ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, October 2, 2011

Q and A October 2011 (2)

၁။ ရာသီလာတာ ၁ လခွဲ တစ်ခါဖြစ်နေလို့ပါ။
၂။ ဆက်ဆံပြီး သုံးလေးရက် အကြာမှာ
၃။ Down syndrome ရောဂါအကြောင်း
၎။ သားသမီးကိစ္စက အကောင်အထည်မပေါ်ပါဘူး
၅။ တီဘီရောဂါလို့ ပြောလို့ရလား။

2011/10/16
သမီးအသက် ၂၆ နှစ်ပါ၊ ကန်တော့ပါဆရာ၊ ရာသီလာတာ မမှန်တာ သဘာဝပါလား၊ သမီး ရာသီလာတာ ၁ လခွဲ တစ်ခါဖြစ်နေလို့ပါ။ ပြီးရင် ခေါင်းလဲ ကိုက်ပါတယ်၊ မလာခင်တစ်ပတ်လောက်ဆို အရမ်းလဲအိပ်ပါတယ်၊ ထလာရင်လဲ မလန်းဆန်းပဲ ဝမ်းလဲနည်းပါတယ်။ ဗိုက်လဲတော်တော်လေးအောင့်ပါတယ်၊ ဆေးပညာဆောင်းပါးတွေမှာတော့ ဖြစ်တတ်တဲ့ လက္ခဏာလို့ဖတ်ဖူးပေမဲ့ တဖြည်းဖြည်း ကြောက်လာပါပြီ။ သမီးအလုပ်က ကွန်ပြူတာ ပရိုဂရမ်မာပါ၊ အလုပ်မှာလဲ အဲလိုရက်တွေဆို စိတ်ညစ်ပါတယ် အလုပ်ထဲစိတ်မပါပါဘူး။ အဲလိုကြီး တစ်သက်လုံးဖြစ်နေတော့မှာလား ဘယ်လို နေရမလဲလို့ သိချင်ပါတယ်။ ခေါင်းကိုက်တာကလဲ နောက်စိဘက်အခြမ်းက ကိုက်ပါတယ်ဆရာ။ ရာသီလာတဲ့ အချိန်မှာလဲ ကိုက်ပါတယ်၊ လာခါနီးဆိုလဲ အရမ်းသိသာပါတယ်။ ကိုက်တာက၊ ဆိုင်မဆိုင်တော့ မသိပါဘူး။

ဆရာရေးထားတာတွေ ဖတ်ပြီးပြီလား။
၁။ Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁)
၂။ Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂)
၃။ Menstruation (3) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၃)
၎။ Migraine မိုင်ဂရင်း ခေါင်းမူး-ခေါင်းကိုက်ရောဂါ ကို ဖတ်ပါ။
အိမ်ထောင်ရေး စတာမျိုးလဲ မဖြေခင် ဆရာဝန် သိသင့်တယ်။

2011/10/16
ကျွန်တော့် အသက် ၂၁ ရှိပါပြီ၊ မြန်မာနိုင်ငံမှာပဲ နေပါတယ်။ လူပျိုပါ။ ၂ဝ၁ဝ ၈ လ ပိုင်းလောက်က ရည်စားနဲ့ ပထမဆုံး လိင်ဆက်ဆံခဲ့ပါတယ်။ တစ်ခါပါပဲ။ အဲဒီနောက် ဆက်ဆံပြီး သုံးလေးရက် အကြာမှာ ကျွန်တော်ရဲ့ လိင်အင်္ဂါမှာ အနာလေးတွေ ပေါက်လာပါတယ်။ အဲဒီအနာလေးတွေက အလည်မှာ ပြည် လိုမျိုး အရောင်နဲ့ (ပြည်မတည်ပါဘူး} ထိမိရင် စပ်ပါတယ်။ သူဟာသူ နေရင်တော့ မစပ်ပါဘူး။ တစ်ခု နှစ်ခု လောက်ပါပဲ။ နောက် သုံးလေးပတ်လောက်ကြာတော့ ပျောက်သွားပါတယ်။ ပျောက်တာ တစ်ပတ်လောက်နေတော့ ပြန်ဖြစ်ပါတယ်။ အဲလို ပျောက်လိုက် ဖြစ်လိုက်ဖြစ်နေတာ ၂ဝ၁၁၊ ၁ဝ လ ခုချိန်ထိပါပဲ။ အနာပေါက်နေချိန်မှာ သူ့ကိုထိရင် စပ်ပါတယ်။ အဲဒီအနာလေးတွေက ကျွန်တော့် လိင်တံ အလည်လောက်မှာပဲ ပေါက်ပါတယ်။ တစ်လလောက် ပေါက်ရင် တစ်ပတ်လောက် ပျောက်ပါတယ်၊ ပြီးရင် ပြန်ပေါက်ပါတယ်။ ရှက်တာနဲ့ ဘယ်ဆေးခန်းမှ မပြရဲပါဘူး။ ကျန်တဲ့ လက္ခဏာ မပြပါဘူး။ အဲဒါ ကာလသားရောဂါလား၊ ဆစ်ဖလစ်လား၊ ကျွန်တော် ဘယ်လို ကုရမလဲဆိုတာ ကူညီပေးကျပါ ခင်ဗျာ။

၁။ ဒီ Website နဲ့ Email မှာ ဆရာတယောက်ထဲသာ ရှိပါတယ်။ ဖြေပေးကြ (ကျ မဟုတ်ပါ) ဆိုလို့ ပြောတာဖြစ်ပါတယ်။
၂။ Lesions on penis ကျားအင်္ဂါ အနာများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၁) ကိုဖတ်ပါ။

2011/10/16
Down syndrome ရောဂါအကြောင်း သိရှိချင်ပါသည်။ တချို့လူတွေမှာ ထိုရောဂါ ဘာကြောင့်ဖြစ်ရတာလဲ။ ကျန်းမာရေး ကောင်းမွန်သည့် မိဘနှစ်ပါး ဖြစ်သော်လည်း ထိုရောဂါပါလာသော ကလေးများ မွေးဖွားတတ်ကြသည်ကို တွေ့ရပါသည်။ ထိုကဲ့သို့ မဖြစ်အောင် မိဘနှစ်ပါးအနေဖြင့် မည်ကဲ့သို့ ပြုမူနေထိုင်ပြီး၊ မည်သည့်အာဟာရများ စားသောက်ရန် လိုအပ်သည်ဆိုသည်ကို သိရှိလိုပါသဖြင့် ဖြေကြားပေးပါရန် လေးစားစွာ တောင်းခံအပ်ပါသည်။
Down syndrome (ဒေါင်းန်-ဆင်ဒရုမ်း) ကို ပို့ပေးပါတယ်။

2011/10/15
ကျွန်တော်က တိုင်းခြားမှာ အလုပ်လုပ်ပါတယ်။ ကျွန်တော် တို့ ဇနီးမောင်နှံ အိမ်ထောင်ကျတာ တနှစ်ခွဲလောက် ရှိပါပြီ။ကျွန်တော်တို့ နှစ်ယောက်လုံးရဲ့ အသက်ကလဲ ၃၅ ပါတ်ဝန်းကျင်တွေပါ။ လက်ထပ်ပြီး ၄ လနီးပါးလောက် အတူနေခဲ့ပါတယ်။ ဒါပေမယ့် သားသမီးကိစ္စက အကောင်အထည်မပေါ်ပါဘူး။ အခု အသက်အရွယ်မှာ သားသမီးယူရင် ဆိုးကျိုးတွေ ရှိလာနိုင်မလားဆရာ။ ဖတ်ဖူးတဲ့စာတွေထဲမှာ အသက်ကြီးမှ ကလေးယူရင် ဥာဏ်အရည်အသွေးနိမ့်၊ ရုပ်ရည်ချို့တဲ့တဲ့ ကလေးတွေ ရလာနိုင်တယ်လို့ ဖတ်ဖူးထားလို့ပါ။ နောက်ပြီး ကလေးနဲ့ မိခင်အတွက်စိုးရိမ်ရတယ်လို့ သိဖူးပါတယ်။ လာမယ့် ၁၂လပိုင်းလောက်မှာ ဆုံးဖြတ်စရာလေးတွေ ရှိနေလို့ပါ။ ဆက်ပြီးတော့ နေရမလား၊ ပြန်မလားဆိုတာကိုပါ။ ကျွန်တော်တို့ မိသားစုနှစ်ခုလုံးကလဲ တော်တော်လေးမျှော်လင့်နေကြတာမို့ပါ။

ကလေးရနိုင်သူတိုင်း အသက် အတိအကျကန့်သတ်မှု မရှိဘူးလို့ ပြောရင် ရပါတယ်။ ယောက်ျားတွေမှာ ပိုပြီး အကန့်အသတ် မရှိပါ။ အမျိုးသမီးတွေမှာ သွေးမဆုံးမချင်း သားမဆုံးပါ။ ၃၅ နှစ်ဆိုတာ သားဦးကိုယ်ဝန်ရရင် သတိပိုထားရတာ ဖြစ်ပါတယ်။ သတိထားရင် ကလေးအကောင်းမွေဘို့ ဘာမှ စိုးရိမ်စရာ မလိုပါ။ ကလေး မရနိုင်သူတွေကြတော့ အသက်ငယ်လဲ ကိုယ်ဝန်ဆောင်ဘို့ ခက်ကြတယ်။ သေခြာချင်ရင် ဆေးစစ်ရတယ်။ ယောက်ျားကိုရော မိန်းမကိုပါ စစ်ရတာပါ။ အသက်ငယ်သူ ဖခင်နဲ့ အသက်ကြီး မိဘတွေအတွက် စာရေးထားတာတွေ့ ပို့လိုက်ပါတယ်။
၁။ Elderly parents အသက်ကြီးမှ ကလေးရရင်
၂။ Young father ယောက်ျားက အသက်ငယ်နေရင် ဥာဏ်ရည်မမှီတဲ့ ကလေး မွေးတတ်သလား

2011/10/8
လွန်ခဲ့တဲ့လက ကျနော့ဇနီး ဓါတ်မှန်ရိုက်ဖြစ်တယ်။ ဓါတ်မှန်ထဲမှာ ဘယ်ဘက် အဆုတ်ရဲ့ အပေါ်ဘက်ထောင့်မှာ အဖြူကွက်လေး ပေါ်နေတယ်။ ကျနော့်ဇနီးမှာ တီဘီနဲ့ ပါတ်သက်တဲ့ ဘာလက္ခဏာမှ မရှိခဲ့ဘူး။ အဲလိုအကွက်ပေါ်တိုင်း တီဘီရောဂါလို့ ပြောလို့ရလား။ အဆုတ်မှာ စပေါ့တွေ့တာက တစ်ခြား ဘာရောဂါတွေ ဖြစ်နိုင်သေးလဲ။ နောက်တစ်ပါတ်မှာတော့ သလိပ်စစ်ဖို့ စီစဉ် ထားပါတယ်။ ကျနော်တို့က တစ်အား စိုးရိမ်နေတာပါ။ တီဘီကြောင့်လားဆိုပြီးပါ။ အနံ့အသက်ပြင်းတဲ့ ဓါတုဆေးဝါးများ (ဥပမာ အဝတ်အစား အစွန်းချွတ်ဆေး)လိုမျိုး သုံးရင်ကော အဆုတ်ကို အနာဖြစ်စေနိုင်လား။

၁။ TB ဖြစ်တာကို မစိုးရိမ်ပါနဲ့။ ဆေးကုလို့ပျောက်တယ်။ တခြားဟာကိုသာစိုးရိမ်ရမယ်။ ဖြစ်တဲ့သူရဲ့အသက်၊ ကျန်းမာရေးနောက်ခံတွေ ထည့်မရေးလို့ မှန်းမရပါ။ သလိပ် အဖြေရလို့ လိုသေးရင် မေးပါ။
၂။ ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက အတိုင်း မေးပါ။