ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, September 3, 2010

Q and A September 2010 (3)

1. နွားကျင်ငယ် သောက်ရင်
2. သွားရည်မကြာခဏကျပါတယ်
3. အသက်ငယ်နေလို့ရှိရင် ဥာဏ်ရည်မမှီတဲ့ ကလေးတွေ မွေးတတ်တယ်လို့
4. အသားဝါ-စီကို ကုဖို့ ဆိုရင် ဆူပါဆလွန်းကား တစ်စီးစာလောက်
5. ဝမ်းသွားရင် သွေးပါတာ ဘာရောဂါကြောင့်ပါလဲ
6. ကလေး (ယောက်ျား) အသက် ၃ နှစ်ခွဲလောက်ရှိပါပြီ

16 Aug 10, 14:32
နွားကျင်ငယ်သောက်ရင် ရောဂါတွေ ပျောက်တယ်ဆိုတာ ဟုတ်လားဆရာ နာတာရှည် ရောဂါတွေအတွက် သောက်ကြည့်သင့်ပါသလား
16 Aug 10, 16:32
DTS: နွားကျင်ငယ် အကြောင်း ဆေးကျောင်းမှာ မသင်ရပါ။

20 Aug 10, 08:21
သားကြီးအသက်(၁)နှစ်(၈)လပါ။ သွားရည်မကြာခဏကျပါတယ်။ ဘယ်လိုလုပ်ရမှာဆိုတာ ကျေးဇူးပြုပြီး အကြံပေးစေချင်ပါတယ်။
20 Aug 10, 10:52
DTS: ကလေး သွားရည်ကျတာ လျှာမျာ ဖြူနေသလား။ မှက်ခရုဖြစ်နေတတ်တယ်။ ဖြစ်နေရင် လူကြီးရဲ့ လက်တချောင်းကို အဝတ်သန့်သန့်လေးပတ်ပြီး ကလေးလျှာကိုက ဖြူနေတာတွေ ရှင်းပေးပါ။ ရဲနေရင် ဆေးပြာခေါ်တဲ့ Gentian Violet လိမ်းပါ။

2010/9/2 Ye Zaw Htun
ဆရာခင်ဗျား ကျွန်တော်အသက်က (၂၇)နှစ်ပါ။ ကျွန်တော့် ကောင်မလေးက ကျွန်တော့်ထက် (၂)နှစ်ခွဲလောက် ကြီးပါတယ်။ သူကပြောပါတယ်။ ယောက်ျားက အသက်ငယ်နေလို့ရှိရင် ဥာဏ်ရည်မမှီတဲ့ ကလေးတွေ မွေးတတ်တယ်လို့ ပြောပါတယ်။ အဲဒါ ဟုတ်ပါသလား။ ဘယ်အသက်အရွယ်မှာ မွေးတတ်တယ်လို့ ရှိပါသလားခင်ဗျား။ ကျွန်တော်တို့က နောက် တစ်နှစ်ခွဲလောက်နေမှ လက်ထပ်မှာပါ။ ကျေးဇူးတင်စွာဖြင့်
Dear
လုံးဝ မစိုးရိမ်ပါနဲ့။ အသက်ကြီး မိဘ ဆိုရင် ဖြစ်နိုင်ခြေရှိတယ်။ ယောက်ျားရော-မိန်းမပါ သိပ်ငယ်ရင် ပိုဂရုစိုက်ရတာသာ ရှိပါတယ်။ ၁၈ နှစ်အထက် အားလုံး သိပ်ကောင်းတဲ့အရွယ်တွေပါ။ ယောက်ျား ၄ဝ အောက်၊ မိန်းမ ၃၅ အောက် ကောင်းတာပါဘဲ။ မွေးရာပါ ချို့ယွင်းနေတဲ့ကလေး မွေးလာတာကို ပတ်ဝန်းကျင် နဲ့ မျိုးဗီဇ ကို လွှဲချနိုင်ပါတယ်။ ရှာလို့ရတဲ့ အကြောင်းခံတွေ ထဲမှာ သန္ခေစရှိခါစမှာ Antibiotics ပဋိဇီဝဆေးသုံးတာ၊ ဥပမာ Sulfonamide နဲ့ Nitrofurantoin ဆေး၊ ကိုယ်ဝန်ဆောင် နေတုံး တချို့ရောဂါပိုးဝင်တာ၊ အာဟာရ ချို့တဲ့တာ၊ ဥပမာ Iodine, Vitamin A, Vitamin A B 2, Vitamin C, Vitamin E နည်းတာ၊ Petroleum ဓါတ်ဆီ အဆိပ်သင့်တာ၊ Fusarium mycotoxin zearalenone အဆိပ်သင့်တာတွေပါတယ်။ သတိပြုဘို့ ကောင်းတာက ဒီအထဲမှာ မိဘ အသက်ကြီးလို့ကြောင့်ဆိုတာ မပါတာ တွေ့ရပါလိမ့်မယ်။ ဒါတောင် ၆ဝ% လောက်က ဘာလို့ ဖြစ်လဲ မသိရပါ။ အဲဒါ ကျွန်တော်တို့လူမျိုးတွေ ထင်မှတ် လက်ခံတဲ့ အချက်အတိုင်း ဆိုရင် ကံတရားအရ ဖြစ်တာပေါ့။ ခုခေတ်မှာ အသက် ငယ်ငယ်လေးတွေရော ကြီးသူတွေပါ ကိုယ်ဝန်ရသူ တိုးလားနေတယ်။ ၂ဝဝ၆ ခုနှစ်က အင်္ဂလန်နဲ့ (ဝေးလ်စ်) မှာ စစ်တော့ အသက် ၃ဝ ကျော် ကိုယ်ဝန်ဆောင် ၄၈% ရှိတယ်။ ၁၉၈၆ တုံးက ၂၈% သာ ရှိရာကနေ တိုးလာတာပါ။ အသက် ၃၅-၃၉ အုပ်စုကလဲ တိုးလာတယ်။ ၄ဝ ကျော်က အနှစ် ၂ဝ အတွင်းမှာ ၁့၁% ကနေ ၃့၅% ဖြစ်လာလို့ ၂ ဆတိုးလာတယ်။

အသက် ၃၅ နှစ်ကျော်မှာ ကိုယ်ဝန်ဆောင်တာ လုံးဝမစိုးရိမ်ပါနဲ့လို့တော့ မပြောပါ။ ၃ဝ ကျော်တာနဲ့ ကလေးရနိုင်တဲ့ အခွင့် အလမ်းကစ နည်းလာတယ်။ ၃၅ နဲ့ ၃၉ ကြား အမျိုးသမီးတွေမှာ ၂ဝ% အခွင့်အလမ်းမရှိတာ တွေ့ရတယ်။
အရင်ကတော့ အသက်ကြီး ကိုယ်ဝန်ဆောင်ဆိုတာ ကလေးတွေ အများကြီး မွေးထားပြီးတဲ့သူကို ပြောကြပေမဲ့ အခုခေတ်မှာ အသက်သာ နဲနဲကြီးပေမဲ့ ကလေးမွေးမများ သေးသူတွေ ဖြစ်လာတယ်။ အမှန်က ကလေးများများ မွေးသူတွေသာ အခက်အခဲတွေ ပိုကြုံလေ့ရှိတာပါ။ ခေတ်အမျိုးသမီးများဟာ ဗဟုသုတရော အာဟာရပါ ပိုပြည့်ဝ ကြံ့ခိုင်နေတာ များလာတယ်။ အရွယ်ရလာသူတွေဟာ သူ့တို့ ကိုယ်ခန္ခာကို ပိုသိကြတယ်။ ဖြစ်လာမှာကို ခံနိုင်ရည် ပိုရှိကြတယ်။ ပိုလွတ်လပ်မှုရှိတယ်။ အမှိခို နည်းတတ်ကြတယ်။ အသက် ပိုရလာလို့ သွေးတိုး၊ ဆီးချိုစတာတွေ မရှိဘို့သာ အရေးကြီးတာပါ။

တခုကတော့ ဖြစ်နိုင်ပါတယ်။ မွေးလာမဲ့ ကလေးဟာ ချို့ယွင်းတာမျိုးက ငယ်သူတွေထက်တော့ ပိုဖြစ်နိုင်တယ်။ စောစောက သုတေသနကဘဲ ပြောတယ်၊ ၃၅-၃၉ အတွင်း ၅ဝဝ မှာ ၁ ယောက် အဲလိုဖြစ်ရင်၊ ၄ဝ-၄၅ အတွင်းတွေက ၂၅ဝ မှာ ၁ ယောက် ဖြစ်တယ်။ ၄၅ ကျော်ရင် ၇ဝ မှာ ၁ ယောက်လို့ ဆိုပါတယ်။ ဒါ့ကြောင့် Maternal serum screening နဲ့ တခြား စမ်းသပ်မှုတွေ လုပ်သင့်ကြတယ်။ Chorinic villas sampling ဒါမှမဟုတ် Amniocentesis စမ်းနည်းတွေ ပြောတာပါ။ သူများနိုင်ငံတွေမှာ အဲလို စစ်လို့ ကြိုသိရရင် ကိုယ်ဝန်ကို ရပ်ပြစ်နိုင်တယ်။

အသက် ၄ဝ ကျော်မှာ ကိုယ်ဝန်ဆောင်ရင် ကလေး အသေမွေးနှုံး Stillbirth များတတ်သေးတယ်။ ၂ဝ-၃၉ အတွင်းမှာ လူ ၁ဝဝဝ ထဲက ၅-၆ ယောက်၊ ၄ဝ ကျော်ရင် ၉ ယောက်။ ဒါ့ကြောင့် သူတို့ကို တခြား ကိုယ်ဝန်တွေထက် ANC မမွေးမီ စောင့်ရှောက်ခြင်း ပိုလုပ်ပေးရလိမ့်မယ်။ ဒါတွေက လွဲရင် ကလေးတွေ အားလုံး ကျန်းမာကြပါတယ်။

အသက်ကြီးသူတွေကို မွေးတဲ့အခါမှာလည်း ပိုဂရုစိုက်စရာ လိုကြပါတယ်။ ၃၅ နှစ်ကျော်သူတွေကို Induced labour မွေးစေအောင် ကူညီလုပ်ပေးခြင်း၊ Epidural ခါးထုံဆေးနဲ့ မွေးပေးခြင်း၊ Oxytocin ညှစ်အားကောင်းဆေးသွင်း မွေးခြင်း၊ Forceps delivery ညှပ်ဆွဲ မွေးပေးခြင်း၊ LSCS ဗိုက်ခွဲမွေးပေးခြင်းတွေ ပြောတာပါ။ အမှန်က ဆရာဝန်တွေက Risk မယူခြင်ကြတာလည်း ပါနေတာပါ။ ဒါပေမဲ့ မိခင်လောင်းရော ဆရာဝန်-ဆရာမတွေပါ Stress မများဘဲ၊ သိပ်အစိုးရိမ်လည်း မကြီးသင့်ကြဘူး။ လိုသေးရင် မေးပါ။

Sep 3, 2010 at 9:12 AM
ကျွန်တော်က မြန်မာပြည်၊ ရန်ကုန်မြို့က အစိုးရ အောက်ခြေဝ န်ထမ်းတစ်ယောက်ပါ။ ကျွန်တော့်မှာ အသည်းရောင်အသား(c) ရှိတယ်လို့ 2005 ခုနှစ်က ရန်ကုန် အနောက်ပိုင်းခရိုင် ဆေးရုံကြီးမှာ သွေးလှူရင်းသိခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး သွေးလှူခွင့် မရတော့ပါ။ အသည်းရောင် အသားဝါဆေးတွေက ဈေးအရမ်းကြီးတယ်လို့ ပြောကြပါတယ်။ ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်း ရေးထားတဲ့ အသည်းရောင် အသားဝါစီ ဆိုတဲ့ စာအုပ်ထဲမှာလဲ အသည်းရောင် အသားဝါစီကို ကုဖို့ ဆိုရင် ဆူပါဆလွန်းကား တစ်စီးစာလောက်ဘဲ ကုန်ကျမယ်လို့ ရေးထားပါတယ်။ ကျွန်တော်တို့အတွက် ကိုယ်ပိုင်ကား ဆိုတာ အိမ်မက်ပါ။ ဒါကြောင့် အခြားစရိတ်စက သက်သာစွာနဲ့ ကုသလို့ ရနိုင်မယ့် နည်းလမ်းလေးများရှိရင် ညွှန်ကြား ပြသ ပေးစေလိုပါတယ် ခင်ဗျာ။

ဆရာခင်မောင်ဝင်း ပြောတာ မှန်တယ်။ တခြားနိုင်ငံတွေမှာလည်း ဈေးကြီးတာဘဲ။ ကာကွယ်ဆေးလည်း မပေါ်သေးဘူး။ တခြားဆေးနည်းတွေ ဥပမာ အာယုဗေဒ၊ ဟာဘယ်၊ စတာတွေ ရှိတော့ ရှိတယ်။ ဈေးလည်း မကြီးဘူး။ ခက်တာက ဆရာဝန်တွေ အနေနဲ့က အာမခံဘို့ ခက်တယ်။ အသဲကို မထိခိုက်အောင် နေရ-စားရလိမ့်မယ်။ ဆေးပညာကလည်း တိုးတက်နေပါတယ်။ ပိုကောင်း-ပိုဈေးချိုတာ ပေါ်လာနိုင်ပါတယ်။ ဆရာသိရရင် ရေးပါမယ်။ ကိုယ်-စိတ် ကျန်းမာ-ချမ်းသာပါစေ။

6 Sep 10, 10:28
မရိုသေစကားပြောရရင် ဝမ်းသွားရင် သွေးပါတာ ဘာရောဂါကြောင့်ပါလဲ ဆရာ။ ဘယ်လိုကုသသင့်လဲ ဆိုတာလေးပါ ပြောပြပေးပါဆရာ ခင်ဗျာ။

ဖြစ်နိုင်တာတွေ အမျိုးမျိုးရှိတယ်။ ဝမ်းကိုက်တာ နဲ့ လိပ်ခေါင်းက အများဆုံးဖြစ်တယ်။ နောက်ပြီး အစာလမ်းကနေ သွေးယိုတာ၊ အစာဟောင်းအိမ်-ကင်ဆာ၊ နောက် ရှာရှားပါးပါးလေးတွေ ရှိသေးပါတယ်။

ဝမ်းကိုက်တာကတော့ ဝမ်းသွားရင် နာမယ်၊ ဝမ်းကိုညှစ်သွားရမယ်။ ဝမ်းခဏခဏသွားတယ်။ အကျိအချွဲလဲ ပါမယ်။ တမျိုးက ဖျားတာလည်း ပါသေးတယ်။ ရက် မကြာဘူး။ ဆေးနဲ့ ကုသပုံကို ဆရာ့ဆိုဒ်ထဲမှာ ရှာလို့ရပါတယ်။ မရရင်တော့ ပြော။

လိပ်ခေါင်းကို သပ်သပ်ရေးထားတာ ရှိတယ်။ ရှာမရရင်တော့ ပြောပါ။ ခပ်တိုတိုပြောရင် ဖြစ်တာ ကြာတယ်။ သွေးက လောလောလတ်လတ်သွေး အရောင် နီတယ်။ ချွဲမပါဘူး။ နာချင်မှ နာတယ်။ ဝမ်းသွားတိုင်း အသားစလိုတခု ထွက်ထွက်လာတယ်။ ပြီးရင် ပြန်ဝင်မယ်။ ဖြစ်တာကြာရင် ပြန်မဝင်ဘူး။ ဝမ်းသွားတဲ့အကြိမ် မများဘူး။ ချုပ်တောင် ချုပ်တတ်သေးတယ်။

အစာလမ်းကသွေးယိုတာမှာ တမျိုးက မျက်စိနဲ့တောင် မမြင်ရဘူး။ မြင်ရတာဆိုရင် အရောင်က ရင့်နေတယ်။ အနီ မဟုတ်တော့ဘူး။ ညိုမဲမဲကနေ မဲနက်နေတတ်တယ်။ အစာအိမ်မှာ အနာရှိမယ်။ ဒါမှမဟုတ် အစာအိမ်အထက် အစာဆင်းပြွန် အဖျားမှာ သွေးပြန်ကြောတွေ ဖေါင်းနေတာကနေ ပေါက်ယိုတာ။ အသဲ မကောင်းသူတွေမှာ ဖြစ်တတ်တယ်။ ကုသရတာတွေ မတူဘူး။

လိုသေးရင် မေးပါ။ ကျန်းမာ-ချမ်းသာ၊ ဝမ်းမှာ သွေးမပါပါစေ။

September 07, 2010 11:30 AM
ဆရာခင်ဗျား၊ ကလေး (ယောက်ျား) အသက် ၃ နှစ်ခွဲလောက်ရှိပါပြီ၊ ကိုယ်အလေးချိန် ၁၃ ကီလိုခွဲ ၁၄ ကီလို လောက်ပဲ ရှိတာ၊ ကိုယ်အလေးချိန် ကျတယ်လို့ ပြောနိုင်ပါသလားဆရာ။ ကလေးက ပိန်တယ်ဆရာ။ လူကြီးတွေလိုပဲ ဝမ်းမာတယ်။ အဲဒီအရွယ်တွေကို ဘယ်လို အားဆေးတွေ အမြဲတမ်း တိုက်သွားသင့်ပါသလဲ။ ထိုင်းက ဆေးရုံတွေမှာ မွေးပြီးကတည်းက ကာကွယ်ဆေးတွေ ပုံမှန်ထိုးပါတယ်။ ဒါပေမဲ့ မြန်မာပြည်သားကလေးတွေကို ထိုင်းဆေးခန်းတွေက ကာကွယ်ဆေး ကောင်းကောင်းဆိုရင် မထိုးပေးပါဘူး။ ကိုယ်တွေ့ဖြစ်ရပ်ပါ။ ဘယ်လို ကာကွယ်ဆေးတွေကိုလည်း ထိုးပေးသင့်ပါသလဲ။ ဘယ်လို ပြုစုပျိုးထောင်ပေးသင့်တယ်ဆိုတာကိုလည်း ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။

ဒီအသက်ဆိုရင် ၁၅ ကီလိုရှိရင် ကောင်းတယ်။ အခု အလေးချိန် မများတာထက် ကျသွားတယ်-မကျဘူးက အရေးကြီး ပါတယ်။ အရင်တခါ (၁ ပါတ်၊ ၁လ) တိုင်းတုံးကထက် နည်းသွားတာ မကောင်းလှပါ။

ကလေးအားဆေး ဆိုတာ ဗီတာမင် ဘီ အုပ်စုသာ ဖြစ်တယ်။ နာမယ်အမျိုးမျိုးရှိတယ်။ Burplex, B-Complex, Becosule, Polybion စသဖြင့်။ ဘီ အပြင် ကလေးအတွက် အေ (ငါးကြီးဆီ) မများစေဘဲ တိုက်ဘို့ လိုတယ်။ နောက် (ကယ်လ်စီယမ်) ကလေးသောက်လည်း အရိုးအတွက် လိုတတ်တယ်။ ဈေးလည်းမကြီး၊ ဆေးကုပ္မဏီကောင်းတာ ဝယ်ပါ။ တကယ်လို့ ကလေးက အစားပျက်၊ မစားချင်တာပါဖြစ်နေရင် Cipon လိုဆေးပေးပါ။ စားချင်စိတ် ရှိလာမယ်။ နဲနဲ ပိုအိပ်မယ်။ ဝလာမယ်။ ဗီတာမင် ဘီ ကိုသာ ကြာကြာ တိုက်ရမယ်။ ကြီးတဲ့အထိပေါ့။

အားဆေးထက်မက အရေးကြီးတာက အိပ်ပေါက်နဲ့ ဖါးကောက်သလို မဖြစ်အောင် ရောဂါတခုခု ရှိမနေအောင် စစ်ရမယ်။ ဒီအရွယ်မှာ တီဘီ မဟုတ်တာ သိဘို့ လုပ်ရမယ်။ မွေးစက BCG (ဘယ်ဘက် ပခုံးမှာ) ထိုးခဲ့ပေမဲ့ ရှားရှားပါးပါး တီဘီ ဖြစ်နိုင်တယ်။ အာဂန္တုရောဂါ ရှိ-မရှိ သိဘို့။ ရှိရင် ကုဘို့ လုပ်ပါ။ ရာသီအလိုက်ဖြစ်တဲ့ ကူးစက်ရောဂါမျိုး၊ အသက်ရှူလမ်းက လည်ချောင်း-လည်ပင်နာ၊ အဆုပ်ရောင် ဆိုတာတွေက ကလေးတွေ အဖြစ်များတယ်။

ကလေးတွေအတွက် ဆေးရွေးမှ သင့်တယ်။ ပဋိဇီဝဆေး ခေါ်တဲ့ ဗက်တီးရီးယား နိုင်ဆေးတွေကိ့ လူကြီးတွေလို ပေးလို့ မသင့်ဘူး။ Septrin, Amozacillin, Ampicillin တွေက သင့်တယ်။ Tetracycline, Chloramphenicol မသုံးပါနဲ့။ အနာ-အဖျား-အရောင်ကျဆေး Paracetamol သာသုံးပါ။ ပြင်းတာတွေ မတိုက်ပါနဲ့။

ဝမ်းချုပ်နေတာအတွက် ရေနေ့တိုင်း ပိုသောက်ပါစေ။ ရေအပြင် ဖျော်ရည်၊ သံပုရာရည်၊ သကြားရည်၊ မန်ကျီးမှည့်ဖျော်ရည် တိုက်ပေးပါ။ အသီးအရွက်-အသီးအနှံ နေ့တိုင်း ကြွေးပါ။ တကယ်လို့ ဝမ်း တရက် မသွားတာဖြစ်ရင် မြန်မာဝမ်းနုတ်ဆေး ဖြစ်ဖြစ်တိုက်ပါ။ Ducolax ဝမ်းခြူတောင့် ဖြစ်ဖြစ် ထည့်ခြူပေးပါ။ မဝယ်အားလည်း ဆပ်ပြာ ပြော့ပြော့လေး သူ့ စအိုပေါက် နဲ့ အနေတော် ၂ လက္မ လောက်ကို ထည့်ခြူပါ။ Ducolax က စားဆေးလည်းရှိတယ်။ ကလေးတွေက ဝမ်းပျက်တာ အဖြစ် များလို့ ဝမ်းပျက်ရင် ဓါတ်ဆားရေ သောက်ပါစေ။