ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, June 10, 2012

Q and A June 2012 (2)

1. အသက် ၆ဝ ပြည့်ဖို့ ၆ လ အလိုမှာ ညာဘက်တစ်ခြမ်းလေဖြတ်ပါသည်။
2. ဆေးပုလင်း အဖုံးဖွင့်ပြီးရင် ဘယ်လောက် ကြာကြာပဲ သုံးလို့ရလဲဆရာ။
3. မှင်ရောဂါအကြောင်း သိချင်ပါတယ်။
4. ကျွန်မသားလေး အသက်က ၆ လပါ။
5. ကျွန်တော့် အမျိုးသမီးက လွန်ခဲ့တဲ့ ၆ ပတ်က C-Section နဲ့ မီးဖွားပါတယ်။
6. အမျိုးသမီး နှုတ်ခမ်းသားပေါ်မှာ နည်းနည်းလေးဖုတက်လာပြီး
7. ဘယ်ဘက်ကျောက်ကပ်မှာ ဆီးလမ်းကြောင်း နှစ်ခု ဖြစ်နေတာကို သိရပါတယ်။

Sat, Jun 9, 2012 at 12:47 PM
ကျွန်တော်ဟာ အသက် ၆၂ နှစ်ရှိပါပြီ။ အသက် ၆ဝ ပြည့်ဖို့ ၆ လ အလိုမှာ ညာဘက်တစ်ခြမ်း လေဖြတ်ပါသည်။ လေဖြတ်ချိန်တွင် BP မှာ 150/100 ရှိပါသည်။ ဆေးရုံသို့ အချိန်မီပို့နိုင်၍ အသက်ဘေးမှ ဝေးခဲ့ရပါသည်။ ယခု ရောဂါသက် ၂ နှစ်ပြည့်ချိန်မှာ လက်ကလှုပ်ရှုား၍ရသော်လည်း ဇွန်းကိုခက်ခက်ခဲခဲ ကိုင်ရခြင်း၊ စာရေးမရခြင်း များရှိပါသည်။ ခြေထောက်ကလည်း လှုပ်ရှား၍ရပေမဲ့ ထော့နဲ့ထော့နဲ့ လမ်းလျှောက်ရပါသည်။ မနက်တိုင်း ပန်းခြံမှာ ၁ နာရီ လမ်းလျှောက်ပြီး နေ့စဉ် ၂ ကြိမ် Exercises လုပ်ပါသည်။ အခုရေးတဲ့စာကိုတော့ ဘယ်လက် တစ်ဖက်တည်းဖြင့် ရိုက်ပါသည်။ ဆေးကတော့ အင်္ဂလိပ်ရော မြန်မာရော သုံးခဲ့ပါသည်။ ကျွန်တော် သိလိုသည်မှာ ခြေတွေ လက်တွေ Normal ပြန်ဖြစ်နိုင်ပါသလားဆိုတာနဲ့ Normal မရလည်း စာရေးလို့ ရ၊ မရ သိလိုပါသည်။

လေဖြတ်တယ်ဆိုတာ အာရုံကြောထိခိုက်သွားလို့ဖြစ်တယ်။ အာရုံကြောဆိုတာ ဘယ်နည်းနဲ့ထိခိုက်တာဖြစ်ဖြစ် အရင်အတိုင်း ပြန်မဖြစ်ပါ။ ပျက်စီးတဲ့အဆင့်ရောက်သွားတာတွေက အရင်အတိုင်းပြန်မဖြစ်ပါ။ ယာယီသဘော ဒဏ်ရတာမျိုးက သက်သာလာနိုင်တယ်။ အာရုံကြောကနေ လုပ်ပေးတဲ့ လုပ်နိုင်စွမ်းတွေထဲက တချို့က ရင်းစားပြန်ရနိုင်တာတွေရှိပါတယ်။ ဥပမာ သတိမကောင်းခဲ့တာ တိုးတက်လာမယ်။ မလှုတ်နိုင်တာ တစိတ်တပိုင်းလှုတ်နိုင်လာမယ်။ စကား ပြန်ပြောနိုင်လာမယ်။
အထဲမှာ ဖြစ်သွားခဲ့တာ အပေါ်မူတည်ပြီး ပြန်ကောင်းလာတာနဲ့ သက်သာလာတာတွေရှိမယ်။ တယောက်နဲ့ တယောက်၊ အခြေအနေတခုနဲ့တခု မတူပါ။ ဖြစ်စခဲ့တဲ့ အကြောင်းတရား (ရောဂါ) ကို သိပြီမို့ ဆက်မတိုးအောင်လုပ်ရမယ်။ အခုလို (ရေးပြသလို) လုပ်နေတာတွေက ကောင်းပါတယ်။ သမားတော်ညွှန်တာ လုပ်ပါ။ လူမှုဘဝရောဂါဖြစ်လာပြီ။ အရင်လိုနေလို့တော့ မရပါ။ အခြေအနေသစ်မှာ အကောင်းဆုံး နေပါ၊ လုပ်ပါ၊ မျှော်လင့်ချက်ထားပါ။ စိတ်ဆောင်ပါ။ ကံတရားကိုလဲ အားကိုးပါ။

Sat, Jun 9, 2012 at 7:16 AM
ဆေးပုလင်း အဖုံးဖွင့်ပြီးရင် ဘယ်လောက် ကြာကြာပဲ သုံးလို့ရလဲဆရာ။

ဘာဆေးလဲ။ သောက်ဆေး၊ စားဆေး၊ ထိုးဆေး၊ ဆေးနာမည် သိဘို့လိုသေးတယ်။
• ဆေးပုလင်းကို ဖွင့်လိုက်တဲ့နောက် ဘယ်လောက်အထိ သုံးနိုင်သလဲဆိုတာ ပြဋ္ဌာန်းချက် မရှိပါ။ ယေဘုယျသဘော စဉ်းစားနိုင်တာတွေ ရှိတယ်။
• အခြေခံကတော့ ဆေးရက်လွန်နေ့စွဲဖြစ်တယ်။ ရေးထားတာ ရှိပါတယ်။ (Drug Expiration Dates ဆေးတွေ ရက်လွန်နေရင် http://dts-medicaleducation.blogspot.com/2011/11/drug-expiration-dates.html)
• နောက်ပြီး Storage ဆေးကို ဘယ်လို သိုလှောင်ထားရမလဲ ဆိုတာလဲ ရှိတယ်။ ဥပမာ ဆေးတိုင်းကို အေးပြီး ခြောက်သွေ့တဲ့ နေရာမှာ ထားသင့်တယ်။ ထိုးဆေးတွေကို Cold storage အအေးခန်းမှာ ထားရတာများတယ်။ ဆေးတိုင်းတော့ မဟုတ်ပါ။ အအေးခန်းက Freezer အခဲခန်း မဟုတ်ပါ။ Vaccines ကာကွယ်ဆေးတွေကို ဆေး စထုတ်တဲ့ စက်ရုံကနေ လူနာ့ လက်မောင်း-ပါးစပ်ထဲ ရောက်တဲ့အထိ Cold chain အအေးဖြစ်စဉ် အပြတ်ခံလို့ မရဘူး။
• နောက်တချက်က ကလေးတွေအတွက် Powder ဆေးမှုံ့တွေကို တိုက်ကာနီးမှ ရေကျက်အေးနဲ့ ဖျော်ရတာ ရှိတယ်။ အဲလိုဟာကြတော့ ဖျော်ထားပြီးနောက် ဆေးတပါတ်လည် တိုက်ပြီးတာနဲ့ နောက်တခါ ပြန်မသုံးသင့်ဘူး။ ဆေးကလည်း ၂-၃-၄ ရက်စာထက် မများဘူး။ ရေနဲ့ဖျော်ပြီး ၁ဝ ရက်ထက်ပိုမခံပါ။
• နောက်တချက်က ဆေးပုလင်းရဲ့ Color အရောင်ကို သတိထားပါ။ အရောင်ရင့် (အညို၊ အပြာရင့်) တွေဟာ တမင် လုပ်ထားရတာ ဖြစ်တယ်။ အထဲကဆေးက နေရောင် အထိမခံလို့ လုပ်ရတာ။
• နောက်ပြီး အငွေ့ပျံနိုင်တဲ့ဆေးကိုတော့ ရက်စွဲကောင်းပေမဲ့ ဖွင့်မထားသင့်ဘူး ဥပမာ Spirit အရက်ပျံ၊ Ether မေ့ဆေး။ သတ္တိ နည်းသွာတာတော့ မဟုတ်ဘူး ဆေးကုန်ခန်းသွားမယ်။
• Injection ampoules and vials ထိုးဆေးပုလင်းတွေကိုတော့ ဖွင့်တာနဲ့ ချက်ချင်းသုံးရမယ်။
• Creams လိမ်းဆေးတွေ၊ Ointments ညှစ်ဗူးတွေကို သုံးပြီး ပြန်မပိတ်ဘဲ ဖွင့်ထားရင် အညစ်အကြေး ဝင်မယ်။ ထွက်ကျကုန်မယ်။ Liquids, Syrups, Suspension ဆေးအရည်တွေလဲ အတူဘဲ။
• Tablets, Capsules ဆေးပြား၊ ဆေးတောင့်တွေကို ပုလင်းထဲမှာ အထုပ်သေးသေးလေးတခုပါ ထည့်ပေးထားတာဆိုရင် ရေငွေ့ဓါတ်ကို စုပ်ယူအောင် လုပ်ပေးထားတာလို့ သိပါ။
• Sugar coated အပေါ်က သကြားအုပ်ထားတဲ့ ဆေးမျိုးဟာ အတိုင်းတိုင်း သောက်ရင် ခါးမှာစိုးလို့ ဖြစ်တယ်။ သကြားဓါတ်က ရေငွေ့၊ အစိုဓါတ်နဲ့တွေ့ရင် အစိုပြန်မယ်။
• ဆေးဆိုင်ကနေ တခါတည်းဖျော်ပြီးသားဆေးရည် (ဥပမာ ပါရာစီတမော) ဆိုရင် အမှုံကို အိမ်ရောက်မှ၊ တိုက်ကာနီးမှ ရေနဲ့ဖျော်ရတဲ့ဆေးမျိုးနဲ့ မတူပါ။ အစကတည်းက ဖျော်ထားပြီးသား ဆေးရည်ကို ကြာကြာ ထားနိုင်ပါတယ်။ ဆေးရက်လွန်နေ့စွဲသာ ဂရုစိုက်ဘို့လိုမယ်။

Fri, Jun 8, 2012 at 10:05 AM
မှင်ရောဂါအကြောင်း သိချင်ပါတယ်။ ရောဂါပျောက်အောင် ဘယ်လိုကုသရပါမလဲ၊ ပြည့်စုံအောင်ရှင်းပြပေးပါ။

ဘယ်ရောဂါကို မြန်မာလို အဲလိုခေါ်တဲ့ မသိပါ။ ဖြစ်တဲ့ ရောဂါလက္ခဏာတွေ ပြောပြရင် မှန်းနိုင်မလားဘဲ။ အခေါ်အဝေါ်တွေက တရပ် တမျိုးခေါ်ကြတာလဲ ရှိတယ်မဟုတ်လား။ မှားပြောရင် မကောင်းဘူး။ Google မှာလဲ ရှာမရဘူး။ စွယ်စုံကျမ်းမှာလဲ မပါဘူး။ မြန်မာအဘိဓာန်မှာလဲ ရောဂါရယ်လို့ မပါဘူး။

Mon, Jun 11, 2012 at 3:20 PM
ကျွန်မသားလေး အသက်က ၆ လပါ။ ကလေးကသူရဲ့ ဘယ်ဘက်နားတဘက်ကို တအားပွတ်နေလို့ပါ။ ကလေးဆရာဝန်နဲ့လည်း ပြကြည့်ပါသေးတယ်။ ဆရာဝန်က နားထဲကိုကြည့်တာ ဘာမှဖြစ်တာမတွေ့ဘူးလို့ပြောပါတယ်။ ကလေးအခြေအနေ စောင့်ကြည့်ဖို့ ပြောပါတယ်။ နားထဲက ဘာတွေထွက်သလဲဆိုတာကို ကြည့်ဖို့ပြောပါတယ်။ ကျွန်မကြည်တာတော့ ကလေးနားထဲမှာ နှားဖာချေးတော့ နည်းနည်းရှိပါတယ်။ ကလေးက ဖျားတာနာတာတော့မရှိပါဘူး။ ဒါပေမဲ့ ကလေးကနားကို ပွတ်တုန်းပါပဲဆရာ။ ဒီလိုဖြစ်နေတာ ၁ လကျော်လောက်ရှိပါပြီ။ ဘာဖြစ်တာလဲ သိချင်ပါတယ်။ စိုးရိမ်လို့ပါ။ ကလေးအတွက် ဘာလုပ်ပေးရမလဲ သိချင်ပါတယ်။ ရောဂါလက္ခဏာတခုခုလားဆိုတာ သိချင်ပါတယ်။

ဆရာဝန်ကကြည့်ထားတာမို့ မစိုးရိမ်ပါနဲ့။ ဒီအရွယ်မှာ နာရောဂါရယ်လို့ ဆိုးတာမဖြစ်ပါ။ ရေချိုးလို့ ရေဝင်ရာကသာ ဖြစ်ချင်ဖြစ်မယ်။ ဒါလဲ နားထည့်ဆေး၊ ပိုးသေဆေး မလိုတတ်ပါ။ နာမယ်ထင်ရင် (ပါရာစီတမော) ဆေးရည်ကို ကလေး ကိုယ်ပလေးချိန်နဲ့ ချိန်ပြီး တိုက်ယုံးသာ လိုတတ်တယ်။ ကလေး အသက် ၅-၆ လမှာ ဖြစ်တဲ့နေရာ၊ ဦးတည်ချင်တဲ့ နေရာကို ကောင်းကောင်း မညွှန်တတ်သေးပါ။

Thu, Jun 7, 2012 at 3:29 PM
ကျွန်တော့် အမျိုးသမီးက လွန်ခဲ့တဲ့ ၆ ပတ်က C-Section နဲ့ မီးဖွားပါတယ်။ မီးဖွားပြီးစက သွေးပေါင်ချိန် ၁၇ဝ-၁ဝဝ လောက်ထိ ရက်အနည်းငယ် သွေးပေါင်တက်တာကလွဲလို့ တခြား ဘာမှတော့မဖြစ်ပါဘူး။ ခုတော့ သွေးပေါင်လဲ မတက်တော့ပါဘူး။ နောက် သူ့ ပေါင်ရင်း ဒူးခေါင်း ပုခုံး လက်ကောက်ဝတ်အစရှိတဲ့ joint တွေ အတော်နာတယ်လို့ ပြောပါတယ်။ လက်ချောင်းလက်ဆစ်လေးတွေပါ နာပါတယ်။ ခုက ဒီအဆစ်တွေကိုက်တဲ့ ဝေဒနာပဲ ကျန်ပါတယ်။ အဲဝေဒနာကြောင့် ကြာကြာထိုင်နို့မတိုက်နိုင်ပါဘူး။ ကလေးလဲကောင်းကောင်းမချီနိုင်ပါဘူး။ နာရင် သောက်ဘို့ပေးတဲ့ paracetamol တွေသောက်ပေမဲ့ မသက်သာပါဘူး။ Bruston ဆိုတဲ့ ဆေးလဲသောက်ကြည့်ပါတယ်။ အဲဒါသောက်ရင်တော့ နောက်နေ့ မနက် နိုးလာရင်အနာ နဲနဲသက်သာတယ်ပြောပါတယ်။ ခုတော့ ၆ ပတ်ကျော်တဲ့အထိ မသက်သာပဲ အမြဲနာနေတာမို့ တိုင်ပင်တာပါ။ ဆရာဝန်ကတော့ ချုပ်ရိုးအစရှိတာတွေ တလအကြာမှာ ပြန်စစ်ပြီး နောက် တလခွာ ချိန်းလိုက်ပါတယ် pep-smear test တွေဘာတွေ စစ်မယ်ပြောပါတယ်ခင်ဗျ အဲဒါ ဆရာ့အနေနဲ့ ဘာကြောင့် ဖြစ်ရတယ်ထင်ပါသလဲ။ မီးဖွားပြီးစ အနေအထိုင် မှားတာများလား ဘာဆေးသောက်ရမလဲ။

အဆစ်နာရောဂါ စာတွေ ပို့လိုက်ပါတယ်။ ဆေးနည်းတွေပါတယ်။ ဒါပေမဲ့ ဖြစ်နေသူ တယောက်ချင်းအလိုက် ဆေးရွေးပေးရတယ်။ သွေးတိုးရှိသူ-မရှိသူ။ ကိုယ်ဝန်-ကလေးနို့တိုက်၊ အခံရောဂါ စတာတွေကြည့်ရသေးတယ်။ ဖြစ်တဲ့သူ ဘယ်မှာနေလဲ မသိပါ။ ဆိုလိုတာက ဆရာဝန်နဲ့ လက်လှမ်းဘယ်လောက်မီသလဲ မသေခြာလို့ ပြောတာပါ။ လက်လှမ်းမီရင် OG ဆက်ပြသင့်တယ်။ သူကနေ သမားတော်ကိုညွှန်နိုင်တယ်။ အဲလို လက်လှမ်းမမီသူတွေကိုသာ အဖြစ်နိုင်ဆုံးဆေးနည်း အဝေးကနေပြောရတာကောင်းတယ်။
• Arthritis အဆစ်နာ
• ASO ဆိုတာ
• Rheumatism လေးဘက်နာ (၁)
• Rheumatoid arthritis လေးဘက်နာ (၂)

Tue, Jun 12, 2012 at 7:44 AM
အမျိုးသမီး နှုတ်ခမ်းသားပေါ်မှာ နည်းနည်းလေးဖုတက်လာပြီး အဲဒီ့အဖုပေါ်မှာ ပြည်လိုလို အ၀ိုင်းသေးသေးလေးက ပေါက်နေလို့ပါ။ အစပိုင်းက နည်းနည်းလေးဖုလာပြီး ၄-၅ ရက်မှ ပြည်အ၀ိုင်းလေး ပေါက်လာတာပါ။ ပူလောင်ခြင်း ယားယံခြင်းတော့ မရှိဘူးပါ။ အခု ပေါက်သွားပါပြီ။ မနက်ဆိုရင် အဲဒီ့က အနာဖေး အဖြူလေးကွာသွားပြီ။ အနာသေးသေး လေးလို ဖြစ်နေပါတယ်။ အရင်က အပူကန်ပြီး ရေယုန် (ရိုးရိုး) ပေါက်ရင် အဲဒီ့ အဖုလေးတွေက အပေါ်ကို စူတက်လာပြီး ပူတယ်။ ဒါပြီး အရည်ကြည်လေးတွေ ထွက်ပြီး နောက်ပိုင်းကျတော့ ပျောက်သွားတယ်။ အခုကျတော့ ပြည်လိုလို (အဖြူရောင်) အ၀ိုင်းလေးတွေက စူတက်မလာပါ။ ဒါပြီး အရည်ကြည်ပဲ ထွက်ပါတယ်။ အမျိုးသမီးက ၂၈ နှစ်ပါ။ ကိုယ်ဝန်မရှိပါ။ ဒီပိုတားဆေး ထိုးတာပါ (ပထမအကြိမ်) ၂ လ ရှိပါပြီ။ တခြား ခံစားရတဲ့ဝေဒနာတွေ မရှိပါ။

နှုတ်ခမ်းဆိုတာ ပါးစပ်နှုတ်ခမ်းပြောတာထင်ပါတယ်။ တခြားနေရာမှာလဲ နှုတ်ခမ်းသားလို့ပြောတာရှိသေးတယ်။ ပါးစပ်နှုတ်ခမ်းအနားမှာဖြစ်တာ ရေယုံဖြစ်ဘို့များတယ်။ ရေယုံက ဗိုင်းရပ်စ်ကနေဖြစ်တယ်။ အရည်ကြည်အဖုလေးတွေ ပေါက်ပြီး နာတယ်။ သူ့ဖါသူပျောက်တယ်။ ဗက်တီးရီးယားဝင်ရင် ပြည်တည်နိုင်တယ်။ နောက်တမျိုးက ကျီးကန်း-ပါးစပ်နာလဲ ရှိသေးတယ်။ ဗီတာမင် ဘီ (၂) နည်းလို့ဖြစ်တယ်။ ကွာကျသွားပြီဆိုရင် ပျောက်တာဖြစ်မယ်။

Wed, Jun 13, 2012 at 9:42 AM
ကျနော့် သမီး ၇ လ ၁၅ ရက်ကလေးက အပူအရမ်းကြီး (၃၉.၄ စင်တီဂရိတ်) တာကြောင့် ဆေးရုံတင်လိုက်ရပါတယ်။ ဆီးစစ်၊ သွေးစစ်၊ ဓာတ်မှန်ရိုက်တာ အားလုံး clear ဖြစ်နေလို့ ဆီးလမ်းကြောင်းမှာ ပြဿနာ ရှိနေနိုင်တာကြောင့် အာလ်ထရာဆောင်း ရိုက်ကြည့်ရာကနေ ဘယ်ဘက်ကျောက်ကပ်မှာ ဆီးလမ်းကြောင်း နှစ်ခု ဖြစ်နေတာကို သိရပါတယ်။ ဆရာဝန်တွေပြောတာကတော့ လောလောဆယ် အသက်အန္တရာယ်မရှိပါ။ မွေးကတည်းက ဖြစ်တတ်တဲ့၊ ဖြစ်ခဲတဲ့ ကျန်းမာရေး ပြဿနာတခု ဖြစ်ပါတယ်။ ဒီအတိုင်းနေသွားလို့လည်း လူ့သက်တမ်းစေ့ နေသွားရတဲ့ သူမျိုးလည်း ရှိတယ်ဆိုတာနဲ့ ခွဲစိတ်ကုသဖို့ လိုအပ်/မလိုအပ်ခြင်းကို ကျောက်ကပ်ဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှ အဖြေပေးမယ်လို့ ပြောပါတယ်။ ကျနော်သိချင်တာကတော့ -
၁။ ခွဲစိတ်ကုသခြင်းမလုပ်ပါက အသက်အန္တရာယ် စိုးရိမ်ရမှုရှိခြင်း/မရှိခြင်း။
၂။ ခွဲစိတ်ကုသလိုက်ခြင်းဖြင့် အနာဂတ်တွင် ကျန်းမာရေး ပုံမှန်ဖြစ်နိုင်/မဖြစ်နိုင်။
၃။ ကျောက်ကပ်တွင် ဆီးလမ်းကြောင်းနှစ်ခုရှိခြင်းအားဖြင့် မကြာခဏ ဖျားခြင်းနှင့် အပူကြီးခြင်း ဆက်စပ်ပတ်သက်မှု ရှိ/မရှိ။

Duplicate ureters မွေးရာပါ ဆီးပြွန်နှစ်ခုပါခြင်းဟာ ထင်တာထက် အဖြစ်များတယ်။ တကမ္ဘာလုံးမှာ လူဦးရေရဲ့ ၁% အထိရှိနိုင်တယ်။ တခြား တွက်ဆမှုတခုအရ လူ ၁၅ဝ မှာ တယောက် ရှိနိုင်တယ်။

ဆီးပြွန်ဆိုတာ ဒီနေရာမှာ ကျောက်ကပ်ကနေ ဆီးအိမ်ဆီကို သွားတာဖြစ်တယ်။ ကျောက်ကပ်က ဘယ်-ညာ နှစ်ခုမို့ ဆီးပြွန်ကလဲ နှစ်ခုရှိရတယ်။ အခုအခြေအနေက အပိုဖြစ်နေတာ။ ဆီးအိမ်ဆိုတာ ပုံမှန်တခုတည်းရှိတယ်။

တယောက်နဲ့ တယောက် ပုံစံမတူကြဘူး။ ဖြစ်နေတာအပေါ် မူတည်ပြီး ဆီးတွေ ပိုများများဆင်းတာနဲ့ တကယ်လို့ ဆီးအိမ်ထဲဝင်တဲ့နေရာမှာ သွားဆုံနေရင် ဆီးလမ်းဆို့တာ ဖြစ်နိုင်တယ်။ ဖြစ်နေတဲ့ကျောက်ကပ်မှာလဲ Duplicated pelvicaliceal system ဆီးပြွန် ထွက်လာစေမဲ့ နေရာ ၂ ခုဖြစ်နေမယ်။ Two separate kidneys ကျောက်ကပ်အပိုလဲ ဖြစ်နေနိုင်သေးတယ်။

Double ureter ရှိနေပမဲ့ Asymptomatic ဘာမှမခံစားရတာလဲ ရှိတယ်။ မိန်းကလေးတွေဆိုရင် Ectopic ureter နေရာလွဲ ဆီးပြွန်ကြောင့် Continuous dribbling ဆီးအိမ်ထဲကို ဆီးကအမြဲတန်း ကျနေတတ်တယ်။ ယောက်ျားလေးတွေကြ ဆီးအထိန်းနေရာ External sphincter အထက်မှာနေလို့ အဲလိုမဖြစ်ဘူး။

ပြဿနာရှိနိုင်တာက ခဏခဏဆီးလမ်းပိုးဝင်တာ ဖြစ်တယ်။ ဆီးအောင့်တာကို ပြောတာပါ။ ဒီလိုဖြစ်လာသူတွေကိုတော့ ခွဲစိတ်ထုတ်ပြစ်သင့်တယ်။ ချည်ယုံချည်ပေးတာလဲ လုပ်တယ်။