ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Saturday, February 12, 2011

Waxing ဖယောင်းသုံးပြီး အမွှေးတုံးစေမယ်

Feb 9, 2011 at 9:48 PM
ကျွန်တော့်မှာ မျက်နှာမှာရော၊ လက်တွေမှာရော အမွှေးတွေ ထူလွန်းလို့ ပြန်မပေါက်အောင်ဘာဆေး သုံးရမလဲ။ ဖယောင်းနဲ့ မပေါက်အောင်လုပ်လို့ ရတယ်ဆိုတာ ဟုတ်ပါသလား။

Eyebrow waxing မျက်ခုန်းမွှေး၊ Leg waxing ခြေသလုံးမွှေး၊ Arm/underarm waxing လက်-ချိုင်းမွှေး၊ Back waxing ကျောမွှေး၊ Chest waxing ရင်ပတ်မွှေး၊ Upper Lip နုတ်ခမ်းမွှေး၊ Entire body wax တကိုယ်လုံးကအမွှေး၊ ဘယ်အမွှေး မဆို ဖယောင်းနည်းနဲ့ နုတ်ပေးနိုင်တယ်။ ဒါပေမဲ့ နား-နှာခေါင်းထဲကအမွှေး၊ မျက်တောင်မွှေးတွေကိုတော့ မလုပ်ရပါ။

ကိုယ်မွှေး နုတ်ချင်ရင် Waxing ဖယောင်းနည်းက အထိရောက်ဆုံး ဖြစ်တယ်။ Warm waxing အပူနည်းနဲ့ Cold waxing အအေးနည်း ဆိုပြီးရှိတယ်။ အပူနည်းက ပိုထိရောက်တယ်။ နုတ်ချင်တဲ့ အမွှေးတွေအပေါ်မှာ ဖယောင်းရည် ပါးပါးသုတ်၊ အပေါ်မှာ စက္ကူ ဒါမှမဟုတ် အဝတ်စကပ်ပြီး၊ အမွှေးပေါက်ရာ လမ်းအတိုင်း ဆွဲနုတ်ရတယ်။

အခုနောက်ပိုင်း ပိုလွယ်လာပြီ။ ဝယ်လို့ရတယ်။ ဈေးလဲ မကြီးဘူး။ လျှပ်စစ် မီးပလပ်ထိုးရုံဘဲ။ ဖယာင်းလဲ အဆင်သင့်ပါ၊ တစ်ရှူး-ပေပါ ထူထူလဲ တခါထဲ ပါတယ်။ ဖယောင်းအနေတော်ထည့်၊ မီးပလပ်တပ်၊ ဖယောင်း ပျော်ရင် မီးပိတ်၊ ခဏစောင့်၊ နုတ်ချင်တဲ့ နေရာပေါ် ဗူးထဲမှာပါတဲ့ သတ္ထုပြားလေးနဲ့ ဖယောင်ရည်ကို ကော်ပြီးသုတ်။ နောက် စက္ကူကပ်၊ ခဏနေရင် အမွှေးပေါက်လမ်း အတိုင်းလို့ ဆတ်ကနဲ ဆွဲခွါရုံဘဲ။ ဒိထက် လွယ်သေးပြန်တာက တခါသုံး ပလပ်စတစ် အိတ်လေးထဲမှာ ဖယောင်းရော စက္ကူရော ကပ်ထားပြီးသာ။ ဘာမီး-လျှပ်စစ်မှ မလိုတော့ဘူး။

Benefits and drawbacks အကောင်း-အဆိုး
အမွှေးတွေ ထူနေတာအတွက် ကောင်းတယ်။ ကြာကြာခံတယ်။ ၂-၈ ပါတ်ခံတယ်။ ရိတ်ရင် အခြေက ပါမသွားလို့ ရှည်လာတာ မြန်တယ်။ ဖယောင်းနဲ့ နုတ်ပြီး ပြန်ပေါက်တာက အရင်လောက် မသန်တော့ဘဲ ဒီနည်းနဲ့ ခဏခဏ နုတ်ရင် အမွှေးနုလာစေမယ်။ ဒါပေမဲ့ အနာနဲနဲခံရမယ်။ ခဏပါ။ ပိုက်ဆံပိုသုံးရမယ်။ သူများဆီမှာ မျက်ခုန်းမွှေးအတွက် $12 နဲ့ တကိုယ်လုံးဆို $300 ကုန်မယ်။ တတ်ကျွမ်းသူကနေသာ လုပ်ပေးနိုင်တယ်။ နောက်ဘယ်တော့မှ မပေါက်တော့ဘူးတော့ မဟုတ်ပါ။

နုတ်တာ လမ်းကြောင်းမမှန်ရင် နောက်ပေါက်လာမဲ့ အမွှေးက ကောက်ကွေးနိုင်တယ်။ အဆင်မပြေရင် သွေးနဲနဲ ထွက်နိုင်တယ်။ နီနေနိုင်တယ်။ ဆီးချို မကျသူတွေ မလုပ်သင့်ဘူး။ သွေးပြန်ကြောထုံးနေသူလဲ မလုပ်သင့်ပါ။ Retin-A, Renova, Differin or isotretinoin ဆေးသောက်နေသူတွေလဲ ရှောင်သင့်တယ်။ အရေပြားမှာ ကူးစက်ရောဂါရှိနေရင် ဆေးကုပြီးမှ လုပ်ရမယ်။ အရေပြားက သိပ်နု-သိပ်ပါးသူတွေ မကောင်းဘူး။ ဥပမာ စတီရွိုက်ဆေး လိမ်းနေသူတွေ။ ဝက်ခြံအတွက် Roaccutane ဆေး သုံးနေရင်လဲ အရေပြားက သိပ်ခြောက်နေလို့ မကောင်းဘူး။ ၆ လလောက် စောင့်ပါ။ အရေပြားပေါ် ကြွနေတဲ့ မှဲ့တို့ အသားပိုတို့ကို ဒီနည်းနဲ့ လုပ်မရပါ။ အောက်မှာ ရှနေတာ၊ အနာ၊ သွေးခြည်ဥတာ ရှိနေရင်လဲ မလုပ်သင့်ပါ။

Oil based lotions or creams ဆီပါတာတွေ မသုံးရပါ။ သီးသန့် ပေါက်နေတဲ့ အမွှေးရှိရင် Tweezers ဒါမှမဟုတ် Electrolysis သုံး နုတ်ရမယ်။ ရှည်နေရင် ကပ်ကြေး၊ Electric razor တခုခုနဲ့ အရင် တိုလိုက်ရသေးတယ်။ မနာစေချင်ရင် ဖယောင်းနည်း မလုပ်ခင် Ibuprofen အနာသက်သာဆေး ၁ နာရီကြိုသောက်တယ်။ အဆင်မသင့်ရင် Staphylococcus aureus ပိုးကြောင့် Folliculitis အမွှေးအိတ်ရောင်တယ်။ Antibiotics ပေးရတယ်။ ပြည်တည်တတ်တယ်။

ကိုယ်မွှေးကို တခြား ဂရုစိုက်နည်းတွေလဲ ရှိပါတယ်။
• အမွှေးကို အရောင်ဆိုး-ချွတ်နည်း Bleaching ကိုလဲသုံးတယ်။
• Shaving ရိတ်နည်းက အမွှေးကို နောင်ဘယ်လိုမှ မပြောင်းလဲစေဘူး။
• Plucking ဈေးအချိုဆုံးနည်။ အမွှေးကို ဘယ်လိုမှလဲ မပြောင်းလဲစေဘူး။ ရိတ်နည်းထက် ပြန်ပေါက်ဘို့နှေးတယ်။ ခဏခဏနုတ်ရင် အမွှေးအခြေကို ထိခိုက်စေလို့ ပြန်ပေါက်တာ ပိုနှေးစေတယ်။
• Sugar Waxing ဆိုတဲ့ သကြားသုံးနုတ်နည်းလဲ ပေါ်ပြူလာဖြစ်လာတယ်။ ပူတင်း၊ ရေခဲမုံ့ စတာတွေအပေါ်မှာ သုံးတဲ့ သကြားရည် အပျစ်စားကို သုံးတယ်။ ရေမှာပျော်တဲ့အမျိုးမို့ ဖယောင်းထက် သန့်ရှင်းရတာ လွယ်ကူတယ်။
• Depilatories ဆေးနည်းလဲရှိတယ်။ Thioglycolate နဲ့ Sodium hydroxide or Calcium hydroxide ဆေးတွေ ရောသုံးတယ်။ အမွှေးကို ၃-၁၅ မိနစ်အတွင်း ဂျယ်လီလိုဖြစ်ပြီး ပျော်သွားစေတယ်။ ဒီဆေးနည်း မလုပ်ခင် ၂ ရက် ကြိုတင် တည့်-မတည့်စမ်းသင့်တယ်။ အမွှေးတွေ ရှင်းသွားရင် Hydrocortisone cream (ကော်တီဇုန်း) ဆေး လိမ်းပေးရင် သက်သာတာ မြန်မယ်။
• Electrolysis လျှပ်စစ်နည်း။ အမွှေးအခြေထဲ အပ်သေးသေးထည့် လျှပ်စစ်နဲ့ မီးရှို့တာပါ။ တပင်ချင်း လုပ်ရတာ။ ခဏခဏလုပ်ရင် ရာသက်ပန် အမွှေးပြန်မပေါက်တော့ဘူး။ ခက်တာက လိုင်စင်ထုတ်ပေးဘို့ တိတိကျကျ သတ်မှတ်ချက် မရှိသေးဘူး။ ခဏခဏဆိုတာ ၁ နှစ် ၁ နှစ်ခွဲ ကြာမယ်။
• Vaniqa နည်း။ ဆရာဝန် လက်မှတ်နဲ့မှ ဝယ်နိုင်တဲ့ ဆေးဖြစ်တယ်။ African sleeping sickness နဲ့ Cancer (ကင်ဆာ) တချို့အတွက်သုံးတဲ့ Eflornithine hydrochloride ဆေးပါတယ်။
• Laser လေဆာနည်း။ ခေတ်စားတာပါဘဲ။ လူတိုင်းကို လုပ်မရသလို ရာသက်ပန် မပေါက်မှာလဲ မဟုတ်ပါ။ အသားဖြူသူတွေ အမွှေးနက်ပေါက်တာမျိုး ပိုအဆင်ပြေမယ်။

ကနေ့ခေတ် အမျိုးသမီးတွေက ဝတ်တာစားတာမှာ အတွင်းခံကအစ တိုရုံမက သေးသေး ငယ်ငယ်လာကြတယ်။ ဖေါ်တော့ ဖေါ်ချင်ပေမဲ့ နဲနဲတော့ အရှက်တရား ရှိသေးတယ်။ သဘာဝအတိုင်း ပေါက်နေတဲ့ ဆီးစပ်မွှေးကို လုံအောင်ဆိုရင် သိပ်သေးမရလို့ ရေကူးဝတ်စုံ ဝတ်လို့ မလုံမှာတွေကို ဖယောင်းနည်းနဲ့ နုတ်ကြရတယ်။ တချို့ကလဲ ဒီလိုလုပ်တာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောကြတာတော့ ရှိတာပေါ့။

• အဲလို ပုံသွင်းသလို နုတ်နည်းကို American wax နဲ့ Bikini waxing ခေါ်တယ်။ (ဘီကီနီ) နဲ့ ရေကူးဝတ်စုံအတိုင်း အံကျပန်ကျ ဖုံးမဲ့နေရာ အောက်မှာသာ အမွှေးရှိနေအောင် နုတ်ရတယ်။
• French waxing ပြင်သစ်နည်းကတော့ တမျိုး။ အထက်-အောက် အတန်းပုံဖြစ်ပြီး လေယာဉ် အဆင်းလမ်းလိုမို့ Landing strip လို့ ခေါ်တယ်။ လက်ချောင်း ၂ ချောင်း၊ ၃ ချောင်းသာ အထက်-အောက်ရှိပြီး၊ ဘေးတိုက်က ၄ စင်တီမီတာသာ ကျယ်တယ်။
• ပြောင်နေအောင် ရိတ်နည်း Full Brazilian ခေါ်တယ်။ ၁၉၆၆ ကနေဒါမှာ တွေ့ခဲ့တဲ့ အမွှေးမပါတဲ့ ကြောင်လေး နာမယ်ကို အစွဲပြုပြီး ဒီလိုနည်းကို Sphynx လို့လဲ ခေါ်ကြတယ်။ ရှေ့ရော-နောက်ပါ အမွှေးမှန်သမျှ နုတ်တယ်။
• အဲလောက် မပြောင်တာမျိုးကို Partial Brazilian wax လို့ ခေါ်ကြတယ်။ မအင်္ဂါနုတ်ခမ်းသားနဲ့ ဝမ်းသွားပေါက်က အမွှေးတွေပါ နုတ်ရတာကို Playboy wax or G-waxing လို့ နာမယ် ပေးထားတယ်။
• မျဉ်းကြောင်းလေးလိုသာ ချန်ထားရင် Thong bikinis ဆိုတဲ့ ဒီဇိုင်နာ ဘီကီနီ (Metallic Micro G String Bikini, Metallic Snakeskin Thong Bikini, Polka Dot Micro Thong, Red Cheetah Bungie Bikini, Rhinestone Micro Bikini, Sea Saw Bikini, Sequin Scrunch Butt Bikini) တွေ ဝတ်လို့ အဆင်ပြေမယ်။

ကနေ့ဟာ မြန်မာနိုင်ငံသားတွေအတွက် လွတ်လပ်ရေးနေ့နဲ့အတူ အရေးကြီးတဲ့ ပြည်ထောင်စုနေ့ ဖြစ်တယ်။ နက်ဖြန် ဗိုလ်ချုပ်-အောင်ဆန်း မွေးနေ့၊ (မြန်မာ့ကလေးများနေ့) ဖြစ်တယ်။ ဒီနေ့ထူးကြီးတွေကိုတော့ သတိမရဘဲ သန်ဘက်ခါ ကျမဲ့နေ့ကိုဘဲ သိနေကြရင်တော့ အဲလိုလူတွေတော့ မကျန်းမာလဲ အရေးမကြီးဘူးလို့ ပြောရင် ပြောတဲ့ ဆရာဝန်မှာ အပြစ်ရှိလိမ့်မယ်။ နှစ်စဉ် ဖေဖေါ်ဝါရီ ၁၄ ရက်ကို Saint Valentine's Day နေ့လို့ ခရစ်ယန် ဘာသာဝင်တွေက အေဒီ ၅ဝဝ ကတည်းက သတ်မှတ်ခဲ့တယ်။ ၁၉၆၉ မှာ ပုတ်ရဟန်းမင်းကြီးက သူတော်စဉ်-ပြက္ခဒိန်ထဲက ဖျက်လိုက်ပေမဲ့ ကနေ့အထိ အသဲပုံ၊ မြားနတ်မောင်ပုံတွေနဲ့ အချစ်လက်ဆောင်တွေ အပြန်အလှန်ပေးကြတယ်။

ကိုယ်မွှေး ပုံဖေါ်တာမှာ ယောက်ျားများအတွက် Hitler's Moustache နဲ့ Chaplin's Moustache ဆိုတာတွေလဲ ရှိပေမဲ့ အောက်သွားပြီ ထင်တယ်။ မိန်းကလေးများကတော့ Heart အသဲပုံဖေါ်ပြီး၊ Valentine's Day အတွက် (စပါယ်ရှယ်) လုပ်ကြပါသတဲ့။

Dr. တင့်ဆွေ
၁၂-၂-၂ဝ၁၁