယ်။ အသက်ကို ဒုက္ခမပေးဘဲ ကြီးတဲ့အထိ နေသူတွေ အများကြီးဘဲ။

အမျိုးအစား (၂) က နဲနဲကြီးမှ သိတာများတယ်။ နားမှာ လာဖြစ်ရင် အကြားကို ထိခိုက်နိုင်တယ်။ ဟန်ချက်ကို ထိန်းရတာ ခက်ခဲနိုင်တယ်။ လူပျို-အပျိုရွယ်မှာ နားကောင်းကောင်း မကြားရင် ဒီရောဂါ ဟုတ်-မဟုတ် စစ်ရမယ်။ နားထဲမှာ အသံဆူနေတာလဲ ဖြစ်နိုင်တယ်။ ခေါင်းကိုက်မယ်၊ မျက်နှာက နာနေမယ်၊ အားယုတ်မယ်၊ ကိုယ်ကို ထိန်းရတာ မငြိမ်ဘူး။ ဦးနှောက်-အာရုံကြော နံပါတ် (၈) ကို စစ်ရတယ်။ ငယ်ငယ်နဲ့ မျက်စိတိမ် ရှိ-မရှိကြည့်ရမယ်။ မျက်စိမြင်လွှာ စစ်ရမယ်။ စောစောကတည်းက MRI ရိုက်လို့ တွေ့ရင် သေးသေးကတည်းက ခွဲလိုက်နိုင်တယ်။ လုံးဝကောင်းသွားမယ်။

တတိယအမျိုး ခေါ်နိုင်တဲ့ Schwannomatosis ဖြစ်ရင် ဦးနှောက်-အာရုံကြော နံပါတ် (၈) ကလွဲရင် တကိုယ်လုံးမှာ ပေါက်နိုင်တယ်။ အာရုံကြောကိုဖိလို့ နာတာက အဓိက လက္ခဏာဖြစ်တယ်။ တချို့ကျင်မယ်၊ ထုံမယ်။

ဆက်တွဲလက္ခဏာတွေဆိုတာက
1. Seizures တက်တာ၊ အမျိုးအစား (၁) ၄ဝ%၊
2. High blood pressure သွေးတိုးတာ၊
3. Scoliosis ခါးရိုးရောဂါ၊
4. Speech impairment စကားပြောချို့ယွင်းတာ၊
5. Optic nerve tumors မျက်စိထိခိုက်တာ၊
6. Early or delayed onset of puberty လူပျို-အပျိုဖြစ် စော-နောက်ကျတာ၊
7. Cancer ကင်ဆာပြောင်းတာ ၃-၅% ဖြစ်တယ်။

သူဖါသာ မပျောက်ပါ။ ရုပ်အမြင် ကောင်းချင်လို့ ခွဲထုတ်နိုင်တယ်။ ဆက်တွဲ လက္ခဏာကြောင့်လဲ ခွဲရမယ်။ ရှားရှားပါးပါး (၁) ကနေ ကင်ဆာ ပြောင်းသူတွေကို ဆေးပေးကုနိုင်တယ်။ အောင်မြင်နှုန်း မဆိုးပါ။

၁၈၈၂ တုံးက ဂျာမန် ဆရာဝန် ကနေ စတွေ့တာမို့ သူ့နာမယ်ယူပြီး von Recklinghausen disease ရောဂါလို့ နာမယ် ပေးခဲ့တယ်။ အခု အမျိုးအစား (၁) ကိုသာ အဲလိုခေါ်တယ်။ Neurofibromatosis Association အသင်းက အကောင်းမြင် ရှိတယ်။ နောင် ၅-၁ဝ နှစ်မှာ ကုသနည်းပေါ်နိုင်တယ်လို့ ပြောတယ်။

Dr. တင့်ဆွေ
၂၅-၂-၂ဝ၁၁

Thursday, February 24, 2011

Angular stomatitis ကျီးကန်းပါးစပ်နာ

Feb 24, 2011 at 7:31 AM
ကျနော့်မှာ မကြာခဏ (၂)လတကြိမ်နီးပါး အရပ်ခေါ် ကျီးပါးစပ်နာ ပေါက်တတ်ပါတယ်။ အောက်နုတ်ခမ်းနဲ့ လျှာဖျားမှာ အဖြစ်များပါတယ်။ အဲသလိုမဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်၊ ဘာဆေး သောက်ရမယ်ဆိုတာ -

ကျီးကန်းပါးစပ်နာကို Angular stomatitis (Cheilosis or Angular cheilitis) လို့ ခေါ်တယ်။ ပါးစပ်-ဒေါင့်စွန်း နှစ်ဖက်လုံးမှာ ဖြစ်တာများတယ်။ ကွဲကြောင်းလေးတွေ ဖျာထွက်လာမယ်။ သွေးထွက်တတ်တယ်။ အနာအထိ ဖြစ်နိုင်တယ်။ အနာကနေ မှိုပိုးဝင်လာရင် Candida albicans (Thrush) ဖြစ်မယ်။ ဗက်တီးရီးယားလဲ ဝင်နိုင်တယ်။

Vitamin B2 ဗီတာမင် ဘီ ၂ နည်းရာကနေစတယ်။ သံဓါတ်နည်း-သွေးအားနည်း ရောဂါနဲ့လဲ ဆက်နေတတ်တယ်။ သွပ်ဓါတ် နည်းတာကိုလဲ ထည့်စဉ်းစားရတယ်။ ကလေးတွေမှာ ဖြစ်ရင် Anorexia nervosa အာဟာရချို့တဲ့တာနဲ့ ဆက်စပ်နေမယ်။ ဟိုဟာ ဒီဟာတွေနဲ့ ရောနေတာကို ဆေးစာမှာ Plummer-Vinson syndrome (Paterson-Brown-Kelly syndrome) လို့ နာမယ်အရှည်ကြီး ပေးထားတယ်။ အသက်ကြီးသူတွေ မှာလဲ ဖြစ်တာဘဲ။ သွားတွေ မရှိတော့ ပါးစပ်က ပုံပြောင်းလာတယ် မဟုတ်လား။ ဆောင်းရာသီမှာ အဖြစ်များတယ်။

အစာအာဟာရ နည်းသူတွေမှာ အခုလို ကျီးကန်းပါးစပ်နာက မျက်စိနဲ့ မြင်နိုင်တယ်။ ဖြစ်တဲ့သူမှာ မျက်စိနဲ့ မမြင်နိုင်တာတွေလဲ ရှိနိုင်တယ်လို့ ပုလိပ်မျက်စိနဲ့ ကြည့်ရသေးတယ်။ ဘီ ၂ နည်းနေရင်၊ ဘီ ၁၊ ၃၊ ၆၊ ၁၂ လဲ နည်းနေလေမလား။ (စီ) တို့ (အေ) တို့ကော မနည်းပေဘူးလား။ သွားတိုက်ဆေးနဲ့ မတည့်တာလဲ မမေ့ရဘူး။

ကုတဲ့အခါ ဘာလို့ဖြစ်သလဲသိမှ တိကျတယ်။ အရေးအကြီးဆုံးက ဗီတာမင် ဘီ (၂)၊ ဆေးသောက်ပါ။ ကြွယ်ဝစာစားပါ။ Vitamin B 2, Riboflavin နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသဲ၊ အသီးအရွက်၊ ဆန်၊ ဂျုံ၊ ရိစ်။ တပါတည်း Vitamin C ရအောင် စိမ်းတဲ့ အသီးအရွက်-အသီးအနှံတွေလဲ စားပါ။

အနာလိုဖြစ်ရင်
• Topical antibiotic ပိုးသေဆေးတခုခု လိမ်းနိုင်တယ်။ အနာလိမ်းဆေးတိုင်းတော့ မသုံးပါနဲ့။ မျက်စဉ်းကို ထည့်ရင် ပါးစပ်ထဲဝင်လဲ ကိစ္စမရှိဘူး။ ဥပမာ Chloramphenicol ointment, Tetracycline ointment လိမ်းပါ။
• မှိုကြောင့်ဖြစ်ရင် Antifungal creams မှိုအတွက်လိမ်းဆေး Nystatin, Imidazoles, Bifonazole, Clotrimazole, Econazole, Ketoconazole, Nizoral®, Miconazole, Tioconazole တခုခုသုံးနိုင်တယ်။
• Antifungal drug မှိုအတွက်စားဆေး Imidazoles, Allylamines
• နောက်ပြီး စတီရွိုက်နဲ့ ရောထားတဲ့ဆေး Clotrimazole and Betamethasone, Nystatin and Triamcinolone Acetonide သုံးနိုင်တယ်။ ကော်တီဇုန်းဆေး
• စတီရွိုက်ဆေး 1% hydro cortisone လဲလိမ်းနိုင်တယ်။ ရေယုံဆိုရင် မသုံးပါနဲ့။

ဖြစ်တတ်သူတွေ Vitamin B Complex ဗီတာမင် ဘီ အုပ်စုဆေး ကြာကြာသောက်သင့်တယ်။ Malabsorption syndrome အစာစုပ်အား မကောင်းတဲ့ရောဂါနဲ့ တွဲနေသူကို B complex, B-12 ထိုးပေးရမယ်။

“Fissured tongue and Aphthous ulcer လျှာနာ အာနာ” ရေးထားကိုလဲ တွဲပါရစေ။

“လျှာကွဲတာ” နဲ့ “ပါးစပ်နာ” တွဲရေးပါရစေ။ Fissured or cracked tongue လျှာကွဲတာကို ပထဝီ-မြေပုံနဲ့ တူတယ်လို့ နှိုင်းကြတယ်။ ဒီလိုပြောတာ တော်သေးတယ်။ ယောက်ျား ကပ်ပဲ့အိတ်နဲ့ တူတယ်လို့ ပြောတာက သိပ်မမိုက်ဘူး။

Tongue cracks ဖြစ်တာက မွေးရာပါ ဖြစ်တတ်တယ်။ ငယ်ကတည်းကနေ စတယ်။ ကြီးလာလေ သိသာလေ။ Down syndrome ဆိုတဲ့ မွေးရာပါ ဦးနှောက် အားနည်းရောဂါရှိသူ ၁ဝ ယောက်မှာ ၈ ယောက်က ဒီလို လာဖြစ်တယ်။ ဒီအချက်က လွဲရင် အပူ-အစပ်စားတာ၊ ဆေးလိပ်၊ အရက်၊ စတာတွေ လွှဲချရတယ်။ ပါးစပ် အနံ့ပျယ်ဆေး အပြင်းသုံးတာ၊ သွားတိုက်ဆေး အပြင်းတွေကိုလဲ လက်ညှိုးထိုး မလွတ်ဘူး။ Malabsorption of Vitamin B ဗီတာမင် ဘီ ကို စုပ်မယူနိုင်တာ၊ အူမကြီး မကောင်းတာတွေကိုလဲ ထည့်စဉ်းစားရတယ်။

စိတ်ဖိအား များနေချိန်တွေမှာ အိပ်နေရင်း လျှာကိုက်မိတတ်တယ်။ စားတဲ့ အစာနဲ့ မတည့်တာ၊ အစာအိမ်-အက်စစ်ဓါတ်က အထက် တက်လာတာ၊ တချို့မှာ ဆီးချိုနဲ့ တွဲနေတတ်တယ်။ မှိုရောဂါကြောင့်လဲ ဖြစ်တတ်တယ်။ သွေးအားနည်းရောဂါ၊ ဗီတာမင်နဲ့ ဓါတ်ဆား နည်းတာတွေ ပါတယ်။ ဘာ့ကြောင့်ဆိုတာ သိဘို့ ခက်တတ်တယ်။ ဘာ့ကြောင့်ဖြစ်ဖြစ် ကင်ဆာ မဟုတ်ပါ။

တရုပ် တိုင်းရင်းဆေးနည်း အလိုအရ ဘေလုံးနဲ့ အစာအိမ် မျှခြေပျက်တာတဲ့။ တရုပ် အပ်စိုက် ဆရာတွေက အပူကဲတာနဲ့ (ယင်) အားနည်းတာလို့ ဆိုတယ်။ လျှာဘေးတွေကဖြစ်ရင် အသဲ၊ လျှာဖျားဖြစ်ရင် နှလုံး၊ လျှာလည်မှာဖြစ်ရင် ဘေလုံး၊ လျှာနောက်က ဖြစ်ရင် ကျောက်ကပ်လို့ သတ်မှတ်တယ်။

ဖြစ်စေတာက မသေခြာတော့ ကုရတာလဲ ခက်တယ်။ နောက်ဆက်တွဲ အခက်အခဲတွေ ဝင်လာနိုင်တယ်။ အစားအစာတွေ ညပ်နေတတ်တယ်။ မှိုရောဂါဝင်လာရင် Antifungal ဆေးပေးရမယ်။ Paracetamol တို့ Ibuprofen တို့လို အနာသက်သာဆေး၊ Vitamin B Complex ဗီတာမင်ဘီအုပ်စုဆေး၊ ဗက်တီးရီးယားပိုး ဝင်ရင် ပဋိဇီဝဆေး ပေးမယ်။ ဟင်းသီးဟင်းရွက် စိုစိုစိမ်းစိမ်း စားရပါမယ်။

ပါးစပ်နာတွေထဲမှာ လူတွေအများဆုံး ဖြစ်ကြတာကို Aphthous ulcer လို့ ဆေးစာနဲ့ခေါ်တယ်။ အင်္ဂလိပ်လို Cold sores လို့ခေါ်တယ်။ ဗမာအရပ်ခေါ်က ပြောင်းပြန်ဖြစ်နေတယ်။ အပူကန်နာလို့ ပြောကြတယ်။ ပါးစပ်ထဲ ဘယ်နေရာမဆို ဖြစ်တယ်။ အောက်နုတ်ခမ်းမှာ အဖြစ်များတယ်။ လျှာအောက်လဲဖြစ်၊ ပါးစောင်လဲ မလွတ်ဘူး။ တခုမကလဲဖြစ်။ ဖြစ်ပြီး ပျောက်၊ ပျောက်ပြီး ပြန်ပေါက်တတ် သေးတယ်။

ဘာလို့ ဖြစ်သလဲ။ ဗီတာမင်ချို့ယွင်းလို့ မဟုတ်ပါ။ ရောဂါပိုးဝင်လို့ မဟုတ်ပါ။ အစာစားချိန် မမှန်သူ၊ ခရီးသွားနေရလို့၊ ဝမ်းသွား မမှန်သူ၊ အလုပ်များသူ၊ စိတ်ရှုတ်သူတွေမှာ ဖြစ်တယ်။ အားနည်းနေချိန်မျိုးမှာ လာဖြစ်တတ်တယ်။ အပူများတာ (ကော်ဖီ၊ လက်ဘက်ရည်) သောက်မိသူ တွေမှာလဲ ဖြစ်လေ့ရှိတယ်။ အရက်-ဆေးလိပ်လဲ စာရင်းထဲမှာ ပါတယ်။ အစပ်များတာ စားမိသူကိုလဲ ထည့်ရေးကြပေမဲ့ တကယ် အစပ်စားသူတွေမှာ ပိုဖြစ်တာ မတွေ့ဘူးပါ။ ရွှေလံဘို ငရုတ်စားတဲ့ နာဂတွေ၊ ကသည်းတွေမှာ (ဗမာလဲ ပါတယ်) ထူးဖြစ်တာ မရှိပါ။

အနာပုံစံက တခါတွေ့ဘူး၊ မှတ်ထားဘူးရင် မလွဲနိုင်ဘူး။ ခပ်ဝိုင်းဝိုင်းနေမယ်။ တလက္မရဲ့ ၁ဝ ပုံ ၁ ပုံကနေ ၅ ပုံလောက် အထိ ကြီးတယ်။ အလည်ပိုင်းက ခပ်ဝါဖြူဖြူနဲ့ ခွက်နေပြီး၊ ဘေးနုတ်ခမ်းက နီရဲနေမယ်။ ဖြစ်ရင် အတော်နာတယ်။ ပူစပ်နေမယ်။ ရေသောက်တာတောင်မှ မခံချင်ဘူး။ ထမင်းစားရင် သိပ်ဒုက္ခရောက်တယ်။

• ဆားရည်နဲ့ တနေ့ ၂ ကြိမ်၊ ပါးစပ်ဆေးပါ။
• ဗီတာမင် ဘီအုပ်စု နဲ့ ဗီတာမင်စီ များများ ပေးတယ်။
• အနာပေါ်ကို Glycerin အလှဆီ လိမ်းပေးနိုင်တယ်။
• ထောပတ်၊ ပျားရည်လဲ လိမ်းကြတယ်။ တချို့က ညောင်ရွက်ကို ကြိတ်ပြီး လိမ်းတယ်။ ကြက်သွန်ဖြူလဲ သုံးကြတယ်။
• အစာအိမ်နာရောဂါ ရှိနေသူတွေကို အုန်းဆီ နဲနဲ သောက်ခိုင်းတယ်။
• သင်္ဘောသီးမှည့် စားတာ ကောင်းတယ်။
• ဂျုံစာထက် ဆန်စာက ပိုသင့်တယ်။
• ထုံဆေးလိမ်းဆေးကို သုတ်လိမ်းလိုက်ရင် ခဏလောက် မနာတော့ဘဲ ထမင်းစားနိုင်လိမ့်မယ်။ ထုံဆေး ပျယ်ရင် ပြန်နာမယ်။
• မပျောက်နိုင်သူတွေကို Corticosteroids ပါတဲ့လိမ်းဆေး ပေးနိုင်တယ်။
• Paracetamol တို့ Ibuprofen တို့လို အနာသက်သာဆေး သောက်ခိုင်းတယ်။
• Gentian violet paint ခရမ်းရောင်ဆေး လိမ်းရင် ပိုးဝင်တာ ကာကွယ်နိုင်တယ်။
• ရေများများသောက်ပါ။ (မနာရင်ပေါ့။)

ကုဘို့ဆိုတာ ဖြစ်စေတာကို ပြင်ရမှာ အဓိက ဖြစ်တယ်။

Dr. တင့်ဆွေ
၂၅-၁၂-၂ဝ၁ဝ


Wednesday, February 23, 2011

Hemoglobin E ဟီမိုဂလိုဗင် (အီး)

23 Feb 11, 09:28
မေးခွန်းများ
(၁) 23 Feb 11, 09:28
ဟေမိုဂလိုဗင် အီး အကြောင်း သိပါရစေဆရာ။ မိဘက သယ်ဆောင်သူ ဖြစ်နေရင် ကလေးတွေမှာ ဘယ်လို သက်ရောက်နိုင်ပါသလဲ။ ဘယ်လို ကုသတားဆီး သက်သာအောင် လုပ်လို့ ရနိုင်ပါသလဲ သိပါရစေ။

(၂) Sun, Aug 11, 2013 at 1:56 AM
ကျွန်တော်တို့ရဲ့ သားဦးရတနာကို ၁၅ ရက် ဇူလိုင့့် မှာ မွေးဖွားပါ တယ်။ ဒုတိယနေ့မှာ အသားဝါလို့ Phototherapy လုပ်ရပြီး၊ သွေးတွေအကြိမ်ကြိမ်ဖေါက်လို့ စိတ်မကောင်း ဖြစ်ရပါသေးတယ်။ ၂ ပါတ် ပြည့်တော့ မွေးတဲ့ဆေးရုံက ကလေးဆရာဝန်နှင့် follow up လုပ်တော့ Result တခု အရ Hemoglobin E Disease တွေ့တယ်ပြောပြီး Specialist doctor နှင့်တွေ့ ရန်ပြောပါတယ်။ ရက်ချိန်းကလည်း လကုန်မှရပါတယ်။ အခု သားက ၃ ပါတ်ထဲမှာပါ။ စိုးရိမ်ရပါသလားခင်ဗျား။

Hemoglobin E (HbE) ဆိုတာ ပုံမှန် မဟုတ်ထဲ့ (ဟီမိုဂလိုဘင်) ဖြစ်တယ်။ (ဟီမိုဂလိုဘင်) ဆိုတာက သွေးနီဥထဲမှာရှိပြီး၊ အသက်ရှူတဲ့ထဲက အောက်စီဂျင်ကို အသုံးပြုနိုင်တဲ့ သံဓါတ်နဲ့ လုပ်ထားတာ ဖြစ်တယ်။ အရေးပါလှတယ်။

Homozygous အမျိုးအစား ရှိသူတွေမှာ Mild hemolytic anemia သွေးအားနည်းရောဂါ နဲနဲရှိနေတတ်တယ်။ Spleen ဘေလုံး ကြီးနေနိုင်တယ်။ Heterozygous အမျိုးအစားက ဘာလက္ခဏာမှ မပြပါ။ Hb A နဲ့ Hb S ပြီးရင် တတိယ အများဆုံး ဖြစ်တယ်။ အသားမဲတွေနဲ့ တောင်အာရှမှာ တွေ့ရတာ များတယ်။ Electrophoresis ဓါတ်ခွဲ-စမ်းသပ်နည်းနဲ့သာ ရောဂါကို ခွဲခြားလို့ရတယ်။ Homozygous ရှိသူတွေမှာ ရောဂါရှိလာရင် သွေးသွင်းနေရမယ်။

မိသားစုလိုက်ဖြစ်ရတယ်။ တားဆီးလို့တော့ မရပါ။ ရောဂါလို့ မသတ်မှတ်ပါ။ Iron deficiency anemia သံဓါတ်နည်း-သွေးအားနည်း ရောဂါလဲ ရှိမနေအောင် လုပ်ရမယ်။ သံဓါတ်ဆေး-အစာ ပေး-ကြွေးမယ်။ သွေးအထူးကုဆရာဝန်နဲ့ ပြသ-ကုသရမယ်။

Hemoglobins (ဟီမိုဂလိုဘင်) အမျိုးပေါင်း ရာနဲ့ရှိတယ်။ Hemoglobin A, Hemoglobin A2 နဲ့ Hemoglobin F တွေက ပုံမှန်တွေဖြစ်တယ်။ Hemoglobin S, Hemoglobin C နဲ့ Hemoglobin E တွေက ပုံမှန်မဟုတ်ဘူး။ Hemoglobin Constant Spring, Hemoglobin H နဲ့ Hemoglobin Barts တွေလဲ ရှိသေးတယ်။

• Hemoglobin S ကနေ မျိုးဗီဇရလို့ Sickle/beta-thalassemia ရောဂါဖြစ်မယ်။
• Hemoglobin Constant Spring ကနေ မျိုးဗီဇရလို့ Alpha thalassemia ရောဂါဖြစ်မယ်။
• Hemoglobin E ကနေ မျိုးဗီဇရလို့ Hemoglobin E/beta-thalassemia ပိုဆိုးတဲ့ ရောဂါဖြစ်မယ်။

E ß-thalassemia သွေအားနည်းရောဂါ မှာ ရက်တိုနဲ့ နာတာရှည်ဖြစ်မယ်။ ဆိုးဝါးသူတွေမှာ အသဲနဲ့ ဘေလုံးကြီးမယ်။ သွေးခဲပိတ်တာ ဖြစ်ရင် ဘေလုံး ထုတ်ပြစ်ရမယ်။ လူကြီးထွားတာ နှေးမယ်။ လိင်ပိုင်းပြောင်းလဲတာ နှေးတတ်တယ်။ အရိုးတခုခု ဖြစ်တတ်တယ်။ သံဓါတ် ကဲနေတာလဲ ဖြစ်တတ်တယ်။ နှလုံး-အဆုပ်ရောဂါ ဝင်တတ်တယ်။

သွေးအထူးကုဆရာဝန်နဲ့ ပြသနေသင့်တယ်။ Splenomegaly ဘေလုံးကြီးနေရင် တချိန်မှာ Splenectomy ဘေလုံး ခွဲထုတ်ရနိုင်တယ်။ Iron overload သံဓါတ်ကဲမနေအောင် စစ်ဆေးနေမယ်။ Cardiopulmonary disease နှလုံး-အဆုပ်ရောဂါ ဖြစ်မလာအောင် စစ်ဆေးမယ်။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၁
၁၂-၈-၂ဝ၁၃

Monday, February 21, 2011

Lymphangiomas (လင်ဖန်ဂျီယိုးမား) လည်ပင်း အကျိတ် တမျိုး

2/20/2011 8:42 AM
ကျနော့်အသက် ၂၆ နှစ်ပါ။ ကျနော့်လည်ပင်းမှာ လွန်ခဲ့တဲ့ ၈ လလောက်က အကျိတ်ပေါ်ပါတယ်။ အကျိတ်ဖြစ်တဲ့နေရာက အနည်းငယ် ကြီးနေရာကလွဲလို့ ဘာခံစားမှုမှမရှိပါ။ အကျိတ်ကလည်း လည်ပင်း ရဲ့ ညာဘက်မှာ ဆားငံသီးစေ့လောက် ရှိပြီး၊ ဒီတိုင်းကြည့်ရင် မမြင်ရဘဲ မော့ကြည့်မှ သိတာပါတယ်။ ဆရာဝန်ကြီးက Lipoma (အဆီကျိတ်) ဖြစ်တယ်လို့ ပြောပြီး ဆေးရုံတက် ခွဲဖို့ အကြံပေးပါတယ်။ ခွဲတာကတော့ ပြီးခဲ့တဲ့ ၁ ပါတ်ကခွဲတာပါ၊ ထုံဆေးနဲ့ ENT မှာခွဲပါတယ်။

ထုံဆေးနဲ့ ဆိုတော့ ဆရာဝန်ကြီးတွေ လုပ်ကိုင်ပြောဆိုနေတာ အကုန် ကြားရပါတယ်။ ဆရာဝန်ကြီးက Lipoma မဟုတ်ဘဲ muscles အောက် ရောက်နေတယ်လို့ ပြောသံကြားပါတယ်။ နောက် Biopsy လုပ်ပါတယ်၊ Biopsy Result က ကောင်းတယ် ဒါပေမဲ့ ပြန်ဖြစ်နိုင်တယ်၊ ပြန်ဖြစ်ရင်တော့ မေ့ဆေးနဲ့ ခွဲရမယ်လို့ ပြောပါတယ်။ Biopsy Result ရဲ့ conclusion မှာတော့ Cystic Lymphangioma neck လို့ ရေးထားပါတယ်။ ဆရာဝန်ကြီးကိုလဲ မေးဖို့ အခွင့်မကြုံတာမို့ ကျနော့် ရောဂါနဲ့ ရှောင်သင့်တာတွေ ပြောပြပေးပါ။

• Lymphangiomas (လင်ဖန်ဂျီယိုးမား) ဆိုတာ (လင့်ဖ်) သွေးပြန်ရည်လမ်းမှာ ပုံမှန်မဟုတ်ဖြစ်လို့ အကျိတ် ဖြစ်လာတာပါ။
• သွေးပြန်ရည်စနစ်ဆိုတာတာ လူတိုင်းမှာရှိတယ်။ တကိုယ်လုံးက (တစ်ရှူး) တွေထဲက ပိုနေတဲ့အရည်တွေကို သွေးပြန်ကြော စနစ်ထဲ လာထည့်ပေးနေတာဖြစ်တယ်။
• (လင်ဖန်ဂျီယိုးမား) က အရွယ်မရွေး ဖြစ်နိုင်တယ်။ ငယ်သူတွေက အဖြစ်များတယ်။ အသက် ၂ နှစ်အောက် လည်ပင်းမှာ ဖြစ်တာ ၉ဝ% ရှိတယ်။
• မွေးကတည်းက ဖြစ်တာလဲ ရှိတယ်။
• မွေးပြီးမှ ဖြစ်သူတွေမှာ (အင်ဖက်ရှင်) ရောဂါပိုးဝင်တာ၊ ခိုက်မိတာနဲ့ (လင့်ဖ်) လမ်းပိတ်တာတွေကြောင့် ဆက်ဖြစ်လာစေတယ်။
• အများဆုံးက Benign lesions ခေါ်တဲ့ ကင်ဆာမဟုတ်ရောဂါပါ။ ခပ်ပျော့ပျော့၊ ဖြေးဖြေးသာကြီးကြီးလာတယ်။
• Lipoma အဆီအကျိတ်၊ Sebacious cyst ချွေးထွက်အကျိတ်တွေနဲ့ သိပ်တူတယ်။
• Capillary အမျှဉ်၊ Cavernous lymphangiomas အခေါင်း နဲ့ Cystic hygromas (ဆစ်စတစ်-ဟိုက်ဂရိုးမား) ဆိုပြီး ၃ မျိုး ရှိနိုင်တယ်။ Hemangiolymphangioma သွေးပါတာက မွေးရာပါ။
• Capillary lymphangiomas တွေက (လင့်ဖ်) အမျှဉ်သေးသေးလေးတွေ ဖြစ်ပြီး အရေပြားအပေါ်ယံမှာ ရှိတယ်။
• Cavernous lymphangiomas တွေက (လင့်ဖ်) အကြော ခပ်ဖေါင်းဖေါင်းနဲ့ သူ့ဘေးက (တစ်ရှူး) တွေနဲ့ ရောနေတယ်။
• Cystic hygromas ဆိုတာ ကောက်ရိုးရောင် အရည် ပြည့်နေမဲ့ အိတ်သေးသေးလေးတွေ ဖြစ်တယ်။
• Hemangiolymphangioma မှာ သွေးပါမယ်။
• Microcystic lymphangiomas အသေးစားနဲ့ Macrocystic lymphangiomas အကြီးစား နဲ့ Mixed lymphangiomas အသေး + အကြီးစား လို့ ခွဲနိုင်သေးတယ်။
• လည်ပင်းက (ဟိုင်းဝိုက်) အရိုးနုရဲ့ အထက်နဲ့ အောက် ဆိုပြီး ခွဲစိတ်-ဆေးပညာမှာ စနစ်တကျ ပြောသေးတယ်။ အောက်တဖက်ထဲ၊ အထက်တဖက်၊ အောက်နှစ်ဖက်၊ အထက်နှစ်ဖက် နဲ့ အောက် + အထက် နှစ်ဖက်။
• အမျိုးအစားအလိုက် ကုရမယ်။ Aspiration စုပ်ထုတ်နည်း၊ Surgical excision ခွဲထုတ်နည်း၊ Laser လေဆာနည်း၊ Radiofrequency ablation ဓါတ်ရောည်ခြည်နည်း နဲ့ Sclerotherapy ဆေးထိုးနည်းတွေနဲ့ ကုနိုင်တယ်။
• ခွဲထုတ်တာ အကောင်းဆုံးနည်းဖြစ်တယ်။
• ခွဲစိတ်တာတောင် Cystic hygroma ဆိုရင် မကောင်းတဲ့ (တစ်ရှူး) တွေ ထုတ်ရတယ်။ ဒါပေမဲ့ မျက်စိနဲ့ခွဲလို့ မရတတ်ဘူး။ ဒါ့ကြောင့် ပြန်ဖြစ်တတ်တယ်။ လူနာအတော်များများ နှစ်ခါ ခွဲရတယ်။
• လည်ပင်းမှာ မဟုတ်ဘဲ ချိုင်းနဲ့ ရင်ခေါင်းအထဲမှာလဲ ဖြစ်တတ်တယ်။
• ခွဲစိတ်ထုတ်နည်း လုပ်တဲ့အခါ -
1. Meticulous surgical excision အထူးဂရုစိုက် ခွဲစိတ်နည်း ဆိုပြီး၊ လုပ်နိုင်တာ ကောင်းတယ်။
2. Local recurrences အရင်နေရာမှာ ပြန်ဖြစ်တာ၊
3. Fistula malformation မတူတဲ့ မျက်နှာပြင် နှစ်ခုအကြား လမ်း (ပြွန်) ဖြစ်တာ နဲ့
4. Infection (အင်ဖက်ရှင်) ရောဂါပိုးဝင်တာတွေ ကို သတိထားရမယ်။

Dr. တင့်ဆွေ
၂၁-၂-၂ဝ၁၁

Sunday, February 20, 2011

Human Heart လူ့နှလုံး

17 Feb 11, 12:10
နှလုံးအကြောင်းကို အသေးစိတ်သိချင်လို့ပါ။ နှလုံးနဲ့ပက်သက်တဲ့ Vocabulary တွေရယ် နှလုံးသွေး အလုပ်လုပ်ပုံရယ်၊ နှလုံးကြွက်သား အကြောင်းတွေရော ပြည့်ပြည့်စုံစုံ အသေးစိတ်သိချင်ပါတယ်။

1. Right Coronary ညာ (ကိုရိုနရီ)
2. Left Anterior Descending ဘယ် ရှေ့-အဆင်း
3. Left Circumflex ဘယ် ပတ်လည်
4. Superior Vena Cava (ဆူပီးရီးယား-ဗီနာကေဗာ)
5. Inferior Vena Cava (အင်ဖီးရီးယား-ဗီနာကေဗာ)

6. Aorta (အေရိုတာ)

7. Pulmonary Artery (ပါလ်မိုနရီ-အာထရီ)
8. Pulmonary Vein (ပါလ်မိုနရီ-ဗိန်း)
9. Right Atrium ညာ (အေထရီယမ်)
10. Right Ventricle ညာ (ဗင်ထရီကယ်လ်)
11. Left Atrium ဘယ် (အေထရီယမ်)
12. Left Ventricle ညယ် (ဗင်ထရီကယ်လ်)
13. Papillary Muscles (ပက်ပလရီ) ကြွက်သား
14. Chordae Tendineae (ခေါ်ဒေး-တင်ဒီနေး)
15. Tricuspid Valve (ထရိုင်ကပ်စ်ပစ်-ဗာ့လ်ဖ်)
16. Mitral Valve (မိုင်ထရယ်-ဗာ့လ်ဖ်)
17. Pulmonary Valve (ပါလ်မိုနရီ-ဗာ့လ်ဖ်)

လူ့ Heart နှလုံးဟာ အခေါင်းပါ-အခန်းပါ-ကြွက်သားနဲ့လုပ်တဲ့ အင်္ဂါ ဖြစ်တယ်။ အဖျားရှူးလို့ Cone-shaped ခေါ်တယ်။ ရှေ့မှာ Sternum ရင်ညွန့်ရိုး၊ နောက်မှာ Thoracic vertebral column ရင်ခေါင်းပိုင်း-ကျောရိုး ရှိတယ်။ ရှေကကြည့်ရင် နှလုံးရဲ့ ၃ ပုံ ၂ ပုံ က ဘယ်ဘက်ခြမ်းမှာ ရှိတယ်။ နှလုံးထိပ် ချွန်တဲ့နေရာကို Apex (အေးပက်စ်) ခေါ်တယ်။ နှလုံးဟာ Pump (ပန့်မ်) စုတ်ထုတ်စက် သဘောဖြစ်တယ်။ အမှန်က စုတ်ထုတ်စက် နှစ်ခုတွဲထားသလို ဖြစ်ပါတယ်။

ယောက်ျား-လူကြီး လက်သီးဆုပ် အရွယ်ရှိတယ်လို့ ပြောနိုင်တယ်။ အတိုင်းအတာ ပြောရရင် ၅ x ၃့၅ x ၂့၅ လက္မ။ အမျိုးသမီး နှလုံးက ၉ အောင်စ (၂၅ဝ ဂရမ်)၊ အမျိုးသားတွေမှာ ၁ဝ့၅ အောင်စ (၃၅ဝ ဂရမ်) လေးပါတယ်။ (ဝန်ကြီးချုပ်ဟောင်း ဦးနုက ဦးနှောက်ထက် နှလုံးသားကြီးသူလို့ ရေးဘူးတယ်။) အလွှာ ၃ ထပ်ရှိတယ်။ အတွင်းဆုံး ထပ်ကို Endocardium (အင်ဒိုကားဒီးယမ်)၊ အလယ်ထပ်ကို Myocardium (မိုင်ယိုကားဒီယမ်) နဲ့ အပြင်ဆုံးက အဖုံးကို Pericardium (ပယ်ရီကားဒီယမ်) ခေါ်တယ်။ အဖုံးက နှစ်လွှာပါ-အိတ်လိုရှိလို့ Pericardial sac (ပယ်ဒီကာဒီရယ်-ဆက်) ခေါ်တယ်။ အိတ်ထဲမှာ အရည်နဲနဲ ရှိနေတယ်။

Chambers of the Heart အခမ်း ၄ ခန်း
1. Right atrium (RA) ညာ အထက်ခန်း၊ (ရိုက်-အေထရီယမ်)၊
2. Right ventricle (RV) ညာ အောက်ခန်း၊ (ရိုက်-ဗင်ထရီကယ်လ်)၊
3. Left atrium (LA) ဘယ် အပေါ်ခန်း၊ (လက်ဖ်-အေထရီယမ်)၊
4. Left ventricle (LV) ဘယ် အောက်ခန်း၊ (လက်ဖ်-ဗင်ထရီကယ်လ်)၊

Valves of the Heart အဆို့ရှင် ၄ ခု
နှလုံးရဲ့ အခန်းတိုင်းမှာ One-way valve တဖက်သွား အဆို့ရှင်တွေ ရှိတယ်။ သွေးတွေကို သွားစေချင်တဲ့ ဘက်ကိုသာ သွားစေဘို့ ဖြစ်တယ်။ နှလုံးကြွက်သားတွေကို Contract ညှစ်လိုက်ရင် အဆို့ရှင်တွေ ပွင့်လာတယ်။ ပြီးရင် ပြန်ပိတ်တယ်။
1. ညာ-အထက်ခန်းမှာ ရှိတာက Tricuspid valve (ထရွိုင်ကပ်စ်ပစ်-ဗာ့လ်ဖ်)၊ Three-flapped, Three cusps အဖက် ၃ ခု ပါတယ်။
2. ညာ-အောက်ခန်းမှာ ရှိတာက Pulmonary valve (ပါလ်မိုနရီ-ဗာ့လ်ဖ်)၊ Crescent-shaped cusps လခြမ်းပုံ ၃ ခုစီ ပါကြတယ်။ Semilunar valves လို့လဲ ခေါ်တယ်။
3. ဘယ်-အပေါ်ခန်းမှာ ရှိတာက Mitral valve (မိုင်ထရွယ်-ဗာ့လ်ဖ်)၊ Mitral valve မှာ Flaps အဖတ် နှစ်ဖတ် ပါလို့ Bicuspid valve လို့လဲခေါ်တယ်။
4. ဘယ်-အောက်ခန်းမှာ ရှိတာက Aortic valve (အေယိုးတစ်-ဗာ့လ်ဖ်) ခေါ်တယ်။ Flaps အဖတ် နှစ်ဖတ် ပါလို့ Bicuspid valve လို့လဲ ခေါ်တယ်။

Mitral valve (မိုင်ထရယ်-ဗာ့လ်ဖ်) ဆိုတာ မှတ်ဘို့ ကောင်းတယ်။ ခရစ်ယာန် ဘာသာဝင်တွေ သိကြမှာပါ။ ခရစ်ယာန် (ဘစ်ရှော့) ဆောင်းရတဲ့ ဦးထုပ်တမျိုးကို Bishop's mitre ကနေလာတဲ့ အသုံးအနှုံး ဖြစ်တယ်။ လေးဘက်နာ ခေါ်တဲ့ Rheumatic fever (ရူမက်တစ်) အဖျားကနေ ဆက်ဖြစ်တတ်တဲ့ Rheumatic heart disease (ရူမက်စတစ်) နှလုံးရောဂါ ဖြစ်ရင် Mitral stenosis (မိုက်ထရယ်-စတီနိုးဆစ်) အဆို့ရှင်-ကျဉ်းတာ ဖြစ်တယ်။ တချို့ မွေးရာပါလဲ ဖြစ်တယ်။ Mitral regurgitation (မိုင်ထရယ်-ရီဂါဂျီတေးရှုင်း) အဆို့ရှင် ကျယ်-မလုံတာက အမျိုးသမီး အသက်ကြီးသူတွေမှာ ပိုများတယ်။ နှလုံးသွေးလာနည်းလို့ ဖြစ်တဲ့ Ischemic heart disease နှလုံးရောဂါကနေလဲ ဆက်ဖြစ်တတ်တယ်။ Left ventricle ဘယ် အောက်ခန်း ကြီးသူတွေမှာလဲ နောက်ဆက်တွဲ ဖြစ်တတ်တယ်။ Rheumatic fever ကနေလဲ ဖြစ်သေးတယ်။

Blood Flow သွေးလှည့်ပတ်ပုံ
• တကိုယ်လုံးက သွေးအဟောင်းတွေဟာ ကိုယ်အထက်ပိုင်းက Superior vena cava (SVC) (ဆူပီးရီးယား-ဗီနာကေဗာ) သွေးပြန်ကြောကြီးနဲ့ အောက်ပိုင်းကဆိုရင် Inferior vena cava (IVC) (အင်ဖီးရီးယား-ဗီနာကေဗာ) သွေးပြန်ကြောကြီးကနေ နှလုံးဆီကို ဝင်လာကြတယ်။ ညာဘက် (အေထွီယမ်) က လက်ခံတယ်။
• ပြီးတော့ (ထွိုင်ကပ်စပစ်-ဘာ့လ်ဖ်) ကို ဖြတ်လို့၊ အောက်ဖက်က ညာဘက် (ဗင်ထွီကယ်လ်) ကို သွေးတွေ ရောက်လာတယ်။
• ညာဘက် (ဗင်ထွီကယ်လ်) ညှစ်ထုတ်ရင် သွေးတွေဟာ Pulmonary artery (ပါလ်မိုနရီ-အာထွီ) အဆုပ်- သွေးလွှတ်ကြောကတဆင့် အဆုပ်တွေထဲ ရောက်သွားတယ်။ အသက်ရှူတဲ့ လေထဲက အောက်စီဂျင်ကို သုံးပြီး၊ သွေးအသန့် ဖြစ်လာတယ်။
• အောက်စီဂျင်ပါတဲ့ သွေးက Pulmonary veins (ပါလ်မိုနရီ-ဗိန်း) အဆုပ်-သွေးပြန်ကြောကတဆင့် ဘယ်ဘက် (အေထွီယမ်) ကို ရောက်လာတယ်။
• ဘယ်ဘက် (အေထွီယမ်) က Mitral valve (မိုင်ထရွယ်-ဗာ့လ်ဖ်) ကို ဖြတ်ပြီး အောက်က ဘယ်ဘက် (ဗင်ထွီကယ်လ်) ထဲရောက်တယ်။
• ဘယ်ဘက် (ဗင်ထွီကယ်လ်) က ညှစ်ထုတ်ရင် (အေယိုးတစ်-ဗာ့လ်ဖ်) ကိုဖြတ်ပြီး Aorta (အေအိုတာ) သွေးလွှတ်ကြောကြီးထဲ ရောက်တယ်။ သူကနေထွက်တဲ့ သွေးလွှတ်ကြောတွေကတဆင့် တကိုယ်လုံးကို သွေးအနှံ့ ရောက်သွားတော့တယ်။

အထက်ခန်းတွေနဲ့ အောက်ခန်းတွေက သွေးကို တပြိုင်နက်တည်း ညှစ်ထုတ်ကြတယ်။ နှလုံး ညှစ်တာနဲ့ လျှော့တာ အလုပ် နှစ်မျိုးပါတဲ့ ဖြစ်စဉ်တခုကို Cardiac Cycle နှလုံး-သံသရာစက်ဝိုင်း ခေါ်တယ်။ ဖြစ်စဉ် တပါတ်က (ဝ့ဂ) စက္ကန့်သာ ကြာတယ်။ ညှစ်ထုတ်တဲ့ အဆင့်ကို Systolic phase နဲ့ ပြန်လျှော့ပေးတဲ့ အဆင့်ကို Diastolic phase လို့ ခေါ်တယ်။ ဒါ့ကြောင့် Blood pressure သွေးဖိအား တိုင်းတဲ့အခါ အထက်သွေးချိန်ကို Systolic Pressure (ဆစ်စတိုးလစ်-ပရှက်ရှာ) နဲ့ အောက်သွေးချိန်ကို Diastolic pressure (ဒိုင်ယာစတိုးလစ်-ပဂက်ရှာ) လို့ ခေါ်တယ်။ နှလုံးတခါညှစ်ရင် သွေး 70 ml ရှိလို့ တမိနစ်မှာ 5 Liters ရှိတယ်။ လူတယောက်မှာရှိတဲ့ သွေးထုထည် ၅ လီတာနဲ့ အတူတူဘဲ။

Heart sound နှလုံးခုန်သံ
ဆရာဝန်တွေက Stethoscope (စတက်သိုစကုပ်) နားကြပ်နဲ့ နားထောင်ကြတယ်။ ကျွန်တော်တို့က နားက ကြားတာကို ပါးစပ်ကနေ ပြန်ပြောရင် “ဒုတ်-ဒုတ်” ဆိုပြီး ခပ်လွယ်လွယ် အရင်သံရော နောက်သံကို တမျိုးထဲ ပြောလေ့ ရှိကြတယ်။ အင်္ဂလိပ်တွေကတော့ Lub-Dub “လပ်ဖ်-ဒပ်ဖ်” လို့ အသံ ၂ မျိုး ခွဲထွက်ကြတယ်။ အသံတွေ ပြန်ပြောကြတာ သူတို့နဲ့ ကျွန်တော်တို့ ကွာတာ ဒီနေရာမှာသာ မဟုတ်ပါ။ ကြက်တွန်တာကို “အောက်-အိ-အီ-အွတ်” လို့ ပြောတာကို သူတို့က Cock a doodle doo လို့ ရေးကြတယ် မဟုတ်ပါလား။ အသံကို ဖေါ်ပြတာ မတူတာတော့ ထားပါ။ ပဌမသံနဲ့ ဒုတိယသံ ခွဲပြောတာက စနစ်ကျတယ်။

1. First Heart Sound ပဌမသံဟာ (ထရွိုင်-ကပ်စ်ပစ်-ဗာ့လ်ဖ်) နဲ့ (မိုင်ထရွယ်-ဗာ့လ်ဖ်) တွေ ပိတ်တဲ့ အသံနဲ့ အဲဒီအချိန်မှာ ဖြစ်လာနတဲ့ သွေးလှိုင်းတွေကြောင့် ဖြစ်တယ်။
2. Second Heart Sound ဒုတိယသံဟာ (ပါလ်မိုနရီ-ဗာ့လ်ဖ်) နဲ့ (အေယိုးတစ်-ဗာ့လ်ဖ်) တွေ ပိတ်တဲ့ အသံနဲ့ အဲဒီအချိန်မှာ ဖြစ်လာနတဲ့ သွေးလှိုင်းတွေကြောင့် ဖြစ်တယ်။

Pulse ဆိုတာ ရူပဗေဒ နဲ့ ရုက္ခဗေဒမှာတော့ တမျိုးစီ ခေါ်ကြတယ်။ ဆေးပညာမှာ Pulse Rates (ပါ့လ်စ်-ရိတ်) ဆိုတာ လက်ကောက်ဝတ်မှာ စမ်းတဲ့ သွေးခုန်နှုန်းကို ခေါ်တယ်။ အမှန်က နှလုံးခုန်တာကို အလွယ်စမ်းတာ ဖြစ်တယ်။ တခြား နေရာတွေမှာလဲ စမ်းလို့ရပါတယ်။ ဟောလိဝုဒ်-ရုပ်ရှင်တွေမှာတော့ လည်ပင်းစမ်းပြတတ်တယ်။

Heartbeat (ဟာ့တ်-ဘိ-တ်) တမိနစ်မှာ ၇၂ ခါခုန်တယ်။ တနေ့မှာ အခါ ၁ သိန်။ ၁ နှစ် ၃၈ သန်း။ နှလုံးခုန် မြန်တာကို Tachycardia ခေါ်တယ်။ နှလုံးခုန် နှေးတာကို Bradycardia ခေါ်ပြီး နှလုံးခုန်မမှန်ရင် Arrhythmias လို့ ခေါ်တယ်။ Heart rate (Pulse Rate) က အသက် မတူရင် မတူဘူး။ ကိုယ်ဝန် ၅ ပါတ်ရှိရင် အထဲကကလေး နှလုံး စခုန်နေပြီ။ ခုန်ကာစမှာ အမေလို တမိနစ်မှာ ၈ဝ-၈၅ ခုန်ရာကနေ တရက်မှာ ၃ ခါတိုးနှုန်းနဲ့ မြန်မြန်လာတယ်။ ၉ ပါတ်ရှိရင် ၁၇၅ အထိရှိလာတယ်။ ဒိနောက် ပြန်နှေး လာတယ်။ ပုံမှန် Fetal heart rate ဗိုက်ထဲကလေး နှလုံးခုန်နှုန်း တမိနစ်မှာ ၁၂ဝ-၁၈ဝ ရှိတယ်။ မွေးစကနေ ၆ လကလေး = ၁၃ဝ၊ တနှစ်သား = ၁၂ဝ၊ ၃-၆ နှစ်သား = ၁ဝဝ၊ ၈ နှစ်သား = ၉ဝ၊ ၁၂ နှစ်သား = ၈၅၊ လူကြီး = ၆ဝ-၁ဝဝ။

နှလုံးက ဘာလို့ခုန်နေရတာလဲ။
Electrical System ကိုယ်ခန္ဓာမှာ လျှပ်စစ်စနစ် နဲ့ လျှပ်စစ်ကို သုံးနိုင်စွမ်းရှိတဲ့ Special cells စပါယ်ရှယ် (ဆဲလ်) တွေ ရှိနေလို့ပါ။ Pacemaker cells (ပေ့စ်-မိတ်ကာ-ဆဲလ်) တွေဆိုတာ နှလုံးထဲမှာ ရှိသေးတယ်။ Electrical impulses လျှပ်စစ် (အင်မ်ပါ့လ်စ်) ကြောင့် နှလုံးကြွက်သားတွေ Contract ညှစ်စေတယ်။ မွေးရာပါ (ပေ့စ်-မိတ်ကာ-ဆဲလ်) ကို Sinoatrial node (SA node) (စိုင်နိုအေရီရယ်-နုတ်) လို့ ခေါ်တယ်။ ညာ-အထက်ခန်းမှာ ရှိတယ်။ သူ့ကို Medulla Oblongata ခေါ် ဦးနှောက်ရဲ့ အစိတ်အပိုင်း တခုက ထိန်းပေးနေတယ်။

SA node ကနေ Specialized fibers (စပါယ်ရှယ်-ဖိုင်ဗာ) အာရုံကြောတွေ ဖြာထွက်နေတယ်။ အပေါ်ခန်းတွေမှာရှိတဲ့ (ဖိုင်ဗာ) တွေကနေ အပေါ်နှစ်ခန်းလုံးကို တပြိုင်ထဲ ညှစ်စေတယ်။ ဝ့၎ စက္ကန့်သာ ကြာတယ်။ နှလုံး အောက်ခမ်းတွေကို သွားတဲ့ (စပါယ်ရှယ်-ဖိုင်ဗာ) ကို Bundle of His (ဘန်ဒယ်လ်-အော့ဖ်-ဟစ်) လို့ နာမယ်ပေးထားတယ်။ သူကနေ ဆက် ဖျာထွက်တာတွေကို Purkinje fibers (ပါကင်ဂျီ-ဖိုင်ဗာ) လို့ ခေါ်ပြန်တယ်။

Autonomic nervous system (အော်တိုနောမစ်-နားဗတ်စ်-ဆစ်စတမ်) အလိုအလျောက် အာရုံကြောစနစ်က အာရုံကြောတွေလဲ ရှိသေးတယ်။ ဒီစနစ်မှာလဲ ၂ မျိုးရှိတယ်။ Sympathetic nervous system (ဆင်ပသက်တစ်-နားဗတ်စ်-ဆစ်စတမ်) နဲ့ Parasympathetic nervous system (ပါရာ-ဆင်ပသက်တစ်-နားဗတ်စ်-ဆစ်စတမ်) တွေ ဖြစ်တယ်။ (ဆင်ပသက်တစ်) စနစ်ကြောင့် နှလုံးခုန်တာ မြန်စေ-အားကောင်းစေပြီး၊ (ပါရာ-ဆင်ပသက်တစ်) ကြောင့် နှေးစေ-အားနည်းတယ်။

Electrical waves လျှပ်စစ်-လှိုင်းတွေကို တိုင်းတာလို့ ရတယ်။ Graph (ဂရပ်) မျဉ်းနဲ့ ပြတာကို Electrocardiogram (အလက်ထရို-ကာဒီယို-ဂရမ်) (ECG) (EKG) ခေါ်တယ်။ မျဉ်းတန်းတွေကို တခုချင်း နာမယ်ပေးထားတယ်။
• P wave (ပီ-ဝေ့ဖ်) ဆိုတာ နှလုံးအပေါ်ခန်းတွေမှာ ညှစ်ခါနီးရှိတဲ့ Spread of electrical activity လျှပ်စစ် ပြန့်နှုန်း ဖြစ်တယ်။
• QRS complex (ကျူ-အာရ်-အက်စ်-ကွန်ပလက်စ်) ဆိုတာ နှလုံးအောက်ခန်းတွေမှာ ညှစ်ခါနီးရှိတဲ့ Spread of electrical activity လျှပ်စစ် ပြန့်နှုန်း ဖြစ်တယ်။
• T wave (တီ-ဝေ့ဖ်) ဆိုတာ နှလုံးအောက်ခန်းတွေမှာ Recovery phase ပြန်ကျလာချိန်မှာ တိုင်းတာဖြစ်တယ်။

နှလုံးမှာ သူ့ကိုယ်သူ သွေးလှည့်စနစ် Blood Supply ရှိတယ်။ Coronary arteries (ကိုရိုနရီ-အာထရီ) တွေလို့ ခေါ်တယ်။ နှလုံးသွေးကြော ကျဉ်းရောဂါ Coronary artery disease (CAD) ဆိုတာ အဲဒီသွေးကြောတွေ ကျဉ်းခြင်းတာဖြစ်ပါတယ်။ ဒါတွေမှာ လာပိတ်တာကို Heart attack (ဟတ်-အတက်ခ်) ရတယ်လို့ ခေါ်တယ်။

Heart (2)
5. Tricuspid Valve (ထရိုင်ကပ်စ်ပစ်-ဗာ့လ်ဖ်)
6. Pulmonary Valve (ပါလ်မိုနရီ-ဗာ့လ်ဖ်)
7. Aortic valve (အေရိုးတစ်-ဗာ့လ်ဖ်)
8. Mitral Valve (မိုင်ထရယ်-ဗာ့လ်ဖ်)
Heart (3)
1. Superior Vena Cava (ဆူပီးရီးယား-ဗီနာကေဗာ)
2. Inferior Vena Cava (အင်ဖီးရီးယား-ဗီနာကေဗာ)
4. Tricuspid Valve (ထရိုင်ကပ်စ်ပစ်-ဗာ့လ်ဖ်)
7. Pulmonary Artery (ပါလ်မိုနရီ-အာထရီ)
8. Pulmonary Vein (ပါလ်မိုနရီ-ဗိန်း)
10. Mitral Valve (မိုင်ထရယ်-ဗာ့လ်ဖ်)
12. Aortic valve (အေရိုးတစ်-ဗာ့လ်ဖ်)

Heart (4)
1. SA node (အက်စ်-အေ နုတ်)
2. AV node (အေ-ဗွီ နုတ်)
3. Bundle of His (ဘန်ဒယ်လ်-အော့ဖ် ဟစ်)
4. Left bundle branch ဘယ် ဘက်သွား (ဘန်ဒယ်လ်)
5. Purkinje fibres (ပါကင်ဂျီး-ဖိုင်ဗာ)

Dr. တင့်ဆွေ
၂ဝ-၂-၂ဝ၁၁

Saturday, February 19, 2011

Neck Lumps လည်ပင်း အလုံးအကျိတ်

ကျွန်တော့် သားလေးက (၆)နှစ်ရှိပါပြီ။ သူ့အသက် (၅) နှစ်လောက်မှာ လည်ပင်းရဲ့ညာဖက် အပေါ်နား ချိုင့်ခွက်လေးထဲမှာ ရုတ်ချည်း ထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ဖေါင်းလာပါတယ်။ ဖြစ်စမှာ အပေါ်ယံက စိမ်းနေတာ တွေ့ရပါတယ်။ ဒါပေမယ့် ကလေးမှာ နာတာ ကျင်တာတော့ ဘာမှမဖြစ်ပါဘူး။ စိတ်ပူတာနဲ့ ကလေးအထူးကုတွေနဲ့ ပြတော့ အရည်အိတ် (သို့) သွေးကြောထုံးတယ် ပြောပါတယ်။
ဆေးသောက်လို့ ပျောက်မှာ မဟုတ်တဲ့အတွက် ခွဲစိတ်ရမယ် ပြောတာနဲ့ ကလေးခွဲစိတ် ဆရာဝန်ကြီးနဲ့ ပြခဲ့ပါတယ်။ သွေးစစ် ဓါတ်မှန်ရိုက်တော့ အဆုတ် မကောင်းဘူး (ဓါတ်မှန်အရ) ဆိုပြီး၊ အဆုတ်ဆေး ကျွေးပြီး ကောင်းမှခွဲကြတာပေါ့ ဆိုတာနဲ့ (ခွဲစိတ်တဲ့အခါ ကလေးမှာ အဆုတ် မကောင်းရင် တစ်ခြား ကိစ္စတွေ) ပါလာမှာ စိုးလို့ ဆိုပြီး ရှင်းပြပါတယ်။ ဆေးကျွေးလို့ (၆) လပြည့်တော့ ကလေး အထူးကု ဆရာဝန်က ဓါတ်မှန် ကြည့်ပြီး၊ ရပြီ ခွဲစိတ် ဆရာဝန်ကြီး ဆီသွားပြန်ပြပါဆိုလို့ ပြန်ပြတော့လဲ ဓါတ်မှန် ကြည့်ပြီး အဆုတ်ကို မကြိုက်တာနဲ့ တစ်ခါ အဆုတ်ဆေး ကျွေးဖို့ ပြောလာတာနဲ့ ဆေးက ငယ်စဉ်ကတစ်ခါ၊ ခုတစ်ခါ ဆိုတော့ နှစ်ခါဖြစ်နေတာနဲ့ မကျွေးတော့ဘူးဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနေရင်းကနေ နေ့စဉ်တော့ ကြည့်နေတာပါ။ တစ်နေ့ ရေချိုးရင်း ကြည့်တော့ အဲဒီအဖုလေး ဆိုပေမယ့် တော်တော်လေး ဖောင်းတက်နေတာပါ။ အဲဒီအဖုလေး မရှိတော့တာ တွေ့ရလို့ မိသားစုလည်း တော်တော်ကို ဝမ်းသာသွားပါတယ်။ အဲဒီရက်မှာ ထူးခြားတာဆိုလို့ သူ့အဖွားနဲ့ လမ်းလျှောက် လိုက်တယ် လက်ကို လွှဲလျှောက်တယ်။ နောက်ပြီး ကျောပိုးအိတ် မလွယ်ဘဲ ဘေးလွယ်အိတ်ကို ပြောင်းလွယ်ဖြစ်တယ်။ သိချင်တာက (၁) ခုပျောက်သွားတာ နောက်ပြန်ဖြစ်လာတာလား။ (၂) ဘာလို့ ဒီလိုမျိုး ချက်ခြင်း ဖြစ်လာပြီး ဘာလို့ ချက်ခြင်းဆိုသလို ပြန်ပျောက်သွားတာလဲ ဆိုတာပါ။ ကလေးကတော့ ကျန်းမာပါတယ်။

လည်ပင်းမှာ အလုံး-အကျိတ်ပေါ်တာ မကြာခဏ တွေ့ရရတတ်ပါတယ်။ ငယ်သူနဲ့ ရွယ်သူတွေမှာ အဖြစ်များကြတယ်။ ဖြစ်နိုင်တဲ့ရောဂါတွေ စာရင်းချပါမယ်။
1. Abscess ပြည်တည်နာ၊
2. Allergic reactions (အလာဂျီ) တခုခုနဲ့ မတည့်တာ၊
3. Bacterial pharyngitis လည်ချောင်းနာ၊
4. Cancer of the thyroid သိုင်းရွိုက်-ကင်ဆာ၊
5. Carotid aneurysm (ကရောတစ်) သွေးလွှတ်ကြော ဖေါင်းခြင်း၊
6. Cat scratch disease ကြောင်ကုတ်ရောဂါ၊
7. Congenital cervical rib မွေးရာပါ လည်ပင်းနံရိုး၊
8. Congenital sternomastoid tumor မွေးရာပါ ကြွက်သား အကျိတ်၊
9. Focal myositis of the sternomastoid ကြွက်သားရောင်ရောဂါ၊
10. Glandular fever အကျိတ်ရောင် အဖျား၊
11. Goiter လည်ပင်းကြီး၊
12. Graves' disease လည်ပင်းကြီး-ဟော်မုန်းများရောဂါ၊
13. Herpes infections ရေယုံ၊
14. HIV (အိတ်ခ်ျအိုင်ဗွီ)
15. Hodgkin's disease လည်ပင်းအကျိတ်-ကင်ဆာ၊
16. Leukemia လူကီးမီးယား သွေးအားနည်းရောဂါ၊
17. Lipoma အဆီကျိတ်၊
18. Lymphoma တက်စေ့ ကင်ဆာ၊
19. Mouth cancer ခံတွင်းကင်ဆာ၊
20. Mumps ပသိရောင်ရောဂါ၊
21. Rubella (German measles) ဂျာမန် ဝက်သက်ရောဂါ၊
22. Salivary gland tumor တံတွေးထွက် အကျိတ်အလုံး၊
23. Sebaceous cyst အရေပြား ချွေးထွက်အိတ် အကျိတ်၊
24. Spontaneous apical lung herniation အဆုပ်ထိပိုင်း အထက်ကျွံခြင်း၊
25. Stone in salivary duct တံတွေးထွက်ပြွန် ကျောက်၊
26. Strep throat လည်ချောင်းနာ၊
27. Submandibular tumor မေးရိုးအောက် အလုံး၊
28. Swollen Lymph Nodes တက်စေ့ရောင်၊
29. Thyroglossal cyst မွေးရာပါ လည်ပင်းကြီး-အကျိတ်-အိတ်၊
30. Thyroid cancer လည်ပင်းကြီး-ကင်ဆာ၊
31. Thyroid nodule လည်ပင်းကြီး ကင်ဆာမဟုတ် အကျိတ်၊
32. Tonsillitis အာသီးရောင်၊
33. Tuberculosis တီဘီ-အကျိတ်၊

Neck Lumps and Bumps အများအားဖြင့် ကင်ဆာမဟုတ်-အကျိတ်တွေ ဖြစ်တယ်။ Malignancy ကင်ဆာနဲ့ Chronic infection နာတာရှည် ပိုးဝင်တာတွေကနေ ဆက်ဖြစ်တာလဲ ဖြစ်နိုင်တယ်။ ရက်သတ္တ ၃ ပါတ်ထက် စောတာတွေဟာ သူ့အလိုလို သက်သာ ပျောက်ကင်းနိုင်တဲ့ ရောဂါပိုးဝင်တာ ဖြစ်မယ်။ ၄ ပါတ်မှ မပျောက်ရင် ဆရာဝန်ပြပါ။

အလုံး-အကျိတ်-အနာ မှန်သမျှ စမ်းသပ်တဲ့အခါ မျက်စိနဲ့ စရပြီး၊ လက်နဲ့ အသေအခြော စမ်းရပါတယ်။ နေရာ၊ အရောင်၊ အရွယ်အစား၊ ပုံသဏ္ဌာန်၊ အပျော့-အမာ၊ အပူ-အအေး၊ ရွေ့ရ-မရ၊ နာ-မနာ ဆိုတာတွေ သိအောင် လုပ်ရပါတယ်။

နေရာဆိုတာမှာ သတ်မှတ်ချက်တွေနဲ့ တိတိကျကျ သတ်မှတ်ထားတဲ့အတိုင်း ရေးမှတ်ရတယ်။ ဆေးပညာ သင်သူတွေသာ လိုအပ်တာမို့ မရေးတော့ပါ။ မေးတဲ့သူ ရေးသလို “လည်ပင်းရဲ့ ညာဖက် အပေါ်ချိုင့်ခွက်လေးထဲမှာ” ဆိုတာ အတော် သဘောပေါက်နိုင်ပါတယ်။ “လည်ပင်း အောက်ခြေ၊ ညာဘက်ခြမ်း၊ ညှပ်ရိုးရဲ့ အလယ်-အရင်း-အဖျား အထက်နား၊ လက်သန်း တလုံးလောက်မှာ” လို့ ဆိုရင် ပိုတိကျလာမယ်။ ဘဲဥပုံ၊ လူကြီးလက်မ တဆစ်လောက်၊ ခပ်မာမာ ဆိုတာပါ ထပ်ဖြည့်ရင် ဆရာဝန်မျက်စိထဲ ပိုမြင်လာနိုင်တယ်။

• အလုံးဟာ အရေပြားနဲ့ တဆက်ထဲ၊ အရေပြားထဲမှာဆိုရင် Sebaceous cyst ချွေးထွက်အိတ်-အကျိတ် နဲ့ Lipoma အဆီ-အကျိတ် ဖြစ်နိုင်တယ်။
• အလုံးက အလယ်တည့်တည့်လောက်မှာ ပါးစပ်က မျိုတဲ့အခါ ဒါမှမဟုတ် လျှာထုတ်လို့ အလုံးက ရွေ့လာရင် မွေးရာပါ လည်ပင်ကြီးအိတ်နဲ့ လျှာဆက်နေတဲ့ပြွန် Thyroglossal duct ဖြစ်နိုင်တယ်။ အထဲမှာ အရည်ရှိမယ်။ ပိုးမဝင်ရင် အနာဘူး။
• Lymph nodes တက်စေ့ရောင်တာ အတော်များများဖြစ်ကြတယ်။ နဲနဲနာမယ်၊ မာတင်းတင်း ရာဘာလိုနေမယ်၊ ကိုင်ပြီး ရွေ့ရင် ရချင်ရမယ်၊ မရတာလဲရှိမယ်။ တက်စေ့ တွေ့ရင် ပါးစပ်၊ တံတွေးထွက်အိတ်တွေ ဆက်စစ်ပါ။ ကင်ဆာ၊ အနာ ရှာပါ။
• ကလေးတွေဆိုရင် အာသီးရောင်ဘူတာမေးပါ။ မျက်နှာ-လည်ပင်း အနာဖြစ်ဘူးသလား။
• လည်ပင်းကြီး-အကျိတ်ဆိုရင် မျိုးချခိုင်းတော့ အထက်-အောက် ရွေ့လိမ့်မယ်။
• Dermoid cyst ဆိုတာ အရေပြားမှာ အိတ်လေးနဲ့အကျိတ်၊ ခွဲရင် အထဲမှာ အမွှေးလို၊ ချွေးလိုပါနေတာတွေ့မယ်။
• မေးရိုးအောက်နား အကျိတ်တွေက လူကြီးဆိုရင် မာပြီး၊ မနာရင် ကင်ဆာ၊ လူငယ်-ကလေးတွေဆိုရင် တီဘီ၊ (အင်ဖက်ရှင်)၊ Salivary calculus တံတွေးထွက်လမ်း-ကျောက် စတာတွေ ဖြစ်နိုင်တယ်။
• မျိုချခိုင်းလို့ မရွေ့တာက Salivary gland swelling တံတွေးထွက်အိတ်၊ Branchial cyst မွေးရာပါ (ဘရန်ခီရယ်) အိတ်၊ Cystic hygroma မွေးရာပါ (ဆစ်စတစ်-ဟိုက်ဂရိုးမား) အလုံး၊ Carotid aneurysm (ကရောတစ်) သွေးလွှတ်ကြော ဖေါင်းတာ၊ Carotid body tumour (ကရောတစ်) အကျိတ်၊ Sternomastoid tumour (စတာနို-မတ်စရွိုက်) ကြွက်သားအလုံး (မွေးတုံးက ထိခိုက်မိတာ)၊ Laryngocoele လေပြွန်အိတ် (လေမှုတ်ရင် ပိုဖေါင်းတာမယ်)၊
• အကျိတ်တခုမက တွေ့တာဆိုရင် TB တီဘီ၊ Glandular fever အကျိတ်ရောင်အဖျား၊ HIV (အိတ်ခ်ျအိုင်ဗွီ)၊ Lymphoma (လင်ဖိုးမား-တက်စေ့ကင်ဆာ) Metastases တနေရာမှာ ကင်ဆာဖြစ်လို့ ပြန့်လာတာ တခုခု စဉ်းစားပါ။ တခြားနေရာက တက်စေ့တွေလည်း စစ်ဆေးပါ။ ဥပမာ ချိုင်း၊ ဘေလုံး၊ အသဲ၊
• Cervical rib မွေးရာပါ လည်ပင်းနံရိုး၊
• Subclavian artery aneurysm လည်ပင်း (ဆပ်ဖ်ကလေးဗီးယမ်း) သွေးလွှတ်ကြော ဖေါင်းတာ၊
• Pharyngeal pouch မွေးရာပါ (ဖရင်ဂျီရယ်-ပေါက်ခ်ျ)၊

ဒီတော့ ဖြစ်နိုင်တာတွေထဲက တခုချင်း ဖယ်ထုတ်နည်းနဲ့ စကာတင်းရွေးရမယ်။ လိုသေးတဲ့ စမ်းသပ် စစ်ဆေးတာတွေ လုပ်ရလိမ့်မယ်။ တခြား ကျန်းမာရေး အခြေအနေတွေလည်း ကြည့်ရမယ်။ အလေးချိန်ကျလာ၊ ညချွေး ထွက်တာ၊ ကိုယ်ပူတာ၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ သွေးစစ်၊ သလိပ်စစ်၊ အသာစထုတ်စစ်။

ကလေးတွေမှာ တီဘီ အဖြစ်များကြတယ်။ ကလေးတောင် မဟုတ်ပါ။ မကြာသေးခင်က အရွယ်ကောင်း မိန်းကလေး နှစ်ယောက်မှာ လာတွေ့သေးတယ်။ တယောက်က ဓါတ်ပုံနဲ့ ပို့ပေးတယ်။ တယောက်က ဒီမှာတင်တွေ့တယ်။ တီဘီ ဖြစ်တာ ဆေးပါတ်လည်ရင် ပျောက်သွားပါတယ်။ တီဘီ အကျိတ်က မခွဲရတတ်ပါ။ ပိုးမရှိတော့ပေမဲ့ အကျိတ်က တော်တော်နဲ့ မပျောက်ရှိလဲ ကိစ္စမရှိပါ။ သက်သာလာတာနဲ့ လူက ဝလာမယ်။ စားလာမယ်။ ကိုယ်အလေးချိန် တိုးတာဟာ ရောဂါအခြေအနေ ကောင်းလာတာကို ပြတယ်။

ငယ်ငယ်တုံးက နှာစေး၊ နှာရည်ယိုတာကနေ တီဘီပိုး၊ တခြားပိုးတွေ ဝင်လာခဲ့မယ်။ အဲဒီကနေ တက်စေ့ (လင့်ဖ်-နုတ်) တွေဆီ ရောက်လာတယ်။ အာသီးလဲ ရောင်မယ်။ တက်စေ့ရောင်တာမှာ အများကြီး လိုက်ရောင်တာနဲ့ နေရာကွက် ရောင်တာ နှစ်မျိုးဖြစ်နိုင်တယ်။
1. Generalised Tubercular Lymphadenitis များသောအားဖြင့် လည်ပင်းအကျိတ်တွေမှာ လာဖြစ်တယ်။ နာတာရှည် သဘော ဖြစ်တာ များတယ်။ အင်္ဂါအစိတ်အပိုင်းတွေဆီ ရောဂါ မရောက်တတ်ဘူး။ ကလေးက အစားပျက်၊ သိပ်မဆော့နိုင်၊ ပိန်၊ လျှာကွဲ၊ နဲနဲကိုယ်ပူ၊ ညနေပိုင်းမှာ ပူတာများတယ်။ ခေါင်းချွေးထွက်မယ်။
2. Local Tubercular Adenitis အဖြစ်များတယ်။ လည်ပင်းမှာဘဲ အများဆုံးဖြစ်တယ်။ ကလေး-လူကြီးဖြစ်မယ်။

အကျိတ်က တဖြေးဖြေး ကြီးလာမယ်။ တချို့ကြက်ဥလောက် ရှိတယ်။ ရောင်တဲ့လက္ခဏာတွေရှိလာမယ်။ နီ-နာ-မာ-ပူ-ရောင်။ တချို့မှာ ပြည်တည်လာတယ်။ ပြည်အရောင် မတူတာတွေရှိနိုင်တယ်။

တချို့ ကလေး-လူငယ်တွေမှာ ဗိုက်ထဲက တက်စေ့မှာ လာဖြစ်ကြတယ်။ Tabes Mesenterica ခေါ်တယ်။ တချို့မှာ အူသိမ် တီဘီနဲ့ ရောနေတယ်။ ဗိုက်နာ-ဖျားလို့ စစ်ရင်းမှ တွေ့လာတတ်တယ်။ ဝမ်းပျက်တာ၊ အားယုတ်တာတွေလဲ ရှိမယ်။ အူတီဘီ ဖြစ်တဲ့သူရဲ့ ဗိုက်ကို သေသေခြာခြာစမ်းရင် ဂျုံနယ်နေရသလိုရှိတယ်။ မျက်တွင်းချိုင့်နေတတ်တယ်။ အသားအရေ ခြောက်မယ်။
တီဘီ အကျိတ်ရောင်သူတွေက သူများကို မကူးစက်ပါ။ သလိပ်ထဲ ပိုးတွေ့တာနဲ့ ရောနေရင်သာ သူများကို ကူးနိုင်တယ်။ တီဘီဆိုတာ ပိုးပါတဲ့ နွားနို့ကနေလဲ ကူးစက်လာနိုင်တယ်။ ကနေ့ခေတ်မှာ တီဘီ ဆေးတွေ အလွန်ထိရောက်ပါတယ်။ ၃ လ၊ ၆ လ၊ ၉ လ၊ ကုရပါတယ်။ Isoniazid, Rifampin, Pyrazinamide နဲ့ Ethambutol တွေက အသုံးများတယ်။ ဆေး အနည်းဆုံး ၂ မျိုးတွဲပေးတယ်။ တချို့ ၄ မျိုး တွဲပေးရတယ်။

လည်ပင်းအကျိတ်ကို မခွဲရတာ များပါတယ်။ ရုတ်တရက် သက်သာသွားတာမျိုးဟာ အကျိတ်အိတ်ထဲမှာ အရည် ရှိခဲ့ရာကနေ ခမ်းသွားလို့ ဖြစ်နိုင်ပါတယ်။ အဆုပ်တီဘီကြောင့် ဒီမှာလာဖြစ်တာ ဟုတ်နိုင်သလို တခြားဟာလဲ ဖြစ်နိုင်သေးပါတယ်။ Biopsy အသားစ ထုတ်စစ်တာ မလုပ်ဘဲနဲ့ ဒီအကျိတ်ဟာ ဘာလို့ အတိအကျ ပြောမရပါ။ ကလေးကျန်းမာတာ ဝမ်းသားစရာပါ။

Dr. တင့်ဆွေ
၁၉-၂-၂ဝ၁၁

Friday, February 18, 2011

Bodily Changes သွေးသားပြောင်းလဲမှုများ

2010/11/27
သွေးသားပြောင်းလဲမှုက ဘယ်အသက်အရွယ်ကနေ ဘယ်အသက်အရွယ်အထိ ရှိနိုင်လဲ။ နောက် တကိုယ်လုံး ယားယံပြီးရင် အမဲစက်အဖက်တွေ ထွက်ထွက်လာပါတယ်။ ဒါက ဘာရောဂါကို ဦးတည်နေပါသလဲ။ အသက်က (၂၃) ပါ။ ယောက်ျားလေးပါ။ သိပ်မကြာသေးပါဘူး ဒီနှစ်မှ ဖြစ်တာပါ နေပှုရင် ပိုဖြစ်တတ်ပါတယ်။

ဒီမေးခွန်းကို အခုမှ ပြန်တွေ့ရလို့ ကြာသွားတာ (ဆောရီး) ဗျာ။

အမဲစက်ဆိုတာ အရင်ဖြေပါရစေ။ အရေပြားမှာ အရောင်ရင့်သွားစေတာက တခုခုဖြစ်ရာကနေ ပျောက်လို့၊ ဒါမှမဟုတ် ပျက်လို့ ပြောင်းလာတာ ဖြစ်ပါတယ်။ တခုခုဖြစ်တယ်ဆိုတာ အမျိုးမျိုးပေါ့။ ထိခိုက်တာ၊ ပိုးဝင်တာ၊ အနာဖြစ်တာ၊ ဆေးနဲ့ မတည့်တာ၊ အစုံပါ။ ယားတဲ့ လက္ခဏာ ဆိုတာက များသောအားဖြင့် (အလာဂျီ) မတည့်ဖြစ်တာ၊ မှို-ဗက်တီးရီးယား-ဗိုင်းရပ်စ်-ပါရာဆိုက် ဝင်တာကြောင့် ဖြစ်တယ်။ အပ ပယောဂ တခုမှ မပါဘဲ (ဆဲလ်) တွေ၊ (တစ်ရှူး) တွေဟာ အသစ် ဖြစ်လိုက်၊ ကြီးရင့်လိုက်၊ ပျက်စီးလိုက်၊ သေသွားလိုက် မပြတ်ဖြစ်နေတယ်။ ဒီဖြစ်စဉ်မှာ ပျက်စီး-သေဆုံးတာတွေ ကွာကျရင်လဲ ယားနိုင်တယ်။ ယားတဲ့အဆင့်ဟာ ရောဂါ၊ ဒါမှမဟုတ် ဖြစ်စဉ်တခုရဲ့ အတက်ပိုင်း (အလာဂျီ) လဲ ဖြစ်နိုင်သလို အကျပိုင်း (ပျောက်ကင်းတာ) လဲ ဖြစ်နိုင်တယ်။ (အလာဂျီ) ကို ရေးထားပါတယ်။

သွေးသား-ပြောင်းလဲမှု မေးတဲ့ ဆိုလိုချက်ကိုတော့ အတိအကျ မသိပါ။ ကျွန်တော်တို့ လူမျိုးတွေဟာ စကားကြွယ်သလို စကားလဲ လွယ်ကြတယ်။ စကားအရာမှာ “ဒါဆိုရင် ဒါဘဲ” လို့ ပညာ-ဘာသာရပ် တွေမှာလို (စတင်ဒါရိုက်) စနစ်တကျ သတ်မှတ်ပေးထားတာ မရှိတတ်ပါ။ ဒါပေမဲ့ စကားပြောတဲ့အခါ ဘာသာရပ်တွေပါ ထည့်ပြောကြရတော့ ခက်ပါတော့တယ်။ ပိုခက်သေးတာက သိပ္ပံဘာသာရပ်ရော၊ ဝိဇ္ဇာ-အနုပညာ ဘာသာရပ်တွေရော၊ သူများစကားတွေကို ဘာသာပြန်-ဖလှယ်ကြရတာတွေလဲ ပါရတယ်။ အဲဒီ မဟာတာဝန်ကို ကျွန်တော်တို့ ပညာရေး-စနစ်က ဖြည့်ဆီး မပေးနိုင်သေးပါ။ ဒီတော့ ကိုယ့်နည်း-ကိုယ့်ဟန်၊ ကိုယ့်သဘောနဲ့ကိုယ်၊ ကြိုးစားကြရတယ်။ သူပြောတာ မှန်တယ်။ ငါပြောတာ မမှားဘူး။ ဒါပေမဲ့ သူရော ကိုယ်ရော ဟုတ်ကြရဲ့လား အမေးခံရရင် မေးတဲ့သူကလဲ ဟုတ်ပြန်ရော။

အုပ်ချုပ်ရေး-စနစ်ကနေ (စတင်ဒါရိုက်) လုပ်တာတချို့တော့ ရှိပါတယ်။ “တစ်” လို့ ရေးရမယ်ဆိုတာဟာ အမိန့်နဲ့ ပြဋ္ဌာန်း လိုက်တာသာ ဖြစ်တယ်။ မကြိုက်လို့ ကိုယ့်စာမှာ ကိုယ်ယူဆသလို ရေးရင် သူငယ်ချင်းဆီ စာရေးတာမျိုးတော့ ရတာပေါ့။ ကိုယ်ပိုင် (ဆိုဒ်) မှာတော့ ဖြစ်တာပေါ့။ ပုံနှိပ်ထုတ်ဝေတာကိုပါ အုပ်ချုပ်ရေး-အာဏာနဲ့သာ လုပ်ခွင့် ရှိနေတော့ (ဆင်ဆာ) က (ကင်ဆာ) လိုဘဲ ညှာတာ မရှိဘူ။ အကြောင်းအရာရော၊ သတ်ပုံ-စာလုံးပေါင်းရော၊ ဘာရော-ညာရော အလွတ်မခံဘူး။

“သွေးသား-ပြောင်းလဲမှု” ဆိုတာကို အရွယ် ပြောင်းလဲတာမှာလဲ သုံးတယ်။ အရွယ်ဆိုတာကလဲ အနည်းဆုံး နှစ်မျိုး၊ လူပျို-အပျို ဖြစ်လာတာ နဲ့ သွေးဆုံးချိန် အပြောင်းအလဲတွေ ဖြစ်တယ်။ ဒါတွေကို ဇီဝကမ္မ-အပြောင်းအလဲလို့ သတ်မှတ်တယ်။ ဒီနှစ်မျိုးတင်မကဘဲ ပြောင်းနိုင်တာတွေ ရှိသေးပါတယ်။ ရောဂါဗေဒ-အပြောင်းအလဲ ခေါ်တယ်။ စာ ၄ ပုဒ် ရေးပြီးပါပြီ။
1. Puberty လူပျိုဖြစ်ပြီ၊
2. Virginity (1) အပျို တကယ်စစ်ပါတယ် အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၃)၊
3. Virginity (2) လူပျိုစစ်တယ် ပြောတာဘဲ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၈)၊
4. Menopause သွေဆုံး-သားဆုံး။

လူ့ အပြောင်းအလဲတွေထဲမှာ သွေးသား-အပြောင်းအလဲဆိုတာ ပြောကြသလို ကိုယ်ခန္ဓာ-အပြောင်းအလဲ ဆိုတာလဲ ပြောကြတယ်။ ဆေးပညာအနေနဲ့တော့ ဟော်မုန်းတွေကြောင့် ပြောင်းတာကသာ သွေးသား-အပြောင်းအလဲနဲ့ နီးစပ်တယ်။ Changes အပြောင်းအလဲ နဲ့ Reflex အလိုအလျောက်-တုံ့ပြန်မှု၊ Reaction တန်ပြန်-ဖြစ်ပျက်တာ မတူကြပါ။ ရှက်ရင် မျက်နှာ နီလာမယ်။ ဒေါသထွက်ရင် မျက်နှာ မဲ-ရဲတက်လာတယ်။ ဆေးအစွမ်းကြောင့် ချွေးထွက်မယ်၊ ရင်တုံမယ်။ ခြင်ကိုက်ရင် အနီပိန့် ထွက်ပြီး ယားမယ်။ ဒါတွေက ဖြစ်စေတတ်တဲ့ အရှိန်ကုန်ရင် အရင်လို ပြန်ဖြစ်ပါတယ်။

အရင်လို ပြန်မဖြစ်တော့တာတွေထဲမှာ အဓိက Aging Changes အသက်ရလို့ ပြောင်းတာတွေ ဖြစ်တယ်။ Musculo-skeletal system အရိုး-ကြွက်သား စနစ် အပြောင်းအလဲတွေက မြင်သာတယ်။ ဆံဖြူ၊ သွားကျိုး၊ မျက်စိမှုံ၊ လက်တုံ၊ ခါးကိုင်း၊ နားထိုင်း။ ဒီလိုဖြစ်တာဟာ ၃ဝ-၃၅ နှစ်ကျော်မှာလို့ ဆေးစာက သတ်မှတ်တယ်။ အရပ်ပြောတာနဲ့ မကွာပါ။ ခေတ်စကားနဲ့ Rain check လို့ ပြောကြတယ်။ “အခု မရတော့လို့ နောက်မှလာပါ” ဆိုတာမျိုး။

အသက်ရလို့ ပြောင်းတာမှာ (ဆဲလ်) တခုချင်းကစတယ်။ Function လုပ်ဆောင်တာရော Appearance အသွင် သဏ္ဌာန်ရော ပြောင်းလာတယ်။ အရင်ကလို-အရင်ကလောက် မလုပ်နိုင်တော့ဘူး။ “တချိန်ကြ သေရမှာဘဲ” ဆိုတဲ့ Programmed (ပရိုဂရမ်) လုပ်ထားတာကိုး။ Apoptosis ခေါ်သလို Cell suicide လို့လဲ ခေါ်တယ်။ အဟောင်းသေမှလဲ နောက် အသစ်တွေက ပေါက်ဖွါးလာနိုင်မယ်။

(ဆဲလ်) အသစ် ဖြစ်မလာနိုင်ရင် သူရှိတဲ့ Organ အင်္ဂါအစိတ်အပိုင်းကလဲ အရင်လို မလုပ်နိုင်တော့ဘူး။ ဥပမာ အသဲ၊ ကျောက်ကပ်၊ ကျား-အစေ့၊ မ-မျိုးဥအိမ်တွေမှာ အသက်ရရင် (ဆဲလ်) တွေ နည်းလာကြတယ်။ ဒါပေမဲ့ ဦးနှောက်မှာကြ နည်းမသွားပါ။ အမှန်က Compensate ရင်းစားရအောင် လုပ်နိုင်တာပါ။ Strokes (ဆထုပ်ခ်) ရတာ၊ Alzheimer's disease (အဇာမိုင်ယာ) ရောဂါ နဲ့ Parkinson's disease (ပါကင်ဆိုနဇင်) ရောဂါရသူတွေမှာတော့ (ဆဲလ်) နည်းကြပါတယ်။

ကိုယ်ဝန်ဆောင်ရသူတွေမှာ Bodily Changes ကိုယ်ခန္ဓာအပြောင်းအလဲတွေ၊ Hormonal Changes ဟော်မုန်း အပြောင်းအလဲတွေ၊ Physiologic Changes ဇီဝကမ္မ-အပြောင်းအလဲတွေ၊ တလှေကြီးဖြစ်တယ်။ ဆေးပညာအရတော့ ကလေး မွေပြီးရင် အပျိုလုပ်လို့ မရပါ။

အရွယ်ကြောင့်ရော ရောဂါတွေကြောင့်ပါ လုပ်နိုင်စွမ်းတွေ နည်းစေ-နှေးပါတယ်။ အင်္ဂါတခုမှာ နည်းလို့ တခြားအင်္ဂါကို သွားနည်းစေတာလဲ ဖြစ်နိုင်တယ်။ ဥပမာ Atherosclerosis သွေးလွှတ်ကြော မာ-ကျဉ်းနေလို့ ကျောက်ကပ်ကို သွေးလာမှာ နည်းစေမယ်။ ကံကောင်းတာက အလုပ်အားလုံး အရင်လို မလုပ်နိုင်ပေမဲ့ အသက်ရှင်ဘို့ လုံလောက်တယ်။ ဒါ့ကြောင့်လဲ အသဲ၊ ကျောက်ကပ် အစားထိုးဘို့ လှူလို့ရတယ် မဟုတ်ပါလား။

အသက်နဲ့အတူ အရိုးတွေဟာ ပါးလာ၊ အားနည်းလာတယ်။ အမျိုးသမီးတွေ သွေးဆုံးတဲ့နောက် ပိုသိသာတယ်။ Cartilage အရိုးနုတွေ၊ Ligaments အရွတ်တွေ နဲ့ Tendons ကြွက်သားချောင်းတွေလဲ ပါတယ်။ Muscle mass ကြွက်သား-ထုထည် နဲ့ Strength အားနည်းလာမယ်။ အသက် ၇၅ နှစ်ရှိရင် တဝက်သာ ရှိတော့မယ်။ Growth hormone ကြီးထွား-ဟော်မုန်း နည်းလို့ ကြွက်သားထုထည် နည်းရတာဖြစ်တယ်။ တနေကုန် အိပ်ရာထဲ နေရသူတယောက်အတွက် ကြွက်သား ရင်းစား ပြန်ရအောင် လေ့ကျင့်ခန်း ၂ ပါတ် လုပ်ပေးဘို့ လိုတယ်။ အသက် ၆ဝ ရောက်သူတွေဟာ အသက် ၂ဝ တွေထက် စာဖတ်ဘို့ အလင်းရောင်က ၃ ဆပိုသင့်တယ်။

လျှာက အရသာ၊ နှာခေါင်းက အနံ့ရတာတွေ ၅ဝ ကျော်ရင် နည်းလာတယ်။ အရေပြားလဲ ပါးလာတယ်။ ရှုံ့နိုင်-ဆန့်နိုင်စွမ်း နည်းလာတယ်။ ခြောက်သွေ့လာတယ်။ အရေးအကြောင်းတွေ ထင်လာတယ်။ အဆီလွှာလဲ နည်းလာတယ်။ ကူရှင်လို သိပ်မလုပ်နိုင်တော့ဘူး။ အအေး မခံနိုင်တော့ဘူး။ အာရုံကြော အားနည်းလာလို့ ပူ-အေး-ဖိ-နာဆိုတဲ့ ခံစားနိုင်တာတွေ နည်းလာတယ်။ သွေးကြောတွေလဲနည်း၊ ချွေးထွက်အိတ်တွေလဲ နည်းလာတယ်။ Melanocytes အရောင်ချယ် ပစ္စည်းတွေ နည်းလာလို့ နေရောင်ထိတာကို သိပ်မခံနိုင်တော့ဘူး။

Heart နှလုံးနဲ့ Blood vessels သွေးကြောတွေက မာလာကြလို့ သွေးလျှောက်တာ နှေးလာတယ်။ အသက် ၅ဝ ရှိသူရဲ့ နှလုံးဟာ အကြိမ်ပေါင်း 1,261,440,000 (၁့၂ ဘီလျံ) အနဲဆုံး ခုန်ခဲ့ပြီးပြီ။ ဂုဏ်ယူပါလေ။ နှလုံးကနေ သွေး ဂါလံပေါင်း ၂ဝဝဝ ကိုလဲ ဝင်ချီ-ထုက်ချီ လုပ်ခဲ့ပြီဖြစ်တယ်။ အသက်ရှူတာ လုပ်ပေးနေတဲ့ ဗိုက်နဲ့ရင်ခေါင်းကြားက (ဒိုင်ယာဖရမ်) ကြွက်သားကြီးလဲ အားနည်းလာတယ်။ အဆုပ်ထဲက Air sacs လေအိတ်လေးတွေ၊ Capillaries သွေးကြောလေးတွေလဲ နည်းလာတယ်။ Lungs အဆုပ်တွေကလဲ အရင်လောက် မဆန့်နိုင်တော့ပါ။ ဒါ့ကြောင့် Respiratory System အသက်ရှူလမ်း-စနစ်ဟာ သေဆုံးတော့မယ်ဆိုတာကို ပိုပြီးပြသနိုင်တယ်လို့ Framingham Heart Study က ဆိုပါတယ်။

Digestive system အစာခြေစနစ်ကတော့ သိပ်မခိုက်ပါ။ နဲနဲဖြစ်မှာက အစာတွေမျိုတာ ပုံမှန်ဖြစ်ပေမဲ့၊ အောက်ပို့ပေးတာ နှေးမယ်။ Lactase ဆိုတဲ့ (အင်ဇိုင်းမ်) ထွက်တာ နည်းလာလို့ နို့-နို့ပါတဲ့အစာကို ကျေချက်တာ နှေးမယ်။ စားသောက်ရင် ဗိုက်ကယ်၊ ဝမ်းပျက်စေနိုင်တယ်။ အူမကြီး အလုပ်မသွက်လို့ ဝမ်းချုပ်နိုင်တယ်။ အသဲက အရွယ်ငယ်လာ၊ (ဆဲလ်) တွေလဲ နည်းလာလို့ သူအလုပ်တွေထဲက အဆိပ်အတောက်တွေကို ချေဖျက်တာ သိပ်မကောင်းတော့တာမို့ အရက်-ဆေးဝါး သတိထားရတော့မယ်။

ကျောက်ကပ်အရွယ် ငယ်လာမယ်။ အသက် ၃ဝ ကျော်ရင် သွေးဝင်လာတာ နည်းမယ်။ ဓါတ်ဆားတွေ စွန့်ပေးနိုင်တာ နည်းလို့ ရေကိုသာ ထုတ်တာမို့ ရေခမ်းခြောက်တာ ဖြစ်လာမယ်။ Aldosterone ဟော်မုန်း နည်းလို့ ဖြစ်တာပါ။ ဒါပေမဲ့ လူ့ကိုယ်က လိုသလောက်တော့ ဆက်လုပ်ပေးနေတယ်။ ဆီးလမ်းက ထိန်းပေးနိုင်တာ နှေးလို့ ဆီးပိုသွားရလိမ့်မယ်။ ဆီးအိမ်ထဲမှာ ဆီးကျန်တာ၊ ဆီးသွာပြီး ရပ်ရတာ ခက်ခဲလာတယ်။ ယောက်ျားတွေမှာ ဆီးကျိတ်ကြီးလာမယ်။

• Insulin က အရင်လောက် ထုတ်မပေးနိုင်တာ့လို့ သကြားဓါတ်များတတ်တယ်။
• Bone marrow ရိုးတွင်းခြင်ဆီကနေ သွေးဥတွေ ထုတ်ပေးတာ နည်းလာမယ်။
• Immune system ရောဂါပြီးစနစ်က နှေးလာမယ်။
• Cancer ကင်ဆာ ဖြစ်တာ ပိုလာနိုင်တယ်။
• Vaccines ကာကွယ်ဆေးတွေ ကာကွယ်မှုပေးတာ နဲလာတယ်။
• Pneumonia နူမိုးနီးယား၊ Influenza တုပ်ကွေး ပိုဖြစ်လာမယ်။
• Allergy (အလာဂျီ) ဖြစ်ရင် ပိုဆိုးတယ်။
• လိင်ဆိုင်ရာ အပြောင်းအလဲ အမျိုးသမီးကြီးတွေမှာ ယောက်ျားအိုတွေထက် ပိုသိသာတယ်။

အသက်ကြီးလို့ ပြောင်းလဲတာတွေကို Normal Aging (နော်မယ်လ်) ပုံမှန်-အမျိုးအစားလို့ သတ်မှတ်ပါတယ်။ ရောဂါတွေ ရရင်တော့ အသက်ရသူတွေအတွက် ပိုဆိုးတယ်။ “သေရတာ အိုလို့ မဟုတ်ပါ။” Injuries ထိခိုက်မိတာတွေ၊ Infections ရောဂါပိုးဝင်တာတွေက အိုနေသူတွေကို ပိုဆိုးစေတယ်။ ကိုယ်ခန္ဓာ-စနစ်တွေကလဲ တခုနဲ့တခု အကျမြန်တာ မတူပါ။ မျက်စိမှုံပေမဲ့ နားကြားတာ (ပါဖက်) ဖြစ်နေနိုင်တယ်။ တခါတလေ အိုတာနဲ့ နာတာ အခွဲရခက်တယ်။ တယောက်နဲ့ တယောက် အိုစာတာမှာလဲ မတူကြပါ။ “မင်းကြီးများ ငါ မအိုသေး” လို့ အလောင်စည်သူမင်းက ကြွေးကြော်ဘူးတယ်။

Chronological age ဇာတာသက် နဲ့ Biological age ဇီဝသက် မတူကြပါ။ ဇာတာလဲ ဆေး၊ ကျန်းမာရေးလဲ ဂရုစိုက်ဘို့ မမေ့ပါနဲ့။

Dr. တင့်ဆွေ
၁၈-၂-၂ဝ၁၁

Monday, February 14, 2011

Eggs and Sprite အားဖြစ်တယ်ဆိုလို့

13 Feb 11, 15:11
ကြက်ဥ နဲ့ Sprite ရောသောက်ရင် အားဖြ့ည်တယ်ဆိုလို့ နေ့တိုင်းလို သောက်ဖြစ်နေပါတယ်။ ဆိုးကျိုးတွေက ဘာတွေ ဖြစ်စေနိုင်ပါသလဲ။

“Eggs ကြက်ဥ အစရှာခြင်း” အကြောင်းတော့ ရေးထားပါတယ်။

မူလပိုင်ရှင်တွေက (ဆော့ဖ်-ဒရင့်ခ်) လို့ ခေါ်တာကို ကျွန်တော်တို့က “အအေး” လို့ ခေါ်လိုက်တယ်။ Cold drink လို့လဲ သူတို့က ခေါ်တာပါဘဲ။ အရက်တွေကို Hard drinks ခေါ်လို့ ဒါကို Soft drinks ခေါ်တာပါ။ အားဖြစ်တာလို့တော့ ဘယ်သူကမှ မခေါ်ပါ။

နာမယ် အမျိုးမျိုးနဲ့ ရှိတယ်။ Soda, Soda pop, Pop, Carbonated beverage, Tonic, Coke, Fizzy drink, Mineral စသဖြင့်။ သမိုင်း ရှာရင် အာရပ်ကမ္ဘာက စခဲ့တယ်။ အနောက်နိုင်ငံတွေမှာ ၁၇ ရာစုကစပြီး ဈေးကွက်ထဲ ဝင်လာခဲ့တယ်။ ၁၈ ရာစုကြမှ Carbonated drinks ဆိုတာ ပေါ်လာတယ်။ Phosphate soda (ဆိုဒါ) က ၁၉ဝဝ နောက်ကြမှ ပေါ်ပြူလာ ဖြစ်လာတယ်။

Club Soda (ကလပ်-ဆိုဒါ) ကို ဟန်ဂေရီတွေက စတယ်၊ အထဲမှာ ဆား နဲနဲပါတယ်။ သွေးတိုး ရှိရင် မကောင်းဘူး။ Tonic Water ဆိုတာ နာမယ်က အားဖြစ်စေသလိုလိုပေမဲ့ (ကာဗွန်) ပါသလို အဓိက (ကွီနင်း) နဲနဲလဲ ပါလို့ ချိုအောင် လုပ်ပေး ထားရတယ်။ ဗြိတိသျှ-ကိုလိုနီတွေ ငှက်ဖျားကြောက်လို့ သောက်တာကနေ စခဲ့တာပါ။ ကြွက်သား နာတတ်သူတွေ အတွက်လဲ ကောင်းပါတယ်။

ဘယ်အရာမဆို တာရှည်ခံ၊ နံမယ်ရ၊ ခေတ်လဲ နောက်မကျ၊ စီးပွါးရေးကလဲ တွက်ခြေကိုက်၊ မြင်လိုက်တာနဲ့ ဝယ်ချင်၊ အောင်မြင်တဲ့ လူသုံး-ပစ္စည်းတွေ အများကြီးရှိတယ်။ တံဆိပ်အတူ၊ အရည်အသွေးတူ၊ လူတွေ ဘယ်တိုင်းပြည်မှာမဆို ဝယ်ယူနိုင်ကြတာက (ဂလိုဘယ်လိုက်ဇေးရှင်း) ဖြစ်စဉ် တစိတ်တပိုင်းပါဘဲ။ ကနေ့ခေတ် လူတွေကြား ပေါ်ပြူလာ အများဆုံး ဖြစ်တဲ့ ဖျော်ရည်ဟာ ၁၉၂ဝ ကတည်းက ပေါ်ခဲ့တဲ့ 7 Up (ဆဲဗင်း-အပ်) ဖြစ်မယ်။ Bib-Label Lithiated Lemon-Lime Soda လို့ စခေါ်ခဲ့တယ်။ Mood-stabilizing drug စိတ်အခြေအနေ ထိန်းဆေးသဘောပါ။ Hangover cure အရက်-များသွားလို့ ဖြစ်တာတွေ ကုစားဘို့ ရည်ရွယ်ခဲ့ပါတယ်။

Sprite ဆိုတာက Lemon-lime flavored သံပုရာ-ရှောက်အနံ့ထည့်ထားတဲ့ Caffeine (ကေဖင်း) မပါတဲ့ Soft drink ဖြစ်တယ်။ နာမယ်ကြီး Coca-Cola Company ကနေ ၁၉၆၁ ကတည်းက 7 Up ကို ပြိုင်ထုတ်တာလဲ ဖြစ်တယ်။ ထုတ်ခါစမှာ Whiskey (ဝီစကီ) တို့ Vodka (ဗော့ဒဂါ) တို့နဲ့ ရောသောက်ဘို့ပါ။ အမေရိကားမှာ လူအများ အသဲစွဲ ဘတ်စကက် NBA ကို ၁၉၉ဝ မှာ Sponsor ရကတည်းက Sprite နာမယ် ပိုကြီးကြီးလာခဲ့တယ်။ Naturally Tart ဖြစ်ပါတယ်လို့ ကြော်ညာပါတယ်။ Tart ရဲ့ အဓိပ္ပါယ်က နှစ်ခွ-သုံးခွ ရှိတယ်။ ချဉ်စုတ်စုတ်-အရသာ၊ ဌာပနာ-သွားရည်စာနဲ့ ကြေးစား-မိန်းမတွေ ဖြစ်တယ်။ တချို့ကလဲ ဒါမျိုးမှ ကြိုက်တာကိုး။

ကုန်ပစ္စည်း ကြော်ညာစာ မဟုတ်လို့ ကျန်းမာရေးဘက် လှည့်ပါမယ်။ Sugar-sweetened အချိုကဲ အစား-အရည်မှန်သမျှ ဘေးထွက်-ဆိုးကျိုးတွေ များတယ်။ လေ့လာမှုတွေကို အကောင်းဖက်ရော၊ အဆိုးဘက်ကပါ လုပ်ပါတယ်။ အချိုဖြစ်အောင် High-fructose corn syrup ပြောင်းကထုတ်တဲ့ အချိုရည် နဲ့ Sucrose (ဆူးခရို့စ်) သကြားကို သုံးတယ်။ Caffeine (ကေဖင်း) ပါတာဆိုရင် Anxiety စိုးရိမ်စိတ်နဲ့ Sleep disruption အအိပ်ခက်တာတွေ ဖြစ်စေတယ်။ သောက်တာများမှပါ။ နဲနဲစီသာပါတဲ့ Sodium benzoate နဲ့ Benzene တွေက ဒုက္ခ ပေးလောက်အောင်တော့ မပါဘူး။

၁၉၉၈ မှာ Center for Science in the Public Interest ကနေ Liquid Candy: How Soft Drinks are Harming Americans' Health အစီရင်ခံစာတခု ထုတ်ပြန်ခဲ့တယ်။ အချိုရည်တွေကြောင့် Obesity အဝလွန်တာ၊ Type 2 Diabetes ဆီးချိုရောဂါ၊ Dental cavities သွားပိုးစားတာ၊ Heart disease နှလုံးရောဂါ နဲ့ အာဟာရ နည်းတာတွေ ဖြစ်စေနိုင်တယ်။ ၁၉၉၇-၂ဝဝ၁ အတွင်း အမေရိကားမှာ အချိုရည် သောက်တာရော အဝလွန်တာပါ နှစ်ဆတိုးခဲ့တယ်။

အချိုရည်တွေမှာ Glucose (ဂလူးကို့စ်)၊ Fructose (ဖရပ်တို့စ်)၊ Sucrose (ဆူးခရို့စ်) သကြား အမျိုးမျိုး ပါနိုင်တယ်။ ပါးစပ်ထဲမှာ နေတဲ့ ဗက်တီးယားတွေက အဲဒီ သကြားကို Ferment အချဉ်ဖေါက်တော့ Acid (အက်စစ်) ဖြစ်စေတယ်။ (အက်စစ်) ကနေ သွားအပေါ်ဖုံး ကြွေလွှာ Enamel ကို ဖျက်ဆီးတယ်။ နောက်ပြီး ဖျော်ရည် အများစုကိုနှိုက်က Acidic ဖြစ်နေသေးတယ်။ pH 3.0 လောက်သာ ရှိကြတယ်။ ပါးစပ်ထဲမှာ စုပ်သလို ကြာကြာထားရင် သွားကို ထိခိုက်စေတယ်။ ဖျော်ရည် သောက်ပြီးပြီးချင်း သွားတိုက်ပြန်ရင် ပိုဆိုးနိုင်တယ်။

နောက်ဆိုးသေးတာက သွေးထဲမှာ (ပိုတက်ဆီယမ်) နည်းစေလို့ Hypokalemia ဖြစ်စေတယ်။ အားလုံးက လက်ခံတာ မဟုတ်ပေမဲ့ ဖျော်ရည်ကြောင့် Bone density အရိုးအားနည်းတယ်လို့ ပြောတာလဲ ရှိသေးတယ်။ ဖျော်ရည်တွေကနေ အာဟာရဓါတ် ဘယ်လောက်ရသလဲ။ တမင် ထည့်ပေးမထားရင် ဗီတာမင် မပါဘူး။ ဓါတ်ဆား မပါဘူး။ ဖိုင်ဗာ၊ ပရိုတင်း တွေလဲ မပါဘူး။ ရေ၊ နွားနို့နဲ့ သစ်သီး-ဖျော်ရည် အစစ်တွေအစား ဒါတွေချည်း သောက်နေရင် အာဟာရ ချို့တဲ့စေတယ်။

USDA အမေရိကန် အစားအသောက်အဖွဲ့ကနေ သတ်မှတ်ပေးထားတာက တနေ့မှာ (ကယ်လိုရီ) ၂ဝဝဝ ရမဲ့ အစား အစာထဲမှာ သကြား လဘက်ရည်ဇွန်း ၁ဝ ဇွန်းထက် မပိုရပါ။ ဖျော်ရည် အတော်များများထဲမှာ သကြား ဒိထက် ကဲပါနေတယ်။ Caloric intake များရင် လူကိုဝစေတယ်။ လျော့ချင်ရင် လေ့ကျင့်ခန်း မလုပ်မနေ လုပ်ရလိမ့်မယ်။

အရင်က ဖျော်ရည်တွေထဲက အချိုဓါတ်ဟာ Corn syrup ကနေရတယ်။ ၂ဝ၁ဝ ကစပြီး အမေရိကားမှာ High-fructose corn syrup (HFCS) ကို ပြောင်းသုံးစေတယ်။ ဈေးချိုလို့ပါ။ HFCS ကို ဆီးချို၊ သွေးတိုး စတာတွေ အားပေတယ်လို့ ထောက်ပြကြတယ်။ ဥရောပမှာတော့ သူများတိုင်းပြည်တွေကနေ Sugarcane ကြံ-သကြား မသွင်းရအောင် ဥရောပထွက် Sugar beets ကိုသာ သုံးစေလို့ Sucrose ကနေ အချိုဓါတ်ရစေတယ်။

Non-alcoholic beverage အရက်မပါ-သောက်စရာ အရည်တွေမှာ ရေ၊ Carbonated water ကာဗွန်ရေ နဲ့ Flavoring agent အနံ့တခုခုပါတယ်။ သကြား ဒါမှမဟုတ် ပြောင်းသကြားရည်၊ Diet drinks (ဒိုင်းယက်-ဒရင့်ခ်) တွေမှာတော့ Sugar substitute သကြား-အစားထိုးတာတွေ သုံးတယ်။ တချို့မှာ Caffeine (ကေဖင်း)၊ တချို့မှာ အသီးရည်၊ တချို့မှာ အရက် Alcohol 0.5% အထိ ပါတတ်သေးတယ်။

Carbonated water ကာဗွန်ဒိုင်အောက်ဆိုက်ပါ ရေကြောင့် သွားကိုတော့ သိပ်မထိခိုက်စေပါ။ သူ့ထဲမှာပါတဲ့ (ဖေါ့စဖိတ်) ကြောင့် အရိုးကို ထိခိုက်စေမှာလဲ မပြောပလောက်ပါ။ European Journal of Gastroenterology and Hepatology ကနေပြောတာက အစာမကျေဖြစ်တာ သက်သာစေတယ်၊ ဝမ်းမချုပ်စေဘူးတဲ့။

လူ့ကိုယ်ခန္ဓာဟာ စားလိုက် သောက်လိုက်တဲ့ (ဆူးခရို့စ်) ကို (ဂလူးကို့စ်) နဲ့ (ဖရပ်တို့စ်) အဖြစ် ပြောင်းပြီးမှ အူကနေ စုပ်ယူပါတယ်။ ရိုးရိုးသကြားကိုလဲ အဲလိုပါဘဲ။ ဒါပေမဲ့ Fructose Metabolism (ဖရပ်တို့စ်) ဓါတ်ပြောင်းဖြစ်စဉ် ဆိုတာ အလွန်မြန်လို့ Fatty acid (ဖက်တီး-အက်စစ်) နဲ့ Triglyceride (ထရွိုင်-ဂလစ်ဇရိုက်) ဖြစ်တာ အသဲမှာ မြန်-များလို့ အဆီတွေ လာစုစေတယ်။ အရက် မသောက်သူတွေမှာပါ Fatty liver disease အဆီဖုံး-အသဲရောဂါ လာဖြစ်စေနိုင်တယ်။

Dr. တင့်ဆွေ
၁၄-၂-၂ဝ၁၁

Saturday, February 12, 2011

Waxing ဖယောင်းသုံးပြီး အမွှေးတုံးစေမယ်

Feb 9, 2011 at 9:48 PM
ကျွန်တော့်မှာ မျက်နှာမှာရော၊ လက်တွေမှာရော အမွှေးတွေ ထူလွန်းလို့ ပြန်မပေါက်အောင်ဘာဆေး သုံးရမလဲ။ ဖယောင်းနဲ့ မပေါက်အောင်လုပ်လို့ ရတယ်ဆိုတာ ဟုတ်ပါသလား။

Eyebrow waxing မျက်ခုန်းမွှေး၊ Leg waxing ခြေသလုံးမွှေး၊ Arm/underarm waxing လက်-ချိုင်းမွှေး၊ Back waxing ကျောမွှေး၊ Chest waxing ရင်ပတ်မွှေး၊ Upper Lip နုတ်ခမ်းမွှေး၊ Entire body wax တကိုယ်လုံးကအမွှေး၊ ဘယ်အမွှေး မဆို ဖယောင်းနည်းနဲ့ နုတ်ပေးနိုင်တယ်။ ဒါပေမဲ့ နား-နှာခေါင်းထဲကအမွှေး၊ မျက်တောင်မွှေးတွေကိုတော့ မလုပ်ရပါ။

ကိုယ်မွှေး နုတ်ချင်ရင် Waxing ဖယောင်းနည်းက အထိရောက်ဆုံး ဖြစ်တယ်။ Warm waxing အပူနည်းနဲ့ Cold waxing အအေးနည်း ဆိုပြီးရှိတယ်။ အပူနည်းက ပိုထိရောက်တယ်။ နုတ်ချင်တဲ့ အမွှေးတွေအပေါ်မှာ ဖယောင်းရည် ပါးပါးသုတ်၊ အပေါ်မှာ စက္ကူ ဒါမှမဟုတ် အဝတ်စကပ်ပြီး၊ အမွှေးပေါက်ရာ လမ်းအတိုင်း ဆွဲနုတ်ရတယ်။

အခုနောက်ပိုင်း ပိုလွယ်လာပြီ။ ဝယ်လို့ရတယ်။ ဈေးလဲ မကြီးဘူး။ လျှပ်စစ် မီးပလပ်ထိုးရုံဘဲ။ ဖယာင်းလဲ အဆင်သင့်ပါ၊ တစ်ရှူး-ပေပါ ထူထူလဲ တခါထဲ ပါတယ်။ ဖယောင်းအနေတော်ထည့်၊ မီးပလပ်တပ်၊ ဖယောင်း ပျော်ရင် မီးပိတ်၊ ခဏစောင့်၊ နုတ်ချင်တဲ့ နေရာပေါ် ဗူးထဲမှာပါတဲ့ သတ္ထုပြားလေးနဲ့ ဖယောင်ရည်ကို ကော်ပြီးသုတ်။ နောက် စက္ကူကပ်၊ ခဏနေရင် အမွှေးပေါက်လမ်း အတိုင်းလို့ ဆတ်ကနဲ ဆွဲခွါရုံဘဲ။ ဒိထက် လွယ်သေးပြန်တာက တခါသုံး ပလပ်စတစ် အိတ်လေးထဲမှာ ဖယောင်းရော စက္ကူရော ကပ်ထားပြီးသာ။ ဘာမီး-လျှပ်စစ်မှ မလိုတော့ဘူး။

Benefits and drawbacks အကောင်း-အဆိုး
အမွှေးတွေ ထူနေတာအတွက် ကောင်းတယ်။ ကြာကြာခံတယ်။ ၂-၈ ပါတ်ခံတယ်။ ရိတ်ရင် အခြေက ပါမသွားလို့ ရှည်လာတာ မြန်တယ်။ ဖယောင်းနဲ့ နုတ်ပြီး ပြန်ပေါက်တာက အရင်လောက် မသန်တော့ဘဲ ဒီနည်းနဲ့ ခဏခဏ နုတ်ရင် အမွှေးနုလာစေမယ်။ ဒါပေမဲ့ အနာနဲနဲခံရမယ်။ ခဏပါ။ ပိုက်ဆံပိုသုံးရမယ်။ သူများဆီမှာ မျက်ခုန်းမွှေးအတွက် $12 နဲ့ တကိုယ်လုံးဆို $300 ကုန်မယ်။ တတ်ကျွမ်းသူကနေသာ လုပ်ပေးနိုင်တယ်။ နောက်ဘယ်တော့မှ မပေါက်တော့ဘူးတော့ မဟုတ်ပါ။

နုတ်တာ လမ်းကြောင်းမမှန်ရင် နောက်ပေါက်လာမဲ့ အမွှေးက ကောက်ကွေးနိုင်တယ်။ အဆင်မပြေရင် သွေးနဲနဲ ထွက်နိုင်တယ်။ နီနေနိုင်တယ်။ ဆီးချို မကျသူတွေ မလုပ်သင့်ဘူး။ သွေးပြန်ကြောထုံးနေသူလဲ မလုပ်သင့်ပါ။ Retin-A, Renova, Differin or isotretinoin ဆေးသောက်နေသူတွေလဲ ရှောင်သင့်တယ်။ အရေပြားမှာ ကူးစက်ရောဂါရှိနေရင် ဆေးကုပြီးမှ လုပ်ရမယ်။ အရေပြားက သိပ်နု-သိပ်ပါးသူတွေ မကောင်းဘူး။ ဥပမာ စတီရွိုက်ဆေး လိမ်းနေသူတွေ။ ဝက်ခြံအတွက် Roaccutane ဆေး သုံးနေရင်လဲ အရေပြားက သိပ်ခြောက်နေလို့ မကောင်းဘူး။ ၆ လလောက် စောင့်ပါ။ အရေပြားပေါ် ကြွနေတဲ့ မှဲ့တို့ အသားပိုတို့ကို ဒီနည်းနဲ့ လုပ်မရပါ။ အောက်မှာ ရှနေတာ၊ အနာ၊ သွေးခြည်ဥတာ ရှိနေရင်လဲ မလုပ်သင့်ပါ။

Oil based lotions or creams ဆီပါတာတွေ မသုံးရပါ။ သီးသန့် ပေါက်နေတဲ့ အမွှေးရှိရင် Tweezers ဒါမှမဟုတ် Electrolysis သုံး နုတ်ရမယ်။ ရှည်နေရင် ကပ်ကြေး၊ Electric razor တခုခုနဲ့ အရင် တိုလိုက်ရသေးတယ်။ မနာစေချင်ရင် ဖယောင်းနည်း မလုပ်ခင် Ibuprofen အနာသက်သာဆေး ၁ နာရီကြိုသောက်တယ်။ အဆင်မသင့်ရင် Staphylococcus aureus ပိုးကြောင့် Folliculitis အမွှေးအိတ်ရောင်တယ်။ Antibiotics ပေးရတယ်။ ပြည်တည်တတ်တယ်။

ကိုယ်မွှေးကို တခြား ဂရုစိုက်နည်းတွေလဲ ရှိပါတယ်။
• အမွှေးကို အရောင်ဆိုး-ချွတ်နည်း Bleaching ကိုလဲသုံးတယ်။
• Shaving ရိတ်နည်းက အမွှေးကို နောင်ဘယ်လိုမှ မပြောင်းလဲစေဘူး။
• Plucking ဈေးအချိုဆုံးနည်။ အမွှေးကို ဘယ်လိုမှလဲ မပြောင်းလဲစေဘူး။ ရိတ်နည်းထက် ပြန်ပေါက်ဘို့နှေးတယ်။ ခဏခဏနုတ်ရင် အမွှေးအခြေကို ထိခိုက်စေလို့ ပြန်ပေါက်တာ ပိုနှေးစေတယ်။
• Sugar Waxing ဆိုတဲ့ သကြားသုံးနုတ်နည်းလဲ ပေါ်ပြူလာဖြစ်လာတယ်။ ပူတင်း၊ ရေခဲမုံ့ စတာတွေအပေါ်မှာ သုံးတဲ့ သကြားရည် အပျစ်စားကို သုံးတယ်။ ရေမှာပျော်တဲ့အမျိုးမို့ ဖယောင်းထက် သန့်ရှင်းရတာ လွယ်ကူတယ်။
• Depilatories ဆေးနည်းလဲရှိတယ်။ Thioglycolate နဲ့ Sodium hydroxide or Calcium hydroxide ဆေးတွေ ရောသုံးတယ်။ အမွှေးကို ၃-၁၅ မိနစ်အတွင်း ဂျယ်လီလိုဖြစ်ပြီး ပျော်သွားစေတယ်။ ဒီဆေးနည်း မလုပ်ခင် ၂ ရက် ကြိုတင် တည့်-မတည့်စမ်းသင့်တယ်။ အမွှေးတွေ ရှင်းသွားရင် Hydrocortisone cream (ကော်တီဇုန်း) ဆေး လိမ်းပေးရင် သက်သာတာ မြန်မယ်။
• Electrolysis လျှပ်စစ်နည်း။ အမွှေးအခြေထဲ အပ်သေးသေးထည့် လျှပ်စစ်နဲ့ မီးရှို့တာပါ။ တပင်ချင်း လုပ်ရတာ။ ခဏခဏလုပ်ရင် ရာသက်ပန် အမွှေးပြန်မပေါက်တော့ဘူး။ ခက်တာက လိုင်စင်ထုတ်ပေးဘို့ တိတိကျကျ သတ်မှတ်ချက် မရှိသေးဘူး။ ခဏခဏဆိုတာ ၁ နှစ် ၁ နှစ်ခွဲ ကြာမယ်။
• Vaniqa နည်း။ ဆရာဝန် လက်မှတ်နဲ့မှ ဝယ်နိုင်တဲ့ ဆေးဖြစ်တယ်။ African sleeping sickness နဲ့ Cancer (ကင်ဆာ) တချို့အတွက်သုံးတဲ့ Eflornithine hydrochloride ဆေးပါတယ်။
• Laser လေဆာနည်း။ ခေတ်စားတာပါဘဲ။ လူတိုင်းကို လုပ်မရသလို ရာသက်ပန် မပေါက်မှာလဲ မဟုတ်ပါ။ အသားဖြူသူတွေ အမွှေးနက်ပေါက်တာမျိုး ပိုအဆင်ပြေမယ်။

ကနေ့ခေတ် အမျိုးသမီးတွေက ဝတ်တာစားတာမှာ အတွင်းခံကအစ တိုရုံမက သေးသေး ငယ်ငယ်လာကြတယ်။ ဖေါ်တော့ ဖေါ်ချင်ပေမဲ့ နဲနဲတော့ အရှက်တရား ရှိသေးတယ်။ သဘာဝအတိုင်း ပေါက်နေတဲ့ ဆီးစပ်မွှေးကို လုံအောင်ဆိုရင် သိပ်သေးမရလို့ ရေကူးဝတ်စုံ ဝတ်လို့ မလုံမှာတွေကို ဖယောင်းနည်းနဲ့ နုတ်ကြရတယ်။ တချို့ကလဲ ဒီလိုလုပ်တာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောကြတာတော့ ရှိတာပေါ့။

• အဲလို ပုံသွင်းသလို နုတ်နည်းကို American wax နဲ့ Bikini waxing ခေါ်တယ်။ (ဘီကီနီ) နဲ့ ရေကူးဝတ်စုံအတိုင်း အံကျပန်ကျ ဖုံးမဲ့နေရာ အောက်မှာသာ အမွှေးရှိနေအောင် နုတ်ရတယ်။
• French waxing ပြင်သစ်နည်းကတော့ တမျိုး။ အထက်-အောက် အတန်းပုံဖြစ်ပြီး လေယာဉ် အဆင်းလမ်းလိုမို့ Landing strip လို့ ခေါ်တယ်။ လက်ချောင်း ၂ ချောင်း၊ ၃ ချောင်းသာ အထက်-အောက်ရှိပြီး၊ ဘေးတိုက်က ၄ စင်တီမီတာသာ ကျယ်တယ်။
• ပြောင်နေအောင် ရိတ်နည်း Full Brazilian ခေါ်တယ်။ ၁၉၆၆ ကနေဒါမှာ တွေ့ခဲ့တဲ့ အမွှေးမပါတဲ့ ကြောင်လေး နာမယ်ကို အစွဲပြုပြီး ဒီလိုနည်းကို Sphynx လို့လဲ ခေါ်ကြတယ်။ ရှေ့ရော-နောက်ပါ အမွှေးမှန်သမျှ နုတ်တယ်။
• အဲလောက် မပြောင်တာမျိုးကို Partial Brazilian wax လို့ ခေါ်ကြတယ်။ မအင်္ဂါနုတ်ခမ်းသားနဲ့ ဝမ်းသွားပေါက်က အမွှေးတွေပါ နုတ်ရတာကို Playboy wax or G-waxing လို့ နာမယ် ပေးထားတယ်။
• မျဉ်းကြောင်းလေးလိုသာ ချန်ထားရင် Thong bikinis ဆိုတဲ့ ဒီဇိုင်နာ ဘီကီနီ (Metallic Micro G String Bikini, Metallic Snakeskin Thong Bikini, Polka Dot Micro Thong, Red Cheetah Bungie Bikini, Rhinestone Micro Bikini, Sea Saw Bikini, Sequin Scrunch Butt Bikini) တွေ ဝတ်လို့ အဆင်ပြေမယ်။

နှစ်စဉ် ဖေဖေါ်ဝါရီ ၁၄ ရက်ကို Saint Valentine's Day နေ့လို့ ခရစ်ယန် ဘာသာဝင်တွေက အေဒီ ၅ဝဝ ကတည်းက သတ်မှတ်ခဲ့တယ်။ ၁၉၆၉ မှာ ပုတ်ရဟန်းမင်းကြီးက သူတော်စဉ်-ပြက္ခဒိန်ထဲက ဖျက်လိုက်ပေမဲ့ ကနေ့အထိ အသဲပုံ၊ မြားနတ်မောင်ပုံတွေနဲ့ အချစ်လက်ဆောင်တွေ အပြန်အလှန်ပေးကြတယ်။ ကိုယ်မွှေး ပုံဖေါ်တာမှာ ယောက်ျားများအတွက် Hitler's Moustache နဲ့ Chaplin's Moustache ဆိုတာတွေလဲ ရှိပေမဲ့ အောက်သွားပြီ ထင်တယ်။ မိန်းကလေးများကတော့ Heart အသဲပုံဖေါ်ပြီး၊ Valentine's Day အတွက် (စပါယ်ရှယ်) လုပ်ကြပါသတဲ့။

Dr. တင့်ဆွေ
၁၂-၂-၂ဝ၁၁

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...