ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, October 12, 2012

Q and A October 2012 (4)

1. ကျွန်တော် အသက် ၃၃ နှစ်ရှိပါပြီ။
2. သားလေးက ၆ လနဲ့ ၃ ပတ် ရှိပါပြီ။
3. သမီးက ၂၅ နှစ်ကျော်ပါပြီ။
4. Health - Pro Alfalfa ဆိုတဲ့ ဆေးတမျိုး ပေါ်နေပါတယ်။
5. လက်တုန်တာကတော့ အခုထိ
6. ရေကိုခန္ဓာကိုယ်မှာ လိုအပ်နေတာထက် ပိုသောက်သုံးမိရင်ရော
7. အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ခိုင်းတာ ဘာကြောင့်လဲသိချင်ပါတယ်။
8. ဒါပေမဲ့လည်း သွေးကပြစ်နေတုန်းပါပဲ။
9. စအိုမှာ အလုံးသေးသေးလေး ပေါက်နေပါတယ်။
10. မွေးကင်းစမှ ၅ နှစ်မပြည့်မီအချိန်ထိ ထိုးရတဲ့ကာကွယ်ဆေးများကို

Thu, Oct 11, 2012 at 8:00 PM
ကျွန်တော် အသက် ၃၃ နှစ်ရှိပါပြီ။ ကလေးတစ်ယောက်ဖခင်ပါ။ အခုတလောမနက်အိပ်ရာကထရင် ဘယ်ဘက် ခြေဖဝါးက နာနေပါတယ်။ တပတ်လောက်ရှိပါပြီ။ လမ်းလျှောက်ရင်လည်း နာပါတယ်။ ဘယ်နားကနာမှန်း စမ်းလို့မရပါဘူး။ ခြေဖမိုးကလိုလို ခြေဖဝါးကလိုလို ဖြစ်နေပါတယ်။ နေ့လည်လောက်ဆို ပျောက်သွားပါတယ်။ ဆေးလိပ်သောက်ပါတယ်။ အရက်လည်း တခါတလေသောက်ပါတယ်။ ဘယ်လိုလုပ်သင့်တယ်၊ ဘာဆေး သောက်သင့်တယ်ဆိုတာ ပြောပြပေးပါ။

အတိအကျတော့ ပြောမရသေးပါ။ စိုးရိမ်စရာမဟုတ်နိုင်ပါ။ သွေးဖိအား နဲ့ ဆီးချို မသိရပါ။ ကိုယ်အလေးချိန် များနေသလား မသိရပါ။ အနာသက်သာဆေးသောက်နိုင်ပါတယ်။ Neurobion နဲ့ Calcium သောက်နိုင်ပါတယ်။

Fri, Oct 12, 2012 at 6:57 AM
သားလေးက ၆ လနဲ့ ၃ ပတ် ရှိပါပြီ။ ၉ ကီလိုရှိပါတယ်။ ခုမြန်မာပြည်ကနေ (့) ကိုရောက်တာ ၂ ရက်ရှိပါပြီ။ သားလေးက နှာစေးချောင်းဆိုးဖြစ်နေတာ မသက်သာလို့ပါ။ ၁ဝ ရက်လောက်ရှိပါပြီ။ နို့စို့တော့ မပျက်ပါဘူး။ လန်းလည်း လန်းပါတယ်။ ဆေးတိုက်ပြီးရင်တော့ အရမ်းအိပ်ချင်သွားတယ်။ စစခြင်းတော့ ချောင်းဆိုးတာကစတာပါ။ ရန်ကုန်မှာ တုန်းက ချောင်းဆိုးလို့ ကလေးဆရာဝန်ပြတော့ ချယ်ရီကော့ဖ် တိုက်ပါတယ်။ ချောင်းဆိုးသက်သာသွားပြီး နှာစေး ကျန်နေတော့ (့) မလာခင်ရက်က ဆရာဝန်ထပ်ပြတော့ Piriton (2.5ml တနေ့ ၂ကြိမ်) ပြောင်းပေးလိုက်ပါတယ်။ ဒါပေမယ့် ကလေးက ခုထိ နှာစေးနေတုန်းပါဘဲ။ ချောင်းက မဆိုးတာ ၃ရက်လောက်ရှိပါပြီ။ ဒါပေမဲ့ ဒီနေ့တော့ ချောင်း နည်းနည်းဆိုးချင်တယ်။ နှာကတော့စေးနေတုန်းပါဘဲ။ အဲဒါ စိုးရိမ်ရပါသလား။ ဆရာဝန်ပြဖို့ လိုလားရှင့်။ ဒါမှမဟုတ် ခုသောက်နေတဲ့ဆေးဘဲ ဆက်တိုက်ရမလား အကြံပေးပါရှင့်။ ရန်ကုန်ကဆရာဝန်က Topcef ကို တနေ့ တလုံးသောက်ဖို့ ၅ ရက်စာ ပေးလိုက်ပါသေးတယ်။ သူက antibiotic ကို ကလေးကငယ်သေးတော့ သိပ်ပြီးမပေးချင်ဘူးတဲ့။ လိုအပ်မှ တိုက်ပါလို့ မှာလိုက်ပါတယ်။ အဲဒီဆေးကို ခုတိုက်လိုက်ရမလားရှင့်။ နောက် Topcef နဲ့ Piriton ရောတိုက်လို့ ရသလားရှင့်။ ကလေးက တုပ်ကွေးကာကွယ်ဆေးကို ၆ လပြည့်ပြီး ၄ ရက်လောက်တုန်းက ရန်ကုန်မှာ ထိုးထားပါတယ်။ ဆရာပြောတာကတော့ ချွဲမရှိဘူးလို့ ပြောပါတယ်ရှင့်။ ဘာဆက်လုပ်သင့်လဲ အကြံပေးပါရှင့်။

နှာစေးတာက ဗိုင်းရပ်စ်ကနေဖြစ်တာများတယ်။ အခုလိုရာသီပြောင်းမှာ အဲတာမျိုး အတော်ဖြစ်ကြတယ်။ ကလေးက နေရာအပြောင်းအလဲလဲရှိတော့ ပိုဖြစ်စေနိုင်မယ်။ ဗိုင်းရပ်စ်ဆိုရင် ပိုးသေဆေး မလိုတာ အမှန်ပါ။ ချောင်းဆိုးပျောက်ဆေး ဆိုတာထက် No-Cold, M-Cold ဆိုဆေးရည်က ပိုသင့်မယ်။ ၆ လကျော်ကလေးအတွက် လဘက်ရည်ဇွန်း ၄ ပုံ၁ ပုံသာလိုတယ်။ တနေ့ ၂-၃ ခါတိုက်နိုင်ပါတယ်။ မနက်ခင်းနေရောင်ပြပေးပါ။ ရေပိုတိုက်ပေးပါ။ လူထုတဲ့နေရာရှောင်ပါ။ ကိုယ်ပူတာ ၁ ရက်နေလို့မသက်သာရင်တော့ ပိုးသေဆေးပါတိုက်သင့်လာပြီ။ Azithromycin syrup/powder တခါတိုက်မှ လဘက်ရည်ဇွန်း တဝက် တနေ့ တခါဘဲလိုတယ်။

Fri, Oct 12, 2012 at 12:54 PM
သမီးက ၂၅ နှစ်ကျော်ပါပြီ။ အိမ်ထောင်ရှိပါတယ်။ အိမ်ထောင်ကျတာ နှစ်နှစ်ရှိပါပြီ။ ကွန်ပြူတာနဲ့ တစ်နေကုန် အညောင်းထိုင်လုပ်ရပါတယ်။ လေးဖက်နာရှိပါတယ်။ သမီးဝလဲဝလာပါတယ်။ သမီးကတားဆေးသောက်ပါတယ်။ သမီးမေးချင်တာနဲ့ ဖြစ်နေတာက -
၁။ ဝမ်းအရမ်းချုပ်ပါတယ်။ ဝမ်းက မနက်အိပ်ယာထတစ်ခါ၊ ညအိပ်ယာဝင်ခါနီးတစ်ခါ သွားချင်ပါတယ်။ ဒါပေမယ့် မနည်းညှစ်ရပါတယ်။ လိပ်ခေါင်းလိမ်းဆေးလိမ်းပြီးသွားရင် အဆင်ပြေပါတယ်။ တစ်ခါတစ်လေ လိမ်းတာတောင်မရဘူး သွားချင်ပေမယ့် မရလို့ လက်ခလယ်နဲ့နှိုက်ထုတ်တော့ ဘေးနံရံတစ်ဖက်တည်းမှာ ကျဉ်းလိုဖြစ်ပြီး ဝင်နေလို. နှိုက်ရပါတယ်။ သမီးထင်တာ မစင်က အပေါ်က လာတာမဟုတ်ဘူးလား၊ နောက်ပြီး တစ်ဖက်တည်းရှိတယ်။ စအိုအဝမှာလဲ ညှစ်ရင်အဖုအကြီးကြီး တစ်ခုထွက်ပါတယ်။ အဖုကြီးရှိလို့ပါလား။ မစင်ကလဲ မာတာ ကျောက်စရစ်ခဲသေး လေး အတိုင်းပါပဲ။ လူတိုင်းမှာအဲလိုကျင်းရှိလား၊ နောက်ပြီးမစင်မာတာ နှိုက်ထုတ်တာ အန္တရာယ်ရှိပါသလား။
၂။ တစ်ခါတစ်ခါ မြန်မာဆေးစားပြီး ဝမ်းကအရည်သွားတယ်။ ဒါပေမယ့် အရည်ကိုတောင်ညှစ်ရပါတယ်။ ချွဲလို၊ အဆီလိုလဲ တစ်ခါတစ်ခါသွားပါတယ်။ ဘာဖြစ်လို.အရည်တောင်ညှစ်ရတာပါလဲ။
၃။ ခဏခဏ မနှိုက်ထုတ်ချင်လို့ ဝမ်းအရမ်းသွားချင်တဲ့အထိ စောင့်ပြီးသွားတာ တစ်ခါတစ်ခါ နည်းနည်း သွားချင်တာ မသွားပဲ အောင့်ထားရင် ဆီးခဏခဏသွားချင်ပြီး ဆီးအိမ်လား ဆီးစပ်လား မသိဘူး တစ်နေရာမှာတစ်ခုခုဆို.နေသလိုပဲ ဆီးခဏလောက်မသွားတာနဲ့ ဆီးကျင်ချင်သလိုဖြစ်လာတယ်။ အရမ်းသွားချင်မှသွားလိုက်ရင် ဒါတောင်နှိုက်ထုတ်ရတယ်။ ဝမ်းသွားလိုက်ရင်ဆီးကမဖြစ်တော့ဘူး။ အဲဒါဘာဖြစ်တာလဲဟင်။ ဝမ်းနဲ့ဆီးနဲ့ဆက်နေတာလားဟင်။ ပုံမှန်ဆို သမီးက ဆီး သိပ်မသွားပါဘူး။ ၃၊ ၄ နာရီလောက်မှ တစ်ခါသွားတာပါ။
၎။ နောက်တစ်ခုက သမီးရေခဏခဏငတ်ပြီး ၁၅မိနစ် နာရီဝက်လောက်မသောက်တာနဲ့ အာခေါင်ခြောက်ပြီး နှုတ်ခမ်းခြောက်ပြီး ကွဲလာပါတယ်။ ရေကို သမီးအရမ်းသောက်ပါတယ်။ ဘာဖြစ်တာလဲဟင်။ ရေအရမ်းသောက်ရင် ရေဖေါတတ်တယ်ဆိုတာ ဟုတ်ပါသလား။
၅။ သမီးယောက်ျားကတော့ နာရီဝက်တစ်ခါလောက် ဆီးသွားပါတယ်။ ယောက်ျားလေးတွေက ပုံမှန် ဘယ်အချိန်လောက်သွားတတ်သလဲ။ မိန်းကလေးတွေကကော။ သူနဲ့ အပြင်သွားရင် သူက အိမ်သာရှာပြီး သမီးက ရေရှာတတ်ပါတယ်။ အပြင်သွားလို့ တစ်နာရီလောက်ကြာရင် သူက တစ်ခါသို.နှစ်ခါသွားပြီးသမီးက အိမ်ကို ၂ နာရီလောက်နေမှပြန်ရောက်လဲ အဲ့ဒီမှသွားပါတယ်။ ဘယ်သူက ပုံမှန်လဲ။

1. လက်နဲ့ကူရတာလိုမျိးဖြစ်နေတာ အင်မတန်ရှားပါတယ်။ ကိုယ်တိုင်လက်နဲ့လုပ်တာမှာတော့ ထိခိုက်စရာမရှိနိုင်ပါ။
2. အရည်တောင်မှ ညှစ်ရတယ်ဆိုတာလဲ ရှားတယ်။
3. ဆီးစပ်နေရာ ဆိုးသလိုခံစားရတာဆိုရင် စမ်းသပ်မှုလုပ်သင့်ပါတယ်။ ဝမ်းနဲ့ဆီး လမ်းကြောင်းရော ဖြစ်စဉ်ပါ ဆက်စပ်မနေပါ။ ဒါပေမဲ့ ဝမ်းသွားတာနဲ့ ဆီးလဲသွားမယ်။
4. ရေသောက်များလွန်းတာတော့ မကောင်းပါ။ အဲလိုအထိဖြစ်လောက်အောင်ဆိုတာလဲ အလွန်ရှားပါတယ်။ စာတပုဒ်ရေးထားပါသေးတယ်။ • Water poisoning ရေအဆိပ်သင့်ခြင်း http://dts-medicaleducation.blogspot.com/2011/12/water-poisoning.html
5. ယောက်ျားတိုင်းဆီးအလွန်မသွားကြပါ။ သူများထက်များနေရင် ဆီးချိုစစ်သင့်ပါတယ်။

Thu, Oct 11, 2012 at 2:35 PM
အခုတလောဈေးကွက်ထဲမှာ Health - Pro Alfalfa ဆိုတဲ့ ဆေးတမျိုး ပေါ်နေပါတယ်။ USA ကထုတ်တာလို့ ပြောပါတယ်။ အဲဒီဆေးဗူးပုံစံကိုလဲဆရာ့ဆီ ဓါတ်ပုံရိုက်ပြီးပို့ပေးလိုက်ပါတယ်ဆရာ။ အဲဒီဆေးက ရောဂါ တော်တော်များများအတွက် ပျောက်ကင်းသက်သာစေတယ်လို့ ပြောပါတယ်။ သမီးအဒေါ်ဖြစ်သူက ဆီးချို ဝေဒနာသည်ပါ။ သူ့ရဲ့မိတ်ဆွေတယောက်က အဲဒီဆေးကိုသောက်ကြည့်ဖို့တိုက်တွန်းလို့ သောက်ကြည့်တဲ့အခါ ဆီးချိုသိသိသာသာကျပြီး သက်သာတာကို တွေ့ရပါတယ်။ ကင်ဆာသမားတွေလဲ သောက်ကြတာကို တွေ့ရလို့ အဲဒီဆေးကို သမီးလဲ သောက်ကြည့်ချင်ပါတယ်။ အဲဒီဆေးရဲ့ ကောင်းကျိုးများကိုလဲ သိချင်ပါတယ်ရှင်။ တခြား ဘေးထွက် ဆိုးကျိုးများ ဖြစ်နိုင်တာရှိရင်လဲပြောပြပေးပါနော်ဆရာ။ အဲဒီဆေးကို SLE ရောဂါရှိသူတွေ မသောက်သင့်ဘူးလို့လဲ ကြားပါတယ်။ SLE ရောဂါဆိုတာဘယ်လိုရောဂါလက္ခဏာတွေကိုပြောတာပါလဲဆရာ။

ဆေးကတော့ အားဆေးသက်သက်ပါ။ ရောဂါပျောက်ဆေးမဟုတ်ပါ။ ကြော်ညာမှာလဲ အဲလိုဘဲပါတာပါ။ တိုင်းရင်းဆေးနွယ်ဖြစ်တယ်။ SLE ဆိုတာ ရှားပါးတဲ့၊ ဖြစ်ရင်လဲ ပျောက်ခဲတဲ့ရောဂါပါ။ အလိုအလျှောက်ခုခံအားစနစ် ချို့ယွင်းတာဖြစ်တယ်။ မိန်းမတွေမှာ ပိုဖြစ်တယ်။ ဘာလို့ဖြစ်လဲ အသေအခြာ မသိဘူး။ အရေပြားမှာပိုဖြစ်တယ်။

Thu, Oct 11, 2012 at 2:47 PM
ငယ်ငယ်က စစ်တာ ASO ဟုတ်ပါတယ်။ ဂဏန်းကိုတော့ မမှတ်မိတော့ပါ။ အခုထပ်စစ်ဖို့ လို ပါသလားသိပါရစေ။ ဒူးရောလက်ရောက နှစ်ဘက်လုံးဖြစ်တာပါ။ ဒူးကိုက်တာက အခု သိပ်မဆိုးတော့ပေမယ့် လက်တုန်တာကတော့ အခုထိ တစ်ခါတစ်ရံ တော်တော်သိသိသာသာကြီးကို တုန်ပါတယ်။ ရာသီကတော့ ပုံမှန်ပါပဲ။ ၃ ရက်လောက်လာတတ်ပါတယ်။ ဒါပေမယ့် ရာသီလာတဲ့ ပထမရက်တိုင်းကတော့ ဗိုက်အောင့်တာ ကိုယ်လက်ကိုက်တာကို တော်တော်လေးခံရပါတယ်။ ဒုတိယ တတိယ ရက်တွေမှာတော့ ဗိုက်အောင့်တာ မဖြစ်တော့ပါ။

• Tremor လက်တုန်ခြင်း http://dts-medicaleducation.blogspot.in/2012/04/tremor.html

Thu, Oct 11, 2012 at 4:18 PM
၁။ ဆားကို အလွန်အကျွံစားသုံးရင်ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရနိုင်ပါသလဲခင်ဗျာ။
၂။ ရေကိုခန္ဓာကိုယ်မှာ လိုအပ်နေတာထက်ပိုသောက်သုံးမိရင်ရော ဆိုးကျိုးများရှိနိုင်ပါသလားခင်ဗျာ။
၃။ သူငယ်ချင်းတယောက်က လူကအနဲငယ်သာဝပြီး ဗိုက်ကအရမ်းပူနေပါတယ်။ ဗိုက်အရမ်းပူတဲ့အတွက်ကြောင့် သူ့ကျန်းမာရေးနဲ့ ခန္ဓာကိုယ်မှာ ဘယ်လို ဆိုးကျိုးမျိုးတွေပေးနိုင်ပါသလဲ။ ဗိုက်ပူနေတာကြောင့် အသက်အန္တရာယ် ထိခိုက်နိုင်ပါသလား။

• Water poisoning ရေအဆိပ်သင့်ခြင်း http://dts-medicaleducation.blogspot.com/2011/12/water-poisoning.html

Sat, Oct 13, 2012 at 10:10 AM
ကလေးငယ်တွေကို အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ခိုင်းတာ ဘာကြောင့်လဲသိချင်ပါတယ်။ သမီးသားလေးကို ၆ လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ပါတယ်။ သမီးသူငယ်ချင်းကတော့ သူသားကို ၃ လနဲ့ပဲ ထမင်းစကြွေးပါတယ်။ ကလေးနှစ်ယောက်ကိုယှဉ်လိုက်တော့ သူ့သားကပိုပြီး တက်သိနားသလည်းနေပါတယ်။ သူကပြောတယ်သမီးက နို့တစ်မျိုးတည်းကိုပဲတိုက်လို့ အခုလိုကလေးက သိတာတွေ နောက်ကျတာတဲ့။ အဲ့ဒါဆရာ့ရဲ့အမြင်ကို သိချင်ပါတယ်ရှင်။

ကလေး ၆ လအထိ မိခင်နို့နဲ့လုံလောက်ပါတယ်။ ၆ လကျော်ရင် ဖြည့်စွက်စာကြွေးရမယ်။ ဒါကတော့ ထုံးစံ၊ ယေဘုယျဖြစ်ပါတယ်။ ဥာဏ်ရည်ကတော့ တခြားအကြောင်းတရားတွေကိုပါစဉ်းစားရတယ်။ သိပ်မစိုးရိမ်ပါနဲ့။ ကြွေးပေးပါ၊ သင်ပေးပါ။ တချို့ကလေးတွေက ထုတ်မပြတဲ့အရည်အချင်းလေးတွေရှိနေပါတယ်။

Sat, Oct 13, 2012 at 12:07 PM
ကျွန်မအမျိုးသား၊ အသက်က ၃၈ ပါ။ ပြီးခဲ့တဲ့လက နှလုံးသွေးကြောပေါက်လို့ ခွဲပြီး aorta metal box ထည့်ထားရပါတယ်။ အခုတစ်ပတ်ကို နှစ်ကြိမ် check up ပြန်လုပ်နေရပါတယ်။ အားလုံးကကောင်းနေပြီး သွေးကတော်တော်ပြစ်နေပါတယ်။ 1.3, 1.4 ပဲရှိပါတယ်။ warfarin 3 mgသောက်ရပြီး injection တစ်နေ့ ၂ ကြိမ်ထိုးရပါတယ်။ ဒါပေမဲ့လည်း သွေးကပြစ်နေတုန်းပါပဲ။ သွေးကျဲစေဖို့ ဘာတွေစားသင့်ပြီး၊ ဘာတွေကိုရှောင်သင့်ပါသလဲ။ ဘယ်လိုနေထိုင်သင့်တယ်ဆိုတာ လမ်းညွှန်ပေးပါအုံးဆရာ။ ပြီးတော့ သွေးကမကျဲပဲပြစ်နေတုန်းပဲဆိုရင် ရှေ့ဆက်ဘာဖြစ်နိုင်ပါသလဲရှင်။

ဒီရောဂါမျိုးကို နှလုံးအထူးကုဆရာဝန် (သမားတော်) နဲ့ အသေအခြာ ကုသမှုခံယူပါ။ ဆရာဝန်ကနေ ဆေးပြောင်းသင့်ရင်ပြောင်းပေးပါလိမ့်မယ်။

ဆရာသာဂဒိုး ရေးတဲ့ စာအုပ်ထဲမှာ ကန်စွန်းရွက် အနီကို အရွက်များကို ဖယ်ပစ်ပြီး အရိုးကို (၃)ခွက် (၁)ခွက် ကျိုပြီး နံက် တစ်ခွက် သောက်ပေးရပါတယ်။ ဒါဆို သွေးပျစ်ရောဂါ ပျောက်ပါတယ်။

ဓါတ်စာချည်းတော့ အားမကိုးပါနဲ့။

Mon, Oct 15, 2012 at 11:17 AM
ကျွန်တော်အသက်က ၃၅ နှစ်ပါ။ (့) မှာနေပါတယ်။ အိမ်ထောင်ရှိပါတယ်။ စအိုမှာ အလုံးသေးသေးလေး ပေါက်နေပါတယ်။ ဖြစ်နေတာ၂ ပါတ်လောက်ရှိပါပြီ။ စစဖြစ်ချင်း ၂ ရက်လောက်ကနာပါတယ်။ အခုတော့ မနာပါဘူး။ ကိုင်ကြည့်တာ အလုံးကမာမာလေးပါ။ ဓာတ်ပုံပါထည့်ပေးလိုက်ပါတယ်။ စိုးရိမ်ရပါသလားခင်ဗျား။

• Anal and perianal disorders စအိုနေရာ ရောဂါများ http://dts-medicaleducation.blogspot.com/2011/12/anal-and-perianal-disorders.html

Mon, Oct 15, 2012 at 9:27 AM
ကလေးတွေ မွေးကင်းစမှ ၅ နှစ်မပြည့်မီအချိန်ထိ ထိုးရတဲ့ကာကွယ်ဆေးများကို အသက်အရွယ်အပိုင်းအခြား အလိုက်သိချင်ပါတယ်။
OPV နှင့် DPT ရဲ့ မြန်မာလို အဓိပါယ်ကို သိချင်ပါတယ်။ ဆက်လက်လေ့လာနိုင်တဲ့ link ရှိရင်လည်းပေးပါဆရာ။

• Immunization Chart ကာကွယ်ဆေးထိုးဇယား၊ (အသက်အလိုက်) http://dts-medicaleducation.blogspot.in/2010/06/child-immunization-chart.html
• Pentavalent Vaccine မြန်မာကလေးများအတွက် ကာကွယ်ဆေးသစ် http://dts-medicaleducation.blogspot.in/2012/02/pentavalent-vaccine.html
• Pentavalent Vaccine (2) မြန်မာကလေးများအတွက် ကာကွယ်ဆေးသစ် (၂) http://dts-medicaleducation.blogspot.in/2012/02/hepatitis-b-vaccine-hepatitis-b-vaccine.html