ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာ မေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook Comment မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Saturday, December 3, 2011

Stroke ဦးနှောက်သွေးကြောရောဂါ

Thu, Dec 1, 2011 at 7:48 PM
ကျွန်မ၏ အစ်ကို တစ်ယောက်မှာ ဦးနှောက်သွေးကြော ပေါက်ကာ သတိမေ့သွားပါသည်။ ဆရာဝန်မှ ဆေးထိုး ပေးအပြီး ပြန်လည် သတိရကာ ဆေးရုံ တင်သင့်သည် ဆိုသောကြောင့် ဆေးရုံရောက်ပြီး CT scan ရိုက်ရာ သွေးကြောမှာ ပေါက်ပြီး ပျံ့နေသောကြောင့် ဆေးရုံတက်ခိုင်းပါသည်။ ထိုအချိန်တွင် မူးပြီး သတိမရလိုက် ရလိုက် ဖြစ်နေပါသည်။ ထိုမှ တဖြေးဖြေး ကောင်းလာပြီး ၁ လအကြာ ဆေးရုံမှ ဆင်းပြီး ဖြစ်ပါသည်။

ယခု လူကောင်း တစ်ယောက် ပြန်ဖြစ်သော်လည်း ၃ လ (သို့) ၆ လအတွင်း ပြန်ပေါက် နိုင်သည်ဟု ပြော ပါသည်။ အစ်ကိုမှာ အသက် ၄ဝ ဝန်းကျင် ရှိပြီး ကွမ်း၊ ဆေးလိပ်၊ အလွန် သောက်ပါသည်။ အရက်ကို တစ်ခါတရံ သောက်ပြီး အအေး အလွန်ကြိုက်ပါသည်။ သွေးတိုးလည်း ရှိပါသည်။ ထို ရောဂါအကြောင်း ရှင်းပြပေးစေလိုပါသည်။ ထိုလပိုင်းအတွင်း မည်သို့ နေထိုင်ရမည်ကိုလည်း ရှင်းပြပေးစေလိုပါသည်။

Stroke (စထုပ်ခ်) လို့ လူသိများတဲ့ ဦးနှောက်-သွေးကြောရောဂါကို Cerebrovascular accident (CVA); Cerebral infarction; Cerebral hemorrhage; Ischemic stroke စသဖြင့် ခေါ်သေးတယ်။ Brain attack လို့လဲ ခေါ်တယ်။ မြန်မာတွေက လေဖြတ်တာလို့ ခေါ်တယ်။ ရောဂါက ဆိုးလွန်းပြီး၊ အဖြစ်လဲ မနည်းလှပါ။
• လွန်ခဲ့တဲ့ အနှစ် ၃ဝ အတွင်း ပိုအဖြစ်များလာတယ်။
• ၉၅% ဟာ အသက် ၄၅ နှစ်ကျော်သူတွေ ဖြစ်တယ်။
• ၃ ပုံ ၂ ပုံက ၆၅ နှစ်ကျော်သူတွေ ဖြစ်တယ်။
• မိသားစုထဲမှာ တယောက်မကဖြစ်တာ တွေ့ရတယ်။
• ယောက်ျားတွေက မိန်းမတွေထက် ဖြစ်နှုန်းမှာ ၂၅% ပိုပါတယ်။ အမျိုးသမီးတွေက သေဆုံးတာမှာ ၆ဝ% ရှိတယ်။ ဒါဟာ အမျိုးသမီးတွေက သက်တမ်းပိုရှည်ကြတာနဲ့ သွေးဆုံးတောတွေနဲ့ ဆက်စပ်နိုင်တယ်။
• ကင်ဆာ၊ နာတာရှည် ကျောက်ကပ်ရောဂါ-အဆစ်နာရောဂါ ရှိနေသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ ကလေး ဖွါးပြီးသူတွေမှာ ပိုဖြစ်တယ်၊

Stroke ရောဂါဟာ ဦးနှောက်ကို ပေးပို့နေတဲ့ သွေးကြောလမ်းကြောင်းမှာ တခုခုမှားသွားရင် ဖြစ်လာစေတယ်။ ဦးနှောက်က သွေးမရတာကို စက္ကန့်ပိုင်းထက်ပိုပြီး မခံနိုင်ဘူး။ ဦးနှောက် (ဆဲလ်) တွေ သေကုန်တယ်။ ထိခိုက်မှုဟာ ရာသက်ပန် ဖြစ်တယ်။ အဓိက ၂ မျိုးရှိတယ်။
(၁) Blood clot (Thrombosis) သွေးခဲလေးကနေ ကျဉ်းနေတဲ့တဲ့ သွေးလွှတ်ကြောထဲမှာ ပိတ်နေတာကြောင့် ဖြစ်တာကို Thrombotic stroke ခေါ်တယ်။
(၂) Cerebral embolism ကိုယ်ခန္ဓာရဲ့တခြားနေရာတွေမှာရှိနေတဲ့ သွေးခဲက ကွဲထွက်ပြီး ဦးနှောက်ဆီကို ရောက်လာတာကြောင့် ဖြစ်တာကို Embolic stroke လို့ခေါ်တယ်။

ရောဂါဖြစ်နိုင်ခြေရှိသူတွေကတော့ -
• High blood pressure သွေးတိုးရောဂါ၊
• Atrial fibrillation နှလုံးခုန်မမှန်တာ၊
• Diabetes ဆီးချို၊
• မိသားစုထဲမှာ အဲလိုဖြစ်သူရှိတာ၊
• High cholesterol (ကိုလက်စထော) များနေတာ၊
• အသက်ကြီးလာတာ၊ ၅၅ နှစ်ကျော်တာ၊
• Race အသားမဲဖြစ်တာ၊
• နှလုံးရောဂါလဲရှိနေမယ်၊ ခြေထောက်ပိုင်းကို သွေးကြောတွေက ကျဉ်းလို့ သွေးလျှောက်တာလဲ နှေးမယ်ဆိုရင်၊
• လူအဝလွန်သူတွေ၊
• အရက်သေစာ အသောက်များသူတွေ၊
• အငန် နဲ့ အဆီစား များသူတွေ၊
• ဆေးလိပ် သောက်သူတွေ၊
• Cocaine (ကိုကိန်း) နဲ့ တားမြစ်တားတဲ့ဆေးတွေကို သုံးသူတွေ၊
• Birth control pills အသက် ၃၅ နှစ်ကျော်ပြီး ကိုယ်ဝန်တားဆေး သုံးသူအမျိုးသမီးတွေလဲ ဖြစ်နိုင်တယ်။

သွေးခဲကြောင့်ဖြစ်တာမှာ ၂ မျိုးရှိတယ်။ (၁) သွေးလွှတ်ကြောကြီးရောဂါ နဲ့ (၂) Sickle cell anemia သွေးအားနည်းရောဂါကနေ ဖြစ်စေတယ်။ သွေးလွှတ်ကြောတွေကို လာပိတ်စေနိုင်တာက Fat အဆီခဲ၊ Cholesterol (ကိုလက်စထော) နဲ့ ကင်ဆာ (ဆဲလ်) တွေ ဖြစ်နိုင်တယ်။ ဗက်တီးရီးယား ဥပမာ Infectious endocarditis နှလုံးရောဂါကနေ လာတာမျိုးကနေလဲ ဖြစ်တယ်။ Atrial fibrillation နှလုံးရောဂါကနေ ဖြစ်တာများတယ်။ Atrial or ventricular septal defect နှလုံးရောဂါတွေကနေလဲ လာမယ်။ Deep vein thrombosis အတွင်းထဲမှာရှိတဲ့ သွေးပြန်ကြောထဲကနေလဲ လာနိုင်တယ်။ အဆို့ရှင် အတုတပ်ထားတဲ့ နှလုံးကသွေးခဲဟာ ဦးနှောက်ကို လာပိတ်တာလဲ ဖြစ်နိုင်တယ်။ အဲလို တခြားနေရာက လာတာမျိုး အတွက် လာရင်းရောဂါကိုပါ ကုသရမယ်။

သွေးကြောကျဉ်းရာကနေဖြစ်ရင် Atherosclerotic plaque (ပလိပ်) ခေါ်တဲ့ Sticky substance ခပ်စေးစေးအရာ ဖြစ်လာတယ်။ ဦးနှောက်ထဲက သွေးလွှတ်ကြောလေးတွေ အားနည်းလာရင် ပေါက်ထွက်နိုင်တယ်။ သွေးယိုထွက်ပြီး Hemorrhagic stroke ဖြစ်မယ်။

ဘယ်လိုခံစားရမလဲ။
ဦးနှောက်ရဲ့ ဘယ်နေရာမှာ ဖြစ်သလဲအပေါ် မူတည်တယ်။ တချို့မှာ ဖြစ်တာမသိဘဲ နေတတ်တယ်။ ဖြစ်တာက ရုတ်တရက်ဘဲ။ ဖြစ်စ ၁ ရက် ၂ ရက်မှာ ဖြစ်လိုက် ပေါ်လိုက်လဲ ဖြစ်နိုင်တယ်။ ပဌမဆုံး အကြိမ်က ခံစားရတာ အပြင်းထံဆုံးဘဲ။ ဒါပေမဲ့နောက်ဖြစ်ရင် ဆိုးဆိုးလာတော့မယ်။
• ခေါင်းကိုက်မယ်။ ရုတ်တရက်ဖြစ်မယ်။ ပက်လက်လှဲချိန် ဖြစ်တယ်။ အိပ်ရာကနေ နိုးလာမယ်။ အနေအထား ပြောင်းတာနဲ့ ပိုဆိုးမယ်။
• ခေါင်းမူးနေမယ်၊ အိပ်ချင်နေမယ်၊ သတိမကောင်းဖြစ်မယ်၊ သတိလစ်မယ်၊ နားကောင်းကောင်း မကြားဖြစ်မယ်၊ အရသာ မကောင်း ဖြစ်မယ်၊ စိတ်ရှုတ်ထွေးနေမယ်၊
• နာတာ-ထိတာ-ဖိတာကို ခံစားမှု၊ အပူ-အအေးသိတာ အရင်လိုမဟုတ်ဖြစ်မယ်၊
• အမျိုရခက်မယ်၊ စာအရေးရ အဖတ်ရခက်မယ်၊ ဆီး-ဝမ်းအသွားရ အထိန်းရခက်မယ်၊ ကိုယ်ကို ထိန်းမတ်လို့ မရဖြစ်မယ်၊ အပြန်အလှန်ထိန်းညှိ မကောင်းဖြစ်မယ်၊
• မျက်နှာ-ခြေ-လက် ကြွက်သားတွေ အားနည်းမယ် (တဘက်ထဲဖြစ်တာ များတယ်)၊ ထုံ-ကျင်နေမယ် (တဘက်ထဲဖြစ်တာ များတယ်)၊ ကိုယ်ကို မထိန်းနိုင်တာ၊ လမ်းမလျှောက်နိုင်ဖြစ်မယ်။ ကိုယ်တခြမ်း လေဖြတ်တယ်လို့ ခေါ်တယ်။
• စိတ်လှုတ်ရှားမှု-စိတ်ပုံစံ ပြောင်းမယ်၊ စကားပြောရခက်မယ်၊ သူများပြောတာကို နားမလည်ဖြစ်မယ်၊
• မျက်ခွံအောက်ကျနေမယ်၊ မျက်စိကို လှုတ်မရဘူး၊ သူငယ်အိမ်ဟာ အလင်းရောင်ကို တုန့်ပြန်တာ နှေးမယ်၊ မျက်စိ အကြည့်ရခက်မယ်၊
• နှလုံးခုန်-အသက်ရှူ မမှန်တာ၊
• ခေါင်းကို တဖက်ဖက်ကို ကောင်းကောင်းလှည့်မရတာ၊
• လျှာကိုကောင်းကောင်း အသုံးမချနိုင်ဘူး၊
• မှတ်ဥာဏ်လျှော့မယ်။

စစ်ဆေးမှုတွေ
1. Angiogram လုပ်ရင် ဦးနှောက်ထဲမှာ သွေးကြောပိတ်နေတာ၊ သွေးယိုနေတာ မြင်ရမယ်။
2. Carotid duplex (Ultrasound) ရိုက်ရင် လည်ပင်းက Carotid arteries သွေးလွှတ်ကြော ကျဉ်းနေတာ မြင်ရမယ်။
3. CT Scan of the brain နဲ့ MRI Scan of the brain တွေလုပ်နိုင်တယ်။
4. MRA နဲ့ CT angiography လုပ်ရင် ဦးနှောက်ထဲက သွေလွှတ်ကြောတွေ ပုံမှန်မဟုတ်တာ မြင်ရမယ်။
5. Bleeding time, Blood cholesterol and sugar, Blood clotting tests, CBC နဲ့ ECG တွေလဲ လုပ်နိုင်တယ်။

ဘယ်လိုကုသမလဲ။
Medical emergency တကယ့်အရေးပေါ်ဖြစ်တယ်။ ဆေးရုံတက် ကုသရမယ်။ အများဆုံး လူနာတွေဟာ ၃ နာရီအတွင်း ရောက်ကြတယ်။ သွေးခဲကြောင့် ဖြစ်တာဆိုရင် Thrombolytic therapy သွေးခဲကျေဆေး ချက်ချင်း ပေးရတယ်။ လူတိုင်းကိုတော့ မပေးရပါ။ ရောဂါလက္ခဏာစပြီး ၃ နာရီအတွင်းဆို ပေးနိုင်တယ်။ သွေးခဲလို့ မဟုတ်ဘဲ သွေးယိုလို့ ဖြစ်နေချိန်ဆိုရင် ဒီဆေးကြောင့် ပိုဆိုးစေမယ်။

သွေးခဲကြောင့် ဖြစ်တာအတွက် Blood thinners သွေးကျဲဆေးဖြစ်တဲ့ Heparin or Warfarin (Coumadin) ဆေးကိုလဲ သုံးတယ်။ Aspirin နဲ့ Clopidogrel (Plavix) တွေကိုလဲ ပေးနိုင်တယ်။ သွေးခဲပိတ်လို့ဖြစ်ရင် အချိန်လဲ မီမယ်ဆိုရင် Thrombolysis သွေးခဲကို ချေဖျက်နည်းနဲ့ Thrombectomy ခွဲစိတ်နည်းတွေ လုပ်နိုင်တယ်။ Medications ဆေးပေးနည်းမှာ Aspirin, Clopidogrel, Dipyridamole ဆေးတွေကို Platelets သွေးမှုံတွေစုပြီး သွေးမခဲအောင် လုပ်ပေးနိုင်တယ်။ Thrombolysis ဆိုတာ ဆေးနဲ့ သွေးခဲကို ချေဖျက်နည်း ဖြစ်တယ်။ tissue Plasminogen Activator (tPA) ဆေးမျိုး သုံးတယ်။ ချက်ချင်းဖြစ်တာအတွက် သုံးသင့်-မသင့် အယူအဆ မတူကြဘူး။

သွေးယိုတာအတွက် ခွဲစိတ်နည်း သုံးလို့ရတာလဲ ရှိတယ်။ Carotid artery လည်ပင်း-သွေးလွှတ်ကြောကို ခွဲစိတ်ရတာလဲ ရှိတယ်။ Mechanical thrombectomy စက်သုံးနည်းလဲ ရှိတယ်။ ချက်ချင်းဖြစ်တာအတွက် သုံးတယ်။ ပေါင်ခြံက Femoral artery သွေးလွှတ်ကြောထဲကို Catheter ပိုက်ငယ်လေးတခု ဦးနှောက် သွေးပေးစနစ်ထဲအထိ ထိုးသွင်းရတယ်။ Corkscrew-like device ကရိယာလေးကနေ သွေးခဲကို ဆုပ်ယူစေမယ်။ Angioplasty and stenting နည်းဆိုတာကလဲ ချက်ချင်း ဖြစ်တာကို သုံးတယ်။

ခေါင်းထဲမှာ သွေးယိုတာဖြစ်ရင် Neurosurgical evaluation လေ့လာမှုတွေ လုပ်ရမယ်။ သွေးယိုတဲ့ အကြောင်းကို ရှာပြီး ကုသရမယ်။ ခွဲစိတ်တာ သိပ်မလိုတတ်ဘူး။ သွေးတိုး ရှိနေချိန်မှာ သွေးကျဆေး ပေးရတယ်။ တချို့က Nutrients and fluids အစာအာဟာရနဲ့ အရည်ဖြည့်ပေးဘို့ လိုမယ်။

ဆေးကုတာအပြင် Physical therapy (ဖီဇီယိုသာရာပီ)၊ Speech therapy စကားပြောနည်း၊ Occupational therapy လုပ်ငန်းဆိုင်ရာ ကုသနည်း၊ Swallowing therapy အစာမျိုနည်းတွေလဲ လိုနိုင်တယ်။ ရေရှည်အတွက် ဆက်လုပ်ပေးရတယ်။ ပြန်ပြီး နလံထရေးနဲ့ နောင်မဖြစ်အောင်အတွက် လုပ်ရတယ်။

Complications နောက်ဆက်တွဲ ဖြစ်နိုင်တာတွေကတော့ အစားအသောက်တွေ အသက်ရှူလမ်းထဲရောက်တာ၊ ဥာဏ် သုံးရတဲ့အလုပ် ချို့ယွင်းတာ၊ လိမ့်ကျတာ၊ မလှုတ်ရှားနိုင်တာ၊ ကိုယ်တခြမ်း၊ တချို့နေရာတွေ လေဖြတ်တာ၊ ကြွက်သားတွေ တောင့်တင်းနေတာ၊ အစာအာဟာရ မပြည့်ဝတာ၊ ဖိအားဒဏ်ကြောင့် အနာဖြစ်တာ၊ စကား ကောင်းကောင်းမပြောနိုင်တာ၊ နားမလည်တာ၊ တွေးတောတာ၊ အာရုံစိုက်တာ အားနည်းတာ။

ရောဂါလက္ခဏာတွေ ဆင်တူတိုင်းတော့ Stroke မဟုတ်ပါ။ Brain tumor ဦးနှောက်ကင်ဆာ၊ Subdural hematoma ဦးနှောက်အဖုံးလွှာအောက်မှာရှိတဲ့သွေးခဲ၊ Brain abscess ဗက်တီးရီးယား၊ မှိုကနေဖြစ်စေတဲ့ ဦးနှောက်ထဲမှာ ပြည်တည်နာ၊ Viral encephalitis ဗိုင်းရပ်စ် ဦးနှောက်ရောင်ရောဂါ၊ Overdose of certain medications တချို့ဆေးတွေ များသုံး-ပေးတာ၊ Sodium, Calcium, Glucose ဓါတ်ဆားတွေ နည်းသွားတာတွေကနေ ခပ်ဆင်ဆင် ဖြစ်တတ်တယ်။

Silent stroke (ဆိုင်းလင့်-စထုပ်ခ်) လူမသိ-သူမသိဖြစ်ခြင်း၊
ရောဂါလက္ခဏာတွေ မပေါ်ပေမဲ့ ဦးနှောက်ကိုတော့ ထိခိုက် ပျက်စီးနေတာကိုခေါ်တယ်။ ၁၉၉၈ လေ့လာမှုတခုအရ အမေရိကားမှာ လူပေါင်း ၁၁ သန်း Stroke ဖြစ်တယ်။ ၇၇ဝဝဝဝ ယောက်ဟာ Silent strokes ဖြစ်ကြတယ်။ MRI လုပ်မှ အထဲမှာ Infarcts သွေးခဲ ဒါမှမဟုတ် Hemorrhages သွေးယိုနေတာကိုသိရတယ်။ ခံစားပြီးဖြစ်တာထက် ၅ ဆပိုတယ်။ အသက်ကြီးရင် ပိုဖြစ်တယ်။ Cryptogenic ဆိုတာ ဘာလို့လဲ မသိဘဲ ဖြစ်တာကို ခေါ်တယ်။ ၃ဝ-၄ဝ% ရှိတယ်။

Secondary ischemic stroke ဒုတိယအကြိမ် ထပ်မဖြစ်အောင် -
1. Anticoagulation သွေးမခဲဆေးနည်း သုံးတယ်။ Non-valvular atrial fibrillation ဖြစ်နေသူတွေဆိုရင် ဒီနည်းကြောင့် ၆ဝ% သက်သာစေနိုင်တယ်။ Antiplatelet agents ကနေ ၂ဝ% လျှော့နည်းစေမယ်။ Embolic stroke ဖြစ်တာကို Anti-coagulation စောစောပေးလို့ ဘေးဖြစ်စေနိုင်တာကိုလဲ ထောက်ပြထားတယ်။
2. Carotid stenosis ဖြစ်နေရင် Carotid endarterectomy ခွဲစိတ်ပေးတာကလဲ အကျိုးများစေမယ်။
3. ဆေးလိပ်မသောက်ပါနဲ့၊ (ကိုလက်စထော) ထိန်းပါ၊ သွေးတိုးထိန်းပါ၊ ဆီးချိုထိန်းပါ၊ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် တနေ့ နာရီဝက်လုပ်ပါ၊ ကိုယ်အလေးချိန် ထိန်းပါ၊ အရက်ဖြတ်ပါ-လျှော့ပါ၊ မူးယစ်ဆေးဝါး ဖြတ်ပါ၊
4. အစာအဟာရ မျှတပြည့်စုံပါစေ။ အသီး-အရွက်၊ အသီးအနှံစားပါ၊ အဆီး-အချို-အငန် လျှော့စားပါ၊ အဆီလွတ်အသား စားပါ၊ နို့ထွက်အစာတွေ လျှော့ပါ၊ ဆိုင်ဝယ်စား အစာတွေ သတိထားပါ၊ Saturated fat, Partially-hydrogenated နဲ့ Hydrogenated fats တွေ သတိထားပါ။
5. ကိုယ်ဝန်-တားဆေးသုံးရင် ဆရာဝန်ကို တိုင်ပင်ပါ၊

The outlook အလားအလာ
အမျိုးအစား၊ ဘယ်လောက်ပျက်စီးသွားခဲ့သလဲ၊ ဘယ်နေရာတွေကို ထိခိုက်သွားသလဲ၊ ဆေးကုသမှုကို ဘယ်လောက်မြန်မြန် ရခဲ့သလဲ ဆိုတာတွေအပေါ် မူတည်ပြီး -
• လုံးဝကောင်းတာနဲ့ တချို့အလုပ်တွေ ပြန်မကောင်းနိုင်တော့တာ ဖြစ်တယ်။ တဝက်မက လူနာတွေဟာ အိမ်မှာတင်နေနိုင်ပြီး အတော်ပြန်လုပ်နိုင်ကြတယ်။
• Ischemic stroke ဖြစ်သူတွေက Hemorrhagic stroke ဖြစ်သူတွေထက် ကံကောင်းကြတယ်။
• ဒုတိယအကြိမ် ထပ်ဖြစ်တာဟာ ပဌမအကြိမ်နောက် လနဲနဲအကြာမှာ ဖြစ်တတ်တယ်။
• Disability မသန်မစွမ်းဖြစ်တာ ၇၅% ရှိတယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ထိခိုက်စေမယ်။
• Post stroke depression စိတ်ဓါတ်ကျတာ ၃ဝ-၅ဝ% မှာ ခံစားရမယ်။
• Emotional lability ခံစားမှု အားနည်းသွားတာ ၂ဝ% မှာ ဖြစ်စေတယ်။
• Seizures တက်တတ်တာကို ၁ဝ% မှာ ဖြစ်နိုင်တယ်။

Dr. တင့်ဆွေ
၂-၁၂-၂ဝ၁၁