ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, May 16, 2011

Q and A May 2011 (3)

1. တားဆေးကို ၁ လုံးသောက်ပြီး ရပ်လိုက်ပါတယ် ဝမှာကြောက်လို့ပါ
2. ဘယ်လိုမျိုး ပြုစုစောင့်ရှောက်သွားရင် (ကလေး) ဥာဏ်ကောင်း နိုင်တယ်ဆိုတာ သိချင်ပါတယ်
3. ၁၈ နှစ်လောက်မှာ ရောဂါတစ်ခု စဖြစ်ပါတယ်
4. ၃ လခံ တားဆေး နှစ်လုံးကို တစ်ပြိုင်နက် ထိုးပေးလိုက်တယ်
5. မျိုးဥအိမ် နှစ်ဖက်ထဲကို သွေးခဲက ဘယ်လိုအကြောင်းကြောင့် ဖြစ်ပေါ်လာရတယ်
6. တီဘီ ဖြစ်ရင်သူတို့က မြို့ ပြင်က ဆေးရုံလိုဟာမျိုးမှာ ထုတ်ထားကြတယ်

May 10, 2011 at 10:31 AM
Q 1: ကျမ အသက် ၂၇ နှစ်ပါ။ ရာသီက အရင်တည်းက မမှန်ပါဘူး။ ၁ လခွဲတခါ၊ ၂ လလောက်တခါမှ ပေါ်ပါတယ်။ ချစ်သူနဲ့ အတူနေမိလို့ ၇၂ နာရီဆေးကိုလည်း တလတခါကို ၃ ခါလောက် သောက်ဖူးပါတယ်။ အခု ရာသီမလာတာ ၃ လ လောက် ရှိပြီမို့ OG နှင့် ပြသခဲ့ပါသည်။ ဆရာဝန်မှ ပေါ်ဆေးထိုးပေးပြီး၊ ၅ ရက်ကြာမှ ရာသီပေါ်မည်ပြောပါသည်။ ရာသီ စပြီးပေါ်သည်နှင့် တားဆေးကဒ်မှ တနေ့ တလုံးနှုန်း နှင့် ၃ လစားရမည်ဟု ပြောပါသည်။ ယခုရာသီပေါ်နေပါပြီ။ အဲဒီ တားဆေးကဒ်က အရမ်း ဝတယ်လို့ သိရပါတယ်။ နဂိုတည်းက ဝနေသူမို့ ဆေးမသောက်ချင်ပါဘူး။ ရာသီတော့ မှန်ချင်ပါတယ်။ သားအိမ် အားကောင်းရင် ရာသီမှန်တယ်လို့ ပြောတာ ကြားဖူးလို့ အားကောင်းအောင် ဘာဆေးများ ရှိပါသလဲ။ တားဆေးကို ၁ လုံးသောက်ပြီး ရပ်လိုက်ပါတယ် ဝမှာကြောက်လို့ပါ။ ဆရာဝန် ညွှန်ကြားချက်အတိုင်းပဲ ဆက်လုပ်သင့်ပါသလား။ ဆရာဝန်မှ ရည်းစား ရှိလျှင်လည်း အမြန်ယူသင့်တယ်လို့ ပြောပါတယ်။ အဲဒါ ဘာဖြစ်လို့ပါလဲ။ ကလေးယူရန် အခက်အခဲ ရှိနိုင်လို့ပါလား။

• ဟော်မုန်း ၂ မျိုးတွဲပါ တားဆေးက ရာသီ လမှန်စေတယ်။ အိမ်ထောင်ရှိရှိ-မရှိရှိ ဆရာဝန်က ညွှန်တတ်တယ်။
• ဝလာတာ၊ ဝမလာတာ တယောက်နဲ့ တယောက် မတူပါ။
• သားအိမ် အားကောင်းဆေးရယ်လို့တော့ မရှိပါ။ ဆရာ မသိတာလဲ ဖြစ်ချင် ဖြစ်မှာပေါ့။
• ရာသီ၊ ကိုယ်ဝန်၊ ဝတာ၊ လိင်စိတ်ဆိုတာတွေက ဟော်မုန်းနဲ့ ဆိုင်ပါတယ်။ တခြား အကြောင်းတွေနဲ့လဲ ပတ်သက်သေးတယ်။ အစာအာဟာရ၊ စိတ်၊ ပတ်ဝန်းကျင် စတာတွေပေါ့။
• တားဆေးကို ဆရာဝန်ပြောသလို သောက်သင့်ပါတယ်။ ၁-၂-၃ လ သောက်ကြည့်လို့ ဝတယ်ဆိုရင် ဆရာဝန် ပြန်ပြောပါ။ အရင် ၃ ပါတ် သောက်ရမဲ့ဆေး ကုန်တာနဲ့ ရာသီလာလိမ့်မယ်။
• အိမ်ထောင်ပြုခိုင်းတာက အရေးပေါ်တားဆေး ခဏခဏသောက်နေရတာ ကြာရင် မကောင်းလို့ဆိုတဲ့အချက်လဲ ပါနိုင်တယ်။ ၂၇ နှစ်ဟာ အိမ်ထောင်ပြုဘို့၊ ကလေးယူဘို့ သိပ်ကောင်းတဲ့ အရွယ်လဲ ဖြစ်တယ်။
• ကလေးယူဘို့ ခက်-မခက်ဆိုတာ ဆေးစစ်ကြည့်မှသာ ပြောနိုင်ပါမယ်။
• လူပိုမဝအောင်၊ (ဝိတ်) ကျအောင် လုပ်တဲ့နည်းတွေ လုပ်သင့်ပါတယ်။

May 13, 2011 at 11:59 AM
Q 2: ကျွန်မ သားလေးဟာ ၁ နှစ်နဲ့ ၃ လ ရှိပါပြီ။ Milo (3 in 1 or Pure) တိုက်လို့ရပြီလား သိချင်လို့ပါ။ တစ်ခါ တိုက်ကြည့်မိတာ သူက ကြိုက်နေတော့ တိုက်ချင်မိပါတယ်။ အမြဲတမ်း စွဲတိုက်သွားချင်လို့ ဘယ်အရွယ်မှာ စပြီး ဘယ်လောက် တိုက်လို့ ရသလဲ။ နိ့မှုန့်လည်း တိုက်ပါတယ်။ အစားအစုံလည်း စားတတ်နေပါပြီ။ အလေးချိန် ၂၈ ပေါင် ရှိပါတယ်။ သွား ၈ ချောင်းရှိပါတယ်။ ကျန်းမာပါတယ်။ နောက်ပြီး ချောကလက် ကျွေးရင် ဥာဏ်ကောင်းတယ်လို့ ပြောကြလို့ စနစ်တကျ ဘယ်လိုကျွေးရပါမလဲ။ မြင်းခွာရွက်အရည် နဲ့ ပျားရည် ရောတိုက်ရင် ဥာဏ်ကောင်းတယ် ဆိုတာရော ဟုတ်ပါသလား။ ဘယ်လိုမျိုး ပြုစုစောင့်ရှောက်သွားရင် ဥာဏ်ကောင်း နိုင်တယ်ဆိုတာ သိချင်ပါတယ်ရှင့်။

• ကလေးကို ၆ လကျော်တာနဲ့ ဖြည့်စွက်စာ ကျွေးရတယ်။ ၁ နှစ်ကျော်ရင် အစုံကျွေးနိုင်ပါတယ်။ အစုံဆိုတာ ထမင်း-ဟင်းတွေ ပြောတာပါ။ လူကြီးတွေလို စားလို့ရလာတယ်။ လူကြီးတွေလိုဘဲ နွားနို့၊ လက်ဘက်ရည်၊ ကော်ဖီ၊ အသီးအနှံ၊ သွားရည်စာ စားနိုင်ပြီပေါ့။ သိတဲ့အတိုင်း သွားရည်စာ များရင် ပင်မအစား ထမင်းနည်းတတ်တယ်။
• ချောကလက်လဲ ကောင်းတဲ့အစာပါဘဲ။ ဒါပေမဲ့ ကလေးတွေ သွားမကောင်းဖြစ်ရတဲ့ တရားခံလဲဖြစ်တယ်။ အချိုစာမှန်သမျှ သွားအတွက် သတိထားရမယ်။ အချိုစာတွေထဲမှာ ပါတဲ့ သကြားဓါတ်က သွားရည်နဲ့ ပေါင်းတော့ အက်စစ်ထွက်ပြီး သွားရဲ့ အပေါ်ကြွေလွှာကို ဒုက္ခပေးတယ်။ အချိုဆိုတာထဲ အကုန်ပါတယ်။ ထမင်း၊ သကြား၊ ထန်းချက်၊ ချောကလက်၊ အချိုရည်။
• မြန်မာဆေးနည်းတွေကို ဆရာ သိပ်မသိပါ။
• ဥာဏ်ကောင်းဘို့ဆိုတာ အစာအာဟာရလဲ သက်ရောက်စေနိုင်ပါတယ်။ အစာဆိုတာ နည်းတာ-များတာအပြင် မျှတဘို့က ပိုသတိထားရတယ်။ မျှတတယ်ဆိုတာ အမျိုးအမယ် စုံရမယ်၊ သင့်ရတယ်။ မျိုးဗီဇ၊ ပတ်ဝန်းကျင် လေ့လာမှု၊ သင်ကြားပေးမှု၊ ရောဂါဘယကင်မှုတွေ အားလုံးက ကလေးရဲ့ ကိုယ်-စိတ်ကျန်းမာရေးကို သက်ရောက်စေပါတယ်။

May 12, 2011 at 1:09 PM
Q 3: ကျွန်တော့် ကောင်မလေးက အသက်က ၂၂ နှစ် ရှိပါပြီ။ အိမ်ထောင် မရှိသေးပါဘူး။ အသက် ၁၄ နှစ်ဝန်းကျင်မှာ ရာသီ စပြီး လာပါတယ်။ တစ်ခါလာရင် ၃-၄ ရက်လောက် ကြာပါတယ်။ ၁၈ နှစ်လောက်မှာ ရောဂါတစ်ခု စဖြစ်ပါတယ်။ ရာသီလာခါနီးနဲ့ လာနေတဲ့ အချိန်တွေမှာ ကိုက်ခဲလာပါတယ်။ ရင်သားတွေ တင်းပြီးတော့ နာပါတယ်။ ခါးလဲကိုက်ပါတယ်။ လူတစ်ကိုယ်လုံး ညောင်းညာ ကိုက်ခဲ နေတတ်ပါတယ်။ ဆီးစပ်က အရမ်းကို နာကျင်ကိုက်ခဲပါတယ်။ တစ်ခါတစ်လေဆို အလုပ်ပျက်အကိုင်ပျက်နဲ့ မစားချင် မသောက်ချင် လောက်အောင်ကို ဖြစ်တတ်ပါတယ်။ ဒီလိုအချိန် ဆိုရင် စိတ်အား ငယ်နေတတ်သလို အရာရာကို အဆိုးဘက်က မြင်နေတတ်ပါတယ်။ ရာသီလာနေတဲ့အချိန်မှာ အနံ့တော့ မရှိပါဘူး။ အခုနောက်ပိုင်း သွေးခဲတွေပါတတ်ပါတယ်။ ညိုပုတ်ပုတ်အရောင် ရှိတတ်ပါတယ်။ ဘယ်ဘက် အခြမ်းက အောင့်တဲ့အခါ အောင့်လိုက် ညာဘက်ကအောင့်တဲ့အခါ အောင့်လိုက်နဲ့ ပုံသေမရှိတက်ပါဘူး။ တစ်ခါတစ်လေ ဆိုရင် Decolgen ဆေးကို တစ်ခါတစ်လေ သောက်ပါတယ်။ တည့်မတည့် မသိတဲ့အတွက် မသောက်စေလိုပါဘူး။ နောက်ထပ် ၁ နှစ် လောက်နေရင် မင်္ဂလာဆောင်တော့မှာပါ။ သူ့မှာ ရှိနေတဲ့ရောဂါကြောင့် ကလေးမရနိုင်မှာကို သူကစိုးရိမ်နေပါတယ်။

• Dysmenorrhea ရာသီလာစဉ် နာကျင်ကိုက်ခံခြင်း ခံစားနေတာပါ။ ရောဂါရတာရယ်လို့တော့ မဟုတ်ပါ။
• Decolgen ဆေးထဲမှာ (Phenylephrine HCl 10 mg နဲ့ Paracetamol 500 mg) ပါတယ်။ နှာရည်ယိုတာ၊ ကိုယ်ပူတာ၊ ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာ အရိုး-အဆစ်နာတာတွေအတွက် သုံးရတယ်။
• အဖြူဆင်းတာလဲ ရောဂါမဖြစ်ဘို့ များပါတယ်။ ဆေးမလိုလောက် သေးပါ။
• ကလေးရဘို့-မရဘို့လဲ ပြောဘို့ သိပ်စောပါသေးတယ်။
• “Premenstrual syndrome (PMS) ရာသီမလာခင် ဖြစ်ခြင်တာတွေ” ကို ဖတ်ပါ။ လိုက်နာစေပါ။

Q 4: သူ့ရဲ့ရောဂါကို (့) မြို့က (့) ဆိုတဲ့ အထူးကုဆေးခန်းမှာ သွားပြီးတော့ ပြသပါတယ်။ အထူးကု ဆရာဝန်မကြီးက လူကို စစ်ဆေးပြီးတော့ အာထရာဆောင်းလား မသိဘူး ရိုက်ခိုင်းပါတယ်။ မျိုးဥအိမ် နှစ်ဖက်စလုံးမှာ သွေးခဲတွေရှိနေတယ်လို့ ပြောပါတယ်တဲ့။ ခွဲစိတ်ကုသချင်သလား၊ သောက်ဆေးနဲ့ပဲ ကုသချင်သလား၊ ဆေးထိုးပြီးတော့ ကုသမလား ရွေးခိုင်းတယ်။ ခွဲစိတ်ကုသရမှာကို အရမ်း ကြောက်ပါတယ်။ အဲဒါကြောင့် ဆေးထိုးဖို့ကိုပဲ ရွေးပြီးတော့ အိမ်ထောင်သည်တွေက လေးမရအောင် ထိုးတဲ့ဆေး (၃) လခံ တားဆေး နှစ်လုံးကို တစ်ပြိုင်နက် ထိုးပေးလိုက်တယ်လို့ သိရပါတယ်။ ဒီဆေးထိုးပြီး နောက်ပိုင်း သုံးလလောက်ကို ရာသီ မလာတော့ပဲ နေမယ်လို့ ပြောပါတယ်။ ဆေးထိုးတာက အဆင်ပြေတယ် ဒါမှမဟုတ် ဆေးသောက်တာ ဘယ်လို နည်းလမ်းမျိုးက အဆင်ပြေနိုင်မယ်ဆိုတာ ပြောပြပေးပါ။ သူ့ရဲ့ ဆေးစစ်ချက်မှတ်တမ်းတွေကို ပို့ပေးဖို့ မှာထားပါတယ်။ မြန်မာပြည်က အင်တာနက်-ကော်နက်ရှင်က သိတဲ့အတိုင်း ဆိုးရွားနေတဲ့အတွက် ရောက်မလာသေးပါဘူး။ ခွဲစိတ်မယ် ဆိုရင်လဲ နည်းနည်းကြီးတဲ့အထိ ထားပြီးတော့မှ ခွဲမယ်လို့ ပြောပါတယ်တဲ့။ ခန္ဓာကိုယ်ထဲမှာ သွေးခဲရှိနေတာကို ဒီအတိုင်း အကြာကြီးထားရင် ပိုဆိုးလာမှာ စိုးရိမ်ပါတယ်။ မျိုးဥအိမ်နှစ်ဖက်ထဲကို သွေးခဲက ဘယ်လိုအကြောင်းကြောင့် ဖြစ်ပေါ်လာရတယ် ဆိုတာလေးကိုလဲ သိချင်မိပါတယ်။ (၃)လခံတားဆေးရဲ့ ကောင်းကျိုး ဆိုးကျိုးကိုလဲ သိချင်ပါတယ်။ ဒီဆေးထိုးထားတဲ့အတွက် ခွဲစိပ်မယ်ဆိုရင်လဲ အကျိုးသက်ရောက်မှု ရှိနိုင်မလဲ သိချင်ပါတယ်။ ဆေးထိုးထားတဲ့အတွက် ၃ လ လောက် ရာသီမလာပဲနဲ့ရော သူက အပျိုစင် ဖြစ်နေတဲ့အတွက် သင့်လျှော်ပါ့မလား။

• သိပ်မစိုးရိမ်ပါနဲ့။ OG ကနေ အရွေးခိုင်းတာထဲက လုပ်တာမို့ ကောင်းပါတယ်။ မခွဲသေးဘဲ ဆေးနဲ့ စလုပ်တာလဲ ကောင်းပါတယ်။
• ရောဂါနာမည် အတိအကျသိရမှာ ထပ်ပြောသေးတာပေါ့။
• တားဆေးကို အိမ်ထောင်မရှိလဲ ပေးပါတယ်။ စားဆေးရော ထိုးဆေးရော ပေးတတ်ပါတယ်။ ဆေးစာတွေ ရောက်လာရင် ကြည့်သေးတာပေါ့။
• Depo Provera သုံးလခံ ထိုးဆေး ကို ဖတ်ပါ။
မြန်မာပြည်မှာ ဆက်သွယ်ရေးကအစ အားလုံး ပိုအဆင်ပြေအောင် လုပ်တော့ လုပ်နေကြတာဘဲ။ ဖြစ်လာမှာပေါ့။ လူတိုင်းကလုပ်ကြရင် ဖြစ်မှာပါ။

Q 5: ဆေးစစ်ချက်အဖြေကို Attachments နဲ့ တွဲပြီး ပေးလိုက်ပါတယ်။
Uterus RV 8.5x4cm, empty
Endometrium -7mm
No intramural mass
No intraluminal mass
Right TO mass-20x37mm
Left TO mass-20x26mm noted လို့ ရေးထားပါတယ်။
ဒုတိယမြောက်စာမှာ မေးထားတဲ့ မေးခွန်းလေးတွေကိုပါ သိချင်ပါတယ်။ ဒီလိုကာလ အတွင်းမှာ သူ့အနေနဲ့ ဆောင်ရန် ရှောင်ရန် လေးတွေကိုပါ သိချင်ပါတယ်။ ကောင်မလေး လုပ်နေတဲ့အလုပ်က တစ်နေကုန်နီးပါး ဆိုင်ကယ် တစ်စီးနဲ့ အပြင်ထွက်နေရတဲ့အလုပ် ဖြစ်နေပါတယ်။ ဒီအလုပ်ကို သူ့အနေနဲ့ ဆက်ပြီးတော့လုပ်လို့ ဖြစ်မဖြစ်လဲ သိချင်ပါတယ်။

• အစိုးရိမ်မကြီးပါနဲ့။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြလဲထားပြီး ကုသမှုလဲ ရနေပြီဘဲ။
• (အာလ်ထွာဆောင်း) မှာ ထူးခြားတာ မပါပါ။ ဓါတ်ပုံကတော့ ဒီအတိုင်းဖတ်လို့ ပြောမရပါ။ ပုံအရှင်ကို ကြည့်မှသာ သိရတာမျိုး ဖြစ်ပါတယ်။
• ဆရာဝန်က မျိုးဥအိမ်မှာ သွေးအောင်းနေတယ်ပြောတာ ဖြစ်နိုင်ပါတယ်။ ဆေးစာတော့ မဟုတ်ဘူးပေါ့။ ဒါ့ကြောင့် လူနာမှာ ရာသီနဲ့ဆက်ပြီး နာကျင်ကိုက်ခဲတာတွေ ဖြစ်နေတာပါ။ စိတ်ပိုင်းကိုလဲ သက်ရောက်နေတယ်။ မိန်းကလေးအတော်များများ ဖြစ်တတ်ပါတယ်။
• ခွဲစိတ်ဘို့ မတိုင်ခင် ဆေးနဲ့ ကုသမှုကို ရွေးချယ်တာလဲ ဥာဏ်ရှိပါတယ်။ ဆရာဝန်က ခွဲကိုခွဲရမယ် မပြောဘူး မဟုတ်လား။
• ခွဲရမယ်ဆိုရင် စောင့်ဘို့ပြောတာလဲ မှန်တယ်။ မစိုးရိမ်ပါနဲ့။ သွေးခဲဖြစ်ဖြစ်၊ အကျိတ်ဖြစ်ဖြစ် ဆိုတာက ရောဂါပိုးတွေ စုဝေးနေတာမျိုးနဲ့ မတူပါ။ ကင်ဆာ-အလုံးနဲ့လဲ တခြားစီပါ။ ဥပမာ ယောက်ျား-ဆီးကျိတ်ကို ကြီးလာမှ ခွဲတယ်။ မျက်စိအတွင်းတိမ်လဲ အဲလိုပါဘဲ။
• အလုပ်အကိုင်ကြောင့် ရာဂါကို သက်ရောက်မှု သိပ်မဖြစ်လောက်ပါ။ သူခံနိုင်ရည်ရှိရင် လုပ်စေပါ။ ဖြစ်တာက မျိုးပွါးလမ်း၊ ဟော်မုန်း ထွက်ရာနေရာ၊ အရွယ်တွေနဲ့ ဆိုင်နေတာပါ။ ပင်ပန်းလို့၊ လှုတ်ရှားလို့ မဟုတ်ပါ။
• ထိုးပေးတဲ့ တားဆေးဆိုတာ တားဘို့ရည်ရွယ်တာ မဟုတ်ဘဲ ဆေးထဲက ဟော်မုန်းသတ္တိအတွက် ဖြစ်ပါတယ်။
• ဆရာဝန်နဲ့ ဆက်ပြနေစေတာ အကောင်းဆုံးပါ။
• ထပ်ပြောပါမယ် အစိုးရိမ်မကြီးပါနဲ့။ ကောင်းလာနေမယ်လို့ မှတ်ယူထားပါ။ အိမ်ထောင်မပြုခင် ကုသနေတာကိုက ကောင်းပါတယ်။

May 15, 2011 at 11:47 AM
Q 6: ကျွန်တော့် နာမည်က (့) ပါ။ အသက်ကတော့ (၂၃) နှစ်ပါ။ အခုလောလောဆယ်တော့ (့) နိုင်ငံ (့) မြို့ မှာ ကျောင်းတက်နေပါတယ်။ ပထမရောဂါတစ်ခုကို အရင်ပြောရရင် တင်ပါးဆုံ အထက်နားက နာပြီးတော့ ကြာကြာ မထိုင်နိုင်တာ။ (၂) လလောက်တော့ ရှိပြီ။ စဖြစ်တုန်းကတော့ နာလိုက်၊ လိမ်းဆေးလေး လိမ်းလိုက် သက်သာသွားလိုက်ဆိုတော့ ရိုးရိုးနာတာထင်တာ။ အခု နောက်ပိုင်းကျမှ ထိုင်မရတဲ့အထိ ဖြစ်လာတော့ တစ်လောက ဆေးခန်းသွားပြတယ်။ ဆေးခန်းကတော့ Nimesil ဆိုတဲ့ဆေး ဝယ်သောက်ခိုင်းတယ်။ အခုအဲဒီဆေး သောက်နေတာ တစ်ပတ်လောက်တော့ရှိပြီ။ သိသိသာသာ သက်သာလာတယ်၊ အရင်လို မနာတော့ဘူး။ ဒါပေမယ့် အရင်တုန်းက အဲဒီ တင်ပါးဆုံနားက နာတာကြောင့် မသိသာပဲ အခုအဲဒါ ပျောက်မှ ဒုတိယရောဂါက ဖြစ်လာတယ်။ ကျောဘက်ကနေ တစ်ချက်တစ်ချက် အောင့်တယ်။ မအီမလည် ဖြစ်နေတယ်။ ဆေးလိပ် သောက်တတ်ပါတယ်။ ကြောက်တာက တီဘီ ရောဂါ ဖြစ်မှာစိုးတာပါပဲ။ အခုတစ်လော ခံတွင်းလဲ ပျက်နေတယ်။ ချောင်းတော့ မဆိုးပါဘူး။ အစားကိုတော့ မှန်အောင် စားပါတယ်။ ဒီ (့) က လူတွေက တီဘီဆို တော်တော် ကြောက်ကြတယ်။ ပြီးတော့ သူတို့ဆီမှာ ဖြစ်တာ သိပ်မရှိဘူး။ အခုဖြစ်နေတာ တီဘီ ဖြစ်နိုင်လားဆိုတာနဲ့ ဘာရောဂါတွေကော ဖြစ်နိုင်သလဲ။ ဒီမှာက အပွင့်လင်းဆုံး ပြောရရင် တီဘီ ဖြစ်ရင်သူတို့က မြို့ ပြင်က ဆေးရုံလိုဟာမျိုးမှာ ထုတ်ထားကြတယ်။ ပြီးတော့ ဒီကဆေးရုံတွေက ဖြစ်တာနဲ့ ခွဲစိတ်တယ် ဆိုတာက များနေတယ်။ ကျွန်တော် စိုးရိမ်တာက မလိုအပ်ပဲ ခွဲစိတ်ခံရမှာကို စိုးရိမ်နေလို့ပါ။ ဘယ်လို ရောဂါမျိုးတွေ ဖြစ်နိုင်တယ်ဆိုတာနဲ့ ဘာတွေ လုပ်ဆောင်သင့်တယ်ဆိုတာ ပြောပေးပါအုံး။

• Nimesil ဆိုတာ Nimesulide ဆေးဖြစ်တယ်။ အနာ-အကိုက်-အဖျားသက်သာဆေးမျိုးပါ။
• နောက်ကျော အောင့်တာ ဆေးမစစ်ဘဲ ပြောရရင် အမျိုးမျိုးထည့်စဉ်းစားရတယ်။ သာမန်ကာရှန်ကာ နာတာ ဖြစ်ဘို့ များပါတယ်။ ပြောတဲ့ဆေးနဲ့ သက်သာလိမ့်မယ်။
• အတွင်းရောဂါဆိုရင် ဆေးစစ်မှ သိမယ်။ အောက်ကျရင် ကျောက်ကပ်၊ အထက်ဆို အဆုပ် စသလို။
• တီဘီ လက္ခဏာတွေထဲမှာ နာတယ်ဆိုတာ နောက်ပိုင်းရောက်မှ ဖြစ်တတ်တယ်။ အများဆုံးက လူပိန်လာမယ်။ အစားပျက်လာမယ်။ ဆေးလိပ်သောက်တိုင်းတော့ တီဘီ မဖြစ်ပါ။ အဆုပ်ကင်ဆာကို ပိုသတိထားရမယ်။ ဒါကလဲ ဆေးစစ်မှသိမယ်။ ဓါတ်မှန်နဲ့ ရောဂါတွေကို ဖယ်ထုတ်နိုင်တယ်။
• တီဘီက အသက်ရှူလမ်းကနေ ဝင်တယ်။ ရောက်နေတဲ့နေရာမှာ ရှားတယ်ဆိုရင် မလာခင်ကတည်းက ကူးတာဘဲ ထည့်စဉ်းစားရမယ်။ မလာခင် ဆေးလဲ စစ်မှာပါ။ မရှိလို့သာ ဆေးအောင်တာနေမှာပေါ့။
• တီဘီ မှာ သူများကို ကူးစေတဲ့ Open case တနည်းအားဖြင့် သလိပ်ထဲ ပိုးတွေ့သူကိုသာ သီးသန့်ထားဘို့ လိုပါတယ်။ ဟုတ်ပါမယ်။ တီဘီ ရှားတဲ့တိုင်းပြည်တွေက သိပ်သဲတယ်။ လိုအပ်တာထက် ပိုကြတယ်။
• ခွဲစိတ်တယ်ဆိုတာ ခွဲစိတ်အတူးကုဆရာဝန်တွေက ခွဲသင့်-မခွဲသင့်တော့ သိပါတယ်။ အမြတ်အစွန်း သိပ်ကြည့်တဲ့ စနစ်နဲ့ အလေ့အထကြောင့် တိုင်းပြည် အတော်များများမှာ ခွဲတာစိတ်တာ လိုတာထက် များနေကြတယ်။
• အကြံပေးရရင် ဆရာဝန်တွေက လိုအပ်ရင် ဆေးစစ်ခိုင်းမှာပါ။ Complaint ကိုယ်ခံစားရတာကိုသာ တိတိကျကျ ပြောပြပါ။ ခွဲစိတ်တာကို ကာယကံရှင်နဲ့ Consent မပါဘဲ ဘယ်နိုင်ငံမှာမှ မလုပ်ရပါ။
• နောက်ဆုံး တချက်ကတော့ လိုတာထက် ပိုပြီး မစိုးရိမ်ပါနဲ့။

Dr. တင့်ဆွေ
၁၆-၅-၂၀၁၁