ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, September 2, 2010

Q and A September 2010 (2)

1. ကျွန်တော် ကျားလိင်အင်္ဂါထိပ် အကြားစပ်အခြေ ပေါ်လေးမှာ
2. ကျွန်မအသက် ၃၇ ရှိပါပြီ။ အိမ်ထောင်ရှိပါတယ်
3. ကိုယ်ဝန်ရှိရင် ရာသီ မလာတော့တာ
4. ကျွန်တော့်ချစ်သူမှာ အခုတစ်လော ဗိုက်ခဏခဏအောင့်လို့
5: ဘယ်ရင်အုံရဲ့ အောက်ခြေနားကနေ တခါတလေ စူးပြီး အောင့်ပါတယ်

Q 1: ကျွန်တော် ကျားလိင်အင်္ဂါထိပ် အကြားစပ်အခြေ ပေါ်လေးမှာ ကိုင်ကြည့်ရင်မသိပေမယ့် သေချာကြည့်ရင် မိတ်လို အနီစက်လေးတွေ မြင်နေရတယ်။ တစ်နှစ်နီးပါး ရှိပါပြီ၊ မယားပါဘူး၊ မနာပါဘူး။ HIV လက္ခဏာတွေ ကြည့်လိုက်တော့ HIV ရှိရင် ကြွက်နို့ပေါက်တယ်လို့ ဖတ်ရတယ်ဆရာ။ အဲဒါ ကျွန်တော့မှာလဲ ကြွက်နို့ ပေါက်နေတယ်။ ခြေညှို့မှာ ပေါက်နေတယ်။

A: ကြွက်နို့က လိင်အင်္ဂါမှာ ပေါက်နေမှ လိင်ကတဆင့် ကူးစက်ရောဂါအမျိုးအစားမှာ ပါတယ်။ ကြွက်နို့တိုင်းက HIV နဲ့ မဆိုင်ပါ။ ပြောတဲ့ အနီစက်က ဖတ်ရတာကို မှန်းရင် ရောဂါ ဟုတ်ပုံမရပါ။ ဆက်ဆံတာလုပ်ရင် အကာအကွယ် သုံးပါ။ ကြွက်နို့က ဗိုင်းရပ်စ်ကနေ ဖြစ်တယ်။ ဆရာ့ ဆိုဒ်မှာ ကြွက်နို့အကြောင်းရေးထားတာ ရှိပါတယ်။ အနီစက်လေးတွေဆိုတာ ရောဂါဟုတ်ပုံမရပါ။ တော်တော့ဆေး သွားမလိမ်းနဲ့။ နူးညံ့တဲ့နေရာဖြစ်လို့။ လိုသေးရင်ပြောပါအုံး။

Q: ပြီးတော့ ဒီအနီစက်လေးတွေက တစ်ယောက်တည်း အာသာဖြေရင်းက ဖြေပြီးတော့လည်း ရေမဆေးတာကနေ စပြီးတော့ ပေါ်လာတယ် ဆရာ။ ပျောက်နိုးနိုးစောင့်နေတာ တစ်နှစ်နီးပါး ရှိနေပြီဆရာ။ သူက စမ်းကြည့်တော့လည်း ဖုထစ်လေးတွေ မဟုတ်ဘူးဆရာ။ ဒါပါပဲဆရာ၊ လိုအပ်ရင် ဆက်မေးပါရစေဆရာ။

A: အသက် ဘယ်လောက်လဲ။ ကျားလိင်အင်္ဂါ ဘယ်နေရာမှာဖြစ်ဖြစ် တခုခုဖြစ်ရင် STDs လိင်ကတဆင့်ကူးစက်ရောဂါကို အရင် ဖယ်ထုတ်ရတာ အမှန်ပါ။ STDs ထဲမှာ HIV အပါအဝင်ဖြစ်တယ်။ ကြွက်နို့လဲပါသေးတယ်။ ဒါပေမဲ့ ကြွက်နို့က လိင်အင်္ဂါမှာ ပေါက်တာ မဟုတ်ရင် ဒါမျိုး မဟုတ်ပါ။

အနီစက် သက်သက်ဆိုရင်။ မနာဘူး၊ မယားဘူးဆိုရင် စိုးရိမ်စရာ၊ ဆေးကုစရာ မလိုသေးပါ။ လူ့အရေပြားမှာ အရွယ် ရလာရင် တမျိုးတမည် ပြောင်းတာမျိုးလည်းရှိတယ်။ အဖြူစက်၊ အနီစက်၊ မှည့်ခြောက်လိုလို စသဖြင့် နေရာတကာမှာ အသက်ရလေ ပေါ်လာလေလည်း ဖြစ်တတ်တယ်။ အသက်ကြောင့်ဆိုတာထက် အသက်ရလေ အတွေ့ အကြုံ အပါအဝင် သက်ရှိနဲ့ရော သက်မဲ့နဲ့ပါ ထိတွေ့တာ၊ ပွတ်တိုက်တာ၊ များများလာတယ်။ ကျားလိင်အင်္ဂါမှာလည်း ကွမ်းသီးခေါင်း အကားဆုံး နေရာမှာ ခပ်တိုတို အတက်လေးတွေ စီစီရီရီ၊ တပါတ်လုံး ပေါက်လာတာမျိုးလည်း အရွယ်အရ ဖြစ်ရနိုင်တယ်။ ဆက်ဆံတာ များလာသူတွေမှာ ဖြစ်တာမျိုးပါ။ တချို့က ဒါမျိုး အခုခိုးပြီး၊ အမွှေးပါ (နိုင်လွန်၊ ပလပ်စတစ်) ကွင်းလေးတွေကို ဆက်ဆံတဲ့အခါ ထူးခြားစေတယ်လို့ ကြော်ညာပြီး ရောင်းကြတာပေါ့။ မေးတဲ့သူမှာ ထူးလာတာ ရှိရင်တော့ ပြောပါအုံး။ ဥပမာ များလာတယ်၊ ယားတယ်၊ နာတယ်၊ အသီးထလာတယ် စသဖြင့်ပေါ့။

Q 2: ကျွန်မအသက် ၃၇ ရှိပါပြီ။ အိမ်ထောင်ရှိပါတယ်။ ကလေး မယူသေးပါ။ အိမ်ထောင်ကျတာ (၅)နှစ် ကျော်ပါပြီ။ ကျွန်မ သိချင်တာက ရာသီလာပြီး တပတ်လောက်နီးပါးကို အရည်ကြည်တွေ ဆင်းပါတယ်ဆရာ။ ဘာအရောင်၊ အနံ့မှ မရှိပါဘူး။ ဖြစ်တာကလည်း လွန်ခဲ့တဲ့ ၄ နှစ်လောက်ကပါ။ ဖြစ်လိုက်-ရပ်လိုက်ပါ။ အခုနောက်ပိုင်း နည်းနည်း ပိုများလာလို့။ ဘယ်လို ဖြစ်နိုင်ပါသလဲဆရာ။ တခြား ဘာလက္ခဏာမှ မဖြစ်ပါဘူး။ ရာသီသွေးဆင်တာ ပုံမှန်ပါ။ ကျွန်မက ရှက်တတ်တော့ ဆေးခန်း မသွားခြင်ဘူး။ ဆရာရှင်းပြပေးပါ။ ကျေးဇူးတင်ပါတယ်ဆရာ။

A: ဖြစ်နိုင်တာ ၂ ခု စဉ်းစားလို့ ရပါတယ်။ ရာသီဖြစ်စဉ်မျာ ဖြစ်လေ့ရှိတတ်တဲ့ ဟော်မုန်းနဲ့ တခြား အပြောင်းအလဲကြောင့် ဆင်းတာ ဖြစ်နိုင်တယ်။ ရောဂါမဟုတ်ပါ။ နောက်တခုက ပိုးတခုခုဝင်တာ။ ဒီအထဲမှာ လိင်ကတဆင့် ကူးစက်နိုင်တာလည်း ပါနိုင်တယ်။ ဆေးညာအရ ပြောတာပါ။ မဟုတ်တာပါရင် စိတ်မရှိပါနဲ့။ အနေအထိုင်ကြောင့်ပါ ပိုးဝင်တတ်သေးလို့ပါ။ ပိုးဝင်တာ ဆိုရင် တခြား လက္ခဏာတွေပါ တွဲနေနိုင်တယ်။ ဆီးစပ်နာတာ၊ အဖြူဆင်းတာ၊ ယားတာ၊ ဆက်ဆံရင် နာတာ စသဖြင့်။ ခပ်လွယ်လွယ် ရမ်းကုဆန်ဆန် ဆေးနည်းပေးရရင် Metronidazole စားဆေး ၁ ခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ ၅ ရက်သောက်ပါ။ ဆေးက တချို့ သောက်ရင် ခေါင်မူးတာ၊ အစားပျက်တာ ဖြစ်တတ်တယ်။ တချို့ ဘာမှ မဖြစ်ဘူး။ မရသေးရင် Vaginal exam စမ်းသပ်မှု လိုနိုင်တယ်။

Q 3: ဒေါက်တာရှင့် တစ်ခုသိချင်လို့ပါ။ ကိုယ်ဝန်ရှိရင် ရာသီ မလာတော့တာ အားလုံးသိကြပါတယ်။ အဲဒီမှာ သမီး သိချင်တာက ရာသီမလာခင်မှာ ကိုယ်ဝန်ရှိနေပြီဆိုပါတော့ ဒါဆိုရင် ရာသီ လုံးဝမလာတော့ဘူးလား ဆရာ။ ဒါမှမဟုတ် အဲဒီ ရာသီ အချိန်မှာလာပြီး နောက်တစ်လမှ ကိုယ်ဝန်ကြောင့် မလာတော့တာမျိုး ရှိပါသလားဆရာ။ ရှင်းရှင်း လင်းလင်း သိချင်လို့ ဖြေကြားပေးပါ ဒေါက်တာ။

A: ဆရာ အလုပ်နဲနဲ များသွားလို့ ဖြေစရာ ရေးစရာတွေ နောက်ကျတယ်။ အခုမေးခွန်းလဲ တခုအပါအဝင်ပေါ့။ ဆောရီး။ အဲ့ ဖြေမယ် လုပ်ရော မေးတာက သိပ်မရှင်းဘူး ဖြစ်နေပြန်ရော။ မေးတဲ့လူကို ပြန်မေးပါရစေ။ မှန်းသမ်း ဖြေပြီးမှ တလွဲဖြစ်မှာစိုးလို့။

Q: ဒီလိုပါဒေါက်တာ ဥပမာလေးနဲ့ ဆရာရှင်းအောင်ပြောပြပါ့မယ်။ သမီးက ဒီလမှာပေါ့ဆရာ ရာသီမလာခင်မှာ အမျိုးသားနဲ့ ဆက်ဆံရာက ကိုယ်ဝန်ရှိတယ် ဆိုကြပါတော့။ ဒါဆိုရင် ဒီလရာသီလာချိန်မှာ ချက်ချင်း ရာသီ မလာတော့ဘူးလား ဆရာ။ ဒါမှမဟုတ်ပဲ ဒီလမှာရာသီလာပြီး နောက်တစ်လမှာမှ မလာတော့တာမျိုး ရှိပါသလားဆရာ။

ရှင်းလိုက်သမှ မျက်စိထဲ တန်းမြင်သလိုပါဘဲ။ ရာသီမလာတော့တဲ့ လကတည်းက ကိုယ်ဝန်ရတာ ဖြစ်ပါတယ်။ ရာသီပါတ် တခု (၁ လ) အတွင်း၊ လလယ်ရက်မှာ မ-မျိုးဥတခုထွက်နေတယ်။ အပျိုဖေါ်ဝင်ကနေ သွေးဆုံးတဲ့အထိ။ အဲဒီ မ-မျိုးဥနဲ့ ကျား-သုတ်ပိုးတို့ တွေ့ဆုံ-ပေါင်းစပ်ကြရင် သန္ဓေဆိုတာ ဖြစ်လာတယ်။ ဆက်တည်သွားရင် ကလေးရမယ်။ အကြောင်း တခုခုရှိရင်၊ ဖျက်ရင် ပျက်မယ်။ ဒီအထိ မေးတဲ့သူလည်း ရှင်းနေမှာပါ။ တကယ်မေးချင်တဲ့အပိုင်း ဆက်ပြောပါတယ်။

လအစ (သွေးဆင်းပြီးပြီးချင်းရက်) ကနေစပြီး သားအိမ် အတွင်းဆုံးလွှာဟာ ပါးပါးလေးရှိရာကနေ တရက်ဆို တရက် ထူထူလာတယ်။ လကုန်ရင် (ကိုယ်ဝန် မဖြစ်ဘူးဆိုရင်) နောက်ဆုံး အထူဆုံးအဆင့်မှာ ပျက်စီးပြီး ကွာကျ-ပျက်ကျတဲ့ သွေးနဲ့ (တစ်ရှူး) အပျက်အစီးတွေဟာ သားအိမ်အဝ ကထွက်၊ ဗဂျိုင်းနားထဲ ရောက်ပြီးသကာလ အပြင်ကို ယိုစီး လာတာကို ရာသီဆင်းတယ်လို့ ခေါ်တာဘဲ။ စောစောကပြောတဲ့ လအလယ်ရက်မှာ ထွက်လာတဲ့ မ-မျိုးဥဟာ တကယ်လို့ ကျား-သုတ်ပိုးနဲ့ တွေ့တယ်ဆိုရင် သားအိမ် အတွင်းဆုံးအလွှာက ပုံမှန်ဖြစ်စဉ်လို ဆက်ပြီး ထူထူလာမှာ မဟုတ်တော့ဘဲ ကိုယ်ဝန် တည်နိုင်အောင် ပြင်ဆင်မှုတွေကိုသာ လုပ်ပါတော့တယ်။ ဒါ့ကြောင့် လကုန်ရက်အထိ အထူဆုံး ဆိုတာ ဖြစ်လာမှာ မဟုတ်တဲ့အတွက် ပျက်စီး-ယိုစီးတာတွေ မဖြစ်နိုင်တော့ပါ။ ကလေးမ ကိုယ်ဝန်ရပါပြီ။ (ကွန်ဂရက်ကျူလေးရှင်း)။

Q 4: 2010/8/19
ဒေါက်တာခင်ဗျာ ကျွန်တော့်ချစ်သူမှာ အခုတစ်လော ဗိုက်ခဏခဏအောင့်လို့ မိန်းခလေးတို့ ဖြစ်တတ်တဲ့ ရောဂါဆိုပြီး မြန်မာဆေးများကို သောက်ပါတယ်။ အဲလိုနဲ့ မထူးခြားတာနဲ့ ဆေးခန်းပြတယ်။ ဆေးခန်းကပေးတဲ့ ဆေးတွေကို သောက်သော်လည်း မပျောက်သွားပါ။ အဲ့ဒါနဲ့ ဆေးခန်းကိုထပ်ပြပါတယ်။ ဆေးခန်းကဆရာဝန်က ကွဲကွဲပြားပြား သိရအောင် ဓာတ်မှန်ရိုက်ဘို့ပြောပါတယ်..ဓာတ်မှန်ရိုက်တဲ့အခါ သားအိမ်မှာ ကွမ်းသီးလုံးလောက်ခန့် ပေါ်နေတာ တွေ့တယ်။ ဘာဖြစ်တယ်ဆိုတာကို တိတိကျကျ မပြောသေးပါ။ ဆရာဝန်က ဆေးသောက်လို့ မပျောက်ရင် သာအိမ်ကို ထုတ်ပစ်ရင် ထုတ်ပစ်မယ်ပြောပါတယ်။ အဲ့လိုထုတ်ပစ်ရင် ကျန်းမာရေးအခြေအနေ ကိုပြောပြပေးစေချင်ပါတယ်။ နောက်တစ်ခု ကျွန်တော်နဲ့ လက်ထပ်ဘို့ကိုလည်း အားလုံးတိုင်ပင်စီစဉ်ပြီးသွားပါပြီ။ အခုဒီကိစ္စပေါ်လာသည့်အတွက် ကျွန်တော့် ချစ်သူမှာ အရမ်းအားငယ်နေရပါတယ်။ သားအိမ်ထုတ်ပြီသွားရင် အိမ်ထောင်ပြုလို့ မရတော့ဘူးလား။ သူမှာ ဆက်ဆံချင်တဲ့စိတ်တွေ ကုန်သွားမှာလား။ လိလ်ဆက်ဆံလို လုံးဝမရတော့ဘူးလား။

ပဌမဆုံး ရောဂါအမည်တတ်တာ တိကျဘို့ လိုသေးတယ်။ သားအိမ်မှာ အလုံးတခုခု ဖြစ်တယ်ဆိုတာ တမျိုးမက ဖြစ်နိုင်တယ်။ ကလေးမရှိသူ။ အပျိုကြီးလို အမျိုးသမီးတွေမှာ Fibroid/Myoma ခေါ်တဲ့ သားအိမ်ကြွက်သားက ဖြစ်တဲ့ အလုံး အဖြစ်နိုင်ဆုံးပါ။ ခွဲရမှာပါ။ အလုံးသပ်သပ် ထုတ်တာနဲ့ ရတယ်။ ကလေးတောင် ဆက်ယူလို့ ရနိုင်သေးတယ်။ ဆက်ဆံစိတ်ကို ဘာမှ မထိခိုက်ပါ။ ဆရာ့ဆေးခန်းလေးမှာ တယောက် အဲလိုဖြစ်တာ ထုတ်ပေးထားတယ်။ ၃လက္မခွဲ ပတ်လည်ရှိတာ။ အခု နောက်ကလေး မွေးခါနီးနေပြီ။

Endometriosis ဆိုတဲ့ရောဂါက တမျိုးပါ။ သူကနာတာဖြစ်တတ်တယ်။ စောစောက ရောဂါတွေက အနာတတ်ဘူး။ ဖြစ်တဲ့နေရာတော့ ကွာတာပေါ့။ ဆေးသောက်ဘို့ညွှန်ရင် ဒါဖြစ်နိုင်နေတယ်။ Myoma ရောဂါက ခွဲတာသက်သက်သာ လုပ်နိုင်တယ်။

နောက်တမျိုးကတော့ ကင်ဆာပေါ့။ အများဆုံးက သားအိမ်အဝမှာ ဖြစ်ကြတယ်။ အဆင့်လိုက်ပြီး ခွဲတာ၊ ဆေးပေးတာ၊ ဓါတ်ကင်တာ လုပ်ပါလိမ့်မယ်။

ဘယ်ရောဂါဖြစ်ဖြစ် ခွဲတာ သက်သက်ဆိုရင် သားအိမ်တခုထဲ ထုတ်မှာလား၊ သားအိမ်အဝရောလား၊ မ-မျိုးဥအိမ်ကော ပါသလား အပေါ်မူတည်ပြီး သွေးဆုံး-သားဆုံး၊ စိတ်နည်းတာ ဖြစ်ပါမယ်။ မျိုးဥအိမ်က ဟော်မုန်းထုတ်လို့ သူ့အပေါ် မူတည်တယ်။

ရောဂါနာမယ် Diagnosis သေခြာရင် ပြောပါအုံး။ စိတ်နည်းတာအတွက် အထောက်အကူပြုတာတွေ လုပ်ပေးနိုင်ပါတယ်။ လူနာ အသက်၊ ခံစားနေရတ့ လက္ခဏာတွေ၊ Ultrasound ရိုက်သေးလား။ ရာသီဖြစ်စဉ် စတာတွေ သိဘို့ လိုသေးတယ်။

Q 5: ကျွန်တော့ ဘယ်ရင်အုံရဲ့ အောက်ခြေနားကနေ တခါတလေ စူးပြီး အောင့်ပါတယ် ဆရာ။ အရမ်း ပြင်းပြင်းထန်ထန်ကြီး မဟုတ်ပါဘူး။ အောင့်နေတယ်လို့ သိသာရုံပါပဲ။ အမြဲအောင့်တာလဲ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ တစ်ပါတ်လောက်ကတော့ နေ့တိုင်း နီးပါး အောင့်တယ်လို့ ခံစားရပါတယ်ဆရာ။ အခု မအောင့်တာ ၂ ရက်ရှိပါပြီ။ အဲ့ဒါ ဘာကြောင့် ဖြစ်နိုင်ပါလဲ။ ဘယ်လို စမ်းသပ်၊ ကုသဖို့ လိုမလဲဆိုတာ သိချင်ပါတယ်။ ကျွန်တော့် အသက်က ၂၉ နှစ်ထဲမှာပါ။ computer အမြဲ သုံးရပါတယ်။ အထိုင် များပါတယ်။ ဒါပေမယ့် အလုပ်သွားပြန် တစ်နေ့ကို ၁ နာရီလောက် လမ်းလျှောက်ဖြစ်ပါတယ်။ တခြား လေ့ကျင့်ခန်းတော့ မလုပ်ဖြစ်ပါဘူး။ တစ်နေ့ကို ၆ နာရီလောက် အိပ်ချိန်ရှိပါတယ်။ မနှစ်တုန်းက သွေးစစ်တော့ ဘီပိုး တွေ့ပါတယ်ဆရာ။ အခုတော့ မစစ်ဖြစ်ပါဘူး။ လူက ကျန်းမာပါတယ်။ စားလည်း စားနိုင်ပါတယ်။ အရပ် ၅ပေ ၅လက်မ မှာ ကိုယ်အလေးချိန် ပေါင် ၁၄ဝလောက် ရှိပါတယ်ဆရာ။

နောက်မေးခွန်းတစ်ခုက ကျွန်တော့် ချစ်သူ က အသက် ၂၆ ထဲမှာပါ။ သူက တစ်နေ့ကို အိပ်ချိန် ၈ နာရီ လောက် ရှိပါတယ်။ အရပ် ၅ပေ၃ မှာ ကိုယ်အလေးချိန် ၉၅လောက် ရှိပါတယ်။ စားလည်း စားနိုင်ပါတယ်။ ဒါပေမယ့် သူက ပုံမှန်ထက်နည်းနည်း ပိန်နေပါတယ်။ အဲ့ဒါ ဝလာအောင် ဘယ်လို လုပ်ရပါမလဲ ဆရာ။ ဘာဆေးသောက်သင့်ပါလည်း။ ကျွန်တော် မနေ့က ဆေးဆိုင်ကနေ CYPON အမျိုးအစား ဆေးကဒ်ဝယ်လာပါတယ်။ GENO PHARMACEUTICALS LTD က ထုတ်တာပါ။ ၁ဝလုံး တစ်ကဒ်ကို ၃ဝဝကျပ်ပဲ ပေးရပါတယ်။ အဲ့ဒါ တိုက်ဖို့ သင့်တော်ပါလား ဆိုတာလည်း သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ် ဆရာ။ သန့်ဇော်မင်း

ရင်အုံအောင့်တာ ပြဿနာ မရှိလောက်ပါ။ အထဲက ဟုတ်ပုံမရဘူး။ အထဲမှာ နှလုံး နဲ့ အဆုပ်တွေ ရှိကြတယ်။ နှလုံးဖြစ်ရင် မတရား နာတာ. အလည်တည့်တည့်လောက်က နာတာ။ အဆုပ်ဆိုရင်လည်း ချောင်းဆိုးတာ၊ သလိပ်ထွက်တာ၊ ဖျားတာ စတာတွေ ရှိအုံးမယ်။ အပြင်က ကြွက်သား၊ အရေပြားကနေ တခါတလေ ဖြစ်တာမျိုး နေမှာပါ။ နာရင် အနာ-အကိုက် ပျောက်ဆေး တခုခု လိုတဲ့ အချိန်လောက် သောက်ပါ။

သတိထားရမှာက ဘီပိုး။ ၆ လ တခါ အသဲအထူးကု ဆရာဝန် ပြပါ။ သူ့ကြောင့် ဆိုရင်လည်း အသဲ အလုပ်လုပ်တာကို သတိထားရမယ်။ အသဲခြောက်ရင် မျက်စိ၊ ဆီး ဝါမယ်။ အသားအရေ မွဲခြောက်ခြောက် ဖြစ်လာမယ်။ သွေးယိုတတ်တယ်။ ဝမ်းအရောင် ပျော့တယ်။ အားယုတ်တယ်။ ကြာရင် ဗိုက်စူ ရေဖျင်း ဖြစ်လာတတ်တယ်။

အမျိုးသမီး။ ဝလာစေချင်ရင် ဖတ်ဘို့-လုပ်ဘို့၊ ရေးပြီးသားတခု ကူးထည့်ပေးလိုက်ပါတယ်။ ကျန်းမာ-ချမ်းသာကြပါစေ။

၂၄-၈-၂ဝ၁ဝ
Weight gain လှယုံမက ဝချင်သေးရင်