ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, October 5, 2012

Q and A October 2012 (2)

1. (့) နိုင်ငံမှာ ပညာသင်နေပါတယ်။ အသက်က ၂၈ နှစ်ရှိပါပြီ။
2. ကျနော် နှာခေါင်းပိတ်တာ ၈ လလောက်ရှိနေပါပြီ။
3. ကျွန်တော့် အသက် ၂၅ နှစ်ပါ။
4. လက်ညှိုးနဲ့ထောက်ကြည့်တဲ့အခါ အဖြူကွက်လေးကျန်နေပါတယ်။
5. လည်ဂုတ်ဝန်းကျင်တွင် အဖြူကွက်ငယ်များ တွေ့ရပါသည်။
6. မျက်လုံးထောင့်မှာလဲ အဖြူကွက်တကွက်စီရှိပါတယ်။
7. ကျွန်တော့်သားက ၁ နှစ်ခွဲကျော်ပါပြီ။
8. တစ်ခါထိုးပြီးတော့ အရမ်းနာလို့ မထိုးချင်တော့ဘူး ဖြစ်နေတယ်။
9. တနေ့မှာ ဆီး ဝမ်း ဘယ်နှစ်ကြိမ် သွားသင့်ပါသလဲ။
10. သမီး အစ်ကိုမှာ အလာဂျီ လိုမျိုးလား ယားနာလားမသိပါရှင်။

Tue, Oct 9, 2012 at 9:26 AM
(့) နိုင်ငံမှာ ပညာသင်နေပါတယ်။ အသက်က ၂၈ နှစ်ရှိပါပြီ။ ၂ဝဝ၇ နှစ်ကတည်းက ဝမ်းသွားရင် တစ်ခါတစ်ခါ သွေးပါတက်ခဲ့တာ အခုချိန်အထိပါပဲ။ လက်လှမ်းမှီသလောက် တိုင်းရင်းဆေးနဲ့ရော ပြင်ပဆေးခန်းတွေမှာပါ ပြသခဲ့ဖူးပါတယ်။ ဆေးသောက်ချိန်မှာ သွေးကျတာ ပျောက်ပြီး အစားအသောက်မှားတာနဲ့ ပြန်ဖြစ်နေပါတယ်။ လိပ်ခေါင်းလို့ အများကတော့ပြောပါတယ်။ လိပ်ခေါင်းကအပြင်မထွက်ပါဘူး။ အတွင်းလိပ်ခေါင်းလို့ပြောပါတယ်။ တစ်ခြားလိပ်ခေါင်းဖြစ်သူတွေလို ဝမ်းချုပ်မှ ဖြစ်တာမဟုတ်ပါဘူး။ ပုံမှန် ဝမ်းအခြေအနေကနေ ဝမ်းပျက်သလိုဖြစ်ပြီဆိုရင် သွေးကျတက်ပါတယ်။ ဝမ်းဗိုက်တစ်ဝိုက်မှာလည်း အနည်းငယ်နာကျင်နေတက်ပါတယ်။ အဲဒီလိုနဲ့ ဝမ်းသွားချင်သလိုဖြစ်ပြီး သွားရင် သွေးပါပါတယ်။ တစ်ခါတစ်ရံ စအိုတစ်ဝိုက်မှာ စပ်ဖျဉ်းဖျဉ်းဖြစ်နေတက်ပါတယ်။ သွေးကျရင်တော့ အနီရောင် ရဲရဲတွေဖြစ်ပါတယ်။ အရင်တုန်းကတော့ တစ်နှစ်မှာ ၄ ကြိမ်လောက် ဖြစ်တက်ပါတယ်။ တစ်ခါဖြစ်ရင်လည်း တစ်ပတ်လောက် ဆက်တိုက် ဖြစ်နေတက်ပါတယ်။ ဒီ ၂ဝ၁၂ အတွင်းမှာ အနည်းငယ် စိပ်လာပါတယ်။ ၆ ကြိမ်လောက်ရှိပါပြီ။ ဖြစ်ပြီဆိုရင်လည်း ဝမ်းသွားရင် အစာမကြေတဲ့ပုံစံ ဝမ်းမျိုးတွေ သွားပါတယ်။ အရင်လိုသွေးပန်းပြီး မသွားတော့ပဲ နောက်ဆုံး အောက်တိုဘာလ ဝမ်းသွားတဲ့အခါ သွေးအခဲပုံစံမျိုးလေးတွေ ဖြစ်နေပါတယ်။ ဝမ်းဗိုက်ရဲ့ ဘယ်ဘက်အခြမ်းမှာ ရစ်သလိုလိုနဲ့ အောင့်နေပါတယ်။ ဒီနိုင်ငံက ဆေးခန်းတွေမှာလည်း သွားပြဖူးပါတယ်။ ဆေးသောက်တုန်း သက်သာပါတယ်။ နောက်ပြီးပြန်ဖြစ်နေပါတယ်။ လိပ်ခေါင်းရောဂါလား၊ အူမကြီးကင်ဆာလားဆိုတာ ပြောပြပေးပါ။ အူမကြီးကင်ဆာဖြစ်ရင် ကုသလို့ဖြစ်နိုင်မဖြစ်နိုင် ဘယ်လောက်ဆိုးရွားနိုင်သလဲ။

ဒီအသက်မှာ ဘာကင်ဆာမှ မစိုးရိမ်ပါနဲ့။ လိမ်ခေါင်းက ဝမ်းချုပ်လို့သာမက ဖြစ်စေနိုင်ပါတယ်။ အမှန်က ဝမ်းချုပ်သူတွေက စအိုကွဲနာဆိုတာ ပိုဖြစ်ပါတယ်။
Anal and perianal disorders စအိုနေရာ ရောဂါများ
Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ
Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ

Tue, Oct 9, 2012 at 5:11 AM
ကျနော် နှာခေါင်းပိတ်တာ ၈ လလောက်ရှိနေပါပြီ။ ကျောင်းက တဖက် အလုပ်က တဖက်ဆိုတော့ ဆရာဝန်နဲ့ သေချာ မဆွေးနွေးနိုင်ပါဘူး အလုပ်နဲ့ ကျောင်းအားရက် ဆေးခန်းပိတ်ရက်ဖြစ်နေတော့ အတော်လေးကို အခက်အခဲ ဖြစ်နေပါတယ်။ ဖြစ်ပုံက ၁၊ နှာခေါင်းအမြဲပိတ်ပြီး နှာရည်ယိုတတ်ပါတယ်။ ၂၊ ရေချိုးပြီးတိုင်း နှာချေ ပါတယ်။ သုံးစွဲတဲ့ဆေးကတော့ သောက်ဆေး မဟုတ်ပဲ nasal spray ကို သုံးပါတယ်။ ဒါပေမဲ့ မသက်သာပါဘူး။ ပါရဂူနဲ့ ပြဖို့ကြတော့လဲ အချိန်နဲ့ ငွေနဲ့ တိုင်းတာလို့ မရဖြစ်နေပါတယ်။

စာ ၃ ပုဒ်ပို့ပါတယ်။ ကိုက်ညီတာကို လိုက်နာပါ။
Sinus (ဆိုင်းနပ်စ်)
Sinusitis (ဆိုင်နူဆိုက်တစ်)
Nasal Polyps နှာခေါင်းထဲ အသားပိုဖြစ်ခြင်း

Tue, Oct 9, 2012 at 8:01 AM
ကျွန်တော့် အသက် ၂၅ နှစ်ပါ။ (့) မှာ ကျောင်းတက်နေပါတယ်။ အရင်ကတည်းက စအို အပြင်ထွက်နေတဲ့ရောဂါ ရှိပါတယ်။ ဝမ်းသွားရင်လည်း တစ်ခါတစ်လေ သွေးပါပါတယ်။ အရမ်းကြီးတော့ မဆိုးပါဘူး။ ဝမ်းသွားချိန်လောက်ပဲ အနေရခက်ပါတယ်။ ဝမ်းကလည်း ခဏခဏ ချုပ်တတ်လို့ လက်နဲ့ ဝမ်းချုတာမျိုး လုပ်မှ အဆင်ပြေတယ်။ ခု လေးငါးလလောက်အတွင်း ဝမ်းသွားရတာ တော်တော် ဆိုးလာတယ်။ ဝမ်းသွားရင်လည်း သွေးအမြဲပါတယ်။ ပြီးတော့ ဝမ်းက အကျိအချွဲတွေလည်း ကျတယ်။ စအိုအပြင်ဘေးမှာလည်း အဖုလေးတစ်ခု ဖြစ်လာတယ်။ အသားပိုလေးတစ်ခုလိုပဲ။ နာတော့မနာဘူး။ ခုလေးငါးလအတွင်း ဝမ်းကိုက်သလို အမြဲဖြစ်တယ်။ ဝမ်းကိုက်တာလည်း မဟုတ်ဘူး။ ဝမ်းကိုက်ဆေးတွေလည်း မျိုးစုံသုံးပြီးပါပြီ။ အဆင်မပြေပါဘူး။ အစားအသောက်လည်း ဆင်ခြင်ပါတယ်။ သူများနိုင်ငံမှာဆိုတော့ ဘာသာစကား အခက်အခဲနဲ့ ပညာရေးကြောင့် ဆေးရုံလည်း မသွားဖြစ်ဘူး။

စာတွေပို့လိုက်ပါတယ်။ ကိုယ်ဖြစ်နေတာနဲ့ စာထဲပါတာရှာပါ။ လိုက်နာပါ။ သက်သာကောင်းမွန်လာမှာပါ။
Anal and perianal disorders စအိုနေရာ ရောဂါများ
Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ
Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ

Sun, Oct 7, 2012 at 7:38 AM
ကလေးငယ်ရဲ့ကြောပြင်ကို လက်ညှိုးနဲ့ထောက်ကြည့်တဲ့အခါ အဖြူကွက်လေးကျန်နေပါတယ်။ ခဏနေပြန်ပျေက်သွားပါတယ်။ အဲဒါဘာကြောင့်လဲ။

ရောဂါမဟုတ်ပါ။ အသားရောင်၊ အရေပြားနုတဲ့နေရာတိုင်းမှာ အဲလို ဖိထားပြီး ပြန်လွှတ်ရင် ဖြူနေမယ်။ ခဏနေတော့ ပြန်ရဲလာမယ်။ ဒါဟာ ဖိထားတုံးမှာ သွေးမရဘဲနေရာကနေ သွေးပြန်လျှောက်လာလို့သာဖြစ်တယ်။ လူကြီးတွေမှာလဲ အဲလိုပါဘဲ။ ငယ်တော့ အရေပြားနုတာမို့ သိသာတာပါ။ လူကြီးတွေမှာ အဲလိုပြန်ရဲလာတာ နည်းရင်၊ နှေးရင် သွေးအားနည်းလို့ ဖြစ်နိုင်တယ်။

Thu, Oct 4, 2012 at 12:12 AM
ကျမသည် (့) နိုင်ငံတွင် (့) အဖြစ် အလုပ်လုပ်နေပါသည်။ အသက်(၃၁) နှစ်ပြည့်ခါနီးပါပြီ။ အလုပ်ချိန်များစွာ လုပ်ရပါသည်။ Stress လဲများပါသည်။ အလုပ်ပြောင်းပြီး ၆လခန့်အကြာတွင် လက်ချောင်းများ ရောင်ရမ်းလာပါသည်။ အလွန်အမင်း နာကျင်ခြင်း မရှိပါ။ နဲနဲတော့ ကိုက်ခဲပါသည်။ တခါတရံ နဲနဲသက်သာသလို ရှိသော်လည်း အရှင်း မပျောက်ပါ။ ကျမ၏နောက်ကျောတွင် အဖြူရောင် အကွက်တခု၊ နားနောက်တွင် အဖြူရောင် အကွက်တခု တွေ့သဖြင့် တွေ့တွေ့ချင်း ဆရာဝန်နှင့်ပြပါသည်။ အဲဒီမတိုင်ခင်မလပိုင်းက ကျမ ဆံပင်ဖြောင့်ခြင်း နှင့် ဆံပင်ဆေးဆိုးခြင်း လုပ်ခဲ့ပါသည်။ နားနောက်တွင် အဖြူရောင် အကွက်တခု တွေ့သောအခါ ဆံပင်ဆိုးဆေးမှ chemical ကြောင့်များလားဟု ထင်မိပါသည်။ ဆရာဝန်က မစိုးရိမ်ရန်ပြောပြီး နားနောက်က အဖြူကွက်မှာဖြစ်နေတာကြာပြီဟုေ ပြာပါသည်။ Eczema ဟု ပြောပါသည်။ လိမ်းရန် Tai Guk Pharm.Ind.Co.,Ltd (Korea) မှထုတ်သော Neoderm cream ပေးပါသည်။ ကျမလည်း ထိုဆေးကိုလိမ်းခဲ့ပါသည်။ နောက်ကျောမှ အဖြူကွက်မှာ မှေးမှိန်သွားသယောင်ရှိသော်လည်း အရှင်း မပျောက်ပါ။ နားနောက်မှ အဖြူရောင်အကွက်မှာ မထူးခြားဟုထင်ရပါသည်။ လအနည်းငယ်ခြားပြီး တခါ ထပ်ပြကြည့်ပါသည်။ နောက်ဆရာဝန်တယောက်နှင့် ပြရပါသည်။ ထိုဆရာဝန်က moisturizer cream တခုလိမ်းရန်ပေးပါသည်။ မသက်သာပါ။ ထို့နောက် လည်ဂုတ်ဝန်းကျင်တွင် အဖြူကွက်ငယ်များ တွေ့ရပါသည်။ ကျမ ဆရာဝန်နှင့်ပြကြည့်ရာ vitiligo ဟု ပြောပါသည်။ ကျမ အလွန်တုန်လှုပ်မိပါသည်။ သူက ကျမအား Hoe Pharmaceuticals Sdn. Bhd. မှ ထုတ်လုပ်သော Cloderm Cream ၂ မျိုးပေးပါသည်။ Cloderm cream ကို တနေ့ နှစ်ကြိမ်လိမ်းရန် နှင့် Cloderm clobetasol Scalp Application 0.05% Antiinflammatory Antipruritic ကိုညတိုင်းလိမ်းခိုင်းပါသည်။ ထိုဆေးများကို ကြာကြာ မသုံးသင့်ကြောင်းနှင့် တလကြာလျှင်ပြန်ပြရန်ပြောပါသည်။ ကျမ vitiligo ဖြစ်မှာအလွန်ကြောက်ပါသည်။ ဆရာဝန် ၃ ဦး အယူအဆ မတူသဖြင့် confused ဖြစ်ရပါသည်။ ဆရာကြည့်ရှုနိုင်ရန် ဓာတ်ပုံရိုက်ပြီး attach လုပ်ပေးလိုက်ပါသည်။ ဆေးများကိုလည်း ဓာတ်ပုံရိုက်ပြီးပေးလိုက်ပါသည်။ Generic Name မသိပါ။ ပါဝင်သောပစ္စည်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ Neoderm cream (Manufactured by TAI GUK PHARM.IND.CO.,LTD, Gyeonggi-do, Korea) (Composition) Each gram contains 0.64mg betamethasone dipropionate, equivalent to 0.5mg betamethasone, 10 mg clotrimazole, and gentamicin sulfate equivalent to 1.0mg of gentamicin base.
၂။ Cloderm Clobetasol Scalp Application 0.05% Antiinflammatory Antipruritic Active Clobetasol propionate 0.0568% Ingredient: (equivalent to Clobetasol 0.05%)
၃။ Cloderm cream Contents : Clobetasol Propionate 0.0568% w/w (equivalent to Clobetasol 0.05%), Chlorocresol 0.1% w/w
ကျမတွင် Vitiligo ဖြစ်ဖူးသည့်မျိုးရိုးမရှိပါ။ ကျမသည်အိမ်ထောင်မရှိသူဖြစ်ပါသည်။ ကျမဖြစ်နေသောရောဂါသည် ပျောက်ကင်းနိုင်ပါသလား။ အတူနေသူများအားကူးစက်တတ်ပါသလား။ အနေအထိုင် အစားအသောက် မည်သို့ ထိန်းသိမ်း ဆင်ချင်ရမည်ကို ညွန်ကြားပေးပါဆရာ။

ဖြစ်နေတာ အားလုံး ဘယ်လောက်ကြာပြီလဲ။ Vitiligo မဖြစ်ဘို့များပါသည်။ ဆရာတော့ မထင်ပါ။
Eczema နှင်းကူနာဖြစ်ဘို့ များပါသည်။ တာရှည်ဖြစ်နေတာမျိုးပါ။ ပျောက်ခဲတယ်။ စိတ်တော့ မပျက်ပါနဲ့။ ဒီအနာမျိုးကလဲ အမျိုးအစားကွဲတွေရှိတယ်။

အမာရွတ်ဖြစ်စဉ်မှာ အရေပြားက အရောင်ပြောင်းတယ်။ ညိုမဲတာရော၊ နီရဲတာရော ဖြူတာပါဖြစ်တယ်။ အရောင်ပြောင်းသွားတာက ကျန်နေတာ ကြာနိုင်တယ်။ အရေပြားထူနေမယ်။ ကူးစက်မှာမဟုတ်ပါ။

ဆေးတွေကောင်းပါတယ်။ အရေပြားအထူးကုနဲ့ သတ်သတ်မှတ်မှတ်ကုသသင့်ပါတယ်။ ဆရာ့သဘောကတော့ ဆေးကို တမျိုးသပ်သပ်ချင်း သုံးသင့်တယ်။ လိုတော့ ပြောင်းရမယ်။ ဆေးတွေက သဘောချင်း ဆင်ကြတယ်။

စာတွေလဲ ပို့လိုက်ပါတယ်။ စိတ်မပျက်ပါနဲ့။ စိတ်လဲရှည်ပါ။

Sun, Oct 7, 2012 at 12:15 AM
နားရွက်နောက်နှင့် နောက်ကျောမှာဖြစ်နေတာ တနှစ်လောက်ရှိပါပြီ။ ကြီးလဲမလာသလို သေးလဲသေးမသွားပါ။ လည်ပင်းတ၀ိုက်မှ အဖြူကွက်လေးများကတော့ ၆ လလောက်ရှိပါပြီရှင့်။ ပထမစာထဲ ဆရာကိုပြောဖို့ ကျန်သွားတာရှိပါတယ်။ အဲဒါက မျက်လုံးထောင့်မှာလဲ အဖြူကွက်တကွက်စီရှိပါတယ်။ မျက်လုံးနှစ်ဘက်စလုံးမှာပါ။ အဲဒါလဲ ၆ လ လောက်တော့ ရှိပါပြီ။ ကြီးလာတာတော့ မရှိပါဘူး။ မျက်လုံးမှာ ဆိုတော့ ဆေးလဲမလိမ်းရဲဘူး။ နားရွက်နောက်နှင့် နောက်ကျောမှာ အဖြူကွက်တွေ့တော့ ဆရာဝန်က Eczema လို့ပြောတာနဲ့ Internet ထဲမှာ Eczema နဲ့ ပတ်သတ်တာတွေ ဖတ်ဖြစ်ပါတယ်။ ဆရာ့ blog ထဲကစာတွေကိုလဲ ဖတ်ဖြစ်တယ်။ အဲဒီကတည်းက ရေချိုးရင် Soap Free body wash ကိုပဲသုံးပါတယ်။ Moisturizer ကို QV cream သုံးပါတယ်။ Eczema ရှိသူတွေ အတွက်သင့်တော်တယ် ဆိုလို့ပါ။ နောက် Vaseline Healthy white perfect 10 လဲသုံးပါတယ်။ (့) ရောက်မှ အသားတော်တော်ညိုသွားလို့ပါ။ Perfume နဲ့ လက်ဝတ်လက်စား ဘာမှမသုံးပါဘူး။ Cosmetic က Shiseido White Lucent Series နဲ့ UV protector SPF50+ ကိုသုံးပါတယ်။ Make-up မသုံးပါဘူး။ ကျမစိုးရိမ်တာ တကိုယ်လုံး အရောင်ပြောင်း သွားမဲ့ Vitiligo ဖြစ်မှာကိုပါ။ ပျောက်ကင်းသက်သာမယ်ဆိုရင်တော့ စိတ်ရှည်ရှည်နဲ့ကုသပါ့မယ်။ ဒီမှာ ဘယ် Skin Specialist နဲ့ပြရမှန်း မသိပါဘူးဆရာ။ နောက်နှစ်ဆန်းရန်ကုန်ပြန်ရင်တော့ ရန်ကုန်မှာပြကြည့်ချင်ပါတယ်။ ဘယ်သူနဲ့ပြကြည့်ရမလဲ အကြံပေးပါဆရာ။ မျက်လုံးက အဖြူအကွက်ကိုလဲ ဓာတ်ပုံရိုက်ပြီးပို့လိုက်ပါတယ်။

ဓါတ်ပုံက အလင်းရောင်ကြောင့် သိပ်မရှင်းပါ။ နှင်းကူဖြစ်တာဟာ ကိုယ်နဲ့မသင့်တာကနေဖြစ်တာမှန်ပေမဲ့ ဒါကြောင့်ချည်းမဟုတ်သေးဘူး။ အားလုံးလိုက်ရှောင်ဘို့ မလိုလှပါ။ တကယ်မတည့်တာကိုသာ ရှောင်ပါ။ သုံးကြည့်လို့ ပိုဆိုးတယ်ဆိုတာကိုသာ ဆင်ခြင်ပါ။
ခရုသင်းဆိုတာ ခဏထားလိုက်ပါ။ ဖြစ်တယ်ဆိုလဲ မတတ်နိုင်ပါ။ နာတာရှည် အရေပြားအရောင်ပြောင်းပြီး၊ ထူထဲနေတာတွေ သက်သာအောင် အရင်အာရုံစိုက်သင့်ပါတယ်။ ရှောင်ယုံမက ဆေးလိမ်းရမယ်။ စိတ်ရှည်ပါ။ စိတ်ထိအား မများစေနဲ့။ အချိန်ယူမယ်။

Fri, Oct 5, 2012 at 9:16 AM
ကျွန်တော့်သားက ၁ နှစ်ခွဲကျော်ပါပြီ။ G6PD ရှိပါတယ်။ ကာကွယ်ဆေးလဲထိုးပါတယ်။ နေမကောင်းတခါဖြစ်ပြီးတိုင်းကလေးက ပျော့ပျော့သွားပါတယ်။ ဖင်လေးတွေရှုံ့ သွားပါတယ်။ ဘယ်လောက်ဖျားဖျား ၀မ်းသွားသွား အဆော့ကတော့မပျက်ပါဘူးဆရာ။ နောက်၁လလောက်နေရင်တော့ကလေးက ပြန်ပြည့်လာလိုက်ဖျားလိုက်နဲ့ ဝမ်းသွားလိုက်နဲ့ သံသရာလည်နေပါတယ်။ သိချင်တာက အစားအသောက်ကိစ္စပါဆရာ။
အရင်က အာဟာရမှုန့် ဖျော်တိုက်ပါတယ်။ နောက် ကိုယ်တိုင် ဆန်မှုန့်နဲ့ပဲနီလေးကိုကြိတ်ပြီးလဲ တိုက်ပါတယ်။ မိခင်နို့လဲ တိုက်ပါတယ်။ ခုတော့ သူ့အမေက မိခင်နို့တိုက်ပါတယ်။ ပုံမှန် ထမင်းနဲ့ ကြက်အသည်းနဲ့ငါးနဲ့ ကြက်သားပြုတ်ကြော်နဲ့ စသဖြင့်ပေါ့ အဲလိုမျိုးတော့ကျွေးပါတယ်။ နို့ထွတ်ပစ္စည်း ဥပမာ ချိတို့ နို့တို့ တိုက်ရင် သတိထားမိသလောက် ကလေးဝမ်းပျက်ပျက်သွားပါတယ်။ အဲဒါကြောင့်မတိုက်ရဲ လို့ပါ။ ၆ လကျော်တာနဲ့ ကလေးတွေကို ဖြည့်စွက်အစာကျွေးရင် ဘယ်လို ပုံစံနဲ့ ကျွေးသင့်ပါသလဲဆရာ။ လိုက်တော့ ရှာဖတ်ပါတယ်။ သေသေချာချာရေးထားတာ မတွေ့မိလို့ပါ။

သိပ်မစိုးရိမ်ပါနဲ့။ ကလေးတိုင်း ဝမ်းပျက်တတ်တယ်။ သူတို့လေးတွေက အသစ်မှန်သမျှကို ခံနိုင်ရည် မရှိသေးဘူး။ ဆော့တတ်တာ၊ ပါးစပ်ထဲ တွေ့သမျှထည့်ချင်တာတွေကနေ ဖြစ်တယ်။ ဝမ်းပျက်တယ်ဆိုတာ ပါးစပ်ကနေ မသင့်တာဝင်လို့သာဖြစ်တယ်။ ပါးစပ်ထဲကို အစား-အသောက်၊ ရေ နဲ့ ကစားစရာတွေ ထည့်တယ်။ အစားအသောက်လဲ သန့်ပေမဲ့ ကိုယ်မမြင်ချိန်မှာ ယင်ကောင်နားတာရှိမယ်။ သန့်လဲသန့် ယင်လဲမနားပေမဲ့ ကလေးရဲ့ကိုယ်ခံက မခံနိုင်ရင်လဲ ဝမ်းသွားမယ်။ မေးတဲ့သူရဲ့ ကလေးက နွားနို့အခြေခံအစားအစာတွေကို အထာမကျသေးသလိုပေါ့။ ဒီတော့ ဒီအချက်အားလုံးကို ဂရုစိုက်ပေးပါ။
ဝမ်းပျက်ရင် ကျသွားမှာဘဲ။ ကလေးဆိုတာ တက်လွယ်၊ ကျလွယ်တယ်။ အရေပြား (မျက်ခွံ၊ ဗိုက်၊ တင်ပါး) စတဲ့နေရာတွေ ရှုံ့တွလာတာက ရေဓါတ်၊ ဆားဓါတ်နည်းလို့။ ဓါတ်ဆားရည်တိုက်ပါ။ သူမကြိုက်ရင် သောက်အောင် ကျင့်ထားပေးပါ။ ပုံမှန် ဗီတာမင် ဘီ အုပ်စုအားဆေးရည်တိုက်ပါ။
တနှစ်ခွဲမှာ နို့ဖြတ်သင့်ပြီ။ ဖြည့်စွက်စာလို့ မခေါ်တော့ဘူး။ လူကြီးတွေလို ကြွေးရတော့မယ်။ အစုံဘဲဆိုပါတော့။ အသား၊ ပဲ-အသီးအရွက်၊ အသီးအနှံ။ ဝမ်းပျက်တာအတွက် ဝမ်းပိတ်ဆေး အမြဲမလိုပါ။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာက များတယ်။ ဗက်တီးရီးယားကြောင့်ဆိုမှသာ ပိုးသေဆေးလိုတယ်။ Lomotil, Loparamide ဆေးမျိုးကို ကိုယ်အလေးချိန်အရ တိုက်နိုင်တယ်။ ၁-၂ ရက်မှ မရပ်သေးရင် Seprin powder/suspension ဆေးရည်တိုက်နိုင်တယ်။ ဒါပေမဲ့ Tetracycline. Chloramphenicol. Metronidazole တွေကို ဆရာဝန်မပေးဘဲ မတိုက်ပါနဲ့။

Fri, Oct 5, 2012 at 11:22 AM
သမီး သူငယ်ချင်းဆီကနေ လှမ်းမေးလိုက်တာပါ။ သမီး ASO စစ်တာ 400 ရှိလိုY ဆရာဝန်က ပင်နယ်ဆလင် ထိုးခိုင်းပါတယ်။ တစ်ခါထိုးပြီးတော့ အရမ်းနာလို့ မထိုးချင်တော့ဘူး ဖြစ်နေတယ်။ ဘယ်လိုလုပ်ရမလဲဆရာ။

တလခံ ပနယ်စလင်ထိုးဆေးက နာတယ်။ တချို့ကလဲ နာတာကို သူများလောက်မခံနိုင်ဘူး။ ပြောပြပါ၊ အားပေးပါ၊ ၁-၂ ရက်နာတာနဲ့ နောင်တချိန်မှာ နှလုံးရောဂါရမှာကို လဲသင့်တယ်လို့။
ဆရာဝန်နဲ့လဲဆွေးနွေးပေါ့။ စားဆေးလဲပြောင်းနိုင်တယ်။ ဒါပေမဲ့ ထိုးဆေး ၃-၆ လထိုးပြီးနောက်မှ စားဆေး ပေးလေ့ရှိတယ်။

Fri, Oct 5, 2012 at 6:11 PM
၂ ပတ်ရှိတဲ့ ကလေးငယ်ဟာ တနေ့မှာ ဆီး ဝမ်း ဘယ်နှစ်ကြိမ် သွားသင့်ပါသလဲ။ ကျွန်တော့်ကလေးကဆီးပဲ ပုံမှန်သွားပြီး ဝမ်းမသွားတာ တစ်ရက်ရှိပါပြီ။ မိခင်ကနို့သိပ်မထွက်လို့ ဂုံခါးနှင့်ဖေါ်စပ်ထားတဲ့ဗမာဆေးကို သောက်လို့လား မသိဘူး။

ကလေးငယ်တိုင်း ဆီး-ဝမ်းမကြာခဏသွားနေသင့်တယ်။
ဝမ်းချုပ်တာက ရေနည်းတာကြောင့်လဲဖြစ်နိုင်တယ်။ ရေပိုတိုက်ပေးပါ။ တရက် လုံးလုံးမသွာရင် သိပ်မကောင်းပါ။ ဒိထက်ကြာရင် ဗိုက်ကယ်ပြီး အန်လာနိုင်တယ်။ ဒီအရွယ်လေးမှာ ဝမ်ခြူတာဘဲကောင်းတယ်။ ဝမ်းနုတ်ဆေး မတိုက်သင့်သေးပါ။
ကလေးဝမ်းခြူတောင့် Ducolax (အနေတော်) ကို စအိုထဲ ထည့်ပေးနိုင်တယ်။ ဆရာမအသိရှိရင် စအိုထကို ပိုက်ငယ်လေး အနေတော်သွင်းပေးပြီး ဝမ်းခြူနိုင်တယ်။ ဆီးတမျိုးမျိုးသုံးတယ်။ ဥပမာ Liquid paraffin ဆီ။ ကလေးလေဆေး Gripe water လဲတိုက်နိုင်တယ်။
မြန်မာဆေးတွေ သိပ်မသိပါ။

Thu, Oct 4, 2012 at 3:36 PM
သမီး အစ်ကိုမှာ အလာဂျီ လိုမျိုးလား ယားနာလားမသိပါရှင်။ ဖြစ်တာက တစ်လနီးပါးရှိပါပြီ။ ဖြစ်တဲ့ပုံစံက သူကအမြဲ အဲယားကွန်းထဲမှာနေတာ။ အပြင်ထွက်လို့ ချွေးထွက်ရင် ပေါင်အလည်နဲ့ ဒူးခေါင်းတွေကယားလာတယ်။ ဖြစ်တာက ညအိပ်ခါနီး နဲ့ နေ့လည်မှာဖြစ်တယ်။ တနေ့ကို နှစ်ကြိမ်လောက်ဖြစ်ပါတယ်။ ဆရာဝန်ကို သွားပြတော့ သောက်ဆေးနဲ့ လိမ်းဆေးတော့ပေးတယ်။ ဆေးနာမည်တော့ မသိပါရှင်။ ယားတဲ့ အချိန်ကြရင် အဖုလေးတွေထလာတယ်။ ဆေးလိမ်းရင် ယားတာရော အဖုလေးတွေပါ ပျောက်သွားပါတယ်ရှင်။ လူနာရဲ့ အသက်က (၃၃) နှစ်ပါရှင်။ အိမ်ထောင်ရှိပါတယ်ရှင်။ ယောက်ကျားလေးပါရှင်။ ဖြစ်နေတဲ့ လက္ခဏာတွေကတော့ စဖြစ်တုန်းကတော့ ပေါင်လည်နဲ့ ဒူးခေါင်းတွေမှာပဲ ယားတာပါရှင်။ အဲဒါနဲ့ အပြင်ဆရာဝန်ကိုသွားပြဖြစ်ပါတယ်။ ဆရာက လိမ်းဆေးနဲ့ သောက်ဆေး (10) ရက်စာပေးလိုက်ပါတယ်။ သောက်ဆေးနာမည်က Aezole 200mg) နဲ့ လိမ်းဆေး Dermolin -GM Crem (10 g)ပေးလိုက်ပါတယ်။ဒါပေမဲ့ မသက်သာပါဘူးရှင်။နောက်တစ်ခါ သွားပြတာလဲ ဒီဆေးတွေပဲ ပေးလိုက်ပါတယ်ရှင်။ ဘယ်ဆေး ဆရာဝန်နဲ့ ပြရမလဲဆိုတာ ဖြေကြားပေးပါ။

Dermolin = Fluocinolone Acetonide ကော်တီဇုန်းဆေးဖြစ်တယ်။ အရေပြားနာတွေမှာ ရောင်တာ၊ ယားတာတွေသက်သာစေမယ်။ Aezole 200mg ဆေးကို မသိပါ။
(အလာဂျီ) ရတာလား၊ ယားနာလား၊ ပွေးလား၊ အရေပြားနာလား ပြောမရလို့ ဆေးနည်းပေးမဖြစ်သေးပါ။ လိုမယ်ထင်ရင် အလင်းရောင်ကောင်းကောင်းမှာ ဓါတ်ပုံရိုက်ပို့ပါ။

Tue, Oct 9, 2012 at 8:17 AM
အခု ဆရာဝန် ပြတော့ ဆေးထပ်ပေးပါတယ်ရှင်။ ဆေးနာမည်ကတော့ (RINTID) (Ranitidine Hydrochloride)USP 150mg (၇) ရက်စာ နဲ့ Alben သံချဆေး (၃) ရက်ပေးလိုက်ပါတယ်။ ဓာတ်ပုံလဲ တင်ပေးလိုက်ပါတယ်။

Ranitidine Hydrochloride ဆေးက အစာအိမ်လေနာအတွက်သုံးတယ်။ သန်ကောင်နဲ့ အလာဂျီလဲ တွဲတတ်ပါတယ်။ စာတပုဒ်ပို့လိုက်တယ်။
Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင်