Wednesday, July 18, 2018

Pain နာတာကို ဘယ်လိုစာဖွဲ့မလဲ

အင်္ဂလိပ်စာလုံးလေးတွေ မထည့်မဖြစ်ပါ။ ဆောရီး။

၁။ ဆရာ မင်္ဂလာပါရှင့် ကျမအသက်၂၉နှစ်ပါ အပျိုပါ ကျမမှာ ခဏခဏဗိုက်အယ်လိုက် အစားပျက်လိုက် တလှည့်စီဖြစ်နေပါတယ်ရှင် ဆေးခန်းပြတာလည်း အစာအိမ်လို့ပြောပါတယ် လူလည်း တဖြည်းဖြည်းပိန်လာပါတယ်ရှင် အစားလည်း အရင်လောက်မစားနိုင်တော့ပါဘူးရှင်ဖြစ်နေတာ၆နှစ်လောက်ရှိပါပြီ ကျမ ဘာဆက်လုပ်ရမလဲ ကျေးဇူးပြု၍ဖြေကြားပေးပါဆရာ။

ရာသီ မသိ။ ဗိုက် ဘယ်နေရာ (ဘယ်-ညာ၊ အထက်-အောက်) နာ မသိ။ ဘယ်အချိန်မျိုးမှာနာ မသိ။ နာပုံနာနည်း မသိ။ ဆေးစစ်ချက် မသိ။

၂။ ဆရာ ache နဲ့ pain ဘယ်ဟာသုံးရမလဲဆရာ။ ခွဲထားတဲ့ဒဏ်ရာက အောင့်သလို ကိုက်သလိုဆိုရင် အမေးမှားရင် ခွင့်လွှတ်ပါ။

• Ache = A continuous or prolonged dull pain ဆက်တိုက်ထုံပြင်းပြင်းနာခြင်း
• Ache is persistent pain ဆက်တိုက်နာခြင်း
တောက်လျှောက်ကိုက်ခဲနေတယ်လို့ပြောရင် သင့်မယ်ထင်ပါတယ်။ သွားကိုက်၊ ခေါင်းကိုက်၊ နားကိုက်။

• Pain = Physical suffering or discomfort ရုပ်ပိုင်းဆိုင်ရာခံစားရမှု (သို့) အနေရခက်ခြင်း
• Pain is a sensation characterized by physical discomfort ရုပ်ပိုင်းအနေရခက်ခြင်းကြောင့် ခံစာရမှု
မြန်မာလို့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ နည်းနည်းလွဲပေမယ့် နာတာလို့ပဲပြောရမယ်ထင်ပါတယ်။ ကိုက်ခဲမှုတိုင်းက နာတာဖြစ်တယ်။ နာတိုင်းတော့ မကိုက်ခဲပါ။ နာတာကိုက်တာလို့ပြောလည်း မလွဲပါ။ Painkillers ဆေးတွေက အတူတူဖြစ်ပါတယ်။

Tenderness ဆိုတာကို ဆေးပညာမှာ မလွဲမသွေသုံးရတယ်။ ဖိနှိပ်စမ်းရင် နာလာတာမျိုး။ သူ့အလိုလို နာချင်မှ နာနေမယ်။ ဥပမာ အူအတက်ရောင်နေတာက အချိန်လေးနည်းနည်းရတော့ ဘေးကအူတွေ အူမြှေးတွေက လာကပ်တာကြောင့် နာတာသက်သာလာချိန်မှာ ဆရာဝန်က အူအတက်နေရာတည့်တည့်မှာ လက်နဲ့ဖိလိုက်တော့ လူနာက နာလို့ရှုံ့မဲ့အောင်နာတာမျိုး။ ထိခိုက်ဒဏ်ရာ၊ အနာဆိုရင် သည်အတိုင်းကို နာနေတာကို Pain လို့ခေါ်တယ်။ တချို့ရောဂါတွေမှာ Pain ရော Tenderness ပါရှိတယ်။ အစာအိမ်လေနာဆိုရင် ဆရာဝန်ကလက်နဲ့ဖိတာနဲ့ နာနေတာ သက်သာတာလည်းရှိတတ်တယ်။

Agony ဆိုတာ မခံမရပ်နိုင်အောင်နာမှာသုံးတယ်။ ဥပမာ ဆီးလမ်းကျောက်တည်ခြင်း။

Acute pain in abdomen ဗိုက်မှာချက်ချင်းဖြစ်၊ အတင်းနာတာကိုခေါ်တယ်။ ခွဲစိတ်ပညာ အရေးပေါ် လက္ခဏာတခု ဖြစ်တယ်။

Visceral pain ဆိုတာ အထဲအင်္ဂါတွေမှာ တခုခုဖြစ်လို့နာတာ။ Vague, Dull, Nauseating နေရာသဲသဲကွဲကွဲမသိ၊ ထုံပြင်းပြင်း၊ အန်ချင်သလိုနာတာ။ ဗိုက်အပေါ်ပိုင်းမှာရှိကြတဲ့ အစာအိမ်၊ အူသိမ်အစပိုင်း၊ အသည်း၊ သရက်ရွက်တွေမှာ ဖြစ်ရင် ဗိုက်အပေါ်ပိုင်းမှာ နာတယ်။ အူသိမ်၊ အူအတက်နဲ့ အူမကြီးအစပိုင်းက ဖြစ်ရင် ချက်တဝှိုက်မှာ နာတယ်။ အူမကြီးနဲ့ ဆီးလမ်းကဖြစ်ရင် ဗိုက်အောက်ပိုင်းမှာ နာတယ်။ Autonomic nerve ဆိုတဲ့ အာရုံကြောတွေကြောင့်ဖြစ်တယ်။

Somatic pain ဆိုတာက Parietal peritoneum ဗိုက်အတွင်းအဖုံးအပြင်လွှာမှာ ပိုးဝင်ရင် နာတာမျိုးက စူးစူးရှရှ၊ နေရာအတိအကျ နာတယ်။ ဘာ့လို့လဲဆိုတော့ Somatic nerves ဆိုတဲ့ ဆိုမက်တစ်အာရုံကြောကြောင့်ဘဲ။

Radiating pain ဆိုတာ တနေရာမှာ ရောဂါဖြစ်နေပြီး ဘာမှမဆိုင်တဲ့နေရာမှာ သွားပြီးနာတာကို ခေါ်တယ်။ အသဲရောဂါ၊ သည်းခြေအိတ်ရောဂါ၊ နှလုံးရောဂါတွေကနေ ပခုံးထိပ်မှာ လာနာတတ်တယ်။ အာရုံကြောတွေက ခါးရိုးမကြီးထဲက Spinal cord မှာ လာဆုံနေကြလို့ဘဲ။ ညာပခုံးမှာ လာနာရင် သည်းခြေကျောက်၊ ဘယ်ပခုံးလာနာရင် ဘေလုံးကွဲတာ၊ ဒါမှမဟုတ် သရက်ရွက်ရောင်တာ ဖြစ်တတ်တယ်။ ဆီးလမ်းကျောက်တည်တာကနေ ဆီးစပ်၊ ကျားအစေ့၊ မွေးလမ်းကြောင်းအထိ နာလာတတ်တယ်။

စူးစူးရှရှနဲ့ တချက်တချက် အသက်ရှူတန့်သွားအောင် နာလိုက် ရပ်လိုက်ဖြစ်တာဟာ သည်းခြေလမ်း ပြဿနာ။

အောင့်နာပြီး၊ အန်လာတာမျိုးက အူပိတ်နေတာ။

ရစ်ရစ်နာပြီး၊ မှန်မှန်ဖြစ်လာတာမျိုးဆိုရင် အူအတက်ရောင်တာ၊ အူသိမ်ပိတ်ခါစ၊ အူမြှေးသွေးကြောပိတ်တာ။

စူးရှပြီး၊ တောက်လျှောက်နာတာဟာ လှုပ်ရှားလေဆိုးလေဖြစ်ရင် Peritonitis ဝမ်းတွင်းခေါင်းမြှေးရောင်တာ။

မီးခလုပ်ဖွင့်လိုက်တော့ မီးလင်းသလို ဗြုန်းစားကြီး နာလာတာမျိုးက အစာအိမ်ပေါက်တာ။ ကျောက်ကပ်ကျောက်တည်တာ၊ သားအိမ်ပြင်ပသန္ဓေတည်ပြီးပေါက်တာ။

ဆုတ်ဖြဲခံရသလို နာတာမျိုးက Dissecting Aneurysm သွေးလွှတ်ကြော ဖေါင်းကွဲတဲ့ ရောဂါ။

အရင်ကလည်း နာဘူးသူဆိုရင် လေနာ၊ သည်းခြေကျောက်၊ Diverticulitis အူမကြီးထဲကရောင်တာ တခုခုဖြစ်နိုင်တယ်။

စမ်းကြည့်ရတာနဲ့ နာတာ မမျှအောင် နာတာမျိုးဆိုရင် Mesenteric ischemia အူအမြှေး သွေးမလျှောက်တာ။

ဗိုက်နာတာက လေနာကြောင့်ဆိုရင် Antacids ဆေးသောက်လို့သက်သာမယ်။ Peritonitis ဝမ်းဗိုက်အတွင်းမှာ အရာရာကိုဖုံးပေးးထားတဲ့ အလွှာလေးရောင်တာဆိုရင် အသာလေးလှဲနေလို့ သက်သာတယ်။

ဗိုက်လဲနာတယ်၊ အန်မယ်၊ ဝမ်းလဲလျှောတာမျိုးက အစာလမ်းရောင်တာ။ ဗိုက်နာတာ ကြာပြီးမှ အန်လာမယ်၊ အူတွေလှုတ်ရှားသံ မကြားရသူဟာ ရုတ်တရက်အူလမ်းပိတ်တာ။

နာတာမခံချင်သူတွေက ပုံမှန်ဖြစ်တယ်။ ဒါပေမယ့် နာတာကို သာယာသူတွေရှိတယ်။ အနာခံမှအသာစံရမယ် မဟုတ်ဘူး။ Sadism (Sadomasochism) ခေါ်တဲ့ စိတ်ခြေအနေတမျိုး ရှိသူတွေကတော့ အနာခံချင်ကြသတဲ့။ အမှန်ကဘယ်ကနာနာ၊ နာတာမကောင်းပါ။

1. Abdominal Pain ဗိုက်နာတယ်ဆိုတာ https://doctortintswe.blogspot.com/2016/06/abdominal-pain.html
2. Gastric Links အစာလမ်း လင့်မျာ https://doctortintswe.blogspot.com/2018/03/gastric-links.html

ဒေါက်တာတင့်ဆွေ
၁၈-၇-၂ဝ၁၈

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...