ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Wednesday, March 9, 2011

Q and A March 2011 (3)

1. ခေါင်းလျှော်ပြီးတိုင်း ခေါင်းကိုက်တတ်ပါတယ်
2. ဟီမိုဂလိုဘင် နဲတယ် အာရှသူမို့လို့ ဆိုပြီး ပြောပါတယ်
3. အနာပေါက်တဲ့အတွက် သားအိမ်ကို ဒုက္ခပေးတတ်ပါသလား
4. လက်နဲ့ဖိမှ ကျန်တဲ့ဆီးက ထွက်ပါတယ်
5. ဝှေးစေ့ နှစ်စေ့မှာ တစ်စေ့ပဲရိုရင်

2011/3/7
Q 1: သမီးအသက်က (၃ဝ) ပါ။ အိမ်ထောင်မရှိပါဘူး။ ၁၈ နှစ်လောက်ထဲက ခံစားရတဲ့ရောဂါ တစ်ခုက ခေါင်းကိုက်တာပါ။ ခေါင်းလျှော်ပြီးတိုင်း ခေါင်းကိုက်တတ်ပါတယ်။ အဲဒါအပြင် အဖြူတွေလည်း ဆင်းပါတယ်။ အကိုက်အခဲ ပျောက်ဆေး သောက်လဲ ခဏပဲပျောက်ပါတယ်။ တစ်ပတ်လောက် အလိုဖြစ်ပြီးမှ အလိုလို ပြန်ကောင်းရင်လည်း ကောင်းသွားပါတယ်။ အဖြူဆင်းပျောက် ဗမာဆေး သောက်ပါတယ်။ ဆရာဝန်တွေ ပြတာလည်း စုံနေပါပြီ။ ဦးနှောက် အာရုံကြောထိ ပြဖူးပါတယ်။ ပြန်ကောင်းလိုက် ပြန်ဖြစ်လိုက်ပါပဲ။ ဆေးတွေလည်း စစ်တယ် အားလုံး အောင်ပါတယ်။ လိုအပ်ရင် လည်ပင်း သိုင်းရွိုက် စစ်ရမယ်တော့ ပြောတယ်။ အိုဂျီနဲ့ ပြစေချင်တာ စမ်းသပ်မှာ ကြောက်လို့ မပြရဲလို့ မပြဖြစ်ပါဘူး။ ဖြစ်နိုင်ရင် ဆေးတွေ မသောက်ချင်တော့ပါဘူး။ ဆေးသက်က လူ့သက်ထက် များနေပြီ။ ဘာရောဂါလဲ၊ ဘယ်လို နေထိုင် စားသောက်ရမလဲ၊ ဘာအားနည်းလို့ ဖြစ်တာလဲ။

နှလုံးခုန်တာက 50 ကနေ 60 အတွင်းပဲ ရှိတယ်။ လမ်းလျှောက်ဖို့ ပြောပါတယ်။ ဝိတ်ကျမှာစိုးလို့ အများကြီး မလျှောက် ချင်ပါဘူး။ အရပ် 5 ပေ 4 လက်မကို 98 ပေါင် လောက်ပဲ ရှိပါတယ်။ တခါတလေ မူးပါတယ်။ ရင်လဲ တုန်ပါတယ်။ ရာသီ မှန်ပါတယ်။ ဗိုက်ဖရွန် သောက်ပါတယ်၊ အော်ရာမင်ဖက် လည်းသောက်ပါတယ်။ အဖြူဆင်းရင် အခု နောက်ပိုင်း မယားတော့ပါ။ အနံ့လည်း အရမ်းတော့ မဆိုးတော့ပါ။ အခု မနက်တိုင်း အန်နေပါတယ်။ မနက်စာ ကော်ဖီနဲ့ မုန့်နဲနဲပဲ စားပါတယ်။ အန်တာကြီးက အရမ်းဆိုးပါတယ်၊ ခံရခက်ပါတယ်။ အန်စရာမရှိရင် တံတွေးခပ်ချွဲချွဲတွေပဲ အန်ပါတယ်။ အရမ်း စိတ်ညစ်နေပါတယ်။ ခေါင်းက မလျှော်လို့လည်း မဖြစ်ဘူး။ ဒီမှာက personality အရမ်းကြည့်တယ်။ အနံ့အသက်လည်း ဂရုစိုက်ရတယ်။ တစ်ပတ်ကို နှစ်ခါ လျှော်ရပါတယ်။ တခြား မိန်းကလေးတွေ လိုးရှင်း လူးတဲ့အချိန် သမီးက ဆေးပူ လိမ်းရပါတယ်။ တခြား မိန်းကလေးတွေ ရေးမွှေး ဆွတ်နေချိန်မှာ ရှူဘူး ရှူရပါတယ်။ အိမ်နဲ့ဝေးနေတော့ ပိုဝမ်းနည်းတယ်။ တစ်ခါတစ်လေလည်း ဝဋ်ကြွေးလို့ သဘောထားပြီး တရားပဲ မှတ်ပါတော့တယ်။

• စုံစုံစေ့စေ့ပြောတော့ ကျန်းမာရေး-ရာဇဝင် ပိုသိလာရတယ်။ ရောဂါ ၂-၃ မျိုးလို့ ပြောနိုင်တယ်။ ရောဂါတွေ ရှိတယ် ဆိုပြီး စိတ်ငယ် မသွားပါနဲ့။ ကုလို့ရတာတွေချည်း ဖြစ်တာမို့ ဝမ်းသာလိုက်တာ ပိုကောင်းတယ်။
• သွေးအားနည်းတာကို သွေးအားဆေးနဲ့ အစာပုံမှန်-အမြဲ သုံးစွဲနေပါ။ ကြာလေ ကောင်းလေ၊ နောက် ပျောက်ပါမယ်။ မပျောက်ခင် မူးတာ၊ မောတာ၊ အားယုတ်တာ၊ ပင်ပန်းတာ စတာတွေ ရှိနေသေးအုံးမှာအတွက် စိတ်မပျက်ပါနဲ့။
• ရာသီ အလာများတာက သွေးအားပိုနည်းစေတယ်။ လမှန်နေတာ သူများတွေထက် ကံကောင်းတယ်။
• နှလုံးခုန်နည်းနေတယ်။ အပင်ပန်းမခံနိုင်ဘူး။ အသက်မကြီးသေးဘူး။ ကြီးတဲ့သူတွေမှာ နည်းနေရင် ECG ရိုက်မယ်။ လိုအပ်ရင် Pace maker တပ်ပေးရတယ်။ တပ်ထားရင် လူကောင်းဖြစ်ရော။
• ခေါင်းကိုက်-ခေါင်းမူ-အန်ချင် ၃ မျိုးက ရောဂါ တခုထဲဘဲ။ Migraine ဖြစ်နိုင်တယ်။ စာတပုဒ် ထည့်ပေးလိုက်ပါတယ်။ ဖတ်ပါ။ လိုတဲ့ဟာ လုပ်ပါ။ စိတ်မကောင်း မဖြစ်ပါနဲ့ ပျောက်ဘို့တော့ မလွယ်ပါ။ ဆေးနဲ့ နေရတာမျိုး ဖြစ်တယ်။
• အဖြူဆင်းတာ ဆေးလိုတယ်။ Metronidazole စားဆေး တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ ၅-၇ ရက် ဆက်သောက်ပါ။ ဆေးက နဲနဲခါးတယ်။ တချို့မှာ ဆေးသောက်နေတုံး အစားပျက်၊ ပျို့ချင်တတ်တယ်။ လူတိုင်း အဲလိုမဖြစ်ပါ။ အဖြူဆင်းတာအတွက် အတော် ကောင်းတယ်။ ဆေးဈေးလဲမကြီးပါ။ ကြာလို့ ထပ်ဖြစ်ရင်လဲ ထပ်သောက်ရမယ်။ ဒါမှ မရသေးရင် Vaginal tablet/Cream တမျိုးမျိုးကို မွေးလမ်း (ဗဂျိုင်းနား) ထဲ ညအချိန် ထည့်ရတယ်။ ဆေးက ၆ ပြား လာတတ်တယ်။
• မိန်းကလေးတွေ အဖြူဆင်းတာက လိင်ဆက်ဆံတာနဲ့ရော အပျိုတွေရော ဖြစ်တတ်တယ်။ (ဗဂျိုင်းနား) နေရာ ခြောက်သွေ့နေပါစေ။ (ကော်တွန်) အတွင်းခံဝတ်ပါ။ ဆေးကြောရင် အဆန်းတွေ၊ အမွှေးတွေ မသုံးပါနဲ့။ ဆီးသွားပြီး ရေဆေးတာမှာ လက်ကို ရှေ့ကနေ နောက်ဖက်ဆီ တလမ်းသွားလုပ်ပါ။
• လူမဝတာလဲ ဝမ်းသာလိုက်ပါ။ ဝသူတွေမှာ မလှတာရော၊ အကုရခက်တဲ့ရောဂါတွေပါ ရှိတတ်ကြတယ်။ ဝဋ်ကြွေး ရယ်တော့ မဟုတ်ပါ။ ကံ-စိတ်-ဥတု-အာဟာရ အကြောင်းလေးပါးကြောင့် ဖြစ်ကြရတယ်။ သက်ရှိ အားလုံးပါ။ မိသားစုနဲ့ဝေးတာ ဟုတ်တယ် စိတ်အားငယ်စရာ ကောင်းတယ်။ ဒါပေမဲ့ ဒီခေတ်မှာ ဒီလိုနေကြရသူတွေ များလှတယ်။ ဆက်သွယ်ရေး လမ်းတွေ ကောင်း-မြန်လို့ ကျေးဇူးတင်စရာ ကောင်းတယ်။ အကျိုးရှိတယ်။ အမျိုးတွေကို ထားအုံး အခု ဆရာဝန် တယောက်နဲ့ အလွယ်လေး ဆက်သွယ်နိုင်တယ် မဟုတ်လား။ ဘယ်အခါ မဆို ကောင်းတာ မြင်တတ်အောင် ကြိုးစားပါ။ နေရာတိုင်းကို အဲလိုလို့ ပြောချင်တာတော့ မဟုတ်ပါ။ ကျန်းမာရေး အတွက် ပြောတာပါ။
• တရား အားကိုးတာ သိပ်ကောင်းတယ်။ ဒုက္ခ၊ အနိစ္စသဘောချည်း မမြင်စေချင်ပါ။ လွတ်မြောက်မှု ရအောင် လုပ်ပါလို့လဲ ဆရာက ပြောသင့်သူ မဟုတ်ပါ။ ပြောချင်တာက မကောင်းတာဟာ မကောင်းသေးတာဘဲ။ အမြဲ မကောင်းတာ မဟုတ်ဘူး။ ရှိနေ-ဖြစ်နေတာထက် အပိုလဲမပါ-အလိုလဲမရှိ မြင်-သိတာဟာ တရားသဘောတခု ပါဘဲ။

Mar 7, 2011 at 7:42 PM
Q 2: သမီးအသက် ၃၂ ပါ၊ အိမ်ထောင်ကျတာ ၄ နှစ်ရှိပါပြီ၊ အိမ်ထောင်ကျစမှ ယနေ့ထိ (့) နိုင်ငံမှာ နေပါတယ်။ အိမ်ထောင်ကျပြီး ၁ နှစ် ပြည့်တော့ ဗိုက်ခွဲရပါတယ်။ သားအိမ်မှာ အသားလုံးတွေ များနေလို့ပါ၊ အသားလုံး ၉ လုံး ရပါတယ်၊ ၁ဝ လနေတော့ ဗိုက်ကို ဖောက်ပြီး ပိုက်နဲ့ အလုံးတွေ ထပ်ထုတ်ပါတယ်။ ၃ လုံးရပါတယ်။ ကလေးမရှိပါဘူး၊ အဲ့ဒီကစပြီး ဒီနေ့ထိ တစ်မျိုးပြီး တစ်မျိုး ဖြစ်နေတာ ခုဆို ၃ နှစ်ကြာပါပြီ။ ခေါင်းတွေ အမြဲမူးမူးနေပါတယ်။ အသက်ရှု မဝပါဘူး။ အောက်ဆီဂျင် လိုနေတယ်လို့ ခံစားရပါတယ်။ အရမ်း အားနည်းလာရင် အသားတွေက စိမ်းစိမ်းကြီး ဖြစ်လာပါတယ်။ သွေးအားနည်းရောဂါ ရှိတယ်၊ ဟီမိုဂလိုဘင် နဲတယ် အာရှသူမို့လို့ ဆိုပြီး ပြောပါတယ်။ Iron deficiency anemia ဆိုလို့ သံဓါတ် အားတိုးဆေးတွေ သောက်ပါတယ်။ အစားကိုလဲ ဓါတ်စာတွေပဲ စားပါတယ်။ ဆေးပြန်စစ်တော့ သွေးအားနည်းတာ ပုံမှန်ပြန်ဖြစ်နေပြီလို့ ပြောပါတယ်။ ဒါပေမဲ့ ခုထိ နေမကောင်းပါ။ ခေါင်းကို မြန်မြန်လှည့်ရင် မူးပြီး လဲကျချင်လာပါတယ်။ အမြဲမောနေပါတယ်။ အိမ်ရှင်းတာတောင် ၃ ရက်လောက် ဘုန်းဘုန်းလဲပြီး တစ်ကိုယ်လုံး နာကျင် အောင့်တက် လာပါတယ်။ နေမကောင်းတဲ့နေ့တွေဆို မျက်လုံးတွေက ဝါးနေပါတယ်။ ခေါင်းနောက်စိက နာပါတယ်။ ဘယ်ဖက်နားက အောင့်ပါတယ်။ လေထွက်နေသံကိုလဲ ကြားနေရပါတယ်။ ရင်ခေါင်း အောင့်ပါတယ် (ရင်နှစ်မွှာကြား)၊ ဘယ်ဖက်နံရိုးအောက် တစ်လျှေက်လုံး အောင့်ပါတယ်။ ဘယ်ဖက် ခါးကြားထဲကလဲ ကိုက်ပါတယ်။ ဘယ်ဖက် ကျောတွေ အရမ်းကိုအောင့်တာ နေ့တိုင်း ငိုနေရပါတယ်။ ကျောကုန်းရိုးမကြီး အလည်လောက်က အရိုးကို ထိရင် နာနေပါတယ်။ ဘယ်ဖက် လက်တစ်ချောင်းလုံး ကျင်နေတတ်ပါတယ်။ ကျောင်း တက်လက်စနဲ့ ထွက်ထားရပါတယ်။ အိမ်ထောင် မကျခင်က အအေးမိနှာဆေးတောင် မဖြစ်ဘူးပါဖူး။ အလုပ်လဲ အရမ်းကို ကြိုးစားတဲ့သူပါ။ ဘွဲ့လဲ ရပြီးပါပြီ။ ခုဆို နေမကောင်းလွန်းလို့ လူက ဂေါက်တောင် ဂေါက်ချင်လာပါတယ်။ ရာသီဆင်းတာက ပုံမှန်ပါ၊ antibabypills စားပါတယ် မစားရင်တော့ ပုံမှန်မလာပါဘူး။ ခွဲပြီးပြီးချင်း နောက်လတွေမှာ ဆင်းချင်တဲ့အချိန်ဆင်းပြီး မရပ်တော့လို့ ဆရာဝန်က ABP စွဲသောက်ရမယ်ဆိုလို့ သောက်နေပါတယ်။ အရင်က Hb 9.5 ပါ အခု 11.5 မှာ သံဓါတ်အားဆေး သောက် ရပ်ထားပါတယ်။ (အိမ်သာသွားရတာ အရမ်းကို အဆင်မပြေလို့ပါ) သမီးက သာမန်ထက် ဟင်းရွက်အစားများသူပါ၊ အသီးတွေလဲ အရမ်းစားပြီး တစ်နေ့ရေ ၃ သို့ ၄ လီတာ သောက်ပါတယ်။ ရေသောက်နဲတဲ့နေ့၊ ဟင်းရွက် စားနဲတဲ့နေ့ နောက်နေ့ဆို အာခေါင်တွေ ခြောက် လည်ပင်းတွေနာ၊ ရှုးပေါက်ချင်ပြီး ရေမထွက်လို့နာ၊ အိမ်သာတက်ရတာ အရမ်းခက်ခဲနဲ့မို့ အစားကို ဂရုစိုက်စားနေရပါတယ်။ ဆီးကို Home test စစ်တော့ NIT (nitrite) က (+) နဲ့ Hb က (++) ပြနေပါတယ်။ ဘယ်အချိန်စစ်စစ် အဖြေအတူတူပါ။ အိပ်ရာ ထထချင်း ၅ ခု ၅ ရက်စစ်ပြီး ကျန်တာ ညနေ၊ ညတို့မှာ စစ်ကြည့်တာ အကုန်အဖြေတူတူပဲရပါတယ်။ နေ့စဉ် ဘုရားရှိခိုးပြီး ပုတီး ၉ ပတ် စိပ်ပါတယ်။ ၁၅ မိနစ် တရားထိုင်ပါတယ်။ စိတ်ကို အတတ်နိုင်ဆုံး ထိန်းနေပေမဲ့ တစ်ခါတစ်ရံ အရမ်းကို စိတ်ဓါတ်ကျပါတယ်။ ကင်ဆာ များလာဆိုပြီး၊ နာတာရှည်ပြီး ရောဂါနာမည်မသိလို့ပါ။ နေကောင်းပြီး ကျောင်းပြန်တက်ချင်ပါတယ်။

• ဘုရား-တရား အားကိုးစိတ်က အကျိုးရှိပါတယ်။ စိတ်က အလွန်မတန်အရေးကြီးတယ်။ စိတ်အားတင်းပါ။ စာရေးတာ ဖတ်တာနဲ့ စိတ်ပျက်တာ များနေတာ သိသာတယ်။ လျော့လိုက်ပါ။ ဒါပေမဲ့ စာရေးတာကောင်းတယ်။ Description ကောင်းတယ်။ အောက်ဆီဂျင် လိုနေတယ်လို့ ခံစားရပါတယ်လို့ ရေးတာ ကွက်တိဘဲ။
• ဟုတ်ပါတယ်။ သံဓါတ်ဆေးက ဝမ်းချုပ်တတ်တယ်။ Hb 11.5 ဆိုရင် မဆိုးပါ။ ကောင်းလာနေတာလို့ သိစေချင်တယ်။ ပြောပြတဲ့ ဝေဒနာတွေက သွေးအားနည်းတာနဲ့ ဆက်နေတာတွေ များတယ်။ သွေးအား ပြည့်လာလေ သက်သာလေ ဖြစ်မယ်။ အစားအစာကို ပိုအားကိုးပေါ့။ သွေးသွင်းရင် အမြန်ကောင်းပါမယ်။
• ကိုက်တာ-နာတာအတွက်တော့ ဆေးလိုမယ်။ ဒါကလဲ သူများတွေ ပဲလှော်စားသလိုလို့ ပြောတဲ့ အကိုက်-အနာ ပျောက်ဆေးမျိုးနဲ့ ရတယ်။ စွဲသောက်စရာ မလိုပါ။ Painkillers ဘာဝယ်လို့ရသလဲ။ ဘယ်အမျိုးက ပိုသက်သာစေသလဲ။ ရွေးနိုင်ပါတယ်။ အစာနဲ့နီးနီး သောက်ပါ။

2011/3/8
Q 3: ကျမမှာ သွေးတိုးလည်း ရှိပါတယ်။ အဲ့ဒါနဲ့ ပါတ်သက်ပြီး နှလုံးလည်း မကောင်းပါဘူးရှင့်။ သောက်ဆေးထဲက အသင့်တော်ဆုံး ဆေးကို ရွေးပေးစေချင်ပါတယ်။ အနာနဲ့ ပါတ်သက်လို့ အဖြူလည်း အရင်လတွေလို ပုံမှန်အတိုင်း ဆင်းပါတယ်။ နည်းနည်းဘဲ ဆင်းပါတယ်၊ သိသိသာသာကြီး မဟုတ်ပါ။ ဆီးလည်း မအောင့်ပါဘူးရှင့်။ ယခုလို အနာ ပေါက်တဲ့အတွက် သားအိမ်ကို ဒုက္ခပေးတတ် ပါသလား။ လိမ်းဆေးကိုလည်း သင့်တော်မယ့်ဆေးကို ညွှန်ပြပေးပါ။

သွေးတိုးနဲ့ပါတ်သက်လို့တော့ စာမဖတ်ရသေးပါဘူးရှင့် ဖတ်လို့ရမယ့် ဆိုဒ်လေးကိုပေးပေးပါရှင့် သွေးတိုးနဲ့ ပါတ်သက်လို့ ဆေးကတော့ အမြဲမသောက်ရပါဘူး အစားမှားတဲ့အခါ သွေးတိုးတယ်ထင်လို့ ဆေးခန်း သွားပါတယ် သွေးညှိဆေး ပေးလိုက်ပါတယ်။ အပေါ်သွေး 140 ထိတိုးပါတယ်။ အငန်ကိုလည်း ယခုအသက် 30 ရောက်မှ ရှောင်ရပါတော့တယ်။ အနာ စပေါက်တုန်းကတော့ သတိမထားမိဘဲ ဆက်ဆံမိပါတယ်။ ယခုနောက်ပိုင်းတော့ ရှောင်ပါတယ်။ အနာစပေါက်တဲ့ လတုန်းကတော့ ဆက်ဆံရေးမရှိပါဘူး။

• Hypertension or High Blood Pressure သွေးတိုးရောဂါ ကို ဖတ်ပါ။ လိုက်နာပါ။ ကောင်းမှာပါ။ အထက်ဂဏန်း ၁၄ဝ ဆိုတာ မများပါ။ အောက်ဂဏန်းက ပိုအရေးကြီးတာ သိထားပါ။ ၉ဝ ထက် ကျော်မှသာ သွေးတိုးအုပ်စုထဲ ဝင်ပါတယ်။ အငန်ရှောင်ပါ။ ဆား၊ ငါးပိ၊ ငါးခြောက်၊ ငန်ပြာရည်၊ ဟင်းချိုမှုံ့၊ လူမဝစေနဲ့။ အဆီ-အချို လျော့စားပါ။
• လိင်အင်္ဂါနေရာ ကြွက်နို့က လိင်ကတဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ်ကနေ ဖြစ်တယ်။ Human Papillomavirus (HPV) လိုအပ်ရင် ခွဲစိတ်ထုတ်ပြစ်ရတယ်။ Podofilox 0.5% solution or gel လိမ်းဆေးကို တနေ့ ၂ ကြိမ်၊ ၃ ရက် လိမ်း၊ ၄ ရက်နား၊ တလကြာ လိမ်းပါ။ လိင်ဆက်ဆံတာမှာ အကာအကွယ် (ကွန်ဒွမ်) သုံးပါ။ တားဆေး မမေ့ပါနဲ့။ ရေးထာတာ ရှိပါတယ်။

2011/3/8
Q 4: ကျနော် အသက် သုံးဆယ့်ခြောက်ပါ married ပါ။ ဆီးကျန်တဲ့ရောဂါ ဖြစ်နေလို့ပါ။ ဆီးသွားပြီးရင် ဝေစေ့အောက်ကို လက်နဲ့ဖိမှ ကျန်တဲ့ဆီးက ထွက်ပါတယ်။ ဖြစ်တာတော်တောကြာပါပြီ။ အိမ်ထောင်ရှိပါတယ်။ ကလေးတယောက် ရှိပါတယ်။ ဖို-မ ဆက်ဆံတာတော့ ပြဿနာက ဆက်ဆံပြီးရင် ကျန်တဲ့ သုတ်ရေကိုလည်း ဆီးလိုဘဲ လက်နဲ့ဖိမှ ထွက်ပါတယ်။ ဆရာဝန်နဲ့ မပြဘူးပါဘူး။ ပုံမှန်လိုဘဲ နေလိုက်မိတာ၊ အခုမှ စိုးရိမ်လို့ပါ။ လိင်စိတ်လဲနဲပါတယ်။ စိတ်အရမ်းမြန်ပါတယ်။ စိတ်ဖြစ်တဲ့အချိန်မှာ တခုခု အနှောက်အရှက်ဖြစ်ရင် စိတ်ကိုပြန်ခေါ်လို့ မရပါဘူး။ ဆရာပြောသလို BPH ဆိုရင် ဘာတွေ ဖြစ်နိုင်ပါသလဲ ပြောပြပေးပါ။

• ဆီးကျန်တာက ယောက်ျား အသက်ကြီးသူတွေမှာ အဖြစ်များတယ်။ BPH ခေါ်တယ်။ အဲဒါဖြစ်ရင် ပြောပြသလို လုပ်ပေးမှ ဆီးကုန်အောင် ထွက်တယ်။ ၃၆ နှစ်ဆိုတာ အတော်ငယ်ပါသေးတယ်။ Urologist ဆီးရောဂါ-အထူးကုဆရာဝန်နဲ့ ပြစေချင်တယ်။ BPH ဟုတ်-မဟုတ် စစ်ရမယ်။ လိုအပ်ရင် PR စအိုကနေ စမ်းတာနဲ့ Ultrasound လုပ်ရတယ်။ ဒါမှ ရောဂါနာမယ် သေခြာတယ်။
• သုတ်ရည် ပြောင်းပြန်ထွက်တာ ဖြစ်တတ်တယ်။ Retrograde ejaculation ဆိုတာ ဆက်ဆံအပြီး Orgasm ရတဲ့အခါမှာ Sperm တွေ ပါနေတဲ့ Seman သုတ်ရည် က Urethra ဆီးသွားပြွန်ကနေ ပန်းအဖျားဘက်ဆီ သွားရမှာကို မသွားဘဲ Bladder ဆီးအိမ်ဆီ နောက်ပြန် သွားတာကို ပြောတာ ဖြစ်ပါတယ်။
• ကလေးတယောက်ရပြီးတာ ကောင်းတယ်။ အဲလိုဖြစ်သူတွေမှာ ကလေးရဘို့ ခက်လာတတ်လို့ပါ။
• လိင်စိတ်လဲ နည်းတတ်တယ်။ နည်းရင်လဲ ဆေးရှိပါတယ်။ ပူစရာ မလိုပါ။
• Benign prostatic hyperplasia (BPH) ယောက်ျား-ဆီးကျိတ်ကြီးတယ်ဆိုတာ ကင်ဆာမဟုတ်တဲ့ အလုံး-အကျိတ် အုပ်စုဝင် ရောဂါတခု ဖြစ်တယ်။
• ဘာလို့ဖြစ်လဲ အတိအကျ မပြောနိုင်ပါ။ အသက် ၅၅ နှစ်ကျော်သူတွေမှာ အဖြစ်များတယ်။
• ဆီးကျန်နေမယ်။ ဆီးလမ်းပိတ်တာ ဖြစ်ရင် ဆီးမသွားနိုင်ဘဲ အရေးပေါ် ဆီးအိမ်ကြီး တင်းဖေါင်းလာမယ်။ ဆီးခြူပိုက်တပ်ရင် ချက်ချင်း ကောင်းသွားတယ်။ ဆီးပိုက်ကို ကြာကြာ တပ်ထားရတတ်သူတွေ ရှိတယ်။
• လူတိုင်း အဲလိုမဖြစ်ပါ။ အသေးစားဖြစ်သူ ၃ ပုံ ၁ ပုံက ပြန်ကောင်းနေနိုင်တယ်။
• ခွဲဘို့ မလိုသေးသူတွေ Drug Treatment ဆေးပေးကုတယ်။ Finasteride (Proscar), Terazosin (Hytrin), Doxazosin (Cardura), Tamsulosin (Flomax), and Alfuzosin (Uroxatral) ဆေးတွေသုံးတယ်။
• ခွဲတာတောင်မှ Minimally Invasive Therapy အသက်သာဆုံး နည်းအသစ်တွေ ရှိလာနေပြီ။ Transurethral microwave procedures, Transurethral needle ablation, Water-induced thermotherapy နဲ့ High-intensity focused ultrasound နည်းတွေ ရှိတယ်။
• Surgical Treatment ခွဲစိတ်နည်းတွေမှာလဲ Transurethral surgery, Transurethral incision of the prostate (TUIP), Open surgery, Laser surgery, Photoselective vaporization of the prostate (PVP) နဲ့ Interstitial laser coagulation နည်းတွေ ရှိတယ်။

2011/3/10
Q 5: အမျိုးသားတွေမှာ လိင်တံနားက (အပြင်ပန်းကကြည့်ရင်) ဝှေးစေ့ နှစ်စေ့မှာ တစ်စေ့ပဲရိုရင် ကလေးမရနိုင်ဘူးဆိုတာ ဟုတ်ပါသလား။ ပြီးတော့ အပြင်မှာ ဝှေးစေ့ တစ်ခုပဲရိုပြီး၊ အတွင်း ဝမ်းဗိုက်အောက်နား ဆီးခုံပိုင်းမှာ ဝှေးစေ့ဟု ယူဆရတဲ့ အစိလေးဟာ ကိုယ်လက်လှုပ်ရှားများတာ ဥပမာ လမ်းလျှောက်များရင် ဆီးခုံတစ်ဝိုက် (လိင်တံနား ဝှေးစေ့ အပြင်ကနေ မမြင်ရသောအပိုင်း) ဘက်ခြမ်းမှာ ဖောင်းဖောင်းလေး ဖြစ်ထင်ပေါ်နေပြီး၊ တင်းနေသလို ဖြစ်ပြီး၊ လမ်းလျှောက်ရတာ အဆင်မပြေ ဖြစ်နေတတ်ပါတယ်။ အဲဒါကရော ဘာလို့ပါလဲ။ အန္တရာယ်။ စိုးရမ်ရပါလား။

• Undescended testis ခေါ်ပါတယ်။
• သူ့နေရာမှန်ဖြစ်တဲ့ Scrotum ကပ်ပဲ့အိတ်ထဲ ရှိမနေတာ ဖြစ်တယ်။
• သန္ဓေ ၂၈ ပါတ်မှာ အစိက အောက်ကျလာရမှာဖြစ်တာ မကျလို့ဖြစ်ရတာပါ။
• တဖက်ဖြစ်တာ များတယ်။
• စဖြစ်တော့ Kidneys ကျောက်ကပ် နားကမို့ ဗိုက်ထဲမှာ ကျန်နေနိုင်တယ်။
• အများအားဖြင့် ပေါင်ခြံထိပ်မှာ ရှိနေတတ်တယ်။ စမ်းရင်သိမယ်။
• အဲဒါနဲ့အတူ Hernia အူကျတာ တွဲလာတတ်တယ်။
• အသက်ကြီးရင် ကလေးမရနိုင်တာ သူများတွေထက် ပိုဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ကျားအစိဟာ အပူချိန်နည်းမှ သုတ်ပိုး ဖြစ်နိုင်တယ်။
• အစိကို ထိခိုက်မှု ရှိနိုင်တယ်။
• အသက်ကြီးရင် အစိကင်ဆာ သူများတွေထက် နဲနဲ အဖြစ်များတတ်တယ်။
• ငါ့မှာ သူများနဲ့ မတူဘူးဆိုပြီး စိတ်ပိုင်း ထိခိုက်နိုင်တယ်။
• ခွဲစိတ်ကုသလို့ရတယ်။ Orchiopexy လုပ်ပေးမယ်။
• ငယ်ကတည်းက ခွဲတာကောင်းတယ်။
• တချို့ ၂ ဆင့် လုပ်ရတတ်တယ်။
• ပေါင်ခြံထိပ်မှာ ရှိနေရင် ခွဲရတာ ပိုလွယ်တယ်။

Dr. တင့်ဆွေ
၁ဝ-၃-၂ဝ၁၁