ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Wednesday, August 15, 2012

Q and A August 2012 (2)

1. သားလေးက သြဂုတ်လ ၂၄ ဆို ၅ လပြည့်ပါပြီ။
2. ထိုင်းနိုင်ငံ (့) ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့
3. စအိုမှာ ကျိန်းစပ် နာကျင်နေပြီး
4. အရိုးကြီးပေါင်းတက်သွားပြီတဲ့။
5. ငါးမျက်စိ ဟုတ်မဟုတ်တော့ အသေအချာ မသိပါဘူး။
6. ကျွန်တော့ ကောင်မလေးမှာ ကျန်းမာရေးချူချာပါတယ်။
7. မလုပ်ရင် ဝက်ခြံမထွက်ဘူး။
8. စအိုနားမှာ ပြည်တည်နာဖြစ်လို့
9. ချက်ရဲ့ ဘေးနားမှာ နာသလိုဖြစ်ပေမယ့်

Wed, Aug 15, 2012 at 11:10 AM
သားလေးက သြဂုတ်လ ၂၄ ဆို ၅ လပြည့်ပါပြီ။ ၇့၅ ကီလိုရှိပါတယ်။ ကလေးကို လမ်းလျှောက်ထိုင်ခုံလေးထဲ ထည့်ချင်လို့ ပါ။ ဒါပေမယ့် ကလေး ခါးနာသွားမှာ၊ ခါးကုန်းသွားမှာလည်း ကြောက်လို့ပါ။ ဘယ်အရွယ်လောက်ထည့်ရင် ကောင်းမလဲ အကြံပေးပါအုံးရှင့်။ သားလေးက ၃ လပြည့်ဖို့ ၃ ၇က်အလိုလောက်က စပြီးမှောက်ပါတယ်။ ခုဆို သားလေးကအိပ်ရင် မှောက်အိပ်ပါတယ်။ နှာခေါင်းတော့ မပိတ်အောင် ဂရုစိုက်ပေးပါတယ်။ သူက သူ့မျက်နှာကို စောင်းပြီး အိပ်ပါတယ်။ သူ့ကို ဘယ်လိုဘဲ ပက်လက်ပြန်လှန်လှန် ခဏနေရင် ပြန်ပြီး မှောက်သွားတယ်။ သူအိပ်နေတုန်း ပက်လက်ပြန်လှန်ပေးရင် မကြိုက်ဘူး။ အော်တာဘဲ။ အဲဒါ သူ့ကျန်းမာရေးအတွက် ကောင်းမကောင်း သိချင်လို့ပါ။

သိပ်မစိုးရိမ်ပါနဲ့။ ကလေးမှောက်ချိန် စောသားဘဲ။ မှောက်အိပ်တာလဲ သူ့အကြိုက်ပေါ့။ ၇ လမှာ ထိုင်မယ်။ တချို့ နဲနဲ စောတယ်။ ဘီးတပ်ခုံလေးမှာထည့်တာ ထိုင်တတ်ချိန် ဖြစ်သင့်တယ်။ သိပ်မစောရင် ရပါတယ်။ ကျောမှီပါလို့ ခါးကို မတ်နေစမယ်။ ထိုင်တတ်မှာကို အားပေးရာကျမှာပေါ့။

Tue, Aug 14, 2012 at 9:46 PM
ကျွန်တော့် နာမည် (့) လို့ခေါ်ပါတယ်။ ထိုင်းနိုင်ငံ (့) ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ အိမ်ထောင်ရှင် အသက် ၄ဝ။ ငယ်စဉ်ကတော့ အင်ပျဉ် ဖြစ်ဘူးပါတယ်။ နောက်ပိုင်း ဘာမှ ယားယံ ခြင်းမျိုး မဖြစ်ခဲ့ပါဘူး။ လွန်ခဲ့သော ၁ နှစ်ကျော်မှစပြီး ကိုယ်ခန္ဒာမှာ အနီဖုလေးတွေ ပေါ်လာပြီး မကုတ်ရ မနေနိုင်အောင် အရမ်းယားပါတယ်။ ၁ဝ မိနစ်လောက်ဖြစ်ပြီး ရင်တော့ ဘာမှမဟုတ်သလို ပြန်ကောင်းသွားပါတယ်။ နေပူလို့ဖြစ်တယ်လို့ ထင်ပေမယ့် နောက်ပိုင်း မိုးတွင်းရော ဆောင်းတွင်းမှာပါ လိုက်ဖြစ်လာပါတယ်။ စဖြစ်ကာစ တပတ်တခါလောက်ဖြစ် တတ်ပြီး နောက်ပိုင်း ၂ ရက် ၃ ရက်ခြားတခါ ဖြစ်လာပါတယ်။ တခါတလေ တနေ့ ၂ ခါ ၃ ခါလောက်ဖြစ်ပါတယ်။ အဲဒီလိုဖြစ်လို့ အဝတ်အစားကို တနေ့ တထည် ဝတ်ပါတယ်။ အမြဲ သန့်ရှင်းအောင်လည်း နေပါတယ်။ ဒါပေမယ့် အနီဖုထပြီး ယားတာကေတော့ ဖြစ်တာပါပဲ။ တခါတလေ ညနက်သန်းခေါင် လည်းထဖြစ်တယ်။ စခန်းမှာ ဆေးရုံရှိပေမယ့်လည်း ဘာဖြစ်ဖြစ် ပါရာစီတမော ပဲ ပေးပါတယ်။ အနီးဆုံး ဆေးရုံကို သွားပြချင်ပေမယ့်လည်း အခက်အခဲအများကြီး ဖြစ်ပါတယ်။ အရက် မသောက်ပါဘူး။ ဆေးလိပ်တော့ သောက်ပါတယ်။ အမဲသား၊ ခရမ်းသီး ငယ်ငယ်တည်းက မစားပါဘူး။ တတ်နိုင်သလောက် အစားအသောက် ရှောင်ပါတယ်။ ဒါကြောင့် သောက်ဆေး၊ ထိုးဆေး ဆေးညွှန်းပေးနိုင်ရင် ဆေးမှာလို့ ရပါတယ်။

• Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း
• Allergy သို့မဟုတ် မတည့်အတူနေ
• Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ

Wed, Aug 15, 2012 at 3:13 PM
ကျွန်တော်က အသက် ၂၉ နှစ်အရွယ် အိမ်ထောင်မရှိသူ လူပျို တစ်ဦးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဝမ်းချုပ်တဲ့အတွက် အတော်လေး အားစိုက်ပြီး ရေအိမ်သွားရပါတယ်။ အဲဒီနောက်ပိုင်းက စအိုမှာ ကျိန်းစပ် နာကျင်နေပြီး ယခုထိ မပျောက်ကင်းသေးပါ။ အိမ်သာ သွားသည့်အခါ ပိုဒုက္ခများပါသည်။ ယင်းဝေဒနာ သက်သာပျောက်ကင်းစေရန် မည်သည့်ဆေးဝါးများ သုံးစွဲရမည် ဆိုသည်ကို ကျေးဇူးပြုပြီး ညွှန်ကြားစေလိုပါတယ်။

Fissure-in-Ano (FIA) စအိုကွဲနာ

Sun, Aug 19, 2012 at 4:29 AM
ကျွန်တော် နာမည်က (့) ဖြစ်ပါတယ်။ အခုလက်ရှိ (့) နိုင်ငံမှာ အလုပ်နေသူ တစ်ယောက် ဖြစ်ပါတယ်။ အသက် ၃ဝ ရှိပါပြီ။ ကျွန်တော်ရဲ့ ဘယ်ဘက်ခြေထောက် တင်ပါဆုံနဲ့ ပေါင်ထိပ်အရိုး ဆုံချက်လွဲနေတာဘဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ခြေတစ်ဖက် မသိမသာ နိမ့်ပါတယ်။ ညာဘက်ခြေထောက်ထက် မသိမသာလေး နည်းနည်းသေးပါတယ်။ လမ်းလျှောက်ရင် ပုံမှန်မဟုတ်ဘဲ နည်းနည်းနိပ်နင်း နိပ်နင်းဖြစ်နေပါတယ်။ ညာဘက်ကို ပိုအားပြုတော့ ဘယ်ဘက် နည်းနည်း သေးတာထင်ပါတယ်။ တော်သေးတာက အခြားသူတွေလို ခြေထောက် မသိမ်သွားလို့ပါ။ စပြီးဖြစ်တာကတော့ ၁ဝ နှစ်သားလောက်ကတည်းက ဆော့ရင်းနဲ့ ပေါင်ကာတာ ၃၊ ၄ ခါလောက် ဖြစ်တယ်။ အဲ့ဒီနောက် ပေါင်ထိပ်မှာ အကျိတ်လိုဖြစ်ပြီး လမ်းလျှောက်တာ ထော့ကျိုးလိုဖြစ်နေလို့ မိဘတွေက နီးစပ်ရာ မြန်မာဆရာတွေနဲ့ ကုတယ်။ ဒါပေမဲ့ အချည်းအနှီးသာဖြစ်ခဲ့တယ်။ နောက်ဆုံး အရိုးအကြော ဆေးရုံမှာ ၂ လလောက် တက်ခဲ့ရတယ်။ အရိုးကြီးပေါင်းတက်သွားပြီတဲ့။ လေ့ကျင့်ခန်း တော်တော်ပြန်လုပ်မှ ရမယ်ပြောတယ်။ ပြန်မကောင်းပေမဲ့ သက်သာတာနဲ့ ဆေးရုံက ပြန်ဆင်လာတယ်။ ထပ်မကုဖြစ်တော့ပါဘူး။ ခြေထောက်ကြောင့် လမ်းကြာကြာလျှောက်ရင် အရမ်းနာတယ်။ ခြေထောက်နာနေတဲ့ အချိန်ဆိုရင် ထိုင်ရာကထရင် နာတယ်။ အေးတဲ့ ရာသီဆိုရင် ပိုပြီးနာကျင်တယ်။ အဲ့ဒါကြောင့် ဘယ်ဘက် ခြေထောက်က တင်ပလင်ခွေပြီး ယောက်ျာတွေလို တရားထိုင်လို့ မရဘူးခင်ဗျ။ ဘုန်းကြီးဝတ်တဲ့ အချိန်တို့ ထမင်းစားတဲ့ အချိန်တို့ဆိုရင် တော်တော် ဒုက္ခတွေတယ်။ အခုအချိန်ထိခံနိုင်ရည် ရှိပေမဲ့ အသက်ကြီးလာတဲ့အခါ တော်တော် ခံစားရမယ်ဆိုတာသိလို့ ကြောက်မိပါတယ်။ ကုလို့ရမယ်ဆိုရင် အခုခေတ်မီစက်ကိရိယာတွေနဲ့ ကုသတာတို့ ခြေထောက်ကို စက်တွေနဲ့ ဆွဲဆန့်တာတို့လုပ်ရင် ရနိုင်မလားလို့ သိချင်ပါတယ်။ ပြန်မကောင်းလည်း စိတ်မကောင်း မဖြစ်ပါဘူး။ ဒါပေမဲ့ နာကျင်တဲ့ ဝေဒနာကိုတော့ မခံစားချင်လို့ပါ။

ဆောရီး။ အရိုး-အဆစ်တွေမှာ ဖြစ်တာကြာရင် ပြန်ပြင်ရ၊ ကုရတာ အတော်ကြီးခက်ပါတယ်။ ချက်ချင်းဖြစ်တာကို စနစ်တကျကုမှသာ ကောင်းတဲ့အမျိုးဖြစ်တယ်။

ရောဂါအမျိုးအမည် မသေခြာပါ။ အရိုးကြီးပေါင်းတက်တယ်လို့တော ဖတ်ရပါတယ်။ ဓါတ်မှန် အဖြေမှာကော Spondylosis လို့ ရေးပါသလား။ Spondylosis ဆိုတာ Cervical spondylosis လည်ပင်းနဲ့ Lumbar spondylosis ခါးမှာသာ အဖြစ်များတယ်။

ရောဂါနာမည်ကို အသာထားပြီး ဖြစ်နေတာကို ပြုပြင်ချင်ရင် အရိုးအထူးကုဆရာဝန်ကနေ စမ်းသပ် စစ်ဆေးတာတွေ အရင်လုပ်ရမယ်။ ခေတ်မီ စစ်ဆေးနည်းနဲ့ ကုသနည်းတွေ တိုးတက်လာတာတော့ မှန်ပါတယ်။

သေးတယ်၊ လှီတယ်ဆိုတာက အသုံးချရတာ နည်းလို့ဖြစ်တယ်။ အနာသက်သာဆေး အဆင်သင့်တာကို သောက်သင့်ပါတယ်။ NSAID ဆေးတွေအကြောင်း ရေးထားတာရှိပါတယ်။

Sun, Aug 19, 2012 at 7:23 AM
အမည် (့)၊ အသက် ၃၂၊ နေရပ် (့)။ ကျနော့်ခြေမအောက်ဖက်မှာ အသားမာတက်နေတာ တစ်နှစ်ကျော်လောက် ရှိပါပြီ။ စဖြစ်ဖြစ်ချင်းတုန်းက မနာပေမယ့် လွန်ခဲ့တဲ့ခြောက်လကျော်လောက်ကစပြီး အသားတင်းလာရင် ဖိရင် နာတယ် အောင့်တယ်။ အဲလိုဖြစ်လို့ လက်သည်းညှပ်နဲ့ ညှပ်ထုတ်လိုက်ရင် အနာ သက်သာသွားပါတယ်။ မနာတော့သလောက်ပေါ့။ အသားမာလေးတွေဆိုတော့ ညှပ်ထုတ်လို့လည်း မနာပါဘူး။ တစ်ပတ်လောက်ကြာသွားရင် အသားမာလေးတွေ ပြန်ပြည့်လာရင် တင်းပြီး ဖိမိရင် ပြန်နာလာပါတယ်။ ငါးမျက်စိ ဟုတ်မဟုတ်တော့ ကျနော် အသေအချာ မသိပါဘူး။ ရှင်းပြထားတဲ့အတိုင်းဆိုရင် ခွဲလိုက်ရင် ကောင်းသွားမယ်ဆိုပေမယ့် ကျနော်က အခု (့) ရောက်နေတာဆိုတော့ ခွဲဖို့ကိစ္စက အဆင်မပြေဘူး။ နောက်နှစ် အလည်ပြန်လာတဲ့အချိန်ဆိုရင် ပျောက်ကင်းအောင် ကုသဖို့ စဉ်းစားထားပေမယ့် အခုလက်ရှိ ဒီရောက်နေတဲ့ အချိန်အတွင်း လုံးဝပျောက်ကင်းအောင် (သို့) သက်သာအောင် ကုသနိုင်တဲ့ တခြားနည်းလမ်း ရှိမရှိ သိချင်ပါတယ်။ ဆေးဝါးရှိပါက ရန်ကုန်တွင် အလွယ်တကူ ၀ယ်ယူနိုင်သည့် ဆေးဆိုင်နှင့် ဆေးအမျိုးအစားကို အကြံပြုစေချင်ပါတယ်။ မရိုမသေ ဓာတ်ပုံထည့်ပေးလိုက်ပါတယ်။

Corn ငါးမျက်စိ ပို့လိုက်ပါတယ်။
ဖြစ်တဲ့နေရာကို ရေမကြာခဏဆေးပေးပါ။ ကိုယ်တိုင်လှီးပြစ်လို့ရသလောက်လှီးထုတ်ပါ။ အဖိအားသက်ရောက်တာကို အတတ်နိုင်ဆုံး ရှောင်ပါ။ Moisturizer (Emollients) ခေါ်တဲ့ ဆေးလိမ်းနိုင်တယ်။ သူက အစိုဓါတ်ကိုသာပေးမယ်။ အက်စစ်ပါတဲ့ဆေး မသုံးသင့်ပါ။ အတိုင်းအဆ မှန်းရခက်တယ်။

Sun, Aug 19, 2012 at 10:15 PM
ကျွန်တော်က (့) မှာ အလုပ်လုပ်နေတာဖြစ်ပြီး ကျွန်တော့ ကောင်မလေးမှာ (့) မှာ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ ကျွန်တော့ ကောင်မလေးမှာ ကျန်းမာရေးချူချာပါတယ်။ ခုတစ်လော သူ့မျက်နှာဘယ်ဘက်ခြမ်းကစပြီး ဘယ်ဘက် လက်ချောင်းလေးတွေအထိပါ ကိုက်နေပါတယ်။ ကိုက်လွန်းလို့ ညဘက်တွေဆို အိပ်လို့မရပါဘူးတဲ့။ ကျွန်တော် ကိုယ်တိုင်ကလည်း အဝေးမှာလည်းဖြစ်နေပြန် ဘာမှလည်း နားမလည်တော့ ရမ်းသမ်းပြီး အကြံမပေးရဲပါဘူး။ ရန်ကုန် မှာတုန်းကလည်း ဖြစ်ဖူးတယ်လို့ပြောပါတယ်။ သူ့မှာ သွေးအားနည်းရောဂါလည်း ရှိတယ်လို့ ပြောပါတယ်။ ၂ လကို ၁ ခါလောက် အကြောဆေးသွင်း မသွင်းရင်မူးနေတက်ပါတယ်တဲ့။ အဲ့ဒါ ဘယ်လိုဆောင်ရွက်ပြီး မည်သည့်ဆေးများ သောက်သင့်တယ်ဆိုတာကို ဖြေကြားပေးပါ။

ဖြစ်တဲ့သူ အသက် ၂ဝ နဲ့ ၃ဝ ကြားနေမှာပေါ့။ ဆေးစစ်ဘူးလားမသိပါ။ အားဆေး စတာသောက်နေ-မနေ မသိပါ။ အကိုက်အခဲပျောက်ဆေး သောက်နေ-မနေ မသိပါ။
သွေးအားနည်းတာအတွက် သံဓါတ်အားဆေး အမြဲသောက်နေရပါမယ်။ Ferrous sulphate, Ferrous Fumeate တမျိုးမျိုး တနေ့ ၂ ကြိမ်သောက်ရမယ်။ ဗီတာမင် (ဘီ) အုပ်စုဆေးလဲ တနေ့ ၂ ကြိမ် သောက်ရမယ်။ ဒီဆေး ၂ မျိုးလုံးက ရှာလို့လဲ လွယ်တယ်။ ဈေးလဲမကြီးဘူး။ တံဆပ် သိပ်ကောင်းပြီး ဈေးတင်ရောင်တာမျိုး မလိုပါ။
အနာအကိုက်ပျောက်ဆေးတွေ အမျိုးမျိုးထဲက တမျိုးမျိုးသောက်ရမယ်. နာမှ-ကိုက်မှသာ သောက်ဘို့လိုမယ်။ Paracetamol. Aspirin, Ibuprofen, Diclofenic တမျိုးမျိုး။ ဈေးမကြီးကြပါ။ တမျိုးကို ၃-၄ ရက်သောက်လို့ မထူးရင် နောက်တမျိုးပြောင်းနိုင်တယ်။ ဒီဆေးမျိုးကို ဆေးကို အစာနဲ့တွဲသောက်တာကောင်းတယ်။
ဖြစ်နိုင်ရင် ဆေးစစ်ပါ။ သွေးခုန်နှုန်း၊ သွေးဖိအား သိချင်တယ်။ အစာအာဟာရ ပြည့်ဝ မျှတအောင် စားသောက်ပါ။
စိတ်ချမ်းသာအောင် ဂရုစိုက်ပါ။ အားတဲ့အချိန် ကိုယ်လက်လှုတ်ရှားမှု၊ တရားထိုင်တာ လုပ်ပေးသင့်ပါသေးတယ်။

Tue, Aug 21, 2012 at 4:22 PM
ကျနော်က အသက် ၂၅ နှစ်ပါ။ ကျနော် အခုထိ ဝက်ခြံပေါက်နေတုန်းပါပဲ။ ဝက်ခြံက မာစတာဗေးရှင်း လုပ်လိုက်တာနဲ့ နောက်နေ့ထွက်လာတာပဲ။ မလုပ်ရင် ဝက်ခြံမထွက်ဘူး။ အခုထိ အလိုဖြစ်နေတယ် ဘာဆေးသောက်ရမလဲ။ ဘယ်လိုပြုပြင်နေထိုင်ပေးရမလဲ။

Acne ဝက်ခြံ ရောင်စုံ
Acne Laser treatment ဝက်ခြံကို လေဆာ နဲ့ ကုသခြင်း

Mon, Aug 20, 2012 at 3:15 PM
ကျွန်တော့် နာမည် (့) ပါ၊ ၄၅ နှစ် ရှိပါပြီ။ ၁၉၉၈ နဲ့ ၂ဝဝဝ တုန်းက စအိုနားမှာ ပြည်တည်နာဖြစ်လို့ (၄) ရက်လောက် ဆေးထိုးဆေးစားနဲ့ ပျောက်ဘူးပါတယ်။ ၂ဝဝ၉ တုန်းက ဖြစ်တော့ အနာပြည်ပေါက်တာက (၄) ရက်လောက်ဆို ပေါက်သွားတယ်။ ညနေဆို သာငံရည်ထွက်နေတဲ့အတွက် ဆေးခန်းက အန်တီဘိုင်အိုတစ် မနက်၊ ည တစ်လုံး တစ်လ သောက်ခိုင်း၍ ပျောက်ခဲ့ပါတယ်။ ငရုတ်သီးအစပ် အမြဲရှောင်ပါတယ်။ ဝမ်းမချုပ်အောင် မနက်သွားမတိုက်ခင် ရေမတ်ခွက်အပြည့် သောက်ပါတယ်။ အလေးစွန့်ပြီးတိုင်း စအိုပတ်လည် အနီးတစ်ဝိုက်ကို ဆပ်ပြာနဲ့သေသေချာချာ ဆေးပါတယ်။ ဒါက ကျွန်တော့်ရောဂါရာဇဝင်ပါ။ တလောက အခန့်မသင့်လို့ပြန်ဖြစ်တယ်။ စအိုတစ်ဝိုက် တင်းပြီး မာသလို စဖြစ်တာနဲ့ ဆေးခန်းပြတာ မြန်လို့ အနာယောင်တာ ကြီးတာမဖြစ်လိုက်ဘူး။ အခုအနာမှာ ကိုက်တာ နာတာ ယောင်တာ လုံးဝ မရှိပါတော့ပါ။ ဒါပေမယ့် ညနေ (၃) နာရီလောက်ရောက်တိုင်း အနာဝကနေ မျက်ချေးလိုမျိုးလေးတွေ ထွက်နေတာ (၁ဝ) ရက်နီးပါး ရှိပါပြီ။ ဆရာ့ရဲ့ ဘလော့ဂ်ထဲက ဂရင်ဂျီနာ (Fistula)အကြောင်းလည်း ဖတ်ရှုရပါတယ်။ အနာသဏ္ဌာန်က စအိုအတွင်းပိုင်းနံရံကနေ ထွက်လာပြီး စအိုပေါက်ရဲ့အနောက်ဖက် လက်တစ်လုံးခန့်အကွာမှာ အနာဝ တစ်ပေါက် ဖြစ်နေတာပါ။ လက်နဲ့ဖိစမ်းကြည့်ရင် အကြောမြောင်းလေးတစ်မြောင်းကို ဖုတု ဖုတုနဲ့တွေ့နေရပါတယ်။ ဆရာ့ရေးတဲ့ fistula အကြောင်းထဲက မြင်းခွာသဏ္ဍာန် ဖြစ်မယ်လို့ထင်ပါတယ်။ ဒီလိုဖြစ်လိုက် သားငံရည်ထွက်လိုက် ပျောက်လိုက် ရေရှည်မှာ စအိုကင်ဆာ ဖြစ်နိုင်ခြေ ရှိ၊ မရှိ။ ကျွန်တော့်ရောဂါအခြေအနေဟာ ခွဲစိတ်ကုသမှု ပြုလုပ်ဖို့ လိုအပ်ပါသလား။

ဂရင်ဂျီနာ ဟုတ်ပါမယ်။ ခွဲစိတ်ဘို့ဆိုတာ အေးအေးဆေးဆေးလုပ်လို့ရပါတယ်။ အနေရ-အထိုင်ရ ခက်လာမယ်၊ ခဏခဏ အနာဖြစ်လာမယ်ဆိုရင် ဆရာဝန်ကနေ စစ်ပါမယ်။ ခွဲဘို့အကြံပေးပါလိမ့်မယ်။ မြင်းခွါပုံကတော့ ခွဲမှာ သိတာဖြစ်တယ်။

Mon, Aug 20, 2012 at 4:29 PM
ဦးဇင်းက (့) က အရှင် (့) ပါ။ ပြီးခဲ့တဲ့ သုံးပတ်လောက်က လေချုပ်သလိုဖြစ်ပြီး အနေရခက်ပါတယ်။ တစ်ပတ်လောက် အကြာမှာတော့ ဗိုက်အနည်းငယ်နာလာပါတယ်။ အပြင်းအထန်နာတာမျိုး မဟုတ်ပါဘူး။ ဘယ်ဖက်ခြမ်း ချက်ရဲ့ ဘေးနားမှာ နာသလိုဖြစ်ပေမယ့် ဝမ်းဗိုက်တစ်ပြင်လုံးကို လေအောင်သလိုဖြစ်နေတာပါ။ နာရီဝက် တစ်နာရီခြား နှစ်နာရီခြား တစ်ခါတစ်ရံလည်း တစ်မနက်လုံး ဘာမှမဖြစ်သလိုပါပဲ။ နှစ်ပါတ်လောက်အကြာမှာ အနီးနားရှိ ဆေးခန်းလေးကို သွားပြပါတယ်။ ပထမ သုံးရက်စာ ဆေးသုံးမျိုး ပေးလိုက်ပါတယ်။ သုံးရက်ပြည့်လို့ သိပ်မထူးခြားတာနဲ့ ဒုတိယအကြိမ်ထပ်သွားပါတယ်။ နောက်သုံးရက်စာ ဆေးငါးမျိုးပေးလိုက်ပါတယ်။ ဒါလည်း ထူးခြားမှုမရှိပါဘူး။ (ပထမနဲ့ ဒုတိယ အကြိမ်တွေမှာ ပေးလိုက်တဲ့ ဆေးများမှာ ဓာတ်ပုံပါအတိုင်းဖြစ်ပါတယ်) ဒါနဲ့ သံကောင်ကြောင့် ဗိုက်နာသလားလို့ ဆိုပြီး သံချဆေး (Vermox 500 mg) ကို ဝယ်သောက်လိုက်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဗိုက်မနာတော့ပါဘူး။ ဒါပေမယ့် ယခင်အစကဖြစ်သလို လေချုပ်ပြီး နေထိုင်ရတာ မအီမသာဖြစ်နေတာက ကျန်နေပါတတယ်။ အဲဒါလည်းအမြဲတမ်းမဟုတ်ပါဘူး။ လေရပြီးရင်တော့ နောက်ထပ် ငါးမိနစ် ဆယ်မိနစ်ခန့် နေထိုင်ရကောင်းပါတယ်။ မဟုတ်ရင်တော့ အပေါ်ကိုလေတက်ချင်သလို ဗိုက်ကတင်းပြီးနေသလိုနဲ့ နေထိုင်ရ မအီမသာဖြစ်နေပါတယ်။ စာကြည့်ရတာတောင် ဆောင့်ကြောင့်ထိုင်ရမလိုဖြစ်နေပါတယ်။ ဖြစ်နေတာက အပြင်းအထန်ပုံစံမျိုးလည်းမဟုတ် နေရထိုင်ရခက်ရုံနဲ့ ခံစားရတာကို ပြောပြရ အခက်ကြီးလည်း ဖြစ်နေပါတယ်။ ခါတိုင်း ကျန်းမာရေးမကောင်းတဲ့အခါ ပြနေကြ ပုဂ္ဂလိကဆေးရုံက ဆရာဝန်မကြီးကလည်း ပြည်ပခရီးထွက်နေတဲ့အတွက် အကြံပြုချက်တောင်းလိုက်ရတာပါ။

ဦးဇင်းဘုရား။ ရေးပြတာတွေကိုဖတ်ပြီး ခန့်မှန်းချေဖြစ်နိုင်တာကို ပြောပါမယ်။ ဗိုက် ဘယ်ဘက်ဆိုရင် သိပ်ကြီး မစိုးရိမ်ရပါ။ အူအတက် နဲ့ အသဲ မဟုတ်နိုင်တာ ကောင်းပါတယ်။ လေကိုသာ စဉ်းစားတာမှန်ပါတယ်။ လေက အစာအိမ်နဲ့ အူ နှစ်ပိုင်းကနေ ဖြစ်စေတယ်။

အစာအိမ်ဆိုရင် လေနာဆေး ဥပမာ Gelmag, Antacid, Digene လိုဆေးကတော့ မလွဲမသွေး သောက်ကြရတယ်။ ဆိုးကျိုးလဲ မဖြစ်စေပါ။ နောက်တချက်က အစာကောင်းကောင်းမချက်တာကနေလဲဖြစ်နိုင်လို့ အစာစားပြီးချိန် Ezyme, Lupizyme အစာကျေဆေး ၃-၄ ရက်လောက်သောက်နိုင်တယ်။ အစာစားပြီး ခဏနားတာ၊ မြန်မာလျှက်ဆားကနေလဲ အထောက်အကူပြုပါမယ်။ နာတာ၊ အောင့်တာသက်သာဘို့ နာတဲ့အချိန်မှာ Buscopan, Spasmogin လိုဆေး တမျိုးမျိုး သောက်နိုင်ပါတယ်။ ဖြစ်နေတုံးမှာ ကျေချက်လွယ်တဲ့အစာ ရွေးစားသင့်ပါတယ်။ စိတ်ဖိအား များရင်လဲ လျှော့ချပါ။

Tue, Aug 21, 2012 at 6:50 AM
ကျွန်တော်ကတော့ တီဘီရောဂါ ပျောက်ကင်းတာ ၆ လလောက် ရှိပါပြီ။ အသက်က ၂ဝ ကျောင်းသားတစ်ယောက်ပါ။ ဖြစ်ချင်တော့ ကျွန်တော့်ကို စာလာသင်ရန် လွန်ခဲ့တဲ့နှစ်လလောက်မှခေါ်တဲ့ ဆရာမမှာ တီဘီရောဂါ ရှိမှန်းသိရပါတယ်။ ဆရာမက သူလာသင်တိုင်း ချောင်းတစ်ချက်တစ်ချက်ဆိုးပါတယ်။ သူဆိုးတဲ့အခါမှာလက်ကိုအုပ်ပြီးဆိုးသော်လဲ ကျွန်တော် သူ့ဆီက ရောဂါပြန်ကူးမှာ ကြောက်တယ်။ စာမေးပွဲ ဖြေရန်လဲတစ်လလောက်ပဲ ကျန်တော့တာ။ ဆရာမနဲ့ ကျွန်တော်က နှစ်ယောက်တည်း တစ်တောင်အကွာကနေ သင်ရတာ။ အိမ်ကိုပြောတော့ မကူးလောက်ဘူး။ တစ်လလောက်ပဲ ကျန်တော့တာ သင်လိုက်တော့လို့ပြောတယ်။ ကျွန်တော် ချောင်းဆိုးတဲ့အချိန်ကို နည်းနည်းရှောင်ပြီး ဆက်သင်သင့်လား။ ဒီလိုပဲ နီးနီးကပ်ကပ်နေရင် ကူးသွားနိုင်သလား။ ချောင်းဆိုးတဲ့အချိန်ပဲ ကူးနိုင်သလား။ အရေးကြီးရင်လုံးဝရှောင်ရန်လိုအပ် သလားအကြံပေးပါအုံး။

ကိုယ်တိုင် တီဘီ ဖြစ်ဘူးထားသူဆိုတော့ ရောဂါအကြောင်း အတော်အသင့်သိမှာပါ။ တီဘီ မှာ သူများကိုကူးစေနိုင်တဲ့ သလိပ်ထဲမှာ ပိုးရှာလို့တွေတာ နဲ့ သူများကိုမကူးစေနိုင်တဲ့ သလိပ်ထဲ ပိုးမတွေ့တာ ၂ မျိုးရှိပါတယ်။ ဆရာမမှာ ဘာရှိနေပါသလဲ။ တီဘီ ဖြစ်ဖူးသူနဲ့ တီဘီ ကာကွယ်ဆေး ထိုးထားတဲ့ကလေးတွေက ရောဂါကို ခံနိုင်ရည်ရှိနေကြပါပြီ။ ချောင်းဆိုးတိုင်းတော့ တီဘီ မဟုတ်ပါ။