ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, August 2, 2010

Q and A August 2010 (2)

1. ကျွန်တော့်မှာ အစာအိမ်ရောဂါပုံစံ ဖြစ်နေပါတယ်။
2. အနာတွေ ကို အရက်ပျံဆွတ်၊ ဂွမ်းနဲ့  သုတ်လိမ်းပေးတာ မလုပ်သင့်ဘူးဆိုတဲ့ သဘောလား ဒေါက်တာ။
3. I want to know what is IUCD
4. Onycholysis ဖြစ်တာရယ် Splinter haemorrhage ဖြစ်တာရယ်ကို ဘယ်လို ကုသရင် ပျောက်ကင်းနိုင်မလဲ
5. Masturbate လုပ်တာ များပါတယ်ဗျာ။
6. ခုထိ ချက်မကြွေသေးလို့ 

August 2, 2010 8:28 PM
Q 1: ကျွန်တော့မှာ အစာအိမ်ရောဂါပုံစံ ဖြစ်နေပါတယ်။ အစပ်လေး နဲနဲ လေးစားလိုက်တာနဲ့ ဗိုက်တော်တော် အောင့်နေပါတယ်ခင်ဗျာ။ အဲဒါ ဘာလို ဆေးတွေ စားပြီးတော့ ဘယ်လို အစာတွေနဲ့ ပြန်ကုရမယ် ဆိုတာ ဖြေကြားပေးပါ ခင်ဗျာ။ (ဒီပို့စ်နဲ့တော့ မဆိုင်ပါဘူးခင်ဗျာ၊ ကိုယ်ပိုင်အသစ် မေးချင်တာကို ဘယ်လို လုပ်ရမလဲ မသိလို့ပါခင်ဗျာ။ အဲဒါကိုလဲ ဖြေကြားပေးပါခင်ဗျာ။

A 1: အစာအိမ်ကင်ဆာ
လေနာရောဂါ အမေး-အဖြေ
Medicine for Diseases of Digestive Tract အစာလမ်းရောဂါ ဆေးများ
ဒီစာ ၃ ပုဒ်ကို အရင် ဖတ်စေချင်ပါတယ်။ နောက်လိုသေးရင် မေးပါခင်ဗျား။

၃-၈-၂ဝ၁ဝ

July 1, 2010 5:31 PM
Q 2: ခါတိုင်း ကျနော်တို့ အနာတွေကို အရက်ပျံ ဆွတ် ဂွမ်းနဲ့ သုတ်လိမ်းပေးတာ မလုပ်သင့်ဘူးဆိုတဲ့ သဘောလား ဒေါက်တာ။ ဒါဆိုရင် အနာဝတွေကိုပဲ အရက်ပျံ သုတ်လိမ်းပြီး အနာကို အန်တီဆက်တစ်-ကရင်ပဲ ထည့်ပေးသင့်တဲ့ သဘောပေါ့နော်။ အရက်ပျံကို သက်မဲ့ မျက်နှာပြင်ထဲ မသုံးရဆိုတာ သိပ်နားမလည်လို့ ထပ်ရှင်းပြပေးပါဦးဗျာ။ ကျေးဇူးတင်လျှက် -

A 2: ဟုတ်ပါတယ်။ အနာထဲကို အရက်ပြန်၊ (အိုင်အိုဒင်း)၊ လောင်စေတတ်တဲ့ဆေး မထည့်သင့်ပါ။ အရေပြားအောက်မှာ ရှိတဲ့ အဆီ၊ (တွယ်ဆက် တစ်ရှူး)၊ သူတို့အထဲမှာ ရှိနေကြတဲ့ သွေးကြောလေးတွေနဲ့ အာရုံကြောသေးသေးလေးတွေက မခံနိုင်ကြဘူး။

အနာထဲကို ထည့်လို့ရတဲ့ ပိုးသေဆေးတွေ ရှိပါတယ်။ (ဟိုက်ဒရိုဂျင်-ပေါအောက်ဆိုဒ်)၊ (အိုင်အိုဒင်း) ကို အရက်ပြန်နဲ့ မဟုတ်ဘဲ ရေနဲ့ ဖျော်ထားပြီးသားဆေး Povidone-iodine, Cipladine တွေ သုံးနိုင်ပါတယ်။ အပြော့စား Savlon, Dettol တွေလည်း ရပါတယ်။

အနာက ညစ်ပေနေရင် ပဌမ ရေသန့်သန့်၊ ရေကျက်အေး တို့နဲ့ ဆေးပါ။ ရေအများကြီးနဲ့ ဆေးရမှာဆိုရင် ဆားရည်သုံးတာ ပိုကောင်းပါတယ်။

အရက်ပျံက သက်မဲ့ မျက်နှာပြင်မှာရှိတဲ့ ပိုးတွေ သေအောင် မလုပ်နိုင်ပါ။ လုပ်လို့ရတာတော့ ရှိပေမဲ့ အကုန် မစင်ပါ။

၃-၈-၂ဝ၁ဝ

July 17, 2010 3:42 PM
Q 3: I want to know what is IUCD

A 3: IUCD = Intra-Uterine Contraceptive Device ကိုယ်ဝန်မရှိစေရန် သားအိမ်ထဲ အစ္စည်းထည့်ထားခြင်း။ Loop, ParaGard (copper T), Mirena (LNG-IUS), Multiload CU375 စသဖြင့် အမျိုးမျိုးရှိသည်။

May 13, 2010 1:58 AM
Q 4: ခြေသည်း လက်သည်းတွေမှာ Onycholysis ဖြစ်တာရယ် Splinter haemorrhage ဖြစ်တာရယ်ကို ဘယ်လို ကုသရင် ပျောက်ကင်းနိုင်မလဲ ဆိုတာလေးကို ရေးပေးစေချင်ပါတယ်။ ကျွန်တော်တို့က ဘောလုံးကန်တယ် ဆရာ။ အဲဒါ ထိမိ ခိုက်မိပြီး ခြေသည်း လန်တာတို့ သွေးခြေဥတာတွေကနေ အစောက ပြောသလိုမျိုးတွေ ဖြစ်ကုန်တယ်။ ပွင့်ပွင့် လင်းလင်း ပြောရရင် ပုံမှန် ပြန်မဖြစ်တော့ဘူး။ ဘယ်လို ဆေးမျိုး သုံးပြီး၊ ဘယ်လို နေထိုင်ရင် အဆင်ပြေနိုင်မလဲ သိချင်ပါတယ်။

A 4: Nail lifting လို့ခေါ်တဲ့ ခြေသည်း-လက်သည်း လန်ခြင်း Onycholysis ဆိုတာ ဖြစ်လာရင် ကွာတက်နေတဲ့ ခြေသည်း-လက်သည်း အောက်မှာ ရေ၊ အညစ်အကြေးနဲ့ ပိုးမွှား ဝင်လာနိုင်တယ်။ ဘောလုံးကန်၊ ခိုက်မိရာကနေဖြစ်တာ မဟုတ်ဘဲ၊ နှင်းခူစတဲ့ တခြား အရေပြားရောဂါတွေနဲ့လဲ တွဲဖြစ်တတ်တယ်။ လည်ပင်းကြီး၊ ကိုယ်ဝန်ဆောင်၊ ကင်ဆာ စတဲ့ ရောဂါတွေနဲ့လည်း တွဲတတ်သေးတယ်။ လက်သည်း-ခြေသည်း အလှပြင်ရင် လွန်သွားတာမို့လည်း ဖြစ်နိုင်တယ်။ ဗီတာမင် အေ ကနေလည်း ဖြစ်သတဲ့။ အရွယ်-ကျား-မ မရွေးဖြစ်ပေမဲ့ အမျိုးသမီးများ ပိုဖြစ်တယ်။ ဘယ်လိုကုမလဲဆိုတာဘဲ မေးတာကို ဖြစ်ကြောင်းကုန်စင် ရေးရတာကတော့ ဖြစ်စေတတ်တာကို ရှောင်ပါလို့ ပြောချင်လို့ပါ။

ကိုယ့်ဖါသာ လုပ်နိုင်တာတွေ ရှိတယ်။ ကွာထွက် ပိုရှည်နေတဲ့ ခြေသည်း-လက်သည်းကို မကြာမကြာ(၁ ပါတ်တခါ) ဖြတ်ပါ။ နေရာကို နေ့တိုင်း ဆပ်ပြာနဲ့ရေ သုံးဆေးပါ။ ခြောက်သွေ့အောင် အသာအယာ လုပ်ပါ။ ဖြစ်တဲ့နေရာကို အကာကွယ် လုပ်ပါ။ (ကော်တွန်) ခြေအိတ်၊ လက်အိတ်သုံးပါ။ ရေမစိုရင် ပိုကောင်းတယ်။ တခြားသန့်ရှင်းစေတဲ့ဆေး အပြင်စား မသုံးပါနဲ့။ လိုအပ်မှ ဆရာဝန်ပြပါ။ ဗက်တီးရီးယားဆေး၊ ဖန်းဂတ်စ်(မှို)ဆေး ပေးပါလိမ့်မယ်။

Imidazole or Allylamine တွေက မှိုအတွက် လိမ်းဆေးတွေပါ။ fluconazole, itraconazole, terbinafine တွေက မှိုအတွက် စားဆေးတွေ။
Pulsed dye laser treatment နဲ့ Psoralen plus ultraviolet A (PUVA) treatment ဆိုတဲ့နည်းတွေ ထိရောက်တယ်လို့ ဆိုတယ်။
ဘောလုံးသမားဆိုရင် မဖြစ်ခင်ရော၊ ဖြစ်ပြီးရော နေရာကို မထိခိုက်အောင် ဂရုစိုက်ပါ။ ခြေသည်း တိုတိုသာ ပုံမှန် ဖြတ်ပါ။ အစိုလုပ်ငန်းလုပ်လို့ vinyl gloves သုံးရသူတွေ၊ အောက်မှာ light cotton gloves ခံသုံးပါ။
သိပ်ဆိုးတဲ့သူများကို Triamcinolone 2.5-5 mg/mL ဆေးကို ဆားရည်နဲ့ဖျော်ပြီး ဖြစ်တဲနေရာကို ၂ ပါတ် ၁ ခါ၊ ၄-၅-၆ ခါ အပ်သေးသေး 30-gauge needle နဲ့ ထိုးပေးတယ်။ ထုံဆေးရောရတယ်။
Clobetasol ointment ဆိုတာက corticosteroids ပါတဲ့ပြင်းတဲ့လိမ်းဆေး။ သူထက်ပြော့တာသုံးနိုင်တယ်။
5-fluorouracil 1% solution ဆေးနဲ့ နှိပ်နယ်ပေးနိုင်တယ်။ တနေ့ ၂ ခါ၊ ၄-၅ လ ကြာအောင်လုပ်ရတာ။

May 25, 2010 8:25 PM
Q 5: ကျွန်တော် Masturbate လုပ်တာ များပါတယ်ဗျာ။ အခုနောက်ပိုင်း သုတ်ထွက်တာ တော်တော် နည်းသွားပါတယ်။ သုတ်ထွက် ပြန်များလာအောင် ဘာဆေးစားရမလဲ ဖြေကြားပေးပါဆရာ။ ကလေးကောရဖို့လွယ်ပါ့မလားဆရာ။

A 5: Masturbation (မာစတာဘေးရှင်း) ကို ဖတ်ပါခင်ဗျား။ စိုးရိမ်စရာ မရှိပါ။ အိမ်ထောင်ပြုရင် ကလေးအဖေလည်း ဖြစ်မှာပါ။

၃-၈-၂ဝ၁ဝ

8 Aug 10, 15:27
Q 6: ဆရာရှင့် ကျမသားလေးက အခုဆို မွေးပြီးတာ ၂ ပါတ်ပြည့်ပါပြီ။ ခုထိ ချက်မကြွေသေးလို့ အရမ်း စိတ်ပူနေပါတယ်။ ချက်က အရည်လေးတွေ သွေးလိုမျိုးလေး နည်းနည်း ထွက်တယ် ဆရာ။ ပြီးတော့ အရက်ပြန်လေး ထည့်ပေးရင်လည်း ကလေးက အရမ်းငိုပါတယ်။ အဲ့ဒါလေး သိချင်လို့ပါ ဆရာ။ အားရင် ဖြေပေးပါဆရာ။ ဒီမှာကလည်း နိုင်ငံရပ်ခြားဖြစ်နေလို့ မိဘတွေနဲ့လည်းဝေးနေလိုပါ။

A 6: စိတ်မပူပါနဲ့။ ၂ ပါတ်လောက်မှာ ကြွေတတ်ပါတယ်။ အခုလို စိုနေရင်တော့ ပိုကောင်းတာက (အိုင်အိုဒင်း) ပါတဲ့ဆေး povidone-iodine ဖြစ်တယ်။ ခြောက်အောင် ထားသင့်တယ်။ မြန်မြန်ကြွေမယ်။ ရေချိုးပြီးနောက် ခြောက်အောင် သုတ်ပေးပါ။ ကလေးငိုရင် အရက်ပြန် မထည့်တော့နဲ့။ ချက်နေရာဘေးမှာပါ နီနေရင်၊ ကိုယ်နဲနဲ ပူရင်တော့ Amoxacillin powder ကို ရေကြက်အေးနဲ့ ဖျော်တိုက်ရတယ်။ ဒီဆေးနဲ့ Paracetamol ဆေးရည်တိုက်ဘို့ လိုတာပါ။ လိုတဲ့ကလေး ရှားပါတယ်။ အမှန်က ကလေးငယ်တုံး ဘာဆေးမှ မတိုက်ဘဲရရင် ပိုကောင်းတယ်။