ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, December 23, 2011

Q and A December 2011 (2)

၁။ ဆီးသွားရတာ သိသိသာသာ ခက်ခဲလာတယ်။
၂။ အတော်လေး ကြိုးစားမှ ဆီးသွားလို့ရပါတယ်။
၃။ မမှောက်လဲ မမှောက်သေး၊ လေးဘက်လဲ မတွားသေး၊
၎။ စအိုဘေးမှာ အဖုတစ်ခုဖြစ်နေပြီး အမြစ်လို တွယ်နေပါတယ်။

Wed, Dec 21, 2011 at 7:55 PM
ကျွန်တော့် အသက်က ၃၂ နှစ်ပါ။ အလုပ်ကတော့ အထိုင်များတဲ့ အလုပ်ပါ။ မိုးလင်း မိုးချုပ် ထိုင်လျှက် ကွန်ပျူတာနဲ့ပဲ လုပ်နေတာ လေးနှစ်လောက်ရှိပါပြီ။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က လိပ်ခေါင်းရောဂါ ခွဲစိတ်ပြီး နောက်ပိုင်းမှာ ဆီးသွားရတာ သိသိသာသာ ခက်ခဲလာတယ်။ တစ်ခါတစ်ရံမှာ အကြာကြီး ကြိုးစားပေမယ့် ဆီးမထွက်လို့ အောင့်သက်သက်နဲ့ပဲ  အိမ်သာထဲက ထွက်ခဲ့ရတယ်။ တစ်ခါတစ်ရံကျတော့ ဆီးသွားဖို့ ကြိုးစားရင်းနဲ့ အီးပါချင်သလိုဖြစ်လာလို့ အီးပါမှပဲ ဆီးကထွက်လာတယ်။ ဆီးသွားချင်တယ်လို မကြာခဏ ခံစားနေရတယ်။ လိပ်ခေါင်းခွဲစိတ်ပြီးနောက်ပိုင်းမှာ ဆီးသွားရ ခက်တတ်တယ်ဆိုတာကိုတော့ သိထားပါတယ်။ ဒါပေမယ့် ဒီလိပ်ခေါင်းရောဂါ ခွဲစိတ်မှူ မလုပ်ခင်ကတည်းက ကျွန်တော့်အကျင့်က ဆီးအောင့်တတ်တယ်။ လူများများကြားမှာဆို ဆီးမထွက်ဘူး။ အိမ်သာထဲမှာ စိတ်အေးလက်အေး ဆီးသွားမှ ထွက်တတ်တယ်။ မိဘတွေကို ဆီးအောင့်တဲ့ အကြောင်းပြောပြတော့ ဟုတ်တယ် မင်းက ငယ်ငယ်ကတည်းက ဆီးသွားချင်ရင် အောင့်ထားတတ်တဲ့ အကျင့်ရှိတယ်တဲ့။ ဆီးကောင်းတယ် ဆိုပြီး ကြက်လည်ဆံရွက်တွေ ပေးထားလို့ ရေနွေးလုပ်ပြီး အခု စသောက်နေပြီ။ အလုပ်ထဲမှာတော့ ရေများများ သောက်တဲ့ အကျင့်ရှိပါတယ်။ တစ်နာရီကျော်၊နှစ်နာရီနီးပါးမှာ တစ်ခါလောက်တော့ ဆီးသွားလေ့ ရှိတယ်။ နောက်တစ်ခုက အဲဒီလို ဆီးသွားရခက်တာ Masturbation နဲ့ ဆက်စပ်မှူရှိလား။

မေးတာကို မဖြေခင် ထပ်သိချင်ပါတယ်။ လိပ်ခေါင်းကို ဘယ်လို ဆေးရုံမျိုးမှာ ခွဲသလဲ။ ဘယ် ထုံဆေးနည်း သုံးခဲ့သလဲ။ ခွဲတာ ဘယ်လောက်ကြာပြီလဲ။ မခွဲခင်ကဖြစ်ဖြစ် ဆီးအတွက်ဖြစ်ဖြစ် Ultrasound, X-ray, Urine test တွေ လုပ်ပါသလား။ လုပ်ရင်ကော ထူးခြားတာတွေ့သလား။ (မာစတာဘေးရှင်း) နဲ့တော့ မဆိုင်ပါ။ ဆေးလိပ်- ဘီယာနဲ့လဲ ဒီလောက်နဲ့ မဖြစ်လောက်ပါ ဆီးအထူးကု ဆရာဝန်ကိုရော ပြဘူးသလား။

2011/12/21
Q: ကျွန်တော်က အခု (့) မှာ အလုပ်လုပ်နေပါတယ်။ လိပ်ခေါင်း ခွဲစိတ်တာကတော့ (့) General Hospital မှာပါ။ ခွဲစိတ်နည်းက Stapled Haemorrhoidectomy ပါ။ ၄၅ မိနစ်ခန့်ပဲ ကြာပါတယ်။ မခွဲစိတ်ခင်မှာ မေ့ဆေးပေးပါတယ်။ ဆီးမစစ်ပါဘူး။ လိပ်ခေါင်းကို 12 Dec 2011 နေ့က ခွဲစိတ်ခဲ့တာပါ။ အခုဆို ၉ ရက် ရှိပါပြီ။ အနာက သက်သာနေပါပြီ။ ဝမ်းသွားရင်တောင် သွေးစ နဲနဲပဲပါတော့တယ်။ ခွဲစိတ်တဲ့ ညနေကတော့ ဘယ်လိုမှ ဆီးမသွားနိုင်လို့ ဆီးပိုက်နဲ့ ဆီးကို ထုတ်ပြစ်ခဲ့ရပါတယ်။ ညကျတော့ ရေနွေးနဲ့ ရေချိုးပြီး အတော်လေး ကြိုးစားမှ ဆီးသွားလို့ရပါတယ်။ နောက်ရက်တွေမှာတော့ ဆီးကို ဝမ်းနဲ့ အတူသွားပါတယ်။

A: ပြန်ဖြေတာထဲမှာ Ultrasound နဲ့ X-ray အကြောင်းပါမလာပါ။ ပိုသိရတာက ခါးထုံဆေး မသုံးတာမို့ အဲဒါကြောင့် မဟုတ်တာကို ဖယ်လို့ရသွားပြီ။ ဆီးလမ်းကျဉ်းနေတာလား၊ ဆီးသွားစေအောင် လုပ်ပေးတဲ့ အာရုံကြောလား ခွဲခြားရမယ်။ ဆိုးဝါးတဲ့ရောဂါတော့ မဟုတ်နိုင်ပါ။ နားနားနေနေ ဆီးရောဂါ အထူးကုကို ပြသင့်ပါတယ်။ ဒီကြားထဲမှာ ဆီးကိုကြိုးစားသွားတဲ့အခါ လိပ်ခေါင်းကို ဖြစ်စေတာ သတိထားရမယ်။ လိပ်ခေါင်းဆိုတာ တချို့မှာ ပြန်ဖြစ်တတ်တယ်။ ဗိုက်ကိုညှစ်ရတဲ့ အလုပ်မှန်သမျှ လိပ်ခေါင်း၊ အူကျတာ၊ သားအိမ်ကျတာတွေကို သတိထားရမယ်။ ကြွက်သား အားကောင်းစေအောင် ပိုတက်ဆီယန် မနည်းစေနဲ့။ စိတ်ဖိအား မများစေနဲ့။

2011/12/22
Q: ဆိုးဝါးတဲ့ ရောဂါ မဟုတ်နိုင်ဘူးဆိုလို့ ဝမ်းသာပါတယ် ဆရာ။ Ultrasound နဲ့ X-ray ကို မလုပ်ဖူးပါဘူး။ မခွဲစိတ်ခင်မှာ ဆီးလည်း မစစ်ပါဘူး။ တစ်ခါတစ်ရံ ဆီသွားရ ခက်ပြီဆိုရင်  ဆီးက လိင်တံရဲ့ အခြေလောက်ရောက်မှ ဆက်ပြီး ထွက်မလာနိုင်တော့သလို ခံစားရပါတယ်။ ဆက်ပြီး ကြွက်သားညှစ်အား လိုနေတာလား  ဒါမှမဟုတ် အဲဒီနေရာလောက်မှာ ဆီးလမ်းကျဉ်းနေတာလား တစ်ခါတစ်ရံမှာတော့ ဆီးအိမ်မှာ တင်းနေလည်း မထွက်လာနိုင်ဘူး။ များသောအားဖြင့်တော့ ဆီးက လွယ်လွယ်ကူကူ ထွက်လာတတ်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က စပြီး ဆီးသွားရခက်တာကို မကြာခဏ ကြုံလာရတာပါ။ ပိုတက်ဆီယန် မနည်းစေဖို့ ဘယ်လို အစားအစာ (သို့မဟုတ်) ဆေး စားရမလဲ ဆရာ။ အကြံပြုပါဦး။ ကျန်းမာရေး လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်ရော ဘယ်လို လေ့ကျင့်ခန်းမျိုးက ပိုမိုသင့်တော်မလဲဆရာ။ ဆီးသွားရ လွယ်ကူစေဖို့ကို ပြောတာပါ။ ဖိအား မများစေဖို့ကိုတော့ ဆင်ခြင်ပါ့မယ်။

A: ပိုတက်ဆီယန် များတဲ့အစားအသောက်တွေက အုန်းရည်၊ ရေနွေးကြမ်း၊ ငှက်ပျောသီး၊ လိမ်မော်သီး စတာတွေဖြစ်တယ်။
လေ့ကျင့်ခန်းက ရိုးရိုးလုပ်တာနဲ့ရပါတတ်။ ပိုကောင်းတာက (ကီဂယ်လ်) နည်းဖြစ်တယ်။ ဆီးလမ်းကိုတော့ စစ်သင့်တယ်။ Kegel exercises for Men ယောက်ျားများ စိတ်ဝင်စားကြသည်ကို ပို့လိုက်ပါတယ်။

Mon, Dec 19, 2011 at 11:24 PM
ကျွန်မမှာ ၆ လနှင့် ၇ ရက်အရွယ် သမီးလေးရှိပါတယ်။ ပထမဆုံးသားဦးဖြစ်တဲ့အတွက် မသိနားမလည်တာများ ကျေးဇူးပြုပြီး ဖြေကြားပေးဖို့ တောင်းပန်ပါတယ်ရှင့်။ (၁) သမီးလေးက အိပ်ရင် ခေါင်းချွေး အရမ်းထွက်ပါတယ်။ သူ့ခေါင်းအုံးတွေ စိုရွဲနေတဲ့အတွက် အမြဲစိတ်ပူရပါတယ်။ ဘယ်လိုပျောက်ကင်းအောင်လုပ်ရပါ့မလဲ။ ဆေးရုံမှာသွားပြရမှာလား။
(၂) သမီးလေးက ၆ လကျော်လာခဲ့ပေမဲ့ သူနဲ့ ရွယ်တူမွေးထားတဲ့သူတွေ မှောက်ပြီး လေးဘက်တွားသွားကုန်ပြီး သူကတော့အခုထိ မမှောက်လဲ မမှောက်သေး၊ လေးဘက်လဲ မတွားသေး၊ ငုတ်တုတ်လဲ မထိုင်သေးဘဲ ဖြစ်နေတဲ့အတွက် စိုးရိမ်နေမိပါတယ်။ ထမင်းနဲ့ တခြား အသီးနှံအနှစ်များ နဲနဲစပြီး စားတတ်လာပြီး၊ အစားလဲ ကောင်းကောင်းမွန်မွန်စားပြီး ကျန်းမာရေးလဲကောင်းပါတယ်။ အလေးချိန်က ၈၃ဝဝ ဂရမ်ရှိပါပြီ။ အခုလို မမှောက်သေးတာ ကလေး ဥာဏ်ရည်နိမ့်လို့ပါလား။

၆ လကျော်သာ ရှိတဲ့ကလေး ခေါင်းချွေးထွက်တာ မစိုးရိမ်ပါနဲ့။ ဒိထက်ကြီးလာတဲ့ လူအုပ်ထဲသွားဘူးတဲ့ ကလေးမျိုး ညခေါင်းချွေးထွက်ရင် ကူးစက်ရောဂါ ဥပမာ တီဘီ ကို သံသယရှိရတယ်။ ဘယ်အရွယ်ဖြစ်ဖြစ် ချွေးထွက်များရင် ရေဓါတ်နဲ့ ဆား (ဆိုဒီယမ်) အထွက်များမယ်။ ဒါ့ကြောင့် ရေ ပိုတိုက်-သောက်စေရမယ်။ ဓါတ်ဆားထုပ်ကတော့ အကောင်းဆုံးပေါ့။ ကလေးသိပ်ငယ်နေရင်တော့ ရေကျက်အေးနဲ့ ရမှာပါ။ အကိုက်အခဲ-အနာ-အဖျား သက်သာဆေးတိုင်းက ချွေးထွက်စေတယ်။ ဥပမာ ပါရာစီတမော၊ အက်စ်ပရင်၊ အိုင်ဘူပရိုဖင်။

၆ လမှာ ဝမ်းလျှားတော့မှောက်ချိန်ကျနေပါပြီ။ ခေါင်းထောင်တာကကော ၃ လနဲ့ ထောင်ပါသလား။ တချို့ကလေးတွေက နဲနဲ နောက်ကျတတ်တယ်။ မအေနို့ကောင်းကောင်းစို့ရမယ်။ ၆ လမှာ ဖြည့်စွက်စာ ကျွေးနိုင်ပြီ။ အားဆေးဆိုတာလဲ တိုက်နိုင်ပြီး ကယ်လ်စီယမ်လဲ တိုက်နိုင်ပြီ၊ သွားပေါက်နောက်မကျအောင်လို့။

ဥာဏ်ရည်ကိုသိဘို့က မွေးရာပါ ချွတ်ယွင်းမှု မရှိရင် စိုးရိမ်စရာမလိုပါ။ ခေါင်းသေးလွန်းတာ၊ ကြီးလွန်းတာ မရှိရင် ကောင်းတယ်။ (ဒေါင်းန်-ဆင်ဒရုမ်း) ဆိုတာက ကြည့်တာနဲ့ သိသာတယ်။ အဲဒီ ၃ မျိုးမရှိရင် ဥာဏ်ရည်အတွက် ကြောင့်ကျစရာမလိုပါ။

၁။ Baby Milestones ကလေးများ၏ ဖွံ့ဖြိုးတိုးတက်လာမှု မှတ်တိုင်များ http://wwwyamunaclinicorg/indexphp?searchword=Milestones&ordering=newest&searchphrase=all&limit=20&option=com_search
၂။ Down syndrome (ဒေါင်းန်-ဆင်ဒရုမ်း) http://wwwyamunaclinicorg/indexphp?searchword=down%27s+syndrome&ordering=newest&searchphrase=all&limit=20&option=com_search

ပြစရာရှိရင် ကလေးအတူကုဆရာဝန်ကိုသာပြတာကောင်းပါတယ်။

Tue, Dec 20, 2011 at 11:14 AM
နားနဲ့မနာ ဖ၀ါးနဲ့နာပါဆရာ။ ကျွန်တော့် စအိုဘေးမှာ အဖုတစ်ခုဖြစ်နေပြီး အမြစ်လို တွယ်နေပါတယ်။ တစ်ခါတစ်လေ ပြည်ဖုလို တင်းလာပြီး ပြည်တွေထွက်လာပါတယ်။ ပြည်မထွက်တဲ့အချိန် အကျိတ်လိုဖြစ်နေပါတယ်။ ဂရင်ဂျီနာလားခင်ဗျာ။ ခွဲဖို့လည်း အဆင်သင့်မဖြစ်သေးပါဘူး။ သောက်ဆေး၊ လိမ်းဆေးရှိရင်ညွှန်ပြပေးပါခင်ဗျာ၊ဖြစ်တာ ၁နှစ်လောက်ရှိပါပြီ။
http://www.yamunaclinic.org/ ထဲမှာ စအိုနေရာရောဂါတွေ အတော်များများ ရေးထားပါတယ်။