ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, February 7, 2011

Q and A February 1011 (7)

1. ဆေးခန်းမှာ သွားနုတ်ထားပါတယ်
2. စအိုဝနားမှာ အဖု ၁ ခုကို စမ်းမိပါတယ်
3. သားအိမ်ထူတယ်လို့ သိရတာပါ
4. Migraine ကို အမြစ်ပြတ် ပျောက်ကင်းနိုင်တဲ့ ဆေးလေးများ
5. မိန်းမကိုယ် အတွင်းနှခမ်းသားမှာ
6. ရာသီမလာတာ ၂ လရှိပါပြီ
7. ဗိုက်ပူတာက တပြင်လုံးပါ
8. အတူနေပြီး အဲဒီလနဲ့ နောက်လမှာ ရာသီလာပါတယ်

23 Feb 11, 00:13
Q 1: ကျွန်တော် သွားပေါက်လို့ ဆေးခန်းမှာ သွားနုတ်ထားပါတယ်။ ဒါပေမဲ့ နုတ်ထားတဲ့နေရာက အပေါက် ဖြစ်လာပြီး အနာမကျတ်ပဲ ပြည်တည်နေပါတယ်။ ဆေးခန်းက potalan ဆေးပေးလိုက်ပါတယ်။ သွားနုတ်ပြီး ၄ ရက်ရှိပါပြီ။ ခုထိ မသက်သာသေးပါဘူး၊ အဲဒါ ဘယ်လို ဆေးကိုသုံးရမလဲ။ ဆရာဝန်ကို ထပ်ပြသင့်သလား။ အပေါက်က အထဲဘက်မှာ လှိုက်စားသလို ခံစားရပါတယ်။ သွားနုတ်တုန်းက ထုံဆေးထိုးထားတဲ့ အပ်ရာတွေနေရာမှာလဲ နာနေပါတယ်။ ပထမတော့ သွားဖုန်းတွေ ရောင်ကိုင်းလာပြီး ပြည်တည်သလို ဖြစ်နေပါတယ်။ နောက်မှ တဖြည်းဖြည်း သက်သာလာပါတယ်။ ဒါပေမဲ့ အပေါက်က နာတုန်းမို့ လို့ ပါ။ အပူအစပ်တွေကိုကော စားလို့ ရပါသလား။ အစပ်တွေ စားမိရင် အဲဒီ ပေါက်နေတဲ့နေရာ တဝိုက်ပူပြီးတော့ နာနေပါတယ်။ မေးခိုင်ပိုးဝင်မှာစိုးရိမ်လို့ ပါ။

ပြည်တည်ရင် ပိုးဝင်လို့ဖြစ်ပါတယ်။ Amoxicillin 500 mg ကို တနေ့ ၂ ကြိမ်သောက်ပါ။ နာတာ-ရောင်တာအတွက် Paracetamol ဒါမှမဟုတ် Ibuprofen ဆေးကို တခါသောက် ၁ ပြား တနေ့ ၃ ကြိမ်သောက်ပါ။ ရေခဲငုံနိုင်ပါတယ်။ ဆားရည်နဲ့ ပါးစပ်ကို ပလုပ်ကျဉ်းပါ။ မေးခိုင် စိုးရိမ်ရင် ATT (Antitetanus toxoid) ကာကွယ်ဆေး ၁ လုံးထိုးလိုက်ပါ။ အနာခံနိုင်ရင် သွားနုတ်ပြီး ၂ နာရီကြာရင် အစာမာ စားနိုင်ပါတယ်။ အပူအစပ်လဲပါတယ်။ ဒါပေမဲ့ ၁-၂ ရက်တော့ လျှော့-ရှောင်တာ ကောင်းတယ်။

2010/3/2
Q 2: ကျနော် ဟိုနေ့က ရေချိုး ဆပ်ပြာတိုက်ရင်းနဲ့ ကျနော့် စအိုဝနားမှာ အဖု ၁ ခုကို စမ်းမိပါတယ်။ ပဲ စေ့လောက် ရှိပါတယ်။ ထိမိလို့ နာတော့ သေချာစမ်းကြည့်မိတာပါ၊ တခြားအချိန်တွေ ဆိုရင်တော့ ဘာမှတော့ မဖြစ်ပါဘူး။ ဘယ်လို လုပ်သင့်လဲ သိချင်ပါတယ်။ (့) မှာ အလုပ်လုပ်နေတာပါ။ ကွန်ပြူုတာပိုင်းလုပ်လို့ အထိုင်များပြီး ဖြစ်တာလား။ ဘယ်လို ကြောင်ဖြစ်တာလဲ သိချင်ပါတယ်။ တကယ်လို့ ဆရာဝန်ကို ပြပြီး တိုင်ပင်သင့်ပါသလား။

ပဲစေ့လောက်ရှိပြီး ထိမိလို့ နာတာဆိုရင် ရက်ကလည်း မကြာသေးတာမို့ အနာတခုဖြစ်ဘို့ များတယ်။ အနာဆိုတာ တခြား ခြေ-လက်တွေမှာ ပေါက်သလို ရိုးရိုးအနာ ဖြစ်နိုင်တယ်။ ပိုးသေဆေး တခုခုသောက်ပါ။ ကောင်းတာက Cloxacillin 500 ဆိုရင် တနေ့ ၂ ကြိမ်၊ 250 ဆိုရင် တနေ့ ၄ ကြိမ် ၃-၄ ရက်သောက်ပါ။ နာတာနဲ့ ရောင်တာ သက်သာဘို့ Paracetamol, Blufin, Ibiprofin, Aspirin တမျိုးမျိုးကို တနေ့ ၂-၃ ကြိမ်သောက်ပါ။ လိမ်းစရာ မလိုလောက်ပါ။ အပူကပ်ပေးရင် သက်သာလွယ်တယ်။ ရေနွေးပုလင်းကပ်တာ၊ ပရုပ်ဆီလိမ်းတာ။ ပိုးကပြင်းရင် ပြည်တည်လာတတ်တယ်။ ဆေးကတော့ ဒီဆေးဘဲ။ Ampicillin ဆိုရင်လဲ ဒီအချိုးအဆနဲ့ရတယ်။ ဒီတေး ၂ မျိုးတွဲဆေး အနေနဲ့လဲ ဝယ်လို့ ရတတ်တယ်။ ပြည်ဖြစ်ရင် ပြည်ထုတ် (ခွဲ) ရမှာပေါ့။ မကောင်းသေးရင် ပြောပါ။

2011/2/23
Q 3: ရာသီလာနေတာ ၃ လဆက်တိုက်ဖြစ်နေလို့ ဗဟိုအမျိုးသမီးဆေးရုံ သွားပြတော့ ဓါတ်မှန်ရိုက်ပြီး အဲဒီမှာ အဖြေပါ တာပါ။ ဒါကြောင့် သားအိမ်ထူတယ်လို့ သိရတာပါ။ Fegem-100 က ဘာအတွက် သောက်ရတာလဲ။ အားဆေးလားဟင်။ သမီးကို ဒေါက်တာကပေးလို့ပါ။ ပြီးတော့ သမီးက အပျိုပါ။ ဒါပေမဲ့ ရောဂါကြောင့် ဓါတ်မှန်ရိုက်တော့ သားအိမ် ထူနေတယ်တဲ့။ အဲဒါ အိမ်ထောင်ကျရင် ကလေးရပါ့မလား စိတ်ပူလို့ပါ။ ပြီးတော့ သားအိမ်ထူရင် ဘာတွေဖြစ်တတ်လဲ ဖြေကြားပေးပါအုံး။

Fegem-100 ဆေးက Iron (III) hydroxide-polymaltose သံဓါတ်-အားဆေးဖြစ်တယ်။ မိန်းကလေး-အမျိုးသမီးတွေ အတွက် ပေးတာများတယ်။ ဘေးထွက်အကျိုး မများပါ။ ဝမ်းချုပ်တတ်တယ်၊ ဝမ်းအရောင်မဲမယ်။ ရောဂါကြောင့် ဆိုတာ ဘယ်လိုနေ-ဘာဖြစ်လို့လဲ။ သားအိမ် ထူနေတယ်လို့ ပြောတာ သိပ်မတိကျလို့ မှန်းရတာ မှားနိုင်တယ်။ ထပ်သိတာရှိရင် ပြောပါအုံး။ ဆေးစာမှာ အဲလို ပြောလေ့မရှိဘူး။

Feb 22, 2011 at 2:20 PM
Q 4: ကျမ အသက် ၄ဝ နှစ်ရှိပါပြီ။ ခု (့) မှာ နေပါတယ်။ အိမ်ထောင် မရှိပါ။ အသက် ၂ဝ ကျော်လောက်ကတည်းက ခံစားလာရတဲ့ ခေါင်းတခြမ်းကိုက်ရောဂါ Migraine ကို အမြစ်ပြတ် ပျောက်ကင်းနိုင်တဲ့ ဆေးလေးများ ရှိ-မရှိနဲ့ ကြိုတင် သောက်ရတဲ့ဆေး ရှိ-မရှိကို သိချင်ပါတယ်။ ခုဒီနိုင်ငံမှာတော့ Zomig ပေးပါတယ်။ အဲဒိဆေးက ဈေး တော်တော် ကြီးပါတယ်။ နောက် Loxonin 60mg လည်း ပေးပါတယ်။ အဲဒါက သိပ်မသက်သာပါဘူး။ ပျောက်ဖို့ ၃ ရက်လောက် ကြာပါတယ်။ Zomig 25mg က အစပိုင်းမှာ ပျောက်တာ မြန်ပေမယ့် နောက်ပိုင်းမှာ ဘယ်ဘက်ခြမ်းပြီးရင် ညာဘက်ပါ ကိုက်လို့ တခါတည်း ဆေးတလုံးထဲနဲ့ မပျောက်တော့ပါဘူး။ အင်တာနက်ထဲမှာတွေ့တဲ့ Suminat 50 ဆိုတာကို ဝယ်သောက်ကြည့်တော့ သွေးတွေ အရမ်းတက်ပြီး၊ ပိုကိုက်လာပါတယ်။ တချို့ အကိုက်ခဲပျောက်ဆေး သောက်ရင် ပျောက်ပေမယ့် သွေးပေါင် တက်လာပြီး ပိုကိုက်ပါတယ်။ ဒီနိုင်ငံကထုတ်တဲ့ Eve ဆေးပါ။ ကျမက စာရေးစာဖတ် ဝါသနာပါပြီး ကဗျာလေး ဘာလေး ရေးပါတယ်။ ခေါင်းကိုက်နေရင် ဘာမှ လုပ်လို့ မရတော့လို့ သိပ်ကို စိတ်ညစ်ပါတယ်။ ကိုက်ရင် ဘယ်ဘက်ခြမ်းက စကိုက်တာ များပါတယ်။ မျက်ရိုး ပေါ်က စကိုက်ပြီး ခေါင်းထဲဝင်သွားတာပါ။ ကိုက်နေချိန်မှာ အလင်းရောင်ကို မကြည့်နိုင်ပါဘူး။ ဆူညံသံလည်း မကြားချင်ပါဘူး။ မီးမှိတ်ပြီး ကိုက်တာကိုပဲ ငြိမ်ခံနေရပါတယ်။ အန်လည်းအန်ပါတယ်။ အသက်ကြီးလာတော့ ပိုပြီး မခံနိုင်တော့ဘူး ဖြစ်လာပါတယ်။ ဗမာပြည်မှာတုန်းက EEG ရိုက်ဖူးပါတယ်။ ဦးနှောက်အကြိတ်တွေဘာတွေမရှိပါဘူး။ ဘာကြောင့် အဲဒီရောဂါ ကျမမှာလာဖြစ်ရလဲ မသိရတော့ ဝဋ်နာ-ကံနာလား တောင် ထင်မိပါတယ်။

Zolmitriptan (Zomig, Zomig-ZMT) ဆေးက (မိုင်ဂရိန်း) ရောဂါဆေး မှန်ပါတယ်။ Sumatriptan (Imitrex) နဲ့ ဆင်တယ်။ 25 mg ကနေစပေးတယ်။ ၂ နာရီတခါ သောက်နိုင်တယ်။ တနေ့မှာ 10 mg ထက်မပိုသင့်ပါ။ အစာနဲ့ နီးနီးဝေးဝေး သောက်နိုင်တယ်။ တခြားဆေးတွေဖြစ်တဲ့ Dihydroergotamine (DHE) နဲ့ Ergotamine tartrate (Cafergot) တွေနဲ့ တွဲမသောက်တာ ကောင်းတယ်။ ကိုယ်ဝန်၊ နို့တိုက်မိခင်တွေလဲ သောက်နိုင်တယ်။ ဘေးထွက် အကျိုးတွေကလဲ ခဏသာဖြစ်မယ်။ ရင်ပတ်-လည်ချောင်း နာနိုင်တယ်။ ကျင်သလိုခံစားနိုင်တယ်။ မျက်နှာနီမယ်၊ ခေါင်းမူးမယ်၊ ဗိုက်ကသိကအောင့်ဖြစ်မယ်။ ချွေးထွက်မယ်။
Suminat (Sumatriptan Succinate) ဆေးကလဲ (မိုင်ဂရင်း) ကိုသုံးတယ်။ ဘေးထွက်အကျိုးတွေက ပျို့ချင်၊ ခေါင်းမူး၊ ကျင်သလိုခံစား၊ အိပ်ချင် စတာတွေ ဖြစ်နိုင်တယ်။
Loxonin (Anhydrous loxoprofen Na) ဆေးကို လူကြီးမှာ 60 mg တနေ့ ၃ ကြိမ်၊ အစားနဲ့နီးတာ ကောင်းတယ်။
“Migraine မိုင်ဂရင်း ခေါင်းကိုက်ရောဂါ” ကို ဖတ်ပါ။

Migraine (မိုင်ဂရင်း) ဆိုးဝါးလာတာ မဖြစ်စေအောင် ကြိုတင်ကာကွယ်ဘို့ သောက်ဆေးတွေနဲ့ ဆေးတွေရဲ့ ဘေးထွက်အကျိုး၊
Propranolol 80–240 mg (အားယုတ်၊ စိတ်ကျ၊ အိပ်မရ၊ ပျို့-အန်၊ ဝမ်းချုပ်)
Amitriptyline 10–150 mg (အိပ်ချင်၊ အာခေါင်ခြောက်၊ ကိုယ်အလေးချိန်ကျ၊ မျက်စိဝေဝါး၊ ကိုယ်ရောင်၊ သွေးဖိအားကျ၊ ဆီးအိမ်တင်း၊ ဝမ်းချုပ်)
Imipramine 10–150 mg (အိပ်ချင်၊ အာခေါင်ခြောက်၊ ကိုယ်အလေးချိန်ကျ၊ မျက်စိဝေဝါး၊ ကိုယ်ရောင်၊ သွေးဖိအားကျ၊ ဆီးအိမ်တင်း၊ ဝမ်းချုပ်)
Sertraline 50–200 mg (စိုးရိမ်စိတ်ဝင်၊ အိပ်မရ၊ ချွေးထွက်၊ လက်တုံ၊ အစာမကျေ၊)
Fluoxetine 20–60 mg (စိုးရိမ်စိတ်ဝင်၊ အိပ်မရ၊ ချွေးထွက်၊ လက်တုံ၊ အစာမကျေ၊)
Cyproheptadine 12–20 mg (အိပ်ချင်၊ အာခေါင်ခြောက်၊ ဗိုက်အောင့်၊ အစာမကျေ၊)
Clonidine 02–06 mg (အိပ်ချင်၊ အာခေါင်ခြောက်၊ ခေါင်းကိုက်၊ ဝမ်းချုပ်၊)
Verapamil 80–160 mg (ခေါင်းကိုက်၊ သွေးဖိအားကျ၊ မျက်နှာနီမြန်း၊ ကိုယ်ရောင်၊ ဝမ်းချုပ်၊)

Feb 20, 2011 at 1:17 PM
Q 5: ကျမ မိန်းမကိုယ် အတွင်းနှခမ်းသားမှာ အဖုကလေးတွေ ရှိပါတယ်။ ဒိအရင်က ရင်သားမှာ အဖုလေးတွေပေါက်ပြီး ယားလို့ အရေပြား ဆရာဝန်နဲ့ ကုသခဲ့ရပါတယ်။ ညွှန်ကြားတဲ့အတိုင်း ဆေးလိမ်း ဆေးသောက်လိုက်တော့ ၁ဝ ရက် လောက်နဲ့ ပျောက်သွားပါတယ်။ ရင်သားဖြစ်ပြီး ၅ လ လောက်အကြာမှာ မိန်းမကိုယ်မှာ ဖြစ်ပါတယ်။ ဆရာဝန်ပြဖို့ အချိန်မရဘဲ overseas ထွက်ခဲ့ရပါတယ်။ မိန်းမကိုယ်က အဖုလေးတွေက မသိမသာ ယားပါတယ်။ အဝါရောင် ဖျော့ဖျော့ အရည်နဲနဲ ဆင်းပါတယ်။ တခါတလေ အနံ့ဆိုးထွက်ပါတယ်။ မွေးလမ်းကြောင်းက ယောင်ပြီး ပုံမှန်ထက်ကြီးနေသလိုပါဘဲ။ ဖြစ်တာ ၁နှစ်ကျော်ပါပြီ။ Metronidazole 250mg ကို ၁ ရက် ၄ ကြိမ်နှုံးနဲ့ ၇ ရက် သောက်ပြီး။ Clotri-Denk 100 Vaginal ဆေးတောင့်ကို ၁ ရက် ၁ တောင့် နှုံးနဲ့ ၇ ရက်ထဲ့ပါတယ်။ အနံ့ဆိုးထွက်တာနဲ့ အရည်ဆင်းတာ သက်သာသလိုရှိပေမယ့် အဖုလေးတွေက ဒီအတိုင်း ပါဘဲ။ အိမ်ထောင်ကျနေပြီဆိုတော့ သားအိမ်ကင်ဆာအထိ ဖြစ်မှာစိုးရိမ်ပါတယ်။ အခု အနံ့ဆိုး ပြန်ထွက်နေပါတယ်။

သားအိမ်ကင်ဆာ မဟုတ်နိုင်ပါ။
သုံးခဲ့တဲ့ ဆေးတွေက မှန်ပါတယ်။ Metronidazole ကို ၃ ကြိမ်နဲ့ ရပါတယ်။ ဆေးတွေက မှိုဖြစ်တာကို ပျောက်စေပါတယ်။
STD လိင်ကတဆင့် ကူးစက်တာတွေကိုတော့ မပျောက်ပါ။ အဖုလေးတွေရှိတာမျိုးက နောက်ဆေး လိုသေးတယ်။
Doxycycline 100 mg တနေ့ ၂ ကြိမ် ၇-၁၄ ရက်။ ဒါမှမဟုတ် Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၅ ရက် သောက်ပါ။

Feb 20, 2011 at 8:39 PM
Q 6: အသက် ၂၇၊ အိမ်ထောင် ရှိ၊ နေရပ် (့)၊ ကျွန်မ ရာသီမလာတာ ၂လရှိပါပြီ။ ခုရက်ပိုင်းတွင်း ဗိုက်ကနာပါတယ်။ ရာသီလဲ မလာပါဘူး။ အိမ်ထောင်ဖက်နဲ့ တူတူနေပြီးချိန်ဆိုရင်တော့ သွေး နဲနဲထွက်ပါတယ်။ ပြီးရင် ဆက်မထွက်တော့ပါ။ နောက်ရက်များမှာလဲ ဒီလိုပဲဖြစ်နေပါသည်။ ဘာကြောင့် ဒီလိုဖြစ်ရသလဲ။ ဘယ်လို ကုသမှုမျိုး ခံယူသင့်တယ်ဆိုတာ အကြံဥာဏ် ပေးစေချင်ပါတယ်။ ကျွန်မသည် ရာသီမမှန်တာ အပျိုဘဝထဲက ဖြစ်ပါသည်။

ကလေး ရှိ-မရှိ မသိရသေးပါ။ အိမ်ထောင်သက်လဲ မသိရသေးပါ။ အခု ရာသီမလာတာအပြင် ကိုယ်ဝန်ရှိစ လက္ခဏာတွေ ရှိ-မရှိ မသိရသေးပါ။ တားဆေး-နည်း ဘာသုံးလဲ မသိရသေးပါ။ ကိုယ်ဝန် ဟုတ်-မဟုတ် မြန်မြန်သိချင်ရင် Urine Pregnancy Test ဆီးစစ်ပါ။ ငယ်ငယ်ကတည်းက ရာသီမမှန်တာကို သေခြာစစ်ဆေးပြီး ကုဘို့ လိုတတ်တယ်။ ခပ်လွယ်လွယ် ပြောရရင် အများသုံး ဟော်မုန်း ၂ မျိုးတွဲ တားဆေးကို သောက်ရင် ရက်မှန်ပါလိမ့်မယ်။ သွေးဆင်းတာလဲ မေးမြန်း-စစ်ဆေးရအုံးမယ်။ ဆက်ဆံချိန်မှာ နာသလား၊ အဖြူစတာ ဆင်းသလား။

Feb 20, 2011 at 7:31 PM
Q 7: သမီးအသက်က ၃၄ နှစ်ပါ။ ဗိုက်ပူတာက တပြင်လုံးပါ။ အမြဲပူနေတာပါ။ အရင်က အဲ့လောက် မပူဘူးလို့ ထင်ပါတယ်။ လေထိုးတာဆိုရင် လေဆေး စွဲသောက်ရင် ရပါသလား။ AirX တခါတလေ သောက်ပါတယ်။ စွဲသောက်ရင် ဘာများ ဖြစ်နိုင်ပါသလဲရှင်။ ဆေးယဉ်သွားမှာလဲ ကြောက်လို့ သိပ်မသောက်ရဲပါဘူး။ ဗိုက်ပူတာ ဗိုက်ထဲမှာ လေများ နေရင်လဲ ပူတယ် ကြားဖူးလို့ လေဆေး စွဲသောက်ရင် ဖြစ်မလားရှင့်။ ဆရာပြောတာကြားတော့ အားရှိသွားသလိုပဲ။ တစ်ယောက်တည်း ကျိတ်ပြီး စိုးရိမ်နေတာပါ။ သမီးချစ်သူကလဲ မဖြစ်နိုင်ဘူးလို့တော့ ပြောပါတယ်။ ဆေးခန်းပြဖို့လဲ အခွင့်အရေး မရသေးလို့ပါ။ နောက်ပြီး တစ်နေကုန်ဆိုင်မှာပဲ မအားလို့ပါ။ အထိုင်များရင် ရောဂါရတယ် ပြောတယ်။ သားအိမ်အတွက် မကောင်းဘူးပြောလို့ ဘယ်လို မကောင်းတာလည်းလဲ သိချင်ပါတယ်။ မနက် ၉ နာရီ လောက်တည်းက ဆိုင်မှာထိုင်လိုက်တာ ည ၁၁ နာရီ လောက်ထိပါပဲ။ ထမင်းစားချိန်နဲ့ အိမ်သာသွားချိန်လောက်ပဲ အထ ရှိပါတယ်။ ကျန်တဲ့ အချိန်က ထိုင်ဖြစ်တာ များနေပါတယ်။ ချစ်သူနဲ့နေရင် ရာသီ ပြန်ပြန်ဆင်းလို့ စိတ်ပူမိတာရယ်၊ ဗိုက်ပူတာရယ်ကို စိုးရိမ်နေပါတယ်။ နောက်ပြီး ဆီးစပ်နေရာကလဲ ကိုက်ကိုက် နေတတ်လို့ပါ။ ရာသီလာခါနီးရင် ကိုက်တတ်ပါတယ်။ ရာသီလာခါနီးမို့ဖြစ်တာလား မသိဘူး။

မေးတဲ့သူရဲ့ အသက် မသိရပါ။ အသက် မကြီးသူမှာ သားအိမ်ကင်ဆာ မဖြစ်တာများတယ်။ ဆက်ဆံဘက် မများသူတွေမှာ အဖြစ်နဲတတ်သေးတယ်။ ရာသီရက် မမှန်တာတခုနဲ့လဲ သံသယ မဝင်သင့်ပါ။ ပြောပြတဲ့ တားဆေးကြောင့် မမှန်တာဖြစ်ဘို့ များပါတယ်။ ကင်ဆာဆိုရင် ဆီးစပ်နေရာနာတာ၊ အဖြူစတာဆင်းတာတွေပါ ရှိနိုင်သေးတယ်။

ဗိုက်ပူတာက ဘယ်နေရာကလဲ။ အထက်ပိုင်း-အောက်ပိုင်း၊ ဘယ်-ညာ၊ နောက်ပြီး အစာစားပြီးမှလား၊ အမြဲလား။

အကြံပေးရရင် အရေးပေါ်တားဆေးကို ဆရာရေးထားတာသေခြာဖတ်ပြီး လိုက်နာသုံးပါ။ တလထဲ ၂ ခါထက် ပိုမသုံးသင့်ပါ။ တခြားနည်းတွေကိုလဲ ရေးထားတာ ရှိပါတယ်။ လိုသေးရင် မေးပါ။

“ဗိုက်ပူတာက ဘယ်နေရာကလဲ။ အထက်ပိုင်း-အောက်ပိုင်း၊ ဘယ်-ညာ၊ နောက်ပြီး အစာစားပြီးမှလား၊ အမြဲလား။”
လုံခြုံမှုရှိရင် ဓါတ်ပုံရိုက်ပို့ပေးပါ။ ရှေ့ကရော၊ ဘေးတိုက်ပါရိုက်ပါ။
ဗိုက်ကယ်တာ-ပူတာအတွက် လေနာမဟုတ်ရင် လေးဆေးက သိပ်အကူအညီ မပေးနိုင်ပါ။
AirX ထဲမှာ ဘာပါလဲတော့ မသိပါ။ သူများနိုင်ငံတွေမှာ လေအားသုံး-အင်ဂျင်နာမယ် အဖြစ်သာ ရှာရတယ်။ ဖြစ်မှာကတော့ Antacid ဆေးနေမှာပါ။ တချို့က ဝမ်းချုပ်၊ တချို့ကဝမ်းလွယ် ဖြစ်တယ်။
အတူနေပြီးနောက် ရာသီမမှန်တာက အရေးပေါ် တားဆေးကြောင့် ဖြစ်ပါမယ်။ ရာသီရင်လဲ မှန်ချင်တယ်၊ အရေးပေါ် တားဆေးလဲ ခဏခဏ မသောက်ရအောင် အများဆုံးသုံးကြတဲ့ ဟော်မုန်း ၂ မျိုးတွဲ တားဆေး သောက်သင့်တယ်။
ရာသီလာချိန် နာတာအတွက် Pain killer တခုခုကို မလာခင် ၁-၂ ရက်ကြိုသောက်ပါ။ တားဆေးက အဲလိုနာတာလဲ သက်သာစေတယ်။
ရာသီဆင်းရင်လဲနာတတ်တယ်၊ အသက် ၃၄ ဆိုတော့၊ OG ကို ပြသင့်တယ်။ Ultrasound ရိုက်ရင် Endometrosis ကို ဖယ်ထုတ်ဘို့ ကောင်းတယ်။ သိပ်မစိုးရိမ်ပါနဲ့။ ဒိဖြစ်သူတွေက ဆက်ဆံတဲ့အခါမှာ နာတတ်တယ်။ တခြားလက္ခဏာတွေလဲ ရှိလိမ့်မယ်။ အထိုင်များတာအတွက် ကိုယ်လက်လှုတ်ရှားမှု လုပ်ပေးပါ။ အထိုင်များလို့ သားအိမ်မကောင်း မဖြစ်ပါ။

Feb 23, 2011 at 10:35 AM
Q 8: ယောက်ျားလေးနဲ့ အတူနေပြီး အဒီလနဲ့ နောက်လမှာ ရာသီလာပါတယ်။ နောက်တလမှာ ရာသီမလာရင် ကိုယ်ဝန် ရနိုင် မရနိုင် သိချင်လို့ပါရှင်။

အတူနေပြီးတဲ့နောက် ရာသီတလလာရင် အဲလိုနေခဲ့တဲ့အတွက် ကိုယ်ဝန်မရပါ။ နောက်လတွေ မလာခင်ကော ဆက်ဆံသလား။ ဆက်ဆံတာ မရှိခဲ့ရင် မလာတာ ကိုယ်ဝန် မဟုတ်နိုင်ပါ။ ပိုသေခြာချင်ရင် Urine for pregnancy test စစ်လိုက်ပါ။