Sunday, August 26, 2012

Q and A August 2012 (4)

1. Glyen tablet and glipizide 5g ဆေးက သုံးဖို့သင့် မသင့်
2. အူမကြီး ကင်ဆာ ဖြစ်နေတယ်လို့ ပြောပါတယ်။
3. အနီးကပ် မပြုစုပေးနိုင်ဘူး ဖြစ်နေပါတယ်။
4. ကင်းမွန် စားပြီး တကိုယ်လုံး ယားလာတယ်လို့ ဆိုပါတယ်။
5. မနက်တိုင်း ပါးစပ်ထဲမှာ ချဉ်နေတတ်ပါတယ်။
6. ဆရာဝန်က TB ဆေးတိုက်လိုက်ဖို့ ပြောလာပါတယ်။
7. လျှာကိုကြည့်ပြီး ဘယ်လိုအနေအထားက ကိုယ့်မှာ ဘယ်လိုကျန်းမာရေးညံ့နေသလဲဆိုတာ
8. ဆရာ၊ ဆရာမများခင်များ
9. လိပ်ခေါင်းဖြစ်နေမလားလို့ပါ။

Sat, Aug 25, 2012 at 6:19 PM
ကျနော့် အစာအိမ်ရောဂါနဲ့ ပတ်သက်ပြီး မေးခွန်းမေးခဲ့ဖူးပါတယ်။ မြန်မာပြည်ပြန်ကုပြီး ၅ လလောက် ကောင်းကောင်း အနားယူလိုက်တော့ တော်တော်လေး သက်သာသွားပါတယ်။ အခု (့) ကိုပြန်လာတာ ၄ လလောက်ပဲ ရှိသေးတယ်။ အလုပ်စလုပ်တာတော့ ၂ လလောက်ပဲရှိပါသေးတယ်။ အခုဗိုက်ထဲက ထမင်းစားပြီးရင် တင်းပြီးအောင့် အောင့်လာတယ်။ အမြဲတမ်းလိုလိုဖြစ်နေတယ်။ နောက်ပြီးတခါတလေ လေထိုးပြီးတော့အောင့်ပါတယ်။ ဘာဆေးသုံးသင့်ပါသလဲခင်ဗျာ။ Glyen tablet and glipizide 5g ဆေးက သုံးဖို့သင့် မသင့် ဖြေကြားပေးစေလိုပါတယ်။

Glyen tablet ဆိုတာ မသိပါ။ အထဲမျာပါတဲ့ဆေးကို ရေးပြမှ သိမယ်။
Glipizide ဆေးက သိသလောက်တော့ ဆီးချိုဆေးဖြစ်တယ်။

Sat, Aug 25, 2012 at 6:47 PM
ကျွန်တော့် သူဌေးမရဲ့အစ်ကိုက အူမကြီး ကင်ဆာ ဖြစ်နေတယ်လို့ ပြောပါတယ်။ (့) ဆေးရုံမှာလဲ ပြပါတယ်။ ငွေကြေးကုန်ကျမှု အရမ်းများနေလို့ ငွေကုန်စိတ်ပန်း ဖြစ်နေပါတယ်။ ဆောင်ရန်/ရှောင်ရန်နှင့် ဗဟုသုတများ လိုချင်ပါတယ်။

• Colorectal cancer အူမကြီး ကင်ဆာ http://dts-medicaleducation.blogspot.in/2012/06/colorectal-cancer.html

၂၅-၈-၂ဝ၁၂
ညက ဖေဖေ ဝမ်းပျက်ပြီး ဆေးသွင်းနေရင်းနဲ့ ကြွက်တက်သလို ခဏခဏ ဖြစ်ပါတယ်။ တစ်ကိုယ်လုံးအေးစက်လာပြီး အသားတွေ ပြာနှမ်းသလိုဖြစ်ကာ သတိလစ်တဲ့အထိဖြစ်သွာတယ်လို့ မေမေက ပြောပါတယ်။ မနက် ၅ နာရီ ဝန်းကျင်လောက်မှာ မန္တလေး သစ္စာဆေးရုံကို သွားရောက်ပြီး ဆေးကုသမှု ခံယူနေရပါတယ်။ အခုတော့ အခြေအနေ ပြန်လည်ကောင်းမွန်လာပြီလို့ ညီမလေးကပြောပါတယ်။ ကျွန်တော်က အဝေးမှာရာက်နေတဲ့အတွက် ဖေ့ဖေ့ ကျန်းမာရေး အခြေအနေကို အနီးကပ် မပြုစုပေးနိုင်ဘူး ဖြစ်နေပါတယ်။ ဒါကြောင့် အခုဖေဖေ အမြန် ကျန်းမာလာဖို့ ဆုတောင်းပေရင်းနဲ့ ဖေဖေ့ FB မိတ်ဆွေများကို အသိပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။

(ဆောရီး)။ သိပ်မပူပါနဲ့။ ဆေးရုံရောက်ပြီး သွေးပြန်ကြောထဲ ဆေးသွင်းရင် ကောင်းပါမယ်။ ပါးစပ်ကလဲ မအန်ရင် ဓါတ်ဆားရည် သောက်နိုင်သလောက် သောက်ရတယ်။ ကြွက်တက်တာက ဝမ်းသွားလို့၊ အန်လို့ ဓါတ်ဆားတွေ နည်းရာက ဖြစ်တယ်။ အဝေးကနေလဲ စိတ်ထက်ထက်သန်သန်နဲ့ ဆုတောင်းမေတ္တာပို့တာဟာ ထိရောက်ပါတယ်။ သစ္စာစကားခေါ်တဲ့ အမှန်ဖေါ်ပြချက်တခုကို ရွတ်ဆိုရင်း ဆုတောင်းကြလေ့ရှိတယ်။ သေမလိုဖြစ်တဲ့ မိဘတွေတောင်မှ သားရွှေအိုးထမ်းလာတာကို မြင်နိုင်တယ်မဟုတ်လား။

Sun, Aug 26, 2012 at 9:38 PM
ကျွန်တော့် သူငယ်ချင်းတစ်ယောက် မနှစ်တုန်းက နှစ်သစ်ကူးကာလမှာ ပျော်ပွဲရွှင်ပွဲမှာ ကင်းမွန် စားပြီး တကိုယ်လုံး ယားလာတယ်လို့ ဆိုပါတယ်။ အရက် ဘီယာ သောက်ရင်ဘာမှတော့ မဖြစ်ဘူးတဲ့။ ကင်းမွန် စားပြီဆိုရင် တကိုယ်လုံး အနီကွက်တွေထွက်ပြီး ယားတယ်လို့ ဆိုပါတယ်။ အနီကွက်တွေက သိပ်ပြီးမကြီးပါဘူး။ မည်သည့် ဆေးစားသင့်သည်ကို စာပြန်ပို့စေချင်ပါသည်။

Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း

Mon, Aug 27, 2012 at 1:36 PM
ကျွန်တော် မနက်တိုင်း ပါးစပ်ထဲမှာ ချဉ်နေတတ်ပါတယ်။ ညတရေးနိုးတဲ့အချိန်မှာလည်း ချဉ်နေတတ်လို့ ရေသောက်ပေးပါတယ်။ သွားတွေပျက်စီးတာ အက်ဆစ်ကြောင့်လို့သိထားတော့ အက်ဆစ်ပျော့သွားအောင် ပါးလုပ်ကျင်းပြီးမှ ပြန်အိပ်ပါတယ်။ မနက်ကျလို့ သွားတိုက်တော့ လျှာပေါ် အာခေါင်ရင်းမှာ အဝါရောင် Cream လိုမျိုးဖုံးနေတတ်ပါတယ်။ အဲဒါကိုလည်း လက်သည်းနဲ့ပဲ ဖယ်ပစ်ပါတယ်။ အဲဒီလိုဖြစ်နေတာ လွန်ခဲ့တဲ့ တစ်နှစ်ကတည်းကပါ။ အလုပ်ကိစ္စနဲ့ နယ်ကိုသွားရတော့ ခေါင်းအုံးပါမသွားလို့ ပါလာတဲ့ အဝတ်အစားတွေကိုပဲ ခုအိပ်မိတဲ့ အချိန်ကစပါတယ်။ ဆေးတော့ သိပ်မသောက်ဖြစ်ပါဘူး။ အစာအိမ်ထင်လို့ ဒိုင်ဂျင်း သောက်ပါသေးတယ် သိပ်မထူးပါဘူးဆရာ။ ညတစ်ရေးနိုးတိုင်း၊ မနက်အိပ်ယာထတိုင်း အဲဒီလိုဖြစ်နေတော့ စိတ်ညစ်မိပါတယ်။ ဘယ်လိုလုပ်ရမလဲ လမ်းညွှန်ပေးပါဦး။

- Gastroesophageal reflux disease (GERD) အချဉ်ရည် အထက်ဆန်ခြင်း
- Gastric Juice အစာခြေအရည်

Mon, Aug 27, 2012 at 3:18 PM
ကျွန်မ သမီးလေး အသက် (၃) နှစ်ရှိပါပြီ။ ကာကွယ်ဆေး အပြည့်အစုံ ထိုးခဲ့ပါတယ်။ ငယ်ငယ်ကတည်း ကျန်းမာ ထွားကျိုင်းတဲ့ကလေးပါ။ မူကြိုစတက်ကတည်းက နေမကောင်းတာ ခဏခဏပါပဲ။ စဖြစ်တာက ဝမ်းကိုက်ပြီး ဖျားတာပါ။ ဝမ်းစစ်ခိုင်းတော့ ဝမ်းထဲမှာပိုးရှိလို့ ပိုးသတ်ဆေးတွေနဲ့ကုပြီး ပြန်ကောင်းသွားပါတယ်။ တစ်ပါတ်ကျော်ကျော်လောက်မှာ ထပ်ဖျားပါတယ်။ အဲဒီ့ဆေးစစ်ချက်တွေကိုင်ပြီး ကလေးအထူးကု နောက်တစ်ယောက်နဲ့ ပြဖြစ်ပါတယ်။ သွေးစစ်၊ ဆီးစစ် ခိုင်းပြီး ဓါတ်မှန်လဲရိုက်ခိုင်းပါတယ်။ TB ရှိမရှိုစစ်တာပါ။ သွေးအဖြေက TB ပိုးက 15 လို့ပြောပါတယ်။ ဆေးသောက်ရမယ့် အနေအထားက 30 ဝန်းကျင် ဖြစ်တဲ့အတွက်အခုက TB ဆေးသောက်စရာ မလိုသေးပါဘူးလို့ ပြောပါတယ်။ အဆုတ်ကတော့ နည်းနည်း ပွနေတယ်ပြောပြီး ဆေးပေးပါတယ်။ သမီးလေးရဲ့ အဆုတ်က ငယ်ငယ်လေးကတည်းက ဆရာဝန်ပြတိုင်း အဆုတ်အအေးပါတ်တယ်၊ အဆုတ်နည်းနည်းပွတယ်လို့ အပြောခံရပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း တိတိကျကျ လိုက်နာပြီး ဆေးလဲပုံမှန်တိုက်တော့ ကောင်းသွားပါတယ်။ တစ်ပါတ်လောက် နေတော့နေမကောင်း ထပ်ဖြစ်ပါတယ်။ အခုတစ်ကြိမ်ကတော့ ချောင်းဆိုး ရင်ကျပ်တာပါ။ ရင်ကျပ်တာမှ မအိပ်နိုင်မစားနိုင် ကျပ်တာပါ။ အခုတစ်ကြိမ်မှာ ဆရာဝန်က TB ဆေးတိုက်လိုက်ဖို့ ပြောလာပါတယ်။ ကလေး TB အကြောင်းကို အင်တာနက်မှာ ရှာဖတ်တော့ ကလေးမှာဖြစ်နေရဲ့သားနဲ့ မတိုက်ရင် ဘယ်လိုဖြစ်သွားနိုင်တယ်။ အသက်အန္တရာယ်ထိ ကြုံနိုင်တယ်ဆိုတာ သိရလို့ တိုက်လိုက်ဖို့ စိတ်ကူးမိပါတယ်။ မတိုက်သင့်ဘဲသွားတိုက်မိရင် ဘယ်လိုတွေ ဖြစ်လာနိုင်လဲ။ TB ဆေးတိုက်သင့်ရဲ့လား။ ဆရာဝန်က TB ရှိမရှိ ပိုသေချာချင်ရင် စစ်တဲ့နည်း နှစ်မျိုးရှိကြောင်း၊ တစ်ခုက TB ပိုးထိုးသွင်းပြီး Antibody စစ်တာ။ နောက်တစ်ခုက ရိုးတွင်းချင်ဆီ ထုတ်ပြီး စစ်တာလို့ ပြောပါတယ်။ အဲဒီ့လိုစစ်ဖို့ ဆရာဝန်က အားမပေးပါဘူး။ ကျွန်မတို့လဲ အဲလိုကြီး မစစ်ချင်ပါဘူး။ အစိုးရိမ်လွန်ပြီး TB ဆေး မတိုက်သင့်ဘဲ တိုက်လိုက်မိလို့ ကလေးခံရမှာ အရမ်းစိုးပါတယ်။ ဆေးပြင်းလို့ ကလေး အကြောက်ကြီးပြီး အားငယ်သွားမှာ၊ ကလေး ဥာဏ်မကောင်းတော့မှာလဲ ကြောက်ပါတယ်။

နေတဲ့နိုင်ငံ မသိပါ။ Blood test အမည်မသိပါ။
သိချင်တာက တီဘီ စစ်ဆေးနည်းကို မှန်းချင်လို့ဖြစ်ပါတယ်။ Blood tests for TB ကို သုံးကြတာ မတူဘူး။ တချို့နေရာတွေမှာ ဆန်းတာ၊ ဈေးကြီးတာတွေ မလုပ်ပါ။ USA မှာ FDA ကခွင့်ပြုထားတာတောင်မှ WHO က သတိပေးထားတာရှိတယ်။ (WHO warns against the use of inaccurate blood tests for active tuberculosis)
ကလေးအထူးကုဆရာဝန်ကနေ ညွှန်ရင် လုပ်သင့်ပါတယ်။ ကလေးကို စမ်းသပ် စစ်ဆေးတာ မလုပ်ရတဲ့ ဆရာဝန် တယောက်ဆီကနေယူတဲ့ ဒုတိယအကြံက ပိုကောင်းမှာမဟုတ်ပါ။

29-8-2012 Facebook chat
ငယ်ငယ်ကတည်းက ဆေးခန်းသွားပြရင် ဆရာဝန်တွေက လျှာထုတ်ခိုင်းပါတယ်။ လျှာကိုကြည့်ပြီး ဘယ်လိုအနေအထားက ကိုယ့်မှာ ဘယ်လိုကျန်းမာရေးညံ့နေသလဲဆိုတာ ကျွန်မတို့လို လူပိန်းတွေရော နားလည်နိုင်ပါသလားရှင့်။

လျှာကို အထုတ်ခိုင်းတာမှာ (၁) ယေဘုယျ လျှာရဲ့ အရောင်က ဖြူဖတ်ဖြူရော်ဖြစ်နေရင် သွေးအားနည်းနေမယ်။ (၂) လျှာပေါ်မှာ အဖြူဖတ်တွေ ရှိနေရင် မှက္ခရု (မှို) ရောဂါရှိနေသလား။ ဒါကတော့ နို့စို့ကလေးငယ်တွေမှာသာ ဖြစ်တယ်။ (၃) တိုက်ဖွိုက် အဖျားရှိနေရင် လျှာဘေးအနားတွေက နီနေပြီး၊ လျှာအလည်မှာ အဖြူဖတ်တွေ တွေ့နိုင်တယ်။ (၄) လျှာကို အပေါ်လိပ်တင်ခိုင်းပြီး အောင်ခြေနေရာကိုကြည့်ရင် ဝါနေတာတွေ့ရင် အသားဝါ (ဂျွန်းဒစ်) ဖြစ်နေနိုင်တယ်။ (၅) လျှာရဲ့ နောက် ဘယ်-ညာမှာရှိတဲ့ အာသီးရောင်နေရင် မြင်ရမယ်။ ရောင်တာသက်သက်က နီရဲပြီး ကြီးနေမယ်။ တဖက်တည်း၊ နှစ်ဖက်လုံးဖြစ်နေ-မနေကြည့်မယ်။ ပြည်တည်နေတာလဲဖြစ်နိုင်တယ်။ အာသီးက အဝင်လမ်း (အသက်ရှူလမ်း + အစာမျိုလမ်း) ကို ဘယ်လောက်အထိ ပိတ်နေသလဲ ကြည့်မယ်။ အရင်က အာသီးရောင်ထားရာကနေ သက်သာနေရင် အရွယ်ကြီးတာ ကျန်နေပြီး ရောင်ရမ်းတဲ့ လက္ခဏာတွေ မရှိတော့တာတွေ့မယ်။ (၆) လျှာနဲ့ လျှာအနီးအနားမှာ မြန်မာလို အပူကန်တာ၊ ဆေးစာလို (Cold sore) အနာ။ (၇) ရှားပါးရောဂါတွေလဲ ရှိပါသေးတယ်။ ဥပမာ မြေပုံလိုဖြစ်နေတာ။ လျှာကွဲနေတာ။ လျှာကင်ဆာ။

Wed, Aug 29, 2012 at 6:13 PM
ဆရာ၊ ဆရာမများခင်များ ကျွန်တော်ကတော့ ၀န်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ အသက်က ၄၄ နှစ်ဖြစ်ပြီ။ အရက် ဆေးလိပ် ကွမ်းယာများကိုလုံးဝ မသောက်ပါပဲနဲ့ ရောဂါထူပြောများပြားလှပါတယ်။ ဒါကြောင့် ဆရာဆရာမများကို အွန်လိုင်းမှတဆင့် ကျေးဇူးပြုပြီး ဘယ်လိုနေထိုင်ပြီး ဘယ်ဆေးစားရမလည်း ဖြေကြားပေးစေလိုပါတယ်။

ကျွန်တော့်ဆီကို အီးမေးလ် ရောက်လာပါတယ်။ ဘယ်သူကိုမေးချင်တာလဲ မသိပါ။ ဒီ အီးမေးလ် ကတော့ ကျွန်တော် ဒေါက်တာတင့်ဆွေ တယောက်တည်း သုံးတာဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော့်ကိုဘဲ မေးချင်တယ်ဆိုရင် အောက်ကအတိုင်း မေးစေလိုပါတယ်။

Fri, Aug 31, 2012 at 9:59 PM
သမီးအသက်က ၂၃ နှစ် ပါ၊ နာမည်က (့)၊ ရန်ကုန်မှာနေပါတယ်။ လိပ်ခေါင်းဖြစ်နေမလားလို့ပါ။ ၃ လပိုင်းလောက်က စဖြစ်တာပါ။ စဖြစ်ကာစက ဝမ်းအရမ်းအရမ်းချူပ်ပြီး ၃ ရက်လောက် ဝမ်းသွားရင် သွေးပါတယ် အဲနောက်ပိုင်းကစပြီး စအိုမှာ အသားစလို အသားပိုလေး စထွက်လာပါတယ်။ စအိုက ထွက်တာပါ။ ဖြစ်ပြီးတဲ့နောက်ပိုင်း ဝမ်းသွားရင်လည်း သူများတွေလို့ သွေးပါတာတို့ နာတာတို့ဘာမှမဖြစ်ပါဖူး ပုံမှန်အတိုင်းပါပဲ။ အရင်ကဆို ၀မ်းခဏခဏ ပျော့လွန်းလို့ အစားမမှားရဲတဲ့သူပါ။ ကြာလိုလားမသိဖူး အခု နည်းနည်းလေး ပိုကြီးလာသလိုပဲ။ ဖြစ်ကာစက အရမ်းလန့်ပြီး မြန်မာဆရာနဲ့ ပြကြည့်တော့ သူက လိပ်ခေါင်းဆိုပြီး ဆေးပေးပါတယ်။ ၂ လလောက်ကြာတယ် ဆေးသောက်တာ စအိုကအသားစလေးက ဒီအတိုင်းပါပဲမပျောက်ဖူး။ အဲမြန်မာဆရာနဲ့လည်း ဆက်မပြဖြစ်တော့ပါဖူး။ ဘာဖြစ်တာလဲ သေချာသိချင်လိုပါ။ ဘာဆေးတွေသောက်ရမလဲဆိုတာလည်း ညွှန်ပေးပါဦးဆရာ။

ဒီရောဂါကို တခြားဆေးကုနည်းတွေ မသုံးစေချင်ပါ။ လိပ်ခေါင်းမှန်ရင် အရေးတကြီးကုစရာမျိုး မဟုတ်တာများတယ်။ သွေးကြောပိတ်တာဖြစ်ရင် ထိုင်လို့မရအောင်နာတာ တခုဘဲ အရေးပေါ်လုပ်ရတယ်။ ဒါဖြစ်လဲ ကုလိုက်ရင် ခဏနဲ့ပျောက်တယ်။
အစားအသောက် အနေအထိုင်ကို မပြတ်ဆင်ခြင်ပါ။ ရေနွေးထိုင်တာ၊ ရေနွေးသုံးတာ အလွန်ကောင်းပါတယ်။ သက်သာလိုက် ပေါ်လိုက်နေမယ်။ အမျိုးသမီးတွေမှာ ကိုယ်ဝန်နဲ့ ကလေးဖွါးရရင် ပိုထွက်လာတယ်။ နောက်ပိုင်း ပြန်သက်သာလာမယ်။ ဝမ်းမချုပ်တာကောင်းတယ်။ ဝမ်းနုတ်ဆေးကို စာထဲမှာပါသလိုသာ သုံးပါ။
- Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ
- Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ

Friday, August 24, 2012

Newborn baby and Water ကလေးကို ရေဘယ်တော့တိုက်မလဲ

ကျွန်တော် Pediatrician ကလေးအထူးကုဆရာဝန် မဟုတ်ပါ။

သက်ရှိလူတွေနဲ့ တိရစ္ဆာန်မှန်သမျှ ရေသောက်မှ အသက်ရှင်တယ်။ ဒါကအခြေခံ။ “ကလေးကို မွေးလာပြီး ဘယ်တော့ ရေ စတိုက်မလဲ” ဆိုတာ အရင်ကတော့ မေးစရာမလိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ကလေးအထူးကု ဆရာဝန်တွေ မပေါ်ခင်ကတည်းက လူသန်းထောင်ပေါင်းများစွာဟာ ကမ္ဘာမှာ မွေးလာခဲ့ပြီး ဖြစ်ပါတယ်။

အခုတော့ ကလေးမိဘတွေ၊ အသိမိတ်ဆွေတွေ၊ ဆရာဝန်တွေအကြား အမြင်မတူကြပါ။ ဘယ်ဟာ ယူမလဲ။ အယူအဆတွေ၊ အတွေးအမြင်တွေဆိုတာ ကာလရွေ့လျောတာနဲ့ ပြောင်းတယ်။ သိပ္ပံပညာ၊ ဆေးပညာမှာလဲ ပြောင်းတယ်။ ကျန်းမာရေး အသိရှိသူတွေက ကလေး ၆ လပြည့်မှ ရေတိုက်ရတယ်လို့ ပြောကြတယ်။ ဆရာဝန်တွေက “မိခင်နို့ဖြစ်ဖြစ်၊ နို့ဗူးဖြစ်ဖြစ်မှာ ကလေးလိုအပ်တဲ့ရေ အလုံအလောက်ရတာမို့ ၆ လအောက်ကလေးကို ရေအပိုတိုက်စရာ မလိုပါ” တဲ့။ တချို့က ၂ လ မပြည့်ခင် မတိုက်ချင်ပါနဲ့တဲ့။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလဲ “ကလေး ၆ လအတွင်းမှာ ရေတောင်မှ တိုက်စရာမလိုပါ” လို့ အကြံပြုထားပါတယ်။ ဒီအကြံပြုချက်ဟာ Breast milk မိခင်နို့ရဲ့ ပြည့်စုံမှုကို အလေးပေး ဖေါ်ညွှန်းချက်ဖြစ်တာ သတိပြုပါ။ ရေရဲ့ ဘေးထွက်-ဆိုးကျိုးအနေနဲ့ ပြောတာ မဟုတ်ပါ။ မအေနို့က အဆင်မပြေမှသာ Formula နို့မှုံ့တိုက်ပါလို့ ဆက်ရေးထားပါတယ်။

မိခင်နို့ထဲမှာ ရေ ၉ဝ-၉၈% ပါတယ်။ Colostrum နို့ဦးရည်ကြည်ဟာ ကလေးမွေးပြီး ၃၇ စီစီ ထွက်တယ်။ ၅ ရက်သားမှာ တနေ့ကို နို့ရည် ၅ဝဝ စီစီ ထွက်တယ်။ ၃-၅ လ ရှိရင် တနေ့မှာ ၇၅ဝ စီစီ ထွက်တယ်။ ၆ လ မှာ ၈ဝဝ စီစီ ထွက်တယ်။ နို့ဦးရည်ကြည်မှာ (အင်တီဘော်ဒီ) ခေါ်တဲ့ ရောဂါခံနိုင်စွမ်း ပါတယ်။ နို့မှုံ့မှာ ဒါမပါဘူး။

American Academy of Pediatrics အမေရိကန် ကလေးဆရာဝန်များ အကယ်ဒမီကပြောတာက “အစားမာမစားမချင်း ကလေးက ရေအပိုလိုဘူး” တဲ့။ ကလေး ၆ လပြည့်တဲ့နောက် ရေတိုက်ဘို့ ဘာလို့လိုသလဲဆိုတဲ့ အချက်တွေထဲမှာ (ဖလိုရွိုက်) ဓါတ်ဆား လိုအပ်လာတာဖြစ်တယ်။

Debbi Donovan ဆိုတဲ့ လက်မှတ်ရ နို့တိုက်အတိုင်ပင်ခံကပြောတာက “ရေထဲမှာ ဘာအာဟာရဓါတ်မှ မပါလို့ ဘာ (ကယ်လိုရီ) မှ မရစေဘူး။ ကယ်လိုရီ မပါတာ တိုက်လို့ ကလေးကိုယ်အလေးချိန် ကျစေမယ်။” ဒါပေမဲ့ အိန္ဒိယကလူတွေ ရေအတော်သောက်ကြတယ်။ ဧည့်သည်လာရင် ရေအရင်တိုက်ရတယ်။ တချို့ဧည့်သည်က ရေတခွက်နဲ့ အားမရလို့ ထပ်တောင်းသေးတယ်။ သူတို့ဆီမှာ ယောက်ျား၊ မိန်းမ ဗိုက်ထွက်အောင် ဝကြတယ်။

ကလေးအထူးကု တချို့ကတော့ ရေကြောင့် ကျောက်ကပ်ကနေ ဓါတ်ဆားတွေပါ ထုတ်ပေးရမှာမို့ ဓါတ်ဆားနည်းစေမယ်။ Sai Sanjeevini Foundation (ဆိုင်း ဆန်ဂျီးဗီနီ ဖေါင်ဒေရှင်း) ကနေ ထောက်ပြထားတာတခု ရှိပါတယ်။ “ကလေး ၆ လ မပြည့်ခင် ရေမတိုက်ပါနဲ့ဆိုတာ အန္တရာယ်ရှိတဲ့ အကြံပြုချက်ဖြစ်တယ်” တဲ့။ “ဘာလို့လဲဆိုတော့ အဲလိုသာ ရေမတိုက်ရင် ကလေးရဲ့ ကျောက်ကပ်ဟာ ပြန်ပြင်မရတဲ့ ပျက်စီးမှု ဖြစ်စေနိုင်တယ်” လို့ ဆိုပါတယ်။

ကလေးကို ရေခဏခဏတိုင်ရင် နို့စို့တာနည်းမယ်၊ နို့ထွက်နည်းမယ်။ ရေတိုက်ရင် Bilirubin (ဘီလီရူဘင်) တက်စေပြီး Jaundice အသားဝါစေမယ်။ တချို့ပညာရှင်တွေက အတော်ကြောက်စရာကောင်းတဲ့ ရောဂါတွေနဲ့ ထောက်ပြတယ် (ခြောက်ကြတယ်)။ ရေကတဆင့် ကူးစက်ရောဂါတွေ ရစေနိုင်တယ်။ အာဟာရ ချို့တဲ့မယ်။ ဝမ်းပျက်မယ်။ မျက်နှာတခြမ်း လေဖြတ်မယ်။ သွေးထဲ ပိုးရောက်မယ်။ ဦးနှောက်မှေး ရောင်မယ်။ ရေအပိုတိုက်လို့ သွေးထုထည်တိုးပြီး နှလုံးက အလုပ်ပို လုပ်ရမယ်။ နောက်ပြီး ရေဆိပ်သင့်တာ ဖြစ်စေမယ်။ ဒါက (သီအိုရီ) သာ ဖြစ်ပါတယ်။ ဘယ်မိဘတွေကမှ အဲလောက်အထိ ကလေးကို ရေမတိုက်ကြပါ။ ကလေးကလဲ မသောက်ပါ။

“မိခင်နို့မှာ ရေပြည့်စုံနေပြီးဖြစ်တယ်” ဆိုတဲ့အချက်ကို သတိပြုရမယ် ထင်ပါတယ်။ တကယ်လို့ မိခင်က မအားလပ်၊ ကလေးကဆာ၊ ငိုနေရင် ဘာလုပ်မလဲ။ မိခင်နို့တိုက်တာမို့ နို့ဗူးလဲအဆင်သင့်မရှိတော့ ရေတိုက်တာထက် ကောင်းတာ ဘာရှိပါသလဲ။ အဆာလဲပြေအောင် အချို (ပျားရည်) နည်းနည်းလေးပါရောတိုက်ပြီး ကြီးလာခဲ့တဲ့ကလေး သန်းပေါင်း များစွာရှိတယ် မဟုတ်ပါလား။ အထက်ကထောက်ပြထားတဲ့ ရောဂါတွေ တခုချင်းအကြောင်းကို ဖတ်ကြည့်ပါ။ ရေ (ရေသန့်) တိုက်လို့ ဖြစ်ပါတယ်ဆိုတာ တနေရာမှ မတွေ့ပါ။

ကလေးမွေးကတည်းက -
• နေမကောင်းရင်၊ ကိုယ်ပူရင် ရေလိုမယ်။
• ရာသီဥတု ပူပြင်းချိန်မျိုးမှာ ရေလိုတယ်။
• ဝမ်းချုပ်နေတာဟာ ရေလိုလို့ဖြစ်တယ်။
• ဝမ်းပျက်ရင် ORS ဓါတ်ဆားရေ မလွဲမသွေ တိုက်ရပါမယ်။ နို့နဲ့မဖျော်ပါ ရေနဲ့ဖျော်ရတာပါ။

ဒေါက်တာတင့်ဆွေ
၂၄-၈-၂ဝ၁၂

Wednesday, August 22, 2012

ARV ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး

Mon, Aug 20, 2012 at 10:31 PM
ကျွန်တော် ယခု (့) မှာနေပြီး အလုပ်လုပ်နေပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ် ၂ဝ၁ဝ ဂျူလိုင်လလောက်က အလုပ်ရှင်ဟောင်း မွေးထားတဲ့ခွေး ကိုက်တာခံလိုက်ရတယ်။ ခွေးကတော့ အိမ်မွေးခွေးပါ။ အပြင်ကိုတောင် သိပ်ပြီး ထုတ်ကျောင်းလေ့ မရှိပါဘူး။ ခွေးရူးကာကွယ်ဆေးတွေတော့ ထိုးထားတယ်လို့ ပြောကြပါတယ်။ အကိုက်ခံရပြီး ချင်းချင်းပဲ ကျွန်တော် (့) မှာ သွားပြီး ပြပါတယ်။ ဆေးလိမ်းပေးပြီး ဆေး ၁ လုံး ထိုးပေးလိုက်ပါတယ်။ ဆေးနာမည်ကိုတော့ မမှတ်မိတော့ပါဘူး။ နောက်တော့မှ အသိဆရာဝန်ကို ပြောပြကြည့်တာ သူတို့ထိုးပေးတဲ့ဆေးက မေးခိုင်ရောဂါ ကာကွယ်ဆေးလိုမျိုးဆေးတဲ့။ အဲဒီအလုပ်မှာ လုပ်နေတဲ့လူတွေလဲ အဲဒီခွေးရဲ့ကိုက်တာ အရင်က ခံရဘူးတယ်တဲ့၊ သူတို့လဲ ဒီလိုပဲဆေးထိုးတယ်တဲ့။ ကျွန်တော် သံသယ မရှင်းတော့ ၂ဝ၁၁ ဖေဖော်ဝါရီလလောက်မှာ ရန်ကုန်ခဏာ ပြန်ရတုံး (အကိုက်ခံရပြီး ၅ လ၊ ၆ လ လောက်အကြာ) ရွှေဘုံသာလမ်းက အေးဆေးတိုက်က ဆရာဝန်မကြီးတယောက်နဲ့ တိုင်ပင်ပြီး Anti Rabies ဆေး ၃ လုံးကို ထိုးဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ၂ လုံးပဲ ထိုးဖြစ်ပါတယ်။ ကျန်တဲ့ ၁ လုံးက (့) ကိုယူလာပြီး ရေခဲသေတ္တာ Freezer မှာ ထားမိလို့ ခဲသွားတယ်။ ဒါပေမဲ့ ထိုးတော့ ထိုးလိုက်ပါတယ်။ ဆေးအညွန်းမှာတော့ ခဲသွားရင် ဆေးအာနိသင် မရှိတော့ဘူးလို့ ဖတ်လိုက်မိတာပဲ။ ဒီလိုနဲ့ မေ့မေ့ လျှော့လျှော့ နေလာမိတာပဲ။ တခါတရံ ဝက်သား ဆိတ်သားဟင်းစားမိလို့ ခေါင်းနောက်ခြမ်းက ကိုက်တာက လွှဲရင်ဘာမှ ထွေထွေထူးထူး ရောဂါ မခံစားရပါဘူး။ ဒါကြောင့်လဲ ဒီလိုပေါ့လျှော့မိတာပါ။ ကျွန်တော် သိချင်တာက -
၁။ အကယ်လို့ Anti Rabies က Dosage မပြည့်သလို ဖြစ်ခဲ့ရင် ခွေးရူးပြန်ရောဂါ ဖြစ်နိုင်ပါသလား။
၂။ အခုလို ၂ နှစ်လောက်ကြာပြီး အခြေအနေမှ ကာကွယ်ချင်တယ်ဆိုရင် ဘယ်လိုကာကွယ်ပြီး ဘာကာကွယ်ဆေးတွေ ထိုးရမလဲ။ ကျွန်တော်ကတော့ Dosage မပြည့်ဘူးလို့ Guilty Complex ဝင်နေပါတယ်။

Rabies ဆိုတာ ကိုက်တာက ခွေးရူး၊ ကူးတာက (ဗိုင်းရပ်စ်) ဖြစ်တယ်။ ဒီပိုးတွေက ဗဟိုအာရုံကြောစနစ်ထဲ ဝင်လာပြီး ပျက်စီးစေတယ်။ (ဗိုင်းရပ်စ်) တွေက ရောဂါရှိနေတဲ့ အကောင် (ခွေး၊ ကြောင်၊ မျောက်၊ မြေခွေး၊ လင်နို့၊ ခွေးတူဝက်တူ) ရဲ့ တံတွေးထဲမှာ ရှိနေတယ်။ သူတို့သွေးက ကိစ္စမရှိဘူး။ အကိုက်မခံရပေမဲ့ ပိုးပါနေတဲ့ တံတွေးက သွေးထဲ၊ ပါးစပ်ထဲ၊ နှာခေါင်းထဲ၊ မျက်စိထဲ ဝင်လာရင် ကူးနိုင်တယ်။ ပိုးဝင်လာပြီး ဘယ်တော့ရောဂါရမလဲဆိုတာ ကူးစက်ရောဂါမှန်သမျှထဲမှာ အကွဲပြားဆုံးဘဲ။ ရက်ပိုင်းကနေ နှစ်နဲ့ချည်ကြာနိုင်တယ်။

ရောဂါလက္ခဏာ ပေါ်ကာစမှာ တုပ်ကွေးနဲ့ ဆင်တယ်။ ဖျားမယ်၊ ခေါင်းကိုက်မယ်၊ မအီမသာဖြစ်မယ်။ ရက်ပိုင်းအတွင်းမှာ ယားယံမယ်။ စိုးရိမ်စိတ်ဖြစ်လာမယ်။ စိတ်ရှုတ်ထွေးမယ်။ အမူအယာ မတူတာတွေ ဖြစ်လာမယ်။ ဂနာမငြိမ်ဖြစ်မယ်။ သူများ မမြင်တာ မကြားတာတွေ မြင်ကြားလာတယ်။ ဒီလိုဖြစ်လာသူတိုင်း ခံစားရတာတွေ အတော်ကြီး ဆိုးဝါးတယ်။ နောက်ဆုံး အသက် ဆုံးကြရတယ်။ နှစ်တိုင်း တကမ္ဘာလုံး သေဆုံးသူပေါင်း ၅ သောင်းခွဲရှိတယ်။

1. အမျိုးအစား (၁) အကောင်နဲ့ ထိရုံ၊ အစာကြွေးမိရုံ၊ လျှာနဲ့ထိမိရုံ၊ = ဆေးကုစရာမလိုပါ။
2. အမျိုးအစား (၂) အဝတ်အစားဖုံးမထားတဲ့နေရာမှာ ကုပ်မိ၊ ခြစ်မိခံရရင်၊ အနာအဆာရှိတဲ့နေရာကို လျှာနဲ့ အယက်ခံရရင်၊ = ချက်ချင်း Immediate vaccination ကာကွယ်ဆေးထိုးပါ။
3. အမျိုးအစား (၃) အကိုက်ခံရ၊ ကုပ်ဆွဲခံရရင်၊ ဒဏ်ရာက သွေးထွက်ရင်၊ = Immediate washing and flushing of all bite wounds and scratches ချက်ချင်း အကိုက်ခံရတဲ့နေရာကို ဆေးကြောသန့်ရှင်းပါ + Immediate vaccination ချက်ချင်းကာကွယ်ဆေးထိုးပါ + Rabies immune globulin (RIG) (ဂလိုဗြူလင်) ဆေးလဲထိုးပါ။

ကာကွယ်ဆေး မတူတာတွေ ရှိတယ်။ 1 ml ဒါမှမဟုတ် 0.5 ml ကို ၄-၅ ခါ အသားဆေးထိုးမယ်။ ၄ ပတ်ကြာမယ်။ တကယ်လို့ အရင်ကလဲ Cell-derived rabies vaccines (ဆဲလ်) ကနေဖေါ်စပ်တဲ့ ကာကွယ်ဆေးကို အပြည့် ထိုးဘူးထားသူဆိုရင် ဒီဆေးမျိုး ၃ ရက်ခြား၊ ၂ ခါသာ ထပ်ထိုးပါ။ Rabies immune globulin (RIG) (ဂလိုဗြူလင်) ဆေးထိုးဘို့လဲ မလိုပါ။

1. Tissue-culture or purified duck-embryo vaccines (တစ်ရှူး-ကာလ်ခြာ) သို့မဟုတ် ဘဲသန္ဓေကနေ ဖေါ်စပ်တဲ့ ကာကွယ်ဆေး
• Intramuscular schedules အသားဆေးထိုးနည်း
2.5 IU ကို 0, 3, 7, 14 and 30 နေ့တွေမှာ စုစုပေါင်း (၅) ခါထိုးပါ။ လက်မောင်း နဲ့ ကလေးငယ်ရင် ပေါင်ရှေ့-ဘေးမှာ ထိုးပါ။ Buttock တင်ပါးမှာ မထိုးပါနဲ့။
• Abbreviated multisite schedule နေရာအများမှာထိုးနည်း
2-1-1 regimen ခေါ်တယ်။ ပဌမရက်မှာ Left arm ဘယ်ဘက်လက်မောင်းမှာ တချက်ထိုးပါ။ Right arm ညာဘက်လက်မောင်းမှာ တချက်ထိုးပါ။ ၇ ရက်နေရင် Deltoid muscle လက်မောင်းရင်းတဖက်မှာ တခါထပ်ထိုးပါ။ ၂၁ ရက်မှာ Deltoid muscle လက်မောင်းရင်းတဖက်မှာ တခါထပ်ထိုးပါ။
• Intra-dermal schedule အရေပြားထဲထိုးနည်းကို (RIG) မရနိုင်တဲ့အခါ အရေးပေါ်အဖြစ်နဲ့ထိုးတယ်။
- Human diploid cell vaccine (HDCV) (Rabivac TM) နဲ့ Purified chick embryo cell vaccine (PCECV) (Rabipur TM) တွေကို 0.1 ml စီ 8-site intradermal method (8-0-4-0-1-1) ထိုးတယ်။
- PVRV (Verorab TM, Imovax TM, Rabies vero TM, TRC Verorab TM) and PCECV (Rabipur TM) တွေကို 0.1 ml စီ 2-site intradermal method (2-2-2-0-1-1) ထိုးတယ်။

2. Combined immunoglobulin-vaccine 20 IU/kg တခါတည်းထိုးတယ်။ Anaphylactic shock reactions (ရှော့ခ်) ဖြစ်လာမှာကို သတိထားပြီး၊ ကုသဘို့ အဆင်သင့်ထားရမယ်။
3. Rabies immunoglobulin (RIG) ကို အကိုက်ခံရတဲ့နေရာတဝှိုက်မှာ ထိုးမယ်။ ကျန်တာကို အသားဆေး ပေါင်မှာထိုးမယ်။
4. ဆေးဘိုး သက်သာအောင် Cell-derived vaccines ကိုဘဲ Intra-dermal rabies vaccination ထိုးနည်းလဲ ရှိတယ်။ Purified Vero cell vaccine ဆေးကို ထိုင်းနိုင်ငံမှာ လူပေါင်း ၇ သောင်း ထိုးထားပြီးတာ နှစ်တွေ များနေပြီ။ သီရိလင်္ကာ (၁၉၉၅) နဲ့ ဖိလစ်ပိုင် (၁၉၉၇) မှာလဲ သုံးတယ်။
5. Brain-tissue vaccines ဦးနှောက်ကနေဖေါ်စပ်တဲ့ ကာကွယ်ဆေး အခုမသုံးတော့ဘူး။

• ARV မျောက်ကိုက်၍ ခွေးရူးကာကွယ်ဆေးထိုးရခြင်း http://dts-medicaleducation.blogspot.com/2010/05/arv.html ကိုလဲ ဖတ်နိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၈-၂ဝ၁၂

Wed, Aug 22, 2012 at 11:15 PM
၁။ ဆရာပြောပြခဲ့တဲ့ ကာကွယ်ဆေးတွေက ရန်ကုန်မှာ အလွယ်တကူ ဝယ်လို့ရနိုင်လား။ အခုလို ၂ နှစ်ကျော်ကြာပြီးမှ ထိုးရင်ကော ဆေးမှီပါ့အုံးမလား။ ၂။ အကိုက်ခံရတဲ့ နေရာက ဘယ်ဖက်ခြေဖဝါးမှာပါ၊ သွေးလဲတော်တော်များများထွက်ပါတယ်။ ခွေးစွယ်လဲ ခြေဖဝါးထဲကို စိုက်ဝင်သွားပါတယ်။ အသားလဲ ပဲ့ပါသွားပါတယ်။ ဆရာရှင်းပြထားတဲ့ နံပါတ် ၃ အမျိုးအစားနဲ့တူပါတယ်။ အမျိုးအစား (၃) အကိုက်ခံရ၊ ကုပ်ဆွဲခံရရင်၊ ဒဏ်ရာက သွေးထွက်ရင်၊ = Immediate washing and flushing of all bite wounds and scratches ချက်ချင်း အကိုက်ခံရတဲ့နေရာကို ဆေးကြောသန့်ရှင်းပါ + Immediate vaccination ချက်ချင်းကာကွယ်ဆေးထိုးပါ + Rabies immune globulin (RIG) (ဂလိုဗြူလင်) ဆေးလဲထိုးပါ။ Immediate Vaccination ဆိုတာ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကိုပဲ ဆိုလိုတာလား။ အကိုက်ခံရပြီး ချက်ချင်းကတော့ မေးခိုင်ကာကွယ်ဆေးလိုမျိုးကိုပဲ ထိုးခဲ့ပါတယ်။ အဲဒီဆေးကရော ကောင်းကျိုး သက်ရောက်မှု ရှိရဲ့လား။ ခွေးက အကိုက်ခံရပြီး ၃ လ ၄ လလောက်အထိ ဘာမှမဖြစ်ပါဘူး။ သူ့သခင် ဟောက်ရင်ငြိမ်နေတာပဲ။ အသိစိတ်ရှိတဲ့သဘောကို ပြောချင်တာပါ။

မြန်မာပြည်မှာ ဘယ်ကာကွယ်ဆေးရသလဲ ကျွန်တော်မသိပါ။ ကျွန်တော်တို့ရှိတုံးက ၁၄ ရက်တိတိ၊ ချက်မှာထိုးရတာသာ ရှိတယ်။ ကာကွယ်ဆေးထိုးတာ နောက်ကျမယ်လို့ မထင်ပါ။ ရန်ကုန်မှာ ဒီရောဂါကိုအထူးပြုကုသတဲ့ ဆေးရုံ။ ဆရာဝန်ရှိမှာပါ။ တိုင်ပင်ဆွေးနွေးရင် ဆရာပြောတာထက်ပို ကောင်းမယ်ထင်ပါတယ်။ မေးခိုင်ကာကွယ်ဆေးကတော့ ခွေးရူးနဲ့ မဆိုင်ပါ။ ကိုယ့်ကိုကိုက်တဲ့ခွေးဟာ ခွေးရုးဖြစ်နေရင် ကိုက်ပြီးတဲ့နောက် ၇ ရက်၊ အများဆုံး ၁ဝ ရက်နေရင် သူများသတ်တာ မဟုတ်ဘဲ ရောဂါရပြီး သေသွားမယ်။ အဲဒါကို စုံစမ်းရင် စိတ်အေးရမယ်။ ခွေးလေခွေးလွင့် မဟုတ်လို့ သိနိုင်မယ် ထင်တယ်။ အခုထိ အသက်ရှင်နေရင် စိုးရိမ်စရာမရှိပါ။

Tuesday, August 21, 2012

Q and A August 2012 (3)

1. အသည်းအဆီဖုံးရောဂါကို ဘယ်လိုပျောက်ကင်းအောင်
2. သွားထဲကနေ သွေးခဏခဏထွက်ပါတယ်။
3. Ankylosing Spondylitis အကြောင်းသိချင်လို့ပါ
4. ကျောက်ကပ်မှာ ကျောက်တွေ မကုန်သေးလို့လား
5. လိပ်ခေါင်းရောဂါဖြစ်နေပြီလား။
6. Salbutamol ဆေး ပေးလို့ရသလား။
7. ဒါပေမယ့် ဝမ်းချုပ်ချုပ်နေလို့
8. ကြွက်နိ့ပေါက်နေတာ ၂ နှစ်လာက်ရှိပါပြီ။
9. သံသယငှက်ဖျားဆိုတာ တကယ့်တောမှာဆို ဘယ်လိုကုသမှုပေးမှာလဲ။
10. အသက် ၆ဝ ကျော်မှစပြီး ဆီးမထိန်းနိုင်တဲ့ ရောဂါ

Tue, Aug 21, 2012 at 10:40 AM
ကျမအမေက အသက် ၅၇ နှစ်ရှိပါပြီရှင့်။ မြန်မာပြည်မှာပဲ နေထိုင်ပါတယ်။ မျက်စိကလဲ မကြာမကြာသွားပြရပါတယ်။ မှုံမှုံသွားလို့ပါ။ အသည်းအဆီဖုံးနေတာတော့ ကြာပါပြီ။ တိုင်းရင်းဆေး မသောက်ဖိုတော့ လှမ်းပြီး မှာထားပါတယ်။ ဆေးရောမှာစိုးလိုပါ။ ဒါပေမယ့် ပြီးခဲတဲ ၆ လလောက်က ရင်ဘတ် အရမ်းအောင်ပြီး မေ့သွားလို့ ဆေးရုံတက်ရတယ် ပြောပါတယ်။ ပြီးတော့ သွေချိုဆီးချိုလဲဖြစ်နေပါတယ်။ သမီးမေမေအတွက် သင့်တော်တဲ့ အားဆေးလေး လိုချင်ပါတယ်ဆရာ။ အသည်းအဆီဖုံးရောဂါကို ဘယ်လိုပျောက်ကင်းအောင် ကုသရမလဲ နည်းလမ်းလေးများ ရှိမလားဆရာရှင့်။

ဆီးချိုအကြောင်းစာ ၂ ပုဒ် နဲ့ အသဲအဆီဖုံးခြင်းစာ ၁ ပုဒ်ပို့လိုက်ပါတယ်။ တိုင်းရင်းဆေးတွေကို ဆရာဝန်တွေက နားမလည်ပါ။ ကောင်းတာရော၊ မကောင်းတာပါ မပြောနိုင်ပါ။
• Fatty Liver Disease (FLD) အသဲအဆီဖုံးခြင်း http://dts-medicaleducation.blogspot.com/2011/11/fatty-liver-disease-fld.html
• Diabetes ဆီးချို http://dts-medicaleducation.blogspot.com/2010/09/diabetes.html
• Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ http://dts-medicaleducation.blogspot.in/2012/06/diabetic-neuropathy.html

Tue, Aug 21, 2012 at 1:42 PM
သမီးလေ သွားထဲကနေ သွေးခဏခဏထွက်ပါတယ်။ အဒါဘာလို့ပါလဲ။ ပြီးတော့ သမီးမှာ သွေးအားနည်းတဲ့ရောဂါလည်း ရှိပါတယ်။ သွေးသွင်းတာမျိုးတော့ မရှိပါဘူး။ အခုသမီးက ၁၉ နှစ်ပါ။ ဆယ်တန်းတုန်းက ခြေထောက်တွေရောင်လာလို့ သွားပြတော့ ကျောက်ကပ်ရောင်တယ်ပြောလို့ ကုရပါသေးတယ်။ အခုတော့ ပျောက်သွားပြီလို့ ပြောပါတယ်။ အဲဒီတုန်းက သွေးပေါင်ချိန်က ၁၅ဝ ကျော်ပါတယ်။ ဒါပေမယ့် ခေါင်းမူးတာတော့မရှိပါဘူး။ အခု (့) ကို ကျောင်းလာတက်တော့ ဆေးစစ်ရပါတယ်။ သွေးပေါင်ချိန်က အခုထက်ထိ များနေတုန်းပါပဲ။ ၃ ခါတောင် တိုင်းပါတယ်။ များနေပေမယ့် သမီးက ဘယ်လိုမှ မခံစားရပါဘူး။ ပြီးတော့ ဆေးစစ်ချက်အဖြေက Inflammation လို့ ပြောပါတယ်။ နောက်တစ်ခါ ထပ်စစ်တော့လည်း သွေးပေါင်ချိန်က တိုးနေပါတယ်။ ပြီးတော့ သမီးကိုသူတို့က ဒီအတောအတွင်း နေမကောင်းတာတွေ ရှိလားလို့ မေးပါတယ်။ သမီးက အကုန်လုံးကောင်းပါတယ်လို့ ပြောတော့ သူတို့က နောက် ၂ လ နေရင် ထပ်လာစစ်ပါလို့ ပြောပါတယ်။ အဲဒါ သမီးကဘာဖြစ်နေတာလဲဆရာ။ ပြီးတော့ ရန်ကုန်ကနေ သွေးအားကောင်းဖို့အတွက် ဆရာဝန် ပြောလိုက်တဲ့ ဆေးတွေကိုလည်း သမီးသောက်နေပါတယ် ရန်ကုန်မှာသမီးပြခဲ့တဲ့ဆရာဝန်က ဒေါ် (့) ပါ။ သွေးရောဂါအထူးကုလို့တော့ ပြောပါတယ်။ အခုသောက်နေတဲ့ဆေးတွေက မနက်နဲ့ညမှာ Happi (20 mg) tablet ပါ။ နေ့လည်ကျတော့ Fegem-100 ပါ။ သမီးက ကျောင်းတက်နေတာ့ မနက်စာမစားတာကလည်း များပါတယ် အဒီတော့ မနက်ဆေးဆို မသောက်တာလည်း များပါတယ်။

သွားဖုံးသွေးယိုတဲ့အကြောင်း စာတပုဒ်ပို့လိုက်ပါတယ်။ သွေးအားနည်းတာအတွက်လဲ ပို့လိုက်ပါတယ်။ ငယ်ငယ်တုံးက ကျောက်ကပ်ရောင်တာဟာ ကြီးအထိမဖြစ်တာကတမျိုး တသက်လုံးဖြစ်တာက တမျိုး ရှိတယ်။ ရောဂါနာမည်သိမှ ပြောနိုင်တယ်။ သွေးဖိအားတိုင်းတာမှာ အထက်သွေးချိန် နဲ့ အောက်သွေးချိန် ၂ မျိုး သိဘို့လိုတယ်။ Inflammation ဆိုတာ ရောင်တာကိုပြေတာ။ ဘယ်ဟာကရောင်တာလဲ။ သွေးရောဂါအတွက် ဆရာဝန်လဲပြထားပြီး ခိုင်းတာတွေသောက်နေရင် ပြီးတာပါဘဲ။ ဆရာသိချင်တာနဲ့ ထပ်ပြောနိုင်တာတွေရှိရင် ပြန်မေးပါ။ ဆီးစစ်ဘူးသလား။ အနည်ပါသလား။ ရာသီ မှန်သလား။

Tue, Aug 21, 2012 at 8:25 PM
Ankylosing Spondylitis အကြောင်းသိချင်လို့ပါ ဆရာ။ ကျွန်မ အမျိုးသား ခါးနာတာ ၃ နှစ်လောက်ရှိပါပြီ။ မြန်မာနိုင်ငံမှာပဲ ပါရဂူနဲ့ပြပါတယ်။ ဆရာဝန်က Ankylosing Spondylitis ရောဂါလို့ပြောပါတယ်။ လေ့ကျင့်ခန်းပဲလုပ်ခိုင်းပါတယ်။ ကြာရင် အရိုးတွေ ပိုခိုင်လာပြီး အသက်ရှူမဝ ဖြစ်လာမယ်လို့ ပြောပါတယ်။ ကုလို့ ရနိုင်-မရနိုင် သိချင်ပါတယ်ဆရာ။

Lumbar spondylosis ခါးရိုး ကျီးပေါင်းတက်ခြင်း

Wed, Aug 22, 2012 at 11:27 AM
သမီး အန်တီတစ်ယောက်က ကျောက်ကပ်မှာကျောက်တည်လို့ဆိုပြီးခွဲထားတာ အဲဒါ ခု ၂ လလောက်ရှိနေပြီ ဆေးရုံကနေလဲ မဆင်းရသေးဘူး အစားလဲမ၀င်လို့ တချိန်လုံးအန်နေတယ်။ အဲဒါ ဘာကြောင့်လဲဆိုတာ ဖြေပေးပါအုံး။ ကျောက်ကပ်မှာ ကျောက်တွေ မကုန်သေးလို့လား ဆိုတာပါ သိချင်ပါတယ်ဆရာ။

လူနာ အသက်၊ ခွဲနည်း၊ ဆေးရုံ အဆတင့်အတန်းတွေ မသိပါ။ မှန်းပြောဘို့ ပြောဘို့ခက်တယ်။ ကျောက်ကပ်ကျောက်ကြောင့် အန်တာတော့ မဟုတ်လောက်ပါ။ ၂ လကြာနေရတာ ဘာလို့လဲ မသိဘူး။ အန်တာသက်သာဆေး ပေးမှာပါ။ လိုအပ်ရင် အကြောထဲဆေးသွင်းပေးမယ်။ ပိုသိလာတာရှိရင် ပြန်မေးနိုင်ပါတယ်။

အသက် ၄၉ နှစ်ပါ။ ဆေးရုံက (့) မှာလုပ်တာပါ။ ဆေးရုံက သက်သာလို့ဆိုပြီးခွဲပြီး ၃ ရက်အကြာမှာ ဆင်းခိုင်းတယ်။ ၅ ရက်ကြာတော့ ပြန်ဖြစ်လို့ နီးစပ်ရာ ဆေးရုံဖြစ်တဲ့ (့) မှာ တင်ထားရပါတယ်။ လူနာက လှုပ်တောင် မလှုပ်နိုင်ဖြစ်နေတယ်။ ဆေးတောင်မ၀င်လို့ ပိုက်တတ်ထားရပါတယ်။ အန်တာပျောက်တဲ့ဆေးတွေလဲ ပေးပါတယ်။ အဲဒီက ဆရာဝန်တွေ ပြောတာတော့ ချေထားတဲ့ ကျောက်တွေ မကုန်သေးလို့ဆိုပြီး ပြောပါတယ်။ သူ့မိသားစုကလဲ ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေလို့ပါ။ လူနာလဲ တော်တော်ခံနေရတော့လေ။

ဆရာက ဆီးလမ်းအထူးကုဆရာဝန် မဟုတ်ပါ။ အန်တဲ့သူ အလွန်အားယုတ်တယ်။ ORS ဓါတ်ဆားရည် သောက်နိုင်သလောက်လေး နည်းနည်းချင်း ဝင်ရင် သက်သာမယ်။

၁။ Lithotripsy For Kidney Stones Risk Factors ကျောက်ကပ်ကျောက်ခွဲစိတ်ခြင်း သတိထားစရာများ
- Postoperative Care ခွဲစိတ်ပြီးနောက် ဖြစ်လာနိုင်တာတွေ
- ခွဲပြီးမကြာခင် လှုတ်ရှားနိုင်မယ်။
- ဆရာဝန်ညွှန်ကြးချက်တွေလိုက်နာရမယ်။ အဲဒါတွေကတော့ -
- ရေ၊ အရည် များများသောက်ပါ။ ဒါမှ ချေထားတဲ့ကျောက်အစအနတွေ ဆီးလမ်းကနေကောင်းကောင်းထွက်လာစေမယ်။
- ၁-၂ ရက်နေရင် လူကောင်းလို့ လှုတ်ရှား၊ သွားလာနိုင်မယ်။
- အနာသက်သာ သောက်ဆေးပေးမယ်။

၂။ Possible Complications နောက်ဆက်တွဲဖြစ်တတ်တာတွေကတော့ -
- ဖြစ်တာရှားတယ်။ လိုအပ်ရင် ဆရာဝန်ကတွေ ဒါတွေစစ်မယ်။
- ဆီးထဲသွေးပါတာ၊
- ဗိုက်နဲ့ ကျောမှာ သွေးခြည်ဥဖြစ်နေ-မနေ၊
- ပိုးဝင်တာ၊
- ကျောက်အစအနထွက်ချိန်မှာ နာတာ၊
- ကျောက်အစအန ထွက်မလာနိုင်တာ၊ လိုအပ်ရင် ထပ်ခွဲရတာ၊
- ဆေးကုသမှု ထပ်လိုတာ၊
- မေ့ဆေးရဲ့ သက်ရောက်မှုတွေ။

Wed, Aug 22, 2012 at 7:44 PM
ကျမ အသက် ၃၇ ထဲမှာပါ။ ၂ နှစ်အရွယ် သားတယောက်ရှိပါတယ်။ အိမ်ထောင်လဲရှိပါတယ်။ နေတာက (့) မှာပါ။ ဝမ်းချုပ်တတ်ပါတယ်။ စအိုထဲက ကြွက်သားတစ်ကလေး ထွက်ထွက်လာတတ်ပါတယ်။ လက်နဲ့ ပြန်ထဲ့သွင်းလဲ မကြာခင်ပြန်ထွက်လာပါတယ်။ ၂ ရက် ရှိပါပီ။ ဘယ်လိုလုပ်ရပါ့မလဲ။ အဲဒါတကယ်ပဲ လိပ်ခေါင်းရောဂါဖြစ်နေပြီလား။

Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ
Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ

Fri, Aug 24, 2012 at 10:16 PM
ဆရာညွှန်တဲ့ Hydrocortisone လိမ်းဆေးလိမ်းပါတယ်။ ဆရာပြောသလို ရောင်တာပဲ သက်သာတာလား။ လုံးဝ ပျောက်မသွားဘူးလား။ စဖြစ်တဲ့နေ့ကထက်တော့ ဒီနေ့ပို သက်သာလာပါတယ်။ Magnesia လဲ သောက်ပါတယ်။ Psyllium လဲ သောက်တယ်။ ရေနွေးလဲ စိမ်ပါတယ်။ ထိုင်လိုက်တာနဲ့ ပြန်ထွက်လာတယ်။ နာတော့ မနာပါဘူး။ သွေးလဲ မထွက်ပါဘူး။ ဝမ်းသွားရင်တော့ ရုံးမှာ ရေသုံးလို့မရဘူး။ Baby wipe ပဲ သုံးမှရမယ်။ အဲဒါကြီးကို စိတ်ရှုပ်နေရတာနဲ့ အလုပ်လဲ ထင်သလောက် မလုပ်နိုင်ဘူး။ လုံးဝပျောက်သွားအောင် ဆေးသောက်လို့ မရဘူးလား။ အတွင်းလိပ်ဆိုတာကရော ဘာကိုခေါ်တာပါလဲ။ ကျမဖြစ်နေတာ အတွင်းလိပ်လား။ အပြင်လိပ်လား။ လေလည်ရမှာတောင် တွန့်နေတယ်။ ပြန်ထွက်လာမှာစိုးလို့။ ဝမ်းသွားချင်ပေမယ့် မညှစ်ရဲတော့ ဝမ်းကလဲ သိပ်မသွားဘူး။ ဝမ်းပျော့အောင်တော့ အစားကို ဂရုစိုက်စားပါတယ်။ ရေလဲ များများသောက်ပါတယ်။ ကျမ မဝပါဘူး။

Hydrocortisone (ကော်တီဇုန်း) လို ဆေးမျိုးက ခံစားနေရတာတွေကို သက်သာလာစေတယ်။ ရောဂါဖြစ်စေတဲ့ ပင်မအကြောင်းကို ပျောက်စေတာ မဟုတ်ပါ။ Psyllium ဆေးဟာ အပင်ကနေထုတ်တဲ့ ဝမ်းပျော့စေတဲ့ဆေးမျိုးဖြစ်တယ်။ ရေသုံးမရတဲ့ သန့်စဉ်ခန်းက မကောင်းပါ။ ထိုင်တာလဲ ဒူးကို ၉ဝ ဒီဂရီကွေးမနေရတာမျိုးက မကောင်းပါ။ (ပေပါ) သုံးတာထက် ရေနဲ့ ဖြစ်သလိုဖြစ်ဖြစ် သုံးသင့်ပါတယ်။ အတွင်း-အပြင် လိပ်ခေါင်းဆိုတာ အခေါ်သာကွာတယ်။ အမှန်က ရောဂါ အဆင့်သာဖြစ်တယ်။ တယောက်ထဲမှာလဲ အဆင့်က ပြောင်းနေတတ်တယ်။ တိုးတိုးလာတာချည်းမဟုတ်ဘဲ သက်သာလာတာလဲ ဖြစ်နိုင်ပါတယ်။

Thu, Aug 23, 2012 at 1:32 PM
Lower Respiratory Tract Infection (LRTI) ရောဂါနဲ့ ပတ်သက်ရင် လိုအပ်ရင် ဆာဗျူတမော (Salbutamol) ဆေး ပေးလို့ရသလား။ အချို့ဆရာတွေကုသနေလို့ ရမရ သိချင်ပါတယ်။

Salbutamol ဆေးဟာ ပန်းနာအတွက်သာဖြစ်တယ်။ ပန်းနာလို လေပြွန်လေးတွေကျဉ်းတာအတွက်လဲ ပေးနိုင်တယ်။ နားကြပ်နဲ့နားထောင်ရင် စီစီ၊ ရွှီရွှီ ကြားရတာမျိုးဖြစ်တယ်။

Fri, Aug 24, 2012 at 6:48 AM
ကျနော်သားက အခုမှ ရက်(၁၆)ရက်သားလေးပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဝမ်းချုပ်ချုပ်နေလို့ သူခဗျာ တော်တော်ခံရခက်နေတယ်။ သူများတွေက ကွမ်းရိုးနဲ့ လုပ်ဆိုလို့ လုပ်တာလဲ လုပ်တုန်းပဲ သွားတယ်။ နောက်ရက်တွေ မသွားဘူး။ မိခင်နို့ကလဲ တိုက်မရလို့ နို့ဘူးတိုက်နေရပါတယ်။ ကလေး ဝမ်းမချုပ်အောင် ဘာလုပ်သင့်လဲ ကူညီပါအုံး။

ကလေးငယ်ငယ်လေးကို ဝမ်းနုပ်ဆေး မတိုက်သင့်ပါ။ ဝမ်းခြူပေးနိုင်တယ်။ ကိုယ်တိုင်အိမ်မှာတင် ဆပ်ပြာခဲကို လက်ချောင်းလို အနေတော်လုပ်ပြီး ရေနဲ့ စိုပါစေ။ ကလေးငယ်ရဲ့ စအိုထဲကို လက်တဆစ်ကျော်ကျော်ထည့်သွင်းပေးပါ။ ဆေးဆိုင်ကနေ အလွယ်ဝယ်လို့ရတာလဲ ရှိတယ်။ Suppository ဝမ်းခြူတောင့် ကလေး-လူကြီး ၂ မျိုးလာတယ်။ ကလေးဆိုပေမဲ့ သိပ်ငယ်ရင် အရွယ် နဲနဲသေးပေးသင့်တယ်။ နောက်တနည်းက သားဖွါးဆရာမ၊ သူနာပြုဆရာမ အသိရှိရင် ဆီးခြူပိုက်လေး အနေတော်ကို ကလေး စအိုထဲထည့်ပြီး Liquid paraffin အဆီကို ကလေးအသက်အလိုက် ဆေးထိုးပိုက်တခုနဲ့ သွင်းပေးနိုင်တယ်။ ကလေးကို ရေများများတိုက်ပါ။ မအေတခါသောက်ရင် ကလေးကိုတခါတိုက်ပါ။

Thu, Aug 23, 2012 at 1:54 PM
ကျွန်မနာမည် (့) ပါ။ ရန်ကုန်မှာနေပါတယ်။ ကျွန်မမှာ ၁ဝ လအရွယ် သမီးလေးရှိပါတယ်။ ကျွန်မရဲ့ ခြေမမှာ ကြွက်နိ့ပေါက်နေတာ ၂ နှစ်လာက်ရှိပါပြီ။ ဘယ်လိုဆေးမျိုးလိမ်းပြီး ပျောက်သွားအောင် ကုရမလဲသိချင်ပါတယ်ရှင့်။ နောက်ထပ်ကြွက်နိ့ ထပ်မပွားအောင်ဘယ်လိုကာကွယ်ရမလဲ။

Warts ကြွက်နို့

Thu, Aug 23, 2012 at 1:41 PM
Presumptive Malaria သံသယငှက်ဖျားဆိုတာ တကယ့်တောမှာဆို ဘယ်လိုကုသမှုပေးမှာလဲ။ ငှက်ဖျားလမ်းညွန်စာ ရှိရင် ပို့လာပေးပါဆရာ။

Malaria ငှက်ဖျားရောဂါ

Thu, Aug 30, 2012 at 7:26 PM
ကျွန်တော့ အမေဟာ သားသမီး ကိုးယောက်မွေး ဖွားခဲ့ပါတယ်၊၊ အသက် ၆ဝ ကျော်မှစပြီး ဆီးမထိန်းနိုင်တဲ့ ရောဂါ ခံစားနေရပါတယ်။ ဘယ်လို ဆေးဝါးမျိုးကို ရေရှည် သောက်သုံးလျှင် သက်သာ ပျောက်ကင်းနိုင်မလဲ။

လိုသေးရင် မေးပါ။
Urinary Incontinence in Women အမျိုးသမီး ဆီးမလုံခြင်း

ဆေးပညာ-စာရေးသူ (၄)

ဆေးပညာစာရေးသူက မြန်မာစာ ကျူရှင်ဆရာ လုပ်ပါရစေ။ စာရေးတာ၊ စကားပြောတာမှာ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ စာနဲ့ စကားကို မှန်မှန်ကန်ကန် ပီပီသသဖြစ်အောင် ကြိုးစားသင့်ကြတယ်။ အခုအချိန်မှာ ပြင်လို့ရတာ မှန်သမျှ ဝိုင်းပြင်နေကြတယ် မဟုတ်ပါလား။

ကျွန်တော်တော့ (မိုဘိုင်းလ်) ခေတ်မှာပေါ်လာတဲ့ SMS တွေကို အတတ်နိုင်ဆုံး ရှောင်တယ်။ အလုပ်ဘယ်လောက် များနေနေ စာလုံး အပြည့်ဖြစ်အောင် ရိုက်ပါတယ်။ Abbreviations အတိုကောက် စာလုံးတွေဆိုတာ အဓိပ္ပါယ်ဖေါ်ရာမှာ လွဲနိုင်တယ်။ မြန်မာပြည်ကနေ ထွက်ပြေးကာစ CEC ဆိုတဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဆိုတာ NLD ပါတီနဲ့ ပတ်သက်ပြီး နေ့တဓူဝ သုံးနေကြစာလုံးမို့ ကိုယ်ကနေ ပြောပြတဲ့အခါ ရောက်တဲ့ နိုင်ငံကလူတွေက CEC ဆိုတာဘာလဲ ပြန်မေးခံရရင် “ဒီလူတွေက ဒါတောင်မသိဘူးလား” လို့ အထင်မှားခဲ့ဘူးတယ်။ အတိုကောက်တွေကို နေရာတခုနဲ့တခု အသုံးပြုတာ မတူကြပါ။ ဆေးပညာမှာလဲ မထူးဘူး။ ARV ကို အရင်က ခွေးရူးပြန် ကာကွယ်ဆေးလို့ သုံးတာကနေ အခု HIV/AIDS ဆေးလို့ သုံးလာတယ်။ IUD ကို အရင်က သားအိမ်ထဲ ကလေးသေဆုံးတာကို သုံးတယ်။ အခု သားအိမ်ထဲ ပစ္စည်းထည့်တာဖြစ်လာတယ်။

ပိုဆိုးတာက မြန်မာစာအသံထွက်အတိုင်း အင်္ဂလိပ်စာလုံးတွေနဲ့ ရိုက်တာဟာ ကိုယ့်စာနဲ့ စကားကို ပျက်စေတယ်။ အဲလို ကဘောက်တိ ကဘောက်ချာ စာတွေကို ဖတ်နေရတာ အချိန်မရဘူး။ ကျွန်တော့် အားနည်းချက်က အဲဒါမျိုးကို မှန်အောင် ဖတ်တတ်တဲ့ အရည်အချင်း မရှိဘူး။ သူငယ်ချင်း အချင်းချင်းတော့ ထားပါတော့။ ဒါလဲ အားမပေးဘူး။ လူနာက ရှေ့မှာတင် ရှိရင် အပြောလွဲတာကို ပြန်ပြင်လို့ ရတယ်။ အခုဟာက စာတင်ရတာ။ တချက်မှ အလွဲမခံနိုင်ပါ။

မြန်မာစာရိုက်နေရင်း ဂဏန်းကြတော့ အင်္ဂလိပ်လို ရိုက်နေကြတာ အများကြီးဘဲ။ အောက်ကမြင့်နေရာမှာ (ဖူးလ်စတော့ပ်) ရိုက်တယ်။ မြန်မာပြည်က ကွန်ပြူတာတွေမှာ (ကီးဘုတ်) ကို တမျိုးတမည် တီထွင်ထားသလား မပြောတတ်ဘူး။ ရှစ်တန်းလောက်ရောက်ရင် မြန်မာစာ၊ အင်္ဂလိပ်စာမှာ (ပန်ကျူယေးရှင်း) အဖြတ်အတောက်၊ ပုဒ်မ၊ ပုဒ်ထီး စတာတွေကို သင်ရမယ် ထင်ပါတယ်။ စာတကြောင်းပြီးလို့ ပုဒ်မပြီးရင် (စပေ့စ်) ခြာပြီးမှ နောက်စာတကြောင်း ရေးရတယ်ဆိုတာ အခြေခံသာ ဖြစ်ပါတယ်။ (ဒေါ့တ်) တွေရိုက်ပြီး ဆက်ရေးတာ အတော်လိုက်ပြင်နေရလို့ အချိန်ကုန်လှတယ်။ ကျန်းမာရေး မေးတာဟာ ရေးဖြေစာမေးပွဲ လုပ်နေတာ မဟုတ်တာ မှန်ပါတယ်။ ဒါပေမဲ့ သတ်ပုံလွဲတာ၊ သဒ္ဒါ မမှန်တာ။ အသံထွက် တက်တက်စင် မှားတာတွေ မကြာမကြာ ဖတ်နေရတော့ ပြောချင်လာတယ်။ ကုပေးချင်စိတ် ပေါ်လာလို့။

အဆင့်စာလုံးတွေကို ကွန်ပြူတာမှာ ရိုက်ရတာ တော်တော့လူအတွက် ခက်တာကိုလဲ နားလည်ပေးနိုင်ပါတယ်။ “မန္တလေး” ကို အဆင့်ရှာဘို့ ကြာနေလဲ “မန်းတလေး” လို့ ရိုက်တာကမှ တော်ပါသေးတယ်။ “မန်းလေး” တဲ့။ လူထုဒေါ်အမာ ဘယ်လောက် နားခါးသွားရှာမလဲ။ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တော့မယ်။ သူငယ်ချင်းကို “သယ်ရင်း” လို့ ရေးနေကြပြန်တယ်။ ပြောတာရော၊ ရေးတာပါ မလုပ်သင့်ကြပါ။ ဆရာအောင်ဝေးလဲ သယ်ရင်းမြတ်ခိုင်လို့ ရေးရမလို။

မေးခွန်းအတော်များများ ကျား-မ မသိလို့၊ အသက်မသိလို့ ပြန်မေးတဲ့အခါ ပြန်စာ မလာကြပါ။ ကိုယ့်ရောဂါအတွက် အလေးမထားသူတွေ ရှိနိုင်သလို မြန်မာပြည်မှာ (အင်တာနက်) မကောင်းတဲ့ နေရာကနေ ရေးကြရတာမို့ ဆိုတာလည်း နားလည်နိုင်ပါတယ်။ (အင်တာနက်) ဆိုင်မှာ လာလုပ်ရသူတွေအတွက် ဆေးပညာစာတွေ ပြန်ပို့တဲ့အခါ စာကရှည်နေ၊ များနေရင် အခက်အခဲ ရှိကြမှာပေါ့။ (ပရင့်) ထုတ်ဘို့လဲ ခက်ကြမှာဘဲ။ အပြစ်တင်မစောဘို့ မိဘတွေ၊ ဆရာတွေက သင်ပေးကြတယ် မဟုတ်လား။

ဆေးခန်းလေးမှာ ပညာသင်ပေးရင်း မှားတာ၊ လွဲတာလေးတွေရှိရင် ထောက်ပြရတာကို လူအများရှေ့မှာ အပြစ်တင် ခံရသူအဖို့ ရှက်မှာပါ။ အမြဲတမ်း “ဆရာ စာသင်ရင် ရီစရာ၊ မောစရာလေးတွေ ထည့်ချင်လို့ ပြောတာနော်။ ကဲရဲ့ချင်လို့ မဟုတ်ဘူး” ဆိုတာ လူသစ်လာတိုင်း ပြောဘို့ မမေ့ပါ။ ဆေးခန်းမှာသာ မဟုတ်ပါ။ မေးသူတွေ ရေးလာတာထဲမှာလဲ ရီစရာလေးတွေ ပါတတ်တယ်။ တလောက “ကျွန်တော့် မိန်းမတယောက်” လို့ရေးတယ်။ တယောက်မက ရှိသူလားလို့ ပြန်မေးချင်တာ။ ပြုံးစရာလဲဟုတ်သလို အိမ်ထောင်ဖက်များသူတွေမယ် ကျန်းမာရေးဘက်မှာလဲ ပိုဂရုထားစရာတွေပါ ရှိသေးတာကိုး။

“စာရေးရင် ဖတ်တဲ့သူနားလည်ဘို့က ပိုအရေးကြီးတယ်” လို့ လျှောက်လဲချက်မျိုး ကြားလာရတယ်။ ကျွန်တော်တော့ သဘောမတူပါ။ ဆိုပါစို့ လုံခြုံအောင်တော့ ဝတ်ထားပါရဲ့ အင်္ကျီကြယ်သီး အထက်အောက် လွဲတပ်ထားသလိုနဲ့ တူမနေဘူးလား။ ဆရာဝန်တွေဆိုတာ ဘေးထွက်-ဆိုးကျိုးကို အမြဲကြည့်ကြရပါတယ်။

ကျွန်တော့် လူနာတွေက တော်သေးတယ်။ သီချင်းဆိုတာ၊ ရေဒီယိုမှာလာတဲ့ အသံတွေမှာလဲ တိုင်းရင်းသားမို့ မပီသတာ နားလည်ပါတယ်။ ရွှေဗမာများလဲ စ နဲ့ ဆ လွဲတယ်။ က သတ်နဲ့ တ သတ်၊ မကွဲကြပါ။ ခပ်ဝဲဝဲ၊ ခပ်ချွဲချွဲ စကားဆိုတာ နှစ်ကိုယ်ကြားတော့ ပြောချင်ပြောပေါ့၊ အများကြားဘို့ ပြောကြရတာ မဟုတ်ပါ။ ကိုယ့်စာ၊ ကိုယ့်စကားကို ကိုယ်တိုင် ဖျက်နေကြလို့ ဆရာဝန် မကုနိုင်တဲ့ရောဂါ ဖြစ်နေတာ စိတ်မကောင်းပါခင်ဗျား။

နောက်အကြိန်များတွင်လဲ နောက်အကြိမ်များတွင်လဲ
အသက်ကတော့ 30 ရှိပြီ အသက်ကတော့ ၃ဝ ရှိပြီ
မိန်း မရော. ခလေး ပါ. မိန်းမရော၊ ကလေးပါ၊
သိချင်ဒါက သိချင်တာက
အတူ2နေပြီးရင် အတူတူနေပြီးရင်
တီဗွီရောဂါ တီဘီရောဂါ
အစိုးဆုံးပါ အဆိုးဆုံးပါ
အနီးဆက်စုံး အနီးစပ်ဆုံး
ကွန်ဒွန်၊ ကွန်ဒို ကွန်ဒွမ်
ဌက်နှစ်ကောင်တံဆိပ် ငှက်နှစ်ကောင်တံဆိပ်
သမီး ခလေးအရမ်း လိုချင်ပေမဲ့ သမီး ကလေးအရမ်း လိုချင်ပေမဲ့
ဂရုဏာ တရားတွေကို ကရုဏာ တရားတွေကို
လိပ်ဂေါင်းရောဂါ လိပ်ခေါင်းရောဂါ
ဖျားပြီးတော.ချောင်းဆိုးချွဲကျပ် ဖျားပြီးတော့ ချောင်းဆိုးချွဲကြပ်
ကျွန်တော် မန်းလေးက ကျွန်တော် မန္တလေးက
ဟိုဟာမလာတာလည်း ရာသီ/ဓမ္မတာ မလာတာလည်း
ဆ၇ာဝန်နဲ့ ဘဲပြကြိလိုက်တော့ ဆရာဝန်နဲ့ဘဲ ပြကြည့်လိုက်တော့
အ၇က်ကဒေါ့ အရက်ကတော့
ဖြစ်ခါစ ဖြစ်ကာစ
အရေပြား ဆက်ဆက်မူ အပိုင်းမှာ အရေပြား ဆက်စပ်မူ အပိုင်းမှာ
မျှားနှင့်ကဒ် မြားနှင့်ကဒ်
စမ်းပီးပါပြီ စမ်းပြီးပါပြီ
စအုံနဲ့ စအိုနဲ့
တုတ်ရည်ထွက်နိုင်ပါသလား သုက်ရည်ထွက်နိုင်ပါသလား
စာရေးပီးမေးပါရစေ စာရေးပြီး မေးပါရစေ
မ၇ှိုဘူးစိုဆ၇ာ မရှိဘူးဆိုဆရာ
5မိနစ်လောက် ၅ မိနစ်လောက်
ဆက်စံတဲ့အခါ၅မီးနစ်၁၀မီးဆို ဆက်ဆံတဲ့အခါ ၅ မိနစ် ၁ဝ မိနစ်ဆို
၁ ၇က် ၁ ရက်
အနာသဏ္ဍာန် အနာသဏ္ဌာန်
ပိုပြီးအစဉ်ပြေနိုင်မယ်လို့ထင်ပါတယ်။ ပိုပြီးအဆင်ပြေနိုင်မယ်လို့ ထင်ပါတယ်။
ပျော်စေပြတ်စေသဘောနဲ့ ပျော်စေပျက်စေသဘောနဲ့
အနာဂါတ် အနာဂတ်
ဒါဏ်ရာ ဒဏ်ရာ
မခန်မရပ် နိုင်အောင်နာကျဉ်လေ့ရှိပါတယ် မခံမရပ်နိုင်အောင် နာကျင်လေ့ရှိပါတယ်
အရန်းကျေးဇူးတင်ပါတယ်ရှင်။ အရမ်းကျေးဇူးတင်ပါတယ်ရှင်။
သယ်ရင်းတွေကပြောပါတယ် သူငယ်ချင်းတွေက ပြောပါတယ်
အရှေ့အလယ်ပိုင်းပြဿနာပါ အရှေ့အလယ်ပိုင်းဒေသတွေမှာ အလုပ်လုပ်နေသူလားလို့ အထင်မှားစေတယ်။
အန္ဒရယ်ရနိုင်သလား အန္တရာယ်ရှိနိုင်သလား
ဆရာ့စီကနေလည်းသိချင်လို့ပါ။ ဆရာ့ဆီကနေလည်း သိချင်လို့ပါ။
သွားထက်မစိုက်ဖြစ်ဘူး သွားထပ်မစိုက်ဖြစ်ဘူး
ပြသာနာ ပြဿနာ
တဝက်တပြတ်လောက်မှာ တဝက်တပျက်လောက်မှာ
မျက်စီးကိုက်တတ်တဲ့ရောဂါဖြစ်နေပါတယ် မျက်စီးကိုက်ရင်ခေါင်းပါ ကိုက်ပါတယ်တဲ့။ မျက်စိကိုက်တတ်တဲ့ရောဂါဖြစ်နေပါတယ်၊ မျက်စိကိုက်ရင် ခေါင်းပါ ကိုက်ပါတယ်တဲ့။
အခုထိသွေးစင်းနေတာ အခုထိသွေးဆင်းနေတာ
ကိုယ်ဝင် 3 လ ကိုယ်ဝန် ၃ လ
စောင်ရန်ရှောင်ရန်တွေ ဆောင်ရန်ရှောင်ရန်တွေ
ဘေးထွက်ဆိုးကြိုးမရှိကြောင်း ဘေးထွက်ဆိုးကျိုး မရှိကြောင်း
ကိုယ်ထဲမှာဆွဲစုပ်နေသလို ကိုယ်ထဲမှာ ဆွဲဆုတ်နေသလို
ရားလဲမရား နာလဲမနာဘူးတဲ့ ယားလဲမယား နာလဲမနာဘူးတဲ့
နာလဗိန်းတုံမို့ပါ နလပိန်းတုံးမို့ပါ
လေယုန်ပေါက်ရင် ရေယုန်ပေါက်ရင်
ငွေကျေးလဲ မတတ်နိုင်ပါဘူး ငွေကြေးလဲ မတတ်နိုင်ပါဘူး
ယောင်္ကျားက ယောက်ျားက
ကူးမယ်စို၇င် ကူးမယ်ဆိုရင်
မ၇ှိုဘူးစိုဆ၇ာ။ မရှိဘူးဆိုဆရာ။
ယားတာတော့ပြောက်ပြီ ယားတာတော့ပျောက်ပြီ

သူများအိမ်ခေါင်မိုး ကြည့်ပြောချင်သူဟာ ကိုယ့်တံစက်မြိတ်ကိုလဲ သိရတယ်။ ကျွန်တော်လဲ ကိုယ်ရေးထားတောတွေကို ပြန်ပြန်စစ်ပြီး ပြင်နေရသူသာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၈-၂ဝ၁၂

Friday, August 17, 2012

Bone Marrow Diseases ရိုးတွင်းခြင်ဆီ ရောဂါများ

Thu, Aug 16, 2012 at 1:29 PM
ကျွန်တော့ နာမည်က (့) ပါ။ အသက်က ၃ဝ ပါ။ လက်ရှိ (့) မှာနေပါတယ်။ အိမ်ထောင်မရှိပါ။ ရိုးတွင်းခြင်ဆီ နဲ့ ပတ်သက်တဲ့ ရောဂါတွေအကြောင်း စုံလင်စွာသိချင်လို့ပါခင်ဗျာ။

ရိုးတွင်းခြင်ဆီဆိုတာ အရိုးထဲက အရိုးပွကိုခေါ်တယ်။ အရိုးတိုင်းမှာတော့မရှိပါ။ Sternum ရင်ညွန့်ရိုး၊ Pelvis တင်ပါးဆုံရိုး၊ Femur ပေါင်ရိုး တွေမှာရှိတယ်။ သူ့ထဲမှာ ကနေ့ ဆေးပညာမှာ ခေတ်စားလာတဲ့ Stem cells (စတင်မ်-ဆဲလ်) ဆိုတာတွေ ရှိတယ်။ အမှန်က မရင့်ကျက်သေးတဲ့ Immature cells (ဆဲလ်) တွေဖြစ်တယ်။ သူတို့ကနေ သွေးနီဥ၊ သွေးဖြူဥ နဲ့ သွေးမှုံတွေ ဖြစ်လာရတယ်။

ရိုးတွင်းခြင်ဆီမှာ ရောဂါရရင် အဲဒါတွေဖြစ်လာမှာကို နည်းစေး၊ မှားစေတယ်။ Leukemia ဆိုတာ ပုံမှန်မဟုတ်တဲ့ သွေးဖြူဥတွေ ဖြစ်လာတဲ့ ကင်ဆာဖြစ်တယ်။ Aplastic anemia (အေပလပ်စတစ်) သွေးအားနည်းရောဂါဖြစ်နေရင် သွေးဖြူဥတွေ မထုတ်နိုင်ဘူး။ Lymphoma (လင်ဖိုးမား) ကင်ဆာဖြစ်ရင်လဲ ရိုးတွင်းခြင်ဆီကိုပြန့်လာမယ်။ Genetic makeup မျိုးဗီဇ နဲ့ Environmental factors ပတ်ဝန်းကျင် သက်ရောက်မှုတွေကနေလဲ ရိုးတွင်းခြင်ဆီရောဂါတွေ ဖြစ်လာစေနိုင်တယ်။

တမျိုးမျိုးကို လိုတာထက်ပိုထုတ်နေရင် ကျန်တာတွေထုတ်တာကို နည်းစေမယ်။ တည်နေနိုင်အောင်ထောက်ကူရတဲ့ (တစ်ရှူး) တွေက ပိုများများဖြစ်နေရင် (ဆဲလ်) အရေအတွက်နဲ့ ပုံသဏ္ဌာန်ပြောင်းစေမယ်။ (ဆဲလ်) တွေ သက်တမ်း ကုန်တာ နောက်ကျရင်လဲ များနေမယ်။ သေတာမြန်တာလဲဖြစ်နိုင်တယ်။ သံဓါတ်နည်းနေရင်လဲ Microcytic anemia ရောဂါရစေမယ်။ တခြားနေရာကရောဂါတွေ သူ့ဆီကူးလာရင်လဲ သု့အလုပ်ထိခိုက်တဲ့ရောဂါရစေတယ်။

• Leukemia အကြောင်းရးပြီးဖြစ်ပါတယ်။
• Myeloproliferative disorders (MPD) ဆိုတာက အုပ်စုလိုက်ရှိတယ်။ သက်တမ်းနုသေးတဲ့ (ဆဲလ်) တွေ ပိုထုတ်ပေးနေတယ်။ သွေးဖြူဥ ၅ မျိုးထဲက တမျိုးမျိုး၊ သွေးနီဥ နဲ့ သွေးမှုံကဲပြီးဖြစ်လာမယ်။ မရင့်သေးရင် ရိုးတွင်းခြင်ဆီကနေ မထွက်လို့ အထဲမှာ ရင့်မှည့်မှုမတူတာတွေ ရောထွေးနေမယ်။
• Myelodysplastic Syndrome (MDS) ဆိုတာကလဲ အုပ်စုလိုက်ရှိတယ်။ (ဆဲလ်) ထုတ်လုပ်မှု မူမမှန်တာ ဖြစ်နေတယ်။ အရေအတွက်နည်းလို့ သွေးအားနည်းမယ်။ ရောဂါပိုးဝင်လွယ်မယ်။ သွေးထွက်လွယ်မယ်။ နောက်ပိုင်းမှာ Acute myeloid leukemia ဆိုတာဖြစ်လာစေတယ်။
• Aplastic anemia (အေပလပ်စတစ်) သွေးအားနည်းရောဂါဆိုတာ သွေးနီဥဖြစ်လာစေမဲ့ Stem cell တွေ ထုတ်ပေးတာ နည်းလို့ဖြစ်လာတယ်။ Benzene (ဘင်ဇင်း)၊ Radiation ဓါတ်ရောင်ခြည် နဲ့ တချို့ ဆေးဝါး တွေကြောင့်လဲ ဖြစ်နိုင်တယ်။ မျိုးဗီဇချို့ယွင်းလို့ Fanconi's anemia လဲဖြစ်နိုင်တယ်။ Human parvovirus ဗိုင်းရပ်စ်ကြောင့်လဲ ဖြစ်နိုင်တယ်။
• Plasma cell disorders ဆိုတာ B Lymphocyte နဲ့ သူ့ Antibody protein ကြောင့်ဖြစ်တယ်။

ရိုးတွင်းခြင်ဆီရောဂါ လက္ခဏာတွေက အမျိုးမျိုးဖြစ်နိုင်တယ်။
• Fever ဖျား၊
• Weakness, fatigue, and pallor due to anemia အားယုတ်၊ သွေးအားနည်း၊ ဖြူဖတ်ဖြူရော်ဖြစ်၊
• Weight loss ကိုယ်အလေးချိန်ကျ၊
• Swollen lymph nodes, liver, spleen, kidneys, and testicles တက်စိ၊ ဘေလုံး၊ ကျောက်ကပ်၊ ကျား-အစိတွေ ကြီးလာ၊
• Bleeding and bruising သွေးယို၊ သွေးခြည်ဥ၊
• Night sweats ညချွေးထွက်၊
• Bone and joint pain အရိုး၊ အဆစ်တွေနာ၊
• Frequent infections ရောဂါပိုးခဏခဏဝင်၊
• Headaches, vomiting, confusion, and seizures ဦးနှောက်မှာ သက်ရောက်ရင် ခေါင်းကိုက်၊ အန်၊ စိတ်ရှုတ်ထွေး၊ တက်တာတွေဖြစ်နိုင်တယ်။

Tests စစ်ဆေးနည်းတွေ -
• Complete blood count (CBC) and differential သွေးစစ်ရမယ်။
• Bone marrow aspiration/biopsy လုပ်မယ်။
• Flow Cytometry စမ်းသပ်နည်းလုပ်မယ်။
• Genetic Tests မျိုးဗီဇစစ်နိုင်တယ်။
• Lumbar puncture ခါးရိုးဆစ်ကအရည်ဖေါက်စစ်မယ်။
• X-rays ဓါတ်မှန်ရိုက်မယ်။

Treatment ဘယ်လိုကုသမလဲ
ကာကွယ်လို့မရပါ။ ကုသနည်းတွေမှာ Medicines ဆေးဝါး၊ Blood transfusions သွေးသွင်းတာလုပ်တယ်။ တခြား ကုသနည်းတွေနဲ့ မသက်သာရင် Bone marrow transplant ရိုးတွင်းခြင်ဆီ အစားထိုးနည်းတွေ သုံးရတယ်။ Leukemias ဖြစ်ရင် Chemotherapy or Radiation နည်းတွေနဲ့ကုသတယ်။ Acute leukemia ကို တခါတလေ ကုလို့ ရတယ်။

• Leukemia (လူကီးမီးယား) သွေးကင်ဆာ http://dts-medicaleducation.blogspot.com/2011/02/leukemia.html

ဒေါက်တာတင့်ဆွေ
၁၇-၈-၂ဝ၁၂

Thursday, August 16, 2012

Eye Drops မျက်စဉ်းအမျိုးမျိုး

Wed, Aug 15, 2012 at 4:06 PM
ကျွန်မသည် ကွန်ပျူတာနှင့် အလုပ်လုပ်နေရသူတစ်ဦးဖြစ်ပါတယ်။ မျက်စိများ မကြည်မလင်ဖြစ်ပြီး၊ အမြင်အာရုံ မှုံဝါးဝါး ဖြစ်နေပါသည်။ မျက်မှန်အတွက် စမ်းပြီးပါပြီ။ ပါဝါလဲရှိပါသည်။ အမြဲခပ်လို့ ကောင်းမဲ့ မျက်စဉ်းဆေးရှိလျှင် ညွှန်ပေးစေလိုပါတယ်။

သူများနိုင်ငံတွေမှာ ဆေးဆိုင်ကနေ အလွယ်ဝယ်ရတာ နဲ့ ဆရာဝန်လက်မှတ်နဲ့မှ ဝယ်ရတဲ့ မျက်စဉ်းတွေလို့ ခွဲထားတယ်။ ကျွန်တော်တို့ဆီမှာတော့ ပိုက်ဆံပေးရင် ကြိုက်တာကို ကြိုက်သလောက် ရနိုင်တယ် ထင်တယ်။

မျက်စိက Dryness ခြောက်နေလို့၊ Redness နီရဲနေလို့၊ Itching ယားနေလို့၊ Allergies (အလာဂျီ) ရနေလို့၊ Soreness နာနေလို့၊ Swelling ရောင်နေလို့၊ Eye Discharge မျက်ရည်-မျက်ဝတ် တခုခုထွက်နေလို့ နဲ့ Infection ပိုးဝင်လို့ဆိုတဲ့ အကြောင်းတွေကြောင့် မျက်စဉ်းလိုတယ်။ မျက်စဉ်းမှန်တာကို ရွေးသုံးတတ်ဘို့လိုပါမယ်။

• Dryness မျက်စိခြောက်နေတာအတွက် မျက်စဉ်း
စာအကြာကြီးဖတ်သူ၊ ကွန်ပြူတာ အကြာကြီး သုံးသူတွေမှာ ဖြစ်တတ်တယ်။ အိမ်အပြင်မှာ အကြာကြီး ထွက်နေသူ၊ လေယျာဉ် အကြားကြီး စီးရသူ၊ ရေသောက် နည်းသူတွေမှာလဲ ဖြစ်တတ်တယ်။ အသက်ကြီးသူတွေမှာ ဇရာဖြစ်စဉ်ကြောင့် ဖြစ်တယ်။ အမျိုးသမီးကြီးတွေမှာ သိသိသာဖြစ်မယ်။ Nasal decongestants နှာခေါင်းထဲထည့်ဆေး၊ Diuretics ဆီးသွားစေတဲ့ဆေး နဲ့ Antidepressants စိတ်ကျဆေး သုံးနေသူတွေမှာလဲ လာဖြစ်တတ်တယ်။

မျက်စိ ခြောက်နေရင် Decongestant eye drop အမျိုးအစားမျက်စဉ်း ကိုရှောင်ပါ။ ရက်ရှည်ခြောက်နေသူတွေအတွက် အရည်ထက် Gel or Ointment ကော်မျက်စဉ်း ပိုသင့်တယ်။ ဒါမျိုးခပ်လိုက်ရင် ခဏတာ ကြည့်မကောင်းဖြစ်တာမို့ ညမအိပ်ခင် ခပ်နိုင်တယ်။ မျက်စဉ်းတိုင်းမှာ အထားခံအောင် ဆေးတခုခုထည့်ရတယ်။ တချို့က ဒါမျိုးနဲ့ မတည့်ကြဘူး။ မျက်စဉ်းခပ်လိုက်မှ မျက်စိက နီလာ၊ ယားလာ၊ ရောင်လာရင် မတည့်ဘူးမှတ်ပါ။ ဒါကြောင့် Non-preserved eye drops အထားခံတာမပါတဲ့ မျက်စဉ်းကို အသုံးခိုင်းတယ်။

• Eye Drops for Redness မျက်စိနီတာအတွက် မျက်စဉ်း
Dryness မျက်စိခြောက်တာ၊ Allergy (အလာဂျီ) ရတာ၊ Infection ပိုးဝင်တာ၊ Tiredness မျက်စိအသုံးများတာ နဲ့ ဒီအကြောင်းတွေ စုပေါင်းဖြစ်တာတွေကြောင့် ဖြစ်တတ်တယ်။ Lubricating drop သုံးရတယ်။ ခပ်ရမှာကတော့ Decongestant eye drops ဖြစ်တယ်။ ဒါပေမဲ့ ဆရာဝန်ကို အရင်ပြသင့်တယ်။ သွေးကြောလေးတွေကို ကျဉ်းစေမယ်။ အခြေခံရောဂါ ရှိနေရင် အရှာရခက်စေတယ်။ သုံးမိရင် မျက်စိခြောက်စေတယ်။ ကြာရင် Irritation ကလိခံနေရသလိုမျိုး ဖြစ်စေပြီး နီလာမယ်။ သူငယ်အိမ်ကိုလဲ ကျယ်စေနိုင်တာ သတိထားပါ။

• Allergies, Eye Itching and Eye Drops (အလာဂျီ) အတွက် မျက်စဉ်း
Itchiness ယားတယ်ဆိုတာ (အလာဂျီ) ကြောင့်ဖြစ်တယ်။ တခါတလေ ရောင်တာ၊ နီရဲနေတာ၊ မျက်ရည်ကျတာ၊ မျက်ခွံမို့တာတွေ အတွက်လဲ သုံးနိုင်တယ်။ (အလာဂျီ) ကြောင့်ဆိုရင် Lubricating drops လဲသုံးနိုင်တယ်။ မျက်စိကို မကြာခဏ ဆေးပေးရမယ်။ Antihistamine eye drops (Alaway or Zaditor) မျက်စဉ်းမှာ (အလာဂျီ) ရစေတဲ့ဓါတ်ကို ဆန့်ကျင်တဲ့ ဆေးပါတယ်။ တချို့ မျက်စိနီနေတာအတွက်သုံးတဲ့ Decongestant eye drops မျက်စဉ်းတွေထဲမှာ Antihistamines (အင်တီဟစ်တမင်း) ပါနေတတ်တယ်။

• Eye Drops for Soreness, Swelling or Discharge နာတာ-ရောင်တာ-တခုခုထွက်တာအတွက်မျက်စဉ်း -
Lubricating eye drops ကိုသုံးတယ်။ ဘာလို့ဖြစ်သလဲဆိုတာသိပါ။ ငိုထားလို့၊ ရောင်ရမ်းလို့ နဲ့ (အလာဂျီ) တွေကြောင့် ဖြစ်တာတွေမှာ သုံးနိုင်တယ်။

• Eye infection မျက်စိပိုးဝင်တာကြောင့် မျက်ဝတ် အဖြူ-အဝါတွေထွက်တာအတွက် မျက်စဉ်း -
1. Bacterial conjunctivitis (ဗက်တီးရီးယား) ကြောင့်ဆိုရင် မျက်စိနီပြီးနာမယ်။ မျက်ဝတ်တွေ ထွက်မယ်။ Rx antibiotic eye drops ဆရာဝန်လက်မှတ်နဲ့ဝယ်ရတဲ့ ပိုးသေဆေးပါမျက်စဉ်းလိုမယ်။
2. Viral conjunctivitis (ဗိုင်းရပ်စ်) ကြောင့်ဖြစ်တာက ခပ်ပေါ့ပေါ့ကနေ ဆိုးတာအထိဖြစ်နိုင်တယ်။ မဆိုးရင် သူ့ဖါသူ ပျောက်မယ်။ ဆိုတာကြောင့် နီရဲ၊ မျက်ရည်ကျ၊ မျက်လုံးနာ၊ မျက်ဝတ်ထွက်တာတွေ ဖြစ်လာမယ်။ မျက်စိ ကြည့်မကောင်းတာလဲ ဖြစ်နိုင်တယ်။ Lubricating eye drops သုံးနိုင်တယ်။ ရေအေးဝတ်၊ ရေခဲကပ်ပေးပါ။
3. Allergic conjunctivitis (အလာဂျီ) ကြောင့်ရောင်တာ အဖြစ်များတယ်။ ယား၊ ရောင်၊ မျက်ရည်ကျ၊ မျက်စိ နီရဲတာတွေ ဖြစ်မယ်။ မကူးစက်ဘူး။ Lubricating နဲ့ Antihistamine eye drops မျက်စဉ်းသုံးပါ။ ရေအေးဝတ်၊ ရေခဲကပ်ပေးပါ။ Antihistamines (Zyrtec or Claritin) စားဆေး သောက်နိုင်တယ်။ (အလာဂျီ) ကြာနေသူတွေက Benadryl ကို လနဲ့ချီသောက်ရတယ်။

မျက်စဉ်းတွေဟာ -
Saline ဆားရည်ပါတာတွေ ဖြစ်တယ်။ ဒါ့အပြင် Steroids (စတီရွိုက်)၊ Antihistamines (အင်တီဟစ်တမင်း)၊ NSAIDs အနာသက်သာဆေး၊ Anesthetics ထုံဆေး ပါတာတွေ၊ Sympathomimetics, Beta blockers, Para-sympathomimetics, Para-sympatholytics, Prostaglandins ဆေးတွေပါတဲ့ မျက်စဉ်းတွေ ရှိတယ်။ ဘာဆေးမှ မပါတဲ့ Lubricating နဲ့ Tear-replacing solutions တွေလဲ ရှိတယ်။ Rinse eye drops ခေါ်တယ်။ Glaucoma eye drops မျက်စိရေတိမ်မျက်စဉ်း၊ Mydriatic eye drops သူငယ်အိမ်ကို ကျယ်စေတဲ့ မျက်စဉ်းတွေလဲ ရှိတယ်။

မျက်စဉ်းတွေဟာ သက်တမ်းကုန်တာ မြန်တယ်။ အများအားဖြင့် ၄ ပတ်သာခံတယ်။ Syringe designed saline drops ဆေးထိုးအပ်လို ဆားရည်အမျိုးအစားလဲ ပေါ်လာတယ်။

မျက်စဉ်းနမူနာတွေ -
- Advanced Eye Relief Dry Eye Environmental Lubricant Eye Drops မျက်စိခြောက်တာအတွက်မျက်စဉ်း
- Advanced Eye Relief Dry Eye Rejuvenation Lubricant Eye Drops မျက်စိခြောက်တာအတွက်မျက်စဉ်း
- Alcon Naphcon A Eye Allergy Relief (အလာဂျီ) အတွက် မျက်စဉ်း
- Bausch & Lomb Opcon-A Eye Allergy Relief Drops မျက်စိ (အလာဂျီ) အတွက် မျက်စဉ်း
- Betamethasone eye drops (ကော်တီဇုမ်း) မျက်စဉ်း
- Carboxy methyl cellulose sodium eye drop ဆားရည်မျက်စဉ်း
- Chloramphenicol eye drops (ကလိုရမ်ဖင်နီကော) ပိုးသေမျက်စဉ်း
- Ciprofloxacin eye drop (စစ်ပရိုဖလောက်စာဆင်) ပိုးသေမျက်စဉ်း
- Clotrimazole eye drops (ကလိုထွိုင်မဇိုး) ပိုးသေမျက်စဉ်း
- Dexamethasone eye drops (ကော်တီဇုမ်း) မျက်စဉ်း
- Gatifloxacin eye drop (ဂတ်တီဖလောက်စာဆင်) ပိုးသေမျက်စဉ်း
- Gentamicin eye drops (ဂျင်တာမိုင်စင်) ပိုးသေမျက်စဉ်း
- Lobob Optimum Wetting and Rewetting Drops မျက်စိခြောက်တာအတွက်မျက်စဉ်း
- Neomycin sulphate eye drop (နီယိုမိုက်စင်) ပိုးသေမျက်စဉ်း
- Norfloxacin with dexamethasone eye drop (နော်ဖလောက်စာဆင်) + (ကော်တီဇုမ်း) မျက်စဉ်း
- Ofloxacin eye drops (အိုဖလောက်စာဆင်) ပိုးသေမျက်စဉ်း
- Similasan Computer Eye Relief Eye Drops (ဆင်မဲလ်ဆန်) ကွန်ပြုတာသုံးသူများအတွက်မျက်စဉ်း
- Similasan Dry Eye Relief Eye Drops မျက်စိခြောက်တာအတွက်မျက်စဉ်း
- Soothe Hydration Lubricant Eye Drops မျက်စိခြောက်တာအတွက်မျက်စဉ်း
- Soothe Lubricant Eye Drops (Preservative Free) မျက်စိခြောက်တာအတွက်မျက်စဉ်း
- Soothe Night Time Lubricant Eye Ointment မျက်စိခြောက်တာအတွက်မျက်စဉ်း
- Soothe Tired Eyes Lubricant Eye Drops မျက်စိခြောက်တာအတွက်မျက်စဉ်း
- Sparfloxacin eye drop (စပါဖလောက်စာဆင်) ပိုးသေမျက်စဉ်း
- Sulfacetamide eye drops (ဆာလ်ဖါစီတမိုက်) ပိုးသေမျက်စဉ်း
- Systane Ultra Lubricant Eye Drops မျက်စိခြောက်တာအတွက်မျက်စဉ်း
- Systane Ultra Preservative-Free မျက်စိခြောက်တာအတွက်မျက်စဉ်း
- Terramycin Eye Ointment (ဆာရာမိုင်စင်) ပိုးသေမျက်စဉ်း
- Thera Tears, Lubricant Eye Drops မျက်စိခြောက်တာအတွက်မျက်စဉ်း
- Visine A Eye Allergy Relief Eye Drops (အလာဂျီ) အတွက် မျက်စဉ်း
- Walgreens Sterile Eye Allergy Relief Eye Drops (အလာဂျီ) အတွက် မျက်စဉ်း
- Walgreens Wal-Zyr Itchy Eye Drops မျက်စိယားတာအတွက် မျက်စဉ်း
- Zaditor Antihistamine Eye Drops (အလာဂျီ) အတွက် မျက်စဉ်း

• Pink eye ပန်းရောင်မျက်စိ http://dts-medicaleducation.blogspot.in/2012/02/pink-eye.html
• Computer Eye Strain ကွန်ပြူတာနဲ့ မျက်စိ http://dts-medicaleducation.blogspot.com/2011/01/computer-eye-strain.html
• Eye Allergies မျက်စိနာ မဟုတ်တဲ့ မျက်စိ (အလာဂျီ) http://dts-medicaleducation.blogspot.in/2012/04/eye-allergies.html

ဒေါက်တာတင့်ဆွေ
၁၅-၈-၂ဝ၁၂

Wednesday, August 15, 2012

Q and A August 2012 (2)

1. သားလေးက သြဂုတ်လ ၂၄ ဆို ၅ လပြည့်ပါပြီ။
2. ထိုင်းနိုင်ငံ (့) ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့
3. စအိုမှာ ကျိန်းစပ် နာကျင်နေပြီး
4. အရိုးကြီးပေါင်းတက်သွားပြီတဲ့။
5. ငါးမျက်စိ ဟုတ်မဟုတ်တော့ အသေအချာ မသိပါဘူး။
6. ကျွန်တော့ ကောင်မလေးမှာ ကျန်းမာရေးချူချာပါတယ်။
7. မလုပ်ရင် ဝက်ခြံမထွက်ဘူး။
8. စအိုနားမှာ ပြည်တည်နာဖြစ်လို့
9. ချက်ရဲ့ ဘေးနားမှာ နာသလိုဖြစ်ပေမယ့်

Wed, Aug 15, 2012 at 11:10 AM
သားလေးက သြဂုတ်လ ၂၄ ဆို ၅ လပြည့်ပါပြီ။ ၇့၅ ကီလိုရှိပါတယ်။ ကလေးကို လမ်းလျှောက်ထိုင်ခုံလေးထဲ ထည့်ချင်လို့ ပါ။ ဒါပေမယ့် ကလေး ခါးနာသွားမှာ၊ ခါးကုန်းသွားမှာလည်း ကြောက်လို့ပါ။ ဘယ်အရွယ်လောက်ထည့်ရင် ကောင်းမလဲ အကြံပေးပါအုံးရှင့်။ သားလေးက ၃ လပြည့်ဖို့ ၃ ၇က်အလိုလောက်က စပြီးမှောက်ပါတယ်။ ခုဆို သားလေးကအိပ်ရင် မှောက်အိပ်ပါတယ်။ နှာခေါင်းတော့ မပိတ်အောင် ဂရုစိုက်ပေးပါတယ်။ သူက သူ့မျက်နှာကို စောင်းပြီး အိပ်ပါတယ်။ သူ့ကို ဘယ်လိုဘဲ ပက်လက်ပြန်လှန်လှန် ခဏနေရင် ပြန်ပြီး မှောက်သွားတယ်။ သူအိပ်နေတုန်း ပက်လက်ပြန်လှန်ပေးရင် မကြိုက်ဘူး။ အော်တာဘဲ။ အဲဒါ သူ့ကျန်းမာရေးအတွက် ကောင်းမကောင်း သိချင်လို့ပါ။

သိပ်မစိုးရိမ်ပါနဲ့။ ကလေးမှောက်ချိန် စောသားဘဲ။ မှောက်အိပ်တာလဲ သူ့အကြိုက်ပေါ့။ ၇ လမှာ ထိုင်မယ်။ တချို့ နဲနဲ စောတယ်။ ဘီးတပ်ခုံလေးမှာထည့်တာ ထိုင်တတ်ချိန် ဖြစ်သင့်တယ်။ သိပ်မစောရင် ရပါတယ်။ ကျောမှီပါလို့ ခါးကို မတ်နေစမယ်။ ထိုင်တတ်မှာကို အားပေးရာကျမှာပေါ့။

Tue, Aug 14, 2012 at 9:46 PM
ကျွန်တော့် နာမည် (့) လို့ခေါ်ပါတယ်။ ထိုင်းနိုင်ငံ (့) ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ အိမ်ထောင်ရှင် အသက် ၄ဝ။ ငယ်စဉ်ကတော့ အင်ပျဉ် ဖြစ်ဘူးပါတယ်။ နောက်ပိုင်း ဘာမှ ယားယံ ခြင်းမျိုး မဖြစ်ခဲ့ပါဘူး။ လွန်ခဲ့သော ၁ နှစ်ကျော်မှစပြီး ကိုယ်ခန္ဒာမှာ အနီဖုလေးတွေ ပေါ်လာပြီး မကုတ်ရ မနေနိုင်အောင် အရမ်းယားပါတယ်။ ၁ဝ မိနစ်လောက်ဖြစ်ပြီး ရင်တော့ ဘာမှမဟုတ်သလို ပြန်ကောင်းသွားပါတယ်။ နေပူလို့ဖြစ်တယ်လို့ ထင်ပေမယ့် နောက်ပိုင်း မိုးတွင်းရော ဆောင်းတွင်းမှာပါ လိုက်ဖြစ်လာပါတယ်။ စဖြစ်ကာစ တပတ်တခါလောက်ဖြစ် တတ်ပြီး နောက်ပိုင်း ၂ ရက် ၃ ရက်ခြားတခါ ဖြစ်လာပါတယ်။ တခါတလေ တနေ့ ၂ ခါ ၃ ခါလောက်ဖြစ်ပါတယ်။ အဲဒီလိုဖြစ်လို့ အဝတ်အစားကို တနေ့ တထည် ဝတ်ပါတယ်။ အမြဲ သန့်ရှင်းအောင်လည်း နေပါတယ်။ ဒါပေမယ့် အနီဖုထပြီး ယားတာကေတော့ ဖြစ်တာပါပဲ။ တခါတလေ ညနက်သန်းခေါင် လည်းထဖြစ်တယ်။ စခန်းမှာ ဆေးရုံရှိပေမယ့်လည်း ဘာဖြစ်ဖြစ် ပါရာစီတမော ပဲ ပေးပါတယ်။ အနီးဆုံး ဆေးရုံကို သွားပြချင်ပေမယ့်လည်း အခက်အခဲအများကြီး ဖြစ်ပါတယ်။ အရက် မသောက်ပါဘူး။ ဆေးလိပ်တော့ သောက်ပါတယ်။ အမဲသား၊ ခရမ်းသီး ငယ်ငယ်တည်းက မစားပါဘူး။ တတ်နိုင်သလောက် အစားအသောက် ရှောင်ပါတယ်။ ဒါကြောင့် သောက်ဆေး၊ ထိုးဆေး ဆေးညွှန်းပေးနိုင်ရင် ဆေးမှာလို့ ရပါတယ်။

• Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း
• Allergy သို့မဟုတ် မတည့်အတူနေ
• Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ

Wed, Aug 15, 2012 at 3:13 PM
ကျွန်တော်က အသက် ၂၉ နှစ်အရွယ် အိမ်ထောင်မရှိသူ လူပျို တစ်ဦးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဝမ်းချုပ်တဲ့အတွက် အတော်လေး အားစိုက်ပြီး ရေအိမ်သွားရပါတယ်။ အဲဒီနောက်ပိုင်းက စအိုမှာ ကျိန်းစပ် နာကျင်နေပြီး ယခုထိ မပျောက်ကင်းသေးပါ။ အိမ်သာ သွားသည့်အခါ ပိုဒုက္ခများပါသည်။ ယင်းဝေဒနာ သက်သာပျောက်ကင်းစေရန် မည်သည့်ဆေးဝါးများ သုံးစွဲရမည် ဆိုသည်ကို ကျေးဇူးပြုပြီး ညွှန်ကြားစေလိုပါတယ်။

Fissure-in-Ano (FIA) စအိုကွဲနာ

Sun, Aug 19, 2012 at 4:29 AM
ကျွန်တော် နာမည်က (့) ဖြစ်ပါတယ်။ အခုလက်ရှိ (့) နိုင်ငံမှာ အလုပ်နေသူ တစ်ယောက် ဖြစ်ပါတယ်။ အသက် ၃ဝ ရှိပါပြီ။ ကျွန်တော်ရဲ့ ဘယ်ဘက်ခြေထောက် တင်ပါဆုံနဲ့ ပေါင်ထိပ်အရိုး ဆုံချက်လွဲနေတာဘဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ခြေတစ်ဖက် မသိမသာ နိမ့်ပါတယ်။ ညာဘက်ခြေထောက်ထက် မသိမသာလေး နည်းနည်းသေးပါတယ်။ လမ်းလျှောက်ရင် ပုံမှန်မဟုတ်ဘဲ နည်းနည်းနိပ်နင်း နိပ်နင်းဖြစ်နေပါတယ်။ ညာဘက်ကို ပိုအားပြုတော့ ဘယ်ဘက် နည်းနည်း သေးတာထင်ပါတယ်။ တော်သေးတာက အခြားသူတွေလို ခြေထောက် မသိမ်သွားလို့ပါ။ စပြီးဖြစ်တာကတော့ ၁ဝ နှစ်သားလောက်ကတည်းက ဆော့ရင်းနဲ့ ပေါင်ကာတာ ၃၊ ၄ ခါလောက် ဖြစ်တယ်။ အဲ့ဒီနောက် ပေါင်ထိပ်မှာ အကျိတ်လိုဖြစ်ပြီး လမ်းလျှောက်တာ ထော့ကျိုးလိုဖြစ်နေလို့ မိဘတွေက နီးစပ်ရာ မြန်မာဆရာတွေနဲ့ ကုတယ်။ ဒါပေမဲ့ အချည်းအနှီးသာဖြစ်ခဲ့တယ်။ နောက်ဆုံး အရိုးအကြော ဆေးရုံမှာ ၂ လလောက် တက်ခဲ့ရတယ်။ အရိုးကြီးပေါင်းတက်သွားပြီတဲ့။ လေ့ကျင့်ခန်း တော်တော်ပြန်လုပ်မှ ရမယ်ပြောတယ်။ ပြန်မကောင်းပေမဲ့ သက်သာတာနဲ့ ဆေးရုံက ပြန်ဆင်လာတယ်။ ထပ်မကုဖြစ်တော့ပါဘူး။ ခြေထောက်ကြောင့် လမ်းကြာကြာလျှောက်ရင် အရမ်းနာတယ်။ ခြေထောက်နာနေတဲ့ အချိန်ဆိုရင် ထိုင်ရာကထရင် နာတယ်။ အေးတဲ့ ရာသီဆိုရင် ပိုပြီးနာကျင်တယ်။ အဲ့ဒါကြောင့် ဘယ်ဘက် ခြေထောက်က တင်ပလင်ခွေပြီး ယောက်ျာတွေလို တရားထိုင်လို့ မရဘူးခင်ဗျ။ ဘုန်းကြီးဝတ်တဲ့ အချိန်တို့ ထမင်းစားတဲ့ အချိန်တို့ဆိုရင် တော်တော် ဒုက္ခတွေတယ်။ အခုအချိန်ထိခံနိုင်ရည် ရှိပေမဲ့ အသက်ကြီးလာတဲ့အခါ တော်တော် ခံစားရမယ်ဆိုတာသိလို့ ကြောက်မိပါတယ်။ ကုလို့ရမယ်ဆိုရင် အခုခေတ်မီစက်ကိရိယာတွေနဲ့ ကုသတာတို့ ခြေထောက်ကို စက်တွေနဲ့ ဆွဲဆန့်တာတို့လုပ်ရင် ရနိုင်မလားလို့ သိချင်ပါတယ်။ ပြန်မကောင်းလည်း စိတ်မကောင်း မဖြစ်ပါဘူး။ ဒါပေမဲ့ နာကျင်တဲ့ ဝေဒနာကိုတော့ မခံစားချင်လို့ပါ။

ဆောရီး။ အရိုး-အဆစ်တွေမှာ ဖြစ်တာကြာရင် ပြန်ပြင်ရ၊ ကုရတာ အတော်ကြီးခက်ပါတယ်။ ချက်ချင်းဖြစ်တာကို စနစ်တကျကုမှသာ ကောင်းတဲ့အမျိုးဖြစ်တယ်။

ရောဂါအမျိုးအမည် မသေခြာပါ။ အရိုးကြီးပေါင်းတက်တယ်လို့တော ဖတ်ရပါတယ်။ ဓါတ်မှန် အဖြေမှာကော Spondylosis လို့ ရေးပါသလား။ Spondylosis ဆိုတာ Cervical spondylosis လည်ပင်းနဲ့ Lumbar spondylosis ခါးမှာသာ အဖြစ်များတယ်။

ရောဂါနာမည်ကို အသာထားပြီး ဖြစ်နေတာကို ပြုပြင်ချင်ရင် အရိုးအထူးကုဆရာဝန်ကနေ စမ်းသပ် စစ်ဆေးတာတွေ အရင်လုပ်ရမယ်။ ခေတ်မီ စစ်ဆေးနည်းနဲ့ ကုသနည်းတွေ တိုးတက်လာတာတော့ မှန်ပါတယ်။

သေးတယ်၊ လှီတယ်ဆိုတာက အသုံးချရတာ နည်းလို့ဖြစ်တယ်။ အနာသက်သာဆေး အဆင်သင့်တာကို သောက်သင့်ပါတယ်။ NSAID ဆေးတွေအကြောင်း ရေးထားတာရှိပါတယ်။

Sun, Aug 19, 2012 at 7:23 AM
အမည် (့)၊ အသက် ၃၂၊ နေရပ် (့)။ ကျနော့်ခြေမအောက်ဖက်မှာ အသားမာတက်နေတာ တစ်နှစ်ကျော်လောက် ရှိပါပြီ။ စဖြစ်ဖြစ်ချင်းတုန်းက မနာပေမယ့် လွန်ခဲ့တဲ့ခြောက်လကျော်လောက်ကစပြီး အသားတင်းလာရင် ဖိရင် နာတယ် အောင့်တယ်။ အဲလိုဖြစ်လို့ လက်သည်းညှပ်နဲ့ ညှပ်ထုတ်လိုက်ရင် အနာ သက်သာသွားပါတယ်။ မနာတော့သလောက်ပေါ့။ အသားမာလေးတွေဆိုတော့ ညှပ်ထုတ်လို့လည်း မနာပါဘူး။ တစ်ပတ်လောက်ကြာသွားရင် အသားမာလေးတွေ ပြန်ပြည့်လာရင် တင်းပြီး ဖိမိရင် ပြန်နာလာပါတယ်။ ငါးမျက်စိ ဟုတ်မဟုတ်တော့ ကျနော် အသေအချာ မသိပါဘူး။ ရှင်းပြထားတဲ့အတိုင်းဆိုရင် ခွဲလိုက်ရင် ကောင်းသွားမယ်ဆိုပေမယ့် ကျနော်က အခု (့) ရောက်နေတာဆိုတော့ ခွဲဖို့ကိစ္စက အဆင်မပြေဘူး။ နောက်နှစ် အလည်ပြန်လာတဲ့အချိန်ဆိုရင် ပျောက်ကင်းအောင် ကုသဖို့ စဉ်းစားထားပေမယ့် အခုလက်ရှိ ဒီရောက်နေတဲ့ အချိန်အတွင်း လုံးဝပျောက်ကင်းအောင် (သို့) သက်သာအောင် ကုသနိုင်တဲ့ တခြားနည်းလမ်း ရှိမရှိ သိချင်ပါတယ်။ ဆေးဝါးရှိပါက ရန်ကုန်တွင် အလွယ်တကူ ၀ယ်ယူနိုင်သည့် ဆေးဆိုင်နှင့် ဆေးအမျိုးအစားကို အကြံပြုစေချင်ပါတယ်။ မရိုမသေ ဓာတ်ပုံထည့်ပေးလိုက်ပါတယ်။

Corn ငါးမျက်စိ ပို့လိုက်ပါတယ်။
ဖြစ်တဲ့နေရာကို ရေမကြာခဏဆေးပေးပါ။ ကိုယ်တိုင်လှီးပြစ်လို့ရသလောက်လှီးထုတ်ပါ။ အဖိအားသက်ရောက်တာကို အတတ်နိုင်ဆုံး ရှောင်ပါ။ Moisturizer (Emollients) ခေါ်တဲ့ ဆေးလိမ်းနိုင်တယ်။ သူက အစိုဓါတ်ကိုသာပေးမယ်။ အက်စစ်ပါတဲ့ဆေး မသုံးသင့်ပါ။ အတိုင်းအဆ မှန်းရခက်တယ်။

Sun, Aug 19, 2012 at 10:15 PM
ကျွန်တော်က (့) မှာ အလုပ်လုပ်နေတာဖြစ်ပြီး ကျွန်တော့ ကောင်မလေးမှာ (့) မှာ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ ကျွန်တော့ ကောင်မလေးမှာ ကျန်းမာရေးချူချာပါတယ်။ ခုတစ်လော သူ့မျက်နှာဘယ်ဘက်ခြမ်းကစပြီး ဘယ်ဘက် လက်ချောင်းလေးတွေအထိပါ ကိုက်နေပါတယ်။ ကိုက်လွန်းလို့ ညဘက်တွေဆို အိပ်လို့မရပါဘူးတဲ့။ ကျွန်တော် ကိုယ်တိုင်ကလည်း အဝေးမှာလည်းဖြစ်နေပြန် ဘာမှလည်း နားမလည်တော့ ရမ်းသမ်းပြီး အကြံမပေးရဲပါဘူး။ ရန်ကုန် မှာတုန်းကလည်း ဖြစ်ဖူးတယ်လို့ပြောပါတယ်။ သူ့မှာ သွေးအားနည်းရောဂါလည်း ရှိတယ်လို့ ပြောပါတယ်။ ၂ လကို ၁ ခါလောက် အကြောဆေးသွင်း မသွင်းရင်မူးနေတက်ပါတယ်တဲ့။ အဲ့ဒါ ဘယ်လိုဆောင်ရွက်ပြီး မည်သည့်ဆေးများ သောက်သင့်တယ်ဆိုတာကို ဖြေကြားပေးပါ။

ဖြစ်တဲ့သူ အသက် ၂ဝ နဲ့ ၃ဝ ကြားနေမှာပေါ့။ ဆေးစစ်ဘူးလားမသိပါ။ အားဆေး စတာသောက်နေ-မနေ မသိပါ။ အကိုက်အခဲပျောက်ဆေး သောက်နေ-မနေ မသိပါ။
သွေးအားနည်းတာအတွက် သံဓါတ်အားဆေး အမြဲသောက်နေရပါမယ်။ Ferrous sulphate, Ferrous Fumeate တမျိုးမျိုး တနေ့ ၂ ကြိမ်သောက်ရမယ်။ ဗီတာမင် (ဘီ) အုပ်စုဆေးလဲ တနေ့ ၂ ကြိမ် သောက်ရမယ်။ ဒီဆေး ၂ မျိုးလုံးက ရှာလို့လဲ လွယ်တယ်။ ဈေးလဲမကြီးဘူး။ တံဆပ် သိပ်ကောင်းပြီး ဈေးတင်ရောင်တာမျိုး မလိုပါ။
အနာအကိုက်ပျောက်ဆေးတွေ အမျိုးမျိုးထဲက တမျိုးမျိုးသောက်ရမယ်. နာမှ-ကိုက်မှသာ သောက်ဘို့လိုမယ်။ Paracetamol. Aspirin, Ibuprofen, Diclofenic တမျိုးမျိုး။ ဈေးမကြီးကြပါ။ တမျိုးကို ၃-၄ ရက်သောက်လို့ မထူးရင် နောက်တမျိုးပြောင်းနိုင်တယ်။ ဒီဆေးမျိုးကို ဆေးကို အစာနဲ့တွဲသောက်တာကောင်းတယ်။
ဖြစ်နိုင်ရင် ဆေးစစ်ပါ။ သွေးခုန်နှုန်း၊ သွေးဖိအား သိချင်တယ်။ အစာအာဟာရ ပြည့်ဝ မျှတအောင် စားသောက်ပါ။
စိတ်ချမ်းသာအောင် ဂရုစိုက်ပါ။ အားတဲ့အချိန် ကိုယ်လက်လှုတ်ရှားမှု၊ တရားထိုင်တာ လုပ်ပေးသင့်ပါသေးတယ်။

Tue, Aug 21, 2012 at 4:22 PM
ကျနော်က အသက် ၂၅ နှစ်ပါ။ ကျနော် အခုထိ ဝက်ခြံပေါက်နေတုန်းပါပဲ။ ဝက်ခြံက မာစတာဗေးရှင်း လုပ်လိုက်တာနဲ့ နောက်နေ့ထွက်လာတာပဲ။ မလုပ်ရင် ဝက်ခြံမထွက်ဘူး။ အခုထိ အလိုဖြစ်နေတယ် ဘာဆေးသောက်ရမလဲ။ ဘယ်လိုပြုပြင်နေထိုင်ပေးရမလဲ။

Acne ဝက်ခြံ ရောင်စုံ
Acne Laser treatment ဝက်ခြံကို လေဆာ နဲ့ ကုသခြင်း

Mon, Aug 20, 2012 at 3:15 PM
ကျွန်တော့် နာမည် (့) ပါ၊ ၄၅ နှစ် ရှိပါပြီ။ ၁၉၉၈ နဲ့ ၂ဝဝဝ တုန်းက စအိုနားမှာ ပြည်တည်နာဖြစ်လို့ (၄) ရက်လောက် ဆေးထိုးဆေးစားနဲ့ ပျောက်ဘူးပါတယ်။ ၂ဝဝ၉ တုန်းက ဖြစ်တော့ အနာပြည်ပေါက်တာက (၄) ရက်လောက်ဆို ပေါက်သွားတယ်။ ညနေဆို သာငံရည်ထွက်နေတဲ့အတွက် ဆေးခန်းက အန်တီဘိုင်အိုတစ် မနက်၊ ည တစ်လုံး တစ်လ သောက်ခိုင်း၍ ပျောက်ခဲ့ပါတယ်။ ငရုတ်သီးအစပ် အမြဲရှောင်ပါတယ်။ ဝမ်းမချုပ်အောင် မနက်သွားမတိုက်ခင် ရေမတ်ခွက်အပြည့် သောက်ပါတယ်။ အလေးစွန့်ပြီးတိုင်း စအိုပတ်လည် အနီးတစ်ဝိုက်ကို ဆပ်ပြာနဲ့သေသေချာချာ ဆေးပါတယ်။ ဒါက ကျွန်တော့်ရောဂါရာဇဝင်ပါ။ တလောက အခန့်မသင့်လို့ပြန်ဖြစ်တယ်။ စအိုတစ်ဝိုက် တင်းပြီး မာသလို စဖြစ်တာနဲ့ ဆေးခန်းပြတာ မြန်လို့ အနာယောင်တာ ကြီးတာမဖြစ်လိုက်ဘူး။ အခုအနာမှာ ကိုက်တာ နာတာ ယောင်တာ လုံးဝ မရှိပါတော့ပါ။ ဒါပေမယ့် ညနေ (၃) နာရီလောက်ရောက်တိုင်း အနာဝကနေ မျက်ချေးလိုမျိုးလေးတွေ ထွက်နေတာ (၁ဝ) ရက်နီးပါး ရှိပါပြီ။ ဆရာ့ရဲ့ ဘလော့ဂ်ထဲက ဂရင်ဂျီနာ (Fistula)အကြောင်းလည်း ဖတ်ရှုရပါတယ်။ အနာသဏ္ဌာန်က စအိုအတွင်းပိုင်းနံရံကနေ ထွက်လာပြီး စအိုပေါက်ရဲ့အနောက်ဖက် လက်တစ်လုံးခန့်အကွာမှာ အနာဝ တစ်ပေါက် ဖြစ်နေတာပါ။ လက်နဲ့ဖိစမ်းကြည့်ရင် အကြောမြောင်းလေးတစ်မြောင်းကို ဖုတု ဖုတုနဲ့တွေ့နေရပါတယ်။ ဆရာ့ရေးတဲ့ fistula အကြောင်းထဲက မြင်းခွာသဏ္ဍာန် ဖြစ်မယ်လို့ထင်ပါတယ်။ ဒီလိုဖြစ်လိုက် သားငံရည်ထွက်လိုက် ပျောက်လိုက် ရေရှည်မှာ စအိုကင်ဆာ ဖြစ်နိုင်ခြေ ရှိ၊ မရှိ။ ကျွန်တော့်ရောဂါအခြေအနေဟာ ခွဲစိတ်ကုသမှု ပြုလုပ်ဖို့ လိုအပ်ပါသလား။

ဂရင်ဂျီနာ ဟုတ်ပါမယ်။ ခွဲစိတ်ဘို့ဆိုတာ အေးအေးဆေးဆေးလုပ်လို့ရပါတယ်။ အနေရ-အထိုင်ရ ခက်လာမယ်၊ ခဏခဏ အနာဖြစ်လာမယ်ဆိုရင် ဆရာဝန်ကနေ စစ်ပါမယ်။ ခွဲဘို့အကြံပေးပါလိမ့်မယ်။ မြင်းခွါပုံကတော့ ခွဲမှာ သိတာဖြစ်တယ်။

Mon, Aug 20, 2012 at 4:29 PM
ဦးဇင်းက (့) က အရှင် (့) ပါ။ ပြီးခဲ့တဲ့ သုံးပတ်လောက်က လေချုပ်သလိုဖြစ်ပြီး အနေရခက်ပါတယ်။ တစ်ပတ်လောက် အကြာမှာတော့ ဗိုက်အနည်းငယ်နာလာပါတယ်။ အပြင်းအထန်နာတာမျိုး မဟုတ်ပါဘူး။ ဘယ်ဖက်ခြမ်း ချက်ရဲ့ ဘေးနားမှာ နာသလိုဖြစ်ပေမယ့် ဝမ်းဗိုက်တစ်ပြင်လုံးကို လေအောင်သလိုဖြစ်နေတာပါ။ နာရီဝက် တစ်နာရီခြား နှစ်နာရီခြား တစ်ခါတစ်ရံလည်း တစ်မနက်လုံး ဘာမှမဖြစ်သလိုပါပဲ။ နှစ်ပါတ်လောက်အကြာမှာ အနီးနားရှိ ဆေးခန်းလေးကို သွားပြပါတယ်။ ပထမ သုံးရက်စာ ဆေးသုံးမျိုး ပေးလိုက်ပါတယ်။ သုံးရက်ပြည့်လို့ သိပ်မထူးခြားတာနဲ့ ဒုတိယအကြိမ်ထပ်သွားပါတယ်။ နောက်သုံးရက်စာ ဆေးငါးမျိုးပေးလိုက်ပါတယ်။ ဒါလည်း ထူးခြားမှုမရှိပါဘူး။ (ပထမနဲ့ ဒုတိယ အကြိမ်တွေမှာ ပေးလိုက်တဲ့ ဆေးများမှာ ဓာတ်ပုံပါအတိုင်းဖြစ်ပါတယ်) ဒါနဲ့ သံကောင်ကြောင့် ဗိုက်နာသလားလို့ ဆိုပြီး သံချဆေး (Vermox 500 mg) ကို ဝယ်သောက်လိုက်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဗိုက်မနာတော့ပါဘူး။ ဒါပေမယ့် ယခင်အစကဖြစ်သလို လေချုပ်ပြီး နေထိုင်ရတာ မအီမသာဖြစ်နေတာက ကျန်နေပါတတယ်။ အဲဒါလည်းအမြဲတမ်းမဟုတ်ပါဘူး။ လေရပြီးရင်တော့ နောက်ထပ် ငါးမိနစ် ဆယ်မိနစ်ခန့် နေထိုင်ရကောင်းပါတယ်။ မဟုတ်ရင်တော့ အပေါ်ကိုလေတက်ချင်သလို ဗိုက်ကတင်းပြီးနေသလိုနဲ့ နေထိုင်ရ မအီမသာဖြစ်နေပါတယ်။ စာကြည့်ရတာတောင် ဆောင့်ကြောင့်ထိုင်ရမလိုဖြစ်နေပါတယ်။ ဖြစ်နေတာက အပြင်းအထန်ပုံစံမျိုးလည်းမဟုတ် နေရထိုင်ရခက်ရုံနဲ့ ခံစားရတာကို ပြောပြရ အခက်ကြီးလည်း ဖြစ်နေပါတယ်။ ခါတိုင်း ကျန်းမာရေးမကောင်းတဲ့အခါ ပြနေကြ ပုဂ္ဂလိကဆေးရုံက ဆရာဝန်မကြီးကလည်း ပြည်ပခရီးထွက်နေတဲ့အတွက် အကြံပြုချက်တောင်းလိုက်ရတာပါ။

ဦးဇင်းဘုရား။ ရေးပြတာတွေကိုဖတ်ပြီး ခန့်မှန်းချေဖြစ်နိုင်တာကို ပြောပါမယ်။ ဗိုက် ဘယ်ဘက်ဆိုရင် သိပ်ကြီး မစိုးရိမ်ရပါ။ အူအတက် နဲ့ အသဲ မဟုတ်နိုင်တာ ကောင်းပါတယ်။ လေကိုသာ စဉ်းစားတာမှန်ပါတယ်။ လေက အစာအိမ်နဲ့ အူ နှစ်ပိုင်းကနေ ဖြစ်စေတယ်။

အစာအိမ်ဆိုရင် လေနာဆေး ဥပမာ Gelmag, Antacid, Digene လိုဆေးကတော့ မလွဲမသွေး သောက်ကြရတယ်။ ဆိုးကျိုးလဲ မဖြစ်စေပါ။ နောက်တချက်က အစာကောင်းကောင်းမချက်တာကနေလဲဖြစ်နိုင်လို့ အစာစားပြီးချိန် Ezyme, Lupizyme အစာကျေဆေး ၃-၄ ရက်လောက်သောက်နိုင်တယ်။ အစာစားပြီး ခဏနားတာ၊ မြန်မာလျှက်ဆားကနေလဲ အထောက်အကူပြုပါမယ်။ နာတာ၊ အောင့်တာသက်သာဘို့ နာတဲ့အချိန်မှာ Buscopan, Spasmogin လိုဆေး တမျိုးမျိုး သောက်နိုင်ပါတယ်။ ဖြစ်နေတုံးမှာ ကျေချက်လွယ်တဲ့အစာ ရွေးစားသင့်ပါတယ်။ စိတ်ဖိအား များရင်လဲ လျှော့ချပါ။

Tue, Aug 21, 2012 at 6:50 AM
ကျွန်တော်ကတော့ တီဘီရောဂါ ပျောက်ကင်းတာ ၆ လလောက် ရှိပါပြီ။ အသက်က ၂ဝ ကျောင်းသားတစ်ယောက်ပါ။ ဖြစ်ချင်တော့ ကျွန်တော့်ကို စာလာသင်ရန် လွန်ခဲ့တဲ့နှစ်လလောက်မှခေါ်တဲ့ ဆရာမမှာ တီဘီရောဂါ ရှိမှန်းသိရပါတယ်။ ဆရာမက သူလာသင်တိုင်း ချောင်းတစ်ချက်တစ်ချက်ဆိုးပါတယ်။ သူဆိုးတဲ့အခါမှာလက်ကိုအုပ်ပြီးဆိုးသော်လဲ ကျွန်တော် သူ့ဆီက ရောဂါပြန်ကူးမှာ ကြောက်တယ်။ စာမေးပွဲ ဖြေရန်လဲတစ်လလောက်ပဲ ကျန်တော့တာ။ ဆရာမနဲ့ ကျွန်တော်က နှစ်ယောက်တည်း တစ်တောင်အကွာကနေ သင်ရတာ။ အိမ်ကိုပြောတော့ မကူးလောက်ဘူး။ တစ်လလောက်ပဲ ကျန်တော့တာ သင်လိုက်တော့လို့ပြောတယ်။ ကျွန်တော် ချောင်းဆိုးတဲ့အချိန်ကို နည်းနည်းရှောင်ပြီး ဆက်သင်သင့်လား။ ဒီလိုပဲ နီးနီးကပ်ကပ်နေရင် ကူးသွားနိုင်သလား။ ချောင်းဆိုးတဲ့အချိန်ပဲ ကူးနိုင်သလား။ အရေးကြီးရင်လုံးဝရှောင်ရန်လိုအပ် သလားအကြံပေးပါအုံး။

ကိုယ်တိုင် တီဘီ ဖြစ်ဘူးထားသူဆိုတော့ ရောဂါအကြောင်း အတော်အသင့်သိမှာပါ။ တီဘီ မှာ သူများကိုကူးစေနိုင်တဲ့ သလိပ်ထဲမှာ ပိုးရှာလို့တွေတာ နဲ့ သူများကိုမကူးစေနိုင်တဲ့ သလိပ်ထဲ ပိုးမတွေ့တာ ၂ မျိုးရှိပါတယ်။ ဆရာမမှာ ဘာရှိနေပါသလဲ။ တီဘီ ဖြစ်ဖူးသူနဲ့ တီဘီ ကာကွယ်ဆေး ထိုးထားတဲ့ကလေးတွေက ရောဂါကို ခံနိုင်ရည်ရှိနေကြပါပြီ။ ချောင်းဆိုးတိုင်းတော့ တီဘီ မဟုတ်ပါ။

Tuesday, August 14, 2012

Tooth Transplantation and Toothache: သွားမေးခွန်းများ

Tue, Aug 14, 2012 at 6:36 AM
ဆရာရှင့် သွေးလှူတာနဲ့ ပတ်သက်ပြီး မေးခွန်းတခု ထပ်မေးပါရစေ။
- သွေးဆုံးပြီး အမျိုးသမီးတွေဟာ သွေးလှူလို့ ရပါသလား။ ဘယ်အသက်အရွယ်လောက်ထိ လှူနိုင်ပါသလဲ။
- သွေးမဆုံးအောင် သွေးဆုံးချိန်ကို ဆွဲထားနိုင်အောင် ဆေးသောက်လို့ ရပါသလား။
- သွားအစားထိုးကုလို့ရပြီလို့ ကြားပါတယ်။ ဘယ်နိုင်ငံမှာပါလဲ။ ဘယ်လောက် ကုန်ကျနိုင်ပါသလဲ။ သွားအစစ်လို ဝါးလို့ကိုက်လို့ ရပါသလား။

Autogenous tooth transplantation (Autotransplantation) လူတယောက်တည်းမှာ တနေရာပေါက်နေတဲ့ သွားကို တခြားနေရာကို ခွဲစိတ်နည်းနဲ့ ရွေ့စိုက်ပေးနည်း ပေါ်နေတာ ၁ဝ နှစ်မကကြာပါပြီ။ ဥပမာ အံသွားကို ရှေ့သွားနေရာရွေ့တာ။ စမ်းသပ်မှုအဆင့်ကနေ လက်တွေ့ လုပ်ပေးလာနိုင်ပြီ ဖြစ်တယ်။ Autotransplantation နည်းက အောင်မြင်မှု အများဆုံးလို့ ဆိုတယ်။ ၅ နှစ်အထိ အောင်မြင်တာ ၉ဝ% ရှိတယ်။

Tooth Transplantation သွားအစားထိုးစိုက်ပေးခြင်းဆိုတာ ကိုယ်ပိုင်သွားကို နေရာရွေ့စိုက်ပေးတာနဲ့ တခြားလှူသူရဲ့ သွားကို ရယူစိုက်ပေးတာ နှစ်မျိုးလုံးလုပ်နိုင်တယ်။ နည်း (၃) နည်းရှိတယ်။ (၁) Fixed bridgework (၂) Dental implants နဲ့ Removable partial dentures တို့ဖြစ်ကြတယ်။ ပညာပိုင်း အခေါ်အဝေါ်တွေလဲရှိပါတယ်။ Autogenous transplantation, Allogeneic transplantation, Isogeneic transplantation, Xenegeneic transplantation

၁၂-၇-၂ဝ၁၁ နေ့ ဂျပန်ကလာတဲ့သတင်းမှာ “Artificially grown tooth transplanted into mouse ကြွက်တွေကို စမ်းသပ်အောင်မြင်တယ်” ဆိုတာ ဖတ်ရတယ်။ ကြွက်သန္ဓေ (ဆဲလ်) မှာ သွားကို မွေးယူနည်း ဖြစ်တယ်။ Tokyo University of Science in Japan မှာ အောင်မြင်ခဲ့တာ ဖြစ်တယ်။ အဲလိုမွေးယူရတာ ၂ လအချိန်ယူတယ်။ စိုက်ချင်တဲ့နေရာကို စိုက်ပေးတဲ့အခါ ရက်ပေါင်း ၃ဝ အကြာမှာ သွေးကြောတွေနဲ့ အာရုံကြောတွေ ပေါက်လာတယ်။

ကုန်ကျစရိတ် မသိပါ။ သေခြာတာကတော့ သွားနဲ့ပတ်သက်တာမှန်သမျှ ဈေးကြီးပါတယ်။ လုပ်ပေးတဲ့သွားကလဲ ဝါးလို့ရမယ်။ သွားအထူးကုဆေးရုံကလဲ ဝါးပါမယ်။

“သွေးဆုံးချိန်ကို ဆွဲထားနိုင်အောင် ဆေးသောက်လို့ ရပါသလား” မေးခွန်းအတွက်
1. Menopause (1) သွေဆုံး-သားဆုံး (၁) http://dts-medicaleducation.blogspot.in/2010/12/menopause.html
2. Menopause (2) သွေဆုံး-သားဆုံး (၂) http://dts-medicaleducation.blogspot.in/2012/03/menopause-and-perimenopause.html တွေကို ဖတ်ပါခင်ဗျား။
ဒေါက်တာတင့်ဆွေ
၁၄-၈-၂ဝ၁၂ 6-3-2013 Facebook
သွားကိုက်ပျောက်ဆေးလေး ညွှန်ပေးပါအုံး။

Toothache: First aid သွားကိုက်ခြင်း ရှေးဦးသူနာပြုခြင်း
(၁) Self-care tips အိမ်မှာလုပ်နိုင်သည်များ
• Rinse your mouth with warm water ရေနွေးငုံပါ။ ရေနွေးနဲ့ ပလုပ်ကျဉ်းပါ။
• Use dental floss သွားရှင်းစရာနဲ့ သွားကြားထဲရှိနေတာတွေကို ရှင်းပေးပါ။
• OTC pain reliever to dull the ache ဆေးဆိုင်ကအလွယ်ဝယ်ရတဲ့ အနာ-အကိုက်ပျောက်ဆေး တခုခုကို ဆေးညွှန်းအတိုင်း သုံးပါ။
• OTC antiseptic containing Benzocaine ဆေးပါတဲံ ထည့်ဆေးကိုက်တဲ့နေရာမှာ ထည့်ပါ။
• Direct application of oil of cloves (eugenol) လေးညှင်းဆီသုံးနိုင်ပါတယ်။

(၂) Call your dentist ၂-၃ ရက်နဲ့ မသက်သာရင် သွားဆရာဝန်ကိုပြပါ။
• Painkillers အနာသက်သာဆေးများ http://dts-medicaleducation.blogspot.in/2012/06/painkillers.html
• NSAIDs (1) အကိုက်အခဲပျောက်ဆေးများ http://dts-medicaleducation.blogspot.in/2012/06/nsaids.html
• NSAIDs (2) အကိုက်အခဲပျောက်ဆေးတွေကို လေ့လာခြင်း http://dts-medicaleducation.blogspot.com/2011/11/nsaid.html

Thursday, August 9, 2012

Q and A August 2012 (1)

1. အဲတာ လိပ်ခေါင်းရောဂါလား။
2. Specialist နဲ့ပြတော့ (၅) ချောင်းလုံး နုတ်ရမယ် ပြောပါတယ်။
3. She is worried about her stomach pain
4. လွန်ခဲ့တဲ့ ၁ လခွဲလောက်က မျက်စိကျိန်းပါတယ်။
5. ရင်ဘက်မှာ အနီရောင်အဖု သေးသေးလေးတွေ
6. အရက်သောက်ရင်းနဲ့ အကင်တွေစားရင်း
7. I am travelling to Myanmar in October
8. ပါးဘယ်ဘက်ခြမ်းမှာ အဖုထွက်နေပါတယ်။
9. မျက်စိထဲကို သံပရာရည်ခပ်ပါတယ်။

Thu, Aug 9, 2012 at 1:44 PM
ကျွန်မရဲ့ (၃) နှစ် သမီးလေးမှာ သွားရောဂါပြဿနာ ရှိနေပါတယ်။ အပေါ်ရှေ့သွား (၄) ချောင်လုံး ပိုးစားပြီး တချောင်းက ပြည်တည်နေပါတယ်။ Upper front molar tooth ကလဲ အပေါက်ဖြစ်ပြီး ကိုက်နေပါတယ်။ Specialist နဲ့ပြတော့ (၅) ချောင်းလုံး နုတ်ရမယ် ပြောပါတယ်။ တချို့သွားတွေကို Filling လုပ်ရမယ်။ ခွဲစိတ်ခန်းမှာ မေ့ဆေးနဲ့လုပ်ရမယ်၊ ခန့်မှန်း (့) ဒေါ်လာ ၄ဝဝဝ ကျော်လောက် ကုန်ကျမယ်ပြောပါတယ်။

ဒီအရွယ်မှာ ငယ်သွားတွေသာဖြစ်တယ်။ သိပ်စိုးရိမ်စရာမရှိပါ။ သွားဆရာဝန်တွေကလဲ တနေရာနဲ့ တနေရာ မတူပါ။ ကုန်ကျစရိတ်က များလွန်းတော့ စဉ်းစားတာ မှန်တယ်။

ပိုးဝင်နေတာအတွက် ပိုးသေဆေး လိုမယ်။ အနာသက်သာဆေးလဲလိုမယ်။ သင်ပေးလို့ရရင် ဆားရည်နဲ့ ပလုပ်ကျဉ်းတာ လုပ်ရမယ်။ ပါးစပ်ဆေးတဲ့ ဆေးရည်က အတော်ထိရောက်တယ်။ အလွယ်ဝယ်လို့ရတယ်။ ဥပမာ Clohex Antiseptic and Antiplague Mouthwash ဆေးရည်။

ပိုးသေဆေးကတော့ Amoxacillin ဆိုရင်ရပါမယ်။ Paracetamol ကို ကလေးအလေးချိန်နဲ့တိုင်း တိုက်ရမယ်။ မများစေရဘူး။

ဆရာသိသလောက် စကားမပီတာ မဖြစ်စေပါ။

Thu, Aug 9, 2012 at 12:28 PM
ကျွန်တော့် နာမည်က (့) ပါ။ အသက်က ၂၂ နှစ်၊ ကိုယ်အလေးချိန် ၁၃၅ ပေါင်၊ အရပ် ၅ ပေ ၆ လက်မပါ။ လွန်ခဲ့တဲ့ တပတ်လောက်က ဝမ်းချုပ်လို့ အိမ်သာသွားတော့ စအိုမှာ အသားနုနုလေး ထွက်နေတာကို စမ်းမိတယ်တယ်။ အကြီးကြီးလဲ မဟုတ်ဘူး။ အရင်က မရှိပါဘူး။ ဝမ်းသွားတိုင်းလဲ မဟုတ်ဘူး။ နည်းနည်းညှစ်ရတဲ့အခါမှ တွေ့တယ်။ အဲတာ လိပ်ခေါင်းရောဂါလား။ ကျွန်တော်က ကာယဗလကို တော်တော်နှစ်သက်တယ်။ ဒါပေမယ့် အခု အလေးကြီးတွေ မမရဲတော့ဘူး။ ခဏနားနေရတယ်။ လိပ်ခေါင်းရောဂါဆိုရင် ဘာလုပ်ရမလဲ။ ကာယဗလ စွန့်လွှတ်ရမှာလား။ နောက်ပြီးတော့ အရေပြားမှာ ညှင်းပေါက်ရင် ဘာဆေးသောက်ရမလဲ။ အစတုံးက သတိမထားမိပေမဲ့ အခုနားလိုက်မှ ပိုသိသာလာတယ်။ ၅ လလောက်တော့ ရှိပြီ။

Tinea Versicolor (Pityriasis Versicolor) ညှင်း
• Malassezia furfur ကြောင့်ဖြစ်ပြီး၊ အဖြူ-ပန်းရောင် ကတ္တီပါလို နူးညံ့တယ်။ ခန္ဓာကိုယ် အပေါ်ပိုင်းမှာ ဖြစ်တယ်။
• Selenium sulfide 2.5% lotion or Shampoo လိမ်းဆေး ၇-၁၄ ရက် လိမ်းပါ။
• Ketoconazole shampoo 1% or 2% လဲ ထပ်မဖြစ်အောင် ၃ပါတ်ကြာအောင် လိမ်းပါ။
• Ketoconazole 200 mg daily orally for 1 week or 400 mg as a single oral dose စားဆေးပေးပါ။
• Clotrimazole 1% solution တနေ့တခါ တပါတ်ကြာလိမ်းပါ။
• Terbinafine 1% solution တနေ့နှစ်ခါ တပါတ်ကြာလိမ်းပါ။
• Fluconazole 150-300-400 mg ကို ၂ ပါတ်ခြားပြီး ၂ ခါပေးတာနဲ့ ထိရောက်တယ်။
• Itraconazole 200-400 mg တရက်ခြား ၇ ရက်သောက်ပါ။
• Hydrogen peroxide ဆေးရည်လိမ်းနိုင်တယ်။

- Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ
- Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ

Fri, Aug 10, 2012 at 7:33 AM
My name is (.....) and (.....)’s husband. Thank you very much for your prompt reply and sorry for inconvenience of Myanmar font. She is worried about her stomach pain and now happy to hear from you that is not a serious one. Please see attached file that we scan all the pages and send to you. Please review and advise us.

ဒေါ်(့) ခင်ဗျား
• မရှင်းတာလေး အရင်မေးပါရစေ။
• အစာမြိုပြွန်လို့ပြောတာက ကိုယ့်ဖါသာ ယူဆတာလား၊ အာလ်ထွာဆောင်း၊ ဓါတ်မှန်အရ ပြောတာလား။
• လေချဉ်တက်တာ ပုံမှန်ဆိုတာ မမှန်ဘူးထင်ပါတယ်။ ပုံမှန်က လေချဉ်မတက်ရပါ။ လေတော့ တက်မယ်။
အသက်ကြီးသူတိုင်း နို့သောက်ရင် လေက အထက်ဖြစ်ဖြစ် အောက်ဖြစ်ဖြစ် တက်မယ်၊ သက်မယ်။
• နာတယ်-အောင့်တယ် စသဖြင့် ပြောရင် အစာအိမ်၊ ဆီးအိမ် စသဖြင့်နာမည်တပ်တာထက် ဗိုက်၊ အောက်ပိုင်း-အထက်ပိုင်း၊ ဘယ်ဘက်-ညာဘက် ဆိုတာမျိုးပြောရင် ပိုပြီးမှန်ပါတယ်။
• စာတပိုဒ်ဖတ်တိုင်း အဲလိုမှတ်ချက်ရေးတာ စာဆုံးမှ ပိုသိလာရတယ်။ Heartburn တို့ GERD စာလုံးတွေ တွေ့လာလို့ မေးဘို့ မလိုတော့ပါ။
• Gastroscope နဲ့ Ultrasound စစ်ဆေးပြီးလို့ စိုးရိမ်ရမဲ့ရောဂါ မဟုတ်တာ စိတ်သက်သာရာရပါ။
• ကျန်တဲ့ဆေးတွေက လေနဲ့ပတ်သက်တာတွေဖြစ်ပြီး Livial ဆေးတခုတည်းသာ ဟော်မုန်းဖြစ်တယ်။ ဒီဆေးထဲမှာ Tibolone 2.5 mg ပါတယ်။ Hormone replacement therapy အတွက်သုံးပါတယ်။ တချို့ အထူးကု ဆရာဝန်တွေက နောက်ဆုံးရာသီရပ်တဲ့နောက်မှာ ၁၂ လအထိပေးတယ်။
• ဆေးရုံ၊ ဆရာဝန်တွေကို စနစ်တကျပြထားတာမို့ ထူးပြီး အကြံပေးစရာမလိုပါ။ ဆိုင်မဲ့ စာ ၃ ပုဒ် ပို့လိုက်ပါတယ်။
• Gastroesophageal reflux disease (GERD) အချဉ်ရည် အထက်ဆန်ခြင်း http://dts-medicaleducation.blogspot.com/2011/01/gastroesophageal-reflux-disease-gerd.html
• Menopause (1) သွေဆုံး-သားဆုံး (၁) http://dts-medicaleducation.blogspot.in/2010/12/menopause.html
• Menopause (2) သွေဆုံး-သားဆုံး (၂) http://dts-medicaleducation.blogspot.in/2012/03/menopause-and-perimenopause.html


Fri, Aug 10, 2012 at 3:32 PM
ကျွန်တော့်နာမည် (့) ပါ။ မန္တလေးကပါ။ လွန်ခဲ့တဲ့ ၁ လခွဲလောက်က မျက်စိကျိန်းပါတယ်။ ၁ဝ ရက်လောက်တော့ ကြာပါတယ်။ ဖြစ်ကာစကတော့ lomeflox နဲ့ dexoptic-N ခပ်ပါတယ်။ Flumox သောက်ပါတယ်။ ဒါပေမယ့် မျက်စိထဲမှာ သွေးကြောအနီလေးတွေက အခုထိရှိနေသေးတယ်။ အခုတော့ new V-rohto ခပ်ပါတယ်။ အမြင်ကတော့ ကောင်းပါတယ်။ တခါတလေ နာတာလိုလို အောင့်တာလိုလို ဖြစ်ပါတယ်။ ဘာလုပ်ရင်ကောင်းမလဲ။

- Lomeflox Eye Drops မျက်စဉ်းထဲမှာ Lomefloxacin 3 mg ပါတယ်။ ဗက်တီးရီးယားတွေကို နိုင်တယ်။
- Dexoptic-N Eye Drop ထဲမှာ Neomycin Sulphate 5 mg နဲ့ DexamethasoneSodium Phosphate 1 mg တွေ ရောထားတယ်။ Allergic အလာဂျီရတာ၊ non-purulent conjunctivitis ပြည်မတည်တဲ့ မျက်စိနာ၊ Keratitis, Iritis, Cyclitis, Chemical burns of the cornea ဆိုတဲ့ တခြားမျက်စိဝေဒနာတွေအတွက် သုံးတယ်။
- Flumox ထဲမှာ Amoxycillin နဲ့ Flucloxacillin ဆေးတွေပါတယ်။ 250 mg နဲ့ 500 mg စီပါတဲ့ Capsule ဆေးတောင့် ၂ မျိုးလာတယ်။ 125 mg စီပါတဲ့ Suspension ဆေးရည်လဲရှိတယ်။ 250 mg နဲ့ 500 mg စီပါတဲ့ ထိုးဆေးလဲရှိတယ်။
- New V Rohto Plus 13ml မျက်စဉ်းကတော့ Vitamin B ဗီတာမင် (ဘီ) နဲ့ Special cooling formula မျက်စိကိုအေးစေတဲ့ ဆေးတွေပါတယ်။ မျက်စိကိုအသုံးချများရာကနေဖြစ်တတ်တဲ့ Eye discomfort အတွက်ပေးတယ်။

Fri, Aug 10, 2012 at 10:08 AM
နိုင်ငံခြား တက္ကသိုလ် တစ်ခုမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ရဟန်းတော်တစ်ပါးပါ။ ဦးဇင်းရဲ့ ရင်ဘက်မှာ ခဏခဏ ပေါ်လာတဲ့ ရောဂါတစ်ခု အကြောင်းပါ။ အစပထမတော့ ဦးဇင်းရဲ့ ရင်ဘက်မှာ အနီရောင်အဖု သေးသေးလေးတွေ (မုံညင်းစေ့ခန့်သာသာ) ပေါ်လာပါတယ်။ တပတ်ကျော်လောက်ဆိုရင် ငါးမျက်စိလို (အမာအဖု) ပုံစံသို့ ပြောင်းသွားတတ်ပါတယ်။ အဲဒါက ကြီးတော့ ကြီးမလာပေမယ့် တိုးလားတာကိုတော့ သတိထားမိပါတယ်။ ဘယ်လို ရောဂါအမျိုးအစားဖြစ်ပြီး ဘာဆေးတွေကို မှီဝဲရပါမလဲ ဆိုတာကို အကူညီပေးစေလိုပါတယ်။

ကင်ဆာမဟုတ်အုပ်စုဝင် အရေပြားမှာဖြစ်တတ်တာလို့ ယူဆပါတယ်။ ဘာလို့ဖြစ်လဲ အတိအကျတော့ ဆရာဝန်တွေ မသိကြပါ။ ဒါကြောင့် ကုသဘို့လဲ သတ်သတ်မှတ်မှတ် မရှိပါ။ လူကိုထိခိုက်စေတာ ဖြစ်မလာနိုင်ပါ။ ဒါပေမဲ့ တချို့နေရာလေးတွေမှာ နဲနဲပိုကြီး၊ နီနေ၊ ကြွနေတာဖြစ်လာရင် ပိုးဝင်တာထပ်ဖြစ်လာတာဖြစ်တယ်။ ဝက်ခြံသဘောမျိုးနဲ့ တူတယ်။ ထိရင်၊ ထိရင် နာမယ်။ အဲလိုအချိန်မှာ Tetracycline 250 mg တခါသောက် တတောင့်၊ တနေ့ ၄ ကြိမ်၊ ၅-၇-၁ဝ ရက်သောက်ပါ။ ဒါမှမဟုတ် Doxycycline 100 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၇-၁ဝ ရက်သောက်ပါ။ နာတာရှိရင်တော့ Paracetamol သောက်နိုင်ပါတယ်။ အနာဖြစ်မလာရင် ဆေးလိမ်းစရာမလိုပါ။ အရေပြားသန့်ရှင်းရေး ပုံမှန်ထက်တော့ မလိုပါ။ ဗီတာမင် (စီ) သောက်နိုင်ပါတယ်။ (အေ) ကိုလဲ မများစေဘဲ သောက်နိုင်ပါတယ်။ (စီ) က များလို့ရတယ်။ (အေ) က များရင်မသင့်ဘူး။ ထူခြားလာရင် အရေပြားအထူးကုဆရာဝန်ပြပါ။

Mon, Aug 13, 2012 at 10:04 AM
ကျနော် လွန်ခဲ့တဲ့တစ်နှစ်ကျော်ကမှ ဝမ်းကိုက်တာ စဖြစ်ပါတယ်။ အရက်သောက်ရင်းနဲ့ အကင်တွေစားရင်း အရက်က သုံးမျိုးလောက် ရောသွားပါတယ်။ တစ်ခါမှလဲ အဲလောက်မသောက်ဖူးပါဘူး။ နောက်နေ့မနက် ရောက်တော့ ရေအိမ်သွားတာ သွေးကျလာပါတယ်။ တစ်ပတ်လောက် စောင့်ကြည့်တာ မပျောက်ပါဘူး။ အဲဒါနဲ့ ဆရာဝန်နဲ့ပြတော့ မက်ထရိုဆေး အဖြူလေး ပေးပါတယ်။ တစ်ပတ်လောက်စားတော့ မပျောက်ပါဘူး။ ဆေးတစ်မျိုး ထပ်ပေးပါတယ်။ တန်ဒေါ်ဇော၊ မက်ထရို၊ ဘီ ၆၊ ကပ်ပ်ဆူးလေး တစ်မျိုးပါပါတယ်။ မသက်သာလို့ ညပိုင်းသွားပြတော့ အဲ့ဒီဆေးလေးတွေ ပေးလာပါတယ်။ တန်ဒေါ်ဇောက ပြင်းတယ်တဲ့။ ဘီယာတွေ အရက်တွေ မသောက်မိစေနဲ့တဲ့။ ဘီ ၆ တို့ဘာတို့က မူးမှာစိုးလို့တဲ့၊ တစ်ပတ်စာပေးလိုက်ပါတယ်။ တစ်ရက် သုံးကြိမ်ပေါ့။ အဲ့ဒီညမှာဘဲ အစားစားပြီးတော့ ညအိပ်ခါနီး သောက်တော့ ယူပြစ်သလို ပျောက်သွားပါတယ်။ နောက်မနက် ရောက်တော့။ ဆေးကို ကိုစ့် ကုန်အောင် စားပြီးတော့ ပြန်ပြီးတော့ သွားပြောပါတယ်။ ဆရာဝန်ကတော့ လမ်းဘေးစာတွေ မစားနဲ့တဲ့။ စသဖြင့်ပေါ့ မှာလိုက်ပါတယ်။ နောက် (၇) လ တစ်ခါ (၈) လ တစ်ခါ ပြန်ဖြစ်တာ ဒါနဲ့ဆို ၅ ခါ လောက် ရှိပါပြီ။ ငါးခါလုံးမှာ ခုနကပေးလိုက်တဲ့ ဆေးငါးမျိုးနဲ့ ပျောက်ပျောက်သွားပြီး ပြန်ပြန် ဖြစ်ပါတယ်။ အစားသောက်လဲ ဂရုစိုက်ပါတယ်။ ကျနော် နယ်ရောက်သွားပါတယ်။ နယ်မှာဖြစ်တော့ နယ်ကဆရာဝန်နဲ့ဘဲ ပြပါတယ်။ ဓါတ်သွားတာ သွေးပါ ပါနေတယ်လို့ ပြောလိုက်တာနဲ့ လိပ်ခေါင်းဆေး ပေးလာပါတယ်။ သောက်လိုက်ပါတယ်။ မပျောက်ပါဘူး။ ရန်ကုန်ပြန်ရောက်တော့ ကျနော်ပြနေကျ မိသားစုဆရာဝန်နဲ့ဘဲ ပြလိုက်တော့ ပြန်သက်သာသွားပါတယ်။ မင်းမှာတဲ့ Sensitive ဝမ်းကိုက်ပိုး ရှိနေမလား မသိဘူး၊ ဝမ်းစစ်ကြည့်ပါလားတဲ့။ ဆက်ပြီးတော့ ဝမ်းစစ်လဲ မထူးဘူးတဲ့။ ချက်ချင်း စစ်မှလဲ အဖြေက ပေါ်မှာတဲ့ စသဖြင့်ကျနော်လဲ မစစ်ဖြစ်ပါဘူး။ ခုနောက်ဆုံး ဒီတစ်ခါမှာ (့) က အထူးကု ဆရာဝန်နဲ့ ပြကြည့်ပါတယ်။ မိသားစုဆရာဝန်ဆီက ဆေးစာလေး ပြပြီးတော့ ဖြစ်ပုံအကျိုးကြောင်း ပြောပြပါတယ်။ များများစားစားလဲ မပြောဘူး ဟိုစမ်းဒီစမ်းနဲ့ ဆေးလေးတစ်မျိုး ပေးလာပါတယ်။ ကျနော်က အသက် (၃၂)ပါ။ ဆရာဝန်ကြီးက ကျနော့်ကို ငယ်လဲငယ်သေးတော့ ကန်တော့ပါဗျာ Anus ထဲကို မစမ်းချင်သေးဘူးတဲ့။ ဆေးပေါ်မှာက (ZNT) လို့ရေးထားပြီး ဆေးရဲ့  ကဒ်အနာက်မှာတော့ Zanocin 200 လို့ ရေးထားပါတယ်။ တစ်ပတ်စာပေါ့။ မသက်သာပါဘူး။ နောက်တစ်ခေါက် သွားပြတော့ အဲ့ဒီဆေးအပြင် Dalfon 500mg ဆေးပေးတယ်။ သောက်နေတာ ၃ ရက် ရှိနေပါပြီ။ လိပ်ခေါင်းလို့လဲ ထင်မိသလိုပါဘဲ။ ကျနော်က ရုံးမှာလုပ်ပါတယ်။ တစ်နေကုန် ထိုင်ရပါတယ်။ ဒါပေမယ့် တက်လိုက်ဆင်းလိုက်လှေကားကို အမြဲလုပ်ပါတယ်။ ရေလဲများများ သောက်ပါတယ်။ ဝမ်းလဲ ချုပ်လေ့မရှိပါဘူး။

Dalfon 500mg ဟာ ဗီတာမင်တွေဖြစ်တယ်။ Zanocin 200/400 Tablets ဆိုတာ Ofloxacin ဗက်တီးရီးယားတွေ အတွက်ဆေး ဖြစ်တယ်။ အသက်ရှူလမ်းအောက်ပိုင်း၊ ဆီးလမ်းကြောင်း၊ လိင်လမ်းကြောင်းရောဂါတွေအတွက် သုံးတာ များတယ်။ ဆရာဝန် (၃) ဦးကိုလဲ အသေအခြာပြပြီး ဆေးတွေလဲ သောက်နေတာမို့ အဝေးဆရာကနေ ထပ်တော့ ဆေးမညွှန်းသင့်ပါ။

ဝမ်းကိုက်ပိုတွေထဲက (အမီးဘား) ပိုးဖြစ်နေရင် ကြာတတ်တယ်။ ပြန်ဖြစ်တတ်တယ်။ ဆေးတွေကနိုင်ပါတယ်။ ဝမ်းစစ်တာတော့ မမှာဘူးထင်ပါတယ် သံသယထားစရာ မလိုတာပေါ့။ (အမီးဘား) ဆိုရင် တွေ့နိုင်တယ်။ လိပ်ခေါင်းဆိုရင် နာတာက နောက်မှသာဖြစ်မယ်။ ဝမ်းသွားတဲ့အခါ တခုခုထွက်လာတာနဲ့ သွေးထွက်တာ ဖြစ်မယ်။ စအိုလမ်းနေရာ ရောဂါတွေအကြောင်း အကျဉ်းရေးထားတာ ပို့ပါတယ်။ သိပ်လဲ အစိုးရိမ်မကြီးပါနဲ့။ ဆေးစာမှန်သမျှ ကောင်းတာကို မရှိဘူး။ စာထဲပါတိုင်း ကိုယ်ဖြစ်နေမယ် မထင်ပါနဲ့။

Mon, Aug 13, 2012 at 7:40 AM
I am travelling to Myanmar in October and may require an INR to be done- hopefully I will not need this but I need to make some enquires before leaving New Zealand. Would I be able to get the test done at your clinic and what would be the cost in American or New Zealand dollars?

Greetings! Thanks for asking me about INR. Unfortunately, I am residing in New Delhi as an exile Burmese doctor cum political activist. So I am not in a position for testing. Sorry!

Mon, Aug 13, 2012 at 12:11 PM
ကျွန်တော်ရဲ့ ပါးဘယ်ဘက်ခြမ်းမှာ အဖုထွက်နေပါတယ်။ ပါးရောင်တာကတော့ ကျသွားပြီး အဲ့ဒီ အဖုက သိပ်မကျ (သို့) မသေးပဲရှိပြီး ကိုင်လိုက်ရင် မာမာကြီးဖြစ်နေပါတယ်။ ဆရာဝန်က အပူဖုလို့ ပြောပါတယ်။ ဆေးသောက်တာလည်း တစ်ပတ်ကျော်ပါပြီ ပါးရောင်တာက ကျသွားပြီး ဘာဖြစ်လို့ အဲဒီ အဖု ကသိပ်မကျသွားတာလဲမသိဘူး။ အညော်လည်း ရှောင်ပါတယ်။ ဆေးလည်းပုံမှန်သောက်ပါတယ်။ ဝမ်းလည်း မှန်ပါတယ်။ အရင်တုန်းက အဲဒီလိုဖြစ်ရင် တစ်ပတ်လောက် ဆိုရင် ပျောက်ပါတယ်။ အမည် (့)၊ အသက် ၂ဝနှစ်၊ အလုပ်အကိုင်- ဝန်ထမ်း။

ဆရာဝန်ပြထားတယ်ဆိုတော့ စိုးရိမ်စရာ မဟုတ်လောက်ပါ။ အနာဖြစ်တာ၊ ရောင်ရမ်းတာ၊ ပိုးဝင်တာ တခုခုဖြစ်ပြီးရင် ဘယ်နေရာမှာဖြစ်ဖြစ် ပျောက်ဘို့ဆိုတာ အဆင့်ဆင့်သွားတယ်။ သက်သာတဲ့နောက်မျာ အမာရွတ်ဖြစ်စဉ်ဆက်တယ်။ အခုလိုနေရာမှာ အဖု-အကျိတ် ကျန်နေတာကလဲ ဒီသဘောဖြစ်မယ်။ အကျိတ်ထဲမှာ အသားနု (တစ်ရှူး) တွေရှိနေမယ်။

တကယ်လို့ ပြည်ဖြစ်နေရင် နာတာ၊ နီတာ၊ ရောင်တာတွေ ရှိလိမ့်မယ်။ ပြည်ထုတ်ပြစ်မှ ပျောက်မယ်။ ဖြစ်စေခဲ့တဲ့ပိုးကို ဆေးကနိုင်သွားရင် နောက်ဆက်တဲ့ ဖြစ်တာကို မစိုးရိမ်ရပါ။ အချိန်ယူနိုင်တယ်။ အနာ-အရောင်ကျဆေး ဥပမာ Paracetamol နဲ့ Ibuprofen တခုခု သောက်ပါ။ တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်။ မနာပေမဲ့လဲသောက်သင့်တယ်။ ရောင်တာကျစေမယ်။ ဗီတာမင် (စီ) ကိုလဲသောက်သင့်တယ်။ ၅ဝဝ မီလီဂရမ်၊ တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်။ ပါးစပ်မှာ ဆားရည်ငုံတာလဲ လုပ်ပေးပါ။ မကိုက်မိပါစေနဲ့။ ခဏခဏလက်နဲ့ လျှာနဲ့ မစမ်းပါနဲ့။

Tue, Aug 14, 2012 at 12:31 PM
ကျွန်တော့် ဇနီးတစ်ယောက်သည် အသက်အားဖြင့် ၃၆ နှစ်ရှိပါပြီ သားသမီးကတော့ နှစ်ယောက်ပါ။ ကျွန်တော်ဇနီးသည်မှာ မျက်စီမှာ သွေးကျောတွေနီလာပြီဆိုရင် မျက်စိ မှုံလာပါတယ်။ မြန်မာပြည်တွင်နေစဉ်တုန်း အင်္ကျီချုပ်ပါတယ်။ အာရုံတခုကို စူးစိုက်ကြည်ပြီဆိုရင် မျက်လုံးဝါးလာတယ်လို့ သူများတွေ ညွှန်းတော့ မျက်စိထဲကို သံပရာရည်ခပ်ပါတယ်။ ဇနီးသည် လုပ်နေတာ နှစ်နဲ့ကြာနေပါပြီ သံပုရာရည်ခပ်ရင် မျက်စိ ပြန်ကြည်လာတယ်လို့ ဆိုပါတယ်။ နှစ်ရက်တခါလောက် ခပ်ပါတယ်။ မျက်စိထဲကို သံပုရာ ရည်ခပ်တာ မည်သို့သော ဆိုးကျိုးများ သက်ရာက်နိုင်ပါမည်နည်း။ (့) နိုင်ငံတွင်လည်း ဆေးရုံကိုပြဆိုရင် ဘာသာစကားက ခရေစေ့တွင်းကျ မပြောတက်ဘူးဆိုရင် ဆေးဘက်ဆိုင်ရာတွင် အဓိပ္ပါယ်တမျိုး ဖြစ်သွားနိုင်ပါတယ်။ မလွန်ခင်ကတားနိုင်ရန်အတွက် ဖြေကြားပေးပါခင်ဗျား။

မဖြေခင် ရေးပါရစေ။ စာရိုက်တာနဲ့ သတ်ပုံတော့ ထားပါတော့ “ဇနီးတစ်ယောက်သည်” ဆိုတော့ တယောက်မကဘူး ထင်တယ်။
• မျက်စိထဲကို သံပရာရည်ခပ်တာ မြန်မာပြည်ကလူတွေသာ လုပ်ကြသလားမသိပါ။ အနောက်နိုင်ငံတွေမှာ မလုပ်ပါ။ ဆေးပညာစာတွေမှာလဲ မပါပါ။ ဒါကြောင့် သုတေသနလဲ မရှိသေးပါ။ ဒီတော့ ဆရာဝန် တယောက်အနေနဲ့ ကောင်းတာရော၊ ဆိုးတာပါ ပြောမဖြစ်ပါ။
• မေးတဲ့သူရဲ့ဇနီးဟာ သုတေသနတခုထဲက တဦးတော့ဖြစ်လာပြီ။ သူကိုယ်တိုင် “မျက်စိထဲကို သံပုရာရည် ခပ်တယ်၊ လုပ်နေတာ နှစ်နဲ့ကြာနေပါပြီ၊ မျက်စိပြန်ကြည်လာတယ်၊ နှစ်ရက်တခါလောက်ခမ်တယ်” အသက် ၃၆ နှစ်ရှိ အမျိုးသမီး တယောက်၊ အဲဒီဆေးနည်းသုံးလို့ ကောင်းကျိုးသိရတယ်။ ဆိုးကျိုးကိုတော့ သူကိုယ်တိုင် ပြောတာ မသိရပါ။ မသိတာလဲ ဖြစ်နိုင်တယ်။ မသိနိုင်တာလဲ ဖြစ်နိုင်ပါတယ်။
• Lime juice သံပရာသီးအရည်မှာ Vitamin C ဗီတာမင် (စီ) ပါတာလူတိုင်းလိုလို သိပြီးသားပါ။ ကမ္ဗလာသီးနဲ့ စာရင်တော့ နဲနဲနည်းတယ်။ သံပရာရည်ကို အရေပြားမှာတင်ပြီးနေရောင်နဲ့ထိတွေ့တဲ့အခါ နေရောင်ထဲက ခရမ်းလွန်ရောင်ခြည်ကြောင့် အရောင်ပိုရင့်လာမယ်။ ရောင်လာမယ်။ အဖုပေါက်နိုင်တယ်။ ဒါကြောင့် မျက်စိထဲ ခပ်ပြီး နေရောင်နဲ့ တွေ့မိရင် အဲဒီနေရာမှာ အဲဒီအတိုင်းဖြစ်လာစေနိုင်တယ်။
• Lemon oil ကမ္ဗလာသီးအဆီကိုတော့ Aromatherapy အငွေ့ပြန်အဆီသုံး ဆေးကုသနည်းမှာ သုံးတယ်။ Ohio State University က လုပ်တဲ့သုတေသနတခုမှာ Lemon oil aroma ကမ္ဗလာသီးအဆီအနံ့ကနေ လူရဲ့ Immune system ခုခံစနစ်ကို သက်ရောက်မှု မရှိဘူး။ Mood စိတ်အခြေအနေကိုတော့ ပြောင်းလဲစေနိုင်တယ်။ Low pH အက်စစ်ဓါတ်ကဲရင် Antibacterial (ဗက်တီးရီးယား) တွေကို နိုင်တယ်။ အိန္ဒိယမှာ Siddha Medicine (ဆစ်ဒူး) နဲ့ Ayurveda (အာယုဗေဒ) ဆေးပညာမှာ သုံးကြတယ်။
• Lime သံပရာဟာ Citrus fruit အမျိုးအစားထဲကအသီးဖြစ်တယ်။ တိုင်းရင်းဆေးတွေမှာ အရည်၊ အခွံ၊ အဆီ၊ အစေ့ အားလုံး သုံးတယ်။ အသီးတခုလုံကိုကြိတ်ပြီးလုပ်တာကို Distilled lime oil ခေါ်ပြီး၊ အခွံစိမ်းကနေ ထုတ်တာကို Expressed lime oil လို့ခေါ်တယ်။
• သံပရာရည်ကို Diarrhea ဝမ်းပျက်တာ၊ Dysentery ဝမ်းကိုက်တာတွေအတွက် သုံးကြတယ်။ တချို့က ပျို့ချင်၊ အန်ချင်တာအတွက်လဲ သုံးတယ်။ စိတ်ရွှင်လမ်းအောင်လဲသုံးတယ်။ အဆီကို ဝမ်းနုတ်ဆေးအနေနဲ့လဲ သုံးတယ်။
• ဒါတွေအားလုံးကို ကျွန်တော်တို့ ဆေးပညာနယ်က မဟုတ်တဲ့နည်းနာတွေသာ ဖြစ်ပါတယ်။

Alcoholism အရက်အတွက် ခက်နေသူတွေ

Tue, Aug 7, 2012 at 8:55 AM
သမီးက အသက် (၂၈) နှစ်ပါ။ သမီးနှင့် သမီးချစ်သူမှာ ယခုနှစ်ကုန်ပိုင်းလောက်တွင် လက်ထပ်ဖို့ ရည်ရွယ်ထားပါသည်။ သိုပေမယ့် ယခု သူခံစားနေရသော ဝေဒနာကြောင့် သူ၏မိဘများနှင့် သမီးမှာလည်း စိတ်မကောင်းခြင်းများ၊ စိုးရိမ်ခြင်းများ ခံစားနေရပါသည်။ သမီး၏ချစ်သူမှာ အသက် ၂၅ နှစ်ဖြစ်ပြီး၊ အရက်စွဲခြင်းဝေဒနာကို ခံစားနေရသည်ဟု ပြောပါသည်။
သူငယ်ချင်းများနှင့် သောက်မိပြီး ပုံမှန်တပတ်ကို ၅ ရက်လောက် ညစဉ် ၂ နှစ်နီးပါး သောက်မိနေပါသည်၊ မသောက်ရလျှင် လက်တုန်ပြီး ညဘက် အိပ်လို့မရပါဟု ပြောပါသည်။ သောက်ပြီး တခါတရံ ရန်ဖြစ်တတ်သည်၊ စိတ်လွတ်သွားတတ်သည် ဟုလည်း ပြောပါသည်။ တခါတရံ စိတ်တိုတတ်ပါသည်။ မသောက်ပဲနေသည့် ရက်တွေဆိုလျှင် ညဘက် အိပ်လို့မရသဖြင့် ညလုံးပေါက် တီဗွီထိုင်ကြည့်နေရသည်၊ စိတ်ကိုမနိုင် ဖြစ်နေပါသည်။ မိမိ၏စိတ်ဆိုတာကို သိပါသော်လည်း စိတ်ကို အလိုလိုက်မိနေခြင်း ဝေဒနာကို မခံစားနိုင်ခြင်းကြောင့် အရက်ဆိုင်သို့ ရောက်မိနေပါသည်တဲ့။ ဆရာဝန်နှင့် ပြသပြီး အရက်ပြတ်ဆေးများ သောက်ပြီးသော်လည်း အရက် ပြန်သောက်မိလျှင် အသက်အတွက် စိုးရိမ်ရပါသည်ဟု ကြားဖူးပါသည်။ စိတ်ဆရာဝန်နှင့် ပြသရန် လိုအပ်ပါသလားရှင့်။ အခြား အရက်ပြတ်နိုင်ရန် နည်းလမ်းများ ရှိပါသလား။ အားဆေး၊ ဆေးဝါး (သို့) အစားအစာများဖြင့် ထိန်းချုပ်လို့ ရနိုင်ပါသလား။

ကျောင်းတက်တဲ့ကျောင်းသားတွေသာ ဆရာ အငေါက်ခံရတယ်။ ဆေးပညာစာတွေကိုလဲ တကယ် ဖတ်သင့်သူတွေက မဖတ်ကြဘူး။ အဲဒီလို အမျိုးအစားထဲမှာ အရက်အကြောင်းက ထိပ်ဆုံးကဖြစ်မယ် ထင်တယ်။ အရက်သမားရဲ့ ဆွေမျိုးတွေ အပေါင်းအသင်းကောင်းတွေက တတ်စွမ်းတာလုပ်ပေးဘို့ ဖတ်ကြရတယ်။

Alcoholism ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က ကျယ်ပြန့်တယ်။ “မသောက်ရမနေနိုင်၊ စိတ်မထိန်းနိုင်၊ ကျန်းမာရေး-လူမှုရေး-ဂုဏ်သိက္ခာကို ထိခိုက်အောင် အရက်သောက်ခြင်း” လို့ ဆိုလိုတယ်။ Alcohol abuse နဲ့ Alcohol dependence လို့လဲ ခေါ်တယ်။ ဆေးပညာအရပြောရရင် Neurological disorder အာရုံကြောဆိုင်ရာ ဝေဒနာတခု ဖြစ်တယ်။ ကမ္ဘာပေါ်မှာ သန်း ၁၄ဝ ကျော်ခံစားနေကြရတယ်။ စိတ်ရောရုပ်ပါဖြစ်စေလို့ Dual disease “နှစ်ထပ်ကွမ်းရောဂါ” လို့ သတ်မှတ်တယ်။

နာတာရှည် အရက်စွဲသောက်ရင် အသဲကို ထိခိုက်စေပြီး Alcoholic liver disease အသဲရောဂါ နဲ့ Cirrhosis liver အသဲခြောက်တာ၊ Epilepsy အတက်ရောဂါ၊ Polyneuropathy အာရုံကြောရောဂါ၊ နှလုံးရောဂါ၊ သွေးဖိအား တက်တာ၊ နှလုံးခုန် မြန်တာဖြစ်မယ်။ အာဟာရချို့တဲ့မယ်၊ လေနာ၊ အစာမချက်ရောဂါဖြစ်မယ်၊ အစာအိမ်ရောင်မယ်။ Vitamin B တွေကိုစုပ်ယူတာ နည်းလာမယ်။ သရက်ရွက်ကိုလဲ ထိခိုက်လို့ အဆီ၊ ပရိုတင်းနဲ့ ကစီဓါတ်တွေကို မကျေချက်နိုင်ဖြစ်လာမယ်။

ဆိုးဝါးတဲ့ အသိဥာဏ် ချို့ယွင်းတာလဲ အဖြစ်များတယ်။ Dementia ဖြစ်သူထဲက ၁ဝ% ဟာ အရက်သောက်တာနဲ့ ဆက်နေကြတယ်။ လူမှုရေးရာ ကျွမ်းကျင်မှုတွေ သိသိသာသာ လျှော့နည်းလာမယ်။ စိတ်ရောဂါတွေ ၂၅% မှာဖြစ်တယ်။ Anxiety and Depression စိုးရိမ်စိတ် လွန်ကဲတာနဲ့ စိတ်ဓါတ်ကျတာတွေ သိပ်ဖြစ်ကြတယ်။ Psychosis စိတ်ရောဂါ၊ စိတ်ရှုတ်ထွေးခြင်း၊ Organic brain syndrome ဦးနှောက်ရောဂါ နဲ့ Panic disorder ဆောင်တည်ရာမရတာတွေ ပါတယ်။

ဆီးချိုနောက်ဆက်တွဲတွေ လာဖြစ်မယ်။ မျက်စိထိခိုက်မယ်။ မျက်စိကြွက်သားတွေ လေဖြတ်သလို ဖြစ်လာမယ်။ အရိုးအားနည်းလို့ Osteoporosis ရောဂါရစေပြီး အရိုးကျိုးလွယ်မယ်။ ကင်ဆာဖြစ်နိုင်ခြေ များမယ်။ ခံတွင်း၊ အသဲ၊ အူမကြီး၊ ရင်သား ကင်ဆာတွေ ဖြစ်တယ်။ ယောက်ျားဆိုရင် Sexual dysfunction လိင်ပိုင်းချို့ယွင်းတာတွေလဲ ဖြစ်လာတယ်။ မိန်းမဆိုရင် ရာသီမမှန်ဖြစ်မယ်။ ကိုယ်ဝန် ဆောင်တုံး အရက်သောက်ရင် ကလေးမှာ မွေးရာပါ ချို့ယွင်းချက်နဲ့ မွေးလာမယ်။

Alcoholism symptoms အရက်စွဲလက္ခဏာတွေကတော့ အရက်ကို အကန့်အသတ်မထားနိုင်ဘူး၊ သောက်ချင်စိတ်ကို မထိန်းနိုင်ဘူး၊ အရက်ကို များပြီးသောက်ချင် လာမယ်၊ ယာဉ်တိုက်မှုဖြစ်တာ၊ တရားဥပဒေ အရှုတ်အရှင်း နဲ့ လူမှုရေး ဗရုတ်သုက္ခတွေ ဖြစ်လာနိုင်တယ်။ ပြောခဲ့တာတွေ လုပ်ခဲ့တာတွေကို အမှတ်မရ ဖြစ်လာမယ်။ တခါတလေ ဘာဆိုဘာမှ မသိတာ ဖြစ်မယ်။ အရင်က ဝါသနာအလျှောက် လုပ်တာတွေကို မလုပ်တော့ဘူး။ ကိုယ်သွားရာ၊ လုပ်ရာနေရာတွေ လက်တကမ်းမှာ အရက်ကို ဝှက်ထားလာတယ်။ လိမ်ပြောရတာတွေ လုပ်လာမယ်။

ဆုံးဖြတ်ချက်ချတာတွေ နည်းပါးနှေးကွေးလာမယ်၊ အကောင်း-အဆိုးခွဲခြားတာ၊ အန္တရာယ် ရှိ-မရှိသိတာ၊ မယဉ်ကျေးတဲ့ အမူအယာတွေ၊ ငရဲကြီးတာမျိုးတွေ လုပ်လာမယ်။ အိမ်တွင်း၊ မိသားစုတွင်း၊ သူငယ်ချင်ချင်း ပဋိပက္ခတွေဖြစ်လာတယ်။ အလုပ်၊ ကျောင်းမှာ အခက်အခဲတွေ ဖြစ်မယ်။ အစပိုင်းမှာ တက်ကြွမှုဖြစ်မယ်။ ကြာလေလေ တားဆီးမှုတွေ ဖြစ်လာမယ်။ စိတ်ကူး စိတ်သန်း၊ ဝမ်းနည်း-ဝမ်းသာ၊ ဆုံးဖြတ်ချက်ချတာတွေ ထိခိုက်မယ်။ စကားပြောတာ လေး-နှေး-မှားတာတွေ ဖြစ်လာမယ်။ ဦးနှောက်ရဲ့ အဓိက ထိန်းချုပ် (စင်တာ) တွေ ထိခိုက်ပြီး၊ သတိလက်လွတ် ဖြစ်မယ်။ သေဆုံးနိုင်တယ်။ အရက်ကြောင့် အသက်ဆုံးရသူတွေဟာ နှလုံးသွေးကြောရောဂါတွေဖြစ်တယ်။
အရက်စွဲနေသူတွေထဲမှာ ကိုယ့်ကိုယ်ကို သတ်သေသူ ရာနှုန်း ပိုများတယ်။ အရက်ဒဏ်ရော လူမှုရေး စိတ်ပျက်တာတွေကြောင့် ဖြစ်စေတယ်။

ကုသနည်းတွေက မတူကြပါ။ (၁) Detoxification အရက်ဆိပ်ဖြေခြင်း နဲ့ (၂) Alcohol withdrawal အရက်ဖြတ် လက္ခဏာတွေကို ကုသခြင်း ၂ မျိုးလုပ်ရတယ်။ ဒါ့ပြင် ဖြစ်နေသေးတဲ့ ရောဂါရှိနေရင်လဲ ဆေးကုရမယ်။ အဆိပ်ဖြေခြင်း လုပ်ရတာ ၄-၇ ရက်ကြာမယ်။ အရက်အမြဲသောက်နေတဲ့သူက အရက် မသောက်ဘဲနေရင် အရက်ဖြတ်လက္ခဏာတွေ ခံစားရလိမ့်မယ်။ ပျို့-အန်တာ၊ ချွေးပြန်တာ၊ လက်တုံတာတွေက ၁ ပတ် အတွင်းဖြစ်တယ်။ ၃-၆ ပတ် အတွင်းမှာ စဖြစ်တတ်တဲ့ စိတ်ပူပင်တာ၊ စိတ်ဓါတ်ကျတာ၊ အိပ်မရတာ၊ အားယုတ်တာ၊ စိတ်တင်းအား များတာတွေက နောက် ၁-၂ နှစ်လောက်အထိ ဆက်ဖြစ်နေနိုင်တယ်။

ဆေးတွေနဲ့ကုသခြင်း
- Benzodiazepines အမျိုးအစားဆေးသုံးတယ်။ ဆေးဆင်တူတွေ အများကြီးရှိတယ်။ Alprazolam, Diazepam, Loprazolam, Lorazepam, Lormetazepam, Medazepam, Midazolam, Nimetazepam, Nitrazepam, Nordazepam, Oxazepam, Phenazepam, Pinazepam, Prazepam တွေဖြစ်ကြတယ်။
- Disulfiram (Antabuse) ကိုသုံးတာ များတယ်။ ဒီဆေးကနေ အရက်မှာပါတဲ့ Ethanol ဓါတ်ကနေဖြစ်လာတဲ့ Acetaldehyde ဓါတ်ဖယ်ရှားပြစ်ရေးကို တားဆီးပေးတယ်။ ဆေးသောက်ပြီး အရက်သောက်ရင် မနေနိုင်အောင် ခံစားရမယ်။ အန်မယ်။ မျက်နှာနီမြန်မယ်။ ခေါင်းကိုက်မယ်။ အရက်ကို သောက်ချင်စိတ် ပျောက်သွားစေမယ်။
- Calcium carbimide (Temposil) ဆေးကလဲ ဆင်တူတယ်။ ဘေးထွက်-ဆိုးကျိုးနည်းမယ်။
- Odansetron (5HT3 antagonist) ဆေးကတော့ တမျိုးတည်းဖြစ်ဖြစ် Naltrexone နဲ့တွဲပြီးဖြစ်ဖြစ်သုံးတယ်။
- Acamprosate (Campral) ဆေးကတော့ ဦးနှောက်ဓါတုဗေဒကို သက်ရောက်စေတယ်။
- Naltrexone (ReVia) ဆေးကတော့ အရက်ကြောင့် ကောင်းသလိုလိုဖြစ်တာကို နည်းသွားစေမယ်။ အရက် သောက်ချင်စိတ်လဲ နည်းစေမယ်။ ဒီဆေးက Disulfiram လိုမျိုး မခံစားရဘူး။
- Vivitrol ဆေးက Naltrexone ထိုးဆေးဖြစ်တယ်။
- Acamprosate (Campral) ဆေးက အရက်ကို တမ်းတစိတ်နည်းစေမယ်။ ဒီဆေးကလဲ Disulfiram လိုမျိုး မခံစားရဘူး။

စိတ်ပိုင်းကုသခြင်းမှာ အခြေခံစိတ်ပိုင်း ခံစားနေရတာအပေါ် မူတည်ပြီးကုသပေးရတယ်။ စိတ်ပိုင်းကုသမှုကို တဦးချင်း ဖြစ်ဖြစ် အုပ်စုလိုက်ဖြစ်ဖြစ် လုပ်ပေးတယ်။ လူနေမှုပုံစံပြင်တာလဲ အရေးကြီးတယ်။ မိသားစု၊ အပေါင်းအသင်းတွေကနေ ကူညီနိုင်တယ်။ အရက် သောက်သူ ကိုယ်တိုင်ကနေ ဖြတ်ချင်ပြီပြောလာရင် လမ်းစတွေ့လာတာ ဖြစ်တယ်။ တခါဖြတ်ပြီး ထပ်သောက်ရင်လဲ စိတ်မပျက်ဘဲ ဇွဲရှိရှိနဲ့ ဆက်ကြိုးစားရမယ်။

၂ဝဝ၂ ခုမှာ National Institute on Alcohol Abuse and Alcoholism ကနေ အရက်စွဲသောက်နေသူ ၄၄၂၂ ယောက်ကို လေ့လာခဲ့တယ်။ ၂၅့၅%က ဆေးမကုဘူး။ ၂၅% ဟာ အရက်ဆက်သောက်ကြတယ်။ ၂၇့၃% ဟာ တစိတ်တပိုင်း သက်သာလာတယ်။ ၃၅့၉% ပျောက်သွားကြတယ်။ ပျောက်သွားသူတွေထဲမှာ ၁၇့၇% က အရက်သောက်တာ အဆိုးကြီး မဟုတ်ကြသူတွေနဲ့ ၁၈့၂% ကတော့ လုံးဝအရက်ပြတ်သွားကြသူတွေ ဖြစ်တယ်။

• Alcohol and Depression အရက်က စိတ်ကျစေတယ် http://dts-medicaleducation.blogspot.com/2011/01/alcohol-and-depression.html
• Alcohol Taxes and Public Health အရက်ခွန်နဲ့ ကျန်းမာရေး http://dts-medicaleducation.blogspot.com/2011/11/alcohol-taxes-and-public-health.html

ဒေါက်တာတင့်ဆွေ
၈-၈-၂ဝ၁၂

Thu, Aug 9, 2012 at 8:20 AM
ပြန်လည် ဖြေကြားပေးသည့်အတွက် ကျေးဇူးတင်ပါသည်ရှင်။ သမီးမေးသည့်ရက်တွင် သူကိုယ်တိုင် ၄င်းဝေဒနာများ မခံစားချင်တော့သဖြင့် အရက်ဖြတ်ချင်သည်ဟုပြောပြီး စိတ်ကျန်းမာရေး ဆေးရုံသို့ သွားပြီး အရက်ဖြတ်ချင်သည်ဟု ပြောပါသည်။ နီးစပ်ရာတွင် အသိဆေးပညာနှင့် ရင်းနှီးသူကို မေးမြန်းကြည့်ပြီး ၄င်းနေ့တွင်ပင် အပြင်ဆေးခန်းမှ ဆရာမ တစ်ဦးနှင့် ပြသခဲ့ပါသည်။ ဒေါက်တာမှ မေးမြန်းပြီး ပျောက်နိုင်သည့် အခြေအနေဟု ပြောပါသည်။ ယခု စိတ်ကျန်းမာရေး ဆေးရုံ (့) တွင် ကုသပေးမည်ဟု ပြောပါသည်။

၎င်းနောက် ဆေး အဝါလေး ၆ လုံးတိုက်ပြီး အားဆေးတဗူး ချိတ်ပေးပါသည်။ ဆေးတဝက်လောက်တွင် အိပ်ချင်လာပါသည်။ အိမ်ပြန်ရောက်ပြီး တညလုံး ကောင်းကောင်းအိပ်ပါသည်။ နောက်နေ့တွင် ဆေးဝါ ၃ လုံးနှင့် အားဆေးတဗူး ထပ်ချိတ်ပေးပါသည်။ အိပ်ပြန်လာပြီးနောက် ည ၉ နာရီနောက်ပိုင်းတွင် အိပ်မရဟု သိရပါသည်။ ယခုအိမ်တွင် အနားယူနေပါသည်။ ၃ ရက် အားဆေးချိတ်ပြီး နောက်နေ့တွင် သောက်ဆေးများဖြင့် ကုသမည်ဟု ပြောပါသည်။ ၁-၂ ပတ်အတွင်း အရက်စွဲလက္ခဏာများ ကြုံရမည်ဟုပြောပါသည်။ ၄င်းဆေးဖြတ်နည်းသည် အမှတ်စဉ် (၂) Alcohol withdrawal အရက်ဖြတ် လက္ခဏာတွေကို ကုသခြင်းဟု ထင်မြင်မိပါသည်။

ယင်းကဲ့သို့ ကုသနေစဉ် ကြုံတွေ့ ခံစားရမည့် ဝေဒနာများနှင့် ဆောင်ရန်ရှောင်ရန်များ၊ အစားအသောက်၊ အပြုအမှု အနေအထိုင်များကို သိရှိလိုပါသည်။ ၁-၂ ပတ်အတွင်းတွင် ယင်းကဲ့သို့ ခံစားရပြီး နောက်ပိုင်းတွင် လူကောင်းကဲ့သို့ ပြန်လည် နေထိုင်နိုင်ပါမည်လား။ ၁-၂ နှစ် အတွင်း ပြန်လည် ခံစားရမည်ဟု ရေးထားသောကြောင့် အချိန် အတော်ကြာကြာ လုံးဝမသောက်ပဲ နေရပါမည်လား။ ပြန်သောက်ခဲ့လျှင် မည်သည့်အကျိုးများ ပြန်လည်ခံစားရမည်ကို သိရှိလိုပါသည်။ ဆရာဝန်မှ နောက်ပိုင်း ပြန်သောက်လျှင် ကြောင်တောင်တောင် ဖြစ်နိုင်သည်ဟု ပြောပါသည်။ သမီး စိတ် အရမ်းပူတာများ ဖြစ်နေပါသလား။ ပြန်မသောက်တော့ပဲ ပျော်ရွင်ငြိမ်းချမ်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ချင်ပါသည်ရှင်။ မည်ကဲ့သို ပြောဆိုဆက်ဆံရမည်ကိုလည်း လမ်းညွန်ပေးစေချင်ပါသည်ရှင်။

သတင်းကောင်းဖြစ်လို့ ဆရာလဲ စိတ်သက်သာရာရပါတယ်။ အရက်သမားတွေ နလံထချိန်မှာ မတူတာလေးတွေရှိတယ်။ မစားချင်ဖြစ်တာကို သူတို့ဖါသာ ခံတွင်းတွေ့တာ ရှိတတ်တယ်။ ဥပမာ တချို့ကို ဆီးဖြူသီးအရည်လုပ်အသောက်ခိုင်းတာ အတော်ထိရောက်တာ တွေ့ဘူးတယ်။ အလားတူဘဲ သူတို့သောက်ချင်တာ၊ စားချင်တာမေးပြီး လုပ်ပေးသင့်တယ်။ မအိပ်နိုင်တာကိုတော့ ဆရာဝန်က ဆေးပေးပါမယ်။

အားဆိုတာ စားရင်း၊ နားရင်း ကောင်းလာမှာပါ။ ကိုယ်ကကျွေးပေမဲ့ မစားချင်ရင် ခက်တယ်။ အားဆေးဆိုတာ တခြားရောဂါသည်တွေနဲ့ သိပ်မထူးလှပါ။ အသဲအတွက်အားဆေးမျိုး ဥပမာ Liv-52 tablet ပေးတယ်။ ဗီတာမင် (ဘီ) ပေးကိုပေးသင့်တယ်။ ပါးစပ်ကအဝင်နည်းရင် Drip with multivitamin သွင်းပေးရတယ်။ ORS ဓါတ်ဆားရည်လဲ သောက်စေသင့်တယ်။ အသီးတမျိုးမျိုး (ရာသီစာ) နေ့တိုင်း စားပေးသင့်တယ်။

လူကောင်းဖြစ်လာမှာပါ။ သက်သာလာပြီး ပြန်သောက်တာလဲ ဖြစ်နိုင်တာကို ကြိုသိထားပါ။ တခါနဲ့တခါ သောက်ချိန် နည်းလာအောင် ဦးတည်ပြီး ပြုပြင်ရမယ်။ မူးနေသူကို ကျန်းမာရေးအကြောင်း မပြောနဲ့၊ ဘာသာရေးဆို ဝေးရော၊ ပြောမဝင်ဘူး။ အထိုက်အလျှောက်သာ လှည့်ပတ် ဆုံးမကြရတယ်။ ချော့လိုက်၊ ငေါက်လိုက်၊ ခြောက်လိုက်လုပ်ကြရတယ်။

အရက်ကြောင့် တခါတလေ စိတ်အားငယ်ပြီး သတ်သေချင်တဲ့အထိဖြစ်တယ်။ တခါတလေ သူများကို ရန်လုပ်ချင်တယ်။ ဒီ နှစ်မျိုးရောဖြစ်နေတာ သတိထားပါ။ အရက် ဘယ်အမျိုးအစားကို ဘယ်လောက်ကြာကြာသောက်ထားသလဲ၊ သူ့ကိုယ်ခံ ဘယ်လောက်ကောင်းသလဲ အပေါ်မူတည်ပြီး ပြန်ကောင်းဘို့လိုတဲ့အချိန်ယူမယ်။ ကြာလေကောင်းလေ ဖြစ်တယ်။

၉-၈-၂ဝ၁၂

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...