Wednesday, April 27, 2011

BPPV အရက်မသောက်ဘဲ မူးတဲ့ရောဂါ

2011/4/26
Q 1: ကျမ အသက်က ၃၈ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ ကလေး ၂ ယောက်ပါ။ အခု (့) နိုင်ငံမှာ နေပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ခွဲ၊ ၃ နှစ်ခန့်ကတည်းက ခေါင်းငုံ့ပြီး တခုခု လုပ်တဲ့အခါမှာ ပြန်မော့ရင် ခေါင်းမူး မူးနေပါတယ်။ အိမ်သာတက် ရေသုံးပြီး ရင်တောင် အဲလို ဖြစ်ပါတယ်။ ခေါင်းလျှော်တဲ့အခါ ခေါင်းငုံ့ပြီး လျှော်ရင် အဝတ် လျှော်တဲ့အခါ ခေါင်းငုံ့ပြီး အဝတ်ကို ခပ်ကြာကြာလေး ဆပ်ပြာ တိုက်တဲ့အခါ၊ ရေချိုးရင်လည်း ခြေထောက်ကို မတ်တပ်ကနေ ငုံ့ပြီး တိုက်တဲ့အခါ၊ လှေကားတွေကို သတိထားပြီး ခေါင်းငုံ့ပြီး တက်လာရင် အပေါ်ရောက်တဲ့အခါ မူးတဲ့အခါမှာ ကိုယ်ကို မထိန်းနိုင်ပဲ ယိုင်သွားတာမျိုး ဖြစ်ပါတယ်။ (တခေါက်ဆို လုံးဝကို ပစ်လဲကျတဲ့အထိ ဖြစ်ဖူးပါတယ်။ အသက်ရှူမဝလို့ ရင်ကြပ်တဲ့အခါ ရှူတဲ့ Asmol inhalar လည်း ရှူပါတယ်။ လည်ပင်းလည်း နည်းနည်း ကြီးနေပါတယ်။ ပြီးခဲ့တဲ့နှစ်က စဖြစ်တာပါ။ အသက်ရှူမဝတာ နဲ့ ခေါင်းမူးတာဟာ လည်ပင်းကြီး ရောဂါကြောင့် များလား။

2011/4/26
Q 2: အမျိုးသား ဒီနေ့ ဆရာဝန်သွားပြတာ Benign Paroxysmal Positional Vertigo (BPPV) ဖြစ်တာလို့ ပြောတယ်။ ဆရာဝန်ပေးတဲ့ စာရွတ်တွေကို ပို့ပေးလိုက်ပါတယ်။ သူပြောတာ မရှင်းလို့ ကျေးဇူးပြုပြီး ရောဂါအကြောင်းနဲ့ ဘယ်လို လေ့ကျင့်ခန်း လုပ်ရမလဲဆိုတာကို ရှင်းပြပေးပါ။

Benign paroxysmal positional vertigo (BPPV) ဆိုတာ နားအတွင်းပိုင်း ရောဂါတခု ဖြစ်တယ်။ လူ (ခေါင်း) အနေထား ပြောင်းတဲ့အခါ မူးတတ်တယ်။ Vertigo ခေါင်းမူးရောဂါ လာပြသူပေါင်း ၆ သန်းထဲမှာ (BPPV) ဖြစ်သူ ၁၇-၄၂% ပါတယ်။ Motion sickness ကားမူးရောဂါက သပ်သပ်ဖြစ်တယ်။ အရက်မသောက်ဘဲ မူးတာ အလဲလို အနည်းဆုံး ၃ မျိုး ရှိတယ်။

လူကြီးတွေကိုတွက်ရင် တဝက်ရှိတယ်။ အသက်ကြီးသူတွေဆိုရင် နားအလည်ပိုင်းက Degeneration အိုနာလို ဖြစ်လို့ပါ။ ငယ်သူတွေက ခေါင်းခိုက်မိလို့က များတယ်။ Migraine (မိုင်ဂရင်း) အမူး-အကိုက်ရောဂါနဲ့ တွဲနေတတ်တယ်။ ဗိုင်းရပ်စ် ကြောင့် Vestibular neuritis ရလို့လဲ ဖြစ်တယ်။ တချို့ မှာ ဘာလို့ ဖြစ်လဲ မသိပါ။

ရောဂါလက္ခဏာအစစ်ဆိုတာ Spinning dizziness ပတ်ခြာလည်ပြီး မူးမယ်၊
ခေါင်းကို လည်သလိုလုပ်မှ ဖြစ်တယ်။
Short duration ခဏသာ ကြာမယ်။ ဆေးစာမယ် Paroxysmal လို့သုံးတာ အဲဒါကြောင့်ပါ။ Benign ဆိုတာ အသက်ကို အန္တရာယ်မပေးနိုင်တာ။
Positional in onset အနေအထား ပြောင်းတာနေ စတယ်။
Nausea ပျို့တာက များတယ်၊ အန်တဲ့အထိဖြစ်တာ ရှားတယ်။
Visual disturbance ဖြစ်လာရင် အမြင်အကြည့် ခက်လာမယ်။
ခေါင်းထဲမှာ ပေါ့နေမယ်၊
ကိုယ်ကို မထိန်းနိုင်ဖြစ်မယ်၊
မျက်စိဟာ ဖြစ်တဲ့နားဘက်ဆီ လည်မယ်။ ဆတ်ကနဲ ဆတ်ကနဲ စက္ကန့် ၃ဝ လောက်ကြာမယ်၊
ထုံတာ၊ အားယုတ်တာလို တခြား အာရုံကြောရောဂါ လက္ခဏာတွေ မရှိပါ။

လူတိုင်းရဲ့ Inner ear အတွင်းနားထဲမှာ Otoconia ခေါ်တဲ့ Calcium crystals (ကယ်လ်စီယမ်) ပုံဆောင်ခဲလေးတွေ ရှိတယ်။ BPPV ရောဂါရှိနေသူတွေမှာ ဒါတွေက Utricle မှာ ပိတ်နေသလို ဖြစ်နေတယ်။ နောက်ပြီး Semicircular canals စက်ဝိုင်းထက်ခြမ်းပုံ ပြွန်လေးတွေထဲ ရောက်သွားတတ်တယ်။ ခေါင်းက အနေအထား ပြောင်းတဲ့အခါ၊ ကမ္ဘာ့ဆွဲအားကို လိုက်ပြင်ရရင် အဲဒီ အစိုင်အခဲလေးတွေက အရည်အပြောင်းအလဲကို ဒုက္ခပေးလို့ မူးလာစေတယ်။ တခါတလေ ပုံဆောင်ခဲ လေးတွေက သွားကပ်နေကြတယ်။

မူးတာကို ဖြစ်စေတဲ့ အနေအထား သတ်သတ်မှတ်မှတ် ရှိတယ်။ လူနာကိုယ်တိုင်သိတယ်။
မမူးခင် ၅-၁ဝ စက္ကန့် ကြာသေးတယ်။ မူးတာက ၅-၁၂ဝ စက္ကန့် ကြာတယ်။
မိုးရွာခါနီး၊ နှင်းကျခါနီး အိပ်ရေးပျက်ရင်၊ စိတ်ရှုတ်စရာရှိရင်၊ ပိုဆိုးတယ်။
Tilting the head ခေါင်းကို ဟိုဘက်ဒီဘက် လှည့်တာ၊
Rolling over in bed ခေါင်းအုံးပေါ်မှာ ခေါင်းလှည့်တာ၊
Looking up or under ခေါင်း မော့တာ ငုံ့တာ၊
Sudden head motion ရုတ်တရက် ခေါင်းအနေအထား ပြင်တာ၊
Post head injury ခေါင်းခိုက်မိထားဘူးတာ၊
မျက်စိကို စူးစိုက်လို့မရ ဖြစ်လာမယ်။

Dix Hallpike Test စမ်းသပ်နည်းနဲ့ ရောဂါသေခြာအောင် လုပ်ရတယ်။ ဖြစ်နေတဲ့သူကို ထိုင်နေရာကနေ ပက်လက်လှဲ၊ ခေါင်းကို ၄၅ ဒီဂရီ တဖက်ကိုစောင်း၊ ၂ဝ ဒီဂရီ နောက်ပြန်ခိုင်းတဲ့အခါ Nystagmus ခေါ်တဲ့ Jumping of the eyes မျက်လုံးတွေ ခုန်လာတာ တွေ့ရရင် ဒီရောဂါရှိတာ သေခြာတယ်။ မျက်လုံးက အထက်ကို ခုန်ပြီး လည်နေမယ်။ မျက်လုံးရဲ့ အထက်ပိုင်းဟာ အောက်စိုက်တဲ့ဘက်မယ် ရှိမယ်။ Electronystagmography စမ်းသပ်နည်းလဲ ရှိတယ်။

ကုသနည်း ၂ မျိုးမက ရှိတယ်။
Canalith repositioning procedure (CRP) or Epiley maneuver နဲ့
Liberatory or Semont maneuver ဖြစ်တယ်။

ကမ္ဘာ့ဆွဲအားကို သုံးပြီး အနယ်အမှုံတွေ အောက်ကျအောင်လုပ်နည်း CRP ကို ဆရာဝန်ကနေ သင်ပေးတာ ဖြစ်တယ်။ နောက်နည်းကတော့ လူနာကိုယ်တိုင် လုပ်လို့ရတယ်။ ဘယ်ဟာ ပိုကောင်းသလဲ ပြောလို့ မရသေးပါ။ ဆေးပေး ကုနည်းကို ရုတ်ရက်ဖြစ်သူတွေနဲ့ ဆိုးဆိုးဝါးဝါးဖြစ်သူတွေကိုသာ ပေးတယ်။ Anti-histamine ဆေးနဲ့ Anti-cholinergic ဆေးတွေ ဖြစ်တဲ့ Meclozine Meclozine (Bonine, Bonamine, Antivert, Postafen, Sea Legs, Dramamine) နဲ့ Scopolamine (Levo-duboisine, Hyoscine) တွေ ဖြစ်တယ်။ ရောဂါလက္ခဏာတွေ သက်သာအောင် လုပ်တာသာ ဖြစ်တယ်။

BPPV ရောဂါဟာ တချို့မှာ သူ့ဖါသူ သက်သာလာတတ်တယ်။ ခေါင်းအုံးမြင့်မြင့် သုံးပါ။ မူးတတ်သလိုမျိုး မအိပ်ပါနဲ့။ မနက် ထရင် ခပ်ဖြေးဖြေးထပါ။ မထခင် ကုတင်စွန်းမှာ ၁ မိနစ်ထိုင် စောင့်နေပါ။ ခေါင်းငုံ့ပြီး တခုခုကောက်ဘို့ မလုပ်ပါနဲ့။ တဖက်ဖက် စောင်းတာလဲ ဂရုစိုက်ပါ။ အလှပြင်ဆိုင်၊ သွားဆေးခန်းမှာ အထူးသတိရှိပါ။ Motion sickness medications Dimenhydrinate (Dramamine, Driminate, Gravol, Gravamin, Vomex, Vertirosan) ကားမူးပျောက်ဆေးတွ သုံးနိုင်ပါတယ်။ ၂ လနဲ့ ပျောက်သွားနိုင်တယ်။

Epley Maneuver နည်းကို တတ်ကျွမ်းတဲ့ ဆရာဝန်ကနေ လုပ်ပေးတယ်။ ၈ဝ% ပျောက်တယ်။ ၂ နည်းရှိတယ်။ မပြန်ခင် ဆေးခန်းမှာ ၁ဝ မိနစ်စောင့်ရသေးတယ်။ ကားမောင်းမပြန်ပါနဲ့။ ခေါင်းကို Semi-recumbent ၄၅ ဒီဂရီစောင်းအိပ်ပါ။ နေ့ခင်းမှာလဲ ခေါင်းကို မတ်မတ်ထားပါ။ ခေါင်းလှုတ်ရမဲ့ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ပါနဲ့။ မျက်နှာသစ်တာ၊ အမွှေး ရိတ်တာ၊ ခေါင်းလျှော်တာ၊ မျက်စဉ်းခပ်တာလဲ ခေါင်းမငုံ့ရအောင် လုပ်ပါ။ ၁ ပါတ်ကြာရင် အရင်ကမူးတတ်တဲ့ အနေအထားကို သတိနဲ့ စမ်းလုပ်ရမယ်။

ဒီနည်းနဲ့ မရသေးတဲ့ ၂ဝ% တွေကို Epley exercises လုပ်ခိုင်းမယ်။ အထူးလုပ်တဲ့ Rotational chair ကုလားထိုင်၊ DizzyFIX တွေ သုံးနိုင်တယ်။

ခွဲစိတ်ကုသနည်းက ခက်ပါတယ်။ Canal plugging နည်းကတခု ဖြစ်တယ်။ ခွဲစိတ်ကုသနည်း Semi-circular canal occlusion ကို အမြဲမလုပ်ပါ၊ လုပ်ရတာ ခက်တယ်။ အာရုံကြောထိမှာ သတိကြီးရတယ်။

• Vertigo အမူးရောဂါ (အရက်ကြောင့် မဟုတ်ပါ) http://dts-medicaleducation.blogspot.com/2011/01/vertigo.html

Dr. တင့်ဆွေ
၂၇-၄-၂ဝ၁၁

Monday, April 25, 2011

Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂)

Q 1: သမီးက အသက် ၂၃ နှစ်ပါ။ ရာသီလာတာ မမှန်ပါဘူး။ တခါတလေ ၂ လမှ တခါ လာပါတယ်။
Q 2: ရာသီလာပြီး ၁ဝ ရက် ၂ ပတ်လောက်နေရင် နဲနဲ ပြန်လာနေတတ်တယ်။
Q 3: Menstruation လာတိုင်း ဗိုက်အောင့်ကြတယ်။ အဲဒါကို ဘယ်လိုလုပ်ပေးရမှာလဲ။

Q 1: သမီးက အသက် ၂၃ နှစ်ပါ။ ရာသီလာတာ မမှန်ပါဘူး။ တခါတလေ ၂ လမှ တခါ လာပါတယ်။ အရင်ကတော့ အမေက သွေးဆေး အမြဲတိုက်ပါတယ်။ မြန်မာဆေးတွေ။ ခုက ဒီမှာ ဝယ်လို့လည်း မရပါဘူး။ ခု ဝက်ခြံတွေလည်း မျက်နှာမှာရော ကျောမှာပါ ပိုပေါက်လာပါတယ်။ သူငယ်ချင်းကပြောလို့ ချင်းပြုတ်ရည်လည်း သောက်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ ဖြေကြားပေးပါရှင်။

ရာသီမမှန်တာ မိန်းကလေး အတော်များများမှာ ဖြစ်ကြလေ့ရှိတယ်။ ၂ လမှ တခါ လာယုံနဲ့ ဘာမှ စိုးရိမ်စရာ မလိုပါ။ ဝက်ခြံလဲ ပေါက်တယ်ဆိုရင် အပျိုဖြစ်မှာပေါ့။ သိပ်ရင်းနှီးလွန်းတဲ့ သမီးရည်းစားတောင် ထားပုံမရဘူး။ ဆေးပညာအရ ဖြစ်ဘို့ များတာကို ပြောတာပါ။ ကိုယ်ရေးကိုယ်တာ စပ်စုတာ မဟုတ်ပါ။ ဗေဒင်ဟောတာလဲ မဟုတ်ဘူး။ မမှန်ရင်လဲ “မှားသော ဆေးသမား ရှိ၏” လို့ မှတ်ပါ။

ဗမာသွေးဆေးတွေကလည်း အသုံးတည့်သူတွေမှာ တည့်တယ်။ ချင်းပြုတ်ရည်ကလည်း တချို့အတွက် အလုပ် ဖြစ်တတ်ပါတယ်။ မိန်းကလေးရဲ့ ကျန်းမာရေးကို ပိုပြီးသိရရင် ပိုကောင်းမယ်။ “ပိန်သလား၊ ဝသလား၊ ပိန်လာနေသလား။ ကျန်းမာရေး နောက်ကြောင်းမှာ ထူးခြားတာ ရှိသလား။ ဆေးရုံတက်ရဘူးတာ၊ ဓါတ်မှန်ရိုက်တာ”။ မသိတာ အသာထားပြီး ယေဘုယျ ဖြေပါ့မယ်။

ရာသီမမှန်တာမှာ ပတ်ဝန်းကျင်လို့ ခေါ်လေ့ရှိတဲ့ အကြောင်းခံရှိတတ်တယ်။ နေမကောင်းတာ ဥပမာ တီဘီ၊ စိတ်ဖိစီးမှု များတာ၊ အာဟာရ မပြည့်တာ၊ သွေးအားနည်းတာ၊ လေ့ကျင်ခန်း အလုပ် များလွန်းတာ၊ ခရီးထွက်ရဖန် များတာတွေ ပါတယ်။ ဒါ့ကြောင့် ဒါတွေကို ပြင်ပါ-ကုပါ။

နောက် အကြောင်းခံ တမျိုးကတော့ ဇီဝကမ္မ အပြောင်းအလဲ ရှိလို့ပါ။ ရာသီဆင်းတာကို ထိန်းပေးနေတာ သုံးခုဟာ အထာမကျရင် ရာသီလာ မမှန်ဘူး။ နောက်ဆုံး အကြောင်းခံတခုကတော့ Polycystic ovarian syndrome ရောဂါပါ။ (ရေးထားပါတယ်။) လိုမယ် ထင်ရင် OG ပြပါ။ Oligomenorrhea ခေါ်တဲ့ ရာသီနည်းလွန်းရင် သားသမီး မရနိုင်တာ ဖြစ်စေတတ်တယ်။ ဒါတွေ ထည့်ရေးတာက ဆရာဝန်တယောက်အနေနဲ့ မပြည့်မစုံရေးလို့ မကောင်းတဲ့ အတွက်ပါ။ လူ ၁ဝဝ-၁ဝဝဝ မှာ ၁ ယောက် ဖြစ်တာလဲ ပါရတယ်။

ဝက်ခြံဆိုတာ ရာသီဆင်းတာလိုဘဲ ဟော်မုန်းဓါတ် အပြောင်းအလွဲကြောင့် ဖြစ်စေတာပါ။ လူတိုင်းမှာ ကျား-မ ဟော်မုန်း ၂ မျိုးလုံး ရှိကြတယ်။ Androgens ကျားဟော်မုန်းက ပိုကဲနေရင် ရာသီနည်းတာ ဖြစ်စေတယ်။ အရေပြား မသန့်ရှင်းတာ၊ လေထု မသန့်တာကြောင့်လဲ ဖြစ်စေနိုင်သေးတယ်။

သနပ်ခါးအစစ် သဘာဝဖြစ် အလှအပ အသုံးအဆောင်သာ သုံးပါ။ ကြော်ညာကောင်း (ကော့စ်မက်တစ်) တွေ မသုံးသင့်ပါ။ အဆီ-အငန်များ အစားအစာ ရှောင်ပါ။ တကယ်လို့ အနာရင်းသလို ဖြစ်လာရင်၊ ပြည်တည်ရင် Tetracycline, Erythromycin ၂၅ဝ မီလီဂရမ် ၆ နာရီခြား၊ ဒါမှမဟုတ် Doxycycline ၁ဝဝ မီလီဂရမ် ၁၂ နာရီခြား၊ ၄-၅ ရက် သောက်ပါ။

ဝက်ခြံကို လက်နဲ့ ခဏခဏ မကိုင်ပါနဲ့။ မျက်မှာမှာ ပေါက်တဲ့ ဘာအနာဖြစ်ဖြစ် မမှည့်သေးခင် ညှစ်မထုတ်ရပါ။ သွေးအားအတွက် Ferrous ဆေး၊ Folic acid ဆေးတွေသောက်ပါ။ ဝက်ခြံအတွက် ဗီတာမင် B အပြင် A သောက်ဘို့ လိုတယ်။ Zinc ဓါတ်များတဲ့ အစားအစာ (ပင်လယ်စာ၊ အစေ့အဆံ၊ အသဲ၊ ငါး၊ ဥ၊ ဂျုံ၊) နဲ့ Chromium ဓါတ်များ အစားအစာ (သစ်သီးဖျော်ရည်၊ ငှက်ပျောသီး၊ စပျစ်သီး၊ အာလူး၊ အမဲသား၊ မုံလာဥစိမ်း၊ ကြက်သွန်ဖြူ၊) စားပါ။

တကိုယ်ရေ သန့်ရှင်းရေး လုပ်ပါ။ ခေါင်းအုံးစွပ် ၂ ရက်တခါ လဲပါ။ မျက်နှာကို ဆံပင်က လာလာမထိစေသင့်ပါ။

လစဉ် ရာသီလာနေသူများလဲ ဝက်ခြံပေါက်တတ်တယ်။ တရားခံက Androgens ပါဘဲ။ ဝက်ခြံမှာ ခေါင်းဖြူ-ခေါင်းမဲ ၂ မျိုး ရှိတယ်။ အဖြူက အရေပြားထဲ မြုတ်နေပြီး၊ အမဲက အပေါ်မှာ။ ပြည်ဖြစ်လာရင် ဝါလာမယ်။ သန့်ရှင်းရေး လုပ်တာက အပြင်းစားမဟုတ်တဲ့ ဆပ်ပြာ၊ ဗက်တီးရီးယားသေစေနိုင်တဲ့ neem soaps ဆပ်ပြာလဲကောင်းတယ်။ မျက်နှာ အဆီမပြန်စေနဲ့။ မိတ်ကပ်သုံးစရာရှိရင် နဲနဲ-ပါးပါးသာသုံးပါ။ အရေပြားက (ဆဲလ်)တွေ လေဝအောင်လို့။ သေသွားတဲ့ (ဆဲလ်) ခပ်ညိုညိုတွေကို အသာအယာ ဖယ်ထုတ်ပေးပါ။ ရေနွေးလေးနဲ့ မျက်နှာသစ်ပါ။ ရေများများသောက်ပါ။ နံ့သာဖြူလိမ်းတာလဲ ကောင်းပါတယ်။

ရာသီမှန်လာမယ်ဆိုရင် ဝက်ခြံပါ သက်သာလာမယ်။ အိမ်ထောင်ရက်သား ကျသွားသူများ ပျောက်သွားတယ်။ အိမ်ထောင် မရှိသေးသူကို ရှိအောင် အားပေးတာ မဟုတ်ပါ။ အိမ်ထောင်ပြုတယ်ဆိုတာ “နောင်ပြင်ရန် ခက်သည့်အမျိုး သုံးပါး” ထဲမှာပါလို့ ဝက်ခြံ ပျောက်ချင်တာလေးနဲ့ မမြန်ဆန်လေနဲ့။

အပျိုလေး-အပျိုကြီးများလည်း ကိုယ်ဝန်ဆောင် တားဆေး (အများဆုံးသုံးကြတဲ့ ဟော်မုန်း ၂ မျိုးတွဲ စားဆေး) ကို သောက်ရင် ရာသီလာရက် မှန်စေတယ်။ ၂၈ ပြားပါတဲ့ ဆေးကပ်မှာ ၂၁ လုံးက အရောင်တမျိုး၊ ၇ လုံးက အရောင်တမျိုး လာလေ့ရှိတယ်။ အဖြူရောင် ၂၁ လုံး သောက်နေတုံး ရာသီမလာဘဲ၊ ဒီဆေးလုံးတွေ ကုန်တာနဲ့ ရာသီလာမယ်။ ဒီဆေးကပ်ကို အနည်းဆုံး ၃-၄ လ ဆက်သောက်လိုက်ရင် သူ့ဖါသာသူ ရာသီလာရက် မှန်စေနိုင်တယ်။

ဆရာ့ဆေးခန်းမှာ ဒီလိုဖြစ်တဲ့ အပျို မိန်းကလေးတွေလာရင် ကိုယ်ဝန်တားဆေးကပ်ကို တလုံးချင်း ဖေါက်ပြီး ပေးလိုက်တယ်။ သူများမြင် အထင်မလွဲစေအောင်ပေါ့။ ကောင်းသွားကြပါတယ်။

Q 2: ပုံမှန်ရာသီက ၂၈ ရက် ၁ ခါ လာပါတယ်။ ဒါပေမယ့် ရာသီလာပြီး ၁ဝ ရက် ၂ ပတ်လောက်နေရင် နဲနဲ ပြန်လာနေတတ်တယ်။ ပုံမှန်လိုတော့ မဟုတ်ဘူး။ အပေါ့သွားရင် ထွက်လာတာမျိုး အဖြူနဲ့ ရောပြီး ထွက်လာတာမျိုး။ Daily pad အသေးလေးတွေ သုံးရတာပေါ့။ အဲဒါဘာလို့ ဖြစ်တာလဲ။ တခုခုများ အထဲမှာ ဖြစ်နေလို့လား။ အရင်က မဖြစ်ဖူးပါဘူး ဒီလိုဖြစ်တာ ၃-၄ လ လောက်ပဲ ရှိပါသေးတယ်။ လွန်ခဲ့တဲ့ ၁ ပတ်က အိမ်ထောင်ကျပါတယ်။ မင်္ဂလာဦးည ပြီးတော့ နောက် ၃-၄ ရက် လောက်မှာ အဲလိုမျိုး ဆီးသွားတဲ့ အချိန် လေလည်တဲ့အချိန်မျိုးမှာ အနီထွက်လာတယ်။ အဲဒါက ပုံမှန်ပဲလား။ အဲလိုဖြစ်တဲ့ ဒီအပတ်မှာ ပြန်နေဖြစ်တော့ စ စခြင်းတော့ ဘာမှ မဖြစ်ပေမယ့် နောက်တော့ အနီနဲနဲ ဆင်းလာတယ်။ သမီးတို့ အသက် ၂၈ ကိုယ်စီပါ။ ယောက်ျားကတော့ ဘာမှ မဖြစ်ပါဘူး။ ကျန်းမာပါတယ်။ နောက်ပိုင်းမှာ နာကျင်မှုတော့ မရှိပါဘူး။ ကိုယ်ဝန်တားဆေး မသုံးပါဘူး။ ယားတာတော့ မဖြစ်ပါဘူး။ အရင်ထဲက အဖြူကတော့ တခါတလေ ဆင်းတယ်။ အိမ်ထောင်ကျတာ ပြီးခဲ့တဲ့ အပတ်ကမှပါ။ အိမ်ထောင်မကျခင် ၄-၅ လ လောက်မှာ အဲလို ဖြစ်တာကို သတိထားမိတာပါ။ အနီသက်သက် ဆင်းလာတာမျိုး အဖြူနဲ့ ရောပါလာတာမျိုးပါ။ သူလဲ လန့်နေသလို သမီးလဲ လန့်နေတယ်။

အိမ်တောင်ကျတာနဲ့ မဆိုင်ဘဲ မကျခင်ကတည်းက ဖြစ်တာမို့ အိမ်ထောင်ဘက်က ပြဿနာ မဟုတ်နိုင်တော့ပါ။ လိင်ကတဆင့် ကူးစက်ရောဂါ STD တွေကိုပါ လက်ညှိုးထိုးစရာ မလိုတော့ဘူးပေါ့။

ဖြစ်တတ်တဲ့ အခြေအနေတခုသာ ဖြစ်တယ်။ မစိုးရိမ်ပါနဲ့။ ရာသီများလာတဲ့သဘော ဖြစ်ဘို့ များတယ်။ ဒီအသက်မျိုးမှာ ရောဂါကြီး မဖြစ်သလောက်ပါ။ ဆီးစပ်နေရာကို ဖိကြည့်လို့လဲ နာပုံမပေါ်ပါ။ နာရင် မျိုးပွါးလမ်းကြောင်း ပိုးဝင်တာမျိုး စဉ်းစားရတယ်။ အခု ဟုတ်ပုံမရပါ။ တခြားနေရာ (နှာခေါင်း၊ သွားဖုံး) ကနေ သွေးမယိုတာ မဖြစ်ဘူးလို့ ယူဆပါတယ်။

ဒီတော့ ရာသီမှန်အောင်လုပ်ဘို့ဘဲ လိုမယ်။ ဘာမှ မလုပ်ဘဲနေရင်တောင် မှန်လာတတ်သေးတယ်။ အိမ်ထောင်ကျ လိုက်တော့ ဟော်မုန်း အချိုးအစားလဲ ပြောင်းလာနိုင်လို့ပါ။

အိမ်ထောင်ကျပြီး ဆက်ဖြစ်နေသေးပြန်တာမို့ OG မပြခင် ဆေးစားကြည့်ပါ။ မွေးလမ်းကြောင်းစမ်းတာ လုပ်ရင် ပိုပြီး ခန့်မှန်းနိုင်တယ်။ အလွယ်ဆိုးနည်းကတော့ ကိုယ်ဝန်တားဆေး သောက်ပါ။ အများဆုံး သုံးနေကြတဲ့ ဟော်မုန်း ၂ မျိုးတွဲဆေးပြား သောက်ပါ။ တနေ့ ၁လုံး ၂၈ ရက် သောက်ရတာမျိုး ပြောတာပါ။ ရှာရတာလဲ အလွယ်ဆုံးဖြစ်တဲ့ဆေးပါ။ ရာသီ တခါဆင်းအောင် စောင့်ပါ။ ဆင်းတာရပ်တာနဲ့ ဆေး တနေ့ ၁ ပြားသောက်ပါ။ ဆေးမကုန်ခင် ရာသီ ပြန်မဆင်းပါ။ အဲလို လမှန်-ရက်မှန်ဖြစ်တာ ၃-၄ လ နောက်မှာ ရပ်လိုက်ပါ။ ဆေးကို မနက်ခင်း သောက်တဲ့အကျင့်လုပ်တာ ကောင်းတယ်။ မေ့သွားရင် နေ့ခင်းသောက်လိုက်လို့ ရတာမို့ ရက်မကျော်တော့ပါ။

အထောက်အကူအဖြစ် သံဓါတ်အားဆေးနဲ့ ဗီတာမင် စီ သောက်ပါ။ ကျန်းမာ-ချမ်းသာကြပါစေ။

Q 3: မိန်းကလေးများ အများအားဖြင် Menstruation လာတိုင်း ဗိုက်အောင့်ကြတယ်။ အဲဒါကို ဘယ်လိုလုပ်ပေးရမှာလဲ။ နောက်ဆက်တွဲ ပြဿနာ ရှိလာနိုင်သလား။ သိရင်ဝေမျှပေးပါ။

ရာသီလာရင်နာတာ Dysmenorrhea မှာ နောက်ဆက်တွဲ ပြဿနာ မရှိပါ။ NSAIDs ခေါ်တဲ့ Aspirin, Ibuprofen, Ketoprofen, Naproxen, Meferannic acid စတဲ့ အနာ-အကိုက်-အဖျား သက်သာဆေး တခုခု သောက်ပါ။ နေရာတကာ ဝယ်လို့ရပါတယ်။ ကုမ္ပဏီတွေက ဆေးကို နာမယ် အမျိုးမျိုး ပေးကြတယ်။ နာတတ်တဲ့သူတွေ သွေးဆင်းစ ကတည်းက သောက်သင့်တယ်။ ၂-၃ ရက် ထက်မလိုပါ။ တနေ့ ၃ ကြိမ်ဆို ရတယ်။ ဆေးကို အစာနဲ့ နီးပါစေ။ တကယ် လေနာရှိရင် သတိထား သောက်ပါ။ ဒီဆေးနဲ့မှ မရသူတွေကို Oral contraceptives ကိုယ်ဝန် တားဆေး ပေးရတယ်။ နာတဲ့နေရာကို ရေနွေးအိပ် ကပ်နိုင်တယ်။ လေ့ကျင်ခန်း လုပ်သင့်တယ်။ ရေနွေးနဲ့ ရေချိုးသင့်တယ်။

Premenstrual syndrome (PMS) ရာသီမလာခင် ဖြစ်ခြင်တာတွေ
Polycystic Ovarian Syndrome (PCOS) ရောဂါ ရာသီမမှန်ရင် ဖတ်ပါ နဲ့
Menstruation မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁) တွေကိုလဲ ဖတ်ပါ။

Dr. တင့်ဆွေ
၂၁-၄-၂ဝ၁ဝ

Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁)

Q 1: ကျွန်မမှာလဲ ရာသီမမှန်တဲ့ ပြဿနာ ရှိပါတယ်။
Q 2: ဒီတခါ ရာသီလာတဲ့ အချိန်မှာ ပုံမှန် မဟုတ်ဘဲ၊ ၅ ရက် စောလာပြီး၊ သွေးက တစက်တစတ်ဘဲ ဆင်းတယ်။
Q 3: ဒီတစ်လ ဓမ္မတာလာတာ နဲနဲဆန်းတယ်။ အရင်လတွေကနဲ့ ပုံမှန် မဟုတ်လို့ပါ။

Q 1: ကျွန်မမှာလဲ ရာသီမမှန်တဲ့ ပြဿနာ ရှိပါတယ်။ ရာသီစလာတဲ့ အရွယ်ကတည်းက ခုထိမမှန်တာပါ။ အခုအသက်က ၂ဝ ပါ။ အရင်တုန်းက အတော်လေး ပိန်ပါတယ်။ ခုနောက်ပိုင်းတော့ ဝချင်လို့ အစားတွေစား လေ့ကျင့်ခန်းတွေလုပ်နဲ့ ဝလာတယ်။ သွေးအားကတော့ နည်းပါတယ်။ ပုံမှန် ၉ဝ-၆ဝ ပဲရှိပါတယ်။ Folic acid ပါတဲ့ Vifron အားဆေးလဲ သောက်ပါတယ်။ ရာသီ မမှန်တာကတော့ တခါတလေ ၃ လလောက်အထိ ကြာတတ်ပါတယ်။ အာရှတော်ဝင်မှာ တစ်ခါ သွားပြပါတယ်။ OG က ဓါတ်မှန်တွေ ရိုက်ခိုင်းပါတယ်။ သွေးလဲစစ်ရပါတယ်။ ဒါပေမဲ့ စစ်ဆေးတာ ဆွေးနွေးတာ အချိန် နည်းနည်းပဲ ပေးပါတယ်။ Polycystic Ovarian Syndrome အဲဒါနဲ့ပါတ်သက်တာ စစ်ရဲ့လားလဲ မသိပါဘူး။

ကျား-ဟော်မုန်းနဲ့ ပါတ်သက်တာလဲ စစ်ရဲ့လား မသိဘူး။ အဲဒါနဲ့ နောက်တခါ ဆေးခန်း မပြဖြစ်တော့ပါဘူး။ ကြားဖူးတာက လည်ပင်းက သိုင်းရွိုက် အကျိတ် ကြောင့်လဲ ဖြစ်တတ်တယ်ဆို ဟုတ်လားဆရာ။ သိုင်းရွိုက်-အကျိတ်နဲ့ မိန်းကလေး ရာသီလာတာ ဆက်စပ်မှု ရှိရင်လဲ ပိုစ့်တစ်ခု တင်ပေးရင် ဝမ်းသာမှာပါဆရာ။

Polycystic ovary syndrome (PCOS) ဆိုတာ အပျိုပေါက်ကနေ သွေးဆုံးအရွယ်အထိ အမျိုးသမီးများမှာ ၅-၁ဝ% ရှိနိုင်တယ်။ ကလေးမရနိုင်ခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ ထိပ်ကဖြစ်တတ်။ အဝလွန်သူ၊ မျိုးဥမထွက်သူ၊ ရာသီ နည်းသူ- မမှန်သူ-မလာသူ။ နောက်ပြီး၊ ယောက်ျားနဲ့ ဆင်တူတဲ့ လက္ခဏာတွေဖြစ်တဲ့ ဝက်ခြံပေါက်၊ မျက်နှာ အဆီပြန်ဆိုတာတွေက Androgen ကျားဟော်မုန်း သတ္တိကဲတဲ့ သင်္ကေတတွေရှိသူ။

မကြာမကြာ တွေ့ရတတ်တဲ့ မျိုးဥအိမ်အလုံးခေါ်တဲ့ Ovarian cyst ဖြစ်တိုင်းလည်း PCOS မဟုတ်သလို PCOS ရှိတိုင်းလဲ မျိုးဥအိမ် ကြီးနေတာ ဖြစ်ချင်မှ ဖြစ်ပါတယ်။

ဒါ့ကြောင့် ရာသီနည်းတိုင်း၊ မမှန်တိုင်း၊ အဝမလွန်-အလွန် မပိန်ရင်၊ ဒီရောဂါမျိုး မစိုးရိမ်ပါနဲ့။ ကလေးဖွါးဘူးရင်လဲ ဖြစ်ဘို့ နည်းတယ်။ မိန်းမပီသသူတွေ စိုးရိမ်စရာမလိုပါ။ မ-လိုလို၊ ကျား-လိုလိုဆိုရင် လိုတယ်။ စိတ်က “ယောက်ျားမိန်း” ဖြစ်နေတာထက် ရုပ်က ဖြစ်နေရင် စစ်ဘို့ လိုတယ်။ ဝက်ခြံထူ၊ ကိုယ်မွှေးကြမ်း၊ နှုတ်ခမ်းမွှေး ရေးရေး ဆိုတာမျိုး ပြောတာပါ။

Amenorrhea ရာသီမလာခြင်းရဲ့အကြောင်းရင်းဟာ (၁) Hypothalamic-pituitary-ovarian axis ဖိုခနောက်ဆိုင် အကြောင်းသုံးပါး၊ (၂) မွေးလမ်းကြောင်း ခန္ဓာဗေဒ ပုံမှန်မဟုတ်လို့နဲ့ (၃) ဇီဝအလုပ် မမှန်တာတွေကြောင့် ဖြစ်ရပါတယ်။

Hypothalamic အကြောင်းရင်းဆိုတဲ့ထဲမှာ ဦးနှောက်-ကင်ဆာလဲ ပါတယ်။ Pituitary causes ဆိုတာကတော့ နို့ထွက်စေတဲ့ ဟော်မုန်း Prolaction သိပ်များနေရင်၊ ဒါမှမဟုတ် Pituitary ကင်ဆာ၊ အမှန်က ဦးနှောက်ကင်ဆာပါဘဲ။ သူ့ကို ဓါတ်ကင်လို့လဲ ဖြစ်ပါတယ်။ Ovarian မျိုးဥအိမ် အကြောင်းခံထဲမှာ Hyperandrogenemia ခေါ်တဲ့ ကျားဟော်မုန်းတွေ သိပ်များနေရင်၊ ဓါတ်ကင်ရရင်၊ ကင်ဆာဆေး သောက်ရရင် ဖြစ်တယ်။

အမျိုးသမီး မွေးလမ်းကြောင်းမှာ ပြဿနာတခုခု ရှိတာရဲ့ ဥပမာကတော့ သားအိမ်အတွင်းမယ် တွယ်ကပ်မှုတွေ ဖြစ်နေတာ၊ Imperforate hyman အပျိုမြှေး လုံးဝပိတ်နေတာနဲ့ Vaginal septum မွေးလမ်းကြောင်းမှာ အကန့် ပါနေတာတွေ ပါတယ်။

အပျိုမြှေး လုံးဝပိတ်နေတာမျိုးက မိန်ကလေးတယောက် အရွယ်ရောက်ချိန် လွန်တာတောင် ရာသီပန်း မပွင့်သေးတာမျိုး။ အသက် ၁၄-၁၅ နှစ်အထိ ရာသီမလာရင် ဆရာဝန်ပြပါ။ မသိဘဲ ကြာသွားလို့ ဗိုက်ကလေးက ဖေါင်းဖေါင်းလာ၊ မအေက ရာသီအကြောင်းမေး၊ မလာသေးဘူး ပြောတော့ တမျိုးထင်။ ကံဆိုးရင် အရိုက်ခံရ။ နှိပ်စက်ပြီး ပုလိပ်စစ်စစ်ခံရမယ်။ နောက်ဆုံးမှ ကျန်းမာရေး အသိရှိသူတွေ စောင်မလို့ ဆရာဝန်လာပြတယ်။ အပျိုမြှေးမှာ ထုံဆေးလေးထိုး၊ ခွဲစိတ်ဒါးနဲ့ ဒေါင်လိုက်တချက် ကန့်လန့်တချက် ခွဲပေးလိုက်တာနဲ့၊ လားလာ့း့ အမဲ-အညို၊ နောက် နီညိုညို-အနီ ရာသီသွေး ဟောင်းတွေ ဒလဟော ဆင်းလာတာ၊ ဒီလိုဝေဒနာမျိုး နှစ်ခါမက လုပ်ပေးရဘူးတယ်။ မြို့သာမှာ တာဝန်ကျတုံးကပါ။

မွေးလမ်းကြောင်းမှာ မွေးရာပါ အကန့်ရှိနေတာကို ခပ်ရှားရှား ဆေးကျောင်း ဘဝမှာ တွေ့ဘူးတယ်။ ပါမောက္ခ-မမတွေက ဆေးကျောင်းသားများကို သင်ကြားဘို့ ရှားတာမှန်သမျှ စုထားကြရတယ် မဟုတ်လား။ “အာစရိရ-ကျေးဇူး”၊ “ဂီလာန-ကျေးဇူး” အထူး မမေ့ပါ။

တခြား အကြောင်းရင်းတွေလဲ ရှိသေးတယ်။ “မီးယပ်ပိန် မီးယပ်ခြောက်”လို့ အခေါ်ခံရသူမျိုး။ မော်ဒယ် (ငါးဖေါင်ရိုးခြောက်) သင်တန်းသူများ။ နာတာရှည် ရောဂါသည်၊ စိတ်ဖိစီးမှု ခံစားနေရသူ၊ မူးယစ်ဆေးစွဲသူ၊ လေ့ကျင့်ခန်းလုပ်တာ များလွန်းသူ၊ ပဋိသန္ဓေ တားဆေးနဲ့ အဆင်မပြေသူ ဆိုတာတွေ ဖြစ်တယ်။ အာဟာရချို့တဲ့သူတွေလဲ ပါတယ်။ (အီသီယိုးပီးယာ) နဲ့ မြန်မာဟာ အကြောင်းခံမှာ တမျိုးစီပေမဲ့ အကျိုးပေးတူကြတယ်။ ဂုဏ်မယူစရာပေါ့ဗျာ။

(သိုင်းရွိုက်) ရောဂါ
ရာသီမမှန်တာနဲ့ လည်ပင်းကြီးရောဂါ သိပ်တော့ မဆိုင်ပါလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ လည်ပင်းကြီး ဟော်မုန်းဓါတ် လွန်ကဲနေသူမျိုးမှာ ပြဿနာ ရှိပါတယ်။ လည်ပင်းက မြင်သာအောင် ကြီးချင်မှ ကြီးနေလိမ့်မယ်။ ရင်တုံမယ်၊ နှလုံးခုန် မြန်မယ်။ အိမ်ထောင်သည်ဆိုရင် သူ့ခင်ပွန်းကအရင် ဇနီးသည် မူပြောင်းလာတာကို သတိကောင်းကောင်း ထားမိလာမယ်။ စိတ်တို-စိတ်ဆိုးတာ များပြီး၊ ဘာလုပ်လုပ် ဟောဟောဒိုင်းဒိုင်း။ တက်ကြွသလား မမေးနဲ့၊ သူကချည်း ရှေ့က။ “ကွိုင်”မှာက ညအိပ်ရင် သူကသာ ပန်ကာ-ပြူတင်း ဖွင့်အိပ်ချင်လိမ့်မယ်။ ပို အိုက်တတ်တာကိုး။

ဒီလိုဖြစ်လာရင် ဆရာဝန်ပြပါ။ Thyroid essay စစ်ဆေးလိမ့်မယ်။ များနေရင် ဆေးပေးမယ်။ အရင်က စားဆေးသာရှိပေမဲ့ ခုခေတ်မှာ အနုမြူဆေး ကြွေးတာ ထိရောက်ပါတယ်။ မပျောက်ခင် ရာသီရော ကိုယ်ဝန်ကိစ္စတွေပါ မမှန်တာဖြစ်စေတယ်။ တလောက မိတ်ဆွေတဦးရဲ့ ဇနီးကို မြင်တာနဲ့ သံသယရှိလို့ ဆေးစစ်ခိုင်းရတယ်။ ဒိအရင် ကိုယ်ဝန်က ဗိုက်ထဲမှာတင် ကလေးအသေ Intra-uterine death (IUD) ဖြစ်လို့ ကုပေးရသေးတယ်။ အခု အနုမြူဆေးပါတ်လည်လို့ အကောင်းပကတိ ဖြစ်နေပြီ။ အသိစောလို့သာပေါ့။ မျက်လုံးပါ လက္ခဏာပြနေပြီ။ လည်ပင်းကြီး-ဟော်မုန်းများ ရောဂါဟာ ကြာရင် မျက်လုံးပြူးလာတယ်။

မှန်ကြည့်ရင် ကိုယ့်မျက်လုံးကိုယ် သတိထားကြည့်ပါ။ “သမင်မ မျက်လုံး” ထက် ထူးပြီး၊ “ဇီးကွက် မျက်ပြူး” ဖြစ်နေသလား။

August 09, 2010 8:13 PM
Q 2: ကျွန်မအသက် သုံးဆယ့်တစ်ပါ။ အခု (့) မှာပါ။ ကျွန်မမှာ တစ်နှစ်တစ်လ အရွယ် သမီးတယောက် ရှိပါတယ်။ ကျွန်မ သမီးကို ဗိုက်ခွဲပြီး မွေးတာပါ။ ကလေးက အခုထိ မိခင်နို့စို့တုန်းဘဲ။ ရာသီက ကလေးမွေးပြီး လေးဆယ့်ငါးရက်ထဲက ပုံမှန်လာပါတယ်။ ဒီတခါ ရာသီလာတဲ့ အချိန်မှာ ပုံမှန် မဟုတ်ဘဲ၊ ၅ ရက် စောလာပြီး၊ သွေးက တစက်တစတ်ဘဲ ဆင်းတယ်။ အခုလို သွေးတစက်တစက် ဆင်းနေတာ တလနည်းပါး ရှိတော့မယ်။ ကျမ မည်သည့် ကိုယ်ဝန် တားဆေးကိုမှ မသုံးစွဲခဲ့ပါ။ စိတ်ပူလို့ Pregnancy test နဲ့ စမ်းကြည့်တယ်။ Negative ဘဲပြတယ်။ စိုးရိမ်လို့ သူငယ်ချင်းတွေ မေးကြည့်တော့ သူတို့က ရာသီထိန်၊ ရာသီ ငုတ်တယ်လို့ ပြောကြတယ်။ ဒီက ဆေးခန်းကို ပြဖို့ကလဲ နားလည်မှု လွဲတတ်လို့ ဆရာ့ဆီက အကူအညီ တောင်းတာပါ။ ဘဲလို ဆေးမျိုး သောက်သင့်လဲနှင့် ရောဂါအကြောင်းကို ဖြေကြားပေးပါရှင့်။

ဘာမှ မစိုးရိမ်ပါနဲ့။ ရက်စောလာတာလည်း ကိစ္စမရှိပါ။ နည်းတာလဲ အဲလိုဘဲ။ မှန်လာပါလိမ့်မယ်။ ကလေးနို့တိုက်နေချိန်မှာ နောက်ကိုယ်ဝန်ရှိဘို့ ပိုနှေးတတ်တယ်။ ကလေးကို ၁ နှစ်ဆို နို့ဖြတ်သင့်ပြီ။ ၆ လ အရွယ်ကတည်းက အစာကြွေးရမယ်။ ဖြေးဖြေး တိုးတိုး ကြွေးပေါ့။ နို့ဖြတ်မှလဲ ကလေးက တခြားအစာ စားလာမယ်။

ဆီးစစ်လိုက်တာ ကောင်းတယ်။ အခုလို မရပ်သေးတာ သားအိမ်ခြစ်စရာလဲ မလိုဘူး။ ခပ်လွယ်လွယ် ဆေးနည်းပေးပါမယ်။ ကိုယ်ဝန်တားဆေး Contraceptive pill ကို သောက်နိုင်တယ်။ လူအများစုသောက်တဲ့ ဆေးပြောတာပါ။ ဆေးကပ်တိုင်းမှာ အရောင် ၂ မျိုး ပါတယ်။ အဖြူရောင် ၂၁ လုံးကို တနေ့ ၁ လုံးသောက်နေသမျှ သွေးမဆင်းပါ။ ရာသီရက် မမှန်သူတွေကို ဒီနည်းက အလွယ်ဆုံးဘဲ။ တချို့ကို အဲလို ၃-၄ လ အသောက်ခိုင်းရင် ပြန်မှန်သွားနိုင်တယ်။

ကလေးငယ်ရှိသူတွေကိုတော့ နို့ထွက်နည်းစေတတ်လို့ နောက်နည်း လုပ်ရတတ်တယ်။ မေးတဲ့လူအတွက်တော့ ဒီအရေး ပူစရာ မလိုလောက်ဘူး ထင်ပါတယ်။ ဟော်မုန်းတမျိုးထဲပါ တားဆေးက နို့ထွက်တာကို မထိခိုက်ပါ။

အထောက်အကူ ရစေအောင် ဗီတာမင် စီ ၅ဝဝ မီလီဂရမ် တနေ့ ၁-၂ ပြားသောက်ပါ။ သံဓါတ်နဲ့ ဖေါလစ်အက်စစ်လည်း သောက်ပါ။ ဗီတာမင် ဘီအုပ်စုလည်း သောက်ပါ။

Aug 9, 2010 at 1:57 PM
Q 3: နားနဲ့မနာ ဖဝါးနဲ့နာပါ။ ဒီတစ်လ ဓမ္မတာလာတာ နဲနဲဆန်းတယ်။ အရင်လတွေကနဲ့ ပုံမှန် မဟုတ်လို့ပါ။ အရင်လက ၁၄ ရက် နေ့မှာ စပြီးတော့ ၁၄-၁၅ ဆက်တိုက် ဆင်းပါတယ် ၁၆ ရက်နေ့မှာ တန့်သွားပါတယ်။ ပြီးမှ ၁၇ နဲ့ ၁၈ ရက်မှာ ပြန်ဆင်းပါတယ်။ ဆရာ ရေးခဲ့တဲ့ စာတွေအရ စိတ်ဖိစီးမှုကြောင့်လို့ မှတ်ယူထားပါတယ်။ ဒီလကျတော့ ၁ ရက် နေ့မှာ စဆင်းပြီး၊ ၁ ရက် ၂ ရက် ၃ ရက် ဆက်တိုက်က သာမန်မဟုတ်ပဲ အခဲတွေ ဆင်းတယ်။ အရောင်ကတော့ ညိုညစ်ညစ် အရောင်မျိုးဖြစ်ပြီး၊ အနံ့နဲ့ ခံစားမှုတော့ မရှိပါဘူး။ ခါးကိုက်တာတို့ ဗိုက်နာတာတို့လဲ မရှိပါဘူး။ ပြီးတော့ ၄ ရက်နေ့က နေစပြီး ပုံမှန်အတိုင်း ပြန်ဆင်းတာကိုက အရမ်းများတယ်။ ဒီနေ့ထိတော့ မရပ်သေးပါဘူး။ အခု ရက်ပိုင်းတော့ နဲတော့ နဲသွားတယ်။ ဓမ္မတာ လာခါနီးဆို အဖြူဆင်းတယ်။ ဒါပေမယ့် ဒီတစ်ခေါက် အဖြူလဲ မဆင်းပါဘူး။ အဲဒါ ဘာကြောင့်ပါလဲ။ စိုးရိမ်စရာ ရှိပါသလား။ အရင်ကတော့ ရှမ်းပျိုမယ် သွေးဆေး သောက်ပါတယ်။ နာကျင်မှု အတွက် Dofenal 500 mg တစ်နေ့ တစ်လုံး သောက်ပါတယ်။ ကောင်းကျိုး-ဆိုးကျိုး ပြောပြပေးစေလိုပါတယ်။ နောက်ပြီး တလွဲ ယူဆထားတာက ဓမ္မတာလာရင် ခေါင်းမလျှော်ရ ဆိုတာလဲ ရှိပါတယ်။ မတည့်တဲ့ အစာတွေအဖြစ် ပြောင်းဖူးတို့ မာလကာသီးတို့ မစားရဘူး ဆိုတာလဲ ရှိပါတယ်။ အဲလိုမျိုးတွေလဲ တကယ်ရှိလား။ ဒါတွေနဲ့ ဆိုင်-မဆိုင်လဲ သိချင်ပါတယ်။ အသက်က ၂၂ နှစ်ပါ။

မိန်းကလေးတွေ၊ အမျိုးသမီးတွေ ရာသီ မမှန်တတ်တာ အတော်များများ ဖြစ်ကြရတယ်။ များသောအားဖြင့် စိုးရိမ်စရာမလို၊ ဆေးကုစရာ မလိုတတ်ပါ။ အသက်ငယ်တုံး၊ အပျိုဘော်ဝင်စနဲ့ သွေးဆုံးခါနည်းရင် မမှန်ဘူး။ အခုလို ၂၂ နှစ် အရွယ် ကတော့ မှန်သင့်တဲ့ အရွယ်လို့ ပြောနိုင်တယ်။ ဒါလဲဘဲ သိပ်မစိုးရိမ်ပါနဲ့။

ရာသီဆင်းတယ်ဆိုတာ၊ မျိုးပွါးလမ်းကြောင်း ခန္ဓာဗေဒ ခေါ်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ ဇီဝကမ္မ ဖြစ်စဉ်ခေါ်တဲ့ အလုပ်ပိုင်း ဆိုင်ရာတွေ ကောင်းမွန်၊ မှန်ကန်နေရမယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာကလည်း သက်ရောက် လွှမ်းမိုးသေးတယ်။ ပယောဂ ပြောရမဲ့ သက်ရောက်လာမှုတွေလည်း ထည့်တွက်ရသေးတယ်။ ပယောဂ ဆိုတာ ဗိန္ဓော-ရမ်းကု ပြောတာ မဟုတ်ဘူးနော်။ ပြင်ပကနေ တခုခု ဖြစ်စေတာကို ဆိုချင်တာ။ ဆိုပါစို့ တခြား နေမကောင်းတာရှိလို့ ဆေးသောက်တာကနေ ရာသီဖြစ်စဉ်ကို လာထိခိုက်တာမျိုး။

ဆေးခန်းမှာ ဆရာဝန်လုပ်တဲ့လူက သူတို့စကား မတတ်လို့ ဆရာမတွေဆိုတာက စကားပြန်ရော သူနာပြုပါ လုပ်ကြရတယ်။ အမျိုးသမီး လူနာတွေကို ဘယ်လိုမေးပါ သင်ပေးထားတယ်။ “ရာသီမမှန်” လို့ ဘာသာပြန်ပေးရင်၊ “ဒါနဲ့ မရသေးဘူး။ မမှန်ဘူးဆိုတာ၊ မလာတာ၊ နည်းတာ၊ များတာ၊ အကုန်လုံး မမှန်တာချည်းဘဲ။”

ရာသီများရင် တမျိုး၊ များတာက ရက်လဲပိုနိုင် ဆင်းတာလဲ များနိုင်တယ်။ ထိန်ပြီးမှ များများဆင်းတာက အိပ်ထောင်သည် ဆိုရင် (သမီးရည်းစား လည်းပါတာပေါ့) သားပျက်တာလား။ ဆယ်ကျော်သက်လဲ မဟုတ်၊ ၄၅ နှစ်လည်း မရောက်သေး၊ အိမ်ထောင်လဲ မရှိရင် တခြားဟာတွေ စဉ်းစားရပြီ။

မေးတာတွေ ကုန်ရင် စစ်တာ လိုလာနိုင်တယ်။ ကိုယ်ဝန်ရှိ-မရှိစစ်တာ ခုခေတ်မှာ ဆရာဝန်ပါစရာ မလိုဘူး၊ သူတို့ဖါသာ စစ်လို့ ဘာမှန်းမသိမှ ဆရာဝန် လာပြသူတွေလည်းရှိတယ်။ ဒီလို ပုံမှန်မဖြစ်တာကို မွေးလမ်းကြောင်းစမ်းတာ လိုနိုင်တယ်။ သွေးစစ်၊ (အာလ်ထွာဆောင်း)၊ ဓါတ်မှန်၊ စတာတွေလိုချင် လိုအုံးမယ်။

Dofenal ဆေးက Mefenamic acid ဖြစ်တယ်။ အနာ-အကိုက်-အဖျား သက်သာဆေးဖြစ်တယ်။ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင် နဲ့ ဗီယက်နမ် တို့မှာ ဒီနံမယ်နဲ့ ရောင်းတယ်။ ၂၅ဝ-၅ဝဝ မီလီဂရမ် ကို တနေ့ ၃ ကြိမ်အထိ သောက်နိုင်တယ်။ အစာနဲ့ နီးရမယ်။ ၇ ရက်ထက် ပိုမသောက်သင့်ဘူး။ အသဲ၊ ကျောက်ကပ် မကောင်းရင်၊ အစာအိမ်နာရှိရင်၊ ပန်းနာ၊ ရေခမ်းခြောက်တာ ရှိနေရင် မသောက်သင့်ဘူး။

သွေးဆေးအကြောင်းကို ဆေးပညာမှာ သုတေသနလုပ်ထားတာ မရှိသေးဘူး။ ဆရာဝန်တွေရဲ့ အမေ၊ အဒေါ်၊ အမတွေ ကတော့ လက်စွဲဘဲ။ ရာသီဖြစ်စဉ်နဲ့ ပြောင်းဖူး၊ မာလကာသီး၊ ခေါင်းလျှော်တာတွေရဲ့ ပတ်သက်မှုကို သင်ဘူး ဖတ်ဘူးတဲ့ ဆေးစာတွေမှာတော့ မတွေ့ရသေးဘူး။ စာဖတ် နည်းသေးလို့လားတော့ မသိဘူး။ ရှာပါအုံးမယ်။

ဒီအဖြစ်မျိုးက မေးတဲ့သူကို ဆေးနည်းလှမ်းပေးလို့ မကောင်း-မမှန်နိုင်ဘူး။ ရောဂါဆိုးလို့ ပြောတာတော့ မဟုတ်ဘူးနော်။ မေးမြန်း-စစ်ဆေးပြီးရင် တချို့အတွက် ကုရတာ လွယ်လွယ်လေးနဲ့ ပြီးတာတွေ ရှိတယ်။ OG ဖြစ်ဖြစ်၊ ဆရာဝန်ဖြစ်ဖြစ် ပြသင့်ပါတယ်။

Dr. တင့်ဆွေ
၉-၈-၂ဝ၁ဝ

Steroid injections (စတီရွိုက်) ထိုးဆေး

အားကစားသမားတွေ ကိုယ်ကာယ-လှချင်သူတွေ သုံးတာကို ရေးမှာ မဟုတ်ပါ။ (စတီရွိုက်) ဆေးဆိုတာ အဆစ်ဖြစ်ဖြစ် တခြား နေရာမှာဖြစ်ဖြစ် တခုခုဖြစ်ရာကနေ Inflammation ရောင်-ဖေါင်း-နာတဲ့ လက္ခဏာတွေကို သက်သာစေတဲ့ဆေး ဖြစ်တယ်။ နာတာရှည် ဒုက္ခပေးတတ်တဲ့ ဆိုးဝါးတဲ့ Keloid အမာရွတ်မျိုးကိုလဲ အမာရွတ်နေရာမှာ ထိုးတာလဲ ရှိတယ်။

Apr 24, 2011 at 7:48 PM
Please answer me that causes of vein swollen at knee. Can it be related to heart? I am age 40, female and suffering on right Knee off and on since two and half years ago. It seems to start a little bit on left knee now but not obvious. BP is normally 110/70. No X-Ray! After taking pain killer then it is quite OK but comes again. One time injected on right knee.

Intra-articular Steroid injections အဆစ်ထဲကို (စတီရွိုက်) ဆေး ထိုးတာဟာ ရောဂါလက္ခဏာတွေ သက်သာပြီး သူ့အလုပ်သူ ပြန်လုပ်နိုင်ဘို့ ရည်ရွယ်တယ်။ Steroid ထိုးဆေးကို (စတီရွိုက်) စားဆေး ပေးရင်းလဲ ထိုးပေးနိုင်တယ်။ ထိုးတာ သက်သက်လဲ လုပ်ပါတယ်။ ဆေးထိုးဘို့ လုပ်ရင်း အဆစ်ထဲက အရည်ကို စုပ်ယူပြီး ဓါတ်ခွဲစမ်းသပ်နိုင်တယ်။ တနှစ်မှာ တဆစ်ထဲကို ၃ ခါထက်ပို မထိုးသင့်ဘူး။

ဆေးမှန်သမျှ သတိထားရမှာတွေ ရှိတယ်။ ဒီလို အဆစ်-ထိုးဆေးမှာ ဒါတွေဖြစ်တတ်တယ်။
• Fat necrosis အဆီသွေးမရတာ၊
• Skin pigmentation ဆေးထိုးရာနေရာ အရောင်မဲလာတာ၊
• Joint degeneration အဆစ် အိုတာ မြန်စေတာ၊
• ဆီးချိုရှိသူကို ထိုးရင် သကြားဓါတ် ခဏတက်လာတတ်တာ၊
• ဆေးထိုးနေရာ ပိုးဝင်တတ်တာ၊
• Muscle strains ကြွက်သား တင်းအား များတာ၊
• Trauma ထိခိုက်မိတာ၊
• Polyarthritis အဆစ်တွေနာရောဂါ
• Connective tissue disease တွယ်ဆက် (တစ်ရှူး) ရောဂါ၊
• Degenerative joint disease (DJD) အဆစ် အိုနာ၊
• Tendinitis ကြွက်သားချောင်း (တင်ဒွန်) ရောင်ရောဂါ၊
• Bursitis အဆစ်ဖုံးရောင်တာ၊
• Arthritis အဆစ်နာ၊
• Neoplasm ကင်ဆာ၊
• Miscellaneous systemic diseases တခြားရောဂါတွေ၊

Anti-inflammatory medications ရောင်ခြင်းဖြစ်စဉ်အတွက် ဆေးတွေ ဥပမာ Aspirins, NSAIDs, Prednisone တွေကို Acute ရက်တိုနဲ့ Chronic နာတာရှည် အဆစ်နာသမားတွေကို ပေးမယ်။ ၁ဝ-၁၄ ရက်မှာ ဆေးအား အပြည့်ပေးတယ်။ ဆေးရဲ့ ဘေးထွက်-ဆိုးကျိုး မပေါ်သ၍ လိုသေးရင် ရက်တိုးနိုင်တယ်။ စားဆေးကို သက်သာတာနဲ့ တဖြေးဖြေးချင်း လျှော့ချ ပေးရတယ်။ တိကနည်း မဖြတ်ရဘူး။ Elavil လိုဆေးက Nonnarcotic pain medications ဘိန်းမပါ-အနာသက်သာဆေးတမျိုး ဖြစ်တယ်။ ချက်ချင်း ဖြစ်လာသူတွေကို နားခိုင်းမယ်။ ရေခဲတင်ခိုင်းမယ်၊ ကျပ်စည်း ခိုင်းတယ်။ နောက်ပိုင်းမှာ Physical therapy အကြောကုသမှု၊ Massage therapy အနှိပ်၊ General rehabilitation management နလံထ စောင့်ရှောက်ခြင်းတွေ ဆက်ရတယ်။

ဘယ်လိုလူတွေကို အဆစ်ထဲ ဆေးထိုးမလဲ။
• Synovitis အဆစ်အိတ်ရောင်တာ၊
• Osteoarthritis အရိုး-အဆစ်ရောင်တာ၊
• Bursitis အဆစ်ဖုံးအိတ်ရောင်တာ၊
• Gouty arthritis (ဂေါက်) လိုဖြစ်တာ၊
• Frozen shoulder syndrome အဆစ်ခဲသွားတာ၊
• Tendinitis ကြွက်သားချောင်းရောင်တာ၊
• Rheumatoid arthritis (ရူမတွိုက်) အဆစ်နာ၊
• Muscle trigger points ကြွက်သားတနေရာထိရင် နာတတ်တာ၊
• Carpal tunnel syndromes (ကာပယ်-တာနယ်-ဆင်ဒရုမ်း) ဖြစ်တာ၊
• Fasciitis ဖါရှာ-အရွတ်ပြားရောင်တာ၊
• Ganglion Cysts (ဂင်ဂလီယွန်) အိတ်၊
• Neuromas အာရုံကြောကြီးတာ၊

Shoulder ပခုံး၊ Hip တင်ပါး-ခါး၊ Elbow တဒေါင်ဆစ်၊ Knee ဒူး၊ Hand လက်၊ Wrist လက်ကောက်ဝတ်တွေမှာရှိတဲ့ Joint အဆစ်ထဲ၊ Tendons ကြွက်သားချောင်းထဲ၊ Bursa အဆစ်ဖုံးထဲကို ဆေးထိုးနိုင်တယ်။ ကြောက်လွန်းသူတွေကို ထုံဆေး ကူပေးရတတ်တယ်။

ဒီလိုဟာတွေ ဖြစ်နေ-ရှိနေရင် ဒီနည်းမသုံးရပါ။
• Charcot joint (neuropathic sensory loss) ထုံနေတဲ့ (ချာကော့တ်) အဆစ်နာ၊
• Infection ရောဂါပိုးဝင်နေတာ၊
• Tumor ကင်ဆာ၊ ကင်ဆာမဟုတ် အလုံး၊
• Neurogenic disease အာရုံကြောရောဂါ၊
• Tuberculosis တီဘီ လတ်တလောဖြစ်နေတာ၊
• Immune-suppressed hosts ခုခံအားမကောင်းတာ၊
• Hypothyroidism လည်ပင်းကြီးဟော်မုန်းနည်းရောဂါ၊
• Bleeding dyscrasias သွေးယိုရောဂါ၊
• Uncontrolled diabetes ထိန်းမရတဲ့ ဆီးချို၊
• Joint prosthesis အဆစ်အတုထည့်ထားတာ၊
• Surrounding joint osteoporosis ဘေးမှာ အရိုးရောဂါရှိနေတာ၊
• Patellar or Achilles tendinopathies ကြွက်သားချောင်း ပျက်စီးနေတာ၊

1. အများဆုံးသုံးတဲ့ဆေးကတော့ long-acting methylprednisolone preparation ဖြစ်တယ်။ တချို့
2. ထိုးဆေး နာမည်တွေက Depo-Medrol, Aristospan, Kenalog and Celestone အမျိုးမျိုးရှိတယ်။
3. တချို့ အထူးကုတွေက Lidocaine + Triamcinolone, which is intermediate acting (40 mg/mL) + Dexamethasone, which is long acting (4 mg/mL) ဆေးအရောကို သုံးတယ်။

တခုခုဖြစ်လို့ ရောင်တယ်ဆိုတာ ကိုယ်ခန္ဓာရဲ့ သဘာဝတုံ့ပြန်မှုပါ။ သူဖြစ်လာလို့ ကောင်းစေတယ်။ ခက်တာက ဆိုးတာလဲ တွဲလာတယ်။ (စတီရွိုက်) ဆေးဟာ ရောင်ခြင်းဖြစ်စဉ်ကို လျှော့ချစေတာ ဖြစ်ပါတယ်။ အဲတော့ အဆိုးဘက်က ဟာတွေ သက်သာစေမယ်။ အကောင်းတွေလဲ ထိတယ်။ ဒီနေရာမှာ ချိန်ဆတတ်တာ ဆရာဖြစ်တယ်။ ဒီလိုလူနာကို ဆေးကုဘို့ Multidisciplinary approach စည်းကမ်းချက်တွေ လိုက်နာရတယ်။

“Arthritis အဆစ်နာ” "Frozen shoulder အေးခဲသွားတဲ့ ပခုံး" “Keloid အရုပ်ဆိုးတဲ့ အမာရွတ်” တွေနဲ့ တွဲဖတ်ပါ။

Dr. တင့်ဆွေ
၂၅-၄-၂ဝ၁၁

Friday, April 22, 2011

Ear infections (1) နားပိုးဝင်ခြင်း (၁)

Apr 22, 2011 at 12:36 PM
သမီး အသက်က ၂၇ ပါ။ အခုဖြစ်တာက နှာခေါင်းပိတ်ပါတယ်။ နှာလည်း အနည်းငယ် စေးပါတယ်။ အစားအသောက် စားရင် အနံ့အရသာ ဘာမှကို မသိတာပါ။ ဘာနံ့မှ မရပါဘူး ၁ဝ ရက်ခန့် ရှိနေပါပြီ ဆရာဝန်နဲ့လည်း ပြပါတယ်။ နှာခေါင်း အနံ့ မရတာက သက်သာ မလာပါဘူး။ တခါတရံ တဘက်က ပိတ်နေပါတယ်။ ချွဲလည်း တော်တော် ထွက်ပါတယ်။ ချွဲပျော်ဆေး SOLVIN လည်း ဆရာဝန် ပေးတဲ့အထဲမှာ ပါပါတယ်။ မဖြစ်ခင်က ချောင်း တခါတလေ ဆိုးလို့ ဆရာဝန် ပြပါတယ်။ အခု ချောင်းဆိုး သက်သာသွားပြီး နှာစေးပါတယ်။ အရင်က CETIRINE တလုံးသောက်ရင် သိသာစွာ ပျောက်ပါတယ်။ အခုက ခဏခဏတော့ နှာမချေဘဲ နှာပိတ် နှာရည်ကျ ဖြစ်ပါတယ်။ ဆရာဝန်က မသက်သာလျှင် နား-နှာခေါင်း ဆရာဝန် ပြရန် ပြောပါတယ်။ ဘယ်လိုလုပ်ရပါ့မလဲ။ အနံ့အာရုံ အရသာ မရှိ ဖြစ်နေတာကို စိတ်ညစ်လှပါတယ်။

စိတ်ညစ်တဲ့သူ ဖြစ်နေတာတွေက တဆက်ထဲပါ။ Middle ear နားအလည်ပိုင်းကနေ Eustachian tube ပြွန်နဲ့ Back of the throat လည်ချောင်း နောက်မှာ လာဆက်နေတယ်။ နား-နှာခေါင်း-လည်ချောင်း တနေရာမှာ တခုခုဖြစ်ရင် ဆက်ဖြစ်တတ်တယ်။ နှာစေးနဲ့ ချောင်းဆိုး ဆက်နေတယ်။ နှာစေးလို့ နားကို သက်ရောက်တယ်။ အနံ့ကိုပါ လာထိခိုက်တယ်။

Eustachian tubes ကဆို့နေလို့ Ear infections နားရောင်တာ ဖြစ်တယ်။ Eustachian tubes ကို Swollen ရောင်စေ၊ Blocked ပိတ်စေတာ ဖြစ်လာရင် Eardrum နားစည် နောက်မှာရှိတဲ့ နားအလည်ပိုင်းမှာ Fluids အရည်တွေ များလာတယ်။

အများဆုံးက Common Cold အအေးမိတာကနေ ဆက်ဖြစ်တဲ့ Complications တွေပါဘဲ။ အအေးမိတာက အနေရခက်တဲ့အထဲ ဆက်ဖြစ်တာတွေက မေးတဲ့သူမှာ ဖြစ်သလို ပိုဆိုးပါတယ်။ Bronchitis လေပြွန်ရောင် နဲ့ Ear infections နားရောဂါရတာ ဆက်ဖြစ်နိုင်တယ်။ တချို့မှာ Asthma ပန်းနာ ဖြစ်လာတတ်တယ်။ Sinus နဲ့ Asthma တွေကို ရေးထားပါတယ်။

Acute bronchitis ရက်တို လေပြွန်ရောင်တာလဲ ပါတယ်။ ဗက်တီးရီးယား ကနေရော ဗိုင်းရပ်စ်ကနေပါ ဖြစ်စေတယ်။ Cough ချောင်းဆိုးမယ်၊ Mucus ချွဲထွက်မယ်၊ ချွဲကလဲ ဖြူ-ဝါ-သွေး ဖြစ်နိုင်တယ်။ အတော်များများက ဆေးမပါဘဲ သက်သာသွားတယ်။ တပါတ်နေလို့ မပျောက်ရင် ဆရာဝန် လိုလာပြီ။

Sore Throat လည်ချောင်းနာ နဲ့ Tonsillitis အာသီးရောင်တွေကလဲ အအေးမိတာနဲ့ တွဲ-ဆက်နေတတ်တယ်။ နှစ်မျိုးလုံးကို ဗိုင်းရပ်စ် ကနေရော ဗက်တီးရီးယား ကနေပါ ဖြစ်စေတယ်။ Streptococcus bacteria ကနေဖြစ်တာကို Strep throat ခေါ်တယ်။

Allergies (အလာဂျီ)၊ Tobacco smoke or other irritants ဆေးလိပ်နဲ့ တခြား အငွေ့အသက်တွေကြောင့်ပါ အဲလိုလာ ဖြစ်နိုင်တယ်။

Ear infections နားကိုပိုးဝင်တာက ၈ဝ% ဟာ Viruses ကနေဖြစ်တယ်။ ဒါဆိုရင် ပိုးသေဆေး Antibiotics မလိုဘူး၊ မရဘူး။ Streptococcus ဗက်တီးရီးယားကနေ ဖြစ်တာလဲ မနည်းဘူး။ နား နာမယ်၊ အဝါရည်၊ အရည်ကြည်၊ အချွဲရည် ထွက်မယ်။ ကိုယ်နဲနဲ ပူမယ်။ Antibiotics လိုတယ်။

ဗက်တီးရီးယား ကနေဖြစ်တဲ့ နာရောင်တာအတွက် Antibiotics ပဋိဇီဝဆေးတွေ ကတော့ -
• Penicillin Antibiotics ထဲမှာ Amoxicillin နဲ့ Augmentin တွေပါတယ်။
• Sulfonamide Antibiotics တွေထဲမှာ Bactrim, Septra နဲ့ Gantrisin တွေပါတယ်။
• Cephalosporin Antibiotics တွေထဲမှာ Ceclor, Ceftin, Cefzil, Vantin, Suprax နဲ့ Lorabid တွေပါတယ်။
• Combination Antibiotics ဆေးတွဲပေးတာတွေလဲ ရှိတယ်။ ဥပမာ Pediazole = Erythromycin + Sulfisoxazole

အသုံးများတဲ့ Ear drops နားထည့်ဆေးတွေကတော့ -
1. Betamethasone Eye/Ear Drops 0.1% w/v + 0.002%
2. Carboxy Methyl cellulose sodium -Eye 0.5%
3. Chloramphenicol Eye/Ear drop 5ml & 10 ml
4. Ciprofloxacin Eye Drops 5ml & 10ml
5. Gentamicin Eye/Ear drop 5ml & 10 ml
6. Neomycin Sulphate Eye/Ear drop 5ml & 10 ml
7. Ofloxacin Eye Drops
8. Prednisolone Acetate Eye/Ear drop 5ml & 10 ml
9. Prednisolone Chloramphenicol Eye Drop 10ml
10. Soframycin Eye/Ear Drop 8ML

• Ear Infections (2) နားပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.in/2012/06/ear-infections.html
• Earache နားကိုက်ရင် http://dts-medicaleducation.blogspot.com/2011/11/earache.html
• Perforated eardrum နားစည်ပေါက်ခြင်း http://dts-medicaleducation.blogspot.com/2011/04/perforated-eardrum.html

Dr. တင့်ဆွေ
၂၂-၄-၂ဝ၁၁

Q and A April 2011 (5)

1. စိတ်ခံစားလွယ်တယ်၊ Sensitive ဖြစ်တယ်လို့ ထင်ပါတယ်
2. ညှင်းပေါက်တာ ၁၅ နှစ်နီးပါးရှိနေပါပြီ
3. ဝမ်းသွားတာ သွေးပါလို့ပါ
4. ဆီးစစ်တံနဲ့ စစ်ပြီးပါပြီ
5. Hirudoid scar cream ကို ဝယ်လိမ်းနေပါတယ်
6. အသက် ၁၄ နှစ်ဝန်းကျင်မှာ ရာသီ စပြီးလာပါတယ်
7. ကလေးရဲ့ ပန်းတံက သေးပြီး တိုနေတယ်
8. အသားအရည် ခမ်းခြောက်ပြီး ပတ်ကြားအပ်သလို ဖြစ်နေပါတယ်

2011/4/22
Q 1: ကျွန်တော်က (့) မှာ ကျောင်းတက်နေတာပါ။ အသက်က ၂၆ နှစ်၊ အိမ်ထောင် မရှိပါ။ ဆေးလိပ်မသောက်ပါ။ အရက်၊ ဘီယာ ၂-၃ လမှ တစ်ခါ နည်းနည်းပဲ သောက်ဖြစ်တာပါ။ သွေးပေါင်ချိန် ပျမ်းမျှ ၁၃ဝ၊ ၈၅ လောက်တော့ ရှိပါတယ်။ အရပ် ၅ ပေ ၇ လက်မ၊ ကိုယ်အလေးချိန် ၁၂၉ ပေါင်။ ဦးခေါင်းနောက်ပိုင်း နားနောက်ဘက်ကနေစပြီး အပေါ်ဘက်ကို လခြမ်း သဏ္ဌာန် အနည်းငယ်ကွေးပြီး အကြောထောင်တက်လေ့ရှိပါတယ်။ သိသိသာသာကို တင်းလာပြီး အမြှောင်းလိုက် ထောင်တက်တာပါ။ စိတ်အရမ်းလှုပ်ရှားတဲ့အခါ၊ စိတ်အရမ်းတိုတဲ့အခါ၊ အရမ်းရယ်တဲ့အခါ၊ အရမ်းချမ်းလို့ သွားတွေစိပြီး ကြိတ်ထားတဲ့အခါတွေမှာလည်း ဖြစ်ပါတယ်။ ၄၊ ၅ နှစ် လောက်တော့ ရှိပါပြီ။ ဖြစ်နေတဲ့အချိန်မှာ လက်နဲ့ ဖိကြည့်ရင်၊ နည်းနည်း နာပါတယ်။ ဘီးအသွားတွေနဲ့ ထိရင်လည်း ဦးရေပြားတွေ နည်းနည်းနာပါတယ်။ အန္တရာယ် ဖြစ်လာနိုင်သလား၊ သွေးတိုးရောဂါ ဖြစ်နိုင်သလား။ ဦးနှောက်ကို ထိခိုက်တာမျိုး၊ ဦးနှောက်သွေးကြော ပြတ်တာမျိုး ဖြစ်နိုင်ပါသလား။ ဧပြီ ၁၆ နေ့က ဘယ်ဘက် နားထင်အကြော နေရာမှာ ၁ စင်တီမီတာ မရှိတရှိလောက် စိမ်းနေပြီး သိသိသာသာ ချိုင့်ဝင်နေတာ သတိထားလိုက်မိတာ။ ဘေးဘက် ၁ စင်တီခွဲ အကွာလောက်မှာ ၁ စင်တီ အချင်းလောက်ရှိတဲ့ အဖု ပါးပါးလေး ပေါ်လာပါတယ်။ ဖိရင် နည်းနည်း နာပါတယ်။ အဖုလေးက တဖြည်းဖြည်း သေးလာပြီး ဧပြီ ၂၂ မှာတော့ ကုလားပဲစေ့ သေးသေး အရွယ်လောက် ကျန်သေးတယ်။ စိတ်ခံစားလွယ်တယ်၊ Sensitive ဖြစ်တယ်လို့ ထင်ပါတယ်။ ရုပ်ရှင်တွေ ကြည့်တိုင်း ရုပ်ရှင်ထဲက လန့်စရာ၊ ဝမ်းနည်းစရာ ကြုံတိုင်း သူငယ်ချင်းတွေထက်ပိုပြီး လန့်မိ၊ ဝမ်းနည်းမိပါတယ်။ အချို့ Drama ကားတွေမှာ ဝမ်းနည်းစရာ ဖြစ်ရပ်တွေ ပါလာရင် မျက်ရည်တောင်မဆည်နိုင်ဘူး။ ကြာရင် နှလုံးရောဂါ ဖြစ်လာနိုင်သလား။ ဘာတွေ ကြိုတင် ပြင်ဆင်သင့်ပါသလဲ။

ပြောပြတဲ့ သွေးဖိအား ဂဏန်းတွေအရ သွေးတိုး မရှိပါ။ ဝမ်းသာပေတော့ဗျာ။ Life style ကလဲ သိပ်ကောင်းတာမို့ ချီးကျူးရမှာပါဘဲ။

Cerebral infarction ဦးနှောက် သွေးကြော ပိတ်တယ်၊ Cerebral hemorrhage ပေါက်တယ်ဆိုတာ Stroke ခေါ်တယ်။ High blood pressure သွေးတိုး ကနေဖြစ်တာ အများဆုံးပါ။ Atrial fibrillation နှလုံးခုန် မမှန်ရောဂါ၊ Diabetes ဆီးချို ရောဂါ၊ Heart disease နှလုံးရောဂါ၊ High cholesterol (ကိုလက်စထော) များနေသူ၊ Increasing age အသက်ကြီးတာ တွေကနေ ဖြစ်စေနိုင်တယ်။ Alcohol အရက်များသူ၊ Bleeding disorders သွေးယိုတတ်သူ၊ Cocaine (ကိုကိန်း) သုံးသူ နဲ့ Head injury ခေါင်းထိခိုက်မိသူတွေမှာလဲ ဖြစ်နိုင်တယ်။

ဖြစ်တယ်လို့ ပြောတဲ့နေရာကို Temple နားထင် ခေါ်တယ်။ ဒီနေရာမှာ ရှိသမျှ စာရင်းချရရင် အောက်ဆုံးက Sphenoid bone နဲ့ Temporal bone အရိုးတွေ ရှိတယ်။ Auricularis anterior ကြွက်သားရှိတယ်။ Zygomatico-orbitalis artery သွေးလွှတ်ကြော ရှိတယ်။ Anterior Auricular lymph glands သွေးပြန်ရည် (လင့်ဖ်) ကြောရှိတယ်။ Superficial temporal vein သွေးပြန်ကြော ရှိတယ်။ Zygomaticotemporal နဲ့ Zygomaticofacial အာရုံကြောခွဲတွေ ရှိတယ်။ အတိအကျ ပြောရမှာမို့ ခန္ဓာဗေဒ ဝေါဟာရတွေ ထည့်ရေးတာပါ။ မှတ်စရာ မလိုပါ။

ပြောပြတဲ့နေရာမှာ စိုးရိမ်စရာရယ်လို့ ရောဂါဗေဒမှာ မရှိပါ။ မျက်နှာက ကြွက်သားတွေဟာ Facial expression မျက်နှာ အမူအယာ လုပ်တာ အများဆုံး ဖြစ်ကြတယ်။ မေးတဲ့သူ ပြောသလို ဝမ်းနည်း-ဝမ်းသာ၊ ဒေါသ စတာတွေမှာ လိုက်ဖြစ်ကြတယ်။ ပုံမှန်ဖြစ်တာတွေပါ။

• Emotion စိတ်လှုတ်ရှားမှု ဆိုတာ လူတဦးချင်းစီရဲ့ မတူကြတဲ့ Psycho-physiological စိတ်ပိုင်း နဲ့ ဗီဝကမ္မပိုင်း ရောစပ်ပြီး ဖြစ်လာတဲ့ ရှုတ်ထွေးလှတဲ့ ဖေါ်ပြချက်ဖြစ်တယ်။ အတွင်းထဲက Biochemical ဇီဝပစ္စည်းတွေနဲ့ အပြင်ပိုင်းက Environmental ပါတ်ဝန်းကျင်တွေက သက်ရောက်စေတယ်။
• Physiological arousal စိတ်မှာ နိုးကြားလာတာ၊ Expressive behaviors ဖေါ်ပြတတ်တဲ့ အလေ့အထ နဲ့ Conscious experience အတွေ့အကြုံတွေ သက်ဆိုင်တယ်။
• Emotion စိတ်လှုတ်ရှားမှုဆိုတာ Mood စိတ်နေစိတ်ထား၊ Temperament နဂိုစိတ်ရင်း၊ Personality ကိုယ်ရည် ကိုယ်သွေး၊ Disposition အလေ့အထ၊ Motivation စေ့ဆော်မှုတွေနဲ့ ဆက်စပ်နေတယ်။
• Motivations စေ့ဆော်မှုတွေကနေ Behavior အမူအယာ ဖြစ်လာစေဘို့ Energize အားဖြစ်လာစေတယ်။
• Emotions ကနေ Positive အပြုသဘော၊ Negative အနုတ်သဘော ဖြစ်လာစေတယ်။

ဒီလိုရှင်းပြတာက ပုံမှန်ဖြစ်တာမျိုးကို သိစေဘို့သာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ပြုပြင်ဘို့ လိုမယ်ထင်တာ ပြင်နိုင်ကြတယ်။ အတွေ့အကြုံ၊ လေ့လာမှုတွေအရ ပြောင်းလာမယ်၊ တိုးတက်လာမယ်၊ တချို့မှာ ဆိုးဝါးသွားမယ်။ အထူးကုသသူတွေနဲ့ လိုသူတွေက လိုတယ်။ သာမန်ကာရှန်ကာနဲ့လဲ ကုသမှုလုပ်နိုင်ရင်လဲ လုပ်ကြပါတယ်။

ချုပ်ပြီး အကြံပြုရရင် မေးတဲ့သူမှာ ရုပ်ပိုင်း စိုးရိမ်စရာမရှိပါ။ ကိုယ့်ကိုယ်ကိုသိသူဟာ စိတ်ပိုင်းလဲ (ပုံမှန်) အခြေအနေမှာ ရှိပါတယ်။ ဘယ်အရာမဆို အသင့်အတင့် နှလုံးသွင်းနိုင်အောင် ကြိုးစားသင့်တယ်။ အနုတ်သဘောကနေ အပြုသဘော ပိုကဲအောင်လဲ ကြိုးစားသင့်တယ်။ ပညာတတ်တဦးဟာ ဒီလောက်ဆိုရင် နားကွက်က မီးတောက်မှာပါ။

2011/4/21
Q 2: ကျနော် အသက် ၂၉ ပါ။ ၁၉၉၆ ခုနှစ်လောက်ကစပြီး ညှင်းပေါက်ပါတယ်။ မြန်မာဆေး လိမ်းလိုက် Fungiderm လိမ်းလိုက်နဲ့ ပျောက်လိုက် ပြန်ပေါ်လိုက်ဖြစ်နေတာ ခုထိပါပဲ။ ၄ တန်းနှစ်ကနေ ၆ တန်းလောက်ထိ ခေါင်းမှာ ပွေး ပေါက်ဘူးပါတယ်။ ၇ တန်း လောက်မှ လုံးဝ ပျောက်သွားပါတယ်။ ဝဏ္ဏသိန္ဒိလိမ်းပါတယ်။ ဒါပေမယ့် ညှင်းကတော့ လိမ်းတုန်း ခဏပဲ ပျောက်သွားပြီး နောက်ပြန်ပြန် ထွက်လာပါတယ်။ ခုဆိုရင် ညှင်းပေါက်တာ ၁၅ နှစ်နီးပါးရှိနေပါပြီ။ လုံးဝ အမြစ်ပြတ် ပျောက်အောင် ကုချင်ပါတယ်။ ကျနော် အသန့်လည်းကြိုက်ပါတယ်။ ဒါပေမယ့် ချွေးတော့ စေးပြစ်ပြစ် ထွက်တတ်ပါတယ်။ နွေဘက်ဆိုရင် တစ်နေ့ ကို ရေ နှစ်ခါ သုံးခါ ပုံမှန်ချိုးပါတယ်။ အရမ်းစိတ်ညစ်ရပါတယ်။ ဘယ်လို နေထိုင်ရမလဲ။

Fungus မှိုရောဂါများ ကို ပို့လိုက်ပါတယ်။

2011/4/21
Q 3: ကျွန်တော့် အသက်က ၃၇ ပါ။ ဒီနေ့ ဝမ်းသွားတာ သွေးပါလို့ ပါ။ နောက် ၁ နာရီလောက်ကြာ တခါသွားတော့ ပုံမှန်ပဲ။ အရင် ဒီလိုမဖြစ်ဘူးလို့ ပါ။ ဝမ်းကတော့ နည်းနည်းမာတယ်။ ဘာဖြစ်တာလဲ သိချင်လို့ ပါ။ ဘာဆေးသောက်ရပါလဲ။

ဖြစ်နိုင်စရာတွေ တခုချင်း ရွေးထုတ်ရမယ်။ ဝမ်းကိုက်တာ၊ ဒါကလဲ ၂ မျိုးရှိတယ်။ အကြိမ်များမယ်။ ဗိုက်နာမယ်။ ရက်မကြာဘူး။ သွေးက နည်းနည်းဘဲ ထွက်မယ်။ အကျိ-အချွဲနဲ့ ရောနေမယ်။ လိပ်ခေါင်း၊ ဝမ်းသွားတာ အကြိမ် ပုံမှန်ဖြစ်မယ်။ ဗိုက်မနာဘူး။ သွေးနီတယ်။ အရည်လိုနေမယ်။ ရောဂါ ၂ မျိုးလုံးအတွက် ရေးထားပါတယ်။

2011/4/19
Q 4: ကျွန်မက (့) မှာ နေတာပါ။ ကျွန်မ ဆီးစစ်တံနဲ့ စစ်ပြီးပါပြီ။ လွန်ခဲ့တဲ့ ၂ ရက်ကပါ။ ဒါပေမဲ့ တလိုင်းပဲ ပေါ်ပါတယ်။ ဆရာ ပြောသလို မနက်စောစော မဟုတ်ပါဘူး။ နေ့လည်ပိုင်းလောက်ပါ။ စစ်ခါနီးမှာ ရေတွေ အများကြီး သောက်ထားပါတယ်။ ကျွန်မရဲ့ ကိုယ်အလေးချိန်က အရင်လတွေထက်တော့ ပိုတိုးလာပါတယ်ရှင်။ ကျွန်မ ဘယ်လို ဆက်လုပ်သင့်ပါသလဲရှင်။ ကိုယ်ဝန်ရလွယ်တဲ့ ဆေးရှိရင် ညွှန်းပေးပါလားဆရာ။

• ကလေးရဘို့ ခက်တဲ့သူတွေမှာ အတော်ခက်ပါတယ်။ Infertility (1) ကလေးမရနိုင်သေးခြင်း (၁) Infertility (1) နဲ့ ကလေး မရနိုင်သေးခြင်း (၂) ဆိုပြီး ရေးထားပါတယ်။ ကြိုးစားပါ။
• အဖြူဆင်းတာအတွက်လဲ ရေးထားပါတယ်။ Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်းကိုလဲ ရေးထားပါတယ်။ ဒီလိုဖြစ်တာကိုတော့ စနစ်တကျကုသစေခြင်တယ်။ ခဏခဏဖြစ်တဲ့သူမှာ ကြာရင် ကလေးရမှာကို ထိခိုက်နိုင်တယ်။
• ရာသီလာလို့ ဖြစ်ရတာတွေကိုလဲ Premenstrual syndrome (PMS) ရာသီမလာခင် ဖြစ်ခြင်တာတွေမှာ ရေးထားပါတယ်။
• ဝမ်းဆိုတာ အကျင့်ဖြစ်တတ်တယ်။ ဆေးသောက်မှ သွားသူက ဆေးသောက်နေရတတ်တယ်။ ပြင်ယူစေခြင်တယ်။ ဝမ်းလွယ်တဲ့အစာတွေ ရွေးစားပါ။ ရေပိုသောက်ပေးပါ။ ဝမ်းသွားချိန် သတ်သတ်မှတ်မှတ် လုပ်နိုင်အောင် ကြိုးစားပါ။

2011/4/19
Q 5: ကျနော် အသက်၂၃ နှစ်ပါ။လွန်ခဲ့တဲ့ တစ်ပတ်က ရေကျောက် ပေါက်ပြီးဖျားပါတယ်။ အဖျားကြီးလို့ ဆေးရုံတောင် ရောက်မလို ဖြစ်ပါတယ်။ အခုကောင်းသွားပါပြီ။ ရေကျောက်က တစ်ကိုယ်လုံးပေါက်ပြီးတော့မှ ကောင်းသွားပါတယ်။ အခု ကျနော့် မျက်နှာမှာ ရေကျောက်ပေါက်ပြီး ဒဏ်ရာ အမာရွတ်တွေ ကျန်ခဲ့ပါတယ်။ အမာရွတ်က မျက်နှာမှာ အပေါက် လိုတောင် ဖြစ်နေပါတယ်။ အသားပြန်တက်နိုင်ပါမလား။ Hirudoid scar cream ကို ဝယ်လိမ်းနေပါတယ်။ လိမ်းတာ ၄ ရက် ရှိပါပြီ။ လုံးဝ မသိသာသေးပါဖူး။ တစ်ခြား ဆေးနည်းများရှိရင် ညွန်ကြားပေးပါဦး။

Hirudoid Cream လိမ်းဆေးက အမာရွတ်တိုင်းအတွက် ဟုတ်ပုံမရပါ။ သွေးပြန်ကြောတွေ ဖေါင်းတာ၊ ရောင်တာအတွက် အဓိက ဖြစ်တယ်။ သူ့ဆေးညွှန်းအလိုအရ သွေးခြည်ဥလို ဖြစ်တာမျိုး ပိုကောင်းမယ်ထင်တယ်။ ပွန်းပဲတာ၊ ရောင်တာ၊ သွေးပြန်ကြောတွေ ရောင်တာ၊ ရောင်တဲ့ဖြစ်စဉ်ကို တားဆီးတယ်၊ အနာသက်သာစေတယ်၊ အထဲမှာသွေးယိုလို့ဖေါင်းနေတာ၊ ခိုက်မိလို့ သွေးခြည်ဥနေတာ၊ အမာရွတ်ကို ပျော့စေတယ်၊ အမာရွတ်ကို တင်းနေတာသက်သာစေတယ်၊ ဒဏ်ရာကနီနေတာသက်သာစေတယ်၊ အမာရွတ် ထင်နေရစ်မှာသက်သာစေတယ်၊
ရေကျောက်-အမာရွတ်ကို ဘာမှ မလိမ်းတာ ပိုကောင်းမယ် ထင်ပါတယ်။ တရက်ထက် တရက် ပိုကောင်းလာမှာပါ။ ဗီတာမင် စီ နဲ့ အေ က အထောက်အကူ ရပါလိမ့်မယ်။ မျက်နှာသန့်ရှင်းရေး ပိုလုပ်ပေးပါ။ အစာအဟာရ မျှတ လုံလောက်အောင်လဲ စားသောက်ပေးပါ။

Apr 24, 2011 at 7:18 PM
Q 6: မိန်းကလေးက အခုအသက်က ၂၂ နှစ်။ အိမ်ထောင် မရှိသေးပါဘူး။ အသက် ၁၄ နှစ်ဝန်းကျင်မှာ ရာသီ စပြီးလာပါတယ်။ တစ်ခါလာရင် ၃-၄ ရက်လောက် ကြာပါတယ်။ အသက် ၁၈ နှစ်လောက်မှာ ရောဂါတစ်ခု စဖြစ်ပါတယ်။ ရာသီလာခါနီးနဲ့ လာနေတဲ့ အချိန်တွေမှာ ကိုက်ခဲလာပါတယ်။ ရင်သားတွေ တင်းပြီးတော့ နာလာပါတယ်။ ခါးလဲကိုက်ပါတယ်။ လူတစ်ကိုယ်လုံး ညောင်းညာ ကိုက်ခဲနေတတ်ပါတယ်။ ဆီးစပ်က မခံနိုင်လောက်အောင်ကို နာကျင်ပါတယ်။ တစ်ခါတစ်လေ အလုပ်ပျက် အကိုင်ပျက်နဲ့ မစားချင် မသောက်ချင် လောက်အောင်ကို ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်ဆိုရင် စိတ်အားငယ်နေတတ်သလို အရာရာကို အဆိုးဘက်က မြင်နေတတ်ပါတယ်။ ရာသီလာနေတဲ့အချိန်မှာ အနံ့တော့ မရှိပါဘူး အခုနောက်ပိုင်းကိုက်တာ ခဲတာတွေ များလာရင် သွေးခဲတွေ ပါတတ်ပါတယ်။ အရောင်ကတော့ ညိုပုတ်ပုတ် အရောင်ရှိတတ်ပါတယ်။ အဖြူလာတဲ့ ရက်ကတော့ မမှန်ပါဘူး။ ကိုက်တဲ့ခဲတဲ့ အချိန်တွေမှာ တစ်ခါတစ်လေဆိုရင် Decolgen ဆေးကို တစ်ခါတစ်လေ သောက်ပါတယ်။ နောက် ၁ နှစ် လောက်နေရင် မင်္ဂလာဆောင်တော့မှာပါ။ ရောဂါကြောင့် ကလေးမရနိုင်မှာကို စိုးရိမ်နေပါတယ်။

• Dysmenorrhea ရာသီလာစဉ် နာကျင်ကိုက်ခံခြင်း ခံစားနေတာပါ။ ရောဂါရတာရယ်လို့တော့ မဟုတ်ပါ။
• Decolgen ဆေးထဲမှာ (Phenylephrine HCl 10 mg နဲ့ Paracetamol 500 mg) ပါတယ်။ နှာရည်ယိုတာ၊ ကိုယ်ပူတာ၊ ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာ အရိုး-အဆစ်နာတာတွေအတွက်သုံးရတယ်။
• အဖြူဆင်းတာလဲ ရောဂါမဖြစ်ဘို့များပါတယ်။ ဆေးမလိုလောက် သေးပါ။
• ကလေးရဘို့-မရဘို့လဲ ပြောဘို့ သိပ်စောပါသေးတယ်။
• “Premenstrual syndrome (PMS) ရာသီမလာခင် ဖြစ်ခြင်တာတွေ” ကို ဖတ်ပါ။ လိုက်နာစေပါ။

2011/4/27
(့) မှာ နေပါတယ်။ ကျွန်တော့်သား အသက် ၁၃ နှစ်ရှိပါတယ်။ ကလေးရဲ့ ပန်းတံက သေးပြီး တိုနေတယ်။ ယခင်ကလေးအသက် ၁၁ နှစ် ကလေးတံဆာ ကပုံမှန်အတိုင်းအကောင်းပါ။ ယခုနှစ်ထဲမှာ ၀လာပါတယ်။ မနှစ်က ကလေး အရပ်အနည်းငယ်ပုလို APPETON အရပ်ရှည်ဆေး(၃)ကဒ်သောက်ပါတယ်။ အဲဒီနောက်ပိုင်း ကလေးရဲ့ ပန်းတံဆာက သေးပြီး မာကျောခြင်းမရှိဘဲ၊ ပန်းသေသလို ဖြစ်နေပါတယ်။ ပန်းတံဆာ၏ အရင်းဘေးတဖက်ဆီတွင် အကျိတ်ကဲ့သို့ ရှိနေပါသည်။ ဆရာဝန်နှင့်ပြကြည်ရာ ခွဲစိတ်ကုသရမည်ဟု ပြောပါသည်။ မခွဲမစိတ်ရဘဲ ကုသရမည်ကို လမ်းညွန်ပေးပါရန်။

APPETON ထဲမှာ တကယ် ဘာပါသလဲ ကျွန်တော် အတိအကျ မသိပါ၊ အင်တာနက်မှာ ရေးတာကတော့ ဗီတာမင်တွေ ပါတယ်။ ဟော်မုန်း ပါ-မပါ သေခြာချင်ပါတယ်။ ရေးထားတာထဲက ပန်းဘေးမှာ အကျိတ်ကဲ့သို့ စေ့ဆိုတာ အစေ့ (အစိ) ကို ပြောတာလား။ လူဝလာရင် အမြင်အရသေးတာလဲ ဖြစ်နိုင်သေးပါတယ်။ ဟော်မုန်း စစ်တာ ကောင်းပါတယ်။

ဒီစာမပြန်ခင် ထပ်ရတဲ့ အီးမေးလ် ထဲမှာ ပိုသိလာရတာအရဆိုရင် Undescended testes ဖြစ်နေနိုင်တယ်။ ကျား-အစိက သူရှိရမဲ့ Scrotum ကပ်ပဲ့အိတ်ထဲအထိ ကျမလာတာ ဖြစ်နိုင်ပါတယ်။ အဲဒါဆို ခွဲရမှာပါ။

30 Apr 11, 02:42
စိတ်တွေ အရမ်း သောကတွေ မယုံကြည်တော့တာတွေ သက်သာချင်ပါတယ်။ ဆေးရှိနိုင်မာလား ဆရာ။
စိတ်မှာဖြစ်တာ ကုလို့ရပါတယ်။ အကောင်းဆုံးက အထူးကုဆရာဝန်နဲ့ လက်လှမ်းမီရင် ပြပါ။ ဆေးနဲ့ကုတာရော အထူးနည်းနဲ့ ကုတာပါ လုပ်ရတတ်လို့ပါ။ ရောဂါအမည်လဲ ခွဲရသေးလို့ပါ။ သေခြာကုရင် ကောင်းသွားပါတယ်။

30 Apr 11, 09:39
ကျတော့် အသက်က(၂၂) ပါ။ အသားအရည် ခမ်းခြောက်ပြီး ပတ်ကြားအပ်သလို ဖြစ်နေပါတယ်။ အစကတော့ အသားပတ် တယ်လို့ ထင်တာပါ။ အသားပတ်တယ်ဆိုရင်လဲ ဆောင်းတွင်းလောက်ပဲ ဖြစ်သင့်တယ် ထင်ပါတယ်။ အခု ဖြစ်နေတာက တစ်နှစ်လုံးဖြစ်နေတော့ ရောဂါတစ်မျိုးမျိုးများ ဖြစ်နေမလားလို့ပါ။ အသားပါတ်တယ်ထင်ပြီးတော့ ဘော်ဒီ လိုးရှင်းတွေလဲ လိမ်းတယ်။ အဲဒါဘယ်လိုလုပ်ရမလဲ။

အရေပြားအတွက် အာဟာရလိုနေလိမ့်မယ်။ ဗီတာမင် အေ နဲ့ စီ သောက်ပေးပါ။ ဆီကိုလဲ အသင့်အတင့်စားပါ။ ရေနဲ့ မကြာမကြာ ထိတွေ့ပေးပါ။ ဆေးအဆန်းတွေ မလိမ်းပါနဲ့။ အလှဆီအစစ် ကောင်းပါတယ်။

Dr. တင့်ဆွေ
၂၂-၄-၂ဝ၁၁
၃ဝ-၄-၂ဝ၁၁

Thursday, April 21, 2011

Fissure-in-Ano (FIA) စအိုကွဲနာ

Jul 6, 2010 at 1:51 AM
Q: ကျမ အသက် ၃၂ နှစ်ရှိပါပြီ။ လွန်ခဲ့သည့် ၄ နှစ်ခန့်မှစ၍ ဝမ်းချုပ်သောကြောင့် စအိုကွဲပြီး သွေးထွက်ခြင်း ဖြစ်ခဲ့ပါသည်။ စဖြစ်ကာစ ၁ ခါ ၂ ခါ ကွဲချိန်တွင် ဆရာဝန်မှ ခွဲရန်မလိုသေးဟု ပြောပါသည်။ ၅ ခါ ၆ ခါလောက် ကွဲလာသောအခါ ခွဲသင့်သည်ဟု ပြောသော်လည်း နိုင်ငံခြားသို့ ထွက်လာခဲ့ရသောကြောင့် မခွဲဖြစ်လိုက်ပါ။ နိုင်ငံခြားရှိ ဆရာဝန်မှာ အပေါ်ယံ သေးသေးမို့ ခွဲရန်မလိုဟု ပြော၍ စအိုထဲ ထည့်သည့် ဆေးသာပေးပါသည်။ စအိုယားယံခြင်း နာခြင်း ဖြစ်သည့်အခါ ထည့်သည့်ဆေးဟု ပြောပါသည်။

ယခု နေ့စဉ် နေ့တိုင်း ဆေးထည့်လျှင်ထည့်၊ ဝမ်းနှုတ်ဆေး စားလျှင်စား တခုခု အမြဲ လုပ်ရပါသည်။ လွန်ခဲ့သည့် ၂ ပတ်က လိပ်ခေါင်း ဇီးသီးစေ့ခန့် ထွက်ပြီး ပြန်ဝင်သွားပါသည်။ စအိုကွဲခြင်း နှင့် လိပ်ခေါင်းမှာ ခွဲစိတ်လျှင် ကောင်းပါသလား။ ခွဲစိတ်ခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ရှင်းပြပေးစေလိုပါသည်။ စအိုကွဲခြင်းကို မြန်မာနိုင်ငံရှိ ဆရာဝန်မှ ခွဲလျှင် ကောင်းသည်ဟု ပြောပြီး (့) မှ ဆရာဝန်က ခွဲရန်မလိုဟု ပြောပါသည်။ ဝမ်းနှုတ်ဆေး နေ့တိုင်း စားလျှင်ရော ကောင်းပါသလား။ မည်သို့ ပြုလုပ်ရမည်ကို ပြောပြပေးစေချင်ပါသည်။

FIA ဆိုတာ စအိုပြွန်မှာ ဒေါင်လိုက် အနာဖြစ်တာပါ။ အလွန်နာတယ်။ လူနာ အင်မတန် စိတ်ညစ်ရတယ်။ နာပုံ နာနည်း ကလည်း ဝမ်းသွာတိုင်း စူးရှပြီး နာတာ။ ကွဲထွက်သလို ခံစားရတယ်။ ရေချိုးခန်းက ထွက်ပြီးတဲ့နောက်မှာပါ ဆက် နာနေသေးတယ်။ ဝမ်းကလဲ သွားရမှာကို ကြောက်နေလို့ ချုပ်နေတာ များတယ်။ သွေးလဲ ထွက်တယ်။ ထွက်တဲ့သွေးက သွေးစိမ်းရှင်ရှင် အနီရောင်။ ဝမ်းဘေးမှာ အထက်-အောက် တန်းနေတတ်တယ်။ သွေးအား နည်းလောက်အောင် အထိတော့ မဆိုးပါ။ သွေးအပြင် မန်းရည်လိုလဲ ထွက်နိုင်တယ်။ ယားတတ်သေးတယ်။ မေးတဲ့သူပြောတာ အကုန်ပါဘဲ။

ဖြစ်လာရတာက ဝမ်းကြာကြာ ချုပ်တာဘဲ အပြစ်ဖို့တယ်။ အစားအစာထဲမှာ (ဖိုင်ဘာ) နဲတဲ့ အသီးအရွက် နဲတာ စားလို့လဲ ပါတယ်။ ကျား-မ ဆတူဖြစ်ကြတယ်။ ဖြစ်တဲ့-ကွဲတဲ့နေရာက နောက်တည့်တည့်မှာ များတယ်။ ရှားပါးတဲ့ စအိုရှေ့ပိုင်း ကွဲတာမျိုးက အမျိုးသမီးတွေက ပိုများတယ်။ ရက်တို-ရက်ရှည်။ နာတာရှည်ဆိုရင် မေးလာသူ ဖြစ်နေသလို လိပ်ခေါင်းပါ တွဲလာတယ်။ Sentinel pile ခေါ်တယ်။ သူက တံခါးမှူးလို နေလို့ပါ။

ကုသရတာမှာ ဝေဒနာဖြစ်စေတဲ့ စအို-အတွင်း-အထိန်းကြွက်သားကွင်း Internal sphincters ကို ပြော့လျှော့နေစေဘို့ လိုတယ်။ သူကဘဲ ဒုက္ခပေးနေလို့။ သူ ပြော့နေချိန် အနာကျက်စေနိုင်တယ်။ နာတာ သက်သာစေဘို့ 5% Xylocaine ထုံးဆေး လိမ်းပေးရတယ်။ အစားအစာတွေမှာ ဝမ်းပျော့အောင် အထူးဂရုစိုက် စားရမယ်။ Sitz bath ခေါ်တဲ့ ရေနွေး ထိုင်နည်း လုပ်ရမယ်။ Antibiotics ဆေးသောက်ရမယ်။ လိုအပ်ရင် Laxatives ဝမ်းနုတ်ဆေးပေးတယ်။

ဒါတွေနဲ့မှ မရရင် ခွဲစိတ်ခမ်း ဝင်ရပါမယ်။
တနည်းကတော့ မေ့ဆေးပေးပြီး Land’s dilation နည်းနဲ့ စအိုကို 3 x 3 fingers to 4 x 4 finger dilatation ချဲ့ပေးနည်း။ ဆေးရုံ တက်နေစရာ မလိုဘူး။ ညနေပြန်ဆင်း။ ပြီးစမှာ ဝမ်းမလုံတာ ၇-၁ဝ ရက် ဖြစ်နေအုံးမယ်။

နောက်နည်းကတော့ Lateral Anal Sphincterotomy ခွဲစိတ်နည်း ဖြစ်တယ်။ မေ့ဆေးက ပိုကောင်းပါတယ်။ ထုံဆေးနဲ့ လဲရတယ်။ Internal anal sphincter ဆိုတာကို ၈ နာရီနေရာမှာ ဖြတ်ပေးရတယ်။ ၃ ပါတ်နေရင် အနာကျက်မယ်။

Dorsal Fissurectomy and Sphincterotomy နည်းလဲ လုပ်တယ်။ Internal sphincter ရဲ့ ကန့်လန့်ဖြတ်နေရာကို ဖြတ်မယ်၊ လိပ်ခေါင်းရှိနေတာကိုလဲ ခွဲမယ်။ ၃ ပါတ်နေရင် အနာကျက်မယ်။

စအိုနေရာ ခွဲစိတ်တာ မှန်သမျှ Post–Operative Care ခွဲစိတ်ပြီး ဂရုစိုက်ရတာ အရေးပါတယ်။ အစားအသောက်၊ ဝမ်းပျော့ဆေး၊ အနာသက်သာဆေး၊ ပဋိဇီဝပိုးသေဆေး၊ နာတာသက်သာအောင် 2% Xylocaine gel ထုံဆေး ပေးရတယ်။

• Sitz bath ရေနွေးထိုင်တာမှာ Potassium permagnate or Dettol ပါ ထည့် ၂ဝ မိနစ် ထိုင်ရတယ်။
• Botulinum toxin ဆိုတဲ့ဆေး ပေးကုတာလဲ ရှိသေးတယ်။ အောင်မြင်တယ်လို့ ဆိုပါတယ်။
• Glyceryl trinitrate ထည့်ဆေးက ၂ ပါတ်နေရင် ၇၅% သက်သာတယ်၊ ၅၄% က ၆ ပါတ်နေရင် ပျောက်တယ်လို့ ပြောတယ်။ ဒီဆေးက ခေါင်းကိုက်စေတတ်တယ်။ နောက် သုတေသနတခုက Glyceryl trinitrate ဆေးကို တနေ့ ၂ ကြိမ်၊ ၂ ပါတ် ပေးပြီး၊ ၂ လ အကြာ ပြန်စစ်တော့ ၆၉% မှာ အောင်မြင်တာ တွေ့ရတယ်လို့ ဆိုတယ်။

ယေဘုယျ ပြောရရင် ဝမ်းနုတ်ဆေး နေ့တိုင်းစားတာ မကောင်းပါ။ အကျင့်ပါတယ်။ ဒါပေမဲ့ ဒီရောဂါသမားအတွက် ဝမ်းမာနေရင် ရောဂါပိုဆိုးမှာမို့ သောက်ရလိမ့်မယ်။ မြန်မာဝမ်းနုတ်ဆေးလဲ သုံးကြည့်ပေါ့။ Milk of Magnesia ဆိုတာက ဝမ်းပျော့ဆေး။ အကျင့်မပါစေဘူး။ အိပ်ရာဝင်ချိန် ဟင်းစားဇွန်း ၂ ဇွန်းသောက်ရတယ်။ မန်ကျီးမှည့် ဖျော်ရည်၊ သင်္ဘောသီးမှည့်၊ ကန်စွန်းရွက်လဲ စားပါ။ ရေများများ သောက်ပါ။ ခွဲစိတ်ကုသနည်းက ပြေးလွတ်ရမဲ့ပုံ မရှိဘူး။

ဗမာပြည်မှာ ခါးထုံဆေးနဲ့ ခွဲတာ များတယ်။ ခွဲပြီး စအိုမှာ ရာဘာ-ပိုက်ကလေးတခုကို ဆီဆွတ်ထားတဲ့ ပတ္တီးပတ်ပြီး၊ ထည့်ထားတတ်တယ်။ လေလည်နိုင်မယ်။ စအို ကျဉ်းမသွားဘူး။ ၂ ရက်လောက်ပါ။ ခွဲပြီးစ အနေရခက်မှာ အမှန်ပါ။ ထုံဆေး ပျယ်ချိန်က စမယ်။ ဒါပေမဲ့ နာတာကို ခံနိုင်အောင်နည်းကို ကျကျနနလုပ်ရင် အသက်သာဆုံး ဖြစ်စေနိုင်ပါတယ်။

Fistula-in-Ano (FIA) ဂရင်ဂျီနာ (ဘရင်ဂျီနာ) နဲ့ တွဲဖတ်ပါ။

Dr. တင့်ဆွေ
၁၃-၁ဝ-၂ဝ၁ဝ

Fissure-in-Ano (FIA) စအိုကွဲနာ (နောက်ဆက်တွဲ)
Apr 21, 2011 at 8:07 PM
အခုရက်ပိုင်း စအိုမှာ အနာဖြစ်နေပါတယ်ဆရာ။ ကွဲပြီး သွေးထွက်ရာကနေ အနာပုံစံဖြစ်နေပါတယ်။ အခု ဘယ်လို ဖြစ်နေလဲဆိုတော့ အိမ်သာသွားတိုင်း စိုးရိမ်စိတ် ဝင်နေတယ်။ ပြီးတော့ အရမ်းလဲ နာနေတယ်။ လက်နဲ့ စမ်းကြည့်တော့ ဖုဖောင်းဖောင်းလေဖြစ်နေတယ်။ စိုးရိမ်တာက သွားတဲ့ မစင်ကြောင့် အနာပိုးဝင်ပြီး ပိုဆိုးလာမှာကို စိုးရိမ်နေပါတယ်။ ဘယ်သူ့ကိုမှလဲ မပြချင်ဘူး၊ ဖြစ်နိုင်မယ်ဆိုရင် အမြန်ဆုံး ပျောက်နိုင်မယ့် ဆေးလေး ညွှန်ပေးပါနော်။

Fissure-in-Ano (FIA) စအိုကွဲနာ Non-operative techniques မခွဲစိတ်တဲ့နည်းတွေ
1. Botulin Toxin ဆေးထိုးနည်း၊ Type A botulinum toxin (Botox) ခေါ်တဲ့ဆေးကို 50 U/ml ရောပြီး 20 Units ကို fissure နေရာမှာ ထိုးပေးတယ်။ အာရုံကြောတွေကို သက်ရောက်စေတာမို့ internal sphincter အတွင်း ကြွက်သားဝိုင်းကို လေဖြတ်သလို ဖြစ်စေတယ်။ ၃ လအထိအဲလိုဖြစ်နေစေတယ်။ ၇၉% ကောင်းတယ်။ ဒီနည်းရဲ့ အားနည်းချက်ကတော့ ဆေးပြင်းတာ၊ တခြားနေရာ သွားထိမှာ၊ အထဲမှာ သွေးယိုတာတွေ ဖြစ်တတ်တယ်။
2. Nifedipine ဆေးသောက်နည်း၊ L-type calcium channel antagonist ဆေးမျိုးဖြစ်တယ်။ 20 mg ကို တနေ့မှာ ၂ ခါ သောက်ရတယ်။ အားနည်းချက်ကတော့ ဆေးကကြာကြာမခံလို့ တနေ့ ၂-၃ ကြိမ် သောက်ရတယ်။ ဘေးထွက်-ဆိုကျိုးတွေက ခေါင်းကိုက်၊ ရင်တုံ၊ ခေါင်းမူး၊ မျက်နှာနီမြန်း၊ ဗိုက်နာ၊ ခြေထောက်ရောင်၊ အစားပျက်တာတွေ ဖြစ်တတ်တယ်။
3. Nitric oxide ဆိုတဲ့ vasodilators သွေးကြောကျယ်ဆေးလိမ်းနည်း၊ ဒီရောဂါ နာတာရှည် ဖြစ်နေရင် သွေး ကောင်းကောင်း မလျှောက်ဘူး။ ဒါအတွက်ကောင်းတယ်။ 2%GTN ointment ကို တနေ့မှာ ၂ ခါ၊ ၆ လကြာ လိမ်းရတယ်။ ၉၈% ကောင်းတယ်လို့ ဆိုတယ်။ ဒီနည်းရဲ့ အားနည်းချက်ကတော့ ဝမ်းမမာအောင် အစား အသောက် အလွန်ဂရုစိုက်ဘို့လိုတယ်။ ခေါင်းကိုက်တတ်တယ်။
4. Direct current probe treatment လျှပ်စစ်နည်း၊ နာတာရှည်ဖြစ်ပြီး အတွင်း-လိပ်ခေါင်းပါ ရှိနေသူတွေကို လုပ်ပေးတယ်။ ၉ဝ% ကောင်းတယ်လို့ ဆိုတယ်။ ဒီနည်းရဲ့ အားနည်းချက်ကတော့ ကရိယာလိုတယ်။ လုပ်ပေးရတာ အချိန်ကြာတယ်။ လိပ်ခေါင်း တခုအတွက် ၁ဝ မိနစ်ကြာတယ်။ အဆင်မသင့်ရင် ဂရင်ဂျီနာ ဖြစ်လာတတ်တယ်။
5. Endoscopic anal dilatation ကရိယာနဲ့ ချဲ့ပေးနည်း၊ ထုံဆေးနဲ့လုပ်တယ်။ ၈၇-၈၈% ဟာ ၁-၃ လ နေရင် ကောင်းကြတယ်။ ဒီနည်းရဲ့ အားနည်းချက်ကတော့ သိပ်မသိရသေးဘူး။
6. Chemical cauterization ဆေးနဲ့လေယင်စေတဲ့နည်း၊ silver nitrate ဒါမှမဟုတ် phenol-in-glycerine နဲ့ အနာကို လောင်စေတယ်။ တခါမက ထပ်လုပ်ရတတ်တယ်။ အနာကျက်ဘို့ ၄-၈ ပါတ်ကြတယ်။ ဒီနည်းရဲ့ အားနည်းချက်ကတော့ ဆေးက တခြားနေရာသွားထိမှာ သတိထားရတယ်။ အထဲမှာသွေးယိုတာ၊ ပိုးဝင်တာတွေ ဖြစ်နိုင်တယ်။

Fissure-in-Ano (FIA) စအိုကွဲနာ Operative techniques ခွဲစိတ်ကုသနည်းများ
7. Stretching of anal sphincter (Lord's anal dilatation) စအိုအထိန်းကို ချဲ့ပေးနည်း၊ ၁၈၃၈ ကတည်းက လုပ်ခဲ့တဲ့နည်း ဖြစ်တယ်။ အများဆုံးလဲသုံးတယ်။ လုပ်ရတာလဲ ရိုးလို့ လူကြိုက်များတယ်။ ဘာကရိယာမှလဲ မလိုဘူး။ ဒီနည်းရဲ့ အားနည်းချက်ကတော့ incontinence စအိုမလုံတာဖြစ်မှာစိုးရတယ်။ မျပာက်မှာလဲ ဖြစ်တတ်တယ်။
8. Excision of the anal fissure (Fissurectomy) ခွဲစိတ်ဖြတ်တောက်နည်း၊ အနာနဲ့အတူ anoderm နေရာကို တရိဂံပုံ လှီးဖြတ်ရတယ်။ ဒီနည်းရဲ့ အားနည်းချက်ကတော့ အနာကျက်တာနှေးတယ်။ အမာရွတ်ကြီးတတ်တယ်။
9. Fissurectomy and immediate skin grafting ဖြတ်တောက်ပြစ်ပြီး အရေပြား အစားထိုးနည်း၊ ခွဲစိတ်နည်း လုပ်ပြီး အနာကျက်လွယ်အောင် Split thickness graft အရေပြား အစားထိုးပေးတာပါ။ အားနည်းချက်ကတော့ လုပ်ရတာ အချိန်ကုန်တယ်။ ဆေးရုံမှာနေရမှာ ပိုကြာမယ်။
10. Combined surgical and cyrotherapeutical treatment ခွဲစိတ်နည်းနဲ့ အေးခဲစေနည်း၊ ထုံဆေးနဲ့ Lateral anal sphincterotomy လုပ်တယ်။ ပြီးတော့ N protosside cryosound အေးခဲနည်းနဲ့ Curettage ခြစ်ပြစ်တယ်။
11. Carbon dioxide laser surgery လေဆာနည်း၊
12. Lateral subcutaneous internal sphincterotomy and radio frequency surgery ခွဲစိတ်နည်းနဲ့ ရေဒီယိုလှိုင်း သုံးနည်း၊
13. Division of internal anal sphincter စအိုထိန်းကြွက်သားဝိုင်းကို ဖြတ်ပေးနည်း၊ နာတာရှည်ဖြစ်သူ၊ ခဏခဏ ပြန်ပေါ်သူတွေကို လုပ်ပေးတယ်။ sphincter spasm ဖြစ်တာကို တားဆီးပေးတယ်။ နည်း ၂ နည်းရှိတယ်။
a) Posterior internal sphincterotomy ခွဲစိတ်နည်းနဲ့
b) Lateral subcutaneous internal sphincterotomy နည်းတွေဖြစ်တယ်။

Fissure-in-Ano (FIA) စအိုကွဲနာ ကုသနည်းများ အချုပ်
နာတာရှည်ဖြစ်နေသူတွေကို Nitroglycerine, Botulin toxin နည်းတွေနဲ့ Nifedipine နည်းတွေက ထိရောက်တယ်။ မေ့ဆေးနဲ့ ခွဲစိတ်စရာ မလိုဘူး။ ပြန်ဖြစ်တတ်သူတွေနဲ့ စောစောကနည်းတွေနဲ့ မရသူတွေကို Surgical manipulation ခွဲစိတ်နည်းလုပ်သင့်တယ်။ လူနာကို နည်းအမျိုးမျိုးတွေအကြောင်း၊ အလားအလာတွေပါ ရှင်းပြပြီး၊ လူနာကိုယ်တိုင် ကြိုက်တာကို ရွေးစေသင့်တယ်။

Dr. တင့်ဆွေ
၂၁-၄-၂ဝ၁၁

Wednesday, April 20, 2011

Q and A March 2011 (4)

1. အိပ်မပျော်တဲ့ရောဂါ ခံစား နေရတာ ၃ နှစ် ရှိပါပြီ
2. သားသ္မီး လိုချင်လို့ ဆေးမသုံးကာမှ သားသမီးရဖို့ ခက်ခဲနေပါတယ်
3. အဖြူဆင်းပြီး အနံ့နံလို့ OG နဲ့ ပြဘူးတယ်
4. ကလေးမွေးပြီးတာ ၄ လ ရှိပါပြီ
5. လူပျိုပါ၊ လက်ရှိဖြစ်နေတာက
6. မရိုမသေ ဆီးစပ်ခုံနားက အောင့်ပါတယ်
7. OK တံဆိပ် သားဆက်ခြားဆေးကြောင်း

Mar 7, 2011 at 8:34 PM
ကျွန်တော် အသက် ၂၅ နှစ် ရှိပါပြီ။ လက်ရှိ (့) မှာ အလုပ် လုပ်နေပါတယ်။ အိပ်မပျော်တဲ့ရောဂါ ခံစား နေရတာ ၃ နှစ် ရှိပါပြီ။ ၂ဝဝ၈ ခု ၄လပိုင်းလောက်ကနေ စဖြစ်တာပါ။ ဖြစ်တာက ကောင်မလေးက ထားခဲ့တာနဲ့ ခံစားပြီး၊ ညဘက် မအိပ်နိုင်ပဲ အတွေးလွန်တာကနေ စတာပါ။ အဲလိုခံစားတာ တော်တော်တော့ ကြာပါတယ်။ ဒါပေမယ့် လပိုင်းလောက်ပါပဲ။ အခု သူနဲ့ ပတ်သက်တဲ့ ခံစားတာတွေ တွေးတာတွေလည်း မရှိပဲနဲ့ အိပ်မပျော်တဲ့ရောဂါ ဖြစ်နေပါတယ်။ ဖြစ်ခါစ မြန်မာနိုင်ငံ မှာတုန်းက ဦးနှောက်နဲ့အာရုံကြော အထူးကုတွေနဲ့ ပြပါတယ်။ ဦးနှောက် အိပ်ပျော်စေတဲ့ ဟော်မုန်း မထွက်တာ ပြောပါတယ်။ မယ်လ်တိုနင်။ ထရွတ်တာ။ စီဒေးဆေးတွေ သောက်ခိုင်းလို့ ၆ လ ၇ လ လောက် သောက်ခဲ့ပါတယ်။ ၂ဝဝ၉ ကပါ။ ဆေးစွဲမှာ စိုးလို့ ကျွန်တော် ဆက်မသောက်ပဲ ကိုယ့်သဘောနဲ့ကိုယ် ဖြတ်လိုက်ပါတယ်။ မြန်မာဆေးကတော့ ကောင်းတယ် ထင်သမျှ အကုန် သောက်ခဲ့ပါတယ်။ ဒီရောက်တော့လည်း တရုတ်ဆေးအချို့ သောက်ကြည့်ပါတယ်။ မထူးခြားပါဘူး။ ခန္ဓာကိုယ် ပင်ပန်းအောင် အားကစား လုပ်လည်း မရဘူး။ စိတ်က ဘယ်လောက်ပဲ အိပ်ချင်ပေမယ့် အိပ်လို့မရဘူး။ အိပ်ယာထဲမှာ ၂ နာရီလောက် လိမ့်ပြီးမှ အိပ်ပျော်သလို ခံစားရပါတယ်။ ဘယ်လောက်နောက်ကျမှ အိပ်အိပ် အစောနိုးနေတာပဲ။ စအိပ်ဖို့လည်း ခက်သလို နိုးလာလို့ ပြန်အိပ်လို့လည်း မရပါဘူး။ အိပ်မပျော်ပဲ မိုးလင်းတဲ့ည တော်တော် များများ နေပါပြီ။ အဲရောဂါကို ကြောက်လည်း ကြောက်နေတယ် အမြန်ဆုံးလည်း ပျောက်ချင်ပါတယ်။ တစ်နေ့ကို ၄ နာရီလောက်ပဲ အိပ်ပျော်ပါတယ်။ ၄ နာရီ မပြည့်တဲ့ နေ့တွေလည်း ရှိပါတယ်။ ၆ နာရီလောက် အိပ်လို့ ရတဲ့နေ့ဆိုရင် နောက်နေ့ညမှာ အိပ်ပျော်တဲ့အချိန် နည်းသွားပြန်ပါတယ်။ ဒီရောဂါ မဖြစ်ခင် တစ်နေ့ကို အနည်းဆုံး ၉ နာရီလောက် အိပ်ပါတယ်။ အချိန် တော်တော် များများလည်း အိပ်ငိုက်ပါတယ်။ စာကျက်ရင်လည်း အိပ်တာပါပဲ။ ခေါင်းအုံးနဲ့ ခေါင်း ထိတာနဲ့ ၅ မိနစ်မကြာဘူး၊ တစ်ခါတည်း အိပ်တာ မနက် နိုးရင် ၉ နာရီ ၁ဝ နာရီပါပဲ။ အခု အဲလို အိပ်စက်ခြင်းမျိုး မရတာကြာပါပြီ။ အခု ခန္ဓာကိုယ်က အဆီများလာပြီး မျက်နှာက မျက်ကြောတွေ စိမ်းလာပါတယ်။ အချိန်ကြာလာလို့လား မသိပါဘူး။ကျွန်တော် မျက်လုံး ထိခိုက်မှာလည်း စိုးတယ်။ မှတ်ဥာဏ်နဲ့ ဦးနှောက်ကို ထိခိုက်မှာလည်းစိုးတယ်။ စိတ်က ဘယ်လောက်ပဲ အချိန်ပေး အိပ်အိပ် ခန္ဓာကိုယ်က သူအိပ်ချင်ရင် အိပ်မအိပ်ချင် မအိပ်ဖြစ်နေတယ်။ စိတ်နဲ့ကိုယ်နဲ့က တစ်ထပ်တည်း မကျဖြစ်နေတယ်။ အိပ်မပျော်တဲ့နေ့ အိပ်ချိန် ၃ နာရီ လောက် ဖြစ်တဲ့ နေ့တွေဆို ခေါင်းနောက်တယ်။ စိတ်လည်း မလန်းဆန်း အလုပ်လုပ်ရင် ခေါင်းတွေ ထူပူနေပါတယ်။ အိပ်ယာဝင် နွားနို့ သောက်လည်း မရ။ ရေနွေးနဲ့ရေချိုးလည်း မရ။

အထူးကုဆရာဝန်နဲ့ ပြထားတာ ကောင်းပါတယ်။ သူညွှန်တာ ရပ်လိုက်တာတော့ သိပ်မကောင်းပါ။ ထိခိုက်လာမှာတွေ အတွက် စိုးရိမ်တတ်တာ ကောင်းပါတယ်။ စိုးရိမ်တာတွေ ဖြစ်မလာအောင် လုပ်မှသာ ပညာရှိရာ ကျပါမယ်။ ရောဂါ ဝေဒနာတွေဟာ အလိုလိုပျောက်တာရှိတယ်။ ရိုးရိုးဆရာဝန်နဲ့ ပျောက်တယ်။ အထူးကုနဲ့မှ ပျောက်တယ်။ တချို့ ဆရာဝန်က သက်သာယုံသာ တတ်နိုင်တာတွေ ရှိတယ်။ အခုရောဂါကို သေခြာကျနကုသရင် ကောင်းမှာပါ။
“Sleeping မအိပ်ဘဲနေ အသက်မရှည်” ကိုလဲ ဖတ်ပါ။

2011/3/10
Q 6: ကျွန်တော်တို့ ဇနီးမောင်နှံ စီးပွားရေးကြောင့် (့) မှာ ခတ္တခဏရောက်နေပါတယ်။ အိမ်ထောင်သက်က ၁ဝ ကျော်ပါပြီ။ အိမ်ထောင်ပြုစက သုံးလခံ ခရမ်းပြာ ဒီပိုဆေးကို (၄) ကြိမ်ထက်မနည်း သုံးဖြစ်ပါတယ်။ နောက် အမှန်တကယ် သားသ္မီး လိုချင်လို့ ဆေးမသုံးကာမှ သားသမီးရဖို့ ခက်ခဲနေပါတယ်။ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့လည်း ပြကြည့်ပါတယ်။ ကျွန်တော်ကို တစ်ကြိမ်တည်းစစ်ပြီး ကောင်းတယ်ပြောပါတယ်။ ဇနီးကိုတော့ ဓမ္မတာတာလာပြီး ဒုတိယရက်နဲ့ (၁၁) မြောက်နေ့တွေမှာ အန်ထရာဆောင်းနဲ့ တစ်လနှစ်ကြိမ် သေချာစစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက် ဓါတ်ပုံပါ ပေးပါတယ်။ ဒုတိယနေ့ စစ်ဆေးတဲ့အခါတိုင်း စားဆေး(၅)ရက်စာ ပေးပါတယ်။ (၁၁)ရက်နေ့မှာ သားမျိုးဥ ကြွေ/မကြွေ စစ်ဆေးပါတယ်။ (၁၁) ရက်မြောက်ကစပြီး တစ်ပတ်ကြိုးစားဖို့ ပြောပါတယ်။ ဆရာဝန်နဲ့ ဒီလိုစစ်ဆေးလာတာ (ဂ)လ ကျော်လာပါပြီ။ ညွှန်ကြားသလို လိုက်နာပြီး ကြိုးစားပေးမယ့် ထူးခြားမှု မရှိခဲ့ပါဘူး။ ဒီလိုနဲ့ ဆရာဝန် မပြတော့တာ (၅)လကျော်လာပါပြီ။ ဒီတစ်လမှာ ဇနီးသည်က လေတွေ ခဏခဏအန်နေတော့ စိတ်ထဲလှုပ်ရှာမှု ဖြစ်မိပါတယ်။ ရေသောက်လို့လည်းမရ အစာလည်း စားမရပါ။ ရက်တွက်ကြည့်တော့ ဓမ္မာတာလာပြီးတာ (၃)ပတ်တည်း ရှိပါသေးတယ်။ စိတ်လှုပ်ရှာတာနဲ့ သူမနက်အိပ်ယာထ ဆီးယူပြီး စစ်ဆေးကြည့်တာ အဖြေက မလှဘူး။ အကြံဥာဏ်ပေးပါအုံး။

ကလေးရဘို့ဆိုတာ ခက်တဲ့သူတွေမှာ တကယ်ခက်ပါတယ်။
ခေတ်နည်းတွေပေါ်တာတော့ ဟုတ်ပါတယ်။ လူတိုင်းကို မရနိုင်သေးပါ။
ကျွန်တော်ရေးတဲ့ စာ ၂ ပုဒ်လုံး ဖတ်ဖြစ်မယ် ထင်ပါတယ်။ ရှာမတွေ့ရင် ပြောပါ။
စိတ်မကျပါနဲ့။ ဆက်ကြိုးစားနေပါ။
သုံးဘူးတဲ့ ဆေးအရှိန်က ကြာလေ ပျောက်သွားလေ ဖြစ်ပါတယ်။
မျိုးဥထွက်မဲ့ရက်တွေမှာ အတူနေပါ။
စာထဲကရေးတာမှာ သိခြင်တာ၊ အခက်အခဲလို့ ထင်တာရှိရင် ပြောပါ။
ကျန်းမာ-ချမ်းသာကြပါစေ။ သားသမီး ရတနာများ ထွန်းကာပါစေ။

Fri 3/11/2011 11:44 AM
သမီး အသက်က (၂၉)ပါ။ အိမ်ထောင်ကျတာ ၅ နှစ်ဝန်းကျင်ရှိပါပြီ။ ကလေးလည်းရှိပါတယ်။ သားအိမ်ထဲမှာ သားဆက်ခြားတဲ့ ပစ္စည်းထဲ့တားပါတယ်။ ဆက်ဆံတဲ့အခါ လျှာရော လက်ရော သုံးရင် ဘာဆိုးကျိုးရှိနိုင်ပါသလဲ။ တစ်ခါက အဖြူဆင်းပြီး အနံ့နံလို့ OG နဲ့ ပြဘူးတယ်၊ ဆေးနာမည်တွေတော့ မမှတ်မိတော့ဘူး ဆေးသောက်ပြီး ကတည်းကတော့ တပ်မဖြစ်တော့ပါဘူး။ ဆက်ဆံပြီးတိုင်း သုတ်ရည်ပြန်ထွက်တာတွေကလည်း တအားများတယ်။ အနံ့နည်းနည်းရှိတယ်။ ဘာဖြစ်လိုများလဲ သိချင်ပါတယ်။ ရာသီလာတဲ့အခါလည်း Tampon သုံးပါတယ်။ Public hair လဲ အမြဲရိတ်ဖြစ်ပါတယ်။ ကောင်း မကောင်း သိချင်ပါတယ်။ ကလေး မွေးပြီး တစ်လလောက်ကတည်းက မိခင်နို့မစို့လို့ နို့ခမ်းဆေး သောက်လိုက်ပါတယ်။ အဲဒါကြောင့်လားမသိဘူး သမီး ရင်သားက တအားပျော့နေပါတယ်။ တွဲကျတာတော့ မဟုတ်ပေမယ်။ ပျော့နေတော့ သိပ်မကောင်းဘူးပေါ့။ ဘယ်လို လုပ်ရမလဲ။ အရင်လို တင်းတင်းလေး ပြန်ဖြစ်ချင်လိုပါ။ နည်းကောင်းလေးရှိရင် အကြံပေးပါဦးနော်။

(အိုရယ်လ်) သုံးတဲ့ အကြောင်းရေးထားတာ ဖတ်ချင် ဖတ်ဘူးမှာပေါ့။ နှစ်ယောက်လုံးမှာ ဒီလမ်းကြောင်းက ကူးနိုင်တဲ့ ရောဂါ မရှိရင် စိုးရိမ်စရာ မများပါ။ ပုံမှန် သန့်ရှင်းရေးသာ ဂရုစိုက်ပါ။
ပစ္စည်းထဲ့တားလဲ များသောအားဖြင့် ၅ နှစ်အထိ ထားနိုင်ပါတယ်။
အဖြူဆင်းတာလဲ ရေးထားပါတယ်။
ရင်သား အဲလိုဖြစ်တာကို ပြန်တင်းဘို့ သိပ်တော့မလွယ်ပါ။ နောက်ကိုယ်ဝန်ရမှသာ ပြန်တင်းနိုင်တယ်။ ဒါပေမဲ့ ထောက်ကူနိုင်တာလဲ ရှိပါတယ် ဒါကိုလဲ ရေးထားတယ်။
သုတ်ရည် ပြန်ထွက်တာလဲ ရေးထားတယ်။ သုတ်ရည်ထွက်တာက ကလေး မရမှာကိုသာ ဖြစ်စေစေနိုင်ပါတယ်။ အနံ့နဲနဲက ပုံမှန်ပါ။ ယားတာ၊ နာတာ၊ အနာပေါက်တာ၊ ဆီးအောင့်အတွက်သာ ဆေးလိုပါမယ်။
ဖတ်ချင်တာ ရှာမတွေ့ရင်တော့ ပြောပါ။ တိုက်ရိုက် ပို့ပေးပါမယ်။

2011/3/14
ဆရာရှင့် သမီးဒီနေ့ ဆေးစစ်ကြည့်တာ သွေးစစ်တဲ့အဖြေက ဒါတွေရပါတယ်။ ဆရာဝန်နဲ့တော့ မတွေ့ရသေးပါဘူး။ Lab က အဖြေကို အွန်လိုင်းက ပို့ပေးထာတာပါ။ အဲဒါတွေက ဘာတွေလဲဆိုတာ သိချင်လို့ပါရှင်။ ကလေးမွေးပြီးတာ ၄ လ ရှိပါပြီ။ ၄၅ ရက် ပြည့်တုန်းက (ORTHO MICRONOR TABLETS 28'S) ကို ၁၅ လုံးပဲ သောက်ပါတယ်။ နောက် ဆတ်မသောက်တော့ပါဘူး။ နောက် ၄ ရက် လောက်နေတော့ ရာသီလာပါတယ်။ ရက်က (၁၅၊ ၁၊ ၂ဝ၁၁) ပါ။ အဲဒါ နောက်ဆုံးလာပြီး ခုထိမလာတော့သေးဘူး။ ကိုယ့်ဖာသာ Urine Pregnancy test စမ်းကြည့်တာလဲ Negative ပဲပြပါတယ်။ ဘာလို့ ရာသီမလာတာလဲ သိချင်လို့ပါ။ ကိုယ်ဝန်ရှိနိုင်ပါသလား။ အမျိုးသားနဲ့ အတူတူနေတော့ ကွန်ဒုံး သုံးပါတယ်။ တခါတလေ အရည် အပြင်ထုတ်ပါတယ်။ သမီးအသက်က ၂၇နှစ်ပါ။

သွေးစစ်တာ အားလုံးကောင်းပါတယ်။ ဆေးကို ရပ်လိုက်ရင် သွေးပြန်ဆင်းတယ်။ ရာသီပြန်လာပါလိမ့်မယ်။ ကလေး ခြားချင်သေးရင် တားနည်းကို အဆင်ပြေဆုံးနည်း တခုခုသုံးပါ။

Ortho Micronor ဆေးက (ပရိုဂျက်စတီရုန်း) ဟော်မုန်း တမျိုးထဲပါတဲ့ ကိုယ်ဝန်တား စားဆေးဖြစ်တယ်။ ဆေး ၁ ပြားမှာ 0.35 mg Norethindrone ပါတယ်။ မျိုးဥ မထွက်စေဘူး၊ သားအိမ်အဝထဲက အချွဲကို စေးပျစ်စေတယ်၊ သားအိမ် အတွင်းလွှာကို ပါးစေတယ်။ အစာနဲ့ နီးနီးဝေးဝေး သောက်နိုင်တယ်။ ရာသီ စလာတဲ့နေ့က စသောက်ရမယ်။ နေ့တိုင်း အချိန်မှန် သောက်သင့်တယ်။ ဆေးတကပ်နဲ့ နောက်တကပ်ကြား ရက်မခြားစေနဲ့။ ၉၅% ကနေ ၉၉့၅% အထိ စိတ်ချရတယ်။ ကလေး နို့တိုက်နေသူတွေ သောက်သင့်တယ်။

2011/3/13
ကျွန်တော့် အသက်က လက်ရှိ ၃ဝ ထဲမှာပါ။ အသက် ၂ဝ လောက်မှာ ငှက်ဖျားရောဂါဖြစ်ဘူးပါတယ်။ ကွီနင်းတွေ သောက်ရပါတယ်။ ဆေးရုံလဲတတ်ဘူးတယ်။ ခု လက်ရှိက (့) မှာ နေပါတယ်။ လူပျိုပါ၊ လက်ရှိဖြစ်နေတာက
(၁) ဝမ်းချုပ်ပါတယ်။ အမြဲ တမ်းလိုလိုပါပဲ။ အသက် ၂၄ လောက်က စပြီးပေါ့။
(၂) ဆီး ခဏခဏ သွားတယ်။ ညဘက်ဆိုရင် အနည်းဆုံး၎ခါ လောက်သွားရတယ်။ မိုးအေးတဲ့ ညဆိုရင် ၇ ခါလောက်ကို သွားရတယ်။ ရေကိုမသောက်ရဲအောင်ပဲ။
(၃) အရက် ဘီယာသောက်ရင် ခြေဖမိုးတွေယားပြီး ယောင်လာတယ်။ ဖိကြည့်ရင် ပိန်သွားတယ်။ ခုမသောက်တော့ပါ။
ရိုးရိုးရေ သောက်နေရင် ဆီးနီချင်နီပေမဲ့ အရက် သောက်ပြီးရင်တော့ ဆီး လုံးဝကိုဖြူတယ်။
(၄) ဆီးကျောက်တည်ဘူးပါတယ်။ ခွဲတော့မခွဲရပါဘူး။ ဒုတိယအခေါက်ကျတော့ ဆေးစားလိုက်တော့ ကောင်းသွားပါတယ်။ ၂ ခါ ဖြစ်ဘူးတာပါ။
(၅) နှုတ်ခမ်းတွေ အမြဲ ခြောက်နေတယ်။ ရေများများသောက်ကြည့်တော့လဲ ဆီးခဏခဏသွားတာပဲရှိတယ်။ ထူးမလာပါဘူး။ အလုပ်က ချွေးထွက်နဲတယ်။ ထွက်ကိုမထွက်တာပါ။ ကျွန်တော့ဆီက ဘယ်တုံးကမှ ချွေးနံ့ မနံဘူးဘူး။ (၆) လူတော်တော် ပိန်တယ်။ သူငယ်ချင်းတွေနဲ့တွေ့ရင် ပိန်သွားတယ်လို့ပဲ အမြဲပြောခံရပါတယ်။

ဆီးချို စစ်ပါ။ ရှိရင် ဆေးကုပါ။
သွေးတိုးစစ်ပါ။ ရှိရင် ဆေးကုပါ။
အငန်လျှော့စားပါ။
ကိုယ်အလေးချိန် တိုးချင်ရင် သကြားဓါတ် (ကဇီဓါတ်၊ အချို) များများစားရတယ်။ ဆီချိုမရှိမှသာ စားရမယ်။
ဆေးစစ်ပြီးနောက် လိုသေးတာ မေးပါ။

2011/3/13
သမီး သူငယ်ချင်းမှာ သားအိမ်ခြစ်ထားရတာ ဆရာ့ကိုတစ်ခါ စာရေးမေးမြန်းဘူးပါတယ်။ သူတဖြည်းဖြည်းနဲ့ သက်သာပါတယ်။ အတော်ကိုနေကောင်းနေပါပြီ။ ဒါပေမယ့် ဒီနေ့မနက် သူက ခြံထဲက ရေကန်ကျင်းတာကို သွားပြီး ကူလုပ်တာ ရေပုံးတွေ အခေါက်တော်တော်များများ သွားကူဆွဲလိုက်တယ်ပြောပါတယ်။ အဲ့ဒီနောက်ပိုင်း မရိုမသေ ဆီးစပ်ခုံနားက အောင့်ပါတယ်။ သမီးတို့ ဆေးခန်းကို ဒီတစ်ရက်နှစ်ရက်အတွင်း ပြန်သွားပြပါမယ်။ မသက်သာရင်ပေါ့။ စိုးရိမ်ရပါသလားဆရာ။ သားအိမ်တွေ ဘာတွေ လျောကျတတ်ပါသလား။ သူ့ကို ဒီနောက်ပိုင်းလုံးဝ ဂရုတစ်စိုက်နေဖို့ မှာထားရပါတယ်။ သမီးသူငယ်ချင်းအတွက် တအားစိုးရိမ်နေလို့ပါ။ ရှင်းပြပေးပါအုံး။ သားအိမ်လျောပြီး နောက်နောင် ကလေး မရမှာ တအားကြောက်နေပါတယ်။ သူလည်း ရှောင်ရန် ဆောင်ရန်များကို ရှင်းပြပေးပါ။ ဆီးစပ်နားက အောင့်တာက တစ်ခါတစ်ခါ ထိုး အောင့်တယ်။ ကျန်တဲ့အချိန် နည်းနည်း နာနေတယ်။ အဲ့လိုဖြစ်တာပါ ဆရာ။

ဆီးစပ်နေရာ နာ-အောင့်တာက ဆီးအိမ် နဲ့ မွေးလမ်း တခုခုဖြစ်တာ ဖြစ်နိုင်တယ်။ ဆီးအောင့်တာ၊ ရာသီ၊ သာပျက်၊ သားအိမ်ရောင် စတာတွေ။ ဖြစ်တာတခုစီမှာ တခြားခံစားရတာတွေနဲ့တွဲနေလိမ့်မယ်။ ဒါတွေမသိရဘဲ ရောဂါကို မှန်းပြောလို့ မရပါ။

သားအိမ်ကျမှာ စိုးသူတွေ အခုပို့တဲ့စာကို ဖတ်စေပါ။ လိုက်နာစေပါ။ လိုသေးတော့ မေးပေါ့။

“Pelvic floor exercises အမျိုးသမီးတိုင်းအတွက် လေ့ကျင့်ခန်း” ကို ဖတ်ပြီး လုပ်စေပါ။

2011/3/13
အခု မြန်မာပြည်မှာ ရောင်းချနေတဲ့ OK တံဆိပ် သားဆက်ခြားဆေးကြောင်းလေး သိချင်လို့။ သုံးစွဲပုံနည်းလေးလည်း သိချင်လို့ပါ။ ဆရာရဲ့ဘောလော့မှာရေးသားထားတဲ့ သားဆက်ခြားဆေးနည်းတွေက ရာသီလာပြီး ၅ ရက်ကနေ ဆေးကို သောက်သုံးရပြီး 0k တံဆိပ်မှာတော့ ရာသီလာလာခြင်း သုံးစွဲခိုင်းပါတယ်။ အဲဒီဆေးကို ဘာကြောင့် အဲဒီလိုသုံးစွဲရလဲဆိုတဲ့ ခြားနားချက်လေးသိချင်လို့ပါ။ နောက်ပြီး 0k တံဆိပ်ဆေးကို ရာသီလာပြီး ၅ ရက် အကြာမှာရော သုံးစွဲလို့ မရဘူးလား။ တကယ်လို့ ၅ ရက်အကြာမှာ သုံးစွဲရင် ဘယ်လိုသုံးစွဲလို့ရလဲ ဆိုတာလေး သိချင်လို့ပါ။

OK ထဲမှာ ဘာပါသလဲတော့ မသိပါ။ မှန်ပါတယ်။ လဆက်သောက်သူတွေဟာ ဒီဆေးမျိုးကို ရာသီ စလာတဲ့နေ့ကနေ စပြီးသောက်ရပါတယ်။ နောက်ကျရင် စိတ်မချရတဲ့ % ပိုနိုင်တယ်။ ဒီဆေးမျိုးကို ပဌမဆုံး သောက်သူတွေက ရာသီလာပြီး ၅ ရက်အထိ မသောက်ဘဲနေပေမဲ့ ကလေးမရနိုင်သေးတဲ့ ရက်တွေ ဖြစ်နေလို့ ပြောတာသာ ဖြစ်ပါတယ်။

Friday, April 15, 2011

Perforated eardrum နားစည်ပေါက်ခြင်း

Apr 15, 2011 at 11:45 AM
ကျွန်တော်က ယခု (့) တွင် အလုပ် လုပ်နေပါတယ်။ (၁၃-၃-၂ဝ၁၁) ကစပြီး နားကိုက်နေပါသည်။ ပထမခံစားရတဲ့ နေ့က နားထဲက ယားလို့ နားကြပ်တံနှင့် ကြပ်ကြည့်ရာ နားထဲတွင် သွေးများ ရှိနေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် General Hospital သို့ သွားပြရာ နားအကြား အာရုံစစ်ဆေးခြင်း၊ နားစည်အတွင်းသို့ ကင်မရာနှင့် ကြည့်စစ်ဆေးပေးရာ နားစည် နှစ်ဖက်လုံး ပေါက်နေကြောင်း ပြပါသည်။ ယခု CILOXAN 5 ml Alcon ဆေးရည် ၄ ဗူး ပေးလိုက်ပါသည်။ တနေ့ ၃ ကြိမ်၊ တခါထည့် ၃ စက်၊ ၂ ပတ် ထည့်ရမည်လို့ ပြောပါသည်။ နောက် ၃ လ ကြာပြီး ပြန်လာပြရမည်လို့ မှာလိုက်ပါသည်။ ထို့ကြောင့် နားစည်ပေါက်လျှင် ကုလို့ရပါသလား၊ ဘယ်အရွယ်တွင် အကြားအာရုံကို ထိခိုက်လာနိုင်မလဲ။ ယခုတော့ ကြားနေရပါသည်။ အသက်ကြီးလာရင် အခက်တွေ့နိုင်ပါသလား။ လိုအပ်ရင် ကြည့်ရှူစစ်နေဆေးနိုင်ရန် ဆေးရုံမှ ရိုက်ပေးလိုက်သော နားစည် အတွင်းပိုင်း ဓါတ်ပုံပါ ပူးတွဲပို့လိုက်ပါသည်။ ကုလို့ ရပါ့မလား။ Age 33, Male

နားကို ခန္ဓာဗေဒအရ အပိုင်း ၃ ပိုင်းခွဲထားတယ်။ Eardrum (Tympanic membrane) နားစည် နောက်မှာ လေနဲ့ ပြည့်နေတဲ့ Middle ear နားအလည်ပိုင်း ရှိတယ်။ နှာခေါင်းနဲ့ နားအလည်ပိုင်းက Eustachian tube ဆိုတဲ့ လမ်းကြောင်း (ပြွန်) နဲ့ ဆက်နေတယ်။ နားထဲကလေဟာ အဲဒီလမ်း ကနေ ပြန်ထွက်တယ်။

နားစည်က အလုပ် ၂ မျိုး လုပ်ပေးနေတယ်။
1. Hearing အသံလှိုင်းက လာရိုက်ခတ်ရင် အာရုံကြောကတဆင့် အသံကြားရတယ်။
2. Protection အလည်နားပိုင်းကို အပြင်လောကကနေ အကာကွယ် ပေးထားတယ်။

နားစည် ဘာလို့ ပေါက်ရသလဲ -
• Middle ear infection (Otitis media) နားအလည်ပိုင်းပိုးဝင်တာကနေ ထွက်တဲ့အရည်ရဲ့ဖိအားကြောင့် နားစည်ပေါက်ရတယ်။
• Barotrauma နားစည်ရဲ့ အတွင်းပိုင်းနဲ့ အပြင်ဘက်မှာ Air pressure လေဖိအား သိပ်ခြားနာတဲ့အခါမှာ ဖြစ်တယ်။ Airplane ear လို့ ခေါ်ကြတယ်။ Scuba diving လုပ်ရင်လဲ ဖြစ်တတ်တယ်။
• Acoustic trauma သေနတ်သံလို၊ Explosion ပေါက်ကွဲသံ၊ Loud noise ကျယ်လွန်းတဲ့အသံကြောင့် ဖြစ်တယ်။
• Foreign objects နားထဲကို အပြင်ပစ္စည်း တခုခုဝင်ရာကနေ ဖြစ်တယ်။
• Severe head trauma ခေါင်းကို အပြင်းအထံခိုက်မိရာကနေ ဖြစ်တယ်။
• သိပ်အေးလွန်းတဲ့ ဥတုကြောင့်လဲ အအေးမိရာကနေ ဖြစ်စေနိုင်သေးတယ်။

နားစည် ပေါက်နေရင် -
• Consistent ear pain that stops suddenly နားက နာနေမယ်။ နောက် ရုတ်တရက် နာတာပျောက်သွားတယ်။
• Clear, pus-filled or bloody drainage from your ear နားကနေ အရည်-ပြည်-သွေးထွက်မယ်။
• Hearing loss နားအကြား ထိခိုက်မယ်။
• Ringing (Tinnitus) နားထဲ ဆူညံသံတွေ ကြားနေရမယ်။
• Spinning sensation (Vertigo) ခေါင်း ပတ်ခြာလည်မူးမယ်။
• Nausea or vomiting မူးရာကနေ ပျို့-အန်ချင်မယ်။

Complications ဆက်တွဲခံစားရမှာတွေကတော့ -
1. Hearing loss နားမကြားတာ၊
2. Middle ear infection (Otitis media) နားအလည်ပိုင်း ရောင်ရမ်းတာ၊
3. Middle ear cyst (Cholesteatoma) နားအလည်ပိုင်းအိတ် ဖြစ်လာတာ၊

တချို့မှာ ခွဲစရာမလိုဘဲ အပေါက်က ပိတ်ပြီး ပျောက်သွားမယ်။ ပျောက်ဘို့ ရက်သတ္တပါတ် နဲနဲကနေ လနဲနဲအထိ ကြာနိုင်တယ်။ Ear drops နားထည့်ဆေးတိုင်း နားစည်ပေါက်သူနဲ့ မတည့်ပါ။ နားအထူးကု-ဆရာဝန် ညွှန်တာ သုံးပါ။ CILOXAN Eye Drop မှာ Ciprofloxacin hydrochloride ပါတယ်။ ပိုးတွေကို နိုင်တဲ့ဆေးဖြစ်တယ်။ နာတာရှည် ပိုးဝင်နေရင် ရေချိုး-ရေကူးတိုင်း နားကို Ear plug ဆို့စရာ တပ်ရတတ်မယ်။

၆-၈ ပါတ်နဲ့ မပျောက်ရင် ခွဲစိတ်ဘို့ လိုနိုင်တယ်။ Paper patch တခုခုနဲ့ ဖါထေးတာရယ် Tympanoplasty ခွဲစိတ် ပြုပြင်နည်းရယ် ရှိတယ်။ ကံမကောင်း ရင်တော့ နှစ်တွေ ကြာနိုင်တယ်။ တချို့ကြ ပြန်မရတတ်ဘူး။ Tympanoplasty ခွဲစိတ်ကုသတာက ၈၅-၉ဝ% အောင်မြင်တယ်။ တချို့မှာ နောက်တခါ ထပ်ခွဲရတတ်တယ်။

• Ear infections (1) နားပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/04/ear-infection.html
• Ear Infections (2) နားပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.in/2012/06/ear-infections.html

Dr. တင့်ဆွေ
၁၅-၄-၂ဝ၁၁

Thursday, April 14, 2011

Q and A April 2011 (4)

1. ကြာဆူးလိုမျိုး အနာကရော ကူးစက်တက်တဲ့ အနာမျိုးလား
2. ကွေးလို့ ဆန်လို့ ရှိရင်လဲ အရမ်းနာပါတယ်
3. ဆရာတို့ ဆေးခန်းတွင် ခွဲပေးပါသလား
4. ကိုယ်ဝန်ဆောင်စမှာ ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါလားရှင့်
5. မျက်စိ ကောင်းအောင် ဘယ်ဆေးတွေ၊ နည်းလမ်းတွေရှိပါသလဲ
6. သမီးလေးကို ဆန်မှုန့် ကျွေးဖို့ အကြံပေးကြလို့ပါ

2011/4/10
Q 1: ဆရာပြောသလိုပဲ အရေပြားကကြမ်းပြီး အဖုအသီးလေးတွေ ရှိတယ်ဆိုတာ ဟုတ်ပါတယ်။ အခု ကျွန်တော် တခါတည်း ဓါတ်ပုံထည့်ပေးလိုက်ပါတယ်။ ကောင်မလေးရဲ့ အသက်ကတော့(၂၅) ရှိပါပြီ။ အခုအနာကလည်း ပေါင်အပြင်မှာပဲ။ အစက်ကလေး သုံးစက်ပဲရှိတာ အစကတော့ (၅) စက် ပျောက်လိုက် ပေါ်လိုက်နဲ့။ ဖြစ်တာကတော့ (၂) ပတ် ရှိသွားပြီ။ နီးနီးကပ်ကပ်နေခွင့်မရတော့ သူပြောသလောက်ပဲ ပြောပြနိုင်လို့ပါ။ အဲလို ကြာဆူးလိုမျိုး အနာကရော ကူးစက်တက်တဲ့ အနာမျိုးလား။ လိမ်းရမယ့်ဆေးလေး ပြောပြပေးပါအုံး။

နာမယ်အခေါ်ကို ခဏထားပြီး ပျောက်ဘို့သာ အရေးကြီးပါတယ်။ ဗက်တီးရီးယား ဝင်တဲ့ အရေပြားအနာမျိုးဖြစ်ဘို့ များပါတယ်။ ပိုးသေဆးသောက်ရပါမယ်။
Cloxacillin 500 mg + Ampicillin 500 mg တွဲထားတဲ့ဆေး တနေ့ ၂ ကြိမ်၊ ၅ ရက်သောက်ပါ။ Paracetamol တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်ကိုလဲ တွဲသောက်ပါ။
လိမ်းဆေးကတော့ အနာဝလိုပေါ်မှာသာ ပိုးသေဆေး တခုခု လိမ်းပါ။ ဥပမာ Povidone-iodine လိမ်းဆေး။ အပေါ်ယံ ခြောက်နေရင် မလိုပါ။
ယားရင် Citrizine ည အချိန် ၁ ပြားသောက်ပါ။ ပျောက်ပါလိမ့်မယ်။
ကြာဆူးဆိုတာမှန်ရင် ဗီတာမင် အေ နည်းလို့ဖြစ်တာ၊ မကူးပါ။
ဗက်တီးရီးယားကြောင့်ဆိုရင် ကူးတော့ ကူးနိုင်တယ်။ စိုးရိမ်စရာမရှိပါ။

2011/4/11
Q 2: သမီး လေ့ကျင်ခန်းမလုပ်တာ ကြာပါပြီ။ ကလေးမွေးထားတာလဲ ၅ လပဲ ရှိပါသေးတယ်။ ကိုယ်ဝန် မရှိခင်က ပေါင်ချိန်က ၁၃ဝ ပါ။ ကိုယ်ဝန်ရှိတော့ ၁၇ဝ ပါ။ ခု ၁၅ဝ ပါ။ ပေါင်ချိန်က ပြန်မကျပါဘူး။ အဲဒါကြောင့် ပြီးခဲ့တဲ့ တပတ်က ပန်းခြံမှာ သွားပြေးတာ နာရီဝတ်လောက် ကြာပါတယ်။ ပြီးတော့ ဒူးအောက်ပိုင်းကနေ ခြေဖျားထိ အရမ်းနာလာပါတယ်။ နောက်နေ့ ဆေးလိမ်းလိုက်တော့ ကျန်တာတွေ ကောင်းပြီး ဘယ်ဘက်ဒူးခေါင်းက နာလာပါတယ်။ မသက်သာဘူး။ ဆေးလိမ်းလဲ မရပါဘူး။ ကွေးလို့ ဆန်လို့ ရှိရင်လဲ အရမ်းနာပါတယ်။ လမ်းလဲမလျောက်နိုင်ပါဘူး။ တနေ့တနေ့ ပိုဆိုးလာပါတယ်။ ပထမ ဘယ်ဘက်ကနာပြီး ခုညာဘက်ကပါ နာလာပါတယ်။ လမ်းလျောက်လို့ မရပါဘူး။ ဒူးကရောင်နေသလိုမျိုး အရမ်းနာတာပါ။ စစ်စစ်နဲ့ ကိုက်တာပါ။ အဲဒါ ဘယ်လိုလုပ်ရပါမလဲ။ ဒဏ်ကြေဆေးလိမ်းတာလဲ မသက်သာပါဘူး။

လေ့ကျင့်ခန်း၊ အားကစား လုပ်ကာစမှာ အဲလိုနာပါမယ်။ ၃-၄-၅ ရက် ကြာတယ်။ လုပ်ကာစမှာ နဲနဲ ဖြေးဖြေးနဲ့ စရမယ်။ နာတာအတွက် စားဆေး၊ လိမ်းဆေး သုံးရနိုင်တယ်။ Painkiller တခုခုသောက်ပါ။
စိတ်မပျက်-စိတ်မလျှော့ပါနဲ့။
အားကစား-လေ့ကျင့်ခန်းက ကျန်းမာရေးလဲကောင်း၊ ကိုယ်အလေးချိန် လျှော့ဘို့လဲ အများကြီး အထောက်အကူပြုတာ မှန်ပါတယ်။ ဒါတခုထဲနဲ့တော့ မရသေးပါ။
အစားအသောက်မှာ အချိုဓါတ်နဲ့ အငန်လျှော့စားပါ။ လိုတဲ့ ကလိုရီ၊ စားတဲ့ ကလိုရီ ချိန်စားပါ။
မျိုးဗီဇ နဲ့ ဟော်မုန်း တန်ခိုးတွေလဲ ရှိသေးတယ်။ ကလေးဖွါးပြီးဖြစ်ရတာ ဟော်မုန်းကြောင့်ပါ။ ဒါပေမဲ့ ဟော်မုန်းဆေး မသောက်ပါနဲ့။
တယောက်မွေး တခါလေးလာသူတွေ ကလေး မများစေနဲ့။ ဖြစ်နိုင်ရင် ကလေးခြားပါ။ ကိုယ်ဝန်ခြား တားနည်း သတိကြီးပါ။ ဟော်မုန်းပါ တားဆေး ရွေးတတ်ပါ။
ဆက်လုပ်ပါ။ အားမလျှော့ပါနဲ့။ Weight loss ပိန်ချင်သလား ကိုလဲ ဖတ်ပါ။

2011/4/12
Q 3: ကျွန်မ၏ စအိုပေါက်နှင့် အမျိုးသမီး အင်္ဂါကြားတွင် အဖု မာမာလေး ဖြစ်နေပါသည်။ သတိထားမိသည်မှာ ၃ ပတ်ခန့် ရှိပါပြီ။ နာတော့ မနာပါ။ ဒါပေမယ့် အဖုက အနည်းငယ် မာပြီး ကြီးလာသည်ဟု ထင်မိပါသည်။ အဖု၏တနေရာတွင် ဝက်ခြံ ကဲ့သို့ အခေါင်းပေါက် သေးသေးလေး ဖြစ်နေပါသည်။ ဆရာရေးထားသော ဂရင်ဂျီနာ အကြောင်းကိုလည်း ဖတ်ပြီးပါပြီ။ ကျွန်မရဲ့ ရောဂါက ဂရင်ဂျီနာများလား။ ခွဲစိတ်ဖို့ အမြန်ဆုံးလိုအပ်ပါသလား။ ဆရာတို့ ဆေးခန်းတွင် ခွဲပေးပါသလား။ ကျွန်မ (့) မှာ နေပါတယ်။ အသက်က ၃ဝ နှစ်ပါ။ ဆရာ့ဆေးခန်းတွင် ခွဲပေးလျှင် ခွဲစိတ်နှုန်းထား၊ ခန်းမှန်းကုန်ကျငွေနှင့် အချိန် ဘယ်လောက်ယူရမည်ကို သိချင်ပါတယ်ရှင်။

ဖြစ်နိုင်ပါတယ်။ မသေခြာသေးပါ။
FIA ဆိုရင် အနာဖြစ်မယ်၊ မန်းရည်-ပြည် ထွက်မယ်။ ပျောက်မယ်၊ ပြန်ဖြစ်မယ်။ ပိုးသေဆေး အရင်သောက်ပါ။ Ampicillin + Cloxacillin 500 mg x 5 days, Paracetamol 1 tablet 2-3 times day, Vitamin C 1 tablet 2 times a day တွေ သောက်ပါ။
ခွဲစိတ်ပေးတာ ဆရာဝန်က အခမဲ့ပါ။ အလှူငွေသာ လက်ခံပါတယ်။ ဒါပေမဲ့ ဆရာက နယူးဒေလီမှာ နေရပါတယ်။ ဆောရီး။

2011/4/13
Q 4: အခုတလော အရမ်း မောလာတတ်တယ်။ အဲဒီလိုဖြစ်တာ Conception ဖြစ်ပြီးလောက်က စတယ်လို့ သတိထားမိပါတယ်။ စားရင်လဲ ရင်တွေတုန်လာတတ်ပါတယ်။ အဲဒါ ကိုယ်ဝန်ဆောင်စမှာ ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါလားရှင့်။ အစား အသောက်တော့ မပျက်ပါဘူးရှင့်။ ဒါမှမဟုတ် နှလုံးရောဂါ အစလားရှင့်။ ပင်ပင်ပန်းပန်း အလုပ်တော့မလုပ် ရပါဘူးရှင့်။

ကိုယ်ဝန်ဆောင်စမှာ ဖြစ်တာတွေက အမျိုးမျိုးရှိတယ်။ တူလဲ မတူကြဘူး။ ပြောပြတာတွေလဲ ပါပါတယ်။
နှလုံးရောဂါ ဆိုတာလဲ အမျိုးအစား များတယ်။ နှလုံးခုန်နှုန်း များ-မများ၊ အမောမခံနိုင်တာ၊ ဥပမာ တက်နေကြ လှေခါးတက်ရင် အရင်လိုမဟုတ်ဘဲ မောတာမျိုး။ နှလုံးရောဂါ မဖြစ်ဘို့ များပါတယ်။
သွေးအားနည်းသူတွေလဲ အဲလိုဖြစ်တတ်လို့ သံဓါတ်အားဆေး မမေ့ပါနဲ့။
ကိုယ်ဝန် ၂-၃ လ နောက် ပျောက်မှာပါ။

2011/4/10
Q 5: ကျနော်ဟာ စာသင်ခန်း နောက်ဆုံးတန်းမှာ ထိုင်မိရင် သူများတွေလို ကောင်းကောင်းမမြင်ဘူး ဖြစ်နေတယ်။ မျက်မှန်လဲ မတပ်ချင်ဘူး ဖြစ်နေတယ်။ တချို့က တပ်ပြီးရင် ပါဝါ တိုးတိုးနေရတယ်ပြောကြတယ်။ ဟုတ်ပါသလား။ ပြီးတော့ ကျနော့် ညီမဆိုလဲ ပါဝါ ၇ဝဝ လောက် တပ်ထားရတယ်။ မျက်စိ ကောင်းအောင် ဘယ်ဆေးတွေ၊ နည်းလမ်းတွေရှိပါသလဲ။

မျက်မှန်တပ်ဘို့လိုတဲ့ မျက်စိက မျက်မှန်သာတပ်ရပါမယ်။ ဆေးနဲ့ မရပါ။ ဗီတာမင် အေ ဆိုတာကလဲ ကြက်မျက်သင့်တာကိုသာ ကောင်းစေပါတယ်။
Computer Eye Strain ကွန်ပြူတာနဲ့ မျက်စိ ကို ဖတ်ပါ။

2011/4/10
Q 6: ကျမသမီးလေးကို (ထမင်း) ဆန်မှုန့် ကျွေးဖို့ အကြံပေးကြလို့ပါ။၂ လပဲ ရှိသေးလို့ ကျမကတော့ ကျွေးဖို့ စောသေးလားလို့ မကျွေးသေးပါဘူးဆရာ။ တချို့ကလည်း ဆန်မှုန့်ကျွေးတာ ကလေး ကောင်းကောင်းအိပ်တယ်လို့ ပြောကြပြန်ရော။ အဲဒါ ကျွေးသင့်-မကျွေးသင့် ရှင်းပြပါအုံးရှင့်။

ကလေးဟာ မိခင်နို့ ကောင်းကောင်း၊ ပုံမှန်၊ ထွက်-စို့နေရင် ၆ လ အထိ ဖြည့်စွက်စာ မလိုပါ။ အားဆေး ဆိုတာလဲ မလိုပါ။ မိခင်နို့ထွက် နည်းရင် ဖြည့်စွက်စာ လိုတယ်။ ပုံမှန်ဆိုရင် ၄ လ အထိ ဘာမှ မလိုပါ။ ရေ တိုက်ပါ။ မိခင် ရေတခွက်သောက်ရင် ကလေးကို ရေတခါ တိုက်ပါ။

Wednesday, April 13, 2011

Snoring အိပ်ဟောက်ခြင်း

14 Mar 11, 15:19
Can I have a link for snoring problem?
2011/4/9
ကျနော် အသက်က ၂၇ထဲ ရောက်ပါပြီ။ ကိုယ်အလေးချိန် ၇၃ ကီလို ရှိပါတယ်။ (့) မှာ ကျောင်းတက်နေပါတယ်။ ဒီမှာ ဆောင်းရာသီဆိုရင် အပူချိန်က -23 လောက်ရောက်ပြီး နွေဆိုရင်တော့ +20 လောက် ရောက်ပါတယ်။ ခဏခဏ နှာစေး၊ အအေးမိတတ်ပါတယ်။ နှာခေါင်းက အမြဲလိုလို ပိတ်နေပါတယ်။ ငယ်ကတည်းကပါ။ နှာခေါင်းပိတ်တတ်လို့ နှာမှုတ်သလို ခဏခဏ လုပ်ရပါတယ်။ နှာစေးတဲ့အခါ ပိုလုပ်ရပါတယ်။ အသက်ရှူတဲ့အခါ ပါးစပ်က ကူရပါတယ်။ တဘက်စောင်း အိပ်ရပါတယ်။ ပက်လက် အိပ်ရင် ပါးစပ်ကဘဲ အသက်ရှူရပါတယ်။ အိပ်ယာထချိန် ဖုန်၊ အမှုန်များ ပါးစပ်ထဲမှာ ဝင်နေပါတယ်။ အာသီးခဏခဏ ယောင်ပါတယ်။ လည်ချောင်း ခဏခဏကွဲပါတယ်။ ကိုယ်အလေးချိန် နဲနဲတက်လာတဲ့ အရွယ်ရောက်တော့ အိပ်ဟောက်လာပါတယ်။

တော်တော်ကျယ်ပါတယ်။ တစ်ခါတစ်လေ လန့်နိုးပါတယ်။ အဆောင်မှာ နေတာ ဖြစ်တဲ့အတွက် အခန်းဖော် ရှိပါတယ်။ သူ့အတွက်လဲ အနှောင့်အယှက် ဖြစ်ပါတယ်။ အားနာလို့ ကောင်းကောင်း အိပ်ရတယ် မရှိပါ။ တစ်နေရာကို သွားတဲ့အခါ အိပ်ဟောက်တဲ့အတွက် အိပ်ရတာ အဆင်မပြေပါ။ ဒီလိုသာ အိပ်ဟောက်နေမယ်ဆို ကျနော့် ဇနီးဖြစ်လာမယ့် အမျိုးသမီးအတွက်တော့ ရင်လေးစရာပါ။ လူမှုပတ်ဝန်းကျင်ကို ထိခိုက်ပါတယ်။ ပေါင်းသင်း ဆက်ဆံရေးကိုလဲ ထိခိုက်ပါတယ်။ အဓိက ကျန်းမာရေးပြဿနာလဲ ဖြစ်လာပါတယ်။ ဘာကြောင့် နှာခေါင်းပိတ်တာပါလဲ။ လေပြွန်ပိတ်တာလား။ အဆုပ်ကြောင့်ဘဲလား။ ဘယ်လို ကုသမှုတွေ လုပ်သင့်လဲ။ ဘယ်လို နေထိုင် ဂရုစိုက်ရမလဲ။

Snoring အိပ်ပျော်နေရင် ဟောက်သံထွက်တာဟာ အသက်ရှူရာမှာသုံးရတဲ့ အရာတွေ တုန်ခါလို့ ဖြစ်တာပါ။ ဝင်ရတဲ့လေကို ဆို့နေတာမို့ ဖြစ်ပါတယ်။ တိုးတိုးကနေ နားကြားမခံနိုင်လောက်အောင်အထိ ကျယ်လောင်တတ်တယ်။ Uvula (ယူဗြူလာ) ဆိုတာနဲ့ Soft palate အာခေါင်ပျော့တွေနဲ့ ဆိုင်တယ်။ ပါးစပ်ပိတ်ရင်း ဟောက်တဲ့ ပြဿနာက လျှာမှာ ရှိနိုင်တယ်။ ပါးစပ်ဟရင်း ဟောက်တဲ့ ပြဿနာက လည်ချောင်းမှာ ရှိနိုင်တယ်။

လူကြီးတွေထဲမှာ ၃ဝ ကနေ ၅ဝ ရာနှုန်းဖြစ်တယ်။ အီတလီမှာ ၅၇၁၃ ယောက်ကို စမ်းတော့ ယောက်ျား ၂၄% နဲ့ မိန်းမ ၁၃့၈% မှာ ဖြစ်တာ သိရတယ်။ ၂ဝဝ၅ ခုနှစ် Chest journal ကပြောတာက ၂၆% ခံစားနေရတယ်တဲ့။အသက်ကြီးရင် ပိုဖြစ်ကြတယ်။

• အိပ်ပျော်နေရင် လည်ချောင်းပိတ်ဖို့ အားနည်းလို့၊
• မေးရိုး အနေမကျတာမို့ ကြွက်သားတွေ တင်းနေလို့၊
• လည်ချောင်းမှာ အဆီစုနေလို့၊
• နှာခေါင်းထဲမှာဆို့နေလို့၊
• ပျော့စေတဲ့ သတ္တိရှိတဲ့ ဆေးသောက်လို့၊ အရက်သောက်လို့၊
• ပက်လက်အိပ်တော့ လျှာက နောက်ပြန်ကျပြီး လေဝင်လမ်းကို ဆို့နေလို့၊
• အာသီး ကြီးနေလို့၊

လူမှုရေးအရ ဟောက်တတ်သူများ သူများကို အနှောင့်အယှက် ပေးသလို သိတတ်သူတွေ ကိုယ်တိုင်က သူများတွေကို အားနာလို့၊ ရှက်ရွံ့လို့ စိတ်ဒုက္ခ ဖြစ်ကြတယ်။ ကျန်းမာရေးဘက်က ကြည့်ရင် နှလုံးရောဂါ Heart attack (အတက်ခ်) ရမှာ ၃၄% ပိုပြီး၊ Stroke (စထုပ်ခ်) ရမှာ ၆၇% များတာ တွေ့ရတယ်။

ကုသနည်းတွေ -
• Pseudoephedrine နဲ့ Domperidone ဆေး ၂ မျိုးတွဲကို သုံးနိုင်တယ်။ ဆိုးဝါးသူအတွက် ၉၅% ကောင်းတယ်လို့ ဆိုတယ်။ အိပ်ရင် အသံကျယ်ကျယ် ဟောက်ပြီး ကျန်းမာသူ (၃ဝ) ဦးကို အိပ်ရာဝင်မှာ Pseudoephedrine 60 mg နဲ့ Domperidone 10 mg ကို ရက် (၃ဝ) ကြာပေးတယ်။ အိပ်ဖေါ်-အိပ်ဖက်တွေက ဒိုင်ယာရီ ရေးကြရတယ်။ သုတေသန သဘောအရ ဆက်လုပ်တာတွေလဲ ရှိသေးတယ်။ အဖြေထုတ်တဲ့အခါ ၇၇၂ ဦးထဲက ၄၉၃ ဦးက ဟောက်တာ ပျောက်သွားတယ်။ ၂၃၂ ဦးက သက်သာလာတယ်။
• အလွယ်ဝယ်လို့ရတဲ့ ကရိယာ ဆိုတာက EVA polymer နဲ့လုပ်ထားတယ်။ အားကစားသမားတွေသုံးတဲ့ Mouth-guards နဲ့ တူတယ်။
• Mandibular advancement splints သွားအထူးကရိယာ ဆိုတာက အောက်မေးရိုကို ရှေ့တိုးစေလို့ လျှာကိုပါ ဆွဲယူစေတယ်။
• Continuous positive airway pressure (CPAP) စက်ဆိုတာလဲ ရှိတယ်။ Sleep apnea အိပ်ရေးပျက် ရောဂါ နဲ့ ဟောက်တာနဲ့ တွဲနေသူတွေအတွက် သုံးတယ်။ လေကို ထိန်းပြီး ပိုက်နဲ့ သွင်းပေးနေတာ ဖြစ်တယ်။
• Uvulopalatopharyngoplasty ခွဲစိတ်ကုသနည်းလဲ ရှိတယ်။ ဒါပေမဲ့ အမာရွတ်ကနေ လမ်းပိုကျဉ်းသွားမှာ စိုးရတယ်။ အမာရွတ်ဆိုတာ လူတယောက်နဲ့ တယောက် မတူဘူး။ ဆိုးတဲ့သူက ဆိုးတယ်။
• Radiofrequency ablation (RFA) (ရေဒီယိုလှိုင်း) နည်းလဲ ရှိသေးတယ်။ လည်ချောင်းနောက်ထဲက (တစ်ရှူး) အပြော့စားတွေကို အပူချိန် ၇၇ ကနေ ၈၅ စင်တီဂရိတ်အထိ ပေးတယ်။ Soft palate နဲ့ Uvula တွေမှာ အပေါ်ယံ-အောက်လွှာကို အမာရွတ်ဖြစ်စေတယ်။ တင်းမာစေမယ်။ တခါလုပ် ၁ နာရီ နီးနီးကြာမယ် ထပ်ထပ် လုပ်ရတယ်။ သက်သာစေဘို့သာ တတ်နိုင်တယ်။
• Pillar Procedure ခွဲစိတ်နည်းကတော့ သက်သက်သာသာ ရှိတယ်။ ထုံဆေးနဲ့ ဆေးထိုးပိုက်တမျိုး သုံးပြီး ခွဲစိတ်ရာမှာ သုံးရတဲ့ ချုပ်ကြိုးတမျိုး Dacron (Polyethylene terephthalate) ကို Soft palate အာခေါင်ပျော့ထဲ ထိုးသွင်းပေးတယ်။
• Laser-assisted uvulopalatoplasty (LAUP) လေဆာသုံး Somnoplasty ခွဲစိတ်နည်း၊

အလွယ်ဝယ်ရတဲ့ ဆေးတွေ-နည်းတွေ -
1. Snoreeze Oral mint-flavoured Strips
2. Snoreeze Throat Spray lubricates
3. Nozovent flexible plastic
4. SomnoGuard
5. Rhynil Herbal Spray

ဆေးနည်းအတွက် ထောက်ခံချက်တွေ -
• ၁၉၉၆ Journal of Prosthetic Dentistry ကနေ Electrical stimulation နည်း၊
• ၁၉၉၇ Wisconsin Medical Journal ကပြောတာက Magnetic Therapies နည်း၊
• ၁၉၉၈ American Journal of Respiratory and Critical Care Medicine က Nasal Lubricants နည်း၊
• ၂ဝဝ၆ ခုနှစ် Cochrane Database of Systematic Reviews အဆိုအရ Intranasal fluticasone ဆေး ကောင်းတယ်။ ၂ဝဝ၁ တုံးကလည်း Journal of Pediatrics က ကလေးတွေမှာ ဒီ (ကော်တီဇုန်း) ဆေး ထိရောက်တာကို ထောက်ခံခဲ့တယ်။
• ၂ဝဝ၉ Health Technology Assessment က ထုတ်ပြန်ချက်အရ အထိရောက်ဆုံးကုသနည်းဟာ Continuous positive airway pressure (CPAP) ဖြစ်တယ်။
• ၂ဝ၁ဝ Journal of Clinical Sleep Medicine ကတော့ Pseudoephedrine နဲ့ Domperidone ဆေးတွေက လူကြီးတွေအတွက် ထိရောက်တယ်။

ကိုယ်တိုင် ဆင်ခြင်စရာတွေ -
• အိပ်တဲ့ပုံစံ ပြောင်းပါ။ ခေါင်းအုံး လျော့ပါ။ ပက်လက်အိပ်ပါ။ ဘေးတဖက်စောင်း အိပ်ပါ။ တယောက်ထဲ အိပ်ပါ။ ညစာ လျော့စားပါ၊ နို့ လျော့သောက်ပါ၊ ပဲနို့ လျော့သောက်ပါ၊ အရက် လျော့သောက်ပါ၊
• ဝနေသူ ကိုယ်အလေးချိန် ချပါ။ ဆေးလိပ် ဖြတ်ပါ။ Caffeine (ကေဖင်း) ပါတာ လျော့သောက်ပါ။
• အခန်းဖေါ်၊ ကုတင်ဖေါ် Earplugs နားကြပ်သုံးပါ။
• Tennis ball trick (တင်းနစ်) ဘောလုံးနည်း၊ ခါးနေရာမှာ (တင်းနစ်) အရွယ် ပစ္စည်းတခုခုကို ထားပြီး အိပ်ကြည့်ပါ။ အိပ်ရတာ သက်တောင့်သက်သာ မရှိတာမို့ ဘေးစောင်းအိပ်ရမှာ သေခြာတယ်။
• အိပ်ဆေး၊ ပြေလျော့ဆေး မသောက်ပါနဲ့၊ အိပ်ချင်စေတဲ့ Antihistamines (အင်တီဟစ်တမင်း) ဆေး မသောက်ပါနဲ့၊
• Throat exercises လေ့ကျင့်ခန်းနည်းလဲ ရှိတယ်။
• Didgeridoo ခေါ်တဲ့ သြစတြေးလျ ဌာနေ-တိုင်းရင်းသားတွေ သုံးတဲ့ လေမှုတ်-တူရိယာကို မှုတ်ပါ။
• Singing သီချင်းဆိုပါ၊

Dr. တင့်ဆွေ
၁၃-၄-၂ဝ၁၁

• Pseudoephedrine ဆေးဟာ Decongestant သွေးကြောတွေ ကျဉ်းစေတဲ့ အမျိုးအစားဖြစ်တယ်။ (ဆိုင်းနပ်စ်) ရောဂါမှာ သုံးတယ်။ နားရောဂါမှာလဲ သုံးတယ်။ ဘေးထွက်-ဆိုးကျိုးတွေက အစားပျက်မယ်၊ နှလုံးခုန်ကို မြန်စေ၊ သန်စေ မမှန်ဖြစ်စေတယ်။ ခေါင်းမူးဝေမယ်၊ စိတ်မငြိမ်ဖြစ်စေမယ်။ သွေးယိုလွယ်တယ်၊ အားယုတ်မယ်၊ ကိုယ်ပူမယ်၊ ကိုက်ခဲမယ်၊ တုပ်ကွေးလို ခံစားရမယ်။ သွေးဖိအား တက်စေမယ်၊ မျက်စိဝေဝါးမယ်၊ အာရုံစိုက်ရတာ ခက်မယ်၊ ရင်ပတ်နာမယ်၊ ထုံမယ်။ 30-60 mg ကို ၄-၆ နာရီတခါ ပေးတယ်။ တနေ့ကို 240 mg ထက်မပိုရပါ။
• Domperidone ဆေးက အစာအိမ်ရောဂါအတွက် သုံးတဲ့ဆေး ဖြစ်တယ်။ အန်တာသက်သာအောင်လဲ သုံးတယ်။ Parkinson's Disease ရောဂါအတွက်လဲ သုံးတယ်။ အစာအိမ်ရောဂါအတွက် 10 mg ကို တနေ့ ၃-၄ ကြိမ် ပေးတယ်။ အန်တာ သက်သာအောင် 20 mg ကို တနေ့ ၃-၄ ကြိမ်ပေးတယ်။ ဘေးထွက်-ဆိုးကျိုးတွေက စကားပြောရခက်တယ်၊ ဘယ်ရောက်နေမှန်းမသိ ဖြစ်တတ်တယ်၊ ခေါင်းမူးတတ်တယ်၊ သတိလက်လွတ်သလိုနေမယ်၊ နှလုံးခုန်မမှန် ဖြစ်မယ်။
• Fluticasone က ပါးစပ်ကနေ ရှူရတဲ့ဆေး ဖြစ်တယ်။ ပန်းနာလို အသက်ရှူကြပ်သူတွေသုံးတဲ့ Corticosteroids (စတီရွိုက်) အမျိုးအစား ဖြစ်တယ်။ တနေ့ ၂ ကြိမ် အချိန်မှန် ရှူရတယ်။ ဘေးထွက်-ဆိုးကျိုးတွေက ခေါင်းကိုက်၊ စကားပြောခက်၊ လည်ချောင်းတာ၊ နှာရည်ယို၊ ပါးစပ်နာ၊ ဝက်ခြံထွက်၊ မျက်နှာရောင်၊ စိုးရိမ်စိတ်ဝင်၊ မောပန်း၊ အားယုတ်၊ ရာသီမမှန်။

Tuesday, April 12, 2011

Fainting သွေးမြင်ရင် မူးမေ့တတ်သူ

11 Apr 11, 22:22
ကျတော့် အမျိုးသမီး အသက်က (၂၄) နှစ်ပါ၊ (၂၂) နှစ်တုန်းက ကိုယ်ဝန်ပျက်ကျလို့ သားအိမ်ခြစ်ဘူးပါတယ်။ သားအိမ် ခြစ်ပြီး နောက်ပိုင်းမှာ ထိခိုက်ရှနာ တစ်ခုခုဖြစ်လို့ သွေးထွက်လာတာမြင်ရင် ခေါင်းမူး ခေါင်းကိုက် ချင်သလို ဖြစ်နေပြီး ပျို့ပြီး အန်ချင်လာသလို ဖြစ်နေပါတယ်။ အဲဒါ ဘယ်လိုကြောင့်ဖြစ်တာပါလည်း၊ ဘယ်လိုပြုမူနေထိုင်ရမယ် ဆိုတာကိုလည်း ညွှန်ကြားပေးပါဦး။

တိုင်းရင်းသားစကားအပြင် ဗမာစကားလဲတတ်တဲ့ ပညာအခြေခံလဲ အတော်အတန် ရှိတဲ့ ဒုက္ခသည် မိန်းကလေးတွေကို စည်းရုံးရတယ်။ "ထောက်ပံ့ကြေးတော့ မပေးနိုင်ပါ၊ ဆေးခန်းမှာ ဆရာမလာလုပ်ပါလား။" အချိန်လဲပေးနိုင်၊ ဝါသနာလဲပါ၊ ဒါနဲ့မရသေးတာက သွေးမြင်ရင် မမူးချင်မှ ဆရာမ လုပ်လို့ ရတယ်။

လူကောင်း ပကတိကနေ ရုတ်တရက် မူးပြီး သတိမေ့တာဟာ Shock ပါဘဲ။ (ရှော့ခ်) တွေက အမျိုးအစား များတယ်။ နှလုံးနဲ့ သွေးကြောတွေ လိုသလောက် အလုပ်မလုပ်နိုင်တာကနေ ဖြစ်တယ်။ လူ့ကိုယ်က အရေးပါတဲ့ အင်္ဂါတွေတွက် မရှိမဖြစ်တဲ့ အောက်စီဂျင် မလုံလောက်လို့ ဖြစ်လာစေတယ်။ အသက်ဆုံးပါးတဲ့အထိ ဖြစ်နိုင်တယ်။

1. Anxiety, restlessness and fainting စိုးရိမ်စိတ်တွေဖြစ်လာ၊ ဂနာမငြိမ်ဖြစ်လာ၊ မူးလဲမယ်။
2. Nausea and vomiting ပျို့ချင်-အန်ချင်လာမယ်။
3. Excessive thirst ရေငတ်လာမယ်။
4. Eyes are vacant, dull, dilated pupils မျက်စိကဝေဝါး၊ သူငယ်အိမ် ကျယ်လာမယ်။
5. Shallow, rapid, and irregular breathing အသက်ရှူတာ တိမ်-မြန်-မမှန်ဖြစ်မယ်၊
6. Pale, cold, moist skin အရေပြား အေးလာ၊ ဖြူရော်လာ၊ စိုထိုင်းလာမယ်၊
7. Weak, rapid, or absent pulse လက်ကောက်ဝတ် သွေးခုန်တာ မြန်မယ်၊ စမ်းမရဖြစ်မယ်။

တလောက မွေးလူနာ လာစောင့်တဲ့ ကလေးအမေတယောက် လူနာကို အားပေးနေရင်း အသံတိတ်သွားတာကို သတိထားမိတယ်။ ခဏအကြာ ကိုယ်ဝန်ဗိုက်ပေါ်မှာ မှောက်လျက်သား ဖြစ်နေတာ လှမ်းမြင်ရတော့ အော် ခရစ်ယာန်လို ဆုတောင်းပေးနေသလားပေါ့။ ဘယ်ဟုတ်မလဲ မူးပြီး သတိလက်လွတ် ဖြစ်နေရှာတယ်။ သွေးတောင် မြင်ရတာ မဟုတ်သေးဘူး။

• Hypovolemic Shock သွေးထုထည် နည်းလို့ဖြစ်တဲ့ (ရှော့ခ်)၊ ထိခိုက်ဒဏ်ရာရလို့ အတွင်းထဲဖြစ်ဖြစ် အပြင်ကို ဖြစ်ဖြစ် သွေးယိုထွက်တာ၊ မီးလောင်လို့ အရည်တွေ ခမ်းခြောက်တာ၊ အန်လို့-ဝမ်းလျှောလို့ ရေနဲ့ ဓါတ်ဆားတွေ နည်းတာကြောင့် ဖြစ်တယ်။
• Neurogenic Shock အာရုံကြောကြောင့်ဖြစ်တဲ့ (ရှော့ခ်)၊ သွေးကြောတွေ ပုံမှန်မဟုတ် ဖေါင်းလာလို့ သွေးတွေ လိုရာမရောက် ဖြစ်လာမယ်။ (အော်တိုနောမစ်) အာရုံကြောစနစ်ကို သက်ရောက်လို့ ဖြစ်တယ်။ သွေးဖိအား ကျမယ်၊ တခါတလေ နှလုံးခုန် နှေးတတ်တယ်။ ဦးနှောက်ကို သွေးပြန်ရောက်ရင် ပြန်ကောင်းမယ်။ ဦးနှောက် ထိခိုက်တာ၊ ခါးဆစ်ရိုးထဲက အာရုံကြောစနစ် ထိခိုက်တာတွေ ကြောင့်လဲ ဖြစ်တယ်။ အတွင်း အင်္ဂါတွေကို ထိခိုက်လာမယ်။
• Psychogenic Shock စိတ်ကြောင့် ဖြစ်တဲ့ (ရှော့ခ်)၊ ကြောက်စိတ်များ၊ အပျော်လွန်၊ ဒေါသကြီး၊ ပူပန်မှု လွန်ကဲရာကနေ ဖြစ်တယ်။ သွေးကြောတွေ ကျယ်လာတယ်။ ဦးနှောက်ကို သွေးအရောက်နည်းတယ်။ သွေးဖိအား ကျမယ်၊ အရေပြား အေးစက်နေမယ်။ ချွေးပြန်မယ်။ နှလုံးခုန် မြန်မယ်။ သတိ တဝက်တပျက် မရတာနဲ့ လုံးဝသတိမရတာ ဖြစ်မယ်။
• Anaphylactic Shock (အနာဖလက်တစ်-ရှော့ခ်)၊ မတည့်တာနဲ့ ထိတွေ့ရာကနေဖြစ်တယ်။ ယားယံလာမယ်၊ အနီပိန့်တွေထွက်မယ်၊ အသက်ရှူခက်လာမယ်၊ ဆီးသွားချင်-ဝမ်းသွားချင်ဖြစ်လာမယ်။ ပူလောင်လာသလို ခံစားရမယ်၊ အသံပျောက်မယ်။ ဆေး၊ အဆိပ်၊ အင်းဆက်၊ အမှုံအမွှား၊ အစားအသောက်၊ စတာတွေကနေ ဖြစ်စေတယ်။

Shock ဖြစ်ပြီဆိုရင် ဘာလုပ်မလဲ -
ရုတ်တရက် ချက်ချင်းဖြစ်တာမို့ ရှေးဦးသူနာပြု လုပ်ဘို့ အလွန့်အလွန် အရေးကြီးပါတယ်။ အသက်ကို ကယ်နိုင်တယ်။ ဆရာဝန်တွေ၊ ဆေးရုံတွေဆီ ရောက်မှဆိုရင် နောက်ကျတတ်တယ်။ ပြုစုမဲ့သူက တည်ငြိမ်ရမယ်။ တတ်ထားရမယ်။
1. Maintain open airway အသက်ရှူလမ်း စစ်ရ၊ ပြင်ရမယ်။ ပိတ်ဆို့နေတာ မရှိစေနဲ့။ လည်ပင်းဆန့်၊ မေးကိုပင့်ပါ။
2. Control bleeding သွေးယိုတဲ့နေရာကို သွေးမထွက်အောင်လုပ်ပါ။ ဖိထားပေးပါ။ မြှင့်ထားပေးပါ။ ပတ္တီး-ကြိုးနဲ့ စည်းထားပေးပါ။ Artery forceps သွေးကြောညှပ် ရှိရင်-လိုရင် သုံးပါ။
3. Position ခြေထောက်ပိုင်းကို ခေါင်းအထက်မှာ မြှင့်ထားပါ။ အန်နေရင် ခေါင်းတဖက် စောင်းထားပါ။ ခေါင်း-လည်ပင်း ကျိုးရင်-ကျိုးတယ် ထင်ရင် ပက်လက်အနေအထားမှာသာ ထားပါ။
4. Splint အရိုးကျိုးရင် အမာတခုခုနဲ့ ကြပ်စည်းပါ။ ဆွဲမဆန့်ပါနဲ့။
5. သက်တောင့်သက်သာ နေပါစေ။ အေးနေရင် စောင်စတာနဲ့ နွေးအောင် ခြုံပေးပါ။ စို-အေး နေတာတွေ ဖယ်ရှားပါ။ သဘာဝမဟုတ်တဲ့ အနွေးပေးတာမျိုး မသုံးပါနဲ့။
6. လူနာကို စိတ်ငြိမ်အောင် အားပေးနှစ်သိမ့်ပါ။ သူ့အနာဒဏ်ရာကို မမြင်စေပါနဲ့။
7. Give nothing by mouth အန်နေလျှင်၊ အဆိပ်စတာ မသေခြာလျှင် ပါးစပ်က ဘာမှ မတိုက်ပါနဲ့။ အာခေါင်ခြောက်-ရေဆာရင် နှုတ်ခမ်းကိုသာ ရေဆွတ်ပေးပါ။
8. Request medical assistance ဆေးပညာ တတ်ကျွမ်းသူ အကူအညီခေါ်ပါ။

အင်္ဂလန်မှာ (ဗီတိုရိယား) ခေတ်တုံးက အမျိုးသမီးတွေ၊ မိန်းကလေးတွေ ဒါမျိုးသိပ်ဖြစ်ကြတယ်။ ကိုယ်ကြပ် Corsets အဝတ်အစားတွေကြောင့် အသက်ရှူကြပ်တာလဲ ပါနိုင်တယ်။ တခြား မူယာ-မာယာလဲပါမယ်။ ခဏခဏ မူးလဲကြလို့ Fainting game လို့ ခေါ်ရလောက်အောင် လူစည်စည်မှာ လှလှပပလေး လဲကြတာများတယ်။ အမေရိကားမှာ ဖြစ်ရင် Choking game လို့ ခေါ်တယ်။

Dr. တင့်ဆွေ
၁၂-၄-၂ဝ၁၁

နောက်ဆက်တွဲ
3 Bs for First Aid ရှေးဦးသူနာပြု အဓိကကြွမ်းကျင်မှု (ဘီ ၃ ခု)
• Breathing အသက်ရှူခြင်း
• Bleeding သွေးထွက်ခြင်း
• Bones အရိုးထိခိုက်ခြင်း

ABC of First Aid ရှေးဦးသူနာပြုခြင်း (အေ၊ ဘီ၊ စီ)
• Airway အသက်ရှူလမ်းကြောင်း၊
• Breathing အသက်ရှူနိုင်ခြင်း၊
• Circulation သွေးလှည့်ပတ်နေခြင်း

A for Airway အသက်ရှူလမ်းကြောင်း စစ်ဆေးခြင်း
• အသက်ရှူလမ်းကြောင်း ပိတ်နေ-မနေကို စစ်ဆေးပါ။ လူနာကို မာတဲ့ကြမ်းပြင်ပေါ်ထားပါ။
• လည်ပင်းကျိုးခြင်း ရှိ-မရှိကြည့်ပါ။ လည်ပင်းကို ဆန့်ထုတ်ပါ၊ မေးစေ့ကို မတင်ထားပါ။
• လျှာက အသက်ရှူလမ်းကို ပိတ်မနေအောင် လုပ်ပါ။

B for Breathing အသက်ရှူ၊ မရှူ စစ်ဆေးခြင်း
လူနာက အသက်ရှူနေခြင်း ရှိ-မရှိကို ပါးစပ်၊ ရင်ဘတ်နှင့် ဝမ်းဗိုက် လှုပ်ရှားမှုကို ကြည့်ပြီး စစ်ဆေးပါ။ မရှိရင် ချက်ချင်း Mouth-to-mouth ပါးစပ်တေ့ လေမှုတ်သွင်းနည်း လုပ်ပေးပါ။

C for Circulation သွေးလှည့်ပတ်မှုစစ်ခြင်း
လည်ပင်း (ကရောတစ်) သွေးလွှတ်ကြောကို စမ်းပါ။ သွေးခုန်တာ မတွေ့ရရင် (စီ-ပီ-အာရ်) လုပ်ပါ။

D for Defibrillation နှလုံးခုန်စေတဲ့စက်ကို အသုံးချခြင်း

Mouth-to-Mouth ပါးစပ်မှပါးစပ် လေမှုတ်သွင်းနည်း
• ပါးစပ်၊ အာခေါင်၊ လည်ချောင်းထဲ ပစ္စည်းတွေ (အမှိုက်၊ အန်ဖတ်၊ အဝတ်စ) ဆို့ပိတ်နေရင် ဖယ်ရှားပါ။
• လူနာကို ပက်လက်လှန်ထားပါ။ မာတဲ့ ကြမ်းပြင်က ပိုကောင်းတယ်။
• လူနာရဲ့ လည်ပင်းကို ဆန့်ပြီး မေးစေ့ကို အထက် (ရှေ့ ) ကို မ-တင်ပေးပါ။
• လူနာရဲ့ပါးစပ်ကို ဖွင့်ထားပါ၊ ကိုယ် လေတဝကြီး ရှူလိုက်ပြီး၊ လူနာရဲ့ ပါးစပ်ကို မိမိပါးစပ်နဲ့ တေ့ပိတ်ပြီး လေသွင်းပေးပါ။
• ပါးစပ် ဖွင့်ရရင် နှာခေါင်းကို မိမိလက်နှင့်ပိတ်ပြီး၊ ပါးစပ်ကနေ လေသွင်းပါ၊ ပဌမ (၂)ကြိမ်လုပ်ပါ။ အချိန်တစ်စက္ကန့် သာကြာမယ်။
• လူနာရဲ့ အဆုပ်ကို လေဘူဘောင်းလို အတင်းဖေါင်းသွားအောင် လုပ်ရန်မလိုပါ။
• နှစ်ကြိမ်လုပ်ပြီး ပြန်လည်ရှူလာမယ်။ မရှူသေးရင် (စီ-ပီ-အာရ်) လုပ်ပါ။

Cardio-Pulmonary Resuscitation (CPR) နှလုံး-အဆုပ်ပြန်လည်အလုပ်လုပ်စေရန် အရေးပေါ်ပြုစုပေးခြင်း
နှလုံး-အဆုပ်ရုတ်တရက် ရပ်သွားစေတတ်သည့် အကြောင်းတွေကတော့ -
၁) Cardiac Arrest နှလုံးခုန်ရပ်သွားခြင်း၊
၂) Cardiac Attack နှလုံးသွေးကြောပိတ်ခြင်း၊
၃) Drowning ရေနစ်ခြင်း၊
၎) Drug Overdose ဆေးအလွန်များသွားခြင်း၊
၅) Poisoning အဆိပ်သင့်ခြင်း၊
၆) Electrocution လျှပ်စစ်ဓါတ်လိုက်ခြင်း၊

• လူနာကို မာတဲ့ကြမ်းပြင်ပေါ်မှာ ထားပါ၊
• မိမိက လူနာရဲ့ ဘေးမှာ ဒူးနှစ်ဖက် ထောက်ပြီး ထိုင်ပါ။
• လူနာမှ တင်းကြပ်နေတဲ့ အဝတ်အစားတွေ လျော့ပါ-ဖယ်ပါ။
• မိမိ၏ လက်ဝါး နှစ်ဖက်ကို ထပ်ပြီး၊ လူနာရဲ့ ရင်ပတ် အလယ်တည့်တည့် နို့ အုံနှစ်ဖက်ရဲ့ အလယ်၊ ရင်ညွန့် ရိုး အပေါ်မှာ တင်ပါ၊
• မိမိ၏ လက်နှစ်ဖက်ကို ဆန့် တန်းထားပြီး၊ မိမိ၏ ကိုယ်အလေးချိန်ကို မိမိလက်နှစ်ဖက်အပေါ် ပြောင်းရွှေ့ ပြီး၊ မိမိရဲ့ လက်ပါးနှစ်က လူနာရဲ့ရင်ပတ်ကို ဖိချပေးရမယ်။
• နှစ်လက်မခန့် ကျသွားအောင် ဖိလိုက်ပြီးနောက် လုံးဝကြွလိုက်ရမယ်။
• တမိနစ်လျင် အကြိမ် ၁ဝဝ နှုန်းဖြင့် ထိုအတိုင်း ဖိလိုက်-ကြွလိုက် လုပ်ရမယ်။
• အကြိမ် ၃ဝ လုပ်ပြီးတိုင်း၊ ပါးစပ်က လေသွင်းတာ (၂)ခါ လုပ်ရမယ်။
• ရင်ပတ် ဖိ-ကြွခြင်းနဲ့ ပါးစပ်က လေသွင်းတာ စုစုပေါင်း (၂)မိနစ် ဒါမှမဟုတ် (၅) ပါတ် လုပ်ရမယ်။

တနှစ်အောက်ကလေးအား (စီ-ပီ-အာရ်) လုပ်နည်း
• အသက်ရှူလမ်း စစ်ဆေးပါ။ ပိတ်နေလျှင် ဖွင့်ပါ။
• လေနှစ်ကြိမ် ညင်သာစွာ သွင်းပေးပါ။ ကလေးရဲ့ ပါးစပ်ရော နှာခေါင်းပါ မိမိ၏ ပါးစပ်က ငုံပိတ်လျှက် လေသွင်းပါ။
• ကလေးရဲ့ ရင်ပတ်ပေါ် မိမိလက်ဝါးနှစ်ဖက် ထပ်တင်ပြီး ကလေးရင်ပတ်၏ သုံးပုံတပုံ ပြားသွားအောင် ဖိပေးပါ။
• တမိနစ်မှာ အကြိမ် ၁ဝဝ နှုန်း၊ အခါ ၃ဝ လုပ်ပြီးတိုင်း ပါးစပ်က လေသွင်းရမယ်။
• လူကြီးတွေလို အကြိမ် ၃ဝ ဖိပြီးတိုင်း၊ လေနှစ်ခါမှုတ်သွင်းပေးရမယ်။
• စုစုပေါင်း (၂) မိနစ် ဒါမှမဟုတ် (၅) ပါတ် လုပ်ရမယ်။

Monday, April 11, 2011

DNA testing မျိုးဗီဇစမ်းခြင်း

Mar 24, 2011 at 3:58 PM
DNA စစ်ချက်ဆိုတာ ဘာကို ခေါ်ပါသလဲခင်ဗျာ။
2011/4/11
အဖေအမေ စစ်-မစစ် ဘယ်လို စမ်းသပ်လို့ ရနိုင်သလဲခင်ဗျာ။

• DNA testing မျိုးဗီဇစမ်းတာကို ဆေးစာမှာ DNA profiling လဲခေါ်တယ်၊ DNA typing လဲခေါ်တယ်၊ Genetic Fingerprinting လဲခေါ်တယ်။
• Forensic Science မှုခင်း-ဆေးပညာရဲ့အစိတ်အပိုင်းမှာ ပါတယ်။
• လူတယောက်ရဲ့ DNA Makeup ကို ကြည့်ပြီး သူဘယ်သူဆိုတာ သိနိုင်လို့ Identifier ခေါ်တယ်။

• နောက်ဆေးစစ်နည်းတခု ဖြစ်တဲ့ Full Genome Sequencing ဆိုတာနဲ့ မတူပါ။
• လူတဦးနဲ့တဦး DNA sequences တွေဟာ ၉၉့၉% တူကြပေမဲ့ Monozygotic twins အသွင်တူ-အမွှာကလွဲရင် ကွဲပြားတာကို ခွဲခြားလို့ရတယ်။
• DNA profiling technique နည်းကို ၁၉၈၄ ခုမှာ အင်္ဂလန် ပညာရှင်ကနေ စတွေ့ခဲ့တယ်။
• DNA profiling process ကို အများဆုံးသုံးတာက Buccal swab ပါးစောင်က သွားရည်ကို ဂွမ်းစနဲ့ သုတ်ယူပြီး စမ်းပါတယ်။ နိုင်ငံတကာ TV channels တီဗွီကြည့်ခွင့်ရတဲ့သူတွေ အီရတ် ခေါင်းဆောင် ဆဒမ်-ဟူစိန်ကို ဖမ်းမိတဲ့အချိန်မှာ မီးထိုးထားပြီး ပါးစပ် ဟပေးနေရတဲ့ပုံကို မြင်ဘူးကြပါလိမ့်မယ်။
• Blood သွေး၊ Saliva သွားရည်၊ Semen သုတ်ရည်၊ ဒါမှမဟုတ် တခြား (သွားပွတ်တံ၊ မုတ်ဆိတ်ရိပ်ဒါး) တနေရာရာကနေ ရနိုင်တဲ့ Fluid အရည်၊ Tissue (တစ်ရှူး) ကိုလဲ စစ်ဆေးနိုင်တယ်။
• RFLP analysis, PCR analysis, STR analysis နဲ့ AmpFLP နည်းတွေ ရှိတယ်။
• အမေ-အဖေ စစ်မစစ် စမ်းတာကို DNA family relationship analysis ခေါ်တယ်။

အမေ-အဖေ၊ ဆွေမျိုး စစ်-မစစ် စမ်းတာကို DNA Family Relationship Testing ခေါ်တယ်။ ဆေးစာနဲ့ပြောရရင် Polymerase Chain Reaction (PCR) နည်းပညာလို့ ခေါ်တယ်။ Paternity ဖခင်၊ Maternity မိခင်၊ Siblingship အမျိုး တော်တာကို အတိအကျ စစ်နည်း ဖြစ်တယ်။

လူတွေမှာ သန္ဓေတည်ကတည်းက သီးသန့် DNA molecules (ဒီအင်န်အေ-မော်လီကြူး) ဖြစ်လာခဲ့တယ်။ အဖေအစစ်ရဲ့ Sperm cell (သုတ်ပို)း နဲ့ အမေအစစ်ရဲ့ Egg cell (မျိုးဥဆဲလ်) တွေကနေ တူညီတဲ့ အရေအတွက်ရှိတဲ့ DNA ပေါင်းစပ်ပြီး Zygote (ဇိုင်ဂုတ်) ခေါ်တဲ့ သန္ဓေတည်စေတယ်။ ရတာမျိုးက တသက်လုံး ပါနေမယ်။ ဘယ်တော့မှလဲ မပြောင်းတော့ဘူး။ စစ်မစစ် စစ်ရင် Buccal swabs ပါးစောင်က သွားရည်ကို ဂွမ်းစနဲ့သုတ်ယူတာ၊ Blood သွေး၊ Body liquid အရည်တွေနဲ့ Tissue samples (တစ်ရှူး) အမူနာတွေကိုရယူ စမ်းသပ်နိုင်တယ်။

DNA တိုင်းမှာ Coding information (ကုတ်) ပါတာနဲ့ Non-coding genetic material (ကုတ်) မပါတာ ၂ မျိုး ရှိတယ်။ မပါတာကို Junk DNA ခေါ်လေ့ရှိပြီး Individual identification ဘယ်သူ-ဘယ်ဝါ ခွဲခြားရာမှာ သုံးရတယ်။ လူတိုင်းမှာ မတူထူးခြားတဲ့ Unique genetic profile ရှိတာမို့ ခွဲလို့ရတယ်။ သတ်မှတ်ပေးနိုင်တဲ့ DNA Marker (မတ်ကာ) ၅ မျိုး သုံးတယ်။ D21S11, D7S820, TH01, D13S317 နဲ့ D19S433 တွေဖြစ်တယ်။ အမေ၊ အဖေ နဲ့ ကလေးတို့ရဲ့ အဲဒီ ၅ မျိုးကို စစ်လိုက်ရင် အဖေဟုတ်-မဟုတ်၊ အမေဟုတ်-မဟုတ် သိလာတော့တယ်။ စုံစေ့အောင်စစ်ရင် ၁၃ မျိုးအထိရှိတယ်။ နောက်ဆုံးမှာ အဆုံးသတ် အဖြေထုတ်တယ်။ Biological father ဟုတ်တယ်၊ မဟုတ်ဘူး သိလာမယ်။

DNA Test Applications စမ်းနည်းကို
1. Relationship DNA Testing ဆွေမျိုးစစ်တာ၊
2. Genetic Disease Testing ရောဂါစစ်တာ၊
3. Genealogy DNA Testing ဗီဇသမိုင်းကြောင်းစစ်တာ၊
4. Family Tree DNA ဆွေမျိုးစဉ်ဆက် လိုက်ရှာတာတွေအတွက် သုံးတယ်။

Rates of non-paternity အဖေ-မစစ်နှုန်းဟာ ဝ့၈% ကနေ ၃ဝ% အထိ ရှိတယ်လို့ ၂ဝဝ၅ စစ်တမ်းတခုက ဆိုပါတယ်။
• အင်္ဂလန်မှာ ယောက်ျား ၁၆၇၈ ယောက်ကို စစ်ရတာမှာ ၁-၂% ရှိတယ်။
• မက်စီကိုမှာ ကလေး ၃၉၆ ယောက်ကို စစ်တာမှာ ၉့၈% ကနေ ၁၃့၈% ရှိတယ်။
• ဆွစ်ဇလန်မှာ ဝ့၃% ကနေ ၁့၃% ရှိတယ်။
• အမေရိကားမှာ (မစ်ချိဂန်) မယ် အဖြူကလေး ၁၄၁၇ ယောက်နဲ့ အမဲကလေး ၅၂၃ ယောက်ကနေ ၁့၎% ကနေ ၁ဝ့၁% ရှိတယ်။ (ဟာဝိုင်ယီ) မှာ မိသားစုပေါင်း ၁၇၄၈ ထဲက ကလေးပေါင်း ၂၈၃၉ ယောက်ကနေ ၂-၃% ရှိတာ တွေ့ခဲ့ရတယ်။

Non-paternity အဖေ-မစစ်တာကို စစ်လို့ သိလာ၊ တွေ့လာရင် လူမှုရေး-အရှုတ်အရှင်းသာမက ကျန်းမာရေး ပြဿနာပါ တက်ပါမယ်။ မျိုးရိုးလိုက်တဲ့ Cystic fibrosis ရောဂါအတွက် Genetic screening မျိုးဗီဇ စစ်ဆေးတဲ့အခါ သိလာစေတယ်။

1. Non-paternity အဖေ စစ်-မစစ်၊
2. Brother/sister sibling test မောင်နှမ စစ်-မစစ်၊
3. Half-brother/half-sister sibling test အမေတူ-အဖေကွဲ မောင်-နှမ ဟုတ်-မဟုတ်၊
4. Grandparentage test အဖိုး-အဖွါးမှန်-မမှန်၊
5. Uncle (aunt)/nephew (niece) test အဒေါ်-ဦးလေး တော်-မတော်တွေကိုလည်း စစ်လို့ရပါတယ်။

ဒီစစ်ဆေးမှုတွေကို တရားဝင်မှုရှိအောင်လဲ လုပ်ပေးဘို့ အလုပ်ရက် ၁၅ ရက်ဘဲ ကြာမယ်။ အပိုဆောင်းပေးရင် ၅ ရက်နဲ့ ဝန်ဆောင်ပေးနိုင်ပါသတဲ့။ PRO-DNA Family Relationship Test စမ်းသပ်နည်းအတွက် $725 ကုန်ကျမယ်။ Legal admissibility ဥပဒေဘောင် ဝင်ချင်ရင် နောက်ထပ် $170 ဒေါ်လာ၊ ၅ ရက်နဲ့ ရချင်ရင် $275 ဒေါ်လာ အပိုပေးရမယ်လို့ ကြောညာထားတာ တွေ့ရပါတယ်။

- Blood Grouping (A, B, AB, O) အေ၊ ဘီ၊ အေဘီ၊ အို သွေးအုပ်စု ဇယား http://dts-medicaleducation.blogspot.in/2011/11/b-ab-o.html ကိုလည်း ဖတ်ပါ။

Dr. တင့်ဆွေ
၁၁-၄-၂ဝ၁၁

Sunday, April 10, 2011

Q and A April 2011 (3)

1. ဘာ့ကြောင့် အသားရေ ယားယံပြီး
2. ရန်ကုန် ရောက်ရင် အကောင်း၊ ဒီမှာနေမှ အေးရင်
3. ပေါင်အပြင်မှာ ကြာဆူးလိုပဲပြောရမယ်ထင်ပါတယ်
4. ချိုင်းမွေးရှည်ရင် ယားတယ်
5. So can I still continue this eating habit during my pregnancy?
6. HIV ဖြစ်မှာ စိုးနေလို့ပါ
7. အဲဒါ ကိုယ်ဝန်မှာ Problem ရှိနိုင်ပါလား ဆရာရှင့်
8. ဆီးစပ်နား ဗိုက်ပြင်က ဟိုနားနည်းနည်း ဒီနားနည်းနည်း နာနေတတ်ပါတယ်

3 Apr 11, 17:43
Q 1: ကျွန်တော် အသက်၂၉ ကျော်ပါပြီ။ လောလာဆယ် နိုင်ငံခြား ရောက်နေတယ်။ တော်တော်နဲ့ ပုံမှန်အသားရေ ပြန်မရဘူး။ လူကတော့ နေကောင်းပါတယ်။ ဘာ့ကြောင့် အသားရေယားယံပြီး ကုတ်လိုက်တိုင်း အမာရွတ် ကျန်နေတာလဲ ဆိုတာ သိချင်ပါတယ်။ ဆေးသောက်ဖို့ လိုတယ်ဆိုလည်း ညွှန်ကြားပေးပါ။ ခုတလော နုတ်ခမ်းတွေ ကွဲတယ်။ အရေပြားလဲ ယားတယ်။ ကုတ်လိုက်ရင်လည်း အမာရွတ်ဖြစ်ပြီး ကျန်နေခဲ့တယ်။

ယားတယ်ဆိုရင် (အလာဂျီ) မတည့်တာဖြစ်ဘို့ များတယ်။ မတည့်တာထဲမှာ ပိုးမွှား၊ အစားအသောက်၊ အသုံးအဆောင် အပြင် ရာသီဥတုလဲ ပါတယ်။ ဥတုပြောင်းချိန် အဖြစ်များတယ်။ ပိုးထဲမှာလဲ ဗက်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ မှိုတွေကနေ ဖြစ်နိုင်တယ်။ နုတ်ခမ်း ကွဲတာက ပိုးတွေကြောင့်ရော အစာအာဟာရကြောင့်လဲ ဖြစ်နိုင်တယ်။ အမာရွတ်ဆိုတာ ပျက်စီးသွာတဲ့ (ဆဲလ်) တွေကနေ ပြန်ပြင်ရ၊ အသစ်ဖြစ်ရလို့ ဖြစ်တာပါ။ ယားလို့၊ နာလို့ ဖြစ်တဲ့နောက် အမာရွတ်သဘော ဖြစ်လာလို့ အရောင်ပြောင်း၊ အပျော့-အမာ မတူ၊ အထူ-အပါး ခြားနားလာလိမ့်မယ်။ ဒါက မကြာပါ။ ပြန်ကောင်းလာပါမယ်။ ယားတာအတွက် Citrizine စားဆေးသောက်ပါ။ ဗီတာမင် (ဘီ-စီ-အေ) တွေ သောက်ပါ။ အစားအစာ မျှတပါစေ။

2011/4/8
Q 2: ဆေးစစ်ပြီးပါပြီ။ Full medical check-up including X-ray and blood စစ်ထားပြီးသားပါ။ ဘာပြသနာမှ မရှိပါဘူး။ လေးဘက်နာပိုး ရှိ-မရှိနဲ့ သွေးစစ် ထားပြီးပါပြီ။ အဲ့တုန်းကတော့ ဘာ Symptom မှ ဖြစ်မနေပါဘူး။ ကြုံတုန်း စစ်လိုက်တာပါ။ ရာသီဥတုနဲ့ ဆိုင်တယ် ထင်မိပါတယ်။ (အေးလို့) ပြီးတော့ Stress ကြောင့်ပဲ ထင်မိတာပါ။ (၇-၄-၂ဝ၁၁) က Paracetamol ပါတာ သောက် အိပ်လိုက်တာ ဒီမနက် နိုးတော့ လက်က သက်သာတယ်။ ကွေးရင် သိပ်မနာတော့ဘူး၊ ဆေးက Onacine ပါ။ Paracetamol 500mg ပါလို့ သောက်လိုက်တာပါ။ ဟိုအရင် ဒီမှာလက်ရောင်တုန်းကတော့ Dr. (့) က ဆေးတွေ ပို့ပေးပါတယ်။ လူးဆေး Dicloran MS Gel သောက်ဆေး Longevite (လေးဘက်နာ) အတွက်ထင်ပါတယ်။ အစာအိမ် ထိမှာစိုးလို့ လေဆေးနဲ့ တွဲရတယ် ထင်တာပါပဲ။ FlexAnew (အဆစ်ကိုက်ရောင်) အတွက်ပါ။ စွဲပြီးတော့ သောက်ရပါတယ်။ သိပ်မထူးသလိုခံစားရလို့ပါ။ တိုင်းရင်းဆေးလည်း လူးဖူးပါတယ်။ မထူးပါ။ ရန်ကုန် ရောက်ရင် အကောင်း၊ ဒီမှာနေမှ အေးရင် Exam နီးစိတ်ရှုပ်လာရင် ဖြစ်ပြီ ထင်တာပါပဲ။ ၂ ခေါက် ၃ ခေါက် စလုံးက အဲ့လို ဖြစ်နေလို့ပါ။ အရမ်းလည်း စိတ်လှုပ်ရှားလွယ်၊ တစ်ခုခုဆို သူများထက် ပိုစိုးရိမ်၊ စိတ်တွေဖိစီး၊ စိတ်ညစ်တတ်ပါတယ်။ ဒေါသလည်း ထွက်လွယ်ပါတယ်။ အဲ့တွက်ရော ဆေးသောက်စရာ လိုမလား။ စိတ်ငြိမ်ဆေးလေး ဘာလေးများ ရှိရင် စွဲသောက်ချင်ပါတယ်။ နှလုံးကလည်း အရမ်းခုန်တာမြန်ပါတယ်။ စာမေးပွဲခန်း ဝင်ခါနီးတုန်သလိုကို ခုန်နေ၊ တုန်နေတာပါ။ စိုးရိမ်၊ စိတ်ဓါတ်ကျနေပါတယ်။ စိတ်ကျရောဂါ Symptom တော်တော် များများလည်း ဖြစ်နေသလားလို့ပါ။ ဘာကြောင့် ဝယ်ရ-မရတော့ မပြောတတ်တာလည်း။ အလွယ် မရောင်းတဲ့ တားမြစ်ဆေးလိုများ ဖြစ်နေလို့လားရှင်။ Paracetamol 1 tablet 4 times a day for 5 days သောက်ရင် လူရော အိပ်ချင်ပြီး နှုန်းနေတတ်လား။ ကျောင်းက everyday တတ်နေရလို့ပါ။

ဆေးစစ်ထားတယ်ဆိုရင် သိပ်ကောင်းတယ်။
DICLORAN MS Gel ဆိုတာ Diclofenac diethylamine + Methyl Salicylate + Alpha-linolenic acid + Menthol G တွေပါတဲ့ အနာ-အကိုက်-အရောင် သက်သာဆေး ဖြစ်တယ်။
FlexAnew Tablets ဆေးက COX-2 Inhibitor ဆေးမျိုး၊ နာတာကို သက်သာစေတယ်။ Longevite နာမယ်နဲ့ဆေးတွေက မတူကြပါ။ အလှအပသုံးဆေး၊ အရေပြားချောဆေးလဲ ရှိတယ်။ လိမ်းဆေးတွေမှာ ပူတာ-မပူတာ ရှိတယ်။ အေးတဲ့ရာသီ ပူတာကောင်းတယ်။ မျက်နှာ၊ နုတ်ခမ်းမှာ မဟုတ်ရင် ပူတာ ကောင်းတယ်။ ဒါပေမဲ့ ဆေးလိမ်းလို့ သိပ်မပူစေပါနဲ့။ မိန်းကလေး အရေပြားက နု-ပါးတယ်။ အရေပြား မလောင်စေပါနဲ့။ စိတ်ဖိစီးမှု ဖြစ်နိုင်ပါတယ်။ ဒီအရွယ်မျိုးက စိတ်ထက်ကြတယ်။ တက်ကြွတယ်။ တနယ်တမြေ ရောက်နေရင် စိတ်ကို တမျိုး သက်ရောက်စေနိုင်တယ်။ တက်ကြွသင့်သလောက် တက်ကြွတာ ကောင်းပါတယ်။ စိတ်ညစ်တာ နဲ့ ဒေါသကိုတော့ ချုပ်တီးရမယ်။ ဆေးလိုတဲ့သူမှ လိုပါတယ်။ စိတ်ငြိမ်ဆေး မသောက်ချင်ပါနဲ့အုံး။ နှလုံးခုန်နှုန်းသိချင်တယ်။ စိတ်အေးလက်သာ ရှိချိန်မှာ ကိုယ့်လက်ကို စမ်းပါ။ လက်ကောက်ဝတ်၊ လက်မဘက်က စမ်းလို့ ရတဲ့ သွေးခုန်နေတာကို တမိနစ် ဘယ်လောက်လဲ ရေပါ။ ပုံမှန် တမိနစ်မှာ ၇ဝ-၈ဝ ရှိကြတယ်။ စိတ်တို ဒေါသကြီးတာ နဲ့ ရင်တုန်တာ ရောနေသလား သိချင်တယ်။

2011/4/10
Q 3: ကျွန်တော့် ချစ်သူရဲ့ ဘယ်ဘက် ပေါင်အပြင်မှာ ကြာဆူးလိုပဲပြောရမယ်ထင်ပါတယ် အဲအနာလေးက ယားလည်း ယားတယ် စူးလည်းစူးတယ်တဲ့။ ကုတ်လိုက်ရင် အစိလေးတွေ ထွက်လာတယ်။ အဲနေရာကလည်း ပျောက်လိုက် ကြာဆူးလို ဟာလေးက ပြန်ထွက်လာလိုက်နဲ့ မပျောက်ဘူး ဖြစ်နေတယ်။ ဖြစ်တာကတော့ နှစ်ပတ်လောက်ရှိပြီ။ ကြာဆူးကို ပျောက်နိုင်မယ့် ဆေးလေးများရှိရင် ပြောပြစေလိုပါတယ်။

ကြာဆူး လို့ ပြောကြတာက အရေပြားမှာ ကြမ်းပြီး အဖု-အသီးငယ်လေးတွေထတာကို ပြောကြတာ များတယ်။ များသောအားဖြင့် တဒေါင်ဆစ်၊ ဒူးနေရာမှာ ဖြစ်တယ်။ အဖိခံရတာ များတဲ့နေရာမျိုးပေါ့။ ဒါမျိုးက ဗီတာမင် အေ ချို့တဲ့လို့ ဖြစ်တယ်။ ကလေးတွေ ဖြစ်တာ ပိုများတယ်။ တကယ်လို့ နေရာ တခုထဲမှာ ကွက်ဖြစ်နေရင် သေခြာကြည့်ရမယ်။ ပေါင် အပြင်ဘက်မှာ အနာလိုဆိုရင် တမျိုး ဖြစ်နိုင်တယ်။ ကြွက်နို့နဲ့ တူသလား။ ရောဂါသေခြာမှ ဆေးပေးတာ ကောင်းပါတယ်။ လိုမယ်ထင်ရင် ဓါတ်ပုံရိုက် ပို့နိုင်ပါတယ်။ ဖြစ်တဲ့သူ အသက်လဲ ထည့်ရေးပါ။ အနာရဲ့ အရွယ်အစား၊ အရောင်လဲပြောပါ။

2011/4/10
Q 4: ချိုင်းမွေး၊ ဟိုအမွေးတွေကို ဘယ်လိုနည်းနဲ့ရှင်းတာ အကောင်းဆုံးပါလဲ။ ကျနော် ချိုင်းမွေးရှည်ရင် ယားတယ်။ ပြီးတော့ ချွေးထွက်ရင်လဲ နံတယ်။ ရိတ်တော့လဲ ပြန်ပေါက်တာ ယားပြန်ရော။ ဂျယ်သုံးဖူးတယ် စိတ်တိုင်းမကျဘူး။ ပြောင်လဲ မပြောင် အဖုသေးသေးလေးလဲ ထွက်လာတယ်။ ဟိုဟာကတော့ ရိတ်ပါတယ်။ ပြဿနာမရှိပါဘူး။ ဒါပေမယ့် အဲဒါ မှန်ကန်တဲ့နည်း ဖြစ်ပါသလား။

Waxing ဖယောင်းသုံးပြီး အမွှေးတုံးစေမယ် ကို ဖတ်ပါ။

Apr 9, 2011 at 8:27 PM
Q 5: I forgot to ask just now. I don’t like eating meat and mostly I eat is veggies, fish and prawn. So can I still continue this eating habit during my pregnancy? But I drink a cup of milk in every morning. I am thinking of eating more egg & drink more milk as I don’t eat meat a lot. And I like to eat fruits also, I eat the 2 to 3 Sunkist’s a day. Is it good for pregnancy?

Meat provides protein. Fish, prawn, eggs and pea are also rich of protein. All vegetable and fruits are good. Milk is great. You can read Nutrition article if you have interest and time.

2011/4/9
Q 6: ကျွန်တော်က အခုအသက်၂၅ ပါ။ (....) မှာ နေပါတယ်။ လွန်ခဲ့သော ၃ ပတ်လောက်က အဖော်တယောက်နဲ့ လိမ်ဆက်ဆံခဲ့ပါတယ်။ အခုတခါတလေ လိမ်တံထိပ်နားက ပုရွက်ဆိတ်လေး ကိုက်သလို စစ်စစ်နဲ့ ဖြစ်နေပါတယ်။ တခါတလေမှပါ။ ပြီးတော့ ဆီးက ဝါနေပါတယ်။ နှုတ်ခမ်းလဲ ကွဲပါတယ်။ အဲ့တာ ဘာများ ဖြစ်မလဲ စိုးရိမ်နေမိတယ်။ အလုပ်ကလဲ အလေးအပင် မရတော့ တခါတလေမှာ အူကျသလိုနာတက်တယ်။ HIV ဖြစ်မှာ စိုးနေလို့ပါ။

လိင်ဆက်ဆံတာကို သံသယရှိရင် ဆီးအောင့်တာ၊ အရည်တခုခုဆင်းတာ၊ နာတာ သတိပြုပါ။ လိုရင် ဆေးသောက်ပါ။ ဆီးဝါသလို မျက်လုံး ဝါသလား။ တပါတည်း အစားအသောက် ပျက်သလား။ အသဲရောင် အသားဝါ (အေ) ဖြစ်မှာ စိုးရတယ်။ နားပါ။ ရေ-အရည် များများ သောက်ပါ။ အရက် ရှောင်ပါ။ နုတ်ခမ်းကွဲတာ ဝမ်းချုပ်သလား၊ ဗီတာမင် စီ နည်းသလား။ အူကျရင် မနာဘဲ ဖြစ်တဲ့ဘက်မှာ ဖေါင်း-ကျလာတယ်။ HIV သံသယအတွက် ဆေး (သွေး) စစ်ပါ။

2011/4/9
Q 7: သွေးစစ်ပြီးတော့ ကိုယ်ဝန်က နှစ်ပတ် သုံးပက် လောက်ရှိပြီလို့ ပြောပါတယ်။ နောက်နှစ်ပတ်မှ လာပြီး နှလုံးခုန်သံ နားထောင်လို့ ရမယ်ဆိုလို့ နောက်နှစ်ပတ်မှ သွားပြရပါမယ်။ ဒါပေမဲ့ ဗိုက်ထဲနဲ့ ဆီးစပ်အပေါ်နားက ရာသီလာခါနီး နာသလိုမျိုး နဲနဲ နာချင်သလိုလို ရှိပါတယ်။ ရာသီလာခါနီး နာသလိုမျိုးပါ။ ဒါပေမဲ့ ရာသီလာရင် နာသလောက်တော့မနာ ပါဘူး။ နာတာကလဲ မိနစ်နဲနဲပါပဲ။ အဲဒါ ကိုယ်ဝန်မှာ Problem ရှိနိုင်ပါလား။ သွေးတော့အခုထိလုံးဝ မဆင်းပါရှင့်။ အခုက Folic acid နဲ့ Enervon-C သောက်နေပါတယ်။ ကိုဝန်ရှိရင် Omega 3 Fish Oil ရော သောက်လို့ ရပါသေးလား။

Congratulations! ကိုယ်ဝန်ရှိစ နဲနဲ နာတာလောက် စိုးရိမ်စရာမရှိပါ။ အားဆေးတွေ ကောင်းပါတယ်။ Omega 3 လဲ သောက်နိုင်ပါတယ်။ ကိုယ်ဝန် ရင့်လာရင် Calcium လဲ သောက်ရမယ်။ အစားအသောက် စားပေးပေါ့။

2011/4/9
Q 8: သမီး သူငယ်ချင်းမှာ 5-01-11 တုန်းက သားအိမ်ခြစ်ရပါတယ်။ မေးလ်တွေပို့ဖူးပြီး မေးမြန်းဘူးပါတယ်။ ခြစ်ပြီး ဆေးတွေ ထိုး-သောက်တော့ သက်သာပါတယ်။ လကုန်တော့ ရာသီလာတော့ နည်းနည်း ပြန်နာပါတယ်။ အဲ့တုန်းက ဆရာပြောသလို သားအိမ်က သွေးဆင်းတော့ ညှစ်ရတာ ဖြစ်လို့ ပြန်နာတာ နားလည်ပါတယ်။ ဒါပေမယ့် အခု ဒီ ဆီးစပ်နား ဗိုက်ပြင်က ဟိုနားနည်းနည်း ဒီနားနည်းနည်း နာနေတတ်ပါတယ်။ သူ့အမျိုးသားကလည်း အဝေးမှာ ရောက်နေတော့ အားငယ်နေပါတယ်။ သမီးတို့ လိုအပ်တာကို လုပ်လို့ရအောင်ပါ.။ နာတာက အမြဲတော့ မနာပါဘူး။ တစ်ခါတစ်ခါ အလယ် တစ်ခါတစ်ခါ ညာဘက် ဘယ်ဘက် စသဖြင့် နာပါတယ်။ ဘာဖြစ်တတ်ပါသလဲ။ ကလေးတွေ ဘာတွေ မရတော့မှာ ကိုလည်း စိုးရိမ်ပါတယ်။ အခုတလော နာတတ်နေတော့ စိတ်မချမ်းသာလို့ပါ။

• ဆီးစပ်နေရာနာတာမှာ သားအိမ်ပါတ်ဝန်းကျင် နဲ့ ဆီးအိမ် ၂ မျိုး တခုခုဖြစ်တာ ခွဲခြားရမယ်။ တွဲလဲ ဖြစ်တတ်တယ်။
• ဆီးအောင့်တာ၊ ဆီးခဏခဏသွား၊ သွားရင်နာ၊ ဆီးပူတာက ဆီးလမ်းမှာဖြစ်တာ။
• မွေးလမ်းဆိုတာ ဗဂျိုင်းနား၊ သားအိမ်အဝ၊ သားအိမ်၊ သားအိမ်ပြွန် နဲ့ မျိုးဥအိမ်၊ နောက်ပြီး အဲဒါတွေ ဘေးနားနေရာတွေ ဖြစ်တယ်။ တဆက်ထဲ သဘောပါဘဲ၊ အဖြစ်များကြတယ်။
• မွေးလမ်းမှာ ဖြစ်ရင် တခုခုဆင်းတာနဲ့ တွဲတာ များတယ်။ အဖြူ-အဝါ-သွေး ဆင်းနိုင်တယ်။
• ယားတာနဲ့ မယားတာလဲ မေးတယ်။
• တချို့မှာ အိမ်ထောင်ဘက်နဲ့ အတူနေရင် နာတာလဲ တွဲဖြစ်သေးတယ်။
• ခဏခဏဖြစ်မှ နောင် ကလေးရဘို့ ခက်တယ်။
• ရာသီလာခါနီး နာတတ်တာလဲ စဉ်းစားရမယ်။
• သွေးထိန်နေရင် ကိုယ်ဝန် ပျက်ချင်တာလား။ သားအိမ်ပြင်ပ-ကိုယ်ဝန်လား။
• ဆီးလမ်း၊ မွေးလမ်းမဟုတ်ဘဲ အစာလမ်းကိုလည်း မေ့မထားရဘူး။ ဖြစ်ရင် လေတို့၊ ဝမ်းတို့နဲ့ ဆက်နေမယ်။
• ဗိုက်ညာဘက် အောက်နားဆိုရင် အူးအတက်ကို ထည့်တွက်ရမယ်။
• ဗိုက်အောက် ဘယ်ဘက်ဆိုရင် ဝမ်းကိစ္စ။
• ဖြစ်နိုင်စရာတွေ ရေးပြလို့ စိတ်ညစ်-စိတ်ရှုတ်မသွားပါနဲ့။ မေးတဲ့သူမှာ ဖြစ်နိုင်စရာအများဆုံးက မျိုးပွါးလမ်း ရောင်တာပါ။

1. Painkiller (Ibuprofen, Diclofenic, Paracetamol) တခုခု သောက်စေပါ။ တခါသောက် ၁ ပြား၊ တနေ့ ၃-၄ ကြိမ် သောက်ပါ။ ၃-၄ ရက်ထက် မကြာလောက်ပါ။
2. ပိုးသေဆေးလဲ သောက်သင့်တယ်။ (အသင့်အတင့်) ဆိုးတဲ့ တင်ပဆုံရိုးတွင်း အင်္ဂါတွေ ရောင်တာအတွက် -
• Ceftriaxone 250 mg IM ထိုးဆေး ၁ လုံးထိုးပါ။ ဒါမှမဟုတ် Cefoxitin 2 g ထိုးဆေး IM ထိုးပါ။
• Doxycycline စားဆေး တခါသောက် ၁ လုံး၊ တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။
• ပိုသေခြာအောင် Metronidazole စားဆေး တခါသောက် ၁ လုံး၊ တနေ့ ၃ ကြိမ်၊ ၅-၇ ရက်သောက်ပါ။

အကောင်းဆုံး ဆေးညွှန်းဖြစ်ပါတယ်။ ထိုးဆေး လက်လှမ်းမမီရင် သောက်ဆေး ၂ မျိုး အားကိုးနိုင်ပါတယ်။

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...