Tuesday, October 5, 2010

Q and A October 2010 (5)

1. ကိုယ်ဝန်မရအောင် အရေးပေါ် သောက်ရတဲ့ဆေးက
2. ချွေးအရမ်းထွက်နေပါတယ်
3. မျက်စိက အဝေးကိုဆိုရင် ရှင်းရှင်းလင်းလင်း မမြင်ရတော့ဘူး
4. Adrenaline နဲ့ Hydrocortisone အကြောင်းကို ရှင်းပြပေးပါဦး။

Q: ဆရာရှင့် ခါတိုင်း ရာသီလာရက်ကတော့ လဆန်း ၉ ရက်နေ့ပါ။ အတူနေမိတဲ့ ရက်ကတော့ ဒီလ ၁ ရက်နေ့ကပါ။ ကိုယ်ဝန်မရအောင် အရေးပေါ် သောက်ရတဲ့ဆေးက ဝယ်လို့ မလွယ်တာနဲ့ သူငယ်ချင်း တယောက်က ပြောတဲ့အတိုင်း သောက်လိုက်မိပါတယ်။ စိတ်ချရပါ့မလား သိချင်ပါတယ်။ သူပြောတာကတော့ ပြီးပြီးချင်းကို တနေ့တလုံး သောက်ရတဲ့ တားဆေးကဒ်က ဆေးကို ၄ လုံး တခါထဲသောက်ပြီးနောက် ၁၂ နာရီအတွင်းမှာ ၄ လုံး ထပ်သောက်ခိုင်းပါတယ်။ အဲလို သောက်လိုက်မိပါတယ်ရှင့်။ အဲဒါ စိတ်ချရပါသလားရှင် သိချင်ပါတယ်။ ၁ ရက်အတွင်း သောက်တာပါ။ သောက်တဲ့ ဆေးကတော့ Marvelon 28 ပါ။

A: ဆေး အမျိုးအစားအပေါ် မူတည်တယ်။ ဆက်ဆံအပြီး ၃-၅ ရက်အတွင်း သောက်ရတယ်။ လိုအပ်ရင် တိုက်ရိုက် အီးမေးလ် ရေးပါ။ Marvelon 28 (Desogestrel 0.15 mg and Ethinyl estradiol 0.03 mg) လိင်ဆက်ဆံပြီးနောက် ၅ ရက်အတွင်း၊ ၄ လုံး ချက်ချင်းသောက်ပါ။ ၁၂ နာရီခြာပြီး နောက်ထပ် ၄ လုံး ထပ်သောက်ပါ။

11 Oct 10, 12:21
Q: ကျွန်တော် ချွေးအရမ်းထွက်နေပါတယ်။ နေရင်းထိုင်ရင်း ချွေးထွက်ပါတယ်။ စနေနေ့ညနေက နှာချေလို့ ပန်နဒေါ သောက်ပါတယ်။ ညဖက် အိပ်ယာထဲမှာလဲ ချွေးထွက်တယ်။ တနင်္ဂနွေလဲ နေကုန် ချွေးထွက်တယ်။ ရေသောက် လိုက်တာနဲ့ ချွေးထွက်ပါတယ်။ ကိုယ်ပူတယ်ထင်လို့ ရေမချိုးပဲ ရေပတ်တိုက်နေပါတယ်။ ဒီနေ့ တနင်္လာနေ့ ဆိုတော့ ၃ ရက်ရှိပါပြီ။ ရေမသောက်ရဲအောင်ပါပဲ။ ချွေးက ထွက်နေဆဲပဲ။ နေက တော်တော်ပူတယ်ဆရာ။

A: ချွေးထွက်များသူ-နည်းသူ မတူကြပါ။ မွေးရာပါလို ဖြစ်နေသူတွေ ရှိတယ်။ ရောဂါလို့ မခေါ်ပါ။ လူကြည့်တာနဲ့ ပခုံးပေါ်မှာ တဘက်သေးသေးတခု တင်ထားတတ်ကြတယ်။ လက်ကိုင်းပုဝါ အမြဲဆောင်တယ်။ အဲလိုမဟုတ်ဘဲ ကောက်ဖြစ်တာက တမျိုးစ။ ရာသီဥတုကြောင့်ဆိုရင် လူအများလဲ ဖြစ်ကြမှာဘဲ။ ဘာဘဲဖြစ်ဖြစ် ချွေးနဲ့အတူ ထွက်သွား-ကုန်သွားတဲ့ ရေ နဲ့ ဓါတ်ဆားတွေ ပြန်ဖြည့်ပေးရလိမ့်မယ်။ ဓါတ်ဆားဆိုတာ ဝမ်းလျှောရင် သောက်ရတဲ့ ဓါတ်ဆားထုပ်ပါဘဲ။ မဖြည့်ရင် အားယုတ်နေမယ်။ ကြွက်သားတွေ ပြော့နေမယ်။ ရေတော့ သောက်ရပါမယ်။ ရေလဲချိုးပါ။ နှာချေ-ခေါင်းကိုက် စသဖြင့် အတွက် သောက်ရတဲ့ ဆေးတွေမှာ Pain killer ဆိုတာပါမယ်။ ဒီဆေးမျိုးကလဲ ချွေးထွက်စေတယ်။

9 Oct 10, 14:48
Q: ကျနော်ရဲ့ မျက်စိက အဝေးကိုဆိုရင် ရှင်းရှင်းလင်းလင်း မမြင်ရတော့ဘူး။ ဆိုင်းဘုတ်တွေက ကြေငြာစာတွေတောင် ဖတ်ရတာဝါးနေပြီ။ ကျနော်က အခုမှ အသက် ၂၃ ပဲရှိသေးတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မဖြစ်ဘူးသေးဘူး။ ကျနော်က အမြဲတမ်း ကွန်ပျူတာ သုံးတယ်၊ ဂိမ်းတွေလဲဆော့ဖြစ်တယ်။ အခု နှစ်နှစ်အတွင်းမှာ အခု အလိုဝါးသွားတော့ ကျနော် ဘာလုပ်သင့်သလဲ။ မျက်မှန်တပ်သင့်လား။ မျက်စိအားတိုးဆေးတွေလဲ ရှိရင် ပြောပြပေးပါဦး။ ပြီးတော့ ဘာအစားအစာတွေ စားရမလဲ ဆိုတာကိုလဲ ပြောပြပေးပါဦး။ ကျနော့် မျက်စိ ပြန်ကောင်းနိုင်ပါ့မလား။

A: ကျွန်တော် မျက်စိအထူးကုဆရာဝန် မဟုတ်ပါ။ တီဗွီ၊ ကွန်ပြူတာ၊ (လက်ပတော့ပ်) အသုံးများရင် မျက်စိအမြင်ကို ထိခိုက်တာ အမှန်ပါ။ အချိန်အကြာကြီး သတ်သတ်-မှတ်မှတ် နေရာတခုမှာ Focal point အမြင်အာရုံ စိုက်ထားနေရရင် ဖြစ်တယ်။ မျက်စိဆိုတာ အနီး-အဝေး အားလုံးအတွက် သုံးရတာကိုး။ မျက်စိက မှန်ဘီလူးကို ထိန်းပေးတဲ့ ကြွက်သားတွေက တနေရာထဲမှာ အကြာကြီး ချိန်ကိုက်ထားနေရတော့ ရုတ်တရက် တခြားနေရာအတွက် ပြင်ဆင်ဘို့ ခက်လာတဲ့သဘောပါ။ ဒီတော့ အကျင့်ကို ပြင်သင့်တယ်။ ကြားချိန်မှာ နားတာ၊ အဝေးကို ကြည့်တာ လုပ်ပါ။ အများကြီး သက်သာလာမယ်။ အဲလိုနားတဲ့အတွက် ကိုယ့် ဂိမ်း-အလုပ်တွေမှာလဲ Fresh ဖြစ်လာတော့ ပိုကောင်း စေမယ်။ မျက်မှန်လဲ လိုနိုင်ပါတယ်။ မျက်မှန်ဆရာတွေဆီ သွားရင် သေခြာပေါက် မျက်မှန် အလုပ်ခိုင်းနိုင်တယ်။ မျက်စိအထူးကုဆရာဝန်ကို ပြတာ ကောင်းတယ်။ မျက်စိအားဆေး ဆိုတာ ဗီတာမင် အေ တခုသာ ရှိတယ်။ ဒါကလဲ ကြက်မျက်သင့် ဆိုတဲ့ အလင်းရောင်နဲချိန် (ညနေ) မှာ ကောင်းကောင်း မမြင်ရတာအတွက်သာ ကောင်းတယ်။ Vitamin A များတာတွေက အရောင်ရှိ အသီးအနှံတွေ၊ ကြက်ဥအဝါ၊ ငါးကြီးဆီ။

A: Adrenaline ဆိုတာ လူ့ကိုယ်ထဲက လိုရင် လိုသလို ထုတ်ပေးနေတဲ့ လူတွေ စသိခဲ့တဲ့ “ဟော်မုန်း” တခု ဖြစ်တယ်။ တိရစ္ဆာန်တွေမှာလဲ ရှိပါတယ်။ သူထွက်လာရင် နှလုံးခုန်နှုန်း မြန်လာတယ်။ ထိန့်လန့်စရာ၊ မထင်မှတ်တာ၊ အန္တရာယ်တခုခု ကျရောက်ရင် အလိုလို ထွက်လာတာမို့ ဆေးပညာ ဗဟုသုတ ရှိသူတွေက “လန့်လိုက်တာကွာ မင်းကြောင့် (အဒြီနလင်) ၂ စက်လောက် ထွက်သွားတယ်” လို့ ပြောတတ်ကြတယ်။ ဘိုလိုတော့ fight or flight လို့ ပြောတယ်။

ကျောက်ကပ်ရဲ့အထက်မှာ ဆက်-ကပ်နေတဲ့ ၃ လက္မလောက်အရွယ် Adrenal glands ဂလင်းတွေကနေ Adrenaline ၈ဝ% နဲ့ Noradrenaline ၂ဝ% ထုတ်ပေးတယ်။ Epinephrine လို့လဲ ခေါ်သေးတယ်။ (ဆင်ပသက်တစ်) အာရုံကြော စနစ်ရဲ့ တုံ့ပြန်မှု ဖြစ်ပါတယ်။ အာရုံကြော (ထရန်စမစ်တာ) လဲ ဖြစ်သေးတယ်။ လေပြွန်က ကြွက်သား-အနုစားတွေကို ကျယ်စေပြီး၊ သွေးလွှတ်ကြော သေးသေးလေးတွေကိုတော့ ကျုံ့စေတယ်။

Cardiac arrest ခေါ်တဲ့ နှလုံးရပ်သွားတာ၊ Cardiac dysrhythmia နှလုံးခုန် မမှန်တာ၊ Cardiac output နှလုံးသွေး ထုတ်နိုင်စွမ်း လျှော့နည်းတာ မျိုးအတွက် ဆေးဖြစ်တယ်။ (အလာဂျီ) အပြင်းအထံဖြစ်တာကြောင့် Anaphylactic Shock (ရှော့ခ်) ဖြစ်ရင် Adrenaline ထိုးဆေးနဲ့ အရေးပေါ် ကုပေးရတယ်။ Asthma ပန်းနာ ရုတ်တရက် ကြပ်ရင် ဒီဆေး ထိုးရတယ်။ ထုံဆေး Bupivacaine, Lidocaine ထိုးရာမှာ ဒီဆေးနဲ့ ရောရင် သွေးထွက် နဲစေမယ်။ ဆေးအရှိန်လဲ ကြာစေတယ်။

ဗိုင်းရပ်စ် တမျိုးကြောင့် Croup လို့ခေါ်တဲ့ Laryngotracheobronchitis လည်ချောင်းက လေပြွန် ရုတ်တရက်ကျဉ်းပြီး (ကန်တော့ပါရဲ့) Barking cough (ခွေး) ဟောင်သလို ချောင်းဆိုးတဲ့ရောဂါအတွက်လဲ (စတီရွိုက်) ဆေးနဲ့အတူ ဒီဆေး ပေးရတယ်။

သတိထားရတာက သူ့ကြောင့် Palpitation ရင်တုံ၊ Tachycardia နှလုံးခုန်မြန်၊ Tremor လက်တုံ၊ Hypertension သွေးဖိအားတက်၊ Anxiety စိုးရိမ်မှုဖြစ်၊ ခေါင်းကိုက်၊ Pulmonary edema ရုတ်တရက် အဆုပ်ရောင်တာတွေ ဖြစ်စေတယ်။

“Hydrocortisone ဟိုက်ဒရိုကော်တီဇုံး” ဆိုတာ (စတီရွိုက်) ဆေးဖြစ်တယ်။ သိပ်အစွမ်းထက်ပြီး သိပ်သတိထား သုံးရတာမျိုး။ ခက်တာက ဆေးလက်မှတ် မပါဘဲ ဝယ်လို့ရတယ်။ အရေပြားမှာ ယားယံတာ၊ နှင်းခူနာ၊ အကောင် ကိုက်တာ၊ တခုခုနဲ့ မတည့်တာ၊ စအိုယားတာ၊ ခေါင်းယားတာ၊ စတာတွေအတွက် 0.5% or 1% Hydrocortisone ဆေးတွေ ဝယ်လို့ လွယ်တယ်။ တနေ့ ၁-၄ ကြိမ်သုံးရတယ်။

Ointment လိမ်းဆေးညှစ်ဘူး၊ Cream ခရင်မ်၊ Lotion လိမ်းဆေးရည်၊ Liquid အရည်၊ Gel ဂျဲလ်၊ Spray စပရေး၊ Foam အမြှုပ်၊ Suppositories စအိုထဲထည့်ဆေး၊ Paste ပါးစပ်ထဲထည့်ဆေး၊ ပုံစံအမျိုးမျိုးနဲ့ လာတယ်။ ဆေးနာမယ်တွေကလဲ အမျိုးမျိုး။ ဒီဆေးကို ဆရာဝန် မညွှန်ဘဲ မသုံးသင့်ဘူး။ ဆေးကို မျှဉ်းဖြတ်ရတယ်။

Colitis ဆိုတဲ့ အူမကြီးရောင်တာအတွက် ညတိုင်း ဖြစ်ဖြစ် တနေ့ ၂ ခါဖြစ်ဖြစ် ၂-၃ ပါတ်ကြာ ပေးရတယ်။ Proctitis ဆိုတဲ့ စအို-အစာဟောင်းအိမ် ရောင်တာအတွက် တနေ့ ၁-၂ ကြိမ်၊ ၂-၃ ပါတ် ပေးတယ်။ Hemorrhoids လိပ်ခေါင်းအတွက် တနေ့ ၁-၂ ကြိမ်၊ ၂-၇ ရက်ပေးတယ်။

ဘေးထွက်ဆိုးကျိုး Side effects တွေ တလှေကြီးရှိတယ်။ အရေပြား ခြောက်-ကွဲတယ်၊ ဝက်ခြံထွက်၊ ယားယံ၊ ပူလောင်၊ အရေပြား အရောင်ပြောင်း၊ အစာမကျေ၊ အန်၊ ခေါင်းမူး၊ အိပ်ရေးပျက်၊ စိတ်ကျ၊ အမွှေးပေါက်တာပိုများ၊ ခိုက်မိရင် သွေးခြည်ဥပိုဖြစ်၊ ရာသီ ထိန်နိုင်တယ်။ ပိုဆိုးတာတွေကတော့ အရေပြားအနီကွက်၊ အသက်ရှူခက်၊ ရင်ကျပ်၊ အရေပြား အနာဖြစ်၊ သွေးယိုတာတွေ။

Fungal infection မှိုရောဂါ ရှိနေတုံး ဒီဆေး မသုံးရပါ။ ကျောက်ကပ်၊ အူ၊ နှလုံးရောဂါရှိနေသူ၊ ဆီးချို၊ လည်ပင်းကြီး၊ သွေးတိုး၊ ရေယုံ၊ တီဘီရောဂါရှိနေသူတွေ ဒီဆေးသုံဘို့ အထူးသတိထားရမယ်။ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်ချိန်လဲ သတိပြုပါ။ ဒီဆေးသောက်နေတုံး အရက်သောက် လျှော့ရမယ်။ ဆေးပေးထားသူတွေကို ဆားလျှော့စားဘို့၊ ပရိုတင်း နဲ့ ပိုတက်စီယမ် များများစားဘို့ ဆရာဝန်က ညွှန်ကြားမယ်။

Dr. တင့်ဆွေ
၁၂-၁ဝ-၂ဝ၁ဝ

Wooing the Generals ပြင်သစ်အမြင်

ပြင်သစ်အသင်းကဗိုလ်စွဲသွားတဲ့ ဘောလုံးပွဲသတင်းတွေကနေ အမှတ်ရတာတခုရှိသေးတယ်။ ကျွန်တော် ပြည်ပနိုင်ငံရေးကာလ နယူးဒေလီမှာနေစဉ်က ပြင်သစ်လူမျိုး သုတေသ...