ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, December 9, 2011

Q and A December 2011 (1)

၁။ ခန္ဓာကိုယ်အနှံ့အပြားမှ နေချွေးများ စီးထွက်လာပါသည်။
၂။ စိတ်တွေ ကယောင်ချောက်ခြား ဖြစ်လာလို့ ရိပ်သာမှပြန်ခေါ်လာရပါတယ်။
၃။ အသည်းရောင်အသားဝါ B ပိုးအကြောင်းနဲ့ ကူးစက်နည်းတွေကို ရှင်းပြပေးပါခင်ဗျာ။
၎။ ဆီးသွားရင် နံနေတယ်ဆရာ။
၅။ ဂျင်းအကြောင်းကို ပြည့်ပြည့်စုံစုံသိချင်လို့ပါဆရာ။

2011/12/5
ကျနော်သည် အသက် ၅ဝ ရှိ အမျိုးသားတစ်ဦးဖြစ်ပါသည်။ ရန်ကုန်မှဖြစ်ပါတယ်။ ယခုအခါ သာမာန် မဟုတ်သော ချွေးအထွက် လွန်လွန်းသည်ဟု ခံစားမိပါသည်။ အနည်းငယ်မျှ လှုပ်လှုပ်ရှားရှား ပြုလုပ်ခဲ့သော် ခန္ဓာကိုယ်အနှံ့အပြားမှ နေချွေးများ စီးထွက်လာပါသည်။ ခေါင်းမှထွက်သော ချွေးများမှာလည်း ဆံပင်များမှသော၎င်း၊ ထိုမှတဆင့် မေးဖျားမှ တတောက်တောက် ကျဆင်းလာရပါသည်။ လည်ဂုတ်နှင့် ဂျိုင်းများမှာလည်း ထိုနည်း ၄င်းအတိုင်းဖြစ်ပါသည်။ ဖြစ်သင့်သည့် သာမာန်ထက် လေးငါးဆ ပိုနေမည်ဟု ခံစားရပါသည်။ သို့သော် အဆမတန် ပင်ပမ်းနေခြင်း၊ နှုန်းချိခြင်းမျိုးတော့မရှိပါ။ ဖြစ်နေတာ နှစ်နှစ်ခန့်ရှိပါပြီ။ အခုလိုဖြစ်တဲ့အတွက် အများအကြားမှာ နေရခက်ပါသည်။ တနေ့ပျမ်းမျှ ရေ နှစ်လီတာခန့် သောက်ပါသည်။ ဆီးချို-သွေးချိုမရှိပါ။ တခြားလည်း ရောဂါအထွေအထူး မရှိပါဆရာ။

Hyperhidrosis ချွေးထွက် များလွန်းလို့ ကိုပို့ပေးလိုက်ပါတယ်။

2011/12/5
ဆရာရှင့် အဒေါ် တယောက် က တရားစခန်းဝင်နေရင်းကနေ စိတ်တွေ ကယောင်ချောက်ခြား ဖြစ်လာလို့ ရိပ်သာမှပြန်ခေါ်လာရပါတယ်။ သူ့ကိုယ်သူ ဘိုးမင်းဂေါင်ပြောလိုက် သကြားမင်းဖြစ်လိုက် တခါတလေလဲ သူ့ဘာသာသူ ပြန်ဖြစ်နေပါတယ်။ သိလား ဆိုရင်လဲ သိပါတယ်ဆရာ။ ဒါပေမယ့် တခါတလေ ကွယ်လွန်သွားပြီးဖြစ်တဲ့ သူ့ရဲ့ အမအကြီးဆုံး
ဖြစ်လိုက် ဖြစ်နေပါတယ် ။ မသိလိုက် သိလိုက်နဲ့ ဘေးကလူတွေလဲ မနားရရှာပါဘူး။ အခုလောလောဆယ်တော့ အိမ်မှာ ခဏ နားခိုင်းထားပါတယ် ရှင့်။ အိမ်သူ အိမ်သားတွေလဲ စိတ်ပူနေလို့ ဘာလုပ်ရမှန်းမသိလို့ ဆရာထံ အကူအညီတောင်း ဆွေးနွေးတာပါ။

စိတ်ရောဂါတခုဖြစ်ပါတယ်။ ဖြစ်တတ်ကြပါတယ်။ ကုသရင် အများကြီးကောင်းလာမှာပါ။ စိတ်အထူးကုဆရာဝန်နဲ့သာ ကုသသင့်ပါတယ်။ အရပ်ဆရာတွေနဲ့ကုရင် ပိုဆိုးတာစေတတ်တယ်။
ဘေးလူတွေက မပူပင်ပါနဲ့။ ဆေးကုလို့ရတာဖြစ်ပါတယ်။ ဆေးနာမည်ပြောရင်တော့ ရပေမဲ့ ဆေးသာမက စိတ်ပိုင်းကိုပါ ပြုပြင်ပေးဘို့လိုတာမို့ စိတ်အထူးကုဆရာဝန်က လုပ်ပေးပါလိမ့်မယ်။

2011/12/5
အသည်းရောင်အသားဝါ B ပိုးအကြောင်းနဲ့ ကူးစက်နည်းတွေကိုရှင်းပြပေးပါခင်ဗျာ။

Hepatitis B (1) အသဲရောင် ဘီ ပိုး (၁)
Hepatitis B (2) အသဲရောင် ဘီ ပိုး (၂)
Hepatitis B Vaccine ဘီပိုးကာကွယ်ဆေးထိုးနည်း
Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေး
Pregnancy and Hepatitis B ကိုယ်ဝန် နှင့် ဘီပိုး တွေကို ပို့ပေးလိုက်ပါတယ်။

2011/12/6
ကျွန်မအသက် ၄၁ နှစ်ရှိပါပြီ။ ယောက်ျားနဲ့ အသက်အတူတူပါပဲ။ အိမ်ထောင်ကျတာ ၂၂ နှစ်ရှိပါပြီ။ ဆီးသွားရင်နံနေတယ်ဆရာ။ ယောက်ျားနဲ့ ဆက်ဆံရင်လည်း ကွန်ဒုံးပဲသုံးပါတယ်။ဘာဖြစ်လို့ပါလဲဆရာ။

ဆီးအနံ့ဆိုတာ စားတဲ့အစားအသောက်၊ ဆေး နဲ့ ရောဂါပိုးကြောင့် ပြောင်းတာ ဖြစ်နိုင်တယ်။ အစားအသောက်ကိုတော့ ကိုယ့်ဖါသာ ဆင်ခြင်နိုင်ပါမယ်။
ရောဂါရှိရင် ဆီးအောင့်တာဖြစ်မယ်။ ဆီးစစ်ကြည့်ပါ။ Pus cell ဆိုတာတွေ့ရင် ပိုးဖြစ်မယ်။ ဆီးချိုကိုလဲစစ်ပါ။ အလွယ်ဆုံးစစ်နည်းဖြစ်တဲ့ Urine for albumin မှာ အနည်တွေ့သလား။ စစ်တာတွေ သိရမှ ကုသနည်းကို အကြံပေးနိုင်ပါလိမ့်မယ်။ လိုသေးရင် မေးပါ။ နောက်မေးရင် ဖြစ်တာ ဘယ်လောက်ကြာ ဆိုတာပါ ထည့်ရေးပေးပါ။

2011/12/4
ကမ္ဘာ့ အသက် ၁၀၀ ကျော် အပြေးသမားကြီးက သူဘာကြောင့် အသက်ရှည်ရတာလည်းလို့ မေးခံရတော့ နေ့တိုင်း ဂျင်းပြုတ်ရည် & ရေနွေးကြမ်း သောက်တယ်လို့ ဖြေသွားပါတယ်။ကျွန်တော်လည်း ကျန်းမာရေး & အားကစားကို လိုက်စားတဲ့အတွက် အဲ့ဒီလိုပဲ သောက်ဖြစ်ပါတယ်။ ထို့ကြောင့် ဂျင်းအကြောင်းကို ပြည့်ပြည့်စုံစုံသိချင်လို့ပါဆရာ။ ဂျင်းရဲ့ ဆိုးကျိုးနဲ့ ကောင်းကျိုးကိုလည်း သိလိုပါတယ်။

အဲလို ကောင်းကျိုးပေးတာမျိုး ဖြစ်နိုင်ပါတယ်။
ကောင်းကျိုးတွေရော ဆိုးကျိုးတွေပါ ဘယ်လောက်မှန်သလဲဆိုတာကိုတော့ ဆေးပညာမှာ ကျယ်ကျယ်ပြန့်ပြန့် နေရာတကာမှာ သုတေသနတွေလုပ်ပြီးမှ ဘယ်ရာနှုန်းအထိ မှန်တယ်ဆိုတာ ပြောကြပါတယ်။
ဂျင်း(ချင်း) ကို ဆရာတို့ဆေးပညာကနေ ထောက်ခံမှုပေးထားတာတွေတော့ ရှိပါတယ်။ ဆရာ့ဆေးပညာစာတွေမှာ ပါနေပါတယ်။ ဂျင်း(ချင်း) လို့ ရိုက်ပြီး Search ထဲမှာရှာရင် တွေ့ပါမယ်။
ဒါပေမဲ့ တိုင်းရင်းဆေး၊ သဘာဝဆေး၊ ဟာဘယ်ဆေး၊ အာယုဗေဒ၊ ဟိုမီယို နည်းစတာတွေက ဆရာတို့လို ဆရာဝန်မျိုးရဲ့ သင်ရိုးထဲမှာ မထည့်ပါ။ ဒါ့ကြောင့် ဆရာသိတာက တစိတ်ပိုင်းသာဖြစ်ပါတယ်။