ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, April 8, 2011

Q and A April 2011 (2)

1. ညာလက်ချောင်းများ အဆစ်နေရာများမှာ ဖောင်းနေပြီး
2. ဆက်ဆံပြီးလို့ ၅ ရက်မြောက်နေ့ပါ
3. Paracetamol ကိုတော့ လုံးဝရှောင်ခိုင်းပါတယ်
4. အသည်းတွင် အလုံးတွေ့သည် ဆိုသဖြင့်
5. My partner and I were living together in last month and
6. ဒါလေး ဘာသာပြန်ပြီး ရေးပေးပါလား
7. ဆီးစပ်နား ဗိုက်ပြင်က ဟိုနားနည်းနည်း ဒီနားနည်းနည်း နာနေတတ်ပါတယ်

2011/4/7
Q 1: မ၊ ၂၃ နှစ်၊ အိမ်ထောင်မရှိ။ ညာလက်ချောင်းများ အဆစ်နေရာများမှာ ဖောင်းနေပြီး၊ အဆစ်ကြားနေရာများကတော့ ခြင်ကိုက်ဖုကဲ့သို့ နီရောင် ဖုများထနေပါသည်။ သက်သာသွားသော အဖုများမှာ မဲပြီး အရေခွံများ ခြောက်သလိုဖြစ်ကာ အသားမာလို ကျန်ရှိပါသည်။ တစ်ခုခုကို ကြာရှည် ဆုပ်ကိုင်ထားပြီး ပြန်လွတ်ရသူကဲ့သို့ ထုံကျဉ်ကာ လက်သီး ဆုပ်လို့လည်း မရပါ။ ဘောပင်တောင် မကိုင်ဆုပ်နိုင်လောက်အောင်ဖြစ်ရလို့ စိတ် တော်တော် ညစ်နေပါသည်ရှင်။ ညာလက် (ရောဂါရှိ)၊ ဘယ်လက်နှင့် ယှဉ်လျှင် ရုပ်ဆိုးကာ တော်တော် ကြည့်ရဆိုးပါသည်။ ကိုယ့်လက်ဟုတောင် မထင်စရာဖြစ်ရပါသည်။ နာတာရှည်တော့ မဟုတ်ပါ။ ပျောက်ပြီး ခုမှ ပြန်ဖြစ်တာပါ။ အေးသော Weather ကြောင့် ဒါမှမဟုတ် Stress ကြောင့် အစက ထင်ပါသည်။ စဖြစ်ကာစတွင် လက်ချောင်းများမှာ ပူနေတတ်ပြီး အေးလျှင် သက်သာသလို ရှိပါသည်။ အဓိကမှာ လက်ချောင်းများ ပိုတုတ်ကြီးကာ ကွေးလျှင် အဆစ်များ နီရဲဖောင်းကာ ဆက်ကွေးလို့ လည်းမရ၊ သိပ်နာပါသည်။ တစ်ခါတစ်ရံ ယားပါသည်။ ယခုရာသီဥတုက ဆောင်းဝင်သဖြင့် ရေခဲတမျှ အေးနေသော်လည်း ရောဂါက မသက်သာပါ။ စာမေးပွဲများလည်း ဖြေစရာရှိနေလို့ပါ။ သက်သာမယ့် ဆေးလေးများ ဆရာဝန်ဆေးစာ မပါပဲ ဝယ်လို့ရမယ့်ဟာ လေးညွန်းပေးပါ။ အရမ်းကို အရေးတကြီး ပျောက်ချင်နေပါပြီ။ မတည့်စာများလည်း နည်းနည်းလောက် ပြောပြပေးပါ။ Photo များထည့်ပေးလိုက်ပါသည်။ အရင် နှစ်တုန်းက ဆရာကို ပြဖို့ရိုက်ထားတာတွေပါ။ ခုလည်း ပုံစံတူတူပါပဲ။ အိမ်ကိုလည်းပြပါတယ်။ လေးဖက်နာလို့ ပြောပါတယ်။ အဲ့တုန်းက ခြေထောက်ပါနာလို့ ခြေထောက်ပုံပါ ထည့်ပေးလိုက်ပါတယ်။ ဒီတစ်ခါတော့ ခြေချောင်း နည်းနည်းနာပြီး ခုတော့ ပျောက်နေပြန်ပါတယ်။

ဓါတ်ပုံတွေပို့တာ အထောက်အကူရတယ်။ ဂေါက် နဲ့လဲ မတူပါ။ လေးဘက်နာ သက်သက်လဲ မဟုတ်ပါ။ အဆစ်ရော၊ အရေပြားပါ ရောဂါခံစားနေရတယ်။ ဆေး (သွေး) စစ်စရာတွေတော့ လိုသေးတယ်။ ကျောင်းသူဖြစ်နေတော့ အချိန် သိပ်မစောင့်စေချင်လို့ လောလောဆယ် ဆေးသောက်လိုက်ပါ။ ဝယ်ရ-မရတော့ မပြောတတ်ပါ။
Erythromycin 250 mg 4 times a day or 500mg 2 times a day for 5 days
Paracetamol 1 tablet 4 times a day for 5 days
Citrizine 1 tablet at bed time for 5 days
Erythromycin အစား Ampicillin လဲ သောက်နိုင်ပါတယ်။
ဆေးသောက်ပြီး တိုးတက်-ဆုတ်ယုတ်မှု ပြောပြပါ။

2011/4/7
Q 2: ကျွန်မမှာ ဒီနေ့ညနေကပဲ ရာသီသွေး လာပါတယ် ဒါကြောင့် ဆေးသောက်ရအုံးမလား၊ သောက်စရာ မလိုတော့ဘူးလား ဆိုတာကို ထပ်သိချင်ပါတယ်။ တကယ်ဆို ရာသီသွေးက နောက် ၄ ရက် ၅ ရက်လောက်မှ လာရမှာပါ။ အခု စောပြီးလာလို့ စိုးရိမ်စိတ် ရှိနေသေးလို့ ထပ်မေးကြည့်ရတာပါ။ ဒီနေ့ဆို ဆက်ဆံပြီးလို့ ၅ ရက်မြောက်နေ့ပါ။ ဆေး မသောက်ရသေးပါဘူး။ တကယ်လို့ Pregnancy Tests စမ်းမယ်ဆိုရင် ရာသီလာနေတဲ့ အချိန် စမ်းလို့ ရပါသလား။ ရာသီလာပြီးမှ စမ်းရမယ်ဆိုရင် ဘယ်နှစ်ရက် လောက်နေမှ စမ်းရမလဲဆိုတာလဲ။ စိတ်ချရအောင်လို့ စမ်းကြည့်ရင် ကောင်းမလားလို့ တိုင်ပင်ကြည့်တာပါ။ ဒီမှာ စုံစမ်းကြည့်တော့ တစ်ချို့တွေက မြန်မာဆေးဖြစ်တဲ့ ကေသီပန် သောက်ရင်လည်း ကိုယ်ဝန်မဖြစ်နိုင်ဘူးလို့ ပြောနေကြလို့ ဟုတ်လားလို့ သိချင်ပါတယ်။ ဘေးထွက် ဆိုးကျိုးရှိ မရှိလည်း ဖြေပေးစေချင်ပါတယ်။

ရာသီလာရင် ဘာမှ မလိုတော့ပါ။ ဆေးသောက်စရာ၊ ဆီးစစ်စရာ မလိုပါ။ မြန်မာဆေးတွေကို သိပ်မသိပါ။ နောင်အတွက် ကြိုတင် ကာကွယ်ထားပါ။

2011/4/5
Q 3: ဒီနေ့ပဲ ရက်ချိန်းအတိုင်း သွေးသွားစစ်ခဲ့ပါတယ်။ Liver Functions Test (LFT) နှင့် HBsAg နှစ်မျိုးစစ်ရပါတယ်။ နှစ်မျိုးလုံး အခြေအနေကောင်းတယ်လို့ ပြောပါတယ်။ ဘယ်လိုကောင်းတယ်ဆိုတာ အသေးစိတ်တော့ မသိပါ။ သောက်ဆေး ဆက်မပေးတော့ပါ။ နောက် ၆လနေရင် နှစ်မျိုးလုံးပြန်စစ်ဖို့ ချိန်းပါတယ်။ Paracetamol ကိုတော့ လုံးဝရှောင်ခိုင်းပါတယ်။ ဒါကြောင့် -
၁။ Paracetamol အစား လိုအပ်ရင် တခြားဘာဆေးတွေ သောက်လို့ရပါသလဲ။
၂။ အသည်းအားဆေး ပုံမှန်သောက်ဖို့ လိုအပ်ပါသလား။ လိုအပ်တယ်ဆို ဘယ်ဆေးမျိုးသောက်သင့်ပါသလဲ။

ဝမ်းသာစရာပါ။ ကောင်းတယ်ဆိုတာ ပိုး-ရောဂါ မရှိတာဘဲ ဖြစ်ပါမယ်။ အသဲအားဆေးက အမျိုးမျိုးရှိတယ်။ ဝယ်လို့ရတာ နေရာမတူရင် မတူပါ။ အိန္ဒိယမှာ Liv-52 ကို အသုံးများတယ်။ မြန်မာပြည်မှာ Tiovit နဲ့ ဂျပန်က Tiotan တွေ ဖြစ်တယ်။ တခြားနာမယ်တွေနဲ့ တခြား တိုင်းပြည်တွေမှာ ရနိုင်ပါတယ်။

NSAIDs ခေဓတဲ့ (စတီရွိုက်) မပါ အနာ-အကိုက်ပျောက်ဆေးမှန်သမျှ အသဲမကောင်းသူတွေနဲ့ မတည့်ကြပါ။ အနဲနဲ့အများ ထိခိုက်နိုင်တယ်။ ရေဖျင်းရှိရင် ပိုမတည့်ပါ။ ကိုယ်ရောင်လို့ ဆီးသွားစေတဲ့ဆေး Diuretics ပေးရရင် ဆေးချင်း မသင့် ဖြစ်တတ်တယ်။ အသဲမကောင်းသူမှာ Esophageal varices ကနေ သွေးယိုတာရှိနေရင် ပိုဆိုးစေတယ်။ တချို့က Acetaminophen (Tylenol) နဲ့ Acetylsalicylic acid (Aspirin) တွေ သုံးကြတယ်။ ဆေးအဆ လျော့ချရင် တော်သေးတယ်လို့ ဆိုတာလဲရှိတယ်။

2011/4/5
Q 4: ကျွန်တော့် အကိုကြီးသည် အသည်းရောင် ဘီ-စီ ပိုးရှိပါသည်။ သွေးတိုး ဆီချိုလဲရှိပါသည်။ အရင်တစ်ပတ်က အသည်းတွင် အလုံးတွေ့သည် ဆိုသဖြင့် CT Scan ရိုက်သောအခါ 5.cm ခန့်အလုံး တွေ့ပါသည်။ မြန်မြန် ခွဲရမည်ဆိုသဖြင့် 2-4-2011 က ခွဲလိုက်ပါသည်။ သည်းခြေတွင်လဲ ကျောက်တည်သဖြင့် တစ်ခါထဲ ခွဲလိုက်သည်။ ယခုအခါအရေးပေါ် အခန်းတွင်နေရပါသည်။ ယခု သတိရပါသည်။ ခွဲသည့်နေရာနှင့် ဗိုက် တစ်ဝိုက်တွင် တင်းပြီး နာသည်ဟုပြောပါတယ်။ နောက်ဆက်တွဲ ဘယ်လိုဖြစ်နိုင်သလဲဟု သိချင်ပါသည်။ ဘယ် အချိန် လောက်ထိ အနားယူရမလဲဟု သိချင်ပါသည်။ အစားအသောက်လဲ သိပ်မစားနိုင်ပါ။ မိသားစုသည် (့) တွင် နေပါတယ်။ အဖေသည်လဲ အသည်း ရေဖျင်းရောဂါ ရသဖြင့်ဆုံးခဲ့ပါသည်။ အမကြီးတွင်လဲ စီပိုး ရှိတာ ကြာသွားသောကြောင့် ယခုအခါ အသည်းခြောက်နေပါတယ်။ အရင်တုံးက ဆရာဝန်က အသည်း လဲရမည်ဟု ပြောသဖြင့်လဲ ခွင့်တင်ထားပါတယ်။ ယခု ကောင်းနေသဖြင့် လဲဖို့ နောက်ဆုတ် ပေးထားပါတယ်။ ကျွန်တော် ကိုယ်တိုင်လဲ စီပိုး ရှိသဖြင့် ဆေး 6 လ ထိုးခဲ့ဖူးပါသည်။ ယခုတော့ ၆ လ တခါ သွေးစစ်၊ အာလ်ထရာဆောင်း ရိုက်ပေးပါသည်။ ဆေးပညာနှင့် ပတ်သတ်သော တရုတ်စကားများအား သိပ်နားမလည်ပါ။

ခွဲစိတ်ပြီးရင် အထဲက ထွက်ဘို့လိုမှာတွေ ထွက်အောင် ပိုက်တပ်ပါတယ်။ မကြာပါ။ ပြန်ဖြုတ်ပါမယ်။ မေ့ဆးနဲ့ ခွဲပြီးစ လူနာတိုင်း အားနည်းတာ၊ မစားချင်တာတွေ ဖြစ်ပါတယ် ဒါလဲမကြာပါ။ သက်သာ ကောင်းမွန်းလာပါလိမ့်မယ်။ ဘီပိုးရော စီပိုးရောကြောင့် နောက်ဆက်တွဲဖြစ်နိုင်တာက အသဲခြောက်တာနဲ့ အသဲကင်ဆာ ဖြစ်ပါတယ်။ လူတိုင်းတော့ မဟုတ်ပါ။ အသဲအစားထိုးတာ လိုရင် လုပ်ရပါတယ်။ ရောဂါအကြောင်းတွေ ရေးထားတာတွေ ရှိပါတယ် လိုမယ်ထင်ရင် ဖတ်ပါ။ ရှာမတွေ့ရင် ပြောပါ။ တိုက်ရိုက် အီးမေးလ်နဲ့ ပို့ပါမယ်။

On Tue, Apr 5, 2011 at 9:32 AM,
Q 5: My partner and I were living together in last month and now we got a pregnant. We are still trying to tell about us to our parents. But we would like to make an abortion for this child. So, what should I do for that??Now it`s 4 weeks and two of us are not from Yangon. So I would like to request u to make this, please. Today I will go to Yangon and I would like to come to you. Where clinic do u sit? I wanna know Yamona clinic address. May I meet u at there? When do we come to meet with u? Please help me doctor. We would like to make during this week.

I am sorry that I can't help you at this point. It is because (1) I never perform induced abortion as I am a Burmese doctor and (2) I do not (cannot) reside in Rangoon or inside Burma.

8 Apr 11, 12:59
Q 6: ဒါလေး ဘာသာပြန်ပြီး ရေးပေးပါ။
Pill-72, Postinor 2, Plan B, (Generic Levonorgestrel) = Manufacturer: Cipla Limited manufactures: Take 1 tablet by mouth as soon as possible after unprotected sex. Take the second tablet by mouth 12 hours after taking the first dose. This medication works best when it is taken within 72 hours (3 days) after unprotected sex. In some cases, your doctor may instruct you to take both tablets at once.

Pill-72, Postinor 2, Plan B, Levonorgestrel နာမယ် တူဆေးကို ကိုယ်ဝန် မရချင်လျှင်၊ အကာအကွယ်မဲ့ လိင်ဆက်ဆံ ပြီးနောက် ၇၂ နာရီ (၃ ရက်) အတွင်း ပဌမဆေး ၁ လုံးသောက်ပါ။ နောက် ၁၂ နာရီခြားပြီး ဒုဆိယဆေး ၁ လုံး ထပ်သောက်ပါ။ ဆရာဝန်မှ ဆေး ၂ လုံး တပြိုင်နက် သောက်ရန်လည်း ခိုင်းနိုင်တယ်။

Apr 9, 2011 at 11:37 AM
Q 7: သူငယ်ချင်းမှာ လွန်ခဲ့တဲ့ 5-01-11 တုန်းက သားအိမ်ခြစ်ရပါတယ်။ ဆရာ့ကိုလည်း မေးမြန်းဘူးပါတယ်။ ခြစ်ပြီး ဆေးတွေ ထိုးသောက်တော့ သက်သာပါတယ်။ လကုန်တော့ ရာသီလာတော့ နည်းနည်း ပြန်နာပါတယ်။ အဲ့တုန်းက ဆရာပြောသလို သားအိမ်က သွေးဆင်းတော့ ညှစ်ရတာ ဖြစ်လို့ ပြန်နာတာ နားလည်ပါတယ်။ ဒါပေမယ့် အခု ဒီ ဆီးစပ်နား ဗိုက်ပြင်က ဟိုနားနည်းနည်း ဒီနားနည်းနည်း နာနေတတ်ပါတယ်။ ဘာလုပ်ရမလဲ။ သူ့အမျိုးသားကလည်း အဝေးမှာရောက်နေတော့ အားငယ်နေပါတယ်။ လိုအပ်တာကို လုပ်လို့ရအောင်ပါ။ နာတာက အမြဲတော့ မနာပါဘူး။ တစ်ခါတစ်ခါ အလယ်၊ တစ်ခါတစ်ခါ ညာဘက် ဘယ်ဘက် စသဖြင့် နာပါတယ်။ ဘာဖြစ်တတ်ပါသလဲ။ ကလေးတွေ ဘာတွေ မရတော့မှာကိုလည်း စိုးရိမ်ပါတယ်။ အခုတလော နာတတ်နေတော့ စိတ်မချမ်းသာလို့ပါ။

• ဆီးစပ်နေရာနာတာမှာ သားအိမ်ပါတ်ဝန်းကျင် နဲ့ ဆီးအိမ် ၂ မျိုး တခုခုဖြစ်တာ ခွဲခြားရမယ်။ တွဲလဲ ဖြစ်တတ်တယ်။
• ဆီးအောင့်တာ၊ ဆီးခဏခဏသွား၊ သွားရင်နာ၊ ဆီးပူတာက ဆီးလမ်းမှာဖြစ်တာ။
• မွေးလမ်းဆိုတာ ဗဂျိုင်းနား၊ သားအိမ်အဝ၊ သားအိမ်၊ သားအိမ်ပြွန် နဲ့ မျိုးဥအိမ်၊ နောက်ပြီး အဲဒါတွေ ဘေးနားနေရာတွေ ဖြစ်တယ်။ တဆက်ထဲ သဘောပါဘဲ၊ အဖြစ်များကြတယ်။
• မွေးလမ်းမှာ ဖြစ်ရင် တခုခုဆင်းတာနဲ့ တွဲတာ များတယ်။ အဖြူ-အဝါ-သွေး ဆင်းနိုင်တယ်။
• ယားတာနဲ့ မယားတာလဲ မေးတယ်။
• တချို့မှာ အိမ်ထောင်ဘက်နဲ့ အတူနေရင် နာတာလဲ တွဲဖြစ်သေးတယ်။
• ခဏခဏဖြစ်မှ နောင် ကလေးရဘို့ ခက်တယ်။
• ရာသီလာခါနီး နာတတ်တာလဲ စဉ်းစားရမယ်။
• သွေးထိန်နေရင် ကိုယ်ဝန် ပျက်ချင်တာလား။ သားအိမ်ပြင်ပ-ကိုယ်ဝန်လား။
• ဆီးလမ်း၊ မွေးလမ်းမဟုတ်ဘဲ အစာလမ်းကိုလည်း မေ့မထားရဘူး။ ဖြစ်ရင် လေတို့၊ ဝမ်းတို့နဲ့ ဆက်နေမယ်။
• ဗိုက်ညာဘက် အောက်နားဆိုရင် အူးအတက်ကို ထည့်တွက်ရမယ်။
• ဗိုက်အောက် ဘယ်ဘက်ဆိုရင် ဝမ်းကိစ္စ။
• ဖြစ်နိုင်စရာတွေ ရေးပြလို့ စိတ်ညစ်-စိတ်ရှုတ်မသွားပါနဲ့။ မေးတဲ့သူမှာ ဖြစ်နိုင်စရာအများဆုံးက မျိုးပွါးလမ်း ရောင်တာပါ။

1. Painkiller (Ibuprofen, Diclofenic, Paracetamol) တခုခု သောက်စေပါ။ တခါသောက် ၁ ပြား၊ တနေ့ ၃-၄ ကြိမ် သောက်ပါ။ ၃-၄ ရက်ထက် မကြာလောက်ပါ။
2. ပိုးသေဆေးလဲ သောက်သင့်တယ်။ (အသင့်အတင့်) ဆိုးတဲ့ တင်ပဆုံရိုးတွင်း အင်္ဂါတွေ ရောင်တာအတွက် -
• Ceftriaxone 250 mg IM ထိုးဆေး ၁ လုံးထိုးပါ။ ဒါမှမဟုတ် Cefoxitin 2 g ထိုးဆေး IM ထိုးပါ။
• Doxycycline စားဆေး တခါသောက် ၁ လုံး၊ တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။
• ပိုသေခြာအောင် Metronidazole စားဆေး တခါသောက် ၁ လုံး၊ တနေ့ ၃ ကြိမ်၊ ၅-၇ ရက်သောက်ပါ။

အကောင်းဆုံး ဆေးညွှန်းဖြစ်ပါတယ်။ ထိုးဆေး လက်လှမ်းမမီရင် သောက်ဆေး ၂ မျိုး အားကိုးနိုင်ပါတယ်။