Saturday, July 14, 2018

Martyrs Day 1947 အာဇာနည်နေ့ သတ်ပုံ

မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၄)၊ စာမျက်နှာ (၃၃၆) မှ (၃၃၈)

မြန်မာနိုင်ငံတွင် ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အထူးသဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာ့သမိုင်းတွင် မိုးမှောင်ကျခဲ့သောနေ့ဖြစ်သည်။ ထိုနေ့တွင် မြန်မာ့လွတ်လပ်ရေးအတွက် အထိရောက်ဆုံး လုပ်ငန်းများကို ဆောင်ရွက်ခဲ့၍ မြန်မာတမျိုးလုံး၏ ယုံကြည်ကိုးစား အားထားခြင်းခံရသူ အာဇာနည်ခေါင်းဆောင်ကြီးများ ဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီးတို့သည် တိုင်းပြည်တာဝန်ကို ထမ်းဆောင်လျက်ရှိနေစဉ် နယ်ချဲ့သမား၏ပယောဂကြောင့် ဖြစ်ပေါ်လာရသော လူသတ်ဝါဒ၏ ချေမှုန်းခြင်းကို ခံခဲ့ရလေသည်။ ထိုအာဇာနည်ပုဂ္ဂိုလ်ကြီးတို့နှင့်အတူ တိုင်းပြည်၏ တာဝန်ဝတ်တရားနှင့် အမှုကိစ္စတို့ကို သစ္စာရှိစွာထမ်းရွက်နေသော အတွင်းဝန်ဦးအုန်းမောင်နှင့် ကိုယ်ရံတော် မောင်ထွေးတို့လည်း ကျဆုံးခဲ့ရလေသည်။

မြန်မာတို့ ကျွန်ဘဝရောက်ခဲ့ကြရသည့် အချိန်မှစ၍ လွတ်လပ်ချိန်အထိ မြန်မာနိုင်ငံရေးသမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း သည် တိုင်းပြည်ကိုအချစ်ဆုံးနှင့် တိုင်ပြည်က ချစ်ကြည်လေးစားမှုကို အခံရဆုံး ခေါင်းဆောင်ကြီး ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ (အောင်ဆန်း၊ ဗိုလ်ချုပ် - ရှု။) ထိုမျှသာမက ဗိုလ်ချုပ်၏ဇွဲလုံ့လဖြင့် ဖွဲ့စည်းအပ်သော အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြန်မာ့လွတ်လပ်ရေးသမိုင်းစဉ်တလျှောက် မကြုံဘူးအောင် ထူးကဲစွာ သစ္စာရှိကြသော လူမွန်လူချွန်များသာဖြစ်ကြ၍ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အစိုးရတဖွဲ့လုံး၏ ဆောင်ရွက်ချက်များသည် ခေတ်လက်နက်စိုးသည့် တန်ခိုးရှင်တို့ ထိတ်လန့်ဖွယ် အောင်မြင်ခဲ့ပေသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်း တရာ့အစိတ်နီးပါးမျှ သူတပါးလက်အောက်ခံဘဝ၌ နယ်ချဲ့သမားတို့၏ စိုးမိုးအုပ်ချုပ် ချယ်လှယ်ခြင်းကို ခံခဲ့ရ၏။ လက်အောက်ခံဘဝမှ လွတ်မြောက်လေအောင် အမျိုးသားများသည် သူ့ခေတ်နှင့်သူ ကြိုးပမ်းခဲ့ကြသည်မှန်ပေသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ခေါင်းဆောင်အပေါင်းတို့၏ ခေတ်ကာလသို့ ရောက်မှပင်လျှင် တမျိုးသားလုံး၏ ညီညွတ်သော စည်းရုံးရေးဖြင့် နယ်ချဲ့သမားတို့ကို အပြီးအပိုင် တော်လှန်နိုင်ခဲ့သည်။ မြန်မာလူထုကြီးတရပ်လုံးမှာလည်း ထိုကဲသို့သော ခေါင်းဆောင်ကြီးများကို ရရှိနေသဖြင့် ဂုဏ်ယူ၍မဆုံးနိုင်အောင် ရှိကြပြီးလျှင် ကမ္ဘာ့နိုင်ငံကြီးများနှင့် ပခုံးချင်းယှဉ်နိုင်ခဲ့ကြ၏။

ထိုသို့ရှိစဉ် အဆိုပါခေါင်းဆောင်ကြီးများ၏ အောင်မြင်မှုကို မနာလိုဝန်တိုဖြစ်လျှက်ရှိကြသော နိုင်ငံရေးလူမသမာတစုသည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက် ၁ဝ နာရီခွဲအချိန်ခန့်တွင် အမှတ် ၁၂ တပ် ခြင်္သေ့တံဆိပ်ပါသော စစ်ဝတ် စစ်စားများနှင့် လက်နက်အပြည့်အစုံစွဲသော လူသတ်သမားများအား စေလွှတ်၍ အတွင်းဝန်များရုံး ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းအတွင်း အကာအကွယ်မရှိပဲ စည်းဝေးဆွေးနွေးလျက်ရှိကြသော ခေါင်းဆောင်ကြီးများကို အဓမ္မဝင်ရောက် လုပ်ကြံစေလေသည်။

လူထုကြီးတရပ်လုံး၏ ချစ်ကြည်လေးစားမှုကို ယုံကြည်စိတ်ချလျက် အကာအကွယ် မစီမံပဲ လွတ်လပ်စွာ စည်းဝေးလျက် ရှိကြသော ဝန်ကြီးများသည် ရုတ်တရက် တိမ်းရှောင်ခုခံရန် တစုံတရာမတတ်နိုင်မီ လူသတ်တို့ ဒလစပ်ပစ်ခတ်သော စက်သေနတ်ကျည်သင့်၍ အတုံးအရုံးကျဆုံးရရှာလေသည်။ ဤသို့လျှင် မြန်မာ့လွတ်လပ်ရေးအတွက် မျှော်လင့်ချက် အပေါင်းတို့၏တည်ရာ သစ္စာရှိလှသော ခေါင်းဆောင်ကြီးများ ရေတိမ်တွင်နစ်၍ သေဆုံးကြသောအခါ မြန်မာတမျိုးသားလုံး ကြိမ်မီးအုံးဖြစ်ကြရလေတော့သည်။ ထိုသို့ ဝမ်းနည်းကြေကွဲဖွယ် အဖြစ်အပျက်မျိုးကား မြန်မာနိုင်ငံသမိုင်းတွင်သာမက ကမ္ဘာ့သမိုင်းတွင်ပင် မကြုံဘူးအောင် ထူးခြားလှပေသည်။

ခေါင်းဆောင်ကြီးများသည် လွတ်လပ်ရေးခုလပ်၌ ကျဆုံးကြရသော်လည်း ယင်းတို့ချမှတ်ခဲ့သောလမ်းစဉ်မှာ လွတ်လပ်ရေး ပန်းတိုင်အထိ ဖြောင့်ဖြူလျက်ရှိပြီဖြစ်ရကား ၁၉၄၈ ခုနှစ် ဇန္နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံအလုံး အချုပ်အချယ်မှ လွတ်မြောက်ခဲ့ရလေသည်။ ဤသို့လျှင် နိုင်ငံ၏အကျိုးကို အသက်စွန့်၍ သည်ပိုးသွားကြသော ကျေးဇူးရှင် ခေါင်းဆောင်ကြီးများကို  လူထုကြီးတရပ်လုံးက ဝမ်းနည်းကြေကွဲစွာ ခြီးကျူးဂုဏ်ပြုရန်နှင့် ယင်းတို့ချမှတ်ခဲ့သော လမ်းစဉ်အတိုင်း မမေ့မလျော့ မဖောက်မပြန် ဆောင်ရွက်ကြရန် အဓိဋ္ဌာန်ပြုသည့် အထိမ်းအမှတ်များကို နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ အမြို့မြို့အရွာရွာ၌ ကျင်းပပြုလုပ်ကြ၏။ ထိုနေ့တွင် မြန်မာနိုင်ငံ ရုံးများ၊ ဈေးဆိုင်ကန္နားများကို ပိတ်၍ နိုင်ငံတော်အလံကို တိုင်တဝက်လွှင့်ထူထားကြလေသည်။

မှတ်ချက်။ စာအရေးအသားနဲ့ သတ်ပုံအားလုံး မူရင်အတိုင်းသာဖြစ်ပါတယ်။ သတိပြုရန်မှာ -
တမျိုးသားလုံး၏ = တစ်မျိုးသားလုံး၏ မဟုတ်။
လူထုကြီးတရပ်လုံး = လူထုကြီးတရပ်လုံး မဟုတ်။
လူမသမာတစု = လူမသမာတစု မဟုတ်။
လူထုကြီးတရပ်လုံး၏ = လူထုကြီးတရပ်လုံး၏ မဟုတ်။
ရုတ်တရက် = ရုတ်တရက် မဟုတ်။
တစုံတရာ = တစုံတရာ မဟုတ်။
မြန်မာတမျိုးသားလုံး = မြန်မာတမျိုးသားလုံး မဟုတ်။
တိုင်တဝက် = တိုင်တဝက် မဟုတ်။
ဝတ်တရား = ဝတ္တတရား မဟုတ်။

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၆
၁၄-၇-၂ဝ၁၈

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...