ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Saturday, December 4, 2010

Q and A December 2010 (4)

1. အစားအသောက် အချိန်မမှန်လို့ လေခံတဲ့ ဝေဒနာ ရခဲ့ပါတယ်
2. စအိုနားမှာ ကရင်ကျိုးနာ ဖြစ်လို့ ခွဲပြီးသွားပါပြီ
3. လူကြီးဖြစ်လာရင် မျက်စိတိမ်စွဲကြတယ်ဆိုတာ မှန်ပါသလား
4. Mifepristone တို့ Misoprostol တို့ ဆိုတဲ့ ဆေးတွေက ဘယ်က ဝယ်ရမှန်းမသိဘူး
5. သမီးဖြစ်နေတာက ဝမ်းအမဲတွေ သွားနေတာပါ

December 09, 2010 1:47 PM
ကျနော် ၁ဝတန်းအောင်ပြီး ရန်ကုန်ကို တစ်ယောက်တည်း လာနေတုန်းက အစားအသောက် အချိန်မမှန်လို့ လေခံတဲ့ ဝေဒနာ ရခဲ့ပါတယ်။ ဘယ်လိုလဲဆိုရင် အစား တစ်နပ်လောက်လွတ်တာ ဒါမှမဟုတ် အစာစားချိန်ထက် ၂ နာရီ ၃ နာရီလောက် ကျော်ပြီး ဗိုက်ကလည်း အစာခြေရည်တွေ ထွက်လို့ နာလာရင် အစားမဝင်တော့ပါဘူး။ နောက်ထပ် အစာစားချိန် ရောက်ရင်လည်း စားမဝင်တော့ပါဘူး။ အန်ပဲအန်ချင်နေတော့တယ်။ နောက်ပြီး လက်ဖက်နဲ့လည်း မတည့်တော့ပါဘူး။ ကျနော် ၁ဝတန်းတုန်းက လက်ဖက်အသေစားတာ။ အခုစားလို့မရတော့ပါဘူး လေတအားထလို့ပါ။ ကျနော်ခု ကိုယ့်ဘာသာကိုယ် ဘယ်လိုဂရုစိုက်လဲဆိုတော့ အစာစားချိန် မှန်အောင်နေတယ်။ နောက်ပြီး အစား တစ်နပ်မှ မပျက်မခံဘူး။ နောက်ပြီး kremil S တို့ဘာတို့ အဲတာတွေ ဆောင်ထားတယ်။ အရှင်းပျောက်ဖို့ကျတော့ ဘယ်လို ပျောက်အောင် လုပ်နိုင်ပါသလဲ။

Kremil-S ဆေးက Aluminum hydroxide, Magnesium hydroxide, Simethicone တွေပါတဲ့ အစာခြေအရည် အက်စစ် ဓါတ်ပျယ်ဆေး ဖြစ်တယ်။ လူကြီး ၁-၂ ပြား၊ တနေ့ ထမင်းစားပြီးချိန်နဲ့ ည တကြိမ်သောက်ရတယ်။ ကျောက်ကပ် မကောင်းသူ၊ အူပိတ်နေသူ၊ အူအတက်ရောင်သူ၊ ဝမ်းချုပ်သူတွေ မသောက်ရပါ။ Tetracycline နဲ့ Iron ဆေးတွေ တွဲမသောက်သင့်ပါ။ Digoxin, Indomethacin, Isoniazid, Quinolones, Ketoconazole, Chlordiazepoxide, Dicumarol, Diazepam, Pseudoephedrine တွေနဲ့ပေးရင်လဲ သတိထားရတယ်။ ဘေးထွက် ဆိုးကျိုးတွေက တချို့ ဝမ်းလျှောစေတယ်၊ တချို့ ဝမ်းချုပ်စေတယ်။

“Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်” ကို ဖတ်ပါ။ လိုသေးရင် မေးပါ။

December 09, 2010 10:29 PM
စအိုနားမှာ ကရင်ကျိုးနာ ဖြစ်လို့ ခွဲပြီးသွားပါပြီ။ အသားစကို စစ်ကြည့်တော့ TB ဖြစ်နေတယ်။ အနာက တော့တော့နဲ့ မကျက်ဘူး။ ဆေးကတော့ AKT -4 ကိုသောက်ခိုင်းတယ်။ ဆေးက ၆လ ထိသောက်ဖို့လိုပါသလား။ ဆေးကို SUN ဆေးခန်းတွေမှာ တောင်းလို့ရနှိင်ပါသလား။ ဒီအနာနဲ့ပတ်သက်လို့ ဖြစ်ရပုံအကြောင်းရင်း ပြီးတော့ ဘယ်လို့ နေထိုင်ရမယ် ဆိုတာရယ် ဘယ်ဆေး ဘယ်အစားစာတွေ ရှောင်ရ စားရတယ်ဆိုတာတွေပါ သိချင်ပါတယ်။

ဂရင်ဂျီနာ (ဘရင်ဂျီနာ) ခေါ်ပါတယ်။ Fistula-in-Ano (FIA) ဂရင်ဂျီနာ (ဘရင်ဂျီနာ) ကို အရင်ဖတ်နှင့်ပါ။ ဆေး-အစာ စတာတွေ ဆက်ရေးပါမယ်။

9 Dec 10, 23:03
လူတိုင်းဟာ လူကြီးဖြစ်လာရင် မျက်စိတိမ်စွဲကြတယ်ဆိုတာ မှန်ပါသလား။

“မျက်စိတိမ်” ဆိုတာ ၃ မျိုး ရှိတယ်။
အများအားဖြင့် အသက်ကြီးတာနဲ့တွဲဖြစ်တာကို “အတွင်းတိမ် Cataract” ခေါ်တယ်။ ရင့်လာမှခွဲစိတ်ကုသရတယ်။
ယုတ်တရက် မျက်စိ-မျက်ရိုးတွေကိုက်ပြီး နာရီနဲ့အမျှ မျက်စိမှုံလာတာကို “ရေတိမ် Glaucoma” ခေါ်တယ်။ အရေးပေါ် ခွဲစိတ်ကုသရတယ်။

မျက်စိအပြင်ဆုံး အကြည်လွှာကို ထိခိုက်မိလို့၊ အမှုံအမွှားဝင်လို့ ဒဏ်ရာရရာကနေ အမာရွတ်ကျန်ရစ်တာကို “အပြင်တိမ် Corneal scar” ခေါ်တယ်။ မျက်စိအစားထိုးလဲရတယ်။

အသက်ကြီးတာနဲ့တွဲတဲ့ အတွင်းတိမ်က မျက်စိကွယ်ရတဲ့ အကြောင်းတွေ အားလုံးရဲ့ ၄၈% ရှိတယ်။ အမေရိကားမှာ အသက် ၅၂ ကနေ ၆၄ အတွင်း ၄၂%၊ အသက် ၆၅ ကနေ ၇၄ အတွင်း ၆ဝ% နဲ့ အသက် ၇၅ ကနေ ၈၅ အတွင်း ၉၁% တွေမှာ အတွင်းတိမ်ဆိုတာ ဖြစ်ကြတယ်။

2010/12/13
သမီးအခု ရာသီလာရက်ကို ကျော်ပြီး မလာတာ ၁၂ ရက်ရှိပါပြီဆရာ။ ကလေးယူဖို့ အခက်အခဲတွေ ရှိတာကြောင့် သမီးတို့ ရက်ရှောင်ပြီ အတူနေပါတယ် (နားနဲ့မနာ ဖဝါးနဲ့နာမို့ ကန်တော့ပါဆရာ)။ ပြီးတော့ သမီးက လစဉ် ရာသီလာရက် နည်းနည်း ကျော်တာနဲ့ ကေသီပန် အမြဲသောက်တယ်။ အမြဲအဆင်ပြေပါတယ်။ ဒီလ လဲဒီလိုပဲမို့ ကေသီပန်ကို အညွန်း အတိုင်း သောက်ပါတယ်။ အခုဆို ၁၂ ရက်မို့ နှစ်ပတ် စာဆေးညွန်းအတိုင်း သောက်တာ အဲဒါလဲ မလာသေးဘူး။ စောင့်ရင်းနဲ့ စိတ်ပူလာတာမို့ ဆရာ့ဆီ အကူအညီတောင်းရတာပါ။ ဆရာညွန်းတဲ့ Mifepristone တို့ Misoprostol တို့ ဆိုတဲ့ ဆေးတွေက ဘယ်က ဝယ်ရမှန်းမသိဘူး ဆရာရယ်။ ကလေးရှိနေရင်လဲ ယူဖို့ အဆင်မပြေသေးလို့ပါ။ သမီးက အခုက မြန်မာမှာ မဟုတ်ပါဘူးဆရာ။ ဘယ်လိုရနိုင်မလဲ၊ ဘယ်လိုလုပ်ရမလဲ ပြောပြပါဦးဆရာ။

မြန်မာဆေးတွေ သိပ်မသိပါ။ ဆရာက မြန်မာပြည်က ဆေးပညာဘွဲ့ရထားတာမို့ ကျင့်ဝတ်အရ ကိုယ်ဝန်ကို တမင် ပျက်အောင် လုပ်မပေး၊ အကြံမပေးနိုင်ပါ။ ကိုယ်ဝန်ပျက်စေတဲ့အကြောင်းကို ဆရာရေးတာက ဆေးပညာသုတ အတွက်သာ ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ တရားဝင်လုပ်ပေးပါတယ်။

2010/12/13
သမီးက နိုင်ငံခြားမှာ နေတာဆိုတော့ ဆေးခန်းပြဖို့ ဘာသာစကား အခက်အခဲ ဖြစ်နေလို့ပါ။ အခု သမီးဖြစ်နေတာက ဝမ်းအမဲတွေ သွားနေတာပါ။ ဒီလိုသွားလို့လည်း နာကျင်တာ ဘာမှမဖြစ်ပါ။ ဒါပေမယ့် ၂ရက်ရှိပြီ ဆိုတော့ ကြောက်နေလို့ပါ။ မနေ့ က နဲ့ ဒီနေ့ စုစုပေါင်း ၅ ခါသွားပါတယ်။ သွားတိုင်းလည်း ဝမ်းအမဲတွေ ဖြစ်နေပါတယ်။ ဘာရောဂါ ဖြစ်လဲနဲ့  ဘာဆေးသောက်ရမယ်ဆိုတာ ညွှန်ကြားပေးပါအုံး။

ဝမ်းအမဲဆိုတာ (၁) သွေးအဟောင်း ပါနေတာ ဖြစ်နိုင်တယ်။ (၂) အစားအသောက်ကြောင့် အရောင်ရင့်တာ ဖြစ်နိုင်တယ်။ (၃) သံဓါတ်အားဆေးကြောင့်လဲ ဖြစ်နိုင်တယ်။ (၄) ဝမ်းကိုက်တာလဲ ဖြစ်နိုင်တယ်။

ဝမ်းကိုက်ရင် အကြိမ်များပြီး ဗိုက်နာမယ်။ အကျိအချွဲလဲ ပါတယ်။ Lopramide/Lomotil ဆေး တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ရတယ်။ မရရင် Metronidazole ဆေး တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ် သောက်ရတယ်။

သွေးအဟောင်းဆိုရင် အများအားဖြင့် အစာအိမ်ကနေလာတယ်။ အကိုက်အခဲပျောက်ဆေး သောက်ပြီးနောက်ဖြစ်လာတတ်တယ်။ အစာအိမ်နာ ရှိနေတတ်တယ်။ သွေးထွက်သက်သာစေတဲ့ဆေး Vitamin C 500 mg ကို တနေ့ ၂ ကြိမ်သောက်ရမယ်။ အက်စစ်ဓါတ်ပျယ်ဆေး Antacid တခုခုပါ သောက်ရမယ်။