ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, February 28, 2011

Q and A February 2011 (9)

1. ပျို့တတ်သည့် ဝေဒနာကို ခံစားနေရပါသည်
2. လည်ပင်း အကျိတ် ၅ လုံး လောက် ပေါက်နေပါတယ်
3. ကိုယ်ဝန်ဆောင်က မြန်မာဆေး သောက်လို့ရလား
4. ကန့်လန့် ခွဲတာနဲ့ ဒေါင်လိုက်ခွဲတာ ဘာကွာခြားမှုရှိသလဲ
5. ဆက်ဆံပြီးပြီးချင်း နောက်လမှာပဲ ရာသီသွေး ရပ်ပါသလား
6. အိမ်ထောင်က အရမ်းပွေလွန်းလို့
7. အမာရွတ်ကို ကုသရင် အရှင်းပျောက်ပါသလား
8. လုံးပတ်ဟာ သေးပါတယ်
9. ခွဲမွေးရင် ခါးရိုးဆစ် ထုံဆေးထိုးတာ
10. တားဆေးများကို ခုနစ်နှစ်နီးပါး သောက်သုံးခဲ့ခြင်းကြောင့်ဟု ပြောပါတယ်

2011/2/8
Q 1: ကျွန်တော့် အသက်က ၃ဝ နှစ် ရှိပါပြီ။ လွန်ခဲ့သည့် ၇ နှစ်လောက်က အစာအိမ်ရောဂါကို ဖြစ်ခဲ့ဖူးပါတယ်။ လွန်ခဲ့သော ၃ နှစ် ဝန်းကျင်ခန့်က စ၍ ပျို့တတ်သည့် ဝေဒနာကို ခံစားနေရပါသည်။ အစာစားတာ များလွန်းရင် အစာမကြေပဲ ပျို့ပြီး ပြန်အန်တတ်ပါသည်။ အဆာလွန်တဲ့အခါလည်း လေတွေ ပျို့ပျို့တတ်ပါသည်။ ရေငတ် လွန်းရင်လည်း ပျို့ပါသည်။ စကား မနားတမ်း ပြောလွန်းရင်လည်း ပျို့ပါသည်။ သွားတိုက်လျင်လည်း ပျို့၍ စားထားသည့်များကို ပြန်အန်ပါသည်။ စားစရာတစ်ခုခုကို ထည့်ဝါးနေလျင် ပျို့ချင်စိတ် ပျောက်သွားပြန်ပါသည်။ မြန်မာပြည်သို့ အလည် ပြန်ရောက်သည့် အခိုက်တွင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး ဆေးကို ၂ လ၊ ၃ လခန့် စွဲသောက်ခဲ့ဖူးပါသည်။ ထူး၍ မသက်သာပဲ ဆေးကြောင့် ဆံပင်ပို ကျွတ်ခြင်း၊ ခန္ဒာကိုယ် လေးလံထိုင်းမှိုင်းခြင်းများ ဖြစ်၍ ဆက်မသောက်ဖြစ်တော့ပါ။ တိုင်းရင်း ဆေးဆရာနှင့်လည်း ပြသ၍ မြန်မာဆေးကို သောက်ကြည့်ပါသည်။ မသက်သာပါ။

ဖတ်ချင်လဲဖတ်ဖူးမှာပါ။ မဖတ်ရသေးရင်တော့ ဖတ်စေချင်တယ်။ လိုတာတွေ လိုက်နာပါ။
1. Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း
2. Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်
3. Gastroesophageal reflux disease (GERD) အချဉ်ရည် အထက်ဆန်ခြင်း
4. Acid Reflux အူကျတာ မဟုတ်တဲ့ (ဟာနီယာ) နောက်လိုသေးတာ မေးပါ။ သောက်ဘူးတဲ့ဆေး နာမယ်တွေ မှတ်မိရင်လဲ ပြောပါ။

Feb 27, 2011 at 3:46 AM
Q 2: အသက် ၂၆ နှစ်ပါ။ ကျနော့်ဘယ်ဘက် လည်ပင်း အကျိတ် ၅ လုံး လောက်ပေါက်နေပါတယ်။ အရင်ကလည်း အဲလို ဖြစ်ဖူးပါတယ်၊ ဘာမှမလုပ်ပဲ သူ့အလိုလို ပြန်ပျောက်သွားပါတယ်။ ဖြစ်တာ ၃ နှစ်ရှိပါပြီ။ တစ်နှစ်ကို တစ်ကြိမ် ပေါက်ပြီး ၂ လ ၃ လလောက်ကြာတတ်ပါတယ်။ အခု ၃ ကြိမ်မြောက် ပေါက်ခြင်းပါ။ အရင်က လည်ပင်းမှာပဲ ပေါက်တာ ဆိုတော့ နေရတာ အဆင်ပြေပါတယ်။ အခုမေးရိုးအောက်မှာပါ ပေါက်လာတော့ နေရတာ အဆင်မပြေဘူး။ အကျိတ်တွေက နာတော့ မနာဘူး။ ဘယ်လို အကျိတ် အမျိုးအစားလည်း၊ ဘယ်လိုလုပ်သင့်တယ် ဆိုတာလည်း အကြံ ပေးစေလိုပါတယ်။ နောက်တစ်ခုက ယောက်ျားလေးအင်္ဂါ အရေးပြားဖုံးနေတာ အခုအရွယ်မှ ဖြတ်လို့ အဆင်ပြေပါ့မလား။

ဓါတ်ပုံ နဲ့ ရောဂါရာဇဝင်အရ လည်ပင်းအကျိတ်တွေက (လင့်ဖ်-နုတ်) တက်စေ့တွေရောင်တာ ဖြစ်ပါမယ်။ တက်စေ့ ရောင်တယ်ဆိုတာ သူ့မှာ ရောဂါဖြစ်တာလဲ ရှိသလို အများဆုံးက သူနဲ့ဆိုင်တဲ့ မူလနေရာမှာ ရောဂါရှိလို့ သူ့ဆီရောက်တာ ဖြစ်ပါတယ်။ ပေါ်ပြီးပျောက်၊ ပျောက်ပြီး ပြန်ပေါ်တာဆိုရင် ဆိုးဝါးတဲ့ ဥပမာ (ကင်ဆာ) မဟုတ်နိုင်ပါ။ လည်ပင်းက တက်စေ့တွေဟာ ပါးစပ်၊ လျှာ၊ လည်ချောင်း၊ အဆုပ် စတဲ့ နီးစပ်ရာတွေနဲ့ ဆက်နေတယ်။ “Neck lumps လည်ပင်း အကျိတ်” ကို ဖတ်ပြီးပြီလား။ ဖြစ်နိုင်တာတွေများလို့ ရောဂါ သေချာအောင် စစ်ဆေးရမယ်။ ဆရာဝန်ပြပါ။ အနည်းဆုံး ဓါတ်မှန်ရိုက်သင့်တယ်။ တီဘီ မဟုတ်တာ သေခြာစေဘို့ပါ။ လိုသေးရင် Biopsy အသားစထုတ်ပြီးစစ်တာ လုပ်ပါမယ်။ ခပ်လွယ်လွယ်ပြောရရင် ပိုးတခုခုဝင်ရာကနေ ဆက်ဖြစ်တာ ထင်ပါတယ်။ Antibiotic ပဋိဇီဝ ပိုးနိုင်ဆေး တခုခုကို ဆေးတပါတ်လည်အောင် သောက်ရမယ်။ ဥပမာ Amoxacillin 250 mg တနေ့ ၄ ကြိမ်၊ ၅-၇ ရက်။ တချိန်ထဲမှာ Paracetamol ကိုပါ သောက်သင့်တယ်။ မနာပေမဲ့ ရောင်တာသက်သာစေဘို့ပါ။
Phimosis ပန်းငုံတာကို အရွယ်မရွေးပြုပြင်နိုင်ပါတယ်။ လုပ်ဘို့အကြံပေးပါတယ်။ “Phimosis ပန်းငုံတယ်ဆိုတာ” ကို ဖတ်ပါ။

Feb 19, 2011 at 1:48 PM
Q 3: ကိုယ်ဝန်ဆောင်က မြန်မာဆေးသောက်လို့ရလား။ အစာကြေဆေးတို့ လျှက်ဆားတို့လိုဟာမျိုးပေါ့။ ဘယ်အချိန်မှာ Ultrasound ရိုက်ရင် ယောက်ျားလေး-မိန်းကလေး သိနိုင်လဲ။

• မြန်မာဆေးတွေကို ကျွန်တော် သိပ်မသိပါ။ လျှာကတော့ သိပါတယ်။ ငန်တာတွေ များတတ်တယ်။ သွေးတိုးတာနဲ့ ခြေ-လက်-မျက်နှာ ဖေါရောင်နေသူများ လုံးဝမတည့်ပါ။
• နိုင်ငံတိုင်းမှာ ဗိုက်ထဲက ကလေး ကျားမ ခွဲမပေးပါ။ ဥပဒေကတားမြစ်ထားပါတယ်။
• လုပ်ခွင့်ရှိတဲ့ဆီမှာ အများဆုံး ကိုယ်ဝန် ၁၈-၂၂ ပါတ်မှာ Ultrasound ရိုက်ကြတယ်။
• ကလေးရဲ့ အပြင်လိင်အင်္ဂါတွေ ရှာကြည့်ပါတယ်။
• လိင်တံ မြင်ရင် Turtle sign ပြောတယ်။ ကျားအစိနှစ်လုံးကြားက ပြူထွက်နေသလို ဖြစ်လို့။
• မအင်္ဂါနှုတ်ခမ်းသားအကြီး၊ မ-အစိတွေ မြင်ရရင် Hamburger Sign လို့ ခေါ်တယ်။
• Absence of Penis = Girl theory လို့လဲ သုံးလေ့ရှိတယ်။
• 3D Ultrasound ဆိုရင် ၁၂-၁၄ ပါတ်ဆို တိကျပြီ။ ၁၁ ပါတ်မှာ ရိုက်ရင် တဝက်လောက်မှားတတ်တယ်။

Feb 20, 2011 at 4:28 PM
Q 4: ကျမ ဖေဖော်ဝါရီ ၁၄ ရက်နေမှာ ခွဲပြီး သားအိမ်ထုတ်တာ သားဥပြွန်တော့ ချန်ထားသေးတယ်။ ဆေးရုံကနေ ၁၈ ရက်
နေ့က ဆင်းပါတယ်။ ဆေးရုံမှာတုံးက အခြေအနေတွေ အကုန်ကောင်းပါတယ်။ ၁၈ ရက် ညကနေစပြီး သွေးလိုလိုနဲ့ သားငံရည် နည်းနည်းဆင်းနေတယ်ဆရာ။ အဲဒါအန္တရယ်ရှိလား သိချင်လို့ပါ။ ဆေးရုံက ပြန်ချိန်းထားတာ မတ်လ ၂ ရက် နေ့မှာ ဖြစ်တယ်။ တကယ်လို့ စိုးရိမ်ရတဲ့လက္ခဏာဆိုရင် ဆေးရုံပြန်သွားပြချင်တယ်။ ပြီးတော့ဆရာ ဗိုက်ခွဲတဲ့အခါ ကန့်လန့် ခွဲတာနဲ့ဒေါင်လိုက်ခွဲတာ ဘာကွာခြားမှုရှိသလဲဆိုတာသိချင်တယ်။ လွန်ခဲ့တဲ့ ၃ နှစ်က ကျမသူငယ်ချင်းက ဒေါင်လိုက် ခွဲပြီးသားအိမ် ထုတ်တာ သူကတော့ ခွဲပြီး သတိရတာနဲ့ နာကျင်မှုမရှိဘူး ကျမကတော့ ကန့်လန့်ခွဲတာဖြစ်ပြီး အခုထိ အထိုင်အထ အသွားအလာမှာ နာကျင်မှုရှိနေသေးတယ်။ အဲကွာခြားချက်ကို သိချင်လို့ပါ၊ အဲဒီသူငယ်ချင်းကလည်း မေးခိုင်းလို့ပါ သူက သားအိမ်ထုတ်ပြီးနောက် ဒူးဆစ်တွေနာတယ် လက်နဲ့ ခေါက်ရင်တောင် နာတယ်တဲ့။ အဲဒါ သားအိမ် ထုတ်လိုက်လို့ဖြစ်တာလားဆိုတာ သိချင်လို့ပါ၊ သူလည်း သားအိမ်ပဲထုတ်ပြီး သားဥပြွန် ရှိတယ်။ သားငန်ရေကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ။

• ခွဲစိတ်အပြီး ၄ ရက်အကြာ တခုခုဆင်းတာပေါ့။ သားငံရည်ပြောတာက အလွယ်ခေါ်တာပေါ့။ မမှားပါ။ ဆေးစာနဲ့ ပြောရင် ဆင်းတာက ဘာလဲ ကြည့်ရမယ်။ အဖြူ၊ အရည်၊ ခပ်ဝါဝါ၊ ခပ်စိမ်းစိမ်၊ ပန်းရောင်၊ အညို၊ သွေး၊ အဖတ်၊ ခပ်ပျစ်ပျစ် စတာတွေ သိရမယ်။ ၂ မျိုး ရောတာလဲ ဖြစ်နိုင်တယ်။ ရိုးရိုးပြောရင် Vaginal Discharge ဘဲပြောတယ်။ White discharge, Mucus discharge, Bleeding ထပ်ပြောမယ်။
• ခွဲတာက သားအိမ်ထုတ်တာမှာ Cervix သားအိမ်အဝ ခေါ်တဲ့ တချို့ ကလဲ သားအိမ်ခေါင်းလဲ ခေါ်ကြတယ်၊ အဲဒါကို ဘယ်လိုလုပ်သလဲ မပြောတတ်ပါ။ ချန်တဲ့အခါ ချန်တယ်။ ထုတ်ချင်လဲ ထုတ်ပါသေးတယ်။ Cervix ကနေ စောစောက ပြောတာတွေ ဆင်းနိုင်တယ်။ မကျန်ရင်လဲ သားအိမ်ထုတ်ပြီး ပြန်ပိတ်-ချုပ်တဲ့ အတွင်း ချုပ်ရိုးကနေလဲ တခုခု ဆင်းနိုင်ပါတယ်။ ဒါမျိုးက သတိထားစရာရော မလိုတာပါ ဖြစ်နိုင်တယ်။
• အနာတခု မကျက်ခင်မှာ ထွက်တာမျိုးက ဘာမှ ထူးလုပ်စရာမလိုပါ။ ညှီနံ့လေးနဲနဲသာရှိမယ်။ ကိုယ်မပူဘူး။ အထဲချုပ်ရိုးကို ထိရင် မနာဘူး။ သန့်ရှင်းရေးသာ ဂရုစိုက်ပါ။ ပေးထားမဲ့ ဆေးရည်သာသုံးပါ။ မရှိရင် အပျော့စား ပိုးသတ်ဆေးရည် ဥပမာ Savlon, Dettol ကို ရေနဲ့ရော သုံးပါ။ ဆေးအပြင်စားတွေ မထည့်ပါနဲ့။
• တကယ်လို့ ပိုးဝင်တာဆိုရင် ကိုယ်ပူမယ်။ အနံ့ဆိုးမယ်၊ ဆင်းတာများများလာမယ်။ နာမယ်။ ဆရာဝန်ပြန်ပြပါ။ လိုအပ်ရင် Antibiotics ပေးမယ်။
• ခွဲကြောင်း-ချုပ်ရိုး ကန့်လန့်နဲ့ ဒေါင်လိုက်။ ဒေါင်လိုက်ခွဲတာ သမားရိုးကျဖြစ်တယ်။ ကန့်လန့်က ချုပ်ရိုး အမြင်လှအောင် ဖြစ်တယ်။ အတွင်းခံအထိ လှန်မှ မြင်ရမယ်။ တချို့ဆို ခွဲထာမှန်းတောင် ကြာရင် မသိရသလိုဘဲ။
• နာတာ။ ကန့်လန့်ခွဲရတာရဲ့ ကောင်းချက်က ခွဲရတဲ့သူအတွက် သက်သာတယ်။ အထဲ အင်္ဂါတွေကို လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်။ ဒါ့ကြောင့် အင်္ဂါတွေကို ထိကိုင်ရတာ သက်သာစေတယ်။ ဒါ့ကြောင့် လူနာ နာတာ သက်သာနိုင်တယ်။ Pain killer တခုခု သောက်ပါ။
• သားအိမ်ထုတ်ပြီးနောက် ဒူးဆစ်တွေ နာတာက ခွဲတာနဲ့ ဆိုင်နိုင်-မဆိုင်နိုင် ဖြစ်နိုင်တယ်။ Spinal anesthesia ခါးရိုးဆစ် ထုံဆေးနဲ့ ခွဲသူတိုင်း ခါးအောက်ပိုင်းမှာ တခုခု ဖြစ်ချင်ဖြစ်တတ်တယ်။ လူနာဖြစ်တုံးက အိပ်ရာထဲ ရက်ကြာသူတွေမှာ အောက်ပိုင်း တခုခု ဖြစ်တတ်သေးပါတယ်။
• သားအိမ်ထုတ်တော့ ချန်ထားတာကို Ovaries မျိုးဥအိမ်ခေါ်ပါတယ်။ Utrine tubes သားအိမ်ပြွန်လဲ ဖြတ်ပါလိမ့်မယ်။ ကျန်နေနိုင်ပါတယ်။ ဘာလို့ သားအိမ် ထုတ်ရသလဲအပေါ် မူတည်ပါတယ်။

Feb 20, 2011 at 4:46 PM
Q 5: ၁။ အမျိုးသမီးတွေမှာ ယောက်ျားနဲ့ ဆက်ဆံပြီးတာနဲ့ ကိုယ်ဝန်ရှိပြီဆိုရင် ဆက်ဆံပြီးပြီးချင်း နောက်လမှာပဲ ရာသီသွေး ရပ်ပါသလား။ ဆက်ဆံပြီး နှစ်လ သုံးလ ကြာမှ ရပ်ပါသလား။ (ကြားလများတွင် မဆက်ဆံပဲနဲ့ )
၂။ အကယ်၍ ကိုယ်ဝန်ရှိတယ်ဆိုပါက ဘယ်လို လက္ခဏာများ ပြပါသလဲ။

• ကိုယ်ဝန်ရှိတယ်ဆိုတာ ဆက်ဆံတာ ၁ ကြိမ်ထဲနဲ့လဲ ဖြစ်နိုင်တယ်။
• ကျားသုတ်ပိုးနဲ့ မမျိုးဥတွေ တွေ့ဆုံ-ပေါင်းစပ်-သန္ဓေဖြစ်-သားအိမ်မှာ လာကပ်တာနဲ့ ကိုယ်ဝန်ရပြီ။ ဒိနောက် ရာသီသွေး ဆိုတာ မဆင်းတော့ပါ။ ဆက်ဆံတဲ့လက ချက်ချင်းစတယ်။ ဆက်ဆံမှု အကြိမ်နဲ့ မဆိုင်ပါ။
• ရာသီသွေးမဟုတ်ဘဲတော့ သွေးဆင်းနိုင်သေးတယ်။
• Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာများ နဲ့ Pregnancy Tests ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း တွေကို ဖတ်ပါ။

24 Feb 11, 14:07
Q 6: ကျမ အသက် ၃ဝ ပါ၊ အသက် ၂၃ က ပထမ အိမ်ထောင်က အရမ်းပွေလွန်းလို့ ကွာရှင်းလိုက်တာပါ။ မိန်းမပွေလို့ ကျမရဲ့ မိန်းမကိုယ်က အရမ်းယားယံလို့ ဆေးခမ်းပြတာ ဆေးအဖုတတောင့်ထဲ့လိုက်တာ ပျောက်သွားပါတယ်။ အခု ကျမမိသားစု သစ္စာရှိ အမျိုးသားနဲ့ နေတဲ့အခါ နောင် သားအိမ်က တခုခုပြန်ဖြစ်နိုင်မလား။ ကလေးရှိရင်ရော ထိခိုက်နိုင်ပါသလား။ အခု အိမ်ထောင်ဖက်နဲ့ ကျမ နောင်ကျန်းမာရေး တခုခုထိခိုက်နိုင်ပါသလား။

၁။ အရင်ဖြစ်ဘူးတဲ့ ရောဂါဟာ ဆေးကုလို့ ပျောက်တာဖြစ်နေတာမို့ သိပ်လဲ စိတ်မကောင်း၊ ခံပျင်းတာ မဖြစ်ပါနဲ့။ ဒီခေတ်မှာ ကာလသားရောဂါလို့ အလွယ်ခေါ်တာတွေထဲက B ပိုးနဲ့ HIV မဟုတ်တာတွေက ကုသရ လွယ်ပါတယ်။ မွေးလာမဲ့ ကလေးကိုလဲ ဆေးကုပြီးရင် အန္တရာယ် မရှိစေနိုင်ပါ။
၂။ ဆေးစစ်၊ သွေးစစ်တဲ့အခါ လိင်ကတဆင့် ကူးစက်ရောဂါ မရှိရင် စိတ်ချနိုင်ပါတယ်။

Sat 2/26/2011 8:10 PM
Q 7: လွန်ခဲ့တဲ့နှစ် ၂ဝ လေက်က ရေနွေးပူလောင်ထားတဲ့ အမာရွတ်ကို ကုသရင် အရှင်းပျောက်ပါသလား။ ကုသစရိတ် ခန့်မှန်းချေနဲ့ နေရာလေး ညွှန်ပြပေးပါ။

အမာရွတ်က ဘယ်အထိနက်သလဲ၊ တခြားနေရာနဲ့ ကပ်နေသလား၊ ဥပမာ လက်ချောင်းချင်း၊ လှုတ်ရှားမှုကို ထိခိုက်သလာ။ ဥပမာ အကွေး-အဆန့်။ ရုပ်ဆိုးတာကိုသာ ကုဘို့လိုတာလား။ ဒါတွေအပေါ်မူတည်ပြီး ကုရပါမယ်။
အရေပြား၊ အသားအစားထိုးချင် ထိုးရမယ်။ လေဆာနဲ့ ရချင်ရမယ်။ ကုန်ကျတာကလဲ အဲဒီဟာတွေအပေါ် မူတည်ပါမယ်။ ဖြစ်တဲ့သူက ဘယ်တိုင်းပြည်မှာလဲ မသိလို့ မှန်းမပြောတတ်ပါ။ ပြည်တွင်းကဆိုရင် ကျွန်တော် သိပ်မသိပါ။
Scar အမာရွတ် ကိုလည်းဖတ်ပါ။

Feb 28, 2011 at 12:31 AM
Q 8: ကျွန်တော့် အသက်၂၂ပါ။ လိင်တံရဲ့ လုံးပတ်ဟာ သေးပါတယ်။ လိင်တံဟာ ပိန်ပိန် ရှည်ရှည် ပုံစံမျိုး ဖြစ်နေပါတယ်။ အဲဒီ့အတွက် လုံးပတ်ကိုကြီးစေမယ့် ဆေးများရှိရင် သိချင်ပါတယ်။ ဆေးကို ဘယ်လို သုံးရမယ် ဆိုတာနဲ့ ဘယ်လောက် ကြာကြာ သုံးစွဲရမယ် ဆိုတာကိုပါ ပြောပြပေးစေလိုပါတယ်။

Penis enlargement ကျားအင်္ဂါ ကြီးစေခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅) ကို ဖတ်ပါ။

24 Feb 11, 13:58
Q 9: ကျမက အိမ်ထောင်သယ် အသက် ၃ဝ ပါ။ ဒူးအောက်ပိုင်းက သိပ်မကောင်းလို့ ကလေးရှိလို့ ခွဲမွေးရင် ခါးရိုးဆစ် ထုံဆေး ထိုးတာ နောင် ခါးအောက်ပိုင်း တခုခုဖြစ်နိုင်မလား သိပရစေနော်။

ဒူးအောက်ပိုင်းက မကောင်းတာ သိပ်မတိကျလို့ ပြောမရသေးပါ။ ခါးထုံဆေး Spinal anesthesia (SA) ကို မေ့ဆေး-ဆရာဝန်က စစ်ဆေး၊ ဆုံးဖြတ်ပါလိမ့်မယ်။ မစိုးရိမ်ပါနဲ့။ ခါးထုံဆေးနဲ့ အဆင်မပြေရင် ရိုးရိုးထုံဆေး၊ မေ့ဆေးတွေလဲ ရှိပါတယ်။

2011/1/19
Q 10: Trimetazidine hydrochloride sustained release tablets 60 mg ကို တစ်နေ့ တစ်လုံး သောက်နေရပါတယ်။ ဆေးစွဲ သောက်သည်မှာ ၆ လကျော်ရှိပါပြီ။ ဆေးမသောက်သောနေ့တွင် ပုံမှန်လှုပ်ရှား သွားလာရတာတောင်မှ အလွန် ပင်ပန်း နွမ်းနယ် သကဲ့သို့ ခံစားရပါတယ်။ အေအစ်အိုလည်း ၃ဝဝ ရှိပါတယ်။ တစ်ခါတစ်ရံ အဆစ်များ ယောင်ကိုင်း နေပါတယ်။ လွန်ခဲ့သော နှစ်လ ကျော်ထိ စိတ်ကျရောဂါ ပျောက်ဆေးများကို သုံးစွဲခဲ့ပြီး ယခု ပြင်ပတွင် ရောက်ရှိနေပါတယ်။ မြန်မာနိုင်ငံတွင် စစ်ဆေးစဉ်က နှစ်နေရာ နှလုံးသွေးကြောကျဉ်း နေပါတယ်တဲ့။ တားဆေးများကို ခုနစ်နှစ်နီးပါး သောက်သုံးခဲ့ခြင်းကြောင့်ဟု ပြောပါတယ်။ ကလေးမရှိပါ။ အသက် ၃၃ နှစ်ရှိပါပြီ။ တစ်ခါတစ်ရံ ဘယ်ဘက် ရင်ဘတ် အောက်က စူးစူးပြီး အောင့်တာ အသက်ရှုတောင် မှားပါတယ်။ အရမ်း မကြာပါဘူး။ တစ်မိနစ်တောင် မကြာဘူး ထင်ပါတယ်။ အရမ်းအောင့် နာကျင်ရင် အရေးပေါ်သောက်ရန်ဆိုပြီးတော့ (Isosorbide mononitrate tablets bp 20 mg) ကိုလည်း ပေးထားပါတယ်။ အဲဒီဆေးက သောက်ပြီး ရင်ခေါင်းအရမ်းကိုက်လို့ပါ။ တားဆေးတွေကို သောက်လို့ ခုလိုနှလုံးသွေးကြောကျဉ်းတယ်ဆိုတာ ဟုတ်မဟုတ်နှင့် ဆေးကို ဆက်သုံးသင့် မသင့်နှင့် ဆေးရဲ့ ဆိုးကျိုးများကို သိချင်ပါတယ်။ တစ်ဘက်ကလည်း စိတ်ကြောင့် ဖြစ်နေတာလား ဆိုပြီး တွေးမိလို့ပါ။

• Contraceptive pills ကိုယ်ဝန်တားဆေး မသုံးသင့်သူများ
• Combined pill ဆေးနှစ်မျိုးတွဲ စားဆေး
• Progestogen-only pill (POP) ဆေးလုံး
• Pills and Pregnancy ကိုယ်ဝန်နဲ့ တားဆေး
• Acute Myocardial Infarction - AMI နှလုံးသားလေးတွေ မနာကျင်ကြစေဖို့