ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာ မေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook Comment မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Saturday, April 2, 2011

Nuclear Medicine အနုမြူ ဆေးပညာ

2011/3/15
ကျမ သွိုင်းရွိုက် ဟော်မုန်းအထွက် လွန်ကဲတဲ့ ရောဂါကို Radioactive iodine နဲ့ကုတာနဲ့ပတ်သက်ပြီး သိချင်တာလေးရှိလို့ မေးပါရစေရှင့်။ ဆရာ့ရဲ့ စာမှာ ဒီရောဂါကို Radioactive iodine နဲ့ကုသတာဟာ ခွဲစိတ်စရာမလိုတဲ့ အဆင့်ဖြစ်တယ်လို့ ဖတ်ရပါတယ်။ ခုကျမက Refugee အနေနဲ့ (့) မှာပါ။ ကျမ မိတ်ဆွေတစ်ယောက်လည်း ဒီရောဂါဖြစ်နေတာကို ဒီမှာ Radioactive iodine နဲ့ ကုသပေးမယ် ဆိုပြီး အဆင့်ဆင့် လုပ်လာတာ မတ်လ ၂၉ ရက်မှာ Radioactive လုပ်တော့မှာပါ။ အသက်က ၃၈ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသား လူနာပါ။ အဲ့ဒီမှာ သူတို့က ဆောင်ရန်ရှောင်ရန်များကို A4 စာရွက်နဲ့ ၄-၅ ရွက် ပေးလိုက်ပါတယ်။ တတ်သလောက် မှတ်သလောက် ဖတ်ကြည့်တော့ ကုသမှု မတိုင်ခင် ၂ ပါတ် ကတည်းက ဆောင်ရ-ရှောင်ရမဲ့ အစားစာတွေ ရေးထားပါတယ်။ ကုသမှုပြီး ၄ ရက်တွင်းမှာ အနေအထိုင် အစားအသောက် သီးသန့် နေထိုင်ဖို့ စားသောက်ဖို့ နဲ့ အသုံးအဆောင်များကိုပါ သီးသန့် ထားဖို့တွေ တွေ့ရပါတယ်။

ကုသမှုပြီး ဆေးရုံမှ အပြန် ဒရိုင်ဘာနဲ့ ထိုင်ရမဲ့ အနေအထား၊ အဲ့ဒီ ၄ ရက်တွင်းမှာ ဘယ်သူနဲ့မှ မတွေ့ရန်၊ တစ်အိမ်ထဲ နေထိုင်သူမှာ တစ်ခုခုဖြစ်ရင် ချက်ချင်း အကြောင်းကြားရန် တို့ကို ရေးထားပါတယ်။ ဖတ်ကြည့်ပြီး သိရသလောက်ဆို တော်တော် အန္တရယ်များတာကို တွေ့ရပါတယ်။ ဒီလောက် အရေးကြီးတဲ့အရာကို ဒီလို ကျန်းမာရေးနဲ့ပတ်သက်ပြီး အလေးထားပါတယ် ဆိုတဲ့ နိုင်ငံကြီး တစ်နိုင်ငံမှာ ဘာသာပြန်ပြီး မရေးပေးတာကို ကျမစဉ်းစားလို့မရပါဘူး။ ဒါကြောင့် ကျေးဇူးပြုပြီး ဒီ Radioactive ကုသတာနဲ့ ပတ်သက်ပြီး သက်ရောက်မှုများကို ဖြေကြားပေးစေချင်ပါတယ်ရှင့်။ ရှောင်ရန် အစားအစာများကို မနက်ဖြန် ၁၅ ရက်နေ့က စရှောင်ရပြီဖြစ်လို့ပါ။

ဆေးရုံကပေးတဲ့စာကို Scan လုပ်ပို့နိုင်မလား။ ဓါတ်ပုံရိုက်ပို့လဲ ရပါတယ်။ ဆောင်ရန်-ရှောင်ရန်တွေက တချို့နေရာတွေမှာ မတူတတ်ဘူး။ အခြေခံကတော့ လူနာမှာ ရေဒီယိုဓါတ် ရှိနေလိမ့်မယ်။ သူနဲ့ အတူနေသူတွေအတွက် သတိထားရမှာသာ ဖြစ်တယ်။ သူ့ဆီက ထွက်တာတွေထဲမှာပါ ပါနေမယ်။ အိမ်သာ၊ ရေချိုးခန်း အဓိကပါဘဲ။ ကလေးအမေ မဟုတ်တာ တော်သေးတယ်။

ပြန်စာကို ရလို့ ကျေးဇူးတင်ပါတယ်ရှင့်။ ဆောင်ရန်-ရှောင်ရန်တွေအတွက်ကတော့ တစ်ယောက်က ကူညီ ဘာသာပြန် ပေးတဲ့အတွက် တော်တော်များများသိရပါပြီ။ အနုမြူရောင်ခြည် ကုသမှုနဲ့ပတ်သက်ပြီး အတူနေသူတွေမှာ သတိထားရမှာတော့ သိရပါပြီ။ အဓိက သိချင်တဲ့ အချက်ကတော့ ကုသမှုစတဲ့ အချိန်ကနေစပြီး လူနာမှာ ဘာတွေ သတိထားသင့်သလဲ ဘာတွေ ဖြစ်လာနိုင်လဲ။ ဒီကုသမှုနဲ့ ပတ်သက်ပြီး လူနာအပေါ်မှာ ဘယ်လို ဆိုးဆိုးရွားရွား သက်ရောက်မှုတွေ ကြုံလာနိုင်ပါသလဲရှင့်။

Nuclear medicine (နူကလီယာ-မယ်ဒီဆင်) အနုမြူသုံး ဆေးပညာမှာ -
(၁) Diagnostic use ရောဂါရှာဖွေတာ၊ ဥပမာ X-ray ဓါတ်မှန်ရိုက်တာ၊ Computed X-ray tomography (CT) ဆိုတဲ့ Medical imaging ပုံဖေါ်ပြီး ရောဂါရှာဖွေတာ၊ ရောဂါအခြေအနေကို စစ်ဆေးတာမှာ သုံးတယ်။ Thyroid (သိုင်းရွိုက်)၊ အရိုး၊ နှလုံး၊ အသဲနဲ့ တခြား အင်္ဂါအစိတ်အပိုင်းတွေကို စမ်းသပ်ရာမှာ သုံးတယ်။ မြန်တယ်၊ တိကျတယ်။
(၂) Therapeutic use အနုမြူဆေးသုံး ဆေးကုတာမှာလဲ သုံးတယ်။ ဥပမာ လည်ပင်းကြီး ဟော်မုန်းများ ရောဂါ၊ ကင်ဆာ ဖြစ်လို့ ဓါတ်ကင်တာ။

ကမ္ဘာမှာ အဲလို ဆေးရုံပေါင်း တသောင်းကျော်ရှိတယ်။ ၉ဝ% က ရောဂါရှာဖွေတာအတွက် ဖြစ်တယ်။ သုံးတဲ့ အနုမြူ-ပစ္စည်းကို Radioisotope (ရေဒီယို-အိုင်ဆိုတုပ်) ခေါ်တယ်။ ရေဒီယို-သတ္တိကြွ ရောင်ခြည် ထုတ်ပေးတယ်။ အများဆုံး သုံးတာက Technetium-99 ဖြစ်တယ်။

Hyperthyroidism လည်ပင်းကြီး ဟော်မုန်းများ ရောဂါကို Graves' disease ရောဂါလို့လဲ ခေါ်တယ်။ ဒီရောဂါအတွက် သုံးတဲ့ Radioisotope of iodine ကို Iodine-131, I-131 နဲ့ Radioiodine ခေါ်တယ်။

I-131 ဆေးကုသူတိုင်း ရှောင်စရာတွေ ရှိတယ်။ ဆေးရုံ တခုနဲ့တခုတော့ မတူတတ်ဘူး။
• I-131 ပါတဲ့ဆေးကို မျိုချလိုက်ရင် အစာလမ်းကြောင်းကနေ သွေးထဲ ရောက်လာမယ်။ လည်ပင်းကြီးနေရာမှာ လာစုနေပြီး (ဆဲလ်) တွေကို ပျက်စီးစေမယ်။
• ဆေးမသောက်မီ ကိုယ်ဝန် မရှိစေပါနဲ့။ ၂၄ နာရီအတွင်း ကိုယ်ဝန် ရှိနေ-မနေ စစ်ပါ။
• ဆေးမသောက်ခင် အရင်ရက်မှာ ညသန်းခေါင်ကျော်ရင် မစား၊ မသောက်ဘဲ နေရတယ်။
• တခြား Anti-thyroid medications လည်ပင်းကြီးနဲ့ ဆိုင်တဲ့ ဆေးတွေလဲ ၃ ရက်အတွင်း မသောက်ခဲ့ရဘူး။
• ဆေးသောက်ထားသူထဲကနေ ချွေး၊ ဆီးစတာတွေထဲကနေ စွန့်ထုတ်နေမယ်။ သွားရည်၊ မွေးလမ်းအရည် နဲ့ ဝမ်းထဲကနေလဲ နည်းနည်းပါးပါး ပါသွားမယ်။
• ဆေးကုနေသူသုံးနေတဲ့ ရေချိုးခန်း၊ အိမ်သာ၊ အိပ်ယာခင်း၊ အသုံးအဆောင်တွေ သန့်ရှင်းရေး ပိုလုပ်ရမယ်။
• ရေအိမ်သာ သီးသန့် ဖြစ်သင့်တယ်။ အညစ်အကြေး စွန့်ပြီးရင် ရေ ၂ ခါဆွဲပါ။
• သန့်စေဘို့ Bind-It Decontaminant နဲ့ I-Bind ဆေး ၂ မျိုးသုံးနိုင်တယ်။
• ပဌမ ၂ ရက်ကနေ ၄ ရက်က အရေးအကြီးဆုံး ဖြစ်တယ်။
• တခြားလူတွေနဲ့ ရက်ကြာကြာ ကင်းကင်း ဝေးဝေးနေသင့်တယ်။ ဖက်လှဲတကင်း မနေသင့်ဘူး။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေ။
• လက်ကို ရေနဲ့ မကြာခဏဆေးပါ။
• ရေ-အရည် သောက်တာ မနည်းစေပါနဲ့။
• ပန်းကန်ခွက်ယောက် တခါသုံး သုံးတာ ကောင်းတယ်။ မဟုတ်ရင် ဆေးကြောရာမှာ သီးသန့်ဖြစ်အောင် လုပ်ပါ။
• အိပ်ရင် တယောက်ထဲအိပ်ပါ။
• အဝတ်အစားတွေ အိမ်မှာတင် သီးသန့်ဖွတ်လျှော်ပါ။
• ကိုယ်တိုင် ထမင်းမချက်ပါနဲ့။
• ဘာကိုမှာ လက်နဲ့ကြာကြာ ထိကိုင်-ပွေ့ဖက်တာ မလုပ်ပါနဲ့။
• ကလေးငယ် မွေးထားရင် ကလေးကို သူများ အထိန်းခိုင်းရမယ်။ ကလေးကို နို့မတိုက်ပါနဲ့။
• သူများကလေးတွေကို ပွေ့ဖက်တာလဲ ရှောင်သင့်တယ်။
• ကောင်းတာက ၁ မီတာ ၂ မီတာ အကွာမှာသာ နေသင့်တယ်။
• လိင်ဆက်ဆံတာ ၁ လတာ ရှောင်ရမယ်။ နည်းနည်းသာပေးရသူဆိုရင် ဒိထက် ရက်တိုနိုင်တယ်။
• အမျိုးသမီးဆိုရင် နောက်ထပ် ၆ လ၊ ၁ နှစ် ကိုယ်ဝန် မယူပါနဲ့။
• Radioiodine I-131 ဆေးက Capsule ဆေးတောင့် နဲ့ Liquid အရည် ရှိတယ်။
• ဆေးသောက်တာ ၁ ခါ နဲ့ရတယ်။ တချို့ကို ၂ ခါပေးတယ်။
• ဆေးသောက်ပြီး ၁ လ ကနေ ၃ လအထိနေမှ အကျိုးသက်ရောက်တာ သိသာတယ်။ အများဆုံး ၆ လ။
• ဆေးသောက်လိုက်ရင် လည်ပင်းနေရာက နဲနဲနာနိုင်တယ်။ လည်ချောင်းနာသလိုမျိုး။ အနာသက်သာဆေး ဆရာဝန်က ပေးချင်ပေးမယ်။
• တချို့လူနာတွေမှာ လည်ပင်းကြီး ဟော်မုန်း အစားထိုးဆေး သောက်နေဘို့ တသက်တာ လိုနိုင်တယ်။
• လေဆိပ်တွေမှာ Radiation detectors တွေနဲ့ စစ်ဆေးတယ်။ အနုမြူဆေးနဲ့ ဆေးကုထားသူတွေ ၉၅ ရက် အတွင်း လေယာဉ် မစီးသင့်ဘူး။ ခရီးသွားစရာရှိရင် ဆရာဝန်ဆေးလက်မှတ် ယူသွားပါ။
• တချို့နိုင်ငံတွေမယ် ရုံးအဝင်မှာ စစ်ဆေးတတ်တယ်။
• I-131 ကို Thyroid cancer လည်ပင်းကြီး ကင်ဆာကို ကုရာမှာလဲ သုံးနိုင်တယ်။

Dr. တင့်ဆွေ
၂-၄-၂ဝ၁၁