ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, March 21, 2011

Q and A March 2011 (6)

1. အစက ဘယ်ဘက်ပဲ အောင့်ပြီး အခု ညာဘက်ပါ အောင့်ပါတယ်
2. ဆေးကို ၁ဝ ရက် ပြည့်အောင် သောက်ပြီးပါပြီ
3. ရာသီမလာတာ ၁ ပတ်ကျော်သွားပါပြီ
4. ဓါးကြမ်းကြမ်းတွေနဲ့ ကြုံခဲ့တဲ့ အမျိုးသမီးတိုင်း
5. စအိုက အနည်းငယ် နာကျင်ပါတယ်
6. ကြွက်နို့ရောဂါ ဖြစ်နေတဲ့အချိန်မှာ
7. ဓါတ်မတည့်တဲ့ရောဂါ Pollen Allergy ကြောင့်
8. သန္ဓေတားဆေးကို သောက်ရမှာတော့ ဟုတ်ပါပြီ၊ ဘယ်ရက်ကနေ ဘယ်ဆေးလုံးကို
9. Dicliofenic ၁ဝ လုံးပါ တစ်ကဒ် ဝယ်ထားပါတယ်

Mar 21, 2011 at 7:43 AM
Q 1: ကျွန်တော့်မှာ ဝှေးစေ့ နှစ်ဘက်စလုံး အောင့်နေပါတယ်။ ၄ လလောက်ရှိပါပြီ။ အစက ဘယ်ဘက်ပဲ အောင့်ပြီး အခု ညာဘက်ပါ အောင့်ပါတယ်။ အခုနိုင်ငံခြားမှာ အလုပ်လုပ်နေပါတယ်။ ဆေးရုံ ၂ ရုံ ပြပြီးပါပြီ။ လက်နဲ့ စမ်းပြီး NO PROBLEM လို့ပြောပါတယ်။ Ultrasound မရိုက်ပါ။ သောက်ဆေး ပေးပါတယ်။ မသက်သာပါ။ အမြဲ မနာပေမယ့် နာရင် အရမ်းနာပါတယ်။ ဝှေးစေ့ နှစ်ဘက်က အရွယ်အစား တူပါတယ်။ ဘယ်လက်က ညာဘက်ထက် အောက်ကို ကျနေပါတယ်။ စိုးရိမ်ရပါသလား။ (နောင်အခါ ကင်ဆာ၊ ပန်းသေ)။ ခွဲချင်ပေမယ့် ဆေးရုံက ခွဲမပေးပါ။ ဘယ်လို နေထိုင်သင့်ပါသလဲ။ ဘာသာစကား သိပ်မရတော့ နောင် ၁ နှစ်ကြာရင် မြန်မာပြည် ပြန်မှပဲ ဆေးရုံတက်ရင် အဆင်ပြေနိုင်မလား။ ပေးတဲ့ သောက်ဆေးစာက (့) လို ရေးထားလို့ မဖတ်တက်ပါ။ ဆေးလုံး အဝါရောင်ပေါ်မှာ HMP (တဘက်မှာ MCL) အပြာရောင်ပေါ်မှာ GYNTEX အစိမ်းရောင်ပေါ်မှာ SLT (တဘက်မှာ DA) ရေးထားပါတယ်။ စွဲသောက် သင့်ပါသလား။

• ဆေးတွေကို မှန်းလို့ မရပါ။ ထားပါ။
• ဝှေးစေ့နေရာ နာတာက အများဆုံး အစေ့-အကြော ရောင်တာဖြစ်နိုင်တယ်။ နာမယ်။ နဲနဲ ရောင်မေယ်။ တဖက်၊ နှစ်ဖက် ဖြစ်နိုင်တယ်။ အတွင်းခံဝတ်ပါ၊ ဖြစ်တဲ့နေရာ လှုတ်ရှားမှု နည်းအောင်နေပါ။ သိပ်နာရင် ရေခဲတင်ပေးပါ။
• Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၅ ရက်၊ နာတာရှည်ဖြစ်သူ ၁-၃ လ၊ ဒါမှမဟုတ် Doxycycline 100 mg for တနေ့ ၂ ကြိမ်၊ ၇-၁၄ ရက်၊ ဒါမှမဟုတ် Tetracycline 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက် သောက်ပါ။ Paracetamol ဒါမှမဟုတ် Ibuprofen ၁ ပြား၊ တနေ့ ၃ ကြိမ် တွဲသောက်ပါ။
• ခွဲစရာ မလိုပါ။ ပြန်ဖြစ်လဲ ဒီဆေးနည်းတွေထပ်လုပ်ပါ။
• ခွဲရမဲ့ရောဂါတွေဆိုတာက မုတ်၊ အူကျတာတွေ ဖြစ်တယ်။ ဒီလိုဖြစ်တာတွေက မနာဘူး။ Hydrocele မုတ်က ကြီးသထက် ကြီးမယ်။ Hernia အူကျတာဆို ကျသထက် ကျလာမယ်။
• တဖက်နဲ့တဖက် အောက်ကျနေတာ မညီတာ ဘာမှမဖြစ်ပါ။ လူအတော်များများ အဲလိုပါဘဲ။
• ကင်ဆာ မဖြစ်နိုင်ပါ။ ပန်းသေရောဂါလဲ မဖြစ်ပါ။ ခဏခဏဖြစ်ရင်တော့ ကလေးရဘို့ ခက်တတ်တယ်။
• မရသေးရင် ပြောပါ။ Hernia အူကျခြင်း နဲ့ Varicocele (ဗေရီကိုဆီးလ်) တွေကို ဖတ်ပါ။

Mar 21, 2011 at 9:41 AM
Q 2: ဆရာပြောတဲ့ ဆေးထဲက Ciprofloxacin (Cipro) 500 mg တနေ့ ၂ ကြိမ် ၇-၁ဝ ရက်၊ ဆိုတဲ့ဆေးကို ၁၀ ရက် ပြည့်အောင် သောက်ပြီးပါပြီ။ ရောဂါအခြေအနေက မထူးခြားဘူး။ ရောဂါက တခါကြည့်တာထက် တခါထပ်ကြည့်တာ ပိုပိုများလာသလိုပါပဲ။ ခုဆိုပုံထဲက အနာပုံစံမျိုး စအိုပတ်လည်မှာနေရာအနှံ ဖြစ်နေပြီ။ ဘယ်လိုများ ထပ်ပြီး လုပ်ရမလဲ။

• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ကြည့်ပါအုံး။ Paracetamol လဲ တနေ့ ၂ ကြိမ်သောက်ပါ။ ဗီတာမင် စီ လဲ ၂ ကြိမ်သောက်ပါ။ ဝမ်းသွားပြီးတိုင်း Dettol ကို ရေရောထားတာနဲ့ သန့်ပေးပါ။
• ခံစားရတာ ပြောပါအုံး။ ယားတာ၊ နာတာ စသဖြင့်။
• နောက်ခံ ကျန်းမာရေး ထူးတာရှိလဲ ပြောပါ။

2011/3/20
Q 3: ညီမက (့) ကပါ အခု အသက် ၂၄ ထဲရောက်ပါပြီ။ ညီမ ချစ်သူနဲ့ ၁၃ ရက်နေ့မှာ ဆက်ဆံပြီး၊ နောက်နေ့ ရာသီ လာပါတယ်။ အမှန်ဆို ရာသီလာဖို့ ၂ ရက်လိုပါသေးတယ်ရှင့်။ ၁၅ ရက်နေ့မှာ Ecee2 တားဆေးကို သောက်ပါတယ်။ အခုလ ရာသီမလာတာ ၁ ပတ်ကျော်သွားပါပြီ။ အဲဒါ ညီမကိုယ်ဝန်ရှိလာမှာကို ကြောက်မိလို့ပါ။ ရာသီလာအောင် ဘယ်လို လုပ်ရမလဲ ပြောပြပေးပါဦးရှင်။

• ဆက်ဆံပြီးနောက် ရာသီလာရင် EC ဆေး သောက်စရာမလိုပါ။ ဆေးကြောင့် ရာသီ ရက်ပြောင်းတာ ဖြစ်ပါမယ်။ စောင့်ပါ။
• စိတ်စောရင် Urine pregnancy test ဆီးစစ်ပါ။
• နောက်အခါတွေအတွက်လဲ ပြင်ဆင်ထားပါ။ နည်းတွေ ရေးထားပါတယ်။ အသင့်ဆုံးနည်း ရွေးပါ။

2011/3/20
Q 4: ကျွန်တော့် အမျိုးသမီးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကလေးမီးဖွားခဲ့ပါတယ်။ အဲအချိန်က တောနယ်သာသာ မြို့လေးမှ ကျန်းမာရေး ဝန်ထမ်းများက မွေးလမ်းကြောင်းချဲ့ရန် ခွဲစိတ်ပြီး ပြန်လည်ချုပ်ပေးလိုက်ပုံမှာ အင်မတန် လက်ရာ ကြမ်းပါတယ်။ ဆရာ့ဆောင်းပါးဖတ်ရတော့မှ ပြန်လည်ပြုပြင်ရနိုင်တယ်ဆိုတာ သိရပါတယ်။ ကျွန်တော့် အမျိုးသမီးကဲ့သို့ ဓါးကြမ်းကြမ်းတွေနဲ့ ကြုံခဲ့တဲ့ အမျိုးသမီးတိုင်း ကြည့်ကောင်းအောင် ပြန်ပြင်ရနိုင်ပါသလား။ အမာရွတ်က အပြင်လိုက်ကြီး လို ဖြစ်နေတာပါ။ အဲဒီအတွက် ပြန်လည်ပြုပြင်ရင် ရနိုင် မရနိုင်နဲ့။ ချုပ်ရိုးဖြေ အနာကျက်ပြီး ရက်မည်မျှခန့် လင်မယား အတူမနေသင့်သလဲဆိုတာလေး ပြန်ကြားပေးပါ။

• ကောင်းကောင်း ပြုပြင်လို့ရပါတယ်။ မကြာပါ။ ထုံဆေးနဲ့သာ ဖြစ်ပါတယ်။
• ချုပ်ပြီး အနာအခြေအနေအပေါ် မူတည်ပြီး အတူနေတဲ့ရက် စောင့်ရပါတယ်။ ၂-၃ ပါတ် ဖြစ်နိုင်ပါတယ်။
• တကယ်လို့ ဆီးအိမ်ကျတာပါ ရှိနေရင် ကျွမ်းကျင် ဆရာဝန်နဲ့သာ ပြုပြင်ပါ။ ခါးထုံဆေးနဲ့လုပ်တာ များတယ်။
• တင်ပဆုံတွင်းအင်္ဂါ သန်မာစေတဲ့ လေ့ကျင့်ခန်းပါ လုပ်စေပါ။

Mar 20, 2011 at 6:55 PM
Q 5: ကျနော် အသက် က ၂၈ ရှိပါပြီ။ သွေး က ''O" သွေးပါ။ အခု ကျနော် ဝမ်းသွားရင် သွေးအရည်တွေပါနေလို့ပါ။ ကျနော်က နိုင်ငံခြားမှာ အလုပ်လုပ်နေသူပါ။ ဆေးခန်းပြဖို့ စကား အနည်းငယ် အခက်ခဲရှိတာရယ်၊ ပြီတော့ သွေးက တစ်ခါတစ်လေ ပျောက်ပျောက် သွားလို့ပါ။ ဝမ်းချုပ်တာမျိုးလဲ မရှိပါဘူး။ ဝမ်းသွားရင်တော့ စအိုက အနည်းငယ် နာကျင်ပါတယ်။ ဝမ်းသွားတုန်း ခဏ စစ်ကနဲ နာပါတယ်။ အစပ်လဲ မစားနိုင်ပါ။

• စအိုမှာဖြစ်နိုင်တဲ့ ရောဂါအမျိုးမျိုးထဲက လိပ်ခေါင်း နဲ့ စအိုကွဲနာ တခုခုကို အရင် စဉ်းစားရမယ်။
• ဝမ်းကိုက်တာကလဲ မဖြစ်များလို့ ချန်မထားရပါ။ ဝမ်းကိုက်ရင် ဝမ်းသွားတဲ့အကြိမ် များမယ်။ ဗိုက်နာပြီး သွားမယ်။ သွေးနဲ့အတူ အကျိအချွဲ ထွက်မယ်။
• လိပ်ခေါင်းဆိုရင် သွေးသက်သက်လဲ ကျနိုင်တယ်။ ဝမ်းသွားမှ ရောလဲထွက်တတ်တယ်။ သွေးအရောင် နီရဲမယ်။ သွေးများနိုင်တယ်။ ဝမ်းသွားတဲ့အခါ အသားစလိုလို စအိုကနေ ထွက်လာနိုင်တယ်။ ဖြစ်စမှာ မသိသာသေးဘူး။ နာချင်မှလဲ နာမယ်။ ဝမ်းချုပ်ရင် ပိုဆိုးမယ်။
• စအိုကွဲနာက နာတာ အဓိကဖြစ်တယ်။ ဝမ်းချုပ်တာနဲ့ တွဲနေတယ်။ သွေးသိပ်မများဘူး။
• နောက် ဂရင်ဂျီနာဆိုတာ စအိုဘေးနား အနာလေး တခု၊ တခုကမပေါက်တာ။
• Dysentery ၀မ်းကိုက်ရောဂါ၊ Piles လိပ်ခေါင်း ရောဂါ အမေး-အဖြေများ နဲ့ FIA စအိုကွဲနာ တွေကိုလဲ ဖတ်ပါ။

2011/3/20
Q 6: ကျွန်တော် ကြွက်နို့ရောဂါ ဖြစ်နေတဲ့အချိန်မှာ ကောင်မလေးနဲ့ ဆက်ဆံမိသွားတယ်။ အဲဒါ သူ့မှာ သားအိမ်ခေါင်း ကင်ဆာ ဖြစ်နိုင်ပါသလား။ ကာကွယ်ဆေး ထိုးရင်ရော ထိရောက်နိုင်ပါတော့ မလား။
• အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၉) လိင်အင်္ဂါ ကြွက်နို့ Genital Warts ကို ဖတ်ပါ။

Mar 21, 2011 at 1:32 PM
Q 7: ကျနော့်မှာ ဓါတ်မတည့်တဲ့ရောဂါ Pollen Allergy ကြောင့် မျက်စေ့ယားခြင်း နှာခေါင်းပိတ်ခြင်းနဲ့ ပါးစပ်ပျက်ခြင်းတို့ကို ခံစားနေရပါတယ်။ နှာခေါင်းထဲ ဖြန်းတဲ့ဆေး ထည့်ပေမယ့်လည်း ခဏပဲ သက်သာပါတယ်။ ပါးစပ်ပျက်နေတာက အဆိုးဆုံးပါပဲ။ အခုရာသီ (့) မှာ ၆ဝ% လောက် ဒီရောဂါ ခံစားရလေ့ရှိပါတယ်။ ကျနော်ကတော့ ပထမဆုံးအကြိမ် ခံစားရတာပါ။ အစားအသောက် ဘာမှမစားချင်တာလည်း ၃ ရက်လောက် ရှိပါပြီ။ ဘာမီတွန်နဲ့လည်း ကျနော်မတည့်ပါ။ ဒါကြောင့် သင့်တော်မယ့်ဆေးလေး ညွန်ကြားပေးပါ။

• Antihistamine ဆေးသုံးရပါမယ်။ သောက်ဆေးက အဓိကကျတယ်။ သိပ်ဆိုးရင် ထိုးဆေးထိုးရတယ်။
• ဖြန်းဆေး၊ ရှူဆေးတွေက တနေရာမှာသာ သက်သာစေတယ်။ မတည့်ဘူးဆိုတာ တကိုယ်လုံမှာ ဖြစ်နေတာပါ။
• Antihistamine ဆေးက အမျိုးမျိုးရှိတယ်။ Cetirizine, Chlorpheniramine, Cinnarizine, Ciplactin Tablets and Syrup, Clemastine, Cyclizine, Desloratadine, Dexchlorpheniramine, Dimenhydrinate, Dimetindene, Diphenhydramine (Benadryl), Doxylamine, Ebastine, Embramine, Fexofenadine, Levocetirizine, Loratadine, Meclozine Hydrochloride, Olopatadine, Pheniramine, Promethazine, Quetiapine
• Cetirizine ဆေး အသုံးများတယ် အိပ်ခြင်စိတ်မရှိသလောက် ဖြစ်တယ်။ 2.5 to 5 mg တနေ့ ၁-၂ ကြိမ်သောက်ပါ။
• နာတာရှည်ဖြစ်သူ တော်တော့ဆေးမရသူတွေကို ကော်တီဇုန်းဆေး သတိနဲ့ ဆေးပါတ်အတိအကျ ပေးရတယ်။
• အစာမစားခြင်တာကလဲ ဒီရောဂါနဲ့ ဆက်နေတယ်။ ဗီတာမင် ဘီ အုပ်စုဆေးသောက်ပါ။
• Cypon Syrup = Each 5 ml of Cypon syrup contains Cyproheptadine HCl 2 mg + Tricholine citrate 275 mg + Sorbitol 2 gm ၁ ဇွန်း တနေ့ ၂ ကြိမ် ဆေးရည်သောက်ပါ။

March 16, 2011 5:28 PM
Q 8: ရာသီမှန်အောင် သန္ဓေတားဆေးကို သောက်ရမှာတော့ ဟုတ်ပါပြီ၊ ဘယ်ရက်ကနေ ဘယ်ဆေးလုံးကို စသောက်ရမှာလည်း ဆိုတာ သိချင်ပါတယ်ရှင်။ တချို့တွေက တားဆေးသောက်နေရင်း ကလေးရှိသွားတတ်တယ်ဆိုတဲ့ အခက်အခဲမျိုးတွေ မဖြစ်ချင်လို့ပါ။

တားဆေး အမျိုးအစားက ဟော်မုန်း ၂ မျိုးတွဲပါ၊ လူတကာသောက်၊ ဈေးလဲ အချိုဆုံး၊ ရှာလို့လဲ အလွယ်ဆုံးဆေးမျိုး ဖြစ်ပါတယ်။ ရာသီစလာတဲ့နေ့ကနေ စသောက်ရပါမယ်။ ပဌမလဆိုရင် ရာသီသွေးရပ်မှ သောက်လဲ ရတယ်။ ဆေးကပ်မှာ အရောင် ၂ မျိုး ပါလေ့ရှိတယ်။ ၂၁ လုံးနဲ့ ၇ လုံး။ ၂၁ လုံးပါ ဆေးတွေကနေစပါ။ နောက် အရောင်ရင့်ဆေးတွေ သောက်နေရင်း ရာသီပြန်ဆင်းပါမယ်။ ရက်မှန်သောက်နေရင် ကြားရက်မှာ ရာသီမဆင်းပါ။ ရက်သာမက အချိန်လဲမှန်လေ ကောင်းလေ ဖြစ်တယ်။ မနက်အကျင့် လုပ်သူက မေ့နေလို့ နေ့ခင်းသောက်ရင် ရက်မကျော်စေနိုင်ဘူး။

The combined pill ဆေးနှစ်မျိုးတွဲစားဆေးတွေကို COC လို့လည်းခေါ်တယ်။ Estrogen and Progestogen ခေါ် အမျိုးသမီး ဟော်မုန်း နှစ်မျိုး ပူးတွဲပါတယ်။ မျိုးဥအိမ်က လစဉ်ထွက်ရမဲ့ မျိုးဥကိုထွက်မလာစေဘို့ တားဆီးပေးတယ်။ သားအိမ်အဝရှိတဲ့ ချွဲရည်ကို ထူပြစ်စေတယ်။ သားအိမ်အတွင်းနံရံကို ပါးလွှာစေတယ်။ စနစ်တကျသုံးရင် ၉၉% စိတ်ချရတယ်။ သွေးဆင်းရက် မှန်စေတယ်။ ရာသီ မလာမီ ဖြစ်တတ်တဲ့ လက္ခဏာတွေ နည်းစေတယ်။ ဝက်ခြံ၊ အလုံး-အကြိတ်၊ ကင်ဆာ ဖြစ်နိုင်ခြေ နည်းနိုင်တယ်။

မကောင်းတဲ့ လက္ခဏာတွေကတော့ ခေါင်းကိုက်၊ ပျို့-အန်၊ ရင်သားတင်းခြင်း၊ ရှားရှားပါးပါး သွေးဖိအားတက်ခြင်း၊ သွေးခဲခြင်း။ တချို့က ဝလာတယ်။ တချို့ပိန်တယ်။ တချို့ ဘာမှမဖြစ်ဘူး။

ကိုယ်ဝန်ရှိနေပြီဆိုရင် မသုံးရပါ။ အသက် ၃၅ ကျော်လျင်၊ အဝလွန်လျင်၊ သွေးခဲတတ်သည့်ရောဂါ၊ နှလုံးရောဂါ၊ ရင်သား-ကင်ဆာ၊ (မိုင်ဂရိန်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ၊ အသဲ-သဲခြေရောဂါ၊ ဆီးချိုရောဂါများ ရှိနေရင် မသုံးသင့်ပါ။

ဆေးသောက်ပါလျက် ကိုယ်ဝန်ရှိတာ အတော်ကြီးနည်းတယ်။ ကိုယ်ဝန်ရှိပြီးမှ ဆေးသောက်လို့လည်း ဖြစ်နိုင်တယ်။ ဒီဆေးသောက်တာ ရက်မကျော်ရပါ။ အစပိုင်းလတွေမှာ ကြားရက် သွေးနဲနဲ ဆင်းတာ ဖြစ်တတ်ပေမဲ့ နောက်ဆို မဖြစ်တော့ဘူး။ ဆေးထဲမှာပါတဲ့ ဟော်မုန်း အနည်းအများက တိုင်းပြည်တခုနဲ့ တခုမှာ မတူကြပါ။

ဆေးက ကိုယ်ဝန်ဖြစ်လာမှာကိုသာ တားဆီးတယ်။ ကိုယ်ဝန်ဖြစ်လာပြီးတာကို သက်ရောက်မှာ မဟုတ်ပါ။ ကိုယ်ဝန် ဆောင်နေတုံးမှာ ကိုယ်က ထုတ်ပေးနေတဲ့ ဟော်မုန်းတွေမှာ ဒါမျိုးလည်းပါတယ်။ ဒီဆေးသောက်မိရင် အချိုးအဆ ပြောင်းသွားစေနိုင်တယ်။ ဒါ့ကြောင့် ကိုယ်ဝန်မရှိမှ အသောက်ခိုင်းတာပါ။ မတော်တဆ သောက်ခဲ့ရင် ကိုယ်ဝန်-မိခင်ကို ထိခိုက်တာအတွက် သုတေသန လုပ်ထားတာ မတွေ့သေးပါ။

2011/3/16
Q 9: ၁၄ ရက်နေ့က ဓမ္မတာစဖြစ်ပါတယ်။ စဖြစ်ဖြစ်ချင်းနေ့မှာပဲ ရေခဲမုန့် နဲ့ရေခဲရေ တော်တော်များများ သောက်မိပါတယ်။ ပြီးတော့ အဲကွန်းရှေ့ တည့်တည့်မှာလည်း တနေကုန်နီးပါးလောက် ထိုင်မိပါတယ်။ အလုပ်က ပြန်ရောက်တော့ ရေချိုးချိန်ကလည်း ည ၁ဝ နာရီကျော်ပါတယ်။ အဲဒီနောက် ၁၅ ရက်နေ့စပြီး ရပ်သွားပါတယ်။ ညနေပိုင်းလောက်တော့ တစ်စက်ချင်း ပြန်လာနေပါတယ်။ အလုပ် မသွားနိုင်လောက်အောင် တစ်ကိုယ်လုံးလဲ နာကျင် ကိုက်ခဲနေပါတယ်။ အထူးသဖြင့် သားအိမ်ရှိတဲ့နေရာလောက်ရယ်၊ ကျောဘက်ရယ်၊ ရင်သားတွေရယ် နာကျင်ပြီး ကိုယ်လက်မအီမသာ ခံစားနေရပါတယ်။ အဲဒါ ပြန်လာအောင် ဆေးခန်းပြရမှာလား၊ ဆေးသောက်ရမှာလားကို ပြောပြပေးပါဆရာရှင့်။ Dicliofenic ၁ဝ လုံးပါ တစ်ကဒ် ဝယ်ထားပါတယ်။ တစ်နေ့ကို ၂ ကြိမ် သောက်ရမှာလား။ ၁ဝ လုံးပါကဒ် ဆိုတော့ ဆေးကဒ် ကုန်အောင် သောက်ရမှာလား။ ဓမ္မတာ မဖြစ်တော့ ဒီမနက် အိပ်ရာထတော့ မျက်ကွင်း သိသိသာသာ မည်းလာပါတယ်။ ပြီးတော့ မျက်နှာမှာ တင်းတိတ်ခေါ်မလား၊ အစက်အသေးလေးတွေ ပေါ်လာတယ်။ ဖျားနာခြင်းလည်း မရှိပါ။ ခါးကိုက်တာ၊ ဆီးစပ်နာတာ၊ ခေါင်းမူးတာတွေတော့ ဖြစ်ပါတယ်။ အိမ်ထောင်မရှိပါ။ အသက်က ၃ဝ ပါ။ ဒီအသက် အရွယ် ရောက်သည်ထိ တစ်ခါမှ ဓမ္မတာ နောက်ကျခြင်း၊ ထိန်ခြင်း မဖြစ်ဖူးပါ။

• အရင်လက ပုံမှန်လာခဲ့ရင်၊ နောက်ပြီး ဒီလမှာလဲ အပျိုလိုဘဲနေတာဆိုရင် ဘာမှ လုပ်စရာမလိုပါ။ ဆင်းစရာရှိတာ ဆင်းမှာပါ။ တလနဲ့တလ မတူတတ်ပါ။ ဆင်းစရာရှိနေလို့ သားအိမ်နေရာ (ဆီးစပ်) က နာတာဖြစ်နိုင်တယ်။ ရင်သားနာတာလဲ အဲလိုပါဘဲ။ အဖြူဆင်းတာမရှိ၊ ဆီးသွားလို့ နာတာ၊ ဆီးခဏခဏ သွားရတာ မရှိရင် ပိုးဝင်တာလဲ မဟုတ်နိုင်ပါ။
• အနာ-အကိုက်သက်သာဆေး တခုခု ဥပမာ Dicliofenic, Ibuprofen သောက်နိုင်ပါတယ်။ အစာနဲ့နီးပါစေ။
• Diclofenic ဆေးက အနာ-အကိုက်-အရောင် ၃ မျိုးအတွက် သက်သာစေတယ်။ ဆေးပါတ် လည်တယ်ဆိုတာ မရှိပါ။ ဖြစ်နေတဲ့ ရက်-အချိန်မှာသာ သောက်ဘို့ လိုတယ်။ တခါသောက် ၁ ပြား၊ တနေ့ ၂-၃-၄ ကြိမ်အထိ သောက်နိုင်တယ်။ အစာနဲ့နီးတာ ကောင်းတယ်။ သက်သာနေရင် တခါထဲ ရပ်နိုင်တယ်။ ပိုတဲ့ဆေး သိမ်းထားပေါ့။ ထပ်ဖြစ်ရင် ထပ်သောက်နိုင်တယ်။
• တင်းတိတ်အကြောင်းလဲ ရေးထားပါတယ်။ ရှာမတွေ့ရင် ပြောပါ။ ပါတ်ဝန်းကျင်ဒဏ် နဲ့ ဟော်မုန်း အပြောင်းအလဲကြောင့် ဖြစ်နိုင်တယ်။ ဆေးအဆန်းတွေ မသုံးပါနဲ့။ သဘာဝ အသုံးအဆောင် ကောင်းပါတယ်။